ခင်ဗျားထင်ထားပြန်တာပဲလား
Vol. 29 Ch. 402
ဝူချိန်မှာ ရုတ်တရက် အသံအကျယ်ကြီးအော်လိုက်ချင်စိတ် ပေါက်လာသည်။ ပြီးခဲ့သည့် အချိန်အနည်းငယ်က သူ့မှာ ဝိုင်းအဟားခံခဲ့ရသည်။ အသက်တစ်ရှိုက်ကြာသော် အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားလေပြီ။ သူ့မှာ စကားမ ပြောသည့်အပြင် မျက်ရည်များဝဲတက်လာပြီး ပါးပြင်တစ်လျှောက်စီးကျလာသည်။ သူက တဟားဟား အော်ရယ်တော့သည်။ ဤရယ်သံမှာ သူလွန်ခဲ့သည့်နှစ်များက ခံစားခဲ့ရသောဖိအားအားလုံးကို လွှတ်ထုတ်လိုက်သည့် အသံဖြစ်သည်။
ယခုအချိန်တွင် သူသည် အရုပ်ဆွဲပြားကိုပင် ဂရုမစိုက်တော့။ သူဂရုစိုက်သမျှမှာ တခြားသူများ၏အနှိမ်ခံနေရသောဘဝမှ လွတ် မြောက်လာသော ခံစားချက်ပင်။
အံ့သြမယုံကြည်နိုင်မှုတို့က ဝူလင်း၏မျက်လုံးများတွင် ပြည့်နှက်နေပြီး သူမမှာ နွေ ခေါင်ခေါင် မိုးကြိုး ပေါင်းသောင်းခြောက်ထောင်ဖြင့် အပစ်ချခံလိုက်ရသကဲ့သို့ ခံစားနေရတော့သည်။ စောစောက အဖြစ်အပျက်မှာ ဖြစ်နိုင်စရာမရှိ၍ သူမမှာ မျက်လုံးလေးပြူးလျက်သာ မန်ဟို့ကို ကြည့်နေနိုင်၏။
သူမစိတ်မှာလည်း ဗလာကျင်းနေသည်။ သူမစဥ်းစားနိုင်သည့် တစ်ခုတည်းသောအရာမှာ ဝူချိန် ခေါင်းမာစွာနှင့် မန်ဟို့ထံမှ အကူအညီတောင်းခံနေပုံဖြစ်သည်။
သူမမှာ ပြောခဲ့သမျှစကားအားလုံးကို ပြန်တွေးမိလိုက်သဖြင့် မျက်နှာလေး ဖြူဖျော့သွားသည်။ထို့နောက် မန်ဟို့ကို သတ်ရန် ကြံစည်ခဲ့သောအတွေးများကို သတိရလိုက်သည်။
သူမပြောခဲ့လုပ်ခဲ့သမျှ အရာအားလုံးမှာ ဟာသကြီးဖြစ်နေသကဲ့သို့ ဤအရာအားလုံးက သူမကို စိတ်ရှုပ်ထွေးနေစေတေု့သည်။
ပရိသတ်ကြားမှ စကားသံများ ဆက်လက်ထွက်ပေါ်လာသည်။
"အထူးဆန်းဆုံးက ကျီးကင်းထောက်မျိုးနွယ်စုမှာ ဒီလိုအစွမ်းထက်ပညာရှင်မျိုးရှိနေရဲ့သားနဲ့ ဝူလင်းက ဘာလို့မဟာအကြီးအကဲရွှေမုဆီက အကူအညီသွားတောင်းတာတုန်း "
"ပိုပြီးထူးဆန်းတာက မဟာအကြီးအကဲရွှေမုရှုံးသွားတဲ့နောက်မှာ သူတို့ မောင်နှမနှစ်ယောက် မျှော်လင့်ချက်မဲ့သွားတဲ့ပုံပဲ"
ဤစကားများကိုကြားသော် ဝူလင်း၏လှပသောမျက်နှာလေး နီရဲလာသည်။ ၄င်းမှာ ရှက်သွေးဖြန်းခြင်းမဟုတ်၊ အရှက်ကွဲခြင်းကြောင့် ဖြစ်သည်။
