ကြီးစွာသော ဆုံးရှုံးမှုများကြောင့် စိတ်ထိခိုက်ခံစားရခြင်း
Vol. 61 Ch. 852
အေးစိမ့်လှသော လေပြင်းတစ်ချက်က မုပိုင်ကျီကို ကြက်သီးမွေးညင်းများ ထသွားစေ၏။ ခုနစ်မီတာအကွာရှိ ပိုင်ကျန့်နှင့် ပိုင်ပေါင်တို့ကို ကြည့်နေသော သူမ၏မျက်နှာအမူအရာမှာ ရှုပ်ထွေးနေချေသည်။
ယနေ့ညတွင် ချင်းချန်ဘုန်းကြီးကျောင်းသည် အဆုံးအရှုံးများစွာ တွေ့ကြုံခဲ့ရ၏။ သူမမှလွဲ၍ ဤသို့ ဖြစ်ရသောအကြောင်းအရင်းကို ဘယ်သူမှမသိချေ။ အကြောင်းအရင်းမှာ သူမကိုယ်တိုင်ပင် ဖြစ်၏။ အတိတ်ကဖြစ်ရပ်များက ရုပ်ရှင်တစ်ကားအလား သူမ၏မျက်၀န်းများတွင် ပေါ်လာလေရာ သူမခမျာ စိတ်ဖိစီးလာပြီး အသက်ကိုပင် ခက်ခဲစွာ ရှူနေရရှာသည်။
ခြံ၀န်းကို အုပ်မိုးထားသည့်အစီအရင်မှာ ထန်ရှု၊ ပိုင်ကျန့်နှင့်ပိုင်ပေါင်တို့၏ တိုက်ပွဲကြောင့် ပျက်စီးသွားခဲ့လေပြီ။ သို့ထိတိုင် ၎င်းက သူမအား တစ်စုံတစ်ခုကို သဘောပေါက်သွားစေခဲ့၏။ ဤနေ့ကား နောင်တွင် သူမအတွက် သေဆုံးခြင်းနှစ်ပတ်လည်ရက်တစ်ရက် ဖြစ်လာလိမ့်မည်။ ယခုတွင် ဤထူးဆန်းသောလူငယ်အား ချင်းချန်းဘုန်းကြီးကျောင်း၏လူများကို ကာကွယ်စောင့်ရှောက်ပေးရန် တောင်းဆိုရုံမှတစ်ပါး သူမ၌ ရွေးချယ်စရာမရှိတော့ချေ။
သူမက ရှေ့သို့ ခြေလှမ်းအနည်းငယ်တက်၍ ထန်ရှုအား ကြည့်လိုက်၏။ စောင့်ကြည့်နေကြသော အကြည့်များအောက်တွင် သူမသည် ထန်ရှုအား သုံးကြိမ်တိုင်တိုင် ဒူးထောက်အရိုအသေပေးသည်။ “စီနီယာ သူတို့ပြောတာတွေ အကုန် အမှန်ပါပဲ။ ဒီနေ့ဖြစ်ခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖြစ်ရပ်တွေက အတိတ်က စိုက်ပျိုးခဲ့တဲ့ သစ်ပင်ရဲ့ အသီးအပွင့်တွေပါ။ ကျွန်မအဖေရဲ့ အမှားတွေအတွက်ရော၊ သွေးကြွေးအတွက်ပါ ကျွန်မတာ၀န်ယူပြီး ကျွန်မဘ၀နဲ့ ပေးဆပ်ပါ့မယ်”
ချင်းချန်ဘုန်းကြီးကျောင်း၏ကျောင်းထိုင် လင်းတုန်မှာ တဆတ်ဆတ် တုန်ရီနေပြီး သူ၏မျက်၀န်းများ၌ မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။ ချင်းချန်ဘုန်းကြီးကျောင်း၏အခြားသူများကတော့ စိတ်ရှုပ်ထွေးကာ အာစေးမိနေကြပြီး မုပိုင်ကျီအား အထူးအဆန်း ကြည့်နေကြသည်။
တကယ်ကို....မှန်နေလေပြီ။ ထိုညီအစ်ကိုခြောက်ယောက်မှာ ချောက်တွန်းခံရသူများဖြစ်၏။ ချင်းချန်ဘုန်းကြီးကျောင်း၏လူတစ်ယောက်က ကြံစည်အကွက်ချခဲ့ခြင်း ဖြစ်လေသည်....
