စီနီယာကြီး ကယ်ပါခင်ဗျာ
Vol. 29 Ch. 399
ရက်အနည်းငယ်ကြာသော်.....
ကျီးကင်းထောက်မျိုးနွယ်စုအလယ်တည့်တည့်က တောင်ပေါ်တွင် အလွန်ခမ်းနားသော ဇိမ်ခံအိမ်များ စီတန်းလျက်ရှိသည်။ အိမ်များမှာ သစ်သားဖြင့် တည်ဆောက်ထားခြင်းဖြစ်သော်လည်း ရိုးရိုးသစ်သားမဟုတ်။ ဘေးပတ်ဝန်းကျင်ရှိ တောအုပ်များအတွင်း၌ နှစ်ပေါင်းရာနှင့်ချီ ပေါက်ရောက်နေခဲ့သော ဝိညာဥ်သစ်ပင်သားများပင်။ ၄င်းတို့က စိတ်ဝိညာဥ်စွမ်းအင်ကို အတိုင်းအတာတစ်ခုအထိ စုဆောင်းထားကြ၍ အိမ်ဆောက်ရာတွင် အသုံးပြုသောအခါ ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်လေသည်။
ဤနေရာတွင် မျိုးနွယ်စု၏ မြင့်မြတ်သော သွေးဆက်သုံးဆက်မှ ဆင်းသက်လာသူများသာ နေထိုင်နိုင်သည်။
မှန်ပါသည်၊ ဝူချိန်လည်း ထိုနေရာတွင်ဖြစ်သည်။ လောလောဆယ်တွင် သူသည် ကြွေအိုးတစ်အိုးကို ဒေါသတကြီး ပစ်ပေါက်လိုက်၏။ ၄င်းမှာ မြေပေါ်သို့ ကျပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသည်။ ဝူချိန်၏ စိတ်တိုနေသောအသံက တစ်အိမ်လုံး ပြည့်နှက်သွားသည်။
"ဝူအာလီ မင်း သိပ်လွန်နေပြီ" ဝူချိန်၏ဆံပင်များမှာ ရှုပ်ပွနေပြီး သူ၏မျက်လုံးများမှ အဆိပ်ပြင်းသောအမုန်းကို ထုတ်လွှတ်နေသည်။ သူ၏ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်နေပြီး လူသတ်ချင် သောအခိုးအငွေ့တို့လည်း တထောင်းထောင်းထလျက်ရှိ၏ ။ သူက သူ့ဘေးရှိ သစ်သားနံရံကို လက်သီးဖြင့် ထိုးချလိုက်ရာ တစ်အိမ်လုံး ယိမ်းထိုးလှုပ်ရမ်းသွားသည်။ စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများက သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားကို တွန်းလှန်၍ သူ့ဆီ ပြန်ကန်ရိုက်ခတ်သည်။ ယခုတွင် ဝူချိန်၏လက်မှာ အနာတရဖြစ်သွားပြီး သွေးတို့ စက်လက်စက်လက်ကျနေလေပြီ။
သူက သွေးထွက်နေသည်ကို မမှုဘဲ လက်သီးဆုပ်၍ ဆက်လက်သောင်းကျန်းနေသည်။ "အဲ့ဒီအရုပ်ဆွဲပြားက ငါ့အဖေ မျိုးနွယ်စုအတွက် တာဝန်ထမ်းဆောင်ပေးခဲ့လို့ ချီးမြှင့်ခံထားရတာ။ လီးမလို့ မင်းကို ပေးနေကြတာလား"
