ငါ့ဆေးလုံး
Vol. 29 Ch. 403
တောင်ထိပ်မှ အသံပဲ့တင်ထပ်နေစဥ် လူရိပ်တစ်ခုဆင်းသက်လာသည်ကို မြင်လိုက်ရသည်။ အနက်ရောင်ဝတ်ရုံဝတ်ထားသော သက်လတ်ပိုင်းလူတစ်ယောက် ရှေ့သို့လျှောက်လာ၏။ သူ၏ရုပ်ရည်မှာ ချောမောခန့်ညားသော်လည်း တင်းမာခက်ထန်လျက်ရှိသည်။ သူက ကျောနက်လက်ပစ်လျက် ဝူအာလီ၏ဘေးတွင် ရပ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ ကျီးကင်းထောက်မျိုးနွယ်ဝင်များ သူ့ကို ချက်ချင်း မှတ်မိသွားကြသည်။
"မဟာအကြီးအကဲမိုဖန်း"
ဝူအာလီက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ထိုလူ့ကို လက်ယှက်အရိုအသေပေးသည်။ တစ်ချိန်တည်းမှာပင် ကျီးကင်းထောက်မျိုးနွယ်ဝင်များလည်း လေးစားရိုသေသော မျက်နှာထားများဖြင့် လက်ယှက်နှုတ်ဆက်ကြသည်။
မြေနတ်ဆရာကြီးက ပြုံးရင်း အနက်ရောင်ဝတ်ရုံနှင့်လူကို မဆိုစလောက် ခေါင်းညိတ်ပြသည်။ သူ့ဘေးရှိ အကြီးအကဲ၏မျက်လုံး ပေါ်ရှိ အပြုံးမှာတော့ ပို၍ပင်တောက်ပနေလေသည်။
ဤအနက်ရောင်ဝတ်ရုံနှင့်လူမှာ မျိုးနွယ်စုအတွင်း၌ အလွန်မြင့်မားသော အဆင့်အတန်းတစ်ခုကို သိမ်းပိုက်ထားသည့် အဆင့် (၅) မိစ္ဆာသားရဲသခင် မိုဖန်းမှလွဲ၍ တခြားမဟုတ်ပေ။ သူက မန်ဟို့ကို မတူမတန်သလို တစ်ချက်လှမ်းကြည့်ပြီးနောက် မြေနတ်ဆရာကြီးနှင့် အကြီးအကဲကိုပြန်ကြည့်လိုက်သည်။
"ဒီသန္ဓေ ပြောင်း သစ်စိမ်းဝံပုလွေလေးကောင်က အစွမ်းထက်ပုံရတယ်။ လောလောဆယ် ကျုပ်ရဲ့အကောင်တွေထဲမှာ တိုက်ရည်ခိုက်ရည်ရှိတဲ့ ကမ္ဘာသစ်မိစ္ဆာတွေမရှိသေးဘူး။ ကျုပ်သာ ဒီသစ်စိမ်းဝံပုလွေလေးကောင်ကို ခဏလောက်ထိန်းကျောင်းလိုက်ရင် ကျုပ်စံနှုန်းထားတွေနဲ့ ကိုက်ညီသွားလိမ့်မယ်။ မြေနတ်ဆရာကြီးနဲ့အကြီးအကဲ ကျုပ်ဆန္ဒကို ဖြည့်ဆည်းပေးစေချင်ပါတယ်"
သူ၏စကားများက မန်ဟို့ကို မရည်ညွှန်းကြောင်း သိသာသည်။ သူ၏မာနအရ မန်ဟို့ကို မည်သို့ဖြစ်စေ အဖက်လုပ်နေမည်မဟုတ်ကြောင်း ထင်ရှားလေသည်။ ဤသည်မှာ အဆင့်မြင့်မိစ္ဆာသားရဲသခင်တစ်ဦး၏ လျစ်လျူရှုခြင်းဖြစ်သည်။
သစ်စိမ်းဝံပုလွေ လေးကောင်ကို မွေးမြူထိန်းကျောင်းပေးခဲ့သူက မန်ဟိုဖြစ်စေကာမူ အရေးမကြီး။ သူ၏အမြင်တွင် မန်ဟိုသည် ကြမ်းပိုးတစ်ကောင်ထက်မပိုပေ။ ထိုကဲ့သို့ သဘောထားမျိုးမှာ မန်ဟို့အတွက် မြင်တွေ့နေကျဖြစ်သည်။ သူက ဝူလင်းကို ညွှန်းဆိုခဲ့သည့်အတိုင်း မိုဖန်း၏လျစ်လျူရှုခြင်းကို အပြုံးလေးနှင့်သာ တုံ့ပြန်လိုက်သည်။