လင်းတုန်က မုပိုင်ကျီအရှေ့၌ ရပ်၍ ဒေါသတကြီး အော်လိုက်သည်။ “ဒါဆို ဒီညီအစ်ကို ခြောက်ယောက်ကို မင်းအဖေက ချောက်ချခဲ့တာပေါ့။ တကယ်ပဲ ချင်းချန်ဘုန်းကြီးကျောင်းက မှားသွားတာပေါ့”
“ဟုတ်ပါတယ်” မုပိုင်ကျီက ခံစားချက် ကင်းမဲ့စွာ ပြုံး၏။
လင်းတုန်မှာ အကြိမ်အနည်းငယ် ပင့်သက်ရှိုက်လိုက်ရပြီးနောက် ဒေါသတကြီး ကြိမ်းမောင်းတော့သည်။ “ဘာလို့ အမှန်တရားကို မပြောခဲ့တာလဲ။ ပြီးတော့ ငါတို့လူတွေ သာမန်လူခြောက်ယောက်ကို လိုက်သတ်ခဲ့တုန်းက ဘာလို့ ကြည့်ရုံပဲကြည့်နေခဲ့တာလဲ”
“ကျွန်မအဖေက သူ အဲ့အမှားကို ကျူးလွန်ခဲ့တုန်းက ကျွန်မကို အိမ်မှာ ပိတ်ထားခဲ့ပါတယ်။ သူ လွှတ်ပေးတဲ့အချိန်မှာမှ သိခဲ့ရတာပါ” မုပိုင်ကျီက ခေါင်းခါရမ်း၍ ပြောသည်။ “ကျောင်းထိုင် ကျွန်မအဖေ ဘယ်လိုပဲခြိမ်းခြောက်ခြိမ်းခြောက် ကျွန်မ ဒီနေ့အထိ လက်မထပ်ခဲ့ပါဘူး။ သူ စိတ်အေးလက်အေး သေနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် ကျွန်မလုံး၀ မလိုက်လျော့ခဲ့ဘူး။ အခု နားလည်ပါပြီလား။ ကျွန်မချစ်ရတဲ့ ယောက်ျားနဲ့အတူ ကျွန်မနှလုံးသားကလည်း သေဆုံးသွားခဲ့ပါပြီ။ ဆရာသုံးယောက်ရှေ့မှာ ကျွန်မအဖေရဲ့အပြစ်တွေ၊ အမှားတွေ ပေးဆပ်ဖို့အတွက် ကိုယ့်ကိုကိုယ် ကျိန်ဆဲရင်း ဒီနေ့အထိ အသက်ရှင်လာခဲ့တာပါ”
အဆောက်အဦးအမိုးပေါ်တွင် ရပ်နေသော ထန်ရှုက ဖြစ်ကြောင်းကုန်စင်ကို သိသည်နှင့် ခေါင်းခါရမ်းလိုက်၏။ ထို့နောက် သူက လက်ထောက်ကျောင်းထိုင် ၀မ်ရွှယ့်ကျုံးအား ကြည့်၍ ခပ်ဖွဖွ ပြောလေသည်။ “အရင်ဆုံး ကျွန်တော့်ကို ပိုးနီပန်းပေးလိုက်ပါ”
“ပိုးနီပန်းက အခု ကျွန်တော့်ဆီမှာ မရှိပါဘူး စီနီယာ။ အိမ်မှာ ထားထားပါတယ်” ၀မ်ရွှယ့်ကျုံးက အလျင်အမြန် ပြော၏။ “ခဏလေး စောင့်ပေးပါလား။ ကျွန်တော် အခုချက်ချင်း သွားယူလိုက်ပါ့မယ်”
ထန်ရှုက ခေါင်းညိတ်လိုက်သည်။ “အားဝူ မင်းတို့သုံးယောက် သူ့နောက် လိုက်သွားလိုက်”
“ဟုတ်ကဲ့” မိုအားဝူတို့သုံးယောက်က ဒဏ်ရာရထားသော ၀မ်ရွှယ့်ကျုံးအနောက်မှ လိုက်၍ ခပ်သွက်သွက် ထွက်ခွာသွားတော့သည်။