သူ့မှာ သောင်းကျန်းသော်လည်း သူ၏ရင်ထဲတွင်တော့ ဆောက်တည်ရာမဲ့နေသည်။ အိမ်အပြင်ရှိ ကောင်းကင်ကို လှမ်းကြည့်လိုက်စဥ် ခါးသီးနာကြည်းသောအပြုံးတစ်ခုက သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းသွား၏။ သူ့အတွက်တော့ တစ်လောကလုံးမှာ အမှောင်ဖုံးနေလေပြီ။
ဤအခိုက်အတန့်တွင် အိမ်ရှေ့တံခါးပွင့်သွားပြီး နေရောင်ခြည်တို့က သူ၏မျက်စိအား စူးသွားစေသည်။ ဝူချိန်နှင့်ရုပ်ဆင်သော အမျိုးသမီးတစ်ယောက် ဝင်လာ၏။
"မမ.... " သူ၏အသံမှာ နာကျင်မှုတို့ ဖြင့် ပြည့်နှက်နေသည်။
အမျိုးသမီးသည် အရပ်မြင့်ပြီး ရှည်လျားနက်မှောင်သော ဆံကေသာကို ပိုင်ဆိုင်ထား၏။ သူမဝတ်ထားသည်မှာ အိမ်နေရင်းဝတ်စုံဖြစ်သော်လည်း သူမ၏ပင်ကိုယ်အလှကို မဖုံးကွယ်နိုင်ပေ။ သို့သော် အမြဲတွန့်ချိုးနေသော သူမ၏မျက်ခုံး လေးနှစ်ဖက်က သူမသည် အတွေးများတတ်သူဖြစ်ကြောင်း သက်သေထူနေသည့်အလားပင်။
"မမ မင်းအတွက် အကုန်လုံးစီစဥ်ပြီးသွားပြီ" သူမသည် နူးညံ့သောအသံလေးဖြင့် ပြောသည်။ " မင်းနဲ့ ဝူအာလီ နှစ်ယောက်သား မျှမျှတတ ကမ္ဘာသစ်မိစ္ဆာပြိုင်ပွဲပြိုင်ရမယ်။ အနိုင်ရတဲ့သူ အရုပ်ဆွဲပြားရမယ်"
သူမသည် ကြမ်းပြင်ပေါ်က အိုးကွဲစများကို ငုံ့ကြည့်ပြီး ဝူချိန်ကို ပြန်ကြည့်သည်။
"ဘာ" ဝူချိန်က မျက်လုံးများ ရဲတွက်နေလျက် အော်သည်။ "အဲ့ဒီဆွဲပြား အဖေလုပ်ဆောင်ပေးခဲ့တဲ့ကိစ္စအတွက် ချီးမြှင့်ခံထားရတဲ့ဟာလေ" သူ့ပုံစံမှာ ရန်လိုနေတော့သည်။ သူ့အနေဖြင့် ကျီးကင်းထောက်မျိုးနွယ်စုကို သည့်ထက်ပို၍ စိတ်မပျက်နိုင်တော့ပေ။ ပြီးခဲ့သည့်နှစ်များက သူသည် သူ့အစ်မလုပ်ခိုင်းသမျှ အကုန်လုပ်ပေးခဲ့သည်။ ဘာကိုမဆို ခေါင်းငုံ့သည်းခံခဲ့သည်။ သို့သော် ယခုတော့ သူ၏ အရုပ်ဆွဲပြားပင် အလုခံနေရလေပြီ။ အရုပ်ဆွဲပြားသည် ပြီးပြည့်စုံသောအရုပ်သဏ္ဍာန်များ ဖန်တီးခြင်းအား ထမင်းစား ရေသောက်ပမာ လွယ်ကူစေသဖြင့် သူ အလွန်တန်ဖိုးထားသည်။ ၄င်းမှာ ဘိုးဘေးကြီးထံမှ အမွေစွမ်းအားတချို့ပင် လွှဲပေးနိုင်စွမ်းရှိသည့် အဖိုးထိုက်ရတနာတစ်ပါး ဖြစ်လေသည်။
ဝူချိန် အရူးတစ်ယောက်ပမာ သောင်းကျန်းနေသည်ကို ကြည့်ရင်း သူ့အစ်မဖြစ်သူက ချော့ချော့မော့မော့ပြောသည်။ "ခေါင်းကိုင်ဖခင်ကိုယ်တိုင် ဒီကိစ္စကို စီစဥ်ပေးတာဆိုတော့ လိုက်နာမှဖြစ်မယ် ကလေး။ နားထောင် မမ အဆင့် (၃) မိစ္ဆာသားရဲသခင် မဟာအကြီးအကဲရွှေမုကို သွားရှာမယ်။ ပြိုင်ပွဲမှာ မျှမျှတတဖြစ်စေဖို့ မောင်လေးအတွက် အဆင့် (၂) ကမ္ဘာသစ်မိစ္ဆာတစ်ကောင် ဝယ်ပေးပါ့မယ်နော်"
"ဝူအာလီရဲ့ ကမ္ဘာသစ်မိစ္ဆာက အဆင့် (၂) လင်းနို့။ ပြီးတော့ အဆင့် (၅) မိစ္ဆာသားရဲသခင်ကိုယ်တိုင် ထိန်းကျောင်းပေးထားတာ။ သာမန် အဆင့် (၂) ကမ္ဘာသစ်မိစ္ဆာလေးတစ်ကောင်လောက်နဲ့ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ကမ္ဘာသစ်မိစ္ဆာ ပြိုင်ပွဲတဲ့လား.... အဟက် သောက်ရမ်းမျှတတဲ့ ပြိုင်ပွဲဖြစ်မှာပဲ" ဝူချိန်မှာ မခံမရပ်နိုင်ဖြစ်နေတော့သည်။ ထိုစဥ် ရုတ်တရက် အကြံတစ်ခုက သူ့ခေါင်းထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။
"ကမ္ဘာသစ်မိစ္ဆာပြိုင်ပွဲ.... ကမ္ဘာသစ်မိစ္ဆာ.... သစ်စိမ်းဝံပုလွေ" သူ၏မျက်လုံးမှာ စိတ်ပျက်စရာချောက်နက်ကြီးအတွင်းမှ ကယ်တင်ခံလိုက်ရသကဲ့သို့ ရုတ်တရက် ဝင်းလက်တောက်ပသွားသည်။
"အဲ့ဒီစီနီယာကြီးကို တောင်းဆိုရင် ကူညီပေးလောက်တယ်" သူကတွေးသည်။ " ဟိုပေါက်လို့ပဲစားကောင် ဝူအာလီ ရှုံးမှာမလွဲဘူး။ ဒါဆို ငါ့အပိုင်ဖြစ်တဲ့ အရုပ်ဆွဲပြားကို ပြန်ယူနိုင်ပြီး နာမည်ကြီးလာလိမ့်မယ်" ဝူချိန်မှာ အသက်ရှူသံများ မြန်လာပြီး မျက်လုံးများ ပိုမိုတောက်ပလာသည်။ သူသည် ပြင်းပြသောမျှော်လင့်ချက်များဖြင့် ထရပ်ပြီး လျှို့ဝှက်နက်နဲသောပုဂ္ဂိုလ်ကို ရှာရန် ထွက်သွား၏။ မှန်ပါသည် ထိုပုဂ္ဂိုလ်မှာ သူ၏ စီနီယာမျိုးဆက်ဟု ထင်နေသော မန်ဟိုကလွဲ၍ တခြားမဟုတ်ပေ။
ဝူချိန်၏အစ်မက သူထွက်သွားသည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်နေသည်။ သူမသည် သူ့ကို မတားဘဲ နောက်က လိုက်ပါလာ၏။
ဝူချိန်ကား နည်းနည်းလေးပင် တွေဝေနေခြင်းမရှိပေ။ သူသည် သူ့အစ်မနောက်က လိုက်နေသည်ကို လျစ်လျူရှုရင်း တောင်အောက်သို့ ခပ်သုတ်သုတ်ဆင်းလာသည်။ ကမ္ဘာသစ်မိစ္ဆာထိန်းစီရင်စုရှိ ခြံများအား လှမ်းကြည့်ပြီး အနံ့ဆိုးများ သူ့နှာခေါင်းထဲ ဝင်လာစဥ် သူ့မှာ ဖြစ်နိုင်ခြေရှိသော အရှုံးအ မြတ်များအား ချင့်ချိန်ရင်း စိုးရိမ်စိတ်တို့ ဖြစ်ပေါ်လာသည်။