ကျီးကင်းထောက်မျိုးနွယ်စု၏အကြီးအကဲက မိုဖန်းစကားကြောင့် ပြုံးလိုက်သော်လည်း ဘာမှမပြောပေ။ သူက မြေနတ်ဆရာကြီးကိုသာ ခေါင်းလှည့်ကြည့်လိုက်သည်။
မြေနတ်ဆရာကြီးမှာ အတွေးနက်နေပုံရသည်။ မျိုးနွယ်စု၏စည်းကမ်းချက်များအရ မျိုးနွယ်ဝင်တစ်ယောက် မယူဆောင်သွားသရွေ့ ကမ္ဘာမိစ္ဆာများအား များသောအားဖြင့် လူတစ်ယောက်တည်းက သာထိန်းကျောင်းရလေသည်။
မိုဖန်း၏တောင်းဆိုချက်က သူ့ကို အတော်လေး အခက်တွေ့စေသည်။ အခြားမိစ္ဆာသားရဲသခင်ဆိုပါက ထို တောင်းဆိုချက်ကို အလိမ္မာနည်းဖြင့် ငြင်းဆန်၍ရသေးသည်။ သို့ရာတွင် မိုဖန်းက မတူပေ။ သူသည် အဆင့်(၅)သာ ရှိသေးသော်လည်း သူ၏ဖခင်မှာ မျိုးနွယ်စုတစ်စုလုံံးရှိ ငယ်သားများအနက် နံပါတ်တစ်၊ အဆင့်(၇) မိစ္ဆာသားရဲသခင် မိုဇီ ဖြစ်နေသည်။
ထိုအကြောင်းကြောင့် မြေနတ်ဆရာကြီးမှာ အလျှော့ပေးရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
သို့သော် သူက လက်ယာဘက်ရှိ မန်ဟို့ကို လှမ်းကြည့်ပြီး ပြုံးလိုက်သည်။
"ကျုပ်မှာ ဒီလိုဆုံးဖြတ်ချက်မျိုး ချပိုင်ခွင့်မရှိပါဘူး။ ဒီကမ္ဘာသစ်မိစ္ဆာလေးကောင်ကို ဟော့ဒီက မဟာအကြီးအကဲမွေးထားတာဆိုတော့ သူ့ရဲ့သဘောထားက အရေးပါပါတယ်"
မြေနတ်ဆရာကြီး၏စကားက အကြီးအကဲ၏ မျက်လုံးများ ကျဥ်းမြောင်းသွားစေသည်။ သူက မန်ဟို့ကို လှည့်ကြည့်၏။ မိုဖန်းလည်း မန်ဟို့ကို ပထမဆုံးအကြိမ် သေသေချာချာ လှည့်ကြည့်ပြီး အံ့သြသွားသည်။
မြေနတ်ဆရာကြီး၏စကားများက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ခေါင်းထဲ၌ အတွေးပေါင်းစုံ ဝင်ရောက်လာစေသည်။ သူတို့အားလုံး မန်ဟို့ကို ကြည့်နေကြစဥ် မျက်လုံးများ တဖျပ်ဖျပ်လက်နေကြတော့သည်။
မန်ဟိုက ပြုံးသည်။ "ဒီကမ္ဘာသစ်မိစ္ဆာတွေကို ခင်ဗျားနောက်လိုက်အောင် လုပ်နိုင်ရင် ကျုပ် မတားဘူး။ ဒါပေမဲ့ စည်းကမ်းချက်တွေအရ ကျုပ် မန်ဟိုလည်း ခင်ဗျားအကောင်တွေထဲက ကမ္ဘာမိစ္ဆာတချို့ ရွေးယူရလိမ့်မယ်" မန်ဟိုစဥ်းစားရသရွေ့ ဤသည်မှာ ကျီးကင်းထောက်မျိုးနွယ်စုတွင် သတိပြုခံရမည့် အခွင့်အရေးဖြစ်သည်။ မိုဖန်းမှာ သူ့အရှက်သူခွဲရန် ပေါ်လာခဲ့ပြီဖြစ်ရာ မန်ဟိုအနေဖြင့် ကူညီပေးရလိမ့်မည်။
