← Chapters

သနားဖွယ်ပင်ပန်းဒုက္ခရောက်ခြင်း

Vol. 61 Ch. 850

သနားဖွယ်ပင်ပန်းဒုက္ခရောက်ခြင်း

Vol. 61 Ch. 850

ချင်းချန်တောင်ကို ၀န်းရံထားသည့် တောင်ထိပ်များမှာ ရာသီမရွေး စိမ်းစိုနေတတ်ကြလေသည်။ တောင်ထိပ်များက စက်ဝိုင်းပုံစံ တည်ရှိပြီး သစ်ပင်များက စိမ်းစိုစွာ ပေါက်ရောက်နေကြလေရာ “ကောင်းကင်ဘုံအောက်ရှိ တည်ငြိမ်အေးချမ်းသော ချင်းချန်တောင်” ဟူသည် ဂုဏ်သတင်းနှင့် လိုက်ဖက်ပေသည်။

အဖွဲ့တွင်း၌ သာမန်လူများ ပါနေသဖြင့် တောင်၏ကြမ်းတမ်းခက်ခဲသော တောင်ထိပ်များကို ဖြည်းညင်းစွာ တက်နေရသည်မှာ လူတိုင်းအတွက် ခက်ခဲပင်ပန်းလှပေသည်။ ညမှောင်ရီပျိုးလာသည့်အတွက် တောရိုင်းတိရစ္ဆာန်များ၏အော်သံများကိုလည်း တစ်ချက်တစ်ချက် ကြားရ၏။ ၀မ်ထောင်သည် ချန်းချန်တောင်ပေါ်သို့ ကြိမ်ဖန်များစွာ တက်ဖူးသည့်အတွက် ညအချိန်ရောက်သော်လည်း စိုးရိမ်ပူပန်မှုအလျင်းမရှိချေ။ ကျန်းရှင်းယွဲ့မှာမူ ငယ်စဉ်ကတည်းက မြိုကြီးပြကြီးတွင်သာ ကြီးပြင်းခဲ့ပြီး တောအုပ်အတွင်း၌ တစ်ကြိမ်တစ်ခါမှ ညမအိပ်ဖူးသဖြင့် ကြောက်ရွံ့တုန်လှုပ်နေ၏။

“မင်း....ငါ့နောက် အမြဲတမ်း လိုက်မနေလို့ရမလား”

ထန်ရှု တောင်ကြားလမ်း‌လေးအတွင်းမှ ထွက်လာစဉ် ထန်ရှု သူမကို ထားသွားမည်ကို စိုးရိမ်သည့်အလား နောက်မှထပ်ကြပ်မကွာလိုက်နေသည့် ကျန်းရှင်းယွဲ့ကို တွေ့လိုက်ရ၏။

ကျန်ရှင်းယွဲ့က ခပ်သုတ်သုတ်လျှောက်ကာ လအလင်းရောင်မှိန်ပျပျကို အားကိုး၍ ထန်ရှု၏လက်မောင်းအား လှမ်းဆွဲလိုက်သည်။ သူမက ပတ်၀န်းကျင်အား ဂနာမငြိမ် ကြည့်၍ စိုးရိမ်ပူပန်စွာ မေးလေသည်။ “ရှင် ဘယ်သွားမလို့လဲ။ ကျွန်မကို မထားခဲ့ပါနဲ့”

“နေပါဦး။ ငါ အပေါ့လေးတော့ သွားပါရစေကွာ” ထန်ရှု အားတင်းပြုံး၍ ပြော၏။ “အားလုံးနဲ့အတူ ဒီမှာနေခဲ့။ ငါ ပြီးရင် ပြန်လာခဲ့မယ်'

“အမ်...” ကျန်းရှင်းယွဲ့မှာ ရှက်သွေးဖြာသွား၏။ ကံကောင်းထောက်မစွာနှင့် ညအချိန်ဖြစ်သောကြောင့် မည်သူမှ သတိမထားမိချေ။ သူမက မိုအားဝူတို့အဖွဲ့ထံ ပြေးသွား၍ လက်သီးဆုပ်အရွယ် ကျောက်တုံးတစ်တုံးအား ကောက်ကာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