သူမမှာ ဘာပြောရမှန်းမသိတော့ပေ။ သူမ၏အပြောအဆို၊ အပြုအမူအားလုံးမှာ မန်ဟိုပြောခဲ့သည့်အတိုင်း ကလေးဆန်ခဲ့၏။ ၄င်းတို့ကိုဖော်ပြရန် အခြားစကားလုံးမရှိပေ။
ဝူအာလီ၏မျက်နှာမှာ သွေးတစ်စက်မှ မကျန်တော့သည့်အလား ဖြူဆုပ်နေသည်။ သူသည် ကမ္ဘာသစ်မိစ္ဆာနှင့် ပဋိညာဥ်ပြုထားသည့်အတွက် ၄င်းသေဆုံးသောအခါ ရလဒ်အနေနှင့် သူလည်း ဒဏ်ရာရခဲ့သည်။ သူ၏ကျင့်ကြံခြင်းအခြေခံပင် မတည်မငြိမ်ဖြစ်သွားပြီး ထိခိုက်လုနီးပါးဖြစ်သွားရသည်။
ကျီးကင်းထောက်မျိုးနွယ်စ၏ အကြီးအကဲဖြစ်သူ သက်လတ်ပိုင်းလူက ဟမ့်ခနဲ နှာမှုတ်လိုက်သည်။ သူ့သွေးဆက်မှအဖွဲ့ဝင်များမှာ ဝူအာလီ၏ ကျင့်ကြံခြင်းအခြေခံတုန်ခါနေမှု ငြိမ်သက်သွားစေရန် ကပျာကယာ ရှေ့တက်လာကြသည်။ သူတို့အားလုံးက မန်ဟို့ကို အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်ဖော်လျက်ကြည့်နေကြ၏။
ဘေးတွင် ရွှေမုမှာတော့ မျက်လုံးများ၌ မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေလျက် အသက်ငင်နေသောဖားကြီးလို အသက်ရှူနေသည်။ စောစောက အဖြစ်အပျက်က သူ့စိတ်ကို ဝီခေါ်သွားစေ၏။ ထို့နောက် သူ့မှာ ပတ်ဝန်းကျင်ရှိ လူများ၏စကားကို ကြားနေပြီး ၄င်းက သူ့ကို ခံရခက်သွားစေသည်။ သူ၏မျက်လုံးများ ချက်ချင်း ရဲတွတ်သွား၏။
အဆင့် (၅) မိစ္ဆာသားရဲသခင်၏အနိုင်ယူခံရခြင်းမှာ သိပ်မဆိုးပေ။ အမှန်တွင် ၄င်းမှာ ချီးမြှောက်ခံရသကဲ့သို့ပင်။ သို့သော် သူ မွေးထားသည့် ကမ္ဘာသစ်မိစ္ဆာများက မန်ဟို့၏အကောင်များအား မယှဥ်နိုင်သည့်အချက်က သူ့ကို မနာလိုဖြစ်စေသည်။
"ဒါက ငါးကောင်ထဲက တစ်ကောင်ပဲရှိသေးတယ်" သူက အံတင်းတင်းစေ့ထားသည့်ကြားမှပြောသည်။ "ငါ ဒီကောင်တွေကို ထိန်းကျောင်းပေးခဲ့တုန်းက အဲ့ဒီသာမန်မဟုတ်တဲ့စွမ်းရည်တွေကို သတိထားမိတယ်။ သန္ဓေပြောင်းမလား မသိခဲ့ပေမယ့် ထူးခြားတာကိုတော့ ငါမြင်ခဲ့တယ်" သူ၏စကားလုံးများက ကျီးကင်းထောက်မျိုးနွယ်ဝင်များအား မျက်နှာအမူအရာပြောင်းသွားစေသည်။
"ဒါက တိုက်ဆိုင်တာလို့တော့ မပြောနဲ့နော်"
"အဲ့ဒါကြောင့် ဒီလူနာမည်မကြီးတာဖြစ်မယ်။ ကံကောင်းလို့ သန္ဓေပြောင်းကမ္ဘာသစ်မိစ္ဆာတစ်ကောင်ရသွားတာပဲ"
