ကမ္ဘာသစ်မိစ္ဆာပြိုင်ပွဲ
Vol. 29 Ch. 400
"သဘောတူတယ်" ဝူချိန်က အံတင်းတင်းကြိတ်ရင်း ပြောသည်။
သူက သူ့အစ်မကို ရှိသည်ဟုတောင်မထင်ဘဲ သူ့နဖူးကို ဖိလိုက်သည်။ ချက်ချင်းပင် သွေးစက်လုံးတစ်လုံးက သူ၏ပါးစပ်မှ ထွက်လာပြီး အနီရောင်သစ်ရွက်ပုံစံပြောင်းသွား၏။ သစ်ရွက်၏အကြောများမှာ သိသာထင်ရှားပြီး ထူးဆန်းသောအလင်းရောင်ကို ထုတ်လွှတ်နေသည်။ သစ်သားအမျိုးအစားချီက ၄င်းထံမှ မျောလွင့်လာသည်။ မန်ဟို ၄င်းကို မြင်လိုက်သည်နှင့် မျက်လုံးများ အရောင်လက်သွား၏။
"ဒါက သွေးဆက်နဲ့ တစ်ခုခုပတ်သက်မယ်ထင်တယ်..." သူက တွေးသည်။ "မဟုတ်ဘူး အဲ့ဒါက... ဒါ မဟုတ်သေးဘူး။ ဒါက အရာဝတ္ထုဆိုတော့ ခန္ဓာကိုယ်နဲ့ပေါင်းစည်းရမှာလား" သစ်ရွက်က ဝူချိန်ထံမှ မန်ဟို့ဆီသို့ ပျံသန်းလာသည်။
ဝူချိန့်အစ်မ၏မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားပြီး သူမက ရှေ့တစ်လှမ်းတက်လိုက်သည်။
"မမ ဒါက ငါ့ဆုံးဖြတ်ချက်နော်" ဝူချိန်က အံတင်းတင်းကြိတ်ရင်း ပြောသည်။
သူ့အစ်မက သူ့ကို လှမ်းကြည့်သည်။ မောင်ဖြစ်သူ၏မျက်နှာလေးကို ကြည့်ရင်း သူမမှာ မောင်နှမနှစ်ယောက် သည်းခံခဲ့ရသည့် ဆင်းရဲဒုက္ခအလုံးစုံကို တွေးလိုက်မိ၏။ နောက်ဆုံးတွင်တော့ သူမသည် သက်ပြင်းခိုးချပြီး မျက်စိမှိတ်လိုက်သည်။
သစ်ရွက်သည် မန်ဟို့အရှေ့တွင် ပျံဝဲနေ၏။ သူလှမ်းထိလိုက်ရာတွင် သစ်ရွက်ပျောက်ကွယ်သွားသည်။ ၄င်းသည် အနီရောင်အခိုးအငွေ့အသွင်နှင့် သူ၏လက်ထဲသို့ စိမ့်ဝင် ရောက်လာပြီးနောက် သူ့ ခေါင်းထဲ၌ ပုံရိပ်တစ်ခုပေါ်လာသည်။
ပုံရိပ်တွင် သစ်ရွက်အား သူ၏ကိုယ်အတွင်း၌ အတည်တကျစိုက်ပျိုးရန် လိုအပ်သော နည်းလမ်းကို ဖော်ပြထားသည်။ ဖော်ပြချက်မှာ အလွန်အသေးစိတ်ပြီး လျှို့ဝှက်မှော်အတတ်ဟုပင် သတ်မှတ်နိုင်သည်။ သွေးဆက်သုံးဆက်မှ ဆင်းသက်လာသူမဟုတ်ပါက ၄င်းအား ဘယ်တော့မှ အဖြေဖော်နိုင်မည်မဟုတ်ပေ။
အချိန်အတော်လေးကြာသော် မန်ဟို့၏မျက်လုံးများ တောက်ပလာပြီး သူက ခေါင်းညိတ်ရင်း ထရပ်လိုက်သည်။
"ဟုတ်ပြီ သွားစို့"
