အသေသတ်ခြင်း
Vol. 29 Ch. 401
စကားပြောသံများ ချက်ချင်း ဆူညံသွားသည်။
"သစ်စိမ်းလင်းနို့၊ သစ်စိမ်းအရုပ်သုံးရုပ်ထဲမှာ ပိုပြီးအစွမ်းထက်တဲ့ဟာဆိုပြီး မရှိဘူး။အရေးအကြီးဆုံးက ကျင့်ကြံသူနဲ့ ကမ္ဘာသစ်မိစ္ဆာအကြားက သံယောဇဥ်ပဲ။ ငါ့အမြင်အရတော့ ဝူအာလီက သူ့မျိုးဆက်က ဘယ်သူမဆိုထက် အလားအလာပိုရှိတယ်။ သူ့ရဲ့သစ်စိမ်းဝံပုလွေကိုလည်း အဆင့်(၅) မိစ္ဆာသားရဲသခင်မိုဖန်းကိုယ်တိုင် မွေးမြူထိန်းကျောင်းပေးထားတာမလား"
"ငါလည်း ဝူအာလီကို သတိထားမိတယ်။ သာမန်မျိုးနွယ်ဝင်ဆို သစ်ရွက်စိမ်းအရုပ်တွေကိုပဲ ရရှိနိုင်ပေမယ့် မြင့်မြတ်သော သွေးဆက်သုံးဆက်ကတော့ အထူးအရုပ်တွေ ဖြစ်တဲ့ သစ်စိမ်းဝံပုလွေ၊ သစ်စိမ်းလင်းနို့နဲ့ သစ်စိမ်း မြွေအရုပ်တွေကို ရယူပိုင်ခွင့်ရှိတယ်။ ခေါင်းကိုင်ဖခင်နဲ့ နတ်ဆရာကြီးတွေက အဲ့ဒီအရုပ်သုံးရုပ်လုံးကို ဘိုးဘေးသစ်ပင်အရုပ်အဖြစ် ပေါင်းစည်းပေးနိုင်တယ်။ ငါကြည့်ရတာတော့ ဝူအာလီက ရွေးချယ်ခံဖြစ်သွားတော့မယ်ထင်တယ်"
"နတ်ဆရာကြီးတွေကိုတော့ ပြောစရာတောင်မလိုဘူး။ သူတို့က ဘာအရိပ်အယောင်မှမပြဘဲ ပေါ်လာကြတာ။ နတ်ဆရာကြီးတစ်ယောက်သေရင် သူ့ရဲ့အသိစိ တ်က ပြန်လည်မွေးဖွားဖို့အတွက် ဘိုးဘေး ကြီးသစ်စိမ်းဆီ ပြန်ရောက်သွားတယ်။ ဘယ်လိုနေနေ အဲ့ဒီသစ်စိမ်းလင်းနို့က တကယ့်ကို သာမန်မဟုတ်ဘူး။ အဆင့်(၅)မိစ္ဆာသားရဲသခင် ပျိုးထောင်ပေးလိုက်တဲ့ ဘယ်ကမ္ဘာသစ်မိစ္ဆာမဆို သူအဆင့်နဲ့သူ သေချာပေါက် အစွမ်းထက်ဆုံးဖြစ်မှာပဲ။ အဲ့ဒီထက်ပိုအစွမ်းထက်နိုင်တာကတော့ မိုဖန်းအဖေမွေးထားတဲ့ အကောင်တွေပဲဖြစ်မယ်။ သူက မျိုးနွယ်စုမှ အစွမ်းထက်ဆုံး မိစ္ဆာသားရဲသခင် အဆင့်(၇)မဟာအကြီးအကဲ မိုဇီပဲ..... "
ကြားနေရသောစကားများကြောင့် ဝူချိန်မှာ တစ်ကိုယ်လုံးရှိ သွေးများအားလုံး ငယ်ထိသို့ ထိုးတက်လာသည့်အလား ခံစားလိုက်ရသည်။ သူက ရှေ့တစ်လှမ်းတက်ပြီး တစ်ခုခုပြောရန်ပြင်လိုက်စဥ် ဝူလင်းက ရုတ်တရက် အော်သည်။
"မဟာအကြီးအကဲရွှေမု အကူအညီတောင်းခံပါတယ်"