တခဏကြာပြီးနောက် ထန်ရှု ပြန်ရောက်လာပြီး သူက အရှေ့ရှိ ‌မည်းမှောင်နေသော လမ်းကို ကြည့်ကာ လေးလေးနက်နက် ပြော၏။ “ဒီလမ်းအတိုင်း သွားကြစို့။ ငါတို့ မြန်မြန်သွားရင် စောစောရောက်လိမ့်မယ်”

“နည်းနည်းလောက် ထပ်နားလို့မရဘူးလား အစ်ကိုကြီးထန်” ၀မ်ထောင်က ခါးသီးစွာ ပြုံး၍ ပြော၏။ “တောင်ချည်း တက်နေရ‌တော့ ပင်ပန်းနေပြီ”

ထန်ရှုက တခဏ တိတ်ဆိတ်သွားပြီးနောက် ကျန်းရှင်းယွဲ့ကို ကြည့်ကာ ခပ်ဩဩ ပြောသည်။ “ငါ့ကို ကတိတစ်ခုပေး”

“ဘာကတိလဲ” ကျန်းရှင်းယွဲ့မှာ ဇဝေဇဝါဖြစ်သွား၏။

“ငါတို့ အခုဒီတောင်ကို ရောက်နေပြီ။ ဒါပေမဲ့ ချင်းချန်တောင်က ထွက်သွားတာနဲ့ ဒီမှာဖြစ်ခဲ့တဲ့ကိစ္စတွေကို ဘယ်သူ့ကို မပြောပါဘူးလို့ ကတိပေးရမယ်” ထန်ရှုက ပြောသည်။

“လျှို့ဝှက်ထားခိုင်းတာလား” ကျန်းရှင်းယွဲ့က မေးမြန်းလိုက်၏။ “အာ...ဟုတ်သားပဲ။ ချင်းချန်ဘုန်းကြီးကျောင်းမှာ ဖြေရှင်းရမယ့် ကိစ္စလေးတွေ ရှိတယ်လို့ ပြောတယ်နော်။ အဲ့ဒီမှာ ဘာလုပ်မှာတုန်း။ ပြီးတော့ ချင်းချန်ဘုန်းကြီး‌ကျောင်းက အရင်တုန်းက ဘုန်းကြီးကျောင်းတွေလိုမျိုးလား”

“မင်း အခု အဲ့ဒါတွေကို ဂရုစိုက်ဖို့ မလိုသေးဘူး” ထန်ရှုက ပြောသည်။ “မင်း လျှို့ဝှက်ထားမယ်လို့ ကတိပေးရင် မင်းကို‌ ခေါ်သွားမယ်။ မင်း လျှို့ဝှက်‌မပေးနိုင်ရင်တော့ ကျင်းရှီက မင်းကို ပြန်ပို့ပေးလိမ့်မယ်”

ကျန်းရှင်းယွဲ့မှာ တခဏ တုံ့ဆိုင်းနေသော်လည်း ကူကယ်ရာမဲ့စွာ ပြော၏။ “အင်းပါ ကတိပေးပါတယ်”

ထန်ရှုက ခေါင်းညိတ်၍ မိုအားဝူအား ချက်ချင်း အမူအရာပြလိုက်သည်။ မိုအားဝူက ၀မ်ထောက်၏ပခုံးကို ကိုင်ကာ ရှေ့သို့ ပြေးထွက်သွား၏။ ထန်ရှုက ကျန်းရှင်းယွဲ့၏ခါးလေးကိုကိုင်ကာ ‌အရှေ့ရှိ လမ်းတွင်းသို့ ရိပ်ခနဲ ပျောက်ကွယ်သွားသည်။

“အ...”