ထန်ရှုက ပိုင်ကျန့်နှင့်ပိုင်ပေါင်တို့ထံ အကြည့်လွှဲ၍ မေး၏။ “ဆိုတော့ အခု ဘာလုပ်မလဲ။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ”
ပိုင်ကျန့်နှင့် ပိုင်ပေါင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ပိုင်ကျန့်က ကျယ်လောင်စွာ ပြောလိုက်သည်။ “မုပိုင်ကျီ သေရမယ်။ သူ့ကို ကျွန်တော်တို့ညီလေးနဲ့အတူ မြုပ်နှံမယ်။ ဒါပေမဲ့ ကျုပ်တို့ လိုက်သတ်ဖို့ အမိန့်ပေးခဲ့တဲ့လူက ချင်းချန်ဘုန်းကြီးကျောင်းရဲ့ကျောင်းထိုင် လင်းတုန်ပဲ။ ဒါကြောင့် သူလည်း သေသင့်တယ်။ ကျွန်တော်တို့ညီအစ်ကိုတွေက လူကောင်းတွေဆိုပေမယ့် အကြွေးဆိုတာ ပြန်ဆပ်ရမှာပဲ။ သူတို့နှစ်ယောက် ကျွန်တော်တို့အရှေ့မှာ ကိုယ့်ကိုကိုယ် သတ်သေမယ်ဆိုရင် သွေးကြွေးကို ချေပေးမယ်”
“ငါ သဘောမတူဘူးဆိုရင်ရော” ထန်ရှုက အေးဆေးတည်ငြိမ်စွာ မေးသည်။
“စီနီယာ သဘောမတူရင် ကျုပ်တို့ ညီအစ်ကိုက အသက်ကိုရင်းပြီး အသေခံတိုက်ရမှာပဲ” ပိုင်ကျန့်က ပြတ်သားစွာ ဖြေသည်။ “ကျွန်တော်တို့ ဒီနေ့ဒီမှာ သေရမယ်ဆိုရင်တောင် ကျွန်တော်တို့ ညီလေးယောက်ကို စိတ်ပျက်စေမှာမဟုတ်ဘူး”
ထန်ရှုက သက်ပြင်းတစ်ချက်ရှုသွင်း၍ ဖြည်းညင်းစွာ ပြော၏။ “တစ်ယောက်ယောက်ဆီက ပစ္စည်းတစ်ခုခု ယူထားရင် သူတို့ရဲ့အခက်အခဲတွေကို ဖြေရှင်းပေးရမှာ သဘာ၀ပဲ။ ငါ အခု ပိုးနီပန်းကို ယူထားတာဆိုတော့ ချင်းချန်ကျောင်းရဲ့လူတွေကို ကာကွယ်ပေးရလိမ့်မယ်။ ဒါပေမဲ့ အခု မင်းတို့ မေးစရာရှိတယ်။ အမှန်အတိုင်းဖြေပါ”
“မေးပါ စီနီယာ” ပိုင်ကျန့်က လေးနက်တည်ကြည်စွာ ပြော၏။
“ရွှေခွက်အင်ပါယာဗီလာဖွင့်ပွဲရဲ့ ဟင်းလျာတွေထဲမှာ မူးယစ်နဂါးဆေးမှုန့်ထည့်ပြီး အဆိပ်ခတ်ဖို့ လူလွှတ်လိုက်တာ မင်းတို့လား”
ပိုင်ကျန့်မှာ မျက်နှာပျက်၍ အနည်းငယ်တုံ့ဆိုင်းသွားသော်လည်း သူက လေးနက်စွာ ဖြေ၏။ “ဟုတ်ပါတယ်။ ကျွန်တော်တို့ လူလွှတ်ခဲ့တာပါ”
“ဘာလို့လဲ။ ဟင်းပွဲကိုသာ စားမိရင် သေသွားမယ့် လူအရေအတွက်ကိုရော သိရဲ့လား” ထန်ရှုက မေးသည်။