သူ့အတွက် မန်ဟို့ခြံသို့ ရောက်ရန် သိပ်မကြာလိုက်ပေ။ သူသည် အ နောက်၌ မျက်မှောင်ကြုတ်နေသော အစ်မဖြစ်သူနှင့်အတူ ခြံရှေ့တွင် ရပ်လိုက်သည်။ သူ့အစ်မမှာ ကမ္ဘာသစ်မိစ္ဆာအကြောင်း ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဝူချိန် ဘာကြောင့် ဤနေရာသို့ ကရောသောပါးလာခဲ့သည်လဲ နားမလည်နိုင်ဖြစ်နေသည်။
"ချိန်လေး....." သူမက နူးညံ့ကြင်နာစွာ ခေါ်လိုက်သည်။
သူက ပိတ်ထားသော ဝင်းခြံတံခါးကို ကြည့်ပြီး သူမကို လျစ်လျူရှုထား၏။ သူသည် အံတင်းတင်းကြိတ်၍ အလေးစားဆုံးသော မျက်နှာထားဖမ်းကာ ရှေ့လျှောက်သွားသည်။ ထို့နောက် တံခါးကို မဖွင့်ဘဲ လက်နှစ်ဖက်ယှက်၍ အရိုအသေပေးလိုက်သည်။
"ဝူချိန် ဂါဝရပြုဖို့ လာပါတယ် စီနီယာကြီး" သူက ပြောသည်။
သူ၏အသံသည် ကျယ်လောင်စွာ ပဲ့တင်ထပ်သွား၏။ သူ့အစ်မ၏မျက်လုံးများ ချက်ချင်း ကျဥ်းမြောင်းသွားသည်။ သူမသည် သူမမောင်အကြောင်း ကောင်းကောင်းသိပြီး မကျေနပ်ချက်များကြောင့် သူ၏ ရန်လိုတတ်ပုံအား မြင်တွေ့ရနေကျဖြစ်သည်။ သူ အမှန်တကယ် ယဥ်ယဥ်ကျေးကျေးဆက် ဆံတတ်သည့်သူဟူ၍ မရှိသလောက်ရှားလေသည်။
သူမအနေဖြင့် သူမမောင် ဤကဲ့သို့ လေးလေးစားစားပြုမူသည်ကို မမြင်ရသည်မှာ ကြာခဲ့လေပြီ။ အမှန်တွင်.... သူ ပြသနေသည့် လေးစားမှုမှာ အပေါ်ယံမဟုတ်ဘဲ စိတ်ရင်းနှင့် ဖြစ်ကြောင်း သူမမြင်နိုင်သည်။
"ဒီနေရာက... " သူမအကြည့်က ခြံနှင့် ပိတ်ထားသောတံခါးဆီ ရောက်သွားသည်။
အချိန်အတော်လေးကြာသွား၏။ ဝူချိန်က အံတင်းတင်းကြိတ်ပြီး ကျယ်လောင်စွာ ဆက်ပြောသည်။ "ဂျူနီယာမျိုးဆက် ဝူချိန် စီနီယာကြီးကို လာရောက်ဂါဝရပြုပါတယ်။ စီနီယာကြီး ကျေးဇူးပြုပြီး တွေ့ခွင့်ပေးပါခင်ဗျာ" သူ၏အသံက ပဲ့တင်ထပ်နေသဖြင့် အနီးနားရှိ ကမ္ဘာသစ်မိစ္ဆာထိန်းများ သတိပြုမိသွားကြသည်။ အတော်များများက ခြံတံခါးဖွင့်ပြီး လှမ်းကြည့်နေကြလေသည်။