ဝူလင်းသည် မန်ဟိုက အနိုင်ယူပေးနိုင်သည်ကို မယုံပေ။ မျက်နှာမပျက်ရရေးအတွက် ဝူချိန်မပြောခင် သူမ အရင်ဦးအောင် ပြောလိုက်ခြင်း ဖြစ်သည်။ အကြည့်အားလုံး အဘိုးကြီးရွှေမုအပေါ် ကျရောက်လာသည်။
ရွှေမုက ချောင်းဟန့်လိုက်သည်။ အမှန်တွင် ဤသည်မှာ သူ့အတွက် မြင့်မြတ်သောသွေးဆက်သုံးဆက်မှ တစ်စုံတစ်ဦးနှင့် ပထမဆုံးအကြိမ် ကမ္ဘာသစ်မိစ္ဆာပြိုင်ပွဲ ဆင်နွှဲဖူးခြင်းဖြစ်၏။ သူကား လူအထင်ကြီးအောင် ပြောထားသော်လည်း စိတ်ထဲတွင်တော့ ဤနေရာတွင် ရရှိမည့် အခွင့်အရေးအပေါ် အလွန်အာရုံစိုက်ထားလေသည်။ ယခုတွင် သူ၏နာမည်ဂုဏ်သတင်း မြှင့်တင်ရန်နှင့် အခြားအကျိုးအမြတ်များ ရရှိရန် အခွင့်အရေးတစ်ခုရရှိသွားလေပြီ။ အထူးသဖြင့် သူအနိုင်ရလျှင်ပင်။
သူက ညာလက်ကို ဝှေ့ယမ်းရာ ပခုံးပေါ်ရှိ အစိမ်းရောင်မြွေသည် အစိမ်းရောင်လျှပ်စီးတန်းသဖွယ် ရွှီးခနဲ သစ်စိမ်းလင်းနို့ အရှေ့ရောက်လာသည်။ ၄င်းက လျှာနှစ်ခွအား ထုတ်ချည်သွင်းချည်လုပ်ပြီး မျက်ဝန်းများမှ ရက်စက်သောအခိုးအငွေ့များထုတ်လွှတ်လျက် လင်းနို့အရှေ့၌ ပျံဝဲနေသည်။
သစ်စိမ်းလင်းနို့၏မျက်လုံးများရှိ သွေးအေးရက်စက်မှုမှာ ပိုမိုထင်ရှားလာသော်လည်း ၄င်းကား မျက်နှာတစ်ချက် ပျက်သွားခြင်းမရှိပေ။
"ကျုပ်က ရွှေမု၊ တာအိုရောင်ရင်းတို့အားလုံး ကျုပ်နာမည်နဲ့ မစိမ်းဘူးထင်ပါတယ်။ ဒီသစ်စိမ်းမြွေကို တစ်နှစ်လုံး ကျုပ်ထိန်းကျောင်းပေးနေခဲ့တာ။ ကြာရတဲ့အကြောင်းရင်းကတော့ သန္ဓေပြောင်းဖို့အတွက် အထူးပညာရပ်တစ်ခုကို စမ်းသပ်နေတာကြောင့်ပါ" ရွှေမုက ညာလက်ဖြင့် သစ်စိမ်းမြွေကို လှမ်းညွှန်လိုက်သည်။ ရုတ်တရက် မြွေ၏ ခပ်ပြားပြားနဖူးအလယ်မှ ဦးချိုတစ်ခုထွက်လာသည်။
ဤအခြင်းအရာက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအကြား ဆူဆူညံညံဖြစ်သွားစေပြီး နတ်ဆရာကြီးကိုပင် အံ့သြမှင်သက်သွားစေသည်။