ဝူချိန်က အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် ထရပ်ကာ မန်ဟို့ကို အလေးအနက် အရိုအသေပေးလိုက်သည်။ မျိုးနွယ်စု၏ လျှို့ဝှက်မှော်အတတ်အား ပေးရခြင်းမှာ အလွန်များပြားသောအဖိုးအခ ဖြစ်သည်။ မန်ဟိုသာ ရုတ်တရက် စိတ်ပြောင်းပြီး သူ့ကို မကူညီတော့လျှင် ဘာဖြစ်မည်လဲ ဝူချိန် တွေးပင် မတွေးကြည့်ရဲပေ။
ဝူချိန်အတွက် ဤအရာအားလုံးမှာ ... လောင်းကြေးအကြီးစားကြီး ဖြစ်၏။
ဤသို့စွန့်စားဖို့အတွက် သူ့မှာ အရာအားလုံးကို ဖိနှိပ်ချိုးနှိမ်ပြီး အစွမ်းကုန်ထုတ်ရန် လိုအပ်ခဲ့လေသည်။
"စီနီယာကြီး ဒါက ကျွန်တော့် အစ်မ ဝူလင်းပါ" အမှန်တော့ ဝူချိန်မှာ လောလောဆယ်တွင် သူမကို ကြည့်ပင် မကြည့်ရဲပေ။
ဝူလင်းက မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်ပြီးနောက် တစ်လုံးချင်းပြောသည်။ "ဝူချိန်က မျိုးနွယ်စုရဲ့စည်းကမ်းကို ချိုးဖောက်ပြီး နင့်ကို ဒီလျှို့ဝှက်မှော်အတတ် ပေးခဲ့တာနော်။ နင် သူ့ကို တစ်နည်းနည်းနဲ့ လှည့်စားရင် ငါ ဝူလင်း မျိုးနွယ်အရုပ်ကို တိုင်တည်ပြီး ကျိန်ဆိုတယ် နင်မသေမချင်း ငါအနားမယူဘူး" သူမသည် ဝူချိန် အလှည့်ဖြားခံရသည်ဟု တထစ်ချ ယုံကြည်နေဆဲဖြစ်ပြီး မန်ဟို့ကို သတ်ဖြတ်လိုစိတ်များအား ထုတ်ဖော်ထားသည်။
သူမ၏အမြင်တွင် မန်ဟို၏ မကောင်းသောရည်ရွယ်ချက်များမှာ လျှို့ဝှက်မှော်အတတ်ကို လိုချင်ကြောင်း ဖော်ပြလိုက်ကတည်းက ပေါ်လွင်နေပြီးဖြစ်သည်။ ယင်းကဲ့သို့ လူများမှာ အသက်မရှင်သင့်ပေ။ ထို့အပြင် ဝူချိန်ထံမှ ပညာရပ်အား ရရှိခဲ့သည်ဟူသော သတင်းသာ ထွက်သွားပါက သွေးဆက်သုံးဆက်မှ ဆင်းသက်လာသူ ဖြစ်လင့်ကစား ဝူချိန်အနေဖြင့် ပြစ်ဒဏ်မှ ကင်းလွတ်မည်မဟုတ်။
စောစောက သူမ သူ့ကို မတားခဲ့ရသည့်အကြောင်းရင်းမှာ သူ၏မာနနှင့် ယုံကြည်မှုကို ကာကွယ်လို၍ဖြစ်သည်။ သို့သော် စိတ်ထဲတွင်တော့ မန်ဟို့ကို မည်သို့နှုတ်ပိတ်ရမည်လဲ အသည်းအသန် စဥ်းစားနေလေပြီ။
"အပြစ်တင်ချင်ရင်" သူမက တွေးသည်။ "လောဘကြီးတဲ့ နင့်ကိုယ်နင်ပဲ အပြစ်တင်" သူမက သူ့ကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်သည်။ သူမစိတ်ထဲတွင် သူသည် သေပြီးသားလူဖြစ်၏။