ဆွေးနွေးငြင်းခုံမှုများ ဆက်လက်ဖြစ်ပွားနေစဥ် ဝူအာလီသည် မန်ဟိုကို ဝါးစားတော့မတတ် စိုက်ကြည့်နေသည်။ သူက တုန်ရီအက်ကွဲနေသောလေသံဖြင့် ပြောသည်။ "ကျုပ် အရှုံးကို လက်မခံနိုင်ဘူး။ခင်ဗျားမှာ အစွမ်းအစရှိရင် နောက်ကမ္ဘာသစ်မိစ္ဆာတစ်ကောင်ပြောင်းလိုက်။ ကျုပ်တို့ နောက်တစ်ပွဲဆက်ပြိုင်မယ်"
သူက စကားပြောနေစဥ် ရင်ဘတ်ကိုပုတ်ပြီး လက်ဆန့်ထုတ်လိုက်သည်။ ချက်ချင်းပင် အနက်ရောင်ဦးခေါင်းခွံတစ်ခု သူ့လက်ဝါးပေါ်၌ ပေါ်လာ၏။ သူက ၄င်းကို ပစ်ပေါက်လိုက်ရာ ၄င်းသည် ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ အရပ်မျက်နှာတစ်ခွင်သို့ ပျံ့နှံ့သွားသော အနက်ရောင်အရိုးမှုန်များ အသွင်ပြောင်းသွားသည်။ အရိုးမှုန်များက ထူးဆန်းပြီး ပြိုင်ဘက်ကင်းသော အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။
အရှိန်အဝါပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် တောင်ပေါ်မှ ဟိန်းဟောက်သံကြီး ကြားလိုက်ရသည်။ ထို့နောက် အနက်ရောင်အလင်းတန်းတစ်တန်း ထိုးဆင်းလာသည်။ ၄င်းအတွက် ရင်ပြင်သို့ရောက်ရန် အသက်ရှိုက်စာအနည်းငယ်ကြာလိုက်သည်။ အနက်ရောင် အလင်းတန်းက အနက်ရောင်လင်းနို့ကြီးပုံစံပြောင်းသွား၏။
လင်းနို့သည် အနက်ရောင်ဖြစ်သော်လည်း ၄င်းတစ်ကိုယ်လုံး၌ အစိမ်းရောင်သွေးကြောများကို မြင်နိုင်လေသည်။ အနက်ရောင်အရှိန်အဝါမှာ ၄င်းထံမှ တအိအိလှုပ်ရှားဖြာထွက်နေပြီး ၄င်း၏မျက်လုံးများက နီရဲတွတ်နေသည်။ ၄င်းသည် ယုတ်မာကောက်ကျစ်သောပုံစံရှိပြီး အဆင့်(၃) ကမ္ဘာသစ်မိစ္ဆာတစ်ကောင်၏ဖိအားကို ထုတ်လွှတ်နေ၏။
လင်းနို၏ပုံပန်းသွင်ပြင်က ပရိသတ်အကြား၌ အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေလေသည်။
"အဆင့် (၃) သစ်စိမ်းလင်းနို့။ ပြီးတော့ သန္ဓေ ပြောင်းထားတာပဲ။ မဟုတ်ရင် အနက်ရောင်ဖြစ်စရာအကြောင်းမရှိဘူး"
"ငါ အဲ့ဒီလင်းနို့ကို မှတ်မိတယ်။ အဲ့ဒါက မဟာအကြီးအကဲမိုဖန်း မွေးထားတဲ့ သစ်စိမ်းလင်းနို့ကြီးပဲ။ တကယ်တော့ အဆင့် (၂)ဆိုပေမယ့် သန္ဓေပြောင်းထားတဲ့အတွက် အဆင့်(၃)ကမ္ဘာသစ်မိစ္ဆာတစ်ကောင်ရဲ့ဖိအားကို ထုတ်လွှတ်နေတာ"
" ပြီးခဲ့နှစ်အနည်းငယ်က တချို့လူတွေ အဲ့ဒီလင်းနို့ကို စျေးအများကြီးပေးပြီး ရောင်းဖို့ကမ်းလှမ်းခဲ့ပေမယ့် မဟာအကြီးအကဲမိုဖန်းက မပေးခဲ့ဘူး... "