“ဗီလာဖွင့်ပွဲကို ကျင်းပတဲ့ ၀မ်ရွှယ့်ကန်းက လက်ထောက်ကျောင်းထိုင် ၀မ်ရွှယ့်ကျုံးရဲ့ ညီဖြစ်ကြောင်း သိခဲ့ရပါတယ်။ ကျွန်တော်တို့ ကလဲ့စားချေနိုင်မယ့် အခွင့်အရေးကို အမိအရယူခဲ့တာပါ။ ၀မ်ရွှယ့်ကန်း သေသွားရင်ရပါပြီ။ ကျန်တဲ့လူတွေ သေသေ၊ ရှင်ရှင် ဂရုမစိုက်ပါဘူး”
“ကောင်းတယ်။ ကောင်းလိုက်တာ။ ကောင်းလိုက်တဲ့စကား...ဂရုမစိုက်ဘူးပေါ့ ဟုတ်လား” ထန်ရှုက ဒေါသတကြီး ပြော၏။ “မင်းတို့ ညီအစ်ကိုတွေက အားနည်းခဲ့လို့ သူများတွေ လိုက်သတ်တာ ခံခဲ့ရတယ်။ အခု မင်းတို့က သာမန်လူ ၁၀၀ နီးပါးကို အဆိပ်ခတ်သတ်ခဲ့ဖို့ ကြိုးစားတယ်။ ဒါဆို မင်းတို့ရဲ့အမြင်အတိုင်းဆိုရင် အားကြီးတဲ့လူတွေက အားနည်းတဲ့လူတွေရဲ့ သေခြင်းရှင်ခြင်းကို ခြယ်လှယ်လို့ရတယ်ပေါ့လေ...ဟက် ဒါဆို မင်းတို့ကို ဒီနေ့ အသက်ရှင်လျက် ထွက်သွားခွင့်မပေးနိုင်ဘူး”
ပိုင်ကျန့်၏မျက်နှာအမူအရာမှာ သိသိသာသာ ပျက်ယွင်းသွား၏။ သာမန်လူများအတွက်နှင့် ထန်ရှုသည် ဒေါသူပုန်ထသွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူက တခဏ တိတ်ဆိတ်နေပြီးနောက် မေး၏။ “စီနီယာ ကျွန်တော်တို့က ကျင့်ကြံသူတွေမဟုတ်လား။ သာမန်လူတွေက ကျွန်တော်တို့အတွက် ပုရွက်ဆိတ်လောက်တောင် အရေးမပါဘူး။ ပြီးတော့ စီနီယာက ဒီနိုင်ငံရဲ့အရာရှိလည်း မဟုတ်ဘူးလေ။ ဘာလို့ သူတို့ကို အရေးစိုက်နေရတာလဲ”
“ဟုတ်တယ်။ ငါတို့က ကျင့်ကြံသူတွေဆိုတာ မှန်တယ်။ ဒါပေမယ့် ငါ့မျက်လုံးထဲမှာ မင်းတို့ကလည်း ပုရွက်ဆိတ်ထက်မပိုဘူး” ထန်ရှုက နှာမှုတ်လိုက်သည်။ “ပြီးတော့ မင်းအထင်မှားနေတာတစ်ခု ရှိသေးတယ်။ ငါ့မှာ ဒီနိုင်ငံရဲ့ကိုယ်စား ပြောဆိုလုပ်ကိုင်နိုင်ပြီး နောက်မှ ရှင်းပြနိုင်ခွင့် ရှိတယ်”
သူ့အသံ ပျောက်ကွယ်သွားလျှင်ချင်း ထန်ရှုက လက်မြှောက်လိုက်ရာ ကောင်းကင်ထက်တွင် လျှပ်စီးတန်းများ ပေါ်လာ၏။ ထို့နောက် လျှပ်စီးမြွေကြီးတစ်ကောင်က ပိုင်ကျန့်နှင့်ပိုင်ပေါင်တို့ထံ ပြေး၀င်လာလေသည်။
“ငါ့တပည့်တွေကို အပြင်လူတွေ အနိုင်ကျင့်ခွင့်မရှိဘူး”
အဘိုးကြီးတစ်ယောက်၏အသံ ပေါ်ထွက်လာပြီး ပိုက်ကွန်နက်ကြီးတစ်ခုက အဝေးမှ ပြေး၀င်လာရင်း ခြံ၀န်းအား ဖုံးအုပ်လိုက်၏။ လျှပ်စီးတန်းများ ပိုက်ကွန်သို့ ထိမှန်သွားသည့်အခါ မီးစများအဖြစ် အရပ်လေးမျက်နှာသို့ လွင့်စင်သွားပြီး ပျောက်ကွယ်သွားတော့သည်။