မန်ဟိုက နှုတ်ခမ်းကွေးရုံသာ ပြုံးလိုက်ပြီး ဘာမှပြန်မ ပြောပေ။ သူသည် ကျောနောက်လက်ပစ်ရင်း လမ်းလျှောက်ထွက်သွား၏။ သူထိုသို့ထွက်သွားစဥ် သစ်စိမ်းဝံပုလွေငါးကောင်က ပျင်းရိပျင်းတွဲထပြီး သူ့နောက်လိုက်သွားကြသည်။
ဝူချိန်က ရှေ့မှဦးဆောင်သွား၏။ ဝူလင်းမှာမူ မန်ဟို သူမအား အဖက်မလုပ်သည်ကို မြင်သော် အေးစက်စက် နှာမှုတ်လိုက်သည်။ သူမလည်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် လိုက်သွားလေသည်။
နောက်ဆုံးတွင် သူတို့သုံးယောက်သား အဆင့် (၃) မိစ္ဆာသားရဲသခင်ရွှေမု၏ ခြံရှေ့မှ ဖြတ်သွား ကြသည်။ ထိုအခိုက်တွင် ဝူလင်းက ဝူချိန်ကို လှမ်းခေါ်၍ ခြံထဲဝင်သွားသည်။ အချိန်အနည်းငယ်ကြာသော် သူမသည် အဘိုးကြီးတစ်ယောက်နှင့်အတူ ထွက်လာ၏။
အဘိုးကြီးမှာ မောက်မာသောအသွင်ရှိသည်။ ဤလူသည် ကမ္ဘာသစ်မိစ္ဆာများအား မည်ကဲ့သို့ မွေးမြူထိန်းကျောင်းရမည်လဲဆိုသည်နှင့် စပ်လျဥ်း၍ မန်ဟို့ကို သင်ကြားပေးခဲ့သောလူကြီးပင် ဖြစ်သည်။ သူက ဤခြံတစ်ကြော၌ အတော်လေးနာမည်ကြီးပြီး ကမ္ဘာသစ်မိစ္ဆာထိန်းအားလုံး၏ တာဝန်ခံဆိုလည်းဟုတ်သည်။ မှန်ပါသည်၊ ထိုလူကား အဆင့် (၃) မိစ္ဆာသားရဲသခင်ရွှေမု ဖြစ်သည်။
အစိမ်းရောင်တောက်နေသော မြွေက သူ၏ပခုံးအပေါ်တွင် ရစ်ပတ်နေသည်။ ၄င်းမှာ သလင်းကျောက်မှ ဖန်တီးခံထားရသည့်အလားပင်။ သို့သော် ၄င်း၏ လျှာနှစ်ခွက ထွက်လိုက်ဝင်လိုက်ဖြစ်နေပြီး မျက်လုံးများမှာ အေးစက်စွာ တောက်ပနေလေ၏။
"ကျေးဇူးအများကြီးတင်ပါတယ် မဟာအကြီးအကဲရွှေမု။ ကျွန်မ ဝူလင်း ဒီကြင်နာမှုကို တစ်သက်မမေ့ပါဘူး" လေးစားကြည်ညိုသောအမူအရာက ဝူလင်း၏မျက်နှာကို ဖုံးလွှမ်းသွားသည်။ သူမသည် မြင့်မြတ်သောသွေးဆက်သုံးဆက်မှ ဆင်းသက်လာသူဖြစ်သော်လည်း အဆင့် (၃) မိစ္ဆာသားရဲသခင်တစ်ယောက်ကိုတော့ မလေးမခန့်မလုပ်ရဲပေ။ ထိုမျှသာမက သူမမှာ ဝူချိန့်အတွက် သူဆီမှ အကူအညီလေးရရန် ငွေအ မြောက်အမြား အကုန်အကျခံခဲ့ရလေသည်။