လင်းနို့သည် ကြက်သွေးရောင်မျက်လုံးများဖြင့် ဟိုဟိုသည်သည်ကြည့်ရင်း လေလယ်တွင် ပျံဝဲနေသည်။ နောက်ဆုံးတွင် ၄င်း၏အကြည့်သည် မန်ဟို့ဘေးရှိ သစ်စိမ်းဝံပုလွေငါးကောင်အပေါ် ကျရောက်လာ၏။ လင်းနို့က ချွန်ထက်နေသော အနက်ရောင်သွားတစ်စုံကို ဖြဲပြသည်။ ၄င်းက ရန်လိုစွာ မာန်ဖီပြီး မန်ဟို့ထံ ပြေးဝင်လာသည်။
၄င်းချဥ်းကပ်လာသည့် အမြန်နှုန်းမှာ စောစောက မွှေးထူငါး၏အမြန်နှုန်းနှင့် ယှဥ်နိုင်ပုံရသည်။
"မွှေးထူလေး" မန်ဟိုက လာနေသော အနက်ရောင်လင်းနို့ကို မြင်ပင်မမြင်သည့်အလား မလှုပ်မယှက်ရပ်နေရင်း ပြောသည်။ စောစောက မွှေးထူလေးမှာ ပျင်းနေဟန်ဖြင့် ရပ်နေခဲ့သော်လည်း မန်ဟို့အမိန့်ကို ကြားသည်နှင့်တစ်ပြိုင်နက် ခေါင်းကို ဆတ်ခနဲ ထောင်ပြီး ဟိန်းဟောက်လိုက်သည်။
ချက်ချင်းပင် လှိုင်းဂယက်များ အဘက်ဘက်သို့ ဖြာထွက်သွားသည်။ လှိုင်းများ လင်းနို့ကို ထိလိုက်သည်နှင့်တစ်ပြိုက်နက် ၄င်းမှာ တဆတ်ဆတ်တုန်ရီလာသည်။ လွန်ခဲ့သောအချိန်အနည်းငယ်က ၄င်းသည် ရှေ့သို့တဟုန်ထိုးလာခဲ့သော်လည်း ယခုတော့ တုံ့ခနဲရပ်သွားသည်။
၄င်း ရပ်သွားသည်နှင့်တစ်ပြိုင်နက် မွှေးထူလေးသည် မွှေးထူငါးထက် နှစ်ဆသာသောအမြန်နှုန်းဖြင့် ဝုန်းခနဲ ပြေးထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ၄င်းသည် အနက်ရောင်လင်းနို့၏အရှေ့သို့ ရောက်သွားပြီး ၄င်း၏လက်သည်းများဖြင့် ကုတ်ချလိုက်သည်။
ငယ်သံပါအောင် အော်လိုက်သံကြီးနှင့်အတူ အုန်းခနဲ ပေါက်ကွဲသွားသည်။ လူတိုင်းမှာ ဤလင်းနို့အား တမူထူးခြားသည်ဟု ယခုလေးတင် ပြောနေကြဆဲရှိသေးသည်။ ၄င်းမှာ သန္ဓေပင်ပြောင်းခံထားသည် မဟုတ်ပါလော။ သို့သော်လည်း ယခုတော့ ၄င်း၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားရန် တခဏသာ ကြာလိုက်သည်။ မွှေးထူလေး၏လက်သည်းများကြောင့် ၄င်းကား ပွဲချင်းပြီး သေဆုံးခဲ့ရလေပြီ။
တိုက်ခိုက်မှုတစ်ခုလုံးကား အသက်တစ်ရှိုက်သာ ကြာလိုက်သည်။
ဤသည်ကား.... နောက်ထပ် သတ်ဖြတ်ခြင်းပင်။