ထို့နောက် ဆံပင်ရှည်များကို စုထုံးထားပြီး အစိမ်းရောင်၀တ်ရုံရှည်ကို ၀တ်ဆင်ထားသည့် အိုမင်းရွတ်တွနေသော အဘိုးကြီးတစ်ဦးကို မြင်လိုက်သည်။ သူသည် ဓားပျံတစ်လက်ကို စီးလာပြီး ထန်ရှုအရှေ့သို့ ရောက်သည်နှင့် အစိမ်းရောင်မြူများက သူ့ခန္ဓာကိုယ်မှ ထွက်လာကာ လူအားလုံးကို လွှမ်းခြုံသွားလေသည်။
“နဂါး ၁၀၀၀၀ အဆိပ်”
ထန်ရှု အစိမ်းရောင်မြူများကို မရှူမိအောင် အသက်အောင့်ထားချိန်တွင် အကြည်ရောင်အရည်တစ်စက်က သူ၏အရေပြားပေါ် ငြင်သာစွာ ကျလာသည်။ ၎င်းအရည်သည် သူ၏အ၀တ်များကို ဖောက်၍ ပြင်းထန်သော အားနှင့်အတူ သူ၏ခန္ဓာကိုယ်ထဲ စိမ့်၀င်သွား၏။ အသက်တစ်ရှိုက်အတွင်း ၎င်းကား ထန်ရှုကိုယ်ထဲတွင် ပျံ့နှံ့သွားလေပြီ။
“ဒါက...” အေးစိမ့်၍ အနံ့စူးရှသော အရည်က သူ့ခန္ဓာကိုယ်ထဲတွင် အဆက်မပြတ် ပျံ့နှံ့နေသည့်အတွက် ထန်ရှု မျက်နှာပျက်သွား၏။ ၎င်း၌ တိုက်စားနိုင်သည့်သက်ရောက်မှုလည်း ရှိနေရာ ထန်ရှုသည် သူ၏ခန္ဓာကိုယ် အေးခဲနေစဉ် အထဲမှ သူ၏အသွေးနှင့်အသာများမှာ တိုက်စားခံနေရသည့်အလား ခံစားနေရ၏။
အဘိုးအိုက ဟားတိုက်ရယ်ကာ ပြောသည်။ “နဂါး ၁၀၀၀၀ အဆိပ်က ငါ အာတိတ်သမုဒ္ဒရာမှာ သိမ်းဆည်းထားခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိတဲ့ ရေနဂါးရဲ့ အမြုတေပဲ။ အဲ့ဒါကို မြွေ ၉၉ ကောင်ရဲ့အဆိပ်နဲ့ ပေါင်းစည်းပြီး ၂ နှစ်တိတိ သန့်စင်ထားခဲ့တာ။ ရွှေအမြုတေအဆင့်နဲ့ အဲ့ဒီအောက်က ကျင့်ကြံသူတွေမှန်သမျှကို သေစေနိုင်တယ်။ မင်းက အခြေတည်ဝိညာဉ်အဆင့်မှာဆိုရင်တောင် မင်းရဲ့အားအင်တွေ ကုန်ခမ်းပြီး ဖြည်းဖြည်းချင်း သေသွားမှာပဲ”
မီးများ တဟုန်းဟုန်း တောက်နေသည့် အနက်ရောင်တောင်ဝှေးတစ်ချောင်းက အဘိုးအို၏လက်ထဲတွင် ပေါ်လာ၏။ ထို့နောက် ပတ်ပတ်လည်ရှိ အစိမ်းရောင်မြူများမှာ မီးများတောက်လောင်ကာ မီးပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ခန္ဓာကိုယ်အား မီးတောက်အလွှာများဖြင့် လွှမ်းမိုးခံထားရပြီး