အဘိုးကြီး ခွန်းတုံ့ပြန်လိုက်စဥ် သူ၏မျက်နှာပေါ်က မောက်မာဝင့်ကြွားမှုမှာ သိသာထင်ရှားနေသည်။ "အမိန့်ဆွဲပြားနဲ့ လာတာရယ်၊ ငါမင်းအပေါ် အကြွေးတင်နေတာရယ်ကို ထည့်စဥ်းစားပြီးတော့ ကူညီပေးပါ့မယ်။ ဒါပေမဲ့ ဒီတစ်ခါပဲနော်။ နောက်တစ်ခါရှိလာမယ် မထင်နဲ့။ ပြီးတော့ အရှုံးအနိုင်နဲ့ပတ်သက်ပြီး အာမ,မခံနိုင်ဘူး"
အဘိုးကြီးရွှေမု၏ အကြည့်က ရုတ်တရက် မန်ဟို့အပေါ်ကျရောက်လာပြီး အလိုမကျဖြစ်သွားပုံရသည်။ ထို့ နောက် သူသည် မန်ဟို့၏ သစ်စိမ်းဝံပုလွေငါးကောင်ကို ကြည့်ပြီး မျက်ဝန်းများတောက်ပသွား၏။ ဤသည်မှာ ၄င်းတို့ကို သူပထမဆုံးအကြိမ် မြင်ဖူးခြင်းမဟုတ်ပေ။ ဟိုအရင်ကတည်းက ၄င်းတို့ သာမန်နှင့်မတူသည်ကို သတိထားမိခဲ့ပြီးဖြစ်လေသည်။ သို့သော်လည်း ဤသစ်စိမ်းဝံပုလွေများမှာ သူ၏အရေးစိုက်ခြင်းခံရရန် မလုံလောက်သေးပေ။
ရွှေမုက ဝူလင်းကို လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။ "သူက ဒီမှာ ဘာလုပ်နေတာလဲ"
ဝမ်လင်း ဘာဖြေရမှန်းမသိ ဖြစ်သွား၏။ "မောင်လေးက သူ့ကို ဖိတ်ထားတာပါ" သူမက နူးညံပျော့ပျောင်းစွာ ပြောသည်။ "မဟာအကြီးအကဲရွှေမု ...."
ရွှေမု၏ အလိုမကျမှုတို့က ပို၍ပင် သိသာလာပြီး သူက အေးစက်စက်နှာမှုတ်လိုက်သည်။ "တခြားတစ်ယောက်ကို ဖိတ်ထားတယ်ဆိုမှတော့ ကျုပ်ကို ဘယ်လိုအပ်တော့မလဲ" သူက သုန်မှုန်စွာဖြင့် အင်္ကျီလက်စခါပြီး ခြံထဲပြန်လျှောက်သွားသည်။ သူ့လို မိစ္ဆာသားရဲသခင်တစ်ဦးအတွက် ဘာမှမဟုတ်သော ကမ္ဘာသစ်မိစ္ဆာထိန်းလေးတစ်ယောက်နှင့် အလုပ်တွဲလုပ်ရန်မှာ စိတ်ကူးထဲပင် မဖြစ်နိုင်ပေ။
မန်ဟို၏မျက်လုံးများသည် ရွှေမုထွက်သွားသည်ကို ကြည့်ရင်း မဆိုစလောက်လေး အရောင်လဲ့သွား၏။ သူက ဘာမှမပြောဘဲ ဝူချိန်နှင့်ဝူလင်းတို့နှစ်ယောက် အခြေအနေကို မည်သို့ကိုင်တွယ်မည်လဲ စောင့်ကြည့်နေသည်။
ဝူလင်းမှာ အမှန်တကယ် စိုးရိမ်လာတော့သည်။ မဟာအကြီးအကဲရွှေမု၏ အကူအညီရရှိအောင် သူမအားထုတ်ခဲ့ရသည်ကား နည်းနည်းနောနောမဟုတ်ပေ။ သူမသည် မန်ဟို့ကို မုန်းမုန်းတီးတီးစိုက်ကြည့်ပြီးနောက် တောင်းပန်နေသောမျက်နှာလေးနှင့် ရွှေမုအနောက်သို့ လိုက်သွားသည်။ သူမမှာ စကားများတတွတ်တွတ်ပြောရင်း သူ့အား ပြန်လာရန် စည်းရုံးနေသည်။ နောက်ဆုံးတွင် သူမသည် သွားလှလှလေးများကို တင်းတင်းစေ့ပြီး ငွေပိုပေးလိုက်သည်။ ထိုအခါမှ ရွှေမုက အင်တင်တင်နှင့် ခေါင်းညိတ်ပြီး ပြန်လိုက်လာကာ မန်ဟို့ကို တစ်ချက်ပင် မကြည့်ဘဲ ဘေးမှ ဖြတ်လျှောက်သွားသည်။
