မိန်းမလှလေးမှ သယ်ဆောင်လာသော ကပ်ဘေး
Vol. 61 Ch. 851
ထန်ရှုသည် တဟုန်းဟုန်းတောက်နေသော မီးတောက်များ အရှေ့တွင် ရပ်နေပြီး သူ၏မျက်လုံးများက မီးမလောင်ခင် အဖြစ်အပျက်များကို ပြန်လည်မြင်ယောင်နေ၏။
ယင်းကား အသေသတ်ရန် ရည်ရွယ်သည့် ရှို့မီးဖြစ်ပေသည်။ ယနေ့ခေတ်တွင် တွေ့ရခဲသော ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုဖြစ်၏။ သို့သော်ထန်ရှုသည် အင်မော်တယ်ကမ္ဘာ၌ သာမန်သာဖြစ်သည့် ဤသို့မတော်တဆမှုမျိုးကို ဤကမ္ဘာ၌ တွေ့ကြုံရလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သို့ထိတိုင်...ဤသည်ကား ကမ္ဘာမကြေရန်သူတော်၏ ကလဲ့စားဖြစ်ကြောင်း သိသာလှ၏။
“ကျွန်တော်တို့ ဘာလုပ်ကြမလဲ သူဌေး”
မိုအားဝူ၏မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်တို့က တလက်လက် တောက်ပနေချေသည်။ သူသည် ငယ်စဉ်ကတည်း လူမဆန်စွာ လေ့ကျင့်ပေးခံခဲ့ရပြီး စစ်ပွဲများကြားတွင် ကြီးပြင်းခဲ့သူဖြစ်၏။ သူ့အရှေ့မြင်ကွင်းကား သူ၏စစ်သွေးစစ်မာန်များအာား ပွက်ပွက်ဆူလာစေသည်။
“၀မ်ရွှယ့်ကျုံးကို အရှင်ရှာကြတာပေါ့” ထန်ရှုက ပြောသည်။ “အသက်ရှင်နေသေးရင် သူ့ကို လူချင်းတွေ့ချင်တယ်။ သေသွားပြီဆိုရင်လည်း အလောင်းကို တွေ့ရမှဖြစ်မယ်”
“၀ယ်ရွှယ်ကျုံးကို ဘယ်လို ရှာမှာလဲ” မိုအားဝူက မျက်မှောင်ကြုတ်လျက် ပြော၏။ “သူ့ဓာတ်ပုံလည်းမရှိဘူး။ သူ့ကိုလည်း မမြင်ဖူးဘူးလေ”
ထန်ရှုက ခပ်ဖွဖွ ပြုံးလိုက်ပြီး သူက ချက်ချင်း မိုးပေါ် ပျံတက်သွား၏။ မီးလောင်ကျွမ်းနေသော ခန်းမအပေါ်မှ ပျံသန်းသွားသောအခါ အရှေ့ရှိ ရှေးဟောင်းအဆောက်အဦးနားတွင် ရပ်နေကြသော လူ ၁၀၀ ခန့်ကို တွေ့လိုက်ရသည်။ သူက တုံ့ဆိုင်းမနေဘဲ အဆောက်အဦးခေါင်မိုး၏ အမြင့်ဆုံးနေရာတွင် ရပ်လိုက်၏။
“မင်းက ဘယ်သူလဲ”
အောက်ရှိလူတစ်ရာကျော်ထံမှ အော်သံများစွာ ထွက်ပေါ်လာပြီး လူရိပ်နှစ်ခုက ချက်ချင်း လေထဲတွင် ပေါ်လာကာ ထန်ရှုကို စိုက်ကြည့်နေ၏။
ထန်ရှုက ထိုနှစ်ယောက်ကို တစ်ချက် ကြည့်လိုက်သည်။ ထိုသူနှစ်ယောက်၏ကျင့်ကြံခြင်းက သူ့ကို အနည်းငယ် အံ့အားသင့်သွားစေသော်လည်း သူက လျစ်လျူရှုထား၏။ ထိုအစား သူက အောက်ရှိ ခြံ၀န်းကိုသာ ကြည့်၍ အော်ပြောလိုက်သည်။ “ခင်ဗျားတို့ထဲမှာ ၀မ်ရွှယ့်ကျုံးက ဘယ်သူလဲ။ ကျွန်တော့်ကို လာတွေ့ပါ”