မွှေးထူလေးက ခပ်ဝါးဝါး အစိမ်းရောင်အတန်းတစ်တန်း အသွင်ပြောင်းသွားပြီး မန်ဟို့ဘေးနား ပြန်ရောက်လာသည်။ ပတ်ဝန်းကျင်ရှိ ကျီးကင်းထောက်မျိုးနွယ်ဝင်များမှာတော့ မျက်လုံးကြီးပြူးလျက် အသက်မနည်းရှူနေရသည်။ ယခုလေးတင် ဖြစ်ပျက်သွားသည့် မြင်ကွင်းမှာ သူတို့ကို တခဏ တိတ်ဆိတ်သွားစေပြီးနောက် ပွက်လောရိုက်သွားကြသည်။
"ဒီတစ်ကောင်လည်း သန္ဓေပြောင်းထားတာပဲဟ"
"သူ့မှာ....သစ်စိမ်းဝံပုလွေငါးကောင်ရှိနေတာပဲ။ အကုန်လုံး သန္ဓေပြောင်းခံထားရတာလို့ မပြောနဲ့နော်"
"သူ ဒီသစ်စိမ်းဝံပုလွေတွေကို ထိန်းကျောင်းနေတဲ့ပုံစံက...... တကယ်ပဲ သူက ဘာမိစ္ဆာသားရဲသခင်အဆင့်လဲ"
ဆူညံပွက်လောရိုက်နေ သော စကားသံများအကြားတွင် ဝူချိန်နှင့် ဝူလင်းမှာ ကျောက်ရုပ်ဖြစ်နေတော့သည်။ ဝူအာလီ၏မျက်နှာမှာ ဖြူဆုပ်နေပြီး သူ့မှာ တွေးပင်မတွေးမိဘဲ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။ ဤကမ္ဘာသစ်မိစ္ဆာပြိုင်ပွဲနှစ်ပွဲမှာ သူတွေးတောနိုင်စွမ်းထက် အဆများစွာ ကျော်လွန်နေ၍ သူ့မှာ ချာချာလည်မူးနောက်နေတော့သည်။
ကျီးကင်းထောက်မျိုးနွယ်စု၏ မြေနတ်ဆရာကြီးက မန်ဟို့ကို နောက်တစ်ကြိမ် အလေးအနက် လှမ်းကြည့်သည်။ သူ့ဘေးရှိ အကြီးအကဲမှာတော့ မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ရင်း မျက်မှောင်ကြုတ်နေ၏။
အဘိုးကြီးရွှေမုမှာမူ ပါးစပ်ဟောင်းသားနှင့် မန်ဟို့၏သစ်စိမ်းဝံပုလွေငါးကောင်ကို တွေတွေကြီးကြည့်နေသည်။ သူ့မှာ ဘာဆိုဘာမှ မစဥ်းစားနိုင်တော့ပေ။ သူက စိတ်ကိုမနည်းပြန်ထိန်းပြီးနောက် အော်သည်။ "ဒီတော့ သန္ဓေ ပြောင်းသစ်စိမ်းဝံပုလွေက တစ်ကောင်ထဲ မဟုတ်ဘူး။ နှစ်ကောင်.. ထင်ထားတဲ့အတိုင်းပဲ" စိတ်ထဲတွင်တော့ သူ့မှာ အံတကြိတ်ကြိတ်ဖြစ်နေ သော်လည်း အပြင်ပန်းတွင် လျှို့ဝှက်နက်နဲသောပုံစံဖမ်းထားသည်။
"ခင်ဗျား အဲ့ဒါကိုလည်း ထင်ထားတာပဲလား" မန်ဟို၏မျက်လုံးများ၌ အေးစက်သောအလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။ ဤအဘိုးကြီး၏မောက်မာနေပုံကို သူ အမှန်တကယ် အမြင်ကပ်လာလေသည်။
"မွှေးထူသုံး" မွှေးထူသုံးက မန်ဟို့အသံကြားလိုက်သည်နှင့် ခေါင်းထောင်ပြီး ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံကြီးပြုလိုက်သည်။ ၄င်းပဲ့တင်ထပ်နေစဥ် ကျီးကင်းထောက်မျိုးနွယ်ဝင်များ၏မျက်လုံးများ၌ အံ့သြတုန်လှုပ်သွားသောအရိပ်အယောင်များ ပြည့်နှက်သွားသည်။ ထိုတင်မကသေး၊ ချီအခြေတည်အဆင့်နှင့် ၄င်း အောက်ရှိ မျိုးနွယ်ဝင်များအားလုံး တုန်ရီသွားကြ၏။