ဝူလင်းမှာ ဟင်းခနဲ သက်ပြင်းချလိုက်လေသည်။ သို့သော်လည်း သူမရင်ထဲတွင် ခံစားနေရသည့်ခါးသီးမှုမှာ ပို၍ပင်ဆိုးဝါးသွား၏။ သူမက ဝူချိန်ကို အဓိပ္ပါယ်ပါပါနှင့် တစ်ချက်ကြည့်ပြီးနောက် ခေါင်းကို ဖြေးညင်းစွာ ခါရမ်းလိုက်သည်။ သူမစကားကို အစကတည်းက နားမထောင်ခဲ့သည်မှာ ဝူချိန် အမှားကြီးမှားနေပြီဟု သူမ အမှန်တကယ် ခံစားနေရပြီး စိ တ်ပျက်နေတော့သည်။
ဝူလင်းက သက်ပြင်းချရင်း မဟာအကြီးအကဲရွှေမု လမ်းလျှောက်ထွက်သွားသည့်နောက်ကို လိုက်သွားသည်။ မန်ဟိုကလည်း မထူးခြားသလို ပြုံးရင်း နောက်မှလိုက်သွား၏။ သူတို့ လေးယောက်သား ကမ္ဘာသစ်မိစ္ဆာထိန်းစီရင်စုမှ ထွက်ခွာလာပြီး တောင်ပေါ်ရှိ ရင်ပြင်ထံသို့ တက်သွားကြသည်။ ရင်ပြင်၏မျက်နှာပြင်တွင် ချောမွတ်သော နှမ်းဖတ်ကျောက်များ ခင်းထား၏။
မန်ဟိုက လမ်းလျှောက်ရင်းနှင့် ဘေးဘီဝဲယာကို ကြည့်ရှုနေပြီး ဝူချိန်မှာတော့ အတွေးထဲ နစ်မြောနေသည်။ ဝူလင်းက သစ်ကိုင်းတစ်ကိုင်း ထုတ်ပြီး အရှေ့တွင် ဝှေ့ယမ်းလိုက်သည်။ အစိမ်းရောင်အလင်းတန်းတစ်တန်းက ကောင်းကင်သို့ ထိုးတက်ပြီး မီးရှူးမီးပန်းသဖွယ် ပေါက်ကွဲသွား၏။
ဖြစ်ပေါ်လာသော ပေါက်ကွဲမှုက ဝူချိန်ကို စိတ်နှင့်ကိုယ် ပြန်ကပ်သွားစေသည်။ သူက အသက်ပြင်းပြင်းရှူသွင်းပြီး အပေါ်မော့ကြည့်လိုက်သည်။ ချက်ချင်းပင် တောင်ပေါ်ရှိ အိမ်ဆယ်လုံးမှ အလင်းတန်းဆယ်တန်း ရွှီးခနဲထွက်လာသည်။ အချိန်အနည်းငယ်ကြာသော် လူဆယ်ယောက်ပေါ်လာ၏။ အခြားကျီးကင်းထောက်မျိုးနွယ်ဝင်များလည်း တောင်အောက်မှ တက်လာကြသည်။ ဝူချိန်သည် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် မန်ဟို့ကို လှည့်ကြည့်သည်။ သူက လက်နှစ်ဖက်ယှဥ်ပြီး ခါးကိုင်းအရိုအသေပေးသည်။
"မဟာအကြီးအကဲ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါ"