မိုဖန်းသည် မန်ဟို့ကို မတူမတန်သလို ကြည့်ပြီးပြော၏။ "မင်း ငါ့ကမ္ဘာသစ်မိစ္ဆာတွေဆီက တစ် ကောင်မှ ရွေးပိုင်ခွင့်မရစေရဘူး။ မိစ္ဆာသားရဲသခင်တစ်ယောက်အနေနဲ့ ကမ္ဘာမိစ္ဆာတွေကို ဘယ်လိုထိန်းချုပ်ရလဲဆိုတာ မင်းနားလည်အောင် ငါလုပ်ပေးမယ်"
ထို့နောက် သူက အင်္ကျီလက်စကို ခန့်ညားစွာ ခါပြီး မန်ဟိုရှိရာသို့ လျှောက်လာသည်။ မန်ဟိုက သစ်စိမ်းဝံပုလွေများအား သူလွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်အောင် ပြုံးရင်း နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်၏။
မိုဖန်း စိတ်လှုပ်ရှားလာသည်။ အဆင့်(၅) မိစ္ဆာသားရဲသခင်တစ်ဦးအနေနှင့် သူ့တွင် ကမ္ဘာသစ်မိစ္ဆာများအား ထိန်းချုပ်နည်းမျိုးစုံရှိသည်။ အထူးသဖြင့် ရှေးယခင်တုန်းက အဆင့်(၉)မိစ္ဆာသားရဲသခင်တစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့သည့် သူ၏သွေးဆက်ကြောင့်ပင်။ အဆင့်(၉)မိစ္ဆာသားရဲသခင်မှာ မဟာမိစ္ဆာသားရဲသခင်နှင့်တစ်ဆင့်သာ ဝေးကွာသည်။ အဆုံးသတ်တွင် ထိုလူသေဆုံးသွားခဲ့သော်လည်း မဆုံးခင် သူ၏လျှို့ဝှက်ပညာရပ်များကို နောင်လာနောက်သားများအတွက် အမွေပေးအပ်ခဲ့၏။
၄င်းသည် အခြားသော အနောက်ပိုင်းသဲကန္တာရ မိစ္ဆာသားရဲသခင်အမွေအနှစ်များနှင့် မယှဥ်ကောင်းမယှဥ်နိုင်သော်လည်း ဤကျီးနတ်မင်းမျိုးနွယ်စုငါးစုတွင်တော့ အတော်လေး ထင်ရှား လေ သည်။
"သစ်စိမ်းဝံပုလွေတွေက အဆင့်(၁)အဖြစ် မွေးဖွားလာပြီး အဆင့်(၇)အထိ ကြီးထွားနိုင်တဲ့ သစ်သားအမျိုးအစား ကမ္ဘာသစ်မိစ္ဆာတွေ ဖြစ်တယ် ။ အနောက်ပိုင်းသဲကန္တာရ ကမ္ဘာသစ်မိစ္ဆာစာရင်းထဲမှာ သူတို့က (၈၉၁)မြောက် နေရာမှာပဲ။ သူတို့ရဲ့မူလဘိုးဘေးကြီးက ရှေးသစ်စိမ်းပင်အောက်မှာ မွေးဖွားခဲ့တဲ့အတွက် သစ်စိမ်းဝံပုလွေလို့ နာမည်တွင်လာကြတာဖြစ်တယ်
"ဒီကောင်တွေက လျှပ်စီးလို လှုပ်ရှားနိုင်ပြီး အစွယ်ချွန်ချွန်တွေရှိတယ်။ သူတို့ကြိုက်တာကတော့ တောသစ်ရွက်အနံ့တွေကို ရှူရှိုက်ရတာပဲ။ အဆင့်(၅) မိစ္ဆာသားရဲသခင် ယောက် သုံးကြိမ်သန့်စင်ထားတဲ့ အစိမ်းရောင်အမွှေးတိုင်နဲ့ဆိုရင် သခင်မရှိတဲ့ သစ်စိမ်းဝံပုလွေတွေအားလုံးကို အညံ့ခံနိုင်အောင်လုပ်နိုင်တယ်" မိုဖန်း ဂုဏ်ယူဝင့်ကြွားစွာ ရှင်းပြနေစဥ် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ၏မျက်ဝန်းများတွင် လေးစားကြည်ညိုမှုများ ပြည့်နှက်လာတော့သည်။