သူ ထိုသို့ပြောနေစဉ် မိုအားဝူတို့သုံးယောက်ကလည်း သူ့ဘေးတွင် ပေါ်လာ၏။
ယခုတွင် ချင်းချန်ဘုန်းကြီးကျောင်း၌ ဒဏ်ရာရထားသော ကျွမ်းကျင်သူအချို့သာ ရှိပြီး ပတ်၀န်းကျင်ကို ဂရုတစိုက် စောင့်ကြည့်နေကြလေသည်။ ခြံ၀န်းတစ်လုံးကို အစီအရင်အတွင်းတွင် ထည့်ထားပြီး မမြင်ရနိုင်သော စွမ်းအင်တစ်ခုက အတွင်းရှိ လူများအား ကာကွယ်ပေးထား၏။ လူဒါဇင်ကြားတွင် ကလေးမျက်နှာ၊ ဆံပင်စုတ်ဖွားနှင့် အရပ်ရှည်ရှည် အဘိုးကြီးတစ်ယောက်က မျက်လုံးများ တလက်လက် တောက်ပလျက် ရပ်နေချေသည်။
ထန်ရှု၏အသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွား၏။ အဘိုးအိုသည် ရန်သူအဖွဲ့အပြင်မှ လူတစ်ယောက် သူ့နာမည်အား ခေါ်လိုက်သည်ကို ကြားလိုက်ရသည်။ ခေါင်မိုးထက်၌ ရပ်နေသော လူလေးယောက်သာမက သူတို့အရှေ့၌ ရပ်နေသော ရန်သူနှစ်ယောက်ကြောင့် ခေါင်မိုးပေါ်ရှိ လူများမှာ ရန်သူမဟုတ်ကြောင်း သူ ထစ်ထစ်ချ ပြောနိုင်သွား၏။
သူနှင့်ချင်းချန်ဘုန်းကြီးကျောင်းရှိ ကျွမ်းကျင်သူများမှာ ရန်သူများ၏ကလဲ့စားကြောင့် ချုံးချုံးကျနေလေပြီ။ သို့သော် ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများမှာ တောက်ပသွားပြီး ပြန်လည် စိတ်ဓာတ်တက်ကြွလာသယောင်ပင်။ ၀မ်ရွှယ့်ကန်းက ရှေ့သို့ခြေနှစ်လှမ်းတက်၍ ထန်ရှုအား မော့ကြည့်ကာ ပြောလိုက်သည်။ “ငါ ၀မ်ရွှယ့်ကျုံးပါ။ ဒီက လူငယ်က”
ထန်ရှုက သူ့ကိ တခဏ အကဲခတ်ပြီးနောက် စိတ်ကျေနပ်သွားသော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။ ထို့နောက် ပြောသည်။ “တော်သေးတယ်။ ခင်ဗျာ အသက်ရှင်နေသေးတာ ကံကောင်းတာပဲ။ မဟုတ်ရင် ကျွန်တော်တို့ ဒုက္ခခံပြီး လိုက်ရှာရတော့မှာ။ ခင်ဗျားတူ ပေးထားတဲ့ ပိုးနီပန်း ခင်ဗျားဆီမှာ ရှိသေးလား”
ပိုးနီပန်းလား
၀မ်ရွှယ့်ကျုံး၏မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသော်လည်း သူက ပြန်ဖြေ၏။ “ငါ့ဆီမှာ ရှိပါသေးတယ်။ ဘာလို့မေးတာလဲ”
“ခင်ဗျားက မသုံးရသေးဘူးပေါ့” ထန်ရှုက မေးသည်။
“ဟင့်အင်း” ၀မ်ရွှယ့်ကျုံးက ဖြေ၏။
ထန်ရှုက အားရ၀မ်းသာဖြင့် ထပ်မံ မေးပြန်သည်။ “ခင်ဗျားမှာ ရှိသေးတယ်ဆိုရင် ကျွန်တော်တို့ အပေးအယူလုပ်ရင် ဘယ်လိုလဲ”
ဝမ်ရွှယ့်ကျုံး၏မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး သူက အလျင်အမြန်မေး၏။ “ဘယ်လို အပေးအယူမျိုးလဲ”