မန်ဟိုက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူ၏ ဝူချိန်အပေါ်အထင်ကြီးမှုမှာ ကြီးထွားလာလေပြီ။ ဤလူငယ်လေးမှာ အတန်ငယ် စိတ်လိုက်မာန်ပါလုပ်တတ်သော်လည်း သူ၏ခိုင်မာပြတ်သားမှုနှင့် ဇွဲလုံ့လမှာ လေးစားစရာကောင်းလေသည်။
လူအများ တဖွဲဖွဲရောက်ရှိလာကြသည်။ အရင်ရောက်လာသည့်အဖွဲ့မှာ စောစောက ဆယ်ယောက်အဖွဲ့ဖြစ်၏။
သူတို့ထဲတွင် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အဘိုးကြီးတစ်ယောက်ပါသည်။ သူ၏အဖြူရောင်ဆံနွယ်များက လေတွင် မျောလွင့်နေပြီး သူ၏ခန္ဓာကိုယ်မှာ ဆေးမင်ကြောင်များ ဖုံးနေ၏။ ဆေးမင်ကြောင်တစ်ခုကား သစ်ပင်ပုံစံဖြစ်သည်။
သူသည် အဖွဲ့ထဲ၌ အစွမ်းထက်ဆုံးဖြစ်ပုံရပြီး ကျန်အဖွဲ့သားများက သိပ်သည်းထူထပ်သော အရုပ်စွမ်းအားများကို ထုတ်လွှတ်နေသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံမှာ တမူထူးခြားပြီး အများစုက အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်အနားတစ်ဝိုက်၌ ဖြစ်ကြသည်။
အဘိုးကြီးကမူ အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်နှင့်ညီမျှသော စွမ်းအားကို ထုတ်လွှတ်နေသည်။
အဘိုးကြီး၏ဘေးတွင်တော့ မီးခိုးရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူတစ်ယောက်က ပြုံးလျက်ရပ်နေသည်။ သူသည် အဘိုးကြီးထက် မဆိုစလောက်လေး အားနည်းပုံရ၏။ သူ၏စွမ်းအားမှာ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်နှင့်တူသယောင်ရှိ၏။
ဝူလင်းက ရှေ့သို့လျှောက်သွားပြီး အဘိုးကြီးကို လက်ယှက်နှုတ်ဆက်သည်။ " မြင့်မြတ်သော သွေးဆက်သုံးဆက်မှ ဆင်းသက်လာသူ၊ ဝူလင်း မြေနတ်ဆရာကြီးကို အရိုအသေပေးပါတယ်။ ခေါင်းကိုင်ဖခင်က ဒီသုံးရက်တာကာလအတွင်း ဘယ်အချိန်မဆို ကျွန်မမောင်လေး ဝူချိန်အနေနဲ့ ကမ္ဘာသစ်မိစ္ဆာပြိုင်ပွဲကို ဝူအာလီနဲ့ ဆင်နွှဲနိုင်ပါတယ်လို့ မိန့်ကြားထားပါတယ်။ အနိုင်ရသူဟာ အရုပ်ဆွဲပြားကို ရရှိမှာပါ"
ရွှေမုသည် အဘိုးကြီးကို လက်ယှက်အရိုအသေပေးကာ မာန်တက်နေသောအသွင်ဖြင့် သူမဘေးတွင် ရပ်လိုက်သည်။