ထန်ရှု၏ထွေးပွေ့ခြင်း ခံထားရသည်သာမက သူ့ထံမှ ရရှိနေသည့် ယောက်ျားဆန်သော ကိုယ်သင်းနံ့က ကျန်းရှင်းယွဲ့၏နှလုံးသားကို တဒုတ်ဒုတ် ခုန်လာစေ၏။ သူမသည် ဘေးရှိမြင်ကွင်းများ ‌ဝိုးတိုးဝါးတား ဖြစ်နေသည်ကို မြင်သောအခါ အာမေဋိတ်ပြုလိုက်မိတော့သည်။

“ပုံကြီးမချဲ့နဲ့။ သေချာသာကိုင်ထား” ထန်ရှုက  ဆက်ပြေးနေပြီး အရှိန်တင်လိုက်၏။

တခဏမျှ စိတ်ရှုပ်ထွေးသွားပြီးနောက် ကျန်းရှင်းယွဲ့၏မျက်နှာလေးမှာ မယုံကြည်နိုင်သောအရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။ သူမသည် ရှုခင်းများကို ဝိုးတိုးဝါးတားသာ မြင်နေရပြီး လေတိုးသံများက သူမ၏နားထဲတွင် တရွှီးရွှီး မြည်နေလေသည်။

‘သူတို့က စူပါလူသားတွေများလား ဒါမှမဟုတ် သိုင်းပညာရှင်တွေများလား'

သူမမြင်နေရသော မြင်ကွင်းနှင့်ပင် သူမတို့သည် အဆုံးစွန်အထိ မြင့်သော အမြန်နှုန်းဖြင့် သွားနေကြောင်း ကျန်းရှင်းယွဲ့ ပြောနိုင်၏။ နိုင်ငံအဆင့်အပြေးသမားများပင်လျှင် ထန်ရှုနှင့်မိုအားဝူလောက် မြန်မြန်ပြေးနိုင်မည်မဟုတ်ချေ။

လေးနာရီကြာပြီးနောက် ထန်ရှုတို့သည် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်လိုက်ကြသည်။ မိုးထိတိုင် တောက်လောင်နေသော မီးတောက်များကို တွေ့လိုက်ရပြီး အဝေးရှိ တောအုပ်အတွင်းမှ ပြေးထွက်လာသော တောရိုင်းတိရစ္ဆာန်များ၏ အော်ဟစ်သံများကို ကြားလိုက်ရလေသည်။

“၀မ်ထောင် ဘာတွေဖြစ်နေတာလဲ” သူ၏စူးရှသော မျက်၀န်းများမှတဆင့် မီးတောက်များ၏ ဝါးမြိုခံနေရသော အဆောက်အဦးများကို‌ တွေ့လိုက်ရသောကြောင့် ထန်ရှုမှာ မျက်မှောင်ကြုတ်သွား၏။ သူ၏စိတ်နှလုံးပင်လျှင် လေးလံသွားသည်ကို ခံစားလိုက်ရလေသည်။

၀မ်ထောင်မှာ မိုအားဝူ လွှတ်ပေးလိုက်သည့်အချိန်တွင် ချာချာလည် မူးဝေနေ၏။ သူက ‌ဟောဟဲလိုက်လျက် ‌ဖြည်ဖြည်းချင်း မော့ကြည့်လိုက်သည်။ အရှေ့ရှိ မီးတောက်များကို မြင်သောအခါ သူက အထိတ်တလန့် အော်ဟစ်လိုက်၏။ “ဘုရားဘုရား။ အဲ့ဒါ ချင်းချန်ဘုန်းကြီးကျောင်းရဲ့ အပြင်ခန်းမပဲ။ လခွမ်း ညကြီးမင်းကြီး ဘယ်လိုလုပ် မီးထလောင်တာပါလိမ့်”

“မင်းက ဘယ်သူလဲ”

ရုတ်တရက် မိုအားဝူက အော်ဟစ်လိုက်ပြီး ဘယ်ဘက်ရှိ ချုံပုတ်အနီးသို့ ရိပ်ခနဲ ပြေးထွက်သွား၏။ သူ့လက်ထဲရှိ ဓားမြောင်က လရောင်ကြောင့် လင်းခနဲလက်သွားပြီး သစ်ကိုင်းများကြားမှ ဖြတ်ကာ ချောင်းမြောင်းနေသူ၏ဘယ်ပခုံးအား ထိုးစိုက်သွားလေသည်။

“ရန်သူဟေ့” အလစ်တိုက်သမားက အော်ဟစ်လိုက်ပြီး လူရိပ်များက ခြုံပုတ်များ တစ်ဝိုက်တွင် တရိပ်ရိပ် ပြေးသွား၏။ တစ်ချိန်တည်းမှာပင် မိုအားဝူ၏လက်ကြီးက ထိုချောင်မြောင်းသူ၏လည်ပင်းအား သံမဏိညှပ်ကြီးတစ်ခုကဲ့သို့ ဖြစ်ညစ်ထား၏။