“ခင်ဗျားတို့ကို ကူညီပြီး ဒီရှေ့ကလူတွေကို ရှင်းပစ်ပေးမယ်။ အပြန်အလှန်အနေနဲ့ ကျွန်တော့်ကို အဲ့ဒီပိုးနီပန်းပေး။ ကဲ ဘယ်လိုလဲ” ထန်ရှုက မေးသည်။
၀မ်ရွှယ့်ကန်း၏မျက်လုံးများ တောက်ပသွားပြီး သူက ဖြေ၏။ “အဲ့ဒီလူတွေကို သတ်ပြီး ချင်းချန်ကျောင်းရဲ့ အကျပ်အတည်းကို ဖြေရှင်းပေးမယ်ဆိုရင် ပိုးနီပန်းကို ကျေကျေနပ်နပ် ပေးနိုင်ပါတယ်”
ထန်ရှုက ခပ်ဖွဖွ ပြုံး၍ သူ့အရှေ့ရှိ လူနှစ်ယောက်အား ကြည့်လိုက်သည်။ ထို့နောက် သူက ပြော၏။ “မင်းတို့ ဘယ်သူလဲဆိုတာ ငါ မသိဘူး။ ငါတို့ ဒီမှာ အချေအတင်ဖြစ်သင့်ရဲ့လားဆိုတာလဲ ငါ မသေချာဘူး။ မင်းတို့ ဒီနေ့ ချင်းချန်တောင်ပေါ်မှာ သေသင့်မသေသင့် ဆုံးဖြတ်ရအောင် မင်းတို့ရဲ့ ဇစ်မြစ်ကို ပြောပြ”
မျက်နှာတွင်အမာရွတ်ဖြင့် ပိုင်ပေါင်က ထန်ရှုကို စိုက်ကြည့်၍ အေးစက်စွာပြော၏။ “မင်းက ငါတို့ရဲ့ နောက်ကြေင်းကို သိဖို့ အရည်အချင်းမရှိဘူး။ ဒါပေမဲ့ ဒီနေရာကနေ မြန်မြန်ထွက်သွားဖို့ သတိပေးချင်တယ်။ မဟုတ်ရင် ချင်းချန်တောင်ပေါ်မှာ မြုပ်နှံခံရမယ့်အလောင်းတွေက ငါတို့မဟုတ်ဘဲ မင်းတို့ ဖြစ်သွားလိမ့်မယ်”
“မင်းတို့က အကောင်းအဆိုးကိုတောင် မခွဲခြားနိုင်မှတော့ မင်းတို့ကို သတ်မယ့် ငါ့အဆိုးမဆိုနဲ့” ထန်ရှုက ခေါင်းခါ၍ ပြောသည်။ “ပြောရရင် မင်းတို့ရဲ့အသက်တန်ဖိုးက ပိုးနီပန်းနဲ့ ယှဉ်လို့ မရပါဘူးလေ”
သူ့အသံ ပျောက်ကွယ်သွားသည်နှင့် ထန်ရှုက ချက်ချင်းအစီအရင်အချပ်များကို ထုတ်ကာ လက်ကိုရှေ့ထုတ်၍ လေးထောင့်အစီအရင်ကို ချက်ချင်း စီရင်လိုက်သည်။ အစီအရင်အား အသက်သွင်းပြီးနောက် လူက လက်ကိုမြှောက်၍ အော်ဟစ်လိုက်၏။ “လျှပ်စီးလက်ခြင်း။ လျှပ်စစ်စီးစမ်း”
ကြည်လင်နေသော ကောင်းကင်မှ ရုတ်တရက် မရေမတွက်နိုင်သော လျှပ်စီးတန်းများစွာ ကျလာ၏။ ချက်ချင်းဆိုသလို အပြာရောင်အလင်းများ ထုတ်လွှတ်နေသည့် မိုးကြိုးတန်းများက လေးထောင့်အစီအရင်ကို ထိုးဖောက်ကာ ရန်သူနှစ်ယောက်ပေါ်သို့ လျှပ်တပြက် ကျရောက်လာကြသည်။
“ချီးပဲ”
“ခွေးကောင်”
ပိုင်ကျန့်နှင့်ပိုင်ပေါင်တို့ ညီအစ်ကိုနှစ်ယောက်၏မျက်နှာများမှာ သိသိသာသာ ပျက်ယွင်းသွား၏။ မီးတောက်အလွှာများက ရုတ်တရက် ဖြစ်ပေါ်လာပြီး သူတို့သည် မီးနဂါးနှစ်ကောင်အဖြစ် အသွင်ပြောင်းကာ မီးတောက်များကို ဖြတ်၍ မိုးကြိုးအား ၀င်တိုက်လိုက်သည်။
ဝုန်း...