မန်ဟိုသည် မြွေကို လေ့လာလိုက်သည်။ ထို့နောက် သူက စိတ်ထဲတွင် ကြိတ်ရယ်နေတော့သည်။ သိသာစွာပင် ချိုမှာ သန္ဓေပြောင်းခြင်းကြောင့်မဟုတ်ဘဲ အင်္ဂါအစိတ်အပိုင်း အစားထိုးထားခြင်းလေးသာဖြစ်၏။ မည်သည့်သားရဲတစ်ကောင်မှ ယူ လာသည်လဲ ပြောရခက်သော်လည်း မြွေနှင့်တွယ်ဆက်ထားခြင်းသာ ဖြစ်ကြောင်းသိသာသည်။ ပရိသတ်ထဲမှ ဤအခြင်းအရာကို သတိထားမိကြသူတချို့မှာ ၄င်းအား အဖက်ပင်မလုပ်ပေ။ သို့သော် ပရိသတ်အများစုမှာတော့ အလွန်စိတ်ဝင်စားကြပုံရလေသည်။
စိတ်ဝင်စားနေသောအကြည့်များက ရွှေမုကို ပို၍ပင် စိတ်လှုပ်ရှားစေတော့သည်။ ဤအခိုက်အတန့်တွင် နတ်ဆရာကြီးက လည်ချောင်းရှင်းလိုက်သည်။ "သိပ်ကောင်းတယ် စကြတာပေါ့"
ချက်ချင်းပင် ရွှေမုက လက်ညှိုးကို ဝှေ့ယမ်းရင်း သစ်စိမ်းမြွေကို သစ်စိမ်းလင်းနို့ထံ ပျံသွားစေသည်။
ဝူအာလီမှာ အတန်ငယ်စိုးရိမ်နေ၏။ ယခင်က သူသည် ရွှေမုကို နည်းနည်းလေးမှ ဂရုမစိုက်ခဲ့သော်လည်း ထိုလူ၌ ချိုနှင့်ကမ္ဘာသစ်မိစ္ဆာတစ်ကောင် ရှိသည်ကို စဥ်းစားရင်း ရုတ်တရက် စိတ်လေးလာသည်။ သူက အတွေးများကို စုစည်းရင်း သစ်စိမ်းလင်းနို့၏မျက်လုံးများကို အေးစက်သွားစေပြီး ရှေ့ပျံထွက်စေလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း အစိမ်းရောင်အလင်းတန်းနှစ်တန်းသည် တစ်တန်းကိုတစ်တန်း ဝင်တိုက်သွား၏။ ခပ်ရှရှအော်သံနှင့်အတူ ပေါက်ကွဲသံများ မြည်ဟည်းသွားသည်။ အစိမ်းရောင်လှိုင်းများက အဘက်ဘက်သို့ ဖြာထွက်သွား၏။
ဝူချိန်သည် စိုးရိမ်စိတ်များအပြည့်နှင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း အပေါ်မော့ကြည့်လိုက်သည်။ သူ့မှာ စောစောက သူ့အစ်မ စကားဖြတ်ပြောသွားသည်ကို စိတ်တိုနေသော်လည်း ယခုတွင် စဥ်းစားရန် အချိန်မရှိပေ။ သူ၏မျက်လုံးများသည် လေအလယ်ရှိ အစိမ်းရောင်အလင်းတန်းနှစ်တန်းကို မမှိတ်မသုန်စူးစိုက်နေ၏။
ဝူလင်းလည်း အတော်လေးစိုးရိမ်ပူပန်နေရင်း ဘေးတွင်ရပ်နေသည်။ သူမသည် ဝူချိန်ကို သည်းခံရန် အမြဲ တိုးတိုးတိတ်တိတ် ဖျောင်းဖျနေခဲ့သော်လည်း တကယ်တမ်း ခံပြင်းနေခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်လုံး ဘေးကင်းဖို့အတွက်သာ သူ့ကို ထိန်းထိန်းသိမ်းသိမ်းနေရန် သတိပေးခဲ့ရလေသည်။ ဤကမ္ဘာသစ်မိစ္ဆာ ပြိုင်ပွဲအတွက်မူ သူမမှာ ပြိုင်ခွင့်ရရန် ပင်ပင်ပန်းပန်း အတိုက်အခံလုပ်ခဲ့ရသည်။ သူမ၏မျှော်လင့်ချက်အားလုံးသည် မဟာအကြီးအကဲရွှေမုအပေါ်တွင် ဖြစ်၏။ ဤနေရာတွင် အနိုင်ရပါက အရုပ်ဆွဲပြားက သူတို့သွေးဆက်ကို အန္တရာယ်ကင်းကင်းနှင့် နေထိုင်ခွင့်ရစေမည်မဟုတ်ပါလော။
မန်ဟိုက သစ်စိမ်းမြွေနှင့် ၄င်း၏ချိုကို မော့ကြည့်လိုက်သည်။ ၄င်းသည် လောလောဆယ်တွင် ၄င်း၏အမြန်နှုန်းအား မြှင့်တင်ပေးထားသော အနီရောင်အလင်းဖြင့် တောက်ပနေသည်။ သူက ခေါင်းညိတ်လိုက်သည်။ "ဒီတော့ အသုံးဝင်သားပဲ"
ဤအခိုက်အတန့်တွင် မချိတင်ကဲအော်သံကြီး ပျံ့လွင့်လာသည်။ အစိမ်းရောင်အလင်းတန်းနှစ်တန်းထဲမှ တစ်တန်းသည် ရုတ်တရက် နှစ်ပိုင်းကွဲကာ သွေးများ တဖြောက်ဖြောက် ရွာကျလာသည်။
အစိမ်းရောင်အလင်းကား သစ်စိမ်း မြွေမှတစ်ပါး အခြားမဟုတ်ပေ။ ၄င်း၏အင်္ဂါအစိတ်အပိုင်းများ မြေကြီးပေါ် ပြတ်ကျလာစဥ် သစ်စိမ်းလင်းနို့က သုတ်ချီပြီး ၄င်း၏သွားချွန်ချွန်များဖြင့် အစိတ်စိတ်အမြွှာမြွာ ကိုက်ဖြဲပစ်လိုက်သည်။ ထို့နောက် ၄င်းက အပေါ်ရှိ ကိုယ်တစ်ပိုင်း သာရှိ တော့သော သစ်စိမ်းမြွေကို ပြန်မော့ကြည့်လိုက်သည်။
သစ်စိမ်းလင်းနို့ကား ခပ်စူးစူးအော်ရင်း အပေါ်သို့ ထိုးတက်သွားသည်။ သစ်စိမ်းမြွေက ရှောင်ရန် ကြိုးစားသည်။ ကံဆိုးစွာနှင့် ၄င်းနဖူးက အနီရောင်ချိုမှ ထုတ်လွှတ်နေသောအလင်း၏အကူအညီဖြင့်ပင် ၄င်းမှာ မရှောင်နိုင်လိုက်ပေ။ မျက်စိတစ်မှိတ်အတွင်း သစ်စိမ်လင်းနို့က ၄င်း၏ဘေးတည့်တည့်သို့ ရောက်လာလေပြီ။ ၄င်းသည် မြွေကို အားကုန်ကိုက်ချလိုက်၏။ မြွေက မချိတင်ကဲတွန်ပြီး ၄င်း၏ခန္ဓာကိုယ်မှာ ခြောက်ကပ်လာကာ အသက်ရှိုက်စာအနည်းငယ်အတွင်း ရွတ်တွနေသောအလောင်းဘဝ ရောက်သွားတော့သည်။ ၄င်း၏အဆီအနှစ်များမှာ သစ်စိမ်းလင်းနို့၏ စုပ်ယူခြင်းခံလိုက်ရလေပြီ။
ဝူချိန် မျက်နှာပျက်သွား၏။ သူ့မှာ တောင်တစ်တောင်လုံး၏အားနှင့် ရိုက်ချခံလိုက်သကဲ့သို့ နောက်ယိုင်သွားလေသည်။ သူက ခါးသက်စွာ ရယ်လိုက်သည်။