ဝှစ်။

ထိုအခိုက်အတန့်မှာပင် မိုအားဝူသည် ထန်ရှုဘေး၌ ရိပ်ခနဲ ပြန်ပေါ်လာ၏။ ထန်ရှုက လည်ပင်းညှစ်ခံထားရသည့် အနက်၀တ်လူကို ကြည့်ကာမေးလိုက်သည်။ “မင်းက ဘယ်သူလဲ”

“ဖောက်...ဖောက်”

ထိုလူ၏လည်ပင်းထဲမှ ထူးဆန်းသော အသံများကို ကြားလိုက်ရသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် အနက်၀တ်လူသုံးယောက်က သူ့ပတ်ပတ်လည်တွင် ပေါ်လာ၏။ ထိုလူမှာ မိုအားဝူ၏လက်ထဲ၌ပင် ပါးစပ်မှ သွေးများပန်းထွက်ရင်း အသက်ရှုရပ်သွားတော့သည်။

“အဆိပ်သောက် ‌သတ်သေတာပေါ့လေ” ထန်ရှု၏မျက်လုံးများက အေးစက်စွာ တောက်ပသွား၏။ သူ့အတွက် ဤမြင်ကွင်းမှာ ထူးဆန်းနေသည်။ ယနေခေတ်လူ့အဖွဲ့အစည်းထဲတွင် ဤသို့အသေခံတပ်ဖွဲ့များ ရှိနေခြင်းက ထူးခြားဆန်းပြားလှ၏။

“ခွေး‌ကောင်တွေ။ မင်းတို့က ဘယ်ကကောင်တွေလဲကွ” လက်ထဲဓားရှည်တစ်ချောင်းကို ကိုင်ထားပြီး ထန်ရှုအရှေ့၌ ရပ်နေသည့် အနက်၀တ်လူတစ်ယောက်က ‌မေးလေသည်။

ထန်ရှုက မျက်မှောင်ကြုတ်၍ အေးစက်စက် နှာမှုတ်လိုက်၏။ “ဟက် မင်းကို ပြန်မေးရမှာကွ။ ချင်းချန်ဘုန်းကြီးကျောင်းမှာ ဘာတွေဖြစ်နေတာလဲ”

အနက်၀တ်လူက ထန်ရှုကို စိုက်ကြည့်၍ ပြော၏။ “မင်းက ချင်းချန်ဘုန်းကြီးကျောင်းအဖွဲ့၀င် မဟုတ်တဲ့ပုံပဲ။ ဒါဆို မြန်မြန် ပြေးတော့။ ငါတို့ကိစ္စကို ဝင်မရှုပ်နဲ့။ ချင်းချန်ဘုန်းကြီးကျောင်းကို သွေးချောင်းစီးအောင် လုပ်မှာကွ။ ငါတို့ကို ဝင်ရှုပ်တဲ့လူမှန်သမျှကို သတ်ပစ်မယ်”

ချင်းချန်ဘုန်းကြီးကျောင်းကို သွေးချောင်းစီးအောင် လုပ်မယ်တဲ့လား

ထန်ရှု၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး သူ၏ပုံရိပ်က ဖြတ်ခနဲ ပျောက်ကွယ်သွားကာ အနက်၀တ်လူအရှေ့၌ ပေါ်လာ၏။ သူက ထိုလူအား လည်ပင်းမှ ဆွဲကိုင်ရင်း ချက်ချင်း သူ၏ဓားကို ထုတ်ကာ ကျန်လူနှစ်ယောက်၏ရင်ဘတ်ထဲသို့ ထိုးစိုက်လိုက်သည်။

“အားဝူ သူ့ပါးစပ်ထဲက‌ ဆေးလုံးကို ထုတ်လိုက်”

“ဟုတ်ကဲ့”