အင်မတန်လှပသော်လည်း တောက်ပလွန်းသည့် ပေါက်ကွဲမှုက လူတိုင်း၏မျက်လုံးများကို တခဏ ပြာဝေသွားစေသည်။ ပေါက်ကွဲသံကြောင့် လူတိုင်း၏နားထဲတွင် တဝီဝီ မြည်နေ၏။ တောင့်ခံနိုင်သည့် ကျင့်ကြံခြင်းအခြေခံရှိသည့် ဆယ်ယောက်ခန့်မှလွဲ၍ ခြံ၀န်းထဲရှိ ကျွမ်းကျင်သူ ၁၀၀ နီးပါးမှာ အမြုတေအထိ တုန်လှုပ်သွားသည်ကို ခံစားလိုက်ရ၏။ သူတို့၏ချီနှင့်သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ရပြီး သွေးများအန်လျက် မြေပေါ် လဲကျကုန်တော့သည်။
ဝှစ် ဝှစ် ဝှစ်။
လူရိပ်သုံးခုက လဲကျသွားသူများထံ လျှပ်စီးတမျှ ပြေး၀င်သွား၏။ သူတို့ဓားချက်များက မိုးကောင်းကင်ကို ပိုင်းဖြတ်လိုက်ပြီး လဲကျသွားသူများ၏ အသက်ကို နှုတ်ယူသွားသော ဓားအလင်းတန်းများအဖြစ် ပြောင်းလဲသွားလေသည်။
ခွမ်း...
ရုတ်တရက် ပြင်းထန်လှသော စွမ်းအင်တစ်ရပ်က လေးထောင့်အစီအရင်ကို ပျက်စီးသွားစေပြီး အတွင်း၌ ပိတ်မိနေသော ပိုင်ကျန့်နှင့် ပိုင်ပေါင်အား လွတ်မြောက်သွားစေသည်။ သို့သော် မီးနဂါးနှစ်ကောင်မှာ လျှပ်စီးတန်း၏ချေမှုန်းခြင်းခံလိုက်ရသဖြင့် ညီအစ်ကိုနှစ်ယောက်မှာ သွေးများ ရွှဲရွှဲစိုလျက် မြေပေါ်လဲကျသွားတော့သည်။ သူတို့သည် တိုက်ကွက်အား အသက်ရှင်လျက် ခုခံနိုင်ခဲ့သော်လည်း ဒဏ်ရာများက သူတို့၏တိုက်ခိုက်နိုင်စွမ်းကို လျော့ကျသွားစေ၏။
“မင်းက ဘယ်သူလဲကွ” သွေးများစွာ အန်ထုတ်လိုက်ရပြီးနောက် ပိုင်ပေါင်က မော့ကြည့်၍ ဒေါတသကြီး မေးလေသည်။
“ဒီလိုအားပြင်းတဲ့တိုက်ကွက်က မင်းတို့ကို သတ်နိုင်မယ်လို့ပဲ ထင်ထားခဲ့တာ” ထန်ရှုက သက်ပြင်းချလိုက်၏။ “ကြည့်ရတာ မင်းတို့က ရွှေအမြုတေအဆင့်ကို ရောက်ဖို့ ဆံချည်မျှင်တစ်မျှင်စာပဲ လိုတော့တဲ့ပုံပဲ။ ကံဆိုးတာပဲနော်။ မင်းတို့က ဒီနေ့သေရတော့မှာဆိုတော့ ငါ ဘယ်သူလဲဆိုတာ မင်းတို့ သိဖို့ မလိုပါဘူး။ မင်းတို့နဲ့အတူ ငရဲအထိလိုက်ခဲ့မှာမဟုတ်တော့ ငါတို့ ထပ်တွေ့စရာ အကြောင်းမရှိတော့ဘူးလေ”