ဝူလင်း၏မျက်လုံးများမှာ ဘေးဘီဝဲယာကို အားကိုးရာမဲ့စွာ ကြည့်ရင်း ပူဆွေးသောကတို့ဖြင့် ပြည့်နေချေသည်။
ပရိသတ်ကြားမှ စကားသံများ ချက်ချင်းထွက်လာသည်။
"ရှုံးမယ်ဆိုတာ အစောကြီးထဲက အသိသာကြီး။ ဝူချိန်နဲ့ ဝူအာလီကြားမှ ပြိုင်ပွဲလုပ်စရာကိုမလိုတာ"
"တစ်ယောက်က ဆန်ကုန်မြေလေး၊ နောက်တစ်ယောက်က ရွေးချယ်ခံလေ။ ဘာကိုနှိုင်းယှဥ်နေစရာလိုလို့လဲ"
"ဝူအာလီက သူ့ရဲ့ကမ္ဘာသစ်မိစ္ဆာကို မိစ္ဆာသားရဲသခင်နီးနီး ထိန်းချုပ်နိုင်တော့ တစ်ပန်းသာတာပေါ့။ ဝူချိန်ကိုကြည့် ကမ္ဘာသစ်မိစ္ဆာတွေ ထိန်းချုပ်ဖို့တောင် ယုံကြည်ချက်မရှိဘူး"
မှန်ပါသည်၊ ဤစကားသံများအားလုံး ဝူချိန်နှင့်ဝူလင်း နားထဲရောက်လာသည်။
မဟာအကြီးအကဲရွှေမုမှာမူ အေးအေးဆေးဆေးသာ။ သူက ခေါင်းခါပြီးပြောသည်။ " ကြည့်ရတာ ကျုပ်ရဲ့ သစ်စိမ်းမြွေတွေမှာ လိုအပ်ချက်တွေရှိနေသေးပုံပဲ" သူက အေးစက်စက်ပြောသည်။ "ဒါပေမဲ့ အားလုံးမြင်တဲ့အတိုင်း မြွေရဲ့အမြန်နှုန်းတိုးစေဖို့အတွက် ကျုပ်ပြောင်းလဲမှုတွေ လုပ်ထားတာပဲ။ သစ်စိမ်းလင်းနို့ကို ရှုံးသွားပေမယ့်လို့ အဓိကအကြောင်းရင်းက အဆင့်(၅) မိစ္ဆာသားရဲသခင်မိုဖန်းကိုယ်တိုင် မွေးထားတဲ့ လင်းနို့ဖြစ်နေလို့ပဲ။ ကျုပ်ရဲ့ သစ်စိမ်းမြွေက ဘယ်လိုလုပ်အနိုင်ယူနိုင်တော့မလဲ" သူသည် ပြုံးရင်း စိတ်ဝင်စားနေသောပုံစံ ရှိနေသေးသည့်လူများကို လှည့်ပတ်ကြည့်လိုက်သည်။ သူ၏ရည်ရွယ်ချက် အောင်မြင်သွားလေပြီ။ လူအများ သူ့ထံမှ အကူအညီလာတောင်းရန် သိပ်ကြာတော့မည်မဟုတ်ပေ။
ဝူချိန်၏ ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာလေးက ဝူလင်း၏နှလုံးသားကို တစစီကွဲကြေသွားစေသည်။ သူမက ရွှေမုကို လှည့်ကြည့်ပြီး ဒေါနှင့်မောနှင့် ပြောသည်။ "မဟာအကြီးအကဲရွှေမု ရှင်ပြောတော့ အနိုင်ရဖို့ ရှစ်ဆယ်ရာခိုင်နှုန်းသေချာပါတယ်ဆို။ စောစောကအတိုင်း ကြိုပြောခဲ့ရင် ကျွန်မ ခေါင်းကိုင်ဖခင်ဆီသွားပြီး ကမ္ဘာသစ်မိစ္ဆာပြိုင်ပွဲ ကျင်းပပေးဖို့ ဘယ်ပြောမလဲ"