မိုအားဝူက ထန်ရှု၏အမိန့်အတိုင်း အနက်၀တ်လူ၏သွားကြားထဲမှ သေးငယ်ပါးလွှသော ပိုးချည်မျှင်ကို ဆွဲထုတ်လိုက်၏။ ချည်မျှင်မှာ ဆန်စေ့တစ်စေ့အရွယ် အစိမ်းရောင်အဆိပ်ဆေးလုံးတစ်လုံးနှင့် ချည်ထားလေသည်။

ထန်ရှုက အနက်၀တ်လူ၏အကြောများကို ပိတ်လိုက်ပြီး အေးစက်ခက်ထန်သော အမူအရာဖြင့် စစ်မေးလိုက်၏။ “မင်းကို နောက်ဆုံးအခွင့်အရေး ပေးမယ်။ မင်းရဲ့သရုပ်မှန်နဲ့ ချင်းချန်ဘုန်ကြီးကြောင်းကို တိုက်ခိုက်ရတဲ့ အကြောင်းအရင်းကို ပြောစမ်း”

အနက်၀တ်လူမှာ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်၍မရကြောင်း သဘောပေါက်သွား၏။ သူသည် အစွမ်းကုန် ကြိုးစားသော်လည်း လက်ချောင်းလေးတစ်ချောင်းကိုပင် မလှုပ်နိုင်ချေ။ သို့သော် သူ့မျက်နှာပေါ်ရှိ အကြောက်တရားမှာ ပျောက်ချင်းမလှ‌ ပျောက်ကွယ်သွားတော့သည်။ သူက ရိုင်းစိုင်းခက်ထန်စွာပင် ပြန်ချေပ၏။ “မင်းက ငါ့ဆီကနေ စကားအစ်ချင်တယ်ပေါ့လေ။ စောက်အိပ်မက်သာ မက်နေလိုက်။ မင်း မသေမရှင် ဖြစ်နေတဲ့အချိန်မှ ငါတို့ရဲ့ခေါင်းဆောင်တွေကို သိရမှာကွ”

ထန်ရှုက လက်တစ်ချက် ခါရမ်း၍ အနက်ဝတ်လူ၏ခန္ဓာကိုယ်ထဲသို့ ချီစီးကြောင်းတစ်ကြောင်း သွင်းလွှတ်၍ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်အား ချိတ်ပိတ်ကာ ပြော၏။ “ဒါဆိုလည်း မသေမရှင်ဖြစ်ရတဲ့ အရသာကို ခံစားကြည့်လိုက်ပေါ့ကွာ”

“အားးးး” အနက်၀တ်လူ၏ပါးစပ်မှ ‌ကျောချမ်းဖွယ် အော်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်မှာ အိပ်မက်ပင်မမက်ဖူးသည့် နာကျင်မှုကြောင့် တဆတ်ဆတ် တုန်ခါနေ၏။

“ငါ ဆေးလုံးတွေကို ဘယ်လိုသန့်စင်ရမလဲသိတယ်။ ငရဲဂိတ်၀ကနေ သေလူကိုတောင် ပြန်ခေါ်နိုင်တယ်ကွ” ထန်ရှုက ရက်စက်ခက်ထန်စွာ ပြောသည်။ “ဒီလိုနာကျင်မှုမျိုးကို လူတစ်ယောက်က ၇ ရက်ပဲ ခံနိုင်ရည်ရှိတယ်။ ငါသန့်စင်ထားတဲ့ဆေးကို သောက်ရင်တော့ ၁၀ ရက် ခံနိုင်လိမ့်မယ်။ ဒါကြောင့် မင်း ငါ့မေးခွန်းကို မဖြေရင် မင်းဘ၀ရဲ့ အဆိုးရွားဆုံးဆယ်ရက်ကို ဖြတ်သန်းဖို့ ပြင်ဆင်ထားလိုက်တော့”

၁၀ ရက်တောင်လား

အနက်၀တ်လူမှာ သူ ထိုမျှ တောင့်ခံနိုင်မည်မဟုတ်ကြောင်း ကောင်းကောင်းသိ၏။ ဤနာကျင်မှုမှာ သူဝိညာဉ်တွင်းမှ ထွက်ပေါ်လာသည်အလား သူမှာ အသိစိတ်ပျောက်မတတ် မချိမဆံ့ ခံစားနေရ‌ရှာသည်။