ဝူချိန်နှင့် သူ၏လှပသော အစ်မဖြစ်သူအား မြင်သောအခါ ဘယ်သူတွေလဲ သတိထားမိသွားကြသည်။
ဝူချိန့်အစ်မမှာ နည်းနည်းစိတ်တိုလာသည်။ သူမအမြင်အရ ဝူချိန်သည် မြင့်မြတ်သောသွေးဆက်သုံးဆက်မှ ဆင်းသက်လာသူတစ်ဦး ဖြစ်သည်။ ငယ်သားများမှာ မျိုးနွယ်ဝင်ပင်မဟုတ်ရာ အထွေအထူး လေးစားပြနေစရာ မလိုအပ်ပေ။ သို့သော် ဝူချိန်ကား ဤခြံပိုင်ရှင်ကို နှစ်ကြိမ်တိုင် ဦးညွှန်အရိုအသေပေးနေ၏။ သူမက မျက်မှောင်ကြုတ်ပြီး အေးစက်စက်နှာမှုတ်လိုက်သည်။ သူမသည် သူမ၏မောင် ယခုကဲ့သို့ ရိုသေလေးစားပြနေရလောက်အောင် ထိုကျင့်ကြံသူ ဘယ်လောက်တော်နေလဲ ကြည့်ဖို့ တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်သည်။
သို့သော် သူမ ရှေ့တက်လာသည်နှင့် သူမမောင်က တောင်းပန်နေသောမျက်နှာလေးနှင့် သူမကို တားသည်။
မောင်ဖြစ်သူ၏မျက်နှာလေးက သူမအား သနားကရုဏာသက်မိစေသည်။ သူမသည် သက်ပြင်းချပြီး နောက်ပြန်ဆုတ်လိုက်၏။ သူမရင်ထဲတွင်တော့ ခြံထဲကလူကို ပိုပို၍စိတ်တိုနေလေပြီ။
ယခုတွင် ကျင့်ကြံသူများက သူတို့ကို ဝိုင်းကြည့်၍ အချင်းချင်း တီးတိုးတီးတိုးပြောနေကြသည်။
"အဲ့ဒါ မြင့်မြတ်တဲ့ သွေးဆက်သုံးဆက်က ဆင်းသက်လာသူတွေလေ။ သူတို့နှစ်ယောက်အကြောင်း ငါကြားဖူးတယ်။ ဘာကိစ္စကြောင့် ကမ္ဘာသစ်မိစ္ဆာထိန်းတစ်ယောက်ကို အရိုအသေလာပေးတာ ဖြစ်လောက်မလဲ"
"သူတို့ အရိုအသေပေးမယ်ဆိုရင် မဟာမကြီးအကဲရွှေမု ဖြစ်သင့်တာပေါ့။ အဲ့ဒီခြံပိုင်ရှင်က မန်မျိုးရိုးလေ။ သူနဲ့ပတ်သက်ပြီး ထူးခြားတာမရှိပါဘူး"
"မဟာအကြီးအကဲရွှေမုက ထင်သလောက် မယဥ်ကျေးလို့များလား။ ကမ္ဘာသစ်မိစ္ဆာတစ်ကောင် ခွဲ မပေးချင်တာလည်း ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့်မလို့ သူတို့မှာ ကိုယ့်ကိုယ်ကို နှိမ့်ချဖို့ကလွဲပြီး ရွေးစရာမရှိတော့။ အဲ့ဒီလိုဆိုရင်တောင်မှ ဘာနာမည်မှမရှိတဲ့ ကမ္ဘာသစ်မိစ္ဆာထိန်းတစ်ယောက်ကို ရွေးရတာတုန်း"
ဝူချိန်နှင့် သူ့အစ်မသည် လူအများ ပြောနေသည့်စကားမှန်သမျှ ကြားနေရသည်။ ဝူချိန်မှာမူ ဘယ်နည်းနှင့်မှ စိတ်ပြောင်းမည်မဟုတ်ပေ။ သို့ရာတွင် သူ့အစ်မဖြစ်သူမှတော့ မျက်နှာပိုပျက်လာသည်။