မွှေးထူသုံး၏ ဟိန်းဟောက်သံ ကြီးအောက်တွင် ချီအခြေတည်အဆင့်နှင့် ထို့အောက်ရှိ ကျင့်ကြံခြင်းအခြေခံအားလုံး ထိန်းမရအောင် လည်ပတ်လာကြသည်။ ထိုကျင့်ကြံသူများ၏ အရုပ်ဆေးမင်ကြောင်များ စူးစူး တောက်ပလာပြီး သူတို့အားလုံး အလွန်ကြီးမားသောဖိအားကြီးကို ခံစားလိုက်ရသည်။
ဟိန်းသံကြီး၏ ပြင်းအားက အရာအားလုံးကို တုန်ခါနေစေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဤအဖြစ်အပျက်နှင့် စောစောက မွှေးထူလေးနှင့်မွှေးထူငါးတို့၏လုပ်ဆောင်ချက်များက ပို၍ပင် နားမခံသာအောင် ကျွတ်ကျွတ်ညံသွားစေတော့သည်။
"အဲ့ဒါက....အဲ့ဒါ နောက်ထပ်သန္ဓေပြောင်းကောင်လား"
"သန္ဓေပြောင်းသုံးကောင် အဲ့ဒီလူမှာ သန္ဓေပြောင်းသစ်စိမ်းဝံပုလွေ စုစုပေါင်း သုံးကောင်ရှိတာလား"
"အဲ့တစ်ကောင်က ခုနကတစ်ကောင်ထက်တောင် အစွမ်းပိုထက်သေးတယ်။ ဒီသစ်စိမ်းဝံပုလွေက အဆင့်(၃)ရဲ့အထွတ်အထိပ်ရောက်နေတဲ့အကောင်ထက်အောင် ပိုအားကြီးသေးတယ်ဟ။ အဆင့်(၄)လောက်နီးနီးပဲ"
စကားသံများဆူညံနေစဥ် ရွှေမု၏မျက်နှာ တွက် အမျိုးမျိုးသော ခံစားချက်များ ဖြတ်ပြေးနေတော့သည်။ သူ့မှာ သူ့နှလုံးသားအား တူနှင့် ရက်ရက်စက်စက် ထုနေသကဲ့သို့ ခံစားနေရတော့သည်။ သူက နောက်သို့ ဒယိမ်းဒယိုင် ဆုတ်လိုက်မိ၏။
သူ ဘာမှမပြောနိုင်ခင် မန်ဟို့အသံကြားလိုက်ရသည်။ "ဒီတော့ ဒါကိုလည်း ခင်ဗျားထင်ထားတာပဲလား" သူက အေးတိအေးစက်မေးသည်။ ရွှေမု မေ့လဲချင်သွားသည်။ သူက အံတင်းတင်းကြိတ်ရင်း ပြန်လည်ချေပတော့မည့်အချိန် မန်ဟိုက မွှေးထူနှစ်၏ကျောကို ပွတ်သပ်ပေးလိုက်သည်။
မွှေးထူနှစ်က ဖြေးဖြေးချင်း ခေါင်းထောင်ကြည့်သည်။ သူသည် ပျံသန်းခြင်းမပြုသလို ဟိန်းဟောက်ခြင်းလည်းမရှိ။ သူလုပ်လိုက်သမျှမှာ ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းထုတ်လွှတ်လိုက်ခြင်းသာ ဖြစ်၏။ အလင်းသည် ကောင်းကင်ယံအထိ ထိုးတက်သွားသော အလင်းတိုင်ကြီး ပုံစံပြောင်းသွားသည်။ ၄င်းက ပုံရိပ်ယောင်ခန္ဓာကိုယ်တစ်ခု ဖြစ်သွားပြီး ခေါင်းမော့၍ဟိန်းဟောက်လိုက်သည်.....