အနက်ရောင်တောင်ဝှေးက သူ့အား ရိုက်နှက်ရန် ချက်ချင်းအရှေ့၌ ပေါ်လာသဖြင့် ထန်ရှု၏သူငယ်အိမ်များ ကျုံ့၀င်သွားသည်။ ဤအဘိုးကြီးထံမှ ရရှိနေသော အရှိန်အဝါအရ သူသည် အနည်းဆုံး ရွှေအမြုတေအလယ်အလတ် ကျင့်ကြံခြင်းအဆင့်ရှိသည့် စွမ်းအားကြီးလူတစ်ယောက်ဖြစ်ပေသည်။
ဤအဘိုးကြီးကား ထန်ရှုအခုအချိန်ထိ ရင်ဆိုင်ခဲ့ဖူးသမျှထဲတွင် ကြောက်စရာအကောင်းဆုံး ကျွမ်းကျင်သူတစ်ယောက်ဖြစ်ချေသည်။
“သေစမ်း”
ဓားရှည်တစ်လက်က သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်သွားသည့် ဓားပုံရိပ်အလွှာများစွာကို ထုတ်လွှတ်ရင်း ထွက်ပေါ်လာ၏။ ထန်ရှု၏ဦးခေါင်းနှင့် ထိတော့မည့် အနက်ရောင်တောင်ဝှေးမှာ ချက်ချင်း အစိတ်အမွှာမွှာ ကျိုးပဲ့သွားသဖြင့် မီးစများ လွင့်စင်ထွက်သွားသည်။ ထိုစဉ် သွက်လက်ပြင်းထန်သော ဓားချီက လင်းခနဲ လက်သွားပြီး အဘိုးအို၏ရင်ဘတ်အား သွေးများပန်းထွက်နေသည့် ဒဏ်ရာများစွာဖြင့် ပြည့်နှက်သွားစေ၏။
“ဘာ..”
အဘိုးအို၏မျက်နှာကြီးမှာ သိသိသာသာ ပျက်ယွင်းသွားပြီး သူက အရပ်လေးမျက်နှာသို့ နေရာဆက်တိုက်ပြောင်းကာ နောက်ဆုတ်သွားတော့သည်။
ထန်ရှု၏ခန္ဓာကိုယ်မှာ အနည်းငယ် လှုပ်ရမ်းသွား၏။ အေးစက်သော ယင်စွမ်းအင်ပါရှိသည့် အဆိပ်မှာ သူ၏အတွင်းအင်္ဂါအားလုံးကို အေးခဲသွားစေခဲ့သော်လည်း သူ့ကို စိတ်လှုပ်ထွေးစေသည့်အချက်မှာ ၎င်းအဆိပ်က သူ၏နီ၀မ်နန်းတော်ဆီသို့ လျှပ်စီးအဟုန်ဖြင့် သွားနေသည့်အတွက်ကြောင့်ပင်။
ဦးနှောက်ကား မြေဆီလွှာကို ကိုယ်စားပြုသည့် နီ၀မ်ဖြစ်သည်။ ကျောက်ကပ်အဆီအနှစ်များကို သူ၏သွေးလွှတ်ကြောနှစ်ကြောမှတဆင့် ဖြတ်သွားသော မြေဒြပ်စင်ကား “အစေ့” ဖြစ်ပေသည်။ အသက်အဆီအနှစ်များက ဦးနှောက်အတွင်းရှိ နီ၀မ်ထဲသို့ စီး၀င်၏။ ၎င်းနေရာ၌ ယင်စွမ်းအင်အရာတစ်ခု ပေါက်ကွဲသွားခြင်းကြောင့် ချက်ချင်းဆိုသလို အပူလှိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ အပူနှင့်အအေးစွမ်းအင်များကို တစ်လှည့်စီပြောင်းလဲ ခံစားနေရသဖြင့် ထန်ရှုမှာ မေ့လဲသွားတော့သည်။
ဝုန်း....