ပိုင်ကျန့်က မြေကြီးပေါ်မှ ကုန်းရုန်းထ၍ ဟိန်းဟောက်လိုက်၏။ “စီနီယာ ပိုးနီပန်းကို လိုချင်တာဆိုရင် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ရှာပေးနိုင်ပါတယ်။ ကျွန်တော်တို့ အရမ်းဘဝင်မြင့်ခဲ့တာ မှန်ပါတယ်။ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့။ ကျွန်တော်တို့
ချင်းချန်ဘုန်းကြီးကျောင်းကို သွေးကြွေးဆပ်ဖို့ လာခဲ့တာပါ”
ထန်ရှုက မေးစေ့ကို ပွတ်၍ မေး၏။ “ဒါဆို ပြောပြစမ်းပါဦး။ မင်းတို့နဲ့ ချင်းချန်ဘုန်းကြီးကျောင်းကြားက သွေးကြွေးအကြောင်းကို”
ပိုင်ကျန့်၏မျက်လုံးများက ၀မ်းမြောက်မှုတို့ဖြင့် တောက်ပသွားပြီး သူက ကျယ်လောင်စွာ ဖြေ၏။ “စီနီယာ ကျွန်တော်တို့က အရင်တုန်းက ချင်းချန်တောင်နားမှာနေတဲ့ သာမန်ရွာသားလေးတွေပါ။ ချင်းချန်ဘုန်းကြီးကျောင်းက လူတစ်ယောက်က အပြင်လောကက နေ့စဉ်သုံးပစ္စည်းတွေနဲ့ ကုန်ကြမ်းတွေ ၀ယ်ဖို့ ကျွန်တော်တို့ကို အလုပ်ခန့်ခဲ့ပါတယ်။ အစပိုင်းမှာတော့ သူတို့က ကျွန်တော်တို့ ညီအစ်ကိုခြောက်ယောက်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြတဲ့အတွက် ကျွန်တော်တို့လည်း စိတ်ချမ်းချမ်းသာသာ နေခဲ့ရပါတယ်။ ဒါပေမယ့် နှစ်နည်းနည်း ကြာလာတော့ ပစ္စည်းတွေကို စီမံရတဲ့ ဘဏ္ဍာစိုးက ကျွန်တော်တို့ လုပ်အားခတွေကို အလွဲသုံးစားလုပ်ပြီး ဖြတ်တောက်လာပါတယ်။ တစ်ခါတလေကျရင် သူ့ရဲ့ သိုင်းပညာရှင်စွမ်းရည်တွေကို အသုံးချပြီး အနိုင်ကျင့်ကြပါသေးတယ်”
“တစ်နေ့မှာ ကျွန်တော်ရဲ့ညီငယ်လေး ပိုင်ဒုန်က ပစ္စည်းတွေ လာပို့တဲ့အချိန် ချင်းချန်ဘုန်းကြီးကျောင်းရဲ့ လူတစ်ယောက် သိုင်းပညာလေ့ကျင့်နေတာကို မတော်မဆတွေ့သွားခဲ့တယ်။ အဲ့ဒီလူက ဘဏ္ဍာစိုးဖြစ်နေခဲ့တယ်။ သူက ကျွန်တော်တို့ ညီလေးကို ချင်းချန်ကျောင်းရဲ့သိုင်းပညာကျမ်းတွေကို လာခိုးတယ်လို့ စွပ်စွဲပြီး သေလုမြောပါး ဖြစ်တဲ့အထိ ရိုက်နှက်ခဲ့ပါတယ်”
“ကျန်တဲ့ ကျွန်တော်တို့ညီအစ်ကို ငါးယောက်က တရားမျှတမှုကို တောင်းတော့ ကျွန်တော်တို့ကိုလည်း ရက်ရက်စက်စက် ရိုက်နှက်ခဲ့ပါတယ်။ ကျွန်တော်လည်း ဒေါသကြောင့် သူ့ကို ပစ္စည်းတွေ ၀ယ်မပေးနိုင်ဘူးလို့ ပြောခဲ့မိတယ်။ ချင်းချန်ဘုန်းကြီးကျောင်းရဲ့ မတရားမှုတွေကို လျှောက်ပြောပစ်မယ်လို့ ခြိမ်းခြောက်မိတော့ ကျွန်တော်တို့ကို လိုက်သတ်တော့တာပါပဲ”