"ကလေးဆန်လိုက်တာ" ရွှေမုက အင်္ကျီလက်စကိုခါပြီး စိတ်ကုန်နေဟန်ဖြင့် ပြောသည်။ "ကမ္ဘာသစ်မိစ္ဆာပြိုင်ပွဲဆိုတာ ခန့်မှန်းလို့ရတာမဟုတ်ဘူး။ ငါကိုးဆယ်ရာခိုင်နှုန်းသေချာတယ် ပြောရင်တောင်မှ ငါ့အမြင်ပဲရှိတာ။ နှစ်တွေအကြာကြီး ကျင့်ကြံအားထုတ်ခဲ့တာ တောင် ဒီလောက် ရိုးရိုးရှင်းရှင်းလေးကို နားမလည်နိုင်ဘူးလား"
"ရှင်" ဝူလင်းက ရွှေမုကို စိန်းစိန်းဝါးဝါးကြည့်ရင်း အော်သည်။ သို့သော် ခါးသီးသောအပြုံးတစ်ခုက သူမ၏မျက်နှာကို တဖြေးဖြေးလွှမ်းခြုံလာ၏။ ရွှေမုသည် အဆင့်(၃) မိစ္ဆာသားရဲသခင်အပြင် တရားဝင်ငယ်သားတစ်ဦးလည်း ဖြစ်သည်။ သူမမှာတော့ မြင့်မြတ်သောသွေးဆက်သုံးဆက်မှ ဆင်းသက်လာသူဖြစ်သည့်တိုင် အလွန်ဆိုးရွားသောအခြေအနေသို့ ကျရောက်နေလေသည်။ အသုံးချခံခဲ့ရကြောင်း သူမသိသော်လည်း ခါးခါးသက်သက် ရယ်နေရုံမှတစ်ပါး သူမတတ်နိုင်သည့်အရာမရှိပေ။
"သေချာပေါက် ကလေးဆန်တာပေါ့" မန်ဟိုက ချောင်းဖွဖွဆိုးရင်း ပြောသည်။
သူ့အသံထွက်လာသည်နှင့်တစ်ပြိုင်နက် ရွှေမုက အေးစက်စက်နှာမှုတ်လိုက်သည်။ ဝူချိန်၏ ဖြူဖျော့နေသောမျက်နှာမှာ ချက်ချင်းသွေးရောင်ပြန်သမ်းလာပြီး သူ့ကို အားကိုးတကြီးလှည့်ကြည့်၏။ သူ၏အကြည့်မှာ ရေနစ်နေသောလူတစ်ယောက် ဖက်တွယ်စရာ သစ်သားပြားတစ်ပြားမျောလာသည်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သည်။
ဝူချိန်က အသက်ပြင်းပြင်းရှူရင်း လျှောက်လာသည်။ သူသည် ခါးကိုင်းအရိုအသေပေးကာ ပြောသည်။ "မဟာအကြီးအကဲရဲ့ အကူအညီကို မေတ္တာရပ်ခံပါတယ်"
ဝူလင်းက ဒေါသမီးတောက်နေသောမျက်ဝန်းများဖြင့် သူ့ကို လှည့်ကြည့်သည်။ သူမက တစ်လုံးချင်းပြော၏။ "အနိုင်ရမယ်လို့ ဘယ်နှရာခိုင်နှုန်းသေချာလဲ"
"ရှစ်ဆယ်ရာခိုင်နှုန်းလောက်" မန်ဟိုက အပြုံး ဖြင့် ပြန်ဖြေသည်။ သူသည် သစ်စိမ်းဝံပုလွေငါးကောင်ကို လှမ်းကြည့်ပြီးနောက် မွှေးထူငါးကို လက်ညှိုးထိုးလိုက်၏။
မွှေးထူငါးက ရုတ်တရက် ခေါင်းထောင်ကြည့်သည်။ ထို့နောက် မျက်လုံးမှ အေးစက်သောအလင်းရောင်ကို ထုတ်လွှတ်ရင်း ရှေ့တက်သွား၏။ သူသည် မျက်စိနောက်စရာလှုပ်ရှားမှုများ မပြသဘဲ အစိမ်းရောင်အလင်းတန်း အသွင်ပြောင်းကာ သစ်စိမ်းလင်းနို့ထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။