သူမ အတတ်ဆုံး သည်းခံနေစဥ် ခြံတံခါးသည် အသံမထွက်ဘဲ ဖြေးညင်းစွာ ပွင့်လာသည်။ အတွင်းမှ နှစ်လိုဖွယ်ရာအသံတစ်သံ ကြားလိုက်ရသည်။ "ဝင်ခဲ့"
ဝူချိန် ချက်ချင်း စိတ်လှုပ်ရှားသွားလေပြီ။ သူက အသက်ပြင်းပြင်းရှုပြီး အဝတ်အစားကို သေ သေသပ်သပ်လုပ်လိုက်သည်။ ထို့နောက် နောက်တစ်ကြိမ် အရိုအသေပေးရင်း ခြံထဲသို့ သတိကြီးကြီးထား၍ ဝင်သွား၏။ သူ့အစ်မလည်း မျက်နှာဆူပုပ်ပုပ်နှင့် နောက်ကလိုက်လာသည်။
မန်ဟိုက အိပ်နေသော သစ်စိမ်းဝံပုလွေငါးကောင်၏အလယ်၌ တင်ပျဥ်ခွေထိုင်နေလေသည်။
ဝံပုလွေများကို မြင်သောအခါ ဝူချိန်၏အစ်မ မျက်လုံးများဝိုင်းစက်ပြူးကျယ်သွားသည်။ တစ်ကောင်ကလွဲ၍ တစ်အုပ်လုံးမှာ အရည်အ သွေးမြင့် အဆင့်(၂) ကမ္ဘာသစ်မိစ္ဆာများ ဖြစ်ပုံရသည်။ ယခုတွင် သူမ၏မောင် ရိုကျိုးနေရသည့်အကြောင်းရင်းကို သူမသိသွားလေပြီ။
"ဒါပေမဲ့ အနောက်ပိုင်းသဲကန္တာရမှာ ကမ္ဘာသစ်မိစ္ဆာတွေကို ကောင်းကောင်းထိန်းကျောင်းပေးနိုင်တဲ့သူတွေ အများကြီးရှိတယ်" သူမကတွေးသည်။ "ဝူချိန်က အတွေ့အကြုံသိပ်မရှိတော့ ဒီလူ့ကို ထူးခြားတယ်ထင်နေတာ ဖြစ်မယ်။ ဒီလူ ဝူချိန်ကို ဘယ်လိုများအရူးလုပ်ခဲ့လဲ မသိဘူး" သူမ၏မျက်ဝန်းလေးများမှာ အေးစက်နေပြီး သူမက ရင်ထဲတွင် အေးစက်စက်နှာမှုတ်လိုက်သည်။
ဝူချိန်က ခြံထဲ ရောက်ရောက်ချင်း ဒူးထောက်လိုက်သည်။ " စီနီယာကြီး ကျွန်တော်တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ကယ်ပါခင်ဗျာ..."
ဤအခြင်းအရာက သူ၏အစ်မဖြစ်သူကို မျက်မှောင်ပိုကြုတ်သွားစေသည်။
မန်ဟိုက မျက်လုံးဖွင့်လိုက်သည်။ သူသည် ဝူချိန်နှင့် သူ့အစ်မကို လှမ်းကြည့်ပြီး သူမ၏ရန်လိုနေသောအမူအရာကို သတိပြုမိလိုက်၏။ သူက သူမကို လျစ်လျူရှုရင်း ဝူချိန်ကိုသာ အာရုံစိုက်ထားသည်။
"မင်း တကယ် ဒီသစ်စိမ်းဝံပုလွေကို မထိန်းချုပ်နိုင်သေးဘူး" သူက တည်ငြိမ်စွာ ပြောသည်။