“ကျုပ်တို့က ညီအစ်ကိုအရင်းရော၊ ၀မ်းကွဲရော စုစုပေါင်း ခြောက်ယောက်ရှိခဲ့တာပါ။ နောက်ဆုံး သူတို့က ကျွန်တော့်ရဲ့ညီအစ်ကို လေးယောက်ကို သတ်နိုင်ခဲ့တယ်။ ကျွန်တော်နဲ့ ပိုင်ပေါင်ကတော့ ကံကောင်းထောက်မစွာနဲ့ တောင်စွန်းကနေ ပြုတ်ကျပြီး အသက်ရှင်ကျန်ခဲ့တာပါ”
“ပြီးခဲ့တဲ့နှစ်တွေအတောအတွင်း ကျွန်တော်တို့ လူတွေနဲ့မပက်သက်ဘဲ သီးသန့်နေထိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ကြက်ကန်းဆန်အိုးတိုးပြီး ကျင့်စဉ်တချို့ကို ရှာတွေ့ခဲ့ပါတယ်။ ကျင့်ကြံရင်းနဲ့ ကျွန်တော်တို့ ခွန်အားတွေက တိုးတက်လာတာပေါ့။ နောက်ပိုင်း ကျွန်တော်တို့ ပင်လယ်ကြီးကိုဖြတ်ပြီး နိုင်ငံရပ်ခြားရောက်တော့ ကျွန်တော်တို့ရဲ့ဆရာ တာအိုအဆိပ်သခင်နဲ့ တွေ့ခဲ့ရတယ်။ ဒါပေမဲ့ အဲဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုကို ကလဲ့စားချေချင်စိတ်က တစက္ကန့်လေးတောင် ပျောက်ကွယ်မသွားခဲ့ပါဘူး”
“အခု အားလုံးကို ပြောပြပြီးပြီဆိုတော့ ကျေးဇူးပြုပြီး ဖြေပေးပါ စီနီယာ ကျွန်တော်တို့ ကလဲ့စားလာချေတာ မှားပါသလား”
ထန်ရှုမှာ တိတ်ဆိတ်သွား၏။ သူဤသို့ အမုန်းတရားမျိုးနှင့် သွေးကြိုးကို နားလည်ပေးနိုင်သည်။ သူသာဆိုလျှငိ ဤထက်ပိုရက်စက်သော အရာများကို လုပ်မိမည်ဖြစ်သည်။
သူသည် ထိုလူနှစ်ယောက်ကို အသေသတ်ပစ်ရန် ဆန္ဒရှိခဲ့သော်လည်း ဖြစ်ကြောင်းကုန်စင်ကို ကြားပြီးနောက် လက်လှုပ်ရန်ပင် တွန့်ဆုတ်နေမိ၏။
ခြံ၀န်းအတွင်းတွင်။
ချင်းချန်ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဖြစ်သူ လင်းတုန်က ရှေ့ထွက်လာကာ အော်ဟစ်လိုက်သည်။ “သူခိုးတွေ။ လိမ်ပြောနေတာ။ မင်းတို့ ညီအစ်ကိုခြောက်ယောက် ချင်းချန်ကျောင်းကို လာပြီး ငါတို့ရဲ့ သိုင်းပညာတွေနဲ့ ချန်းချန်ကျောင်းရဲ့ သိုင်းပညာကျမ်းတွေကို ခိုးတာလေ။ ငါတို့ရဲ့ သိုင်းကျမ်းတွေကို ပြန်ယူဖို့ လူလွှတ်လိုက်ရုံပဲ”