မန်ဟို၏မျက်နှာကိုတော့ ပုံမှန်အပြုံးက ဖုံးလွှမ်းနေသည်။ သူက ဘာမှမပြောဘဲ မိုဖန်း အစိမ်းရောင်အမွှေးတိုင်တစ်တိုင်ထုတ်လိုက်သည်ကို ကြည့်ရုံသာကြည့်နေ၏။ အမွှေးတိုင်မှာ အပင်နှင့်အသီးအရွက်မျိုးစုံသုံးပြီး ပြုလုပ်ခံထားရပုံပေါ်သည်။ ၄င်းပေါ်လာသည်နှင့် မွှေးကြိုင်သင်းပျံ့သောရနံ့တစ်ခု လွင့်ပျံ့လာသည်။
သိို့သော် အဆိုပါရနံ့က သစ်စိမ်းဝံပုလွေငါးကောင်အပေါ် မည်သည့်သက်ရောက်မှုမှ မရှိပုံရသည်။ ၄င်းတို့က အဖက်ပင်မလုပ်ဘဲ မြေကြီးပေါ်တွင် ပျင်းရိပျင်းတွဲ ဆက်လှဲနေကြသည်။
"မဆိုးဘူး" မိုဖန်းက ပြောသည်။ "ဒီအဆင့်မြင့် အစိမ်းရောင်အမွှေးတိုင်ကို ခံနိုင်တယ်ဆိုတော့ ဒီကမ္ဘာသစ်မိစ္ဆာတွေက သာမန်မဟုတ်ဘူးဆိုတာ ဖော်ပြနေတာပဲ။ ဒါပေမဲ့ ဒီအမွှေးတိုင်ကို ငါ့ရဲ့ လျှို့ဝှက်မိစ္ဆာသားရဲသခင် မှော်မီးတောက်အစွမ်းနဲ့ ထိန်းညှိလိုက်ရင် မတူတော့ဘူး။ တာအိုရောင်ရင်းတို့ ရှုစားကြလော့" သူက မေးကိုမော့ထားရင်း ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ မကြာမီ သူ၏တစ်ဖက်လက်တွင် ကိုင်ထားသော အစိမ်းရောင်အမွှေးတိုင်မှ ဖြာထွက်လာသည့် မှော်လှိုင်းများကို မြင်လိုက်ရသည်။
အကောင်အထည်မရှိသော မီးတောက်တစ်ခု ပေါ်လာကာ အစိမ်းရောင်အမွှေးတိုင်အား တငွေ့ငွေ့ လောင်ကျွမ်းလာစေသည်။ ရနံ့မှာ စောစောကထက် ဆယ်ဆပိုပြင်းလာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်လာသည်။ သစ်စိမ်းဝံပုလွေအရုပ်ဆေးမင်ကြောင်များ ရှိသည့် ကျင့်ကြံသူများအားလုံး သူတို့ခန္ဓာကိုယ်အတွင်းရှိ အရုပ်များ အတင်းအဓမ္မ လှုပ်ရှားလာကြောင်း တွေ့လိုက်ရသဖြင့် အံ့သြကုန်ကြသည်။ သူတို့မှာ ကြောက်လန့်ဖွယ်အနံ့မှ နောက်ဆုတ်သွားကြ၏။
သို့သော် အနံ့၏လမ်းကြောင်းတည့်တည့်ရှိ သစ်စိမ်းဝံပုလွေငါးကောင်မှာ တုပ်တုပ်မှမလှုပ်ပေ။ မွှေးထူငါးကတော့ ခေါင်းထောင်ပြီး ပျင်းရိပျင်းတွဲ သမ်းလိုက်၏။
အရာအားလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။ မျက်နှာမသိမသာပျက်သွားသော မိုဖန်းကို ဝိုင်းကြည့်နေကြလေပြီ။ ဤကဲ့သို့အရာမျိုး ဖြစ်နိုင်သည်ဟူ၍ သူတစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။ သူက အေးစက်စက် နှာတစ်ချက်မှုတ်ရင်း ရုတ်တရက် လက်ဖျောက်တီးလိုက်ရာ အစိမ်းရောင်အမွှေးတိုင် ပြိုကွဲသွားသည်။ ထို့နောက် အမွှေးရနံ့သည် အဆများစွာ သိပ်သည်းပြီး ပိုပြင်းလာ၏။
သို့ထိတိုင်... မောင်မွှေးထူနှင့် မွှေးထူနှစ်မှာ မျက်ခွံပင်မလှုပ်ပေ။ မွှေးထူငါးမှာတော့ မိုဖန်းကို လျစ်လျူရှုပြီး မွှေးထူလေးကို တိုးဝှေ့ရင်း လိုက်စနေသည်။
မန်ဟိုက ချောင်းဟန့်လိုက်သည်။ သူတို့မှာ သန္ဓေပြောင်းသတ္တဝါများ ဖြစ်သောကြောင့် သာမန်သစ်စိမ်းဝံပုလွေများ၌ရှိသော ချို့ယွင်းချက်များ ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့ဖြစ်၍ အမွှေးနံ့မှာ လုံးဝအာနိသင်ကင်းမဲ့နေမည်သာ။
"မဆိုးဘူး" မိုဖန်းက လည်ချောင်းရှင်းရင်း ပြောသည်။ "ဒီသစ်စိမ်းဝံပုလွေတွေက ဒီအမွှေးတိုင်ကို ခံနိုင်ရည်တော်တော်ရှိတာပဲ။ ဒါပေမဲ့ အဲ့ဒါက ကိစ္စမရှိဘူး။ ကျုပ် မိုဖန်းမှာ ပညာရပ်တွေ တစ်ပုံကြီးရှိတယ်။ အရိုးရှင်းဆုံးက အလုပ်မဖြစ်ရင် ဂရုစိုက်စရာလား" ရုတ်တရက် သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင်အလင်းစက်လုံးတစ်လုံး သူ့အရှေ့တွင် ပေါ်လာသည်။ ၄င်းအတွင်း၌ အသားတုံးအကြီးကြီးတစ်တုံးကို မြင်နိုင်၏။
အသားစိမ်းမှာ သွေးတစ်စက်စက်ကျနေပြီး သွေးညှီနံ့တို့က ပတ်ဝန်းကျင်သို့ ပျံ့လွင့်လာသည်။ မွှေးထူငါးက ရုတ်တရက် ခေါင်းထောင်ကြည့်သည်။ မွှေးထူလေးနှင့်သုံးလည်း လှမ်းကြည့်လိုက်ကြသည်။ သစ်စိမ်းဝံပုလွေ ဆေးမင်ကြောင်များရှိသည့် ကျင့်ကြံသူများမှာ ကြောက်လန့်နေသောမျက်နှာထားများဖြင့် နောက်ဆုတ်သွားကြ၏။ သူတို့ကိုယ်အတွင်းရှိ သစ်စိမ်းဝံပုလွေအရုပ်များ ဒေါသတကြီး လှုပ်ရှားနေကြသည်ကို သူတို့ခံစားနေကြရသည်။ ၄င်းတို့မှာ အချိန်မရွေး အထိန်းအကွပ်မဲ့ပြီး ထွက်သွားတော့မည့်အလားပင်။