"စီနီယာကြီး ကျွန်တော် ဒီကို သစ်စိမ်းဝံပုလွေတွေ ထိန်းချုပ်ခွင့်ရဖို့ လာတောင်းဆိုတာမဟုတ်ပါဘူး" သူသည် အသနားခံနေသောအသံဖြင့် ပြောသည်။ "ကျွန်တော် စီနီယာကြီးရဲ့အကူအညီ လိုလို့ပါ။ ဝူအာလီဆိုတဲ့ကောင်က ကျွန်တော့်ကို သည်းမခံနိုင်လောက်အောင်ကို အနိုင်ကျင့်နေတယ်။ ကျွန်တော် သူနဲ့ ကမ္ဘာသစ်မိစ္ဆာပြိုင်ပွဲ မဖြစ်မနေ ဆင်နွှဲရတော့မှာ။ စီနီယာကြီး ကျွန်တော့်မှာလေ သူနဲ့ရင်ဆိုင်နိုင်တဲ့ ကမ္ဘာသစ်မိစ္ဆာတွေမရှိဘူးဗျ။ ကျေးဇူးပြုပြီး ကယ်ပေးပါခင်ဗျာ။ ကျွန်တော့်ဘက်မှာ မိစ္ဆာသားရဲသခင်အနေနဲ့ ရပ်တည်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ စီနီယာကြီး တောင်းဆိုတာမှန်သမျှ လုပ်ပေးပါ့မယ်ခင်ဗျာ အသက်နဲ့အာမခံပါတယ်"
"ဝူချိန် ထစမ်း" သူ့အစ်မက အသံမာမာဖြင့် ပြောသည်။
ဝူချိန်က သူမကို လျစ်လျူရှုပြီး တောင်းပန်နေသောမျက်ဝန်းများဖြင့် မန်ဟို့ကို မမှိတ်မသုန်ကြည့် နေသည်။
မန်ဟိုက သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
"ငါ ကျီးကင်းထောက်မျိုးနွယ်စုရဲ့ အရုပ်ပဋိညာဥ်အတတ်ကို လိုချင်တယ်" သူက ပြောသည်။
သူ့စကားကြားသော် ဝူချိန်၏အစ်မက ချက်ချင်း ပြန်ဖြေသည်။ "မဖြစ်နိုင်ဘူး။ နင်က ငယ်သားတစ်ယောက်သက်သက်ပဲ။ ဒီလိုတောင်းဆိုချက်မျိုးက ဟာသပဲ" သူမကိုယ်ပေါ်၌ တဖျပ်ဖျပ်လက်နေသော အရုပ်ဆေးမင်ကြောင်နှစ်ခုက သူမသည် ချီအခြေတည်ဖြစ်ကြောင်း ညွှန်ပြနေသည်။
မန်ဟိုက သူမအား အဖက်ပင်မလုပ်ဘဲ ဝူချိန် ပြန်ဖြေမည်ကို စောင့်နေသည်။
ဝူချိန်မှာ ချီတုံချတုံဖြစ်သွားသည်။ အရုပ်ပဋိညာဥ်အတတ်သည် မျိုးနွယ်စုတစ်စု၏ လျှို့ဝှက်မှော်ပညာရပ်တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် ငယ်သားတစ်ယောက်အတွက် ထိုကဲ့သို့ ပညာရပ်မျိုးရရှိရန် အလွန်ခက်ခဲပေမည်။ ဝူချိန်အနေဖြင့် ၄င်းကို အပြင်လူထံ မပေးသင့်ပေ။သူ ဆန္ဒမရှိမချင်း ဝိညာဥ်ရှာဖွေခြင်းပင် လုပ်ဆောင်စေကာမူ ပညာရပ်အား ထုတ်ယူ၍ရမည်မဟုတ်ပေ။ သီးသန့်မျိုးနွယ်ဝင်တိုင်းမှာ အရုပ်တစ်ရုပ်ကို ဝိညာဥ်အပေါ် ခတ်နှိပ်ပြီး ကောင်းချီးပေးခံရလေသည်။
သို့သော် ဝူချိန်သည် ပြီးခဲ့သည့်နှစ်များက သူတွေ့ကြုံခဲ့ရသော မတရားမှုအားလုံးကို တွေးမိသောအခါ အံတင်းတင်းကြိတ်လိုက်သည်။ ရူးမိုက်သောအမူအရာက သူ၏မျက်နှာကို ဖုံးလွှမ်းသွားသည်။
***