“စောက်အဓိပ္ပာယ်မရှိတာ” ပိုင်ကျန့်က ဒေါသတကြီး ဆဲဆိုလိုက်သည်။ “ကျုပ်တို့ ညီအစ်ကိုတွေက မုဆိုးတွေဆိုပေမယ့် ခင်ဗျားတို့သိုင်းကျန်းကို ခိုးဖို့မပြောနဲ့ သိုင်းပညာတောင် တတ်ချင်ခဲ့တာမဟုတ်ဘူး။ အဲ့ဒီသိုင်းကျမ်းကို ကျုပ်တို့ညီလေးလက်ထဲ ခင်ဗျားရဲ့ဘဏ္ဍာစိုးက ထိုးထည့်ခဲ့တာ။ ကျုပ် ထွက်ပြေးနေခဲ့ပေမယ့် ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်”
“ဘာ”
ခြံ၀န်းအတွင်းရှိ ချင်းချန်ဘုန်းကြီးကျောင်း ကျွမ်းကျင်သူများမှာ တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်မိ၏။ ချင်းချန်ကျောင်းအတွက် ပစ္စည်းများဝယ်ယူပေးလေ့ရှိသော ညီအစ်ကို ခြောက်ယောက်က သိုင်းကျမ်းများကို ခိုးသွားသည်ဟု ဘဏ္ဍာစိုးက အစီရင်ခံသဖြင့် လူလွှတ်၍ သတ်ခိုင်းမိခဲ့ခြင်းဖြစ်လေသည်။
၎င်းက .... ထိုညီအစ်ကိုများအပေါ် အပြစ်ပုံချသည့် ထောင်ချောက်တစ်ခု ဖြစ်နေခဲ့သည်လား....
ပိုင်ကျန့်က သူ့နှုတ်ခမ်းထောင့်မှ သွေးများကို အကြမ်းပတမ်း သုတ်လိုက်ပြီး ဒေါသတကြီး ပြော၏။ “ကျွန်တော် လိမ်စရာမလိုပါဘူး စီနီယာ။ ဘဏ္ဍာစိုးရဲ့ အလိမ်စကားကြောင့်ပဲ ကျွန်တော်တို့ ဒုက္ခရောက်ခဲ့ရလို့ လိမ်တာကို ကျွန်တော်အရမ်းမုန်းပါတယ်။ ကျွန်တော်တို့ကို ဘဏ္ဍာစိုး ရှင်းပစ်နေချင်တဲ့အကြောင်းအရင်းက ကျွန်တော် ဒေါသထွက်ပြီး ပြောခဲ့တဲ့စကားတွေကြောင့် မဟုတ်ပါဘူး။ သူ့ရဲ့သမီးက ကျွန်တော့်ရဲ့ညီကို ကြိုက်နေခဲ့လို့ပါ။ သူ့သမီးက ချန်းချန်ဘုန်းကြီးကျောင်းက ရာထူးမြင့်တဲ့လူနဲ့ လက်ထပ်ရမှာလို့ ပြောခဲ့ပါတယ်။ ဟုတ်တယ်မလား မုပိုင်ကျီ”
ထိုအခိုက်အတန့်တွင် ခြံ၀န်းအတွင်းရှိ လူဒါဇင်ကျော်၏အကြည့်များက သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးအပေါ်သို့ ကျရောက်သွားလေသည်။ ထန်ရှုက သူတို့ကြည့်နေသည့် နေရာသို့ လှမ်းကြည့်လိုက်ရာ ကျက်သရေရှိစွာ လှပမြဲဖြစ်သော သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၏။
***