ဝူအာလီ၏မျက်လုံးများ၌ အထင်သေးမှုတို့ပြည့်နှက်သွားသည်။ မြင့်မြတ်သောသွေးဆက်အရုပ်သုံးရုပ်များအနက် သစ်စိမ်းဝံပုလွေများသည် အကြီးဆုံးဖြစ်ပြီး အမြန်နှုန်းအားဖြင့်လည်း သူမတူပေ။ သို့သော် သူ့စိတ်ထဲတွင် ၄င်းတို့မှာ သစ်စိမ်းလင်းနို့များနှင့် မနှိုင်းယှဥ်သဖြင့် သူ၏လင်းနို့က အဆင့်(၂)အရုပ်အားလုံးကို သုတ်သင်ပစ်နိုင်သည်ဟု ယုံကြည်ချက်အပြည့်အဝရှိလေသည်။ သူကား ဝံပုလွေ၏ ရွတ်တွခြောက်ကပ်နေသောအလောင်းကို မြင်ယောင်နေပြီဖြစ်သည်။
ဝူအာလီက အေးစက်စက်ရယ်လိုက်သည်။ စောစောက မဟာအကြီးအကဲရွှေမုကိုတော့ နည်းနည်းထိတ်လန့်ခဲ့သော်လည်း မန်ဟိုမှာ သူနည်းနည်းလေးမှ ဂရုမစိုက်သော လူစိမ်းတစ်ယောက်သာ ဖြစ်၏။
သူ၏စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်နှင့် သစ်စိမ်းလင်းနို့က ခပ်စူးစူးအော်မြည်ပြီး မွှေးထူငါးထံသို့ တဟုန်ထိုးထွက်သွားသည်။
သို့သော် ၄င်းလှုပ်ရှားရုံသာ ရှိသေးသည်၊ မွှေးထူငါးက အမြန်နှုန်းကို မြှင့်လိုက်၏။ နှစ်ဆသုံးဆမဟုတ်၊ အဆများစွာ မြှင့်လိုက်ခြင်းဖြစ်သည်။
သူကား အဆင့်(၂)ကမ္ဘာသစ်မိစ္ဆာတစ်ကောင်အတွက် မဖြစ်နိုင်သော အမြန်နှုန်းဖြင့် သရဲတစ်ကောင်သဖွယ် ဝေဝါးသွား၏။ လေမုန်တိုင်းတိုက်ခတ်သံကြီးကဲ့သို့ တဝေါဝေါအော်သံကြီး ထွက်ပေါ်လာသည်။ သစ်စိမ်းလင်းနို့ တုံ့ပြန်ခြင်းပင်မပြုနိုင်မီ မွှေးထူငါးက ၄င်း၏အရှေ့တည့်တည့်သို့ရောက်နေလေပြီ။ သူက သွေးအေးအေးဖြင့် ကိုက်ချလိုက်သည်။
သွေးပျက်မတတ် အော်သံကြီး သစ်စိမ်းလင်းနို့၏ပါးစပ်မှ ပျံ့လွင့်သည်။ အသံမှာ တခဏသာခံလိုက်ပြီး ရုတ်တရက် တိခနဲ တိတ်ဆိတ်သွား၏။ မွှေးထူငါးက လက်မောင်းအရွယ်လင်းနို့ကို တစ်ကိုက်တည်း အကောင်လိုက်မြိုချလိုက်လေပြီ။
အစိမ်းရောင်အတန်းဝါးခနဲ ဖြစ်သွားပြီး မွှေးထူငါးက မန်ဟို့ဘေး ပြန်ရောက်လာသည်။ သူ မန်ဟို့ဘေးမှ ထွက်သွားသည့်အချိန်မှ ပြန်ရောက်လာသည့်အချိန်အထိ အသက်တစ်ရှိုက်သာကြာလိုက်သည်။