မိုဖန်းက ရယ်သည်။ "ရှာပင်ဒရယ်ရဲ့ အသွေးအသားကို သစ်စိမ်းဝံပုလွေတွေ မခံနိုင်ဘူး။ အထူးသဖြင့် ကျုပ် မိုဖန်းကိုယ်တိုင် ရှစ်လတိတိ သန့်စင်ထားတဲ့ ဒီအသားတုံးပဲ" မွှေးထူငါးက လှမ်းကြည့်နေသည်။ သူက နှာတရှုံ့ရှုံ့လုပ်ပြီးနောက် မွှေးထူလေးနှင့် ပြန်ကစားနေသည်။ မွှေးထူသုံးက အသားတုံးကို တခဏ စိုက်ကြည့်နေပြီးနောက် ငြီးငွေ့သွားပုံရသည်၊ တစ်ဖက်သို့ အကြည့်လွှဲသွား၏။
မန်ဟိုက မခိုးမခန့်ရယ်လိုက်သည်။ သူတို့ကို ဤကဲ့သို့ အသားမျိုးအား ပထမဆုံးတွေ့တွေ့ချင်း တစ်ခေါက်တုန်းကသာ ကျွေးခဲ့ဖူးလေသည်။ ထို့နောက်ပိုင်း တောတောင်ထဲသို့ တိတ်တဆိတ်ခေါ်သွားပြီး သားရဲများအား ကိုယ်တိုင်သတ်ဖြတ်၍ စားစေခဲ့သည်။ သူတို့အတွက် ယင်းက အလေ့အကျင့်ပင် ဖြစ်နေချေပြီ။ အသားစိမ်းမှမဟုတ်လျှင် နည်းနည်းမှ စိတ်မဝင်စားတော့ပေ။ စောစောက မွှေးထူငါး လှမ်းကြည့်သည့်အကြောင်းရင်းမှာ သိချင်စိတ်ကြောင့်သာ ဖြစ်၏။
မိုဖန်း၏မျက်လုံးများ ဝိုင်းစက်သွားသည်။ သို့သော် ပတ်ဝန်းကျင်ရှိ ကျီးကင်းထောက်မျိုးနွယ်များအားလုံး သူတို့ကို ဝိုင်းကြည့်နေကြ၍ ချောင်းဟန့်ပြီး ချီးကျူးနေသောပုံစံဖမ်းလိုက်သည်။
"ဒီတော့ တကယ့်ကို အစွမ်းထက်တဲ့အရာ ထုတ်သုံးရတော့မယ်ထင်တယ်" သူက အံကြိတ်ထားသည့်ကြားမှ ပြောသည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင်အရည်များထွက်လာသည်။ မောင်မွှေးထူနှင့် အခြားကောင်များကား အဖက်ပင်မလုပ်ပေ။
မိုဖန်း စိုးရိမ်လာလေပြီ။ သူက လက်နှစ်ဖက်လုံးဖြင့် မုဒြာလက်ကွက်တစ်ကွက်အား အလျင်အမြန် ဖော်လိုက်ရာ တဖျပ်ဖျပ်လက်နေသော အလင်းလှိုင်းများ သစ်စိမ်းဝံပုလွေငါးကောင်ထံ ပြေးထွက်သွားစေသည်။ သို့သော် ဝံပုလွေများက အလင်းလှိုင်းများအား လှည့်ပင်မကြည့်ပေ။ အိပ်နေသော မောင်မွှေးထူကလွဲ၍ သူတို့အားလုံး တစ်ကောင်နှင့်တစ်ကောင် လုံးထွေးသတ်ပုတ်ရင်း ဆော့ကစားနေကြသည်။
ပတ်ဝန်းကျင်ရှိ ကျီးကင်းထောက်မျိုးနွယ်ဝင်များ၏မျက်နှာပေါ်၌ ထူးဆန်းသောအမူအရာများရှိလေသည်။ သူတို့သည် မိုဖန်းတစ်ယောက် အမွှေးတိုင်၊ အသား၊ အရည်နှင့် မှော်အစွမ်းကိုပင် အသုံးပြုရသည်ကို မြင်ခဲ့ပြီးလေပြီ။ သူ့မှာ နည်းလမ်းပေါင်းများစွာ အသုံးပြုခဲ့ရ၍ ဇောချွေးပင် ပြန်နေချေပြီ.... သို့သော်လည်း သစ်စိမ်းဝံပုလွေများကား နည်းနည်းလေးမှဂရုမစိုက်။ သူ့ကို ဖုတ်လေတဲ့ငါးပိ ရှိသည်ဟုပင် မထင်ပေ။