အသက်ရှင်နေရခြင်းထက် သေခြင်းကိုပင် ပို၍ တောင့်တမိသော နာကျင်မှုမျိုးဖြစ်၏။

ထိုသို့အတွေးမျိုးအား အနက်ဝက်လူ၏ဘဝတွင် ပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်ပေသည်။

ထန်ရှုက သူ့လုပ်ရပ်ကို သတိမထားမိဘဲ စီးကရက်တစ်လိပ်ထုတ်လိုက်၏။ ထို့နောက် သူက တခဏ စဉ်းစားလိုက်ပြီး စီးကရက်အား ကျင်းရှီလက်ထဲသို့ ပစ်ပေးကာ ပြောသည်။ “သေချာ စဉ်းစား။ မင်း ငါ့မေးခွန်းကို ဖြေချင်ရင် မျက်တောင် နည်းနည်းခတ်လိုက်။ အမ်...မျက်တောင်ခတ်တာ မြန်လှချည်လားကွ။ မင်းရဲ့ခံနိုင်ရည်က ရယ်စရာပဲကွာ”

ထိုသို့ပြောပြီးနောက် သူကအနက်၀တ်လူ၏ကျောပြင်အား အချက်အနည်းငယ် ရိုက်လိုက်၏။ အနက်၀တ်လူ၏ခန္ဓာကိုယ် တုန်ရီနေခြင်း ရပ်တန့်သွားပြီး သူ့မျက်နှာပေါ်ရှိ နာကျင်မှု ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည့်အခါတွင် သူက အမိန့်ပေးလိုက်၏။ “အခုချက်ချင်း ပြောစမ်း။ မဟုတ်ရင် နောက်မိနစ် ၃၀ ကြာမှ ပြောဖို့အခွင့်အရေးရမယ်”

“ငါပြောပြီးတာနဲ့ ချက်ချင်း သတ်‌ပေးလို့ရမလား” အနက်၀တ်လူက အလျင်အမြန် မေး၏။

“စိတ်ဝင်စားစရာပဲ။ သေမှဖြစ်မယ့် အသေခံတပ်သားပေါ့လေ” ထန်ရှုက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ ငါ မင်းကို မြန်မြန်နဲ့ မနာကျင်ရအောင် သတ်ပေးမယ်”

အနက်၀တ်လူမှာ စိတ်သက်သာရာရသွားဟန်ဖြင့် ခပ်သွက်သွက် ပြော၏။ “ငါတို့ရဲ့ခေါင်းဆောင်တွေက ကျင့်ကြံသူတွေပဲ။ ဘယ်ကျောင်းမှာတက်ခဲ့ပြီး စွမ်းရည်တွေကို ဘယ်ကနေ သင်ခဲ့သလဲဆို‌တာတော့ ငါမသိဘူး။ ဒါပေမဲ့ သူက အဆိပ်နဲ့ပက်သက်ပြီး ကျွမ်းကျင်တယ်။ ချင်းချန်ကျောင်းအပေါ် ကလဲ့စားချေဖို့ ငါတို့ကို ချင်းချန်တောင်ဆီ ခေါ်လာခဲ့တာ။ ငါတို့ခေါင်းဆောင်နှစ်ယောက်ရဲ့ ညီအစ်ကိုလေးယောက်ကို ချင်းချန်ဘုန်းကြီးကျောင်းက သတ်ခဲ့တယ်လို့ ပြောကြတာပဲ”

ကလဲ့စား...

ထန်ရှု၏မျက်ခုံးများ တွန့်ချိုးသွားသည်။ ပိုးနီပန်းအတွက်နှင့် သူသည် ရွှေခွက်အင်ပါယာဗီလာ‌ဖွင့်ပွဲ၌ အဆိပ်ခတ်လုပ်ကြံမှုကို တွေ့ကြုံခဲ့ရ၏။ ယခုတွင်လည်း ချင်းချန်ဘုန်းကြီးကျောင်းပေါ် ကလဲ့စားချေမှုတစ်ခုနှင့် ပက်ပင်းတိုးပြန်လေပြီ။