ထန်ရှု တခဏ မေ့သွားသည့်အချိန်မှာပင် ပြင်းထန်လှသော လက်သီးချက်တစ်ချက်က သူ၏ရင်ဘတ်ကို တရစပ် ၀င်ဆောင့်လိုက်၏။ သွေးများ အဆတ်မပြတ်ပန်းထွက်သွားပြီး သူ့မှာ မီတာများစွာ လွင့်ထွက်သွား၍ နောက်ရှိ ရှေးဟောင်းအဆောက်အဦးအား အရှိန်အဟုန်ဖြင့် ၀င်တိုက်ကာ လဲကျသွားတော့သည်။
“ပြေးကြ”
ထန်ရှု အထိုးခံနေရသည်ကို မြင်သည်နှင့် ချင်းချန်ဘုန်းကြီးကျောင်း၏ရာထူးမြင့်အဖွဲ့၀င်များမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးကုန်ကြ၏။ ထန်ရှုသည် သူတို့ကို ကူညီပေးခဲ့သော်လည်း ယခုအခါ ပို၍အင်အားကြီးသော ရန်သူ ပေါ်လာချေပြီ။ ထိုလူက ပိုင်ကျန့်နှင့်ပိုင်ပေါင်တို့၏ဆရာသခင်လည်း ဖြစ်ချေသည်။ သူတို့၏ထန်ရှုကို ကူညီလိုစိတ်မှာ အားကောင်းလှသော်လည်း သူတို့လုပ်နိုင်စွမ်းကို ကောင်းကောင်းသိကြပေသည်။ ထန်ရှုကို ကူညီမှုများက အချည်းနှီးဖြစ်သွားနိုင်သည်သာမက သူတို့၏အသက်များကိုလည်း အလဟဿဆုံးရှုံးသွားရနိုင်သည်။
“မင်းတို့က ထွက်ပြေးချင်တယ်ပေါ့ အိပ်မက်ထဲမှာပဲရမယ်ကွ”
ပိုင်ကျန့်နှင့်ပိုင်ပေါင်၏တိုက်ခိုက်နိုင်စွမ်းမှာ ဒဏ်ရာများကြောင့် သုညအထိ လျော့ကျနေပြီးဖြစ်သော်လည်း သူတို့စွမ်းအားများ၏ ၅၀ - ၆၀ ရာခိုင်နှုန်းကို ထုတ်လွှတ်ပေးနိုင်သော တားမြစ်အတတ်တစ်ခုကို အသက်သွင်းလိုက်၏။ သို့ထိတိုင် ၎င်းစွမ်းအားက ချင်းချန်ဘုန်းကြီးကျောင်း၏အသက်ရှင်နေသေးသော အဖွဲ့၀င်များကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် လုံလောက်ပေသည်။
ဇွက်....
သို့သော် ဓားရှည်တစ်လက်က ချန်းချန်ဘုန်းကြီးကျောင်းအဖွဲ့၀င်တစ်ယောက်အား သတ်ရန်ပြင်နေသည့် ပိုင်ပေါင်၏ဘယ်ဘက်မှ ပြေး၀င်လာ၏။ ၎င်းက သူ၏ လည်ပင်းအား တိခနဲ ဖြတ်ကာ အသက်ထွက်သွားစေသည်။
“ခွေးကောင်”
ပိုင်ကျန့်၏မျက်လုံးများမှာ အမုန်းတရားများဖြင့် တဟုန်းဟုန်းတောက်လောင်နေ၏။ သူက ရန်သူကို မလိုက်တော့ဘဲ ပိုင်ပေါင်ထံ ပြေးသွားကာ သူ့ညီအား ဖက်လိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင် လူရိပ်နှစ်ခုက သူ့အရှေ့၌ ချက်ချင်း ပေါ်လာကြသည်။
“ပူးပေါင်းတိုက်ကွက်”
ဓားပုံရိပ်အလွှာများက ကြာပွင့်တစ်ပွင့်ပုံစံဖော်ဆောင်၍ သူ့အပေါ် ကျလာချေသည်။ ပိုင်ကျန့်က အလျင်အမြန် ခုခံလိုက်သော်လည်း သူ၏လက်များမှာ ဓားရောင်ခြည်တန်းများကြောင့် ကျိုးကြေကုန်၏။ ထို့နောက် အရိပ်တစ်ခုက သူ့နောက်၌ ပေါ်လာကာ သူ၏ကျောပြင်ကို အားကုန် ထိုးချလိုက်သည်။
ပိုင်ကျန့်မှာ သွေးများအန်လျက် နှလုံးသားအား ဖျက်ဆီးခံလိုက်ရလေပြီ။
***