ဤဟိန်းဟောက်သံကြီးက ကျီးကင်းထောက်မျိုးနွယ်စုရှိ အဆင့်(၃)ကမ္ဘာသစ်မိစ္ဆာအားလုံးအား တုန်ရီသွားစေသည်။ ၄င်းတို့မှာ ဝပ်စင်းပြီး ကြောက်ရွံရိုသေသောဟိန်းဟောက်သံများ ပြုလိုက်ကြသည်။
အသံက လူတိုင်းအား ရင်တဒိန်းဒိန်း ခုန်သွားစေသည်။ ဘယ်သူမှ စကားတစ်လုံးပင် မဟနိုင်တော့ပေ။
သန္ဓေ ပြောင်းသတ္တဝါတစ်ကောင်ဆို သူတို့အနေဖြင့် လက်ခံနိုင်သေးသည်။ နှစ်ကောင်က အံ့သြတုန်လှုပ်စရာကောင်းသည်။ သို့သော် သုံးကောင်ကတော့...ယုံဖို့ရန်ပင် ခက်ခဲနေလေပြီ။ ထို့အပြင် လေးကောင်ဖြစ်နေသည့်အတွက်...ကျီးကင်းထောက်မျိုးနွယ်ဝင်များမှာ တွေးတောနိုင်စွမ်းပင် ကင်းမဲ့ကုန်ကြပုံရသည်။ သူတို့မှာ မန်ဟို့ဘေးတွင် ရပ်နေကြသည့် သစ်စိမ်းဝံပုလွေလေးကောင်ကို ကြောင် တောင်တောင်သာ ကြည့်နေနိုင်တော့၏။
"အဆင့်(၃)မိစ္ဆာသားရဲသခင်ရွှေမု ဒါကရော ခင်ဗျားထင်ထားတဲ့အတိုင်းပဲလား"မန်ဟိုက အေးစက်သောလေသံဖြင့် မေးသည်။ သူ၏မေးခွန်းက အကြည့်အားလုံးကို အဘိုးကြီးအပေါ် ကျရောက်သွားစေသည်။
ရွှေမု၏မျက်နှာ ရှုံ့မဲ့သွားပြီး သွေးတစ်ပွက်အန်လိုက်သည်။ ထို့နောက် သူ့မှာ သွေးတက်ပြီး မေ့လဲသွားလေတော့သည်။ မန်ဟို့၏ပြတ်သားသောစကားလုံးများကို တုံ့ပြန်စရာစကား သူ့တွင်မရှိပေ။ သစ်စိမ်းဝံပုလွေလေးကောင်လုံး ဤမျှမယုံနိုင်စရာကောင်းသည်ကို သူထင်ထားပြီးဖြစ်သည်ဟု ပြောရန်မှာ သူ့အတွက် မျက်နှာကို ဓားနှင့်မွှန်းပစ်ချင်သည်အထိ ရှက်စရာကောင်းလေသည်။
ရွှေမု မေ့လဲသွားသည့် အခိုက်အတန့်မှာပင် အနက်ရောင်လင်းနို့ပျံထွက်လာခဲ့သည့် တောင်ပေါ်ရှိ စံအိမ်တစ်လုံးထံမှ အေးစက်စက်အသံတစ်သံ ရုတ်တရက် ပျံ့လွင့်လာသည်။
"အဲ့ဒီသစ်စိမ်းဝံပုလွေလေးကောင်ကို ငါ မိုဖန်းဆီ ပေးရမယ်"
***