‘ကြည့်ရတာ ငါ ချင်းချန်ဘုန်းကြီး‌ကျောင်းကို ကာကွယ်ပေးရမယ့်ပုံပဲ။ အရေးကြီးဆုံးကတော့ ၀မ်ထောင်ရဲ့ဦး‌လေး အသက်ရှင်နေမှဖြစ်မယ်။ ပိုးနီပန်းသာ တခြားကျင့်ကြံသူတွေလက်ထဲ မတော်တဆ ရောက်သွားခဲ့ရင် ငါ ကျင့်ကြံအဆင့်တက်ဖို့ လွယ်မှာမဟုတ်တော့ဘူး”

ထန်ရှုက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းပြီးနောက် လက်ဖျောက်တစ်ချက်တီးကာ  အနက်၀တ်လူအား သတ်ပစ်လိုက်၏။ ထို့နောက် သူက လေးပင်စွာ ပြောလေသည်။ “ရွှဲ့ရှ၊ ဟိုက်ရှန်း မင်းတို့က ‌ဒီမှာနေပြီး သူတို့နှစ်ယောက်ကို ကာကွယ်ပေးထား။ ငါတို့ အခြေအနေသွားကြည့်ဦးမယ်”

“ကျွန်မ ဒီမှာ မနေချင်ဘူး။ ရှင်နဲ့လိုက်ခဲ့မယ်” ကျန်းရှင်းယွဲ့က မျက်နှာပျက်လျက် အလျင်အမြန် အော်ပြော၏။

“ကျွန်တော့်ဦးလေးနဲ့ ၀မ်းကွဲအစ်ကိုက ချင်းချန်ဘုန်းကြီးကျောင်းထဲမှာ အစ်ကိုကြီးထန်” ၀မ်ထောင်က ပြာပြာသလဲ ကြားဖြတ်ပြောသည်။ “ကျွန်တော်လည်း လိုက်ခဲ့မယ်”

“ဘယ်သူမှ လိုက်လို့မရဘူး။ မင်းတို့က သာမန်လူတွေ။ အန္တရာယ်တွင်းထဲ လိုက်ခွင့်မပေးနိုင်ဘူး” ထန်ရှုက ‌ခေါင်းခါရမ်း၍ ပြော၏။ “ခုနက လူလေးယောက်ကို မြင်လိုက်လား။ သူတို့လို‌လူတွေ သေသွားတာ ဒီလိုအခြေအနေမှာ ကြက်ကလေး၊ ငှက်ကလေးတွေသေသွားသလောက်တောင် အရေးမပါဘူး”

“ရှင် ဘာပြောလိုက်တာ” ကျန်းရှင်းယွဲ့က အော်ဟစ်၏။ ”ရှင်....ရှင် သူတို့ကို သတ်လိုက်တာလား”

ညအချိန်ဖြစ်၍ ကျန်းရှင်းယွဲ့မှာ အနက်၀တ်လူလေး‌ယောက် လဲကျသွားသည်ကိုသာ မြင်လိုက်ရပြီး သေသွားကြောင်း မသိလိုက်ချေ။

“မင်းရဲ့ကတိကို မမေ့နဲ့။ ဒီနေရာက ထွက်သွားတာနဲ့ ချင်းချန်တောင်ပေါ်မှာ ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို မေ့ပစ်ပြီး ဘယ်သူ့ကိုမှ ပြန်မပြောရဘူး” ‌ထန်ရှုက ပြောသည်။

ထိုသို့ပြောပြီးနောက် သူသည် မိုအားဝူ၊ ကျင်းရှီနှင့် ရွှဲ့ရှကို သူနှင့်အတူ ခေါ်ဆောင်သွားလေသည်။ သူတို့သုံးယောက်၏ပုံရိပ်များက ချင်းချန်ဘုန်းကြီးကျောင်းထဲ ၀င်ရောက်သွား၏။ သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် ထန်ရှုတို့လေးယောက်သည် ပျံသန်းကာ  မီးများလောင်ကျွမ်းနေသည့် ချန်းချန်ဘုန်းကြီးကျောင်းအပြင်ခန်းမ၏ မီတာ ၁၀၀ အနီးတစ်ဝိုက်သို့ တခဏအတွင်း ရောက်ရှိသွားတော့သည်။

***

All Chapters