ဤသည်မှာ အဆင့်တူတစ်ကောင်အား သတ်ဖြတ်လိုက်ခြင်းပင်။
အရာအားလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်နေသည်။ ပရိသတ်ထုကြီးမှာ မျက်လုံးများပြူးထွက်နေပြီး အသက်ပင်မရှူနိုင်တော့ပုံရသည်။ သူတို့၏စိတ်မှာ အံ့သြလွန်း၍ ချာချာလည်ကုန်လေပြီ။
ဝူချိန်လည်း ကြောင် တောင်တောင်လေးရပ်နေပြီး ဝူလင်းမှာတော့ ပါးစပ်ကလေးဟနေသည်။ သူမမှာ အိပ်မက်မက်နေသကဲ့သို့ ငိုင်တွေတွေဖြစ်နေ၏။
ဝူအာလီမှာ ဘာမှမစဥ်းစားနိုင်တော့ပေ။ သစ်စိမ်းလင်းနို့သေဆုံးခြင်းက သူ့အတွက် တုံ့ပြန်ဖို့ပင် မြန်လွန်းနေသည်။
ဝူဟိုက်လည်း လူကြားထဲတွင် ရှိ၏။ မန်ဟို လှုပ်ရှားလိုက်သည်ကို မြင်လိုက်တုန်းက သူ့မှာ စိုးရိမ်နေခဲ့လေသည်။ သို့သော် အခုတော့ သူ့မှာ မျက်လုံးပြူးပြီး တွေတွေကြီးသာ စိုက်ကြည့်နေနိုင်တော့သည်။
ဝူအာလီ၏သွေးဆက်မှ အဖွဲ့ဝင်များလည်း ခေါင်းများချာချာလည်လျက် မှင်သက်နေကြသည်။ အ ဖြစ်အပျက်များမှာ အလွန်မြန်ဆန်လွန်း၍ သူတို့အတွက် တုန်လှုပ်ခွင့်ပင် မရလိုက်ပေ။
အကြီးအကဲမှာမူ မွှေးထူငါးကို မမှိတ်မသုန်ကြည့်ရင်း မျက်လုံးများတောက်ပနေ၏။ မြေနတ်ဆရာကြီးပင် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး မန်ဟို့ကို လှမ်းကြည့်သည်။ သူ၏အကြည့်သည် နေမင်းပမာ စူးရှတောက်ပနေ၏။
အချိန်အတော်လေးကြာသော် စကားသံများ ဟိုဟိုသည်သည် ထွက်လာတော့သည်။
"ချက်ချင်း....ချက်ချင်း သတ်ပစ်လိုက်တယ်။ အဆင့်တူကို ချက်ချင်း သတ်ပစ်လိုက်တယ်"
"အဲ့ဒါ သန္ဓေပြောင်းသစ်စိမ်းဝံပုလွေလား။ ဘုရားရေ သန္ဓေ ပြောင်းသစ်စိမ်းဝံပုလွေဟ"
"မြန်လိုက်တာ။ အမြန်နှုန်းက... အဆင့်(၃)ကမ္ဘာသစ်မိစ္ဆာတွေထက်တောင် မိုက်တယ်။ ဒါ ကမ္ဘာသစ်မိစ္ဆာပြိုင်ပွဲမဟုတ်ဘူး သတ်ပွဲပဲ သတ်ပွဲ"
"ဒီလို ကမ္ဘာသစ်မိစ္ဆာမျိုးကို မွေးမြူထိန်းကျောင်းပေးနိုင်တာက ... အဆင့်မြင့်မိစ္ဆာသားရဲသခင်တွေပဲရှိတာ"
ဤအခိုက်အတန့်တွင် စကားသံများအကြား၌ အကြည့်အားလုံး မန်ဟို့အပေါ် ကျ ရောက်လာ လေပြီ။
***