ဝူချိန်က ခေါင်းငုံ့လျက် လျှောက်သွားပြီး ဝူလင်းဘေးတွင် ရပ်လိုက်သည်။ သူ့မှာ စိတ်လှုပ်ရှားနေပုံရလေသည်။
အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်အဘိုးကြီးမှာ ကျီးကင်းထောက်မျိုးနွယ်စု၏ နတ်ဆရာကြီးနှစ်ယောက်အနက် များသောအားဖြင့် မျိုးနွယ်စု၏ကိစ္စရေးရာများကို ကိုင်တွယ်ရင်း အချိန်ကုန်ဆုံးတတ်သည့် မြေနတ်ဆရာကြီးဖြစ်သည်။ သူသည် ဝူလင်းကိုတစ်လှည့်၊ ဝူချိန်ကိုတစ်လှည့် ကြည့်ပြီး နောက် သက်ပြင်းချလိုက်သည်။ သူ့မှာ သူတို့နှစ်ယောက်အတွက် အတော်လေး စိတ်မကောင်းဖြစ်မိလေသည်။ သို့ရာတွင် ခေါင်းကိုင်ဖခင်၏ မည်သည့်ဆုံးဖြတ်ချက်ကိုမဆို လွန်ဆန်၍မရပေ။ မြေနတ်ဆရာကြီးအနေဖြင့်လည်း အသက်တမျှအရေးမကြီးသရွေ့ သူနှင့်ဘယ်တော့မှ ငြင်းခုံမည်မဟုတ်။ သူသည် ခေါင်းတညိတ်ညိတ် လုပ်ပြီးနောက် မန်ဟို့ကို လှမ်းကြည့်သည်။ သူ့အနောက်ရှိ သစ်စိမ်းဝံပုလွေများကို မြင်သော် သူ၏မျက်လုံးများလက်သွား၏။ သို့သော် သူက ဘာမှ မပြောဘဲ ရွှေမုဘက်လှည့်လိုက်သည်။
"အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိစ္ဆာသားရဲသခင်ရွှေမု"
ဤအခြင်းအရာကို ကြားသော် ရွှေမု ရုတ်တရုတ် စိတ်လှုပ်ရှားသွား၏။ သူက ကပျာကယာ လက်ယှက်၍ ခေါင်းငုံအရိုအသေပေးလိုက်သည်။
"မြင့်မြတ်သောသွေးဆက်သုံးဆက်က ဆင်းသက်လာသူတွေကို ကူညီခွင့်ရတာက ကျုပ်လို အညတရလူလေးတစ်ယောက်အတွက် ဂုဏ်ယူစရာတစ်ခုပါ"
ဤကဲ့သို့ စကားများဖလှယ်နေကြစဥ် ဆယ် ယောက်အဖွဲ့မှကျန်လူများ ရောက်လာကြသည်။ သူတို့ထဲက တစ်ယောက်သည် ဝူချိန်နှင့်ဆင်တူ အဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်သည်။ သူသည် ချောမောသောရုပ်ရည်သွင်ပြင်နှင့် ထောင်ထောင်မောင်းမောင်းဖြစ်ပြီး အတော် လေး မာနကြီးသောပုံစံရှိသည်။ သူချဥ်းကပ်လာစဥ် ဝူချိန်၏မျက်လုံးများမှ ထုတ်လွှတ်နေသော အေးစက်မှုကို မန်ဟို အာရုံရလိုက်သည်။
ဤအသစ်ရောက်ရှိလာသောလူငယ်က အေးစက်စက်နှာမှုတ်ပြီး ပြောသည်။ "ဝူချိန် အဲ့ဒီအရုပ်ဆွဲပြားက ငါ ဝူအာလီရဲ့အပိုင်ပဲ။ဒါပေမယ့် ခေါင်းကိုင်ဖခင်ကိုယ်တိုင် အမိန့်ထုတ်ထားတော့လဲ မင်းကိုအနိုင်ယူပြီး ဒီအရှုပ်ထုပ်ကို တစ်ခါတည်းရှင်းဖို့ အချိန်ကျပြီ" သူက ဤကဲ့သို့ပြောပြီးနောက် လက်ယှက်ပြီး မြေနတ်ဆရာကြီးနှင့်အတူ သူ့ဘေး၌ရပ်နေသော သက်လတ်ပိုင်းလူကို အရိုအသေပေးလိုက်သည်။
သက်လတ်ပိုင်းလူက အသိအမှန်ပြုဟန်ဖြင့် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူသည် နတ်ဆရာကြီးများထက် တစ်ဆင့်နိမ့်သော အကြီးအကဲ ဖြစ်သော်လည်း အရေးပါသောပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူက ဝူအာလီနှင့် သွေးဆက်တစ်ဆက်တည်းက အစွမ်းထက်ပညာရှင်လည်း ဖြစ်လေသည်။ ဝူအာလီ မကြာသေးမီက အလွန်ရန်လိုလာပြီး ဝူချိန့်အပိုင် အရုပ်ဆွဲပြားကို မောင်ပိုင်စီးရန် ကြိုးစားခဲ့သည့်အကြောင်းရင်းမှာ သူ့ကြောင့်ပင် ။
ဤအခိုက်အတန့်တွင် တောင် အောက်မှ ကျီးကင်းထောက်မျိုးနွယ်ဝင်များ ရောက်လာကြသည်။ သူတို့က ရင်ပြင်၏ပတ်ပတ်လည်တွင် အသီးသီး နေရာယူလိုက်ကြ၏။
ဝူချိန်မှာ စိတ်လှုပ်ရှားနေသည်။ သူက ဝူအာလီကို လှမ်းကြည့်ရင်း အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ သို့သော် သူစကားပြောတော့မည့်အချိန် ဝူအာလီက အေးစက်စက်နှာမှုတ်၍ လက်ကို ဝှေ့ယမ်းလိုက်လေသည်။ ခပ်စူးစူးအော်မြည်သံများနှင့်အတူ အစိမ်းရောင်အလင်းတစ်ခု ထွက်လာပြီး လေလယ်တွင် ဝဲပျံနေ၏။
ရုတ်တရက် အလင်းက လှုပ်ရှားနေရာမှ ရပ်ပြီး လူ့လက်မောင်းအရွယ် အစိမ်းရောင်လင်းနို့တစ်ကောင် အသွင်ပြောင်းသွားသည်။ ၄င်းတွင် ချွန်ထက်နေသော အစွန်များရှိပြီး ၄င်း၏မျက်လုံးများသည် အေးစက်သောအလင်းရောင်ဖြင့် တောက်ပနေ၏။ မည်သည့်ရှုထောင့်ကကြည့်ကြည့် ၄င်းအသွင်မှာ ရက်စက်ကြမ်းကြုတ်နေ၍ စောင့်ကြည့်နေသူအားလုံး၏မျက်လုံးများကို တောက်ပသွားစေသည်။
"ဒါက ငါ့ရဲ့ အဆင့်(၂)ကမ္ဘာသစ်မိစ္ဆာ သစ်စိမ်းလင်းနို့ပဲ" ဝူအာလီက အထက်စီးဆန်စွာ ပြောသည်။ "ဝူချိန် မင်းရဲ့ကမ္ဘာသစ်မိစ္ဆာကို ထုတ်လိုက်။ မင်းမှာမရှိရင်တော့ မင်းရဲ့မိစ္ဆာသားရဲသခင်ကို ကူညီပေးဖို့ တောင်းဆိုလိုက်ပေါ့"
***