ဝူချိန်၊ ဝူလင်းနှင့် အခြားသူများအားလုံး တစ်မျိုးတစ်မည်ဖြစ်နေသော မျက်နှာထားများဖြင့် စောင့်ကြည့်နေကြ၏။ အကြီးအကဲပင်လျှင် မျက်မှောင်ကြုတ်နေသည်။ မြေနတ်ဆရာကြီးမှာမူ မန်ဟို့၏ညာလက်ကို ထပ်ကြည့်လိုက်စဥ် သူ၏မျက်နှာပေါ်၌ လေးနက်သောအပြုံးတစ်ခု ဖြစ်ထွန်းသွား၏။
"သူ့ရဲ့သရုပ်မှန်က အဲ့ဒါကိုး" မြေနတ်ဆရာကြီးက တွေးလိုက်သည်။ သူ့မှာ အလွန်ဝမ်းမြောက်လာလေသည်။
မိုဖန်းက သစ်စိမ်းဝံပုလွေငါးကောင်ကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်နေသည်။ သူသည် အံတင်းတင်းကြိတ်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သွေးရောင်အလင်းပျံထွက်လာသည်။ ၄င်းက သွေးရောင်ဆေးလုံးတစ်လုံးပုံစံဖြင့် သူ့လက်ဖဝါးအပေါ် ဆင်းသက်လာသည်။
ဆေးလုံးပေါ်လာသည်နှင့်တစ်ပြိုက်နက် ကျီးကင်းထောက်မျိုးနွယ်ဝင်များ အံ့သြသွားကြသည်။ သူတို့၏အရုပ်ဆေးမင်ကြောင်များ တောက်ပလာပြီး ကမ္ဘာသစ်မိစ္ဆာတစ်ကောင်ပြီးတစ်ကောင် ထွက်လာကြ၏။ ၄င်းတို့အားလုံးက မိုးကောင်းကင်ကိုမျက်နှာမူ၍ ဟိန်းဟောက်လိုက်ကြကာ မိုဖန်းလက်ထဲရှိ သွေးရောင်ဆေးလုံးကို မမှိတ်မသုန်ကြည့်နေကြသည်။ ၄င်းတို့၏သခင်များ ထိန်းချုပ်ထားခြင်းကြောင့်သာမဟုတ်လျှင် ဤကမ္ဘာသစ်မိစ္ဆာများကား တိုက်ခိုက်ရန် ပြေးထွက်လာတော့မည်အလားပင်။
အကြီးအကဲ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ "အဲ့ဒါက...."
မြေနတ်ဆရာကြီးပင်လျှင် မျက်လုံးများကျဥ်းမြောင်းသွား၏။
မိုဖန်းက ဆေးလုံးကို ကိုင်ထားရင်း မောက်မာစွာပြောသည်။ "ကျုပ် ဒီဆေးလုံးကို အဆင့်(၁)မိစ္ဆာသားရဲသခင်ဘဝကတည်းက သန့်စင်လာခဲ့တာ။ ဒီဆေးလုံးက မိစ္ဆာအားဖြည့်ဆေးလုံးပဲ"
ဤသည်မှာ ကမ္ဘာမိစ္ဆာများအား ပစ်မှတ်ထားရာ၌ အသုံးပြု သော သူ၏ဝှက်ဖဲပင်။
"မိစ္ဆာအားဖြည့်ဆေးလုံး"
"ဒီတော့ ဒါက ဒဏ္ဍာရီလာ မိစ္ဆာအားဖြည့်ဆေးလုံးပေါ့။ ကမ္ဘာမြေကနေ ပျောက်ကွယ်သွားတာ ကြာပြီပြောတယ်။ ဒါတောင် မဟာအကြီးအကဲမိုက တစ်လုံးကိုင်ထားပါလား"
လူတိုင်းမှာ အလွန်အမင်းတုန်လှုပ်နေကြသည်။
မိုဖန်းက မာန်တက်နေသော လေသံဖြင့်ပြောသည်။ "ဒါက တကယ့် ဒဏ္ဍာရီလာ မိစ္ဆာအားဖြည့်ဆေးလုံး မဟုတ်ပေမယ့် ငါ့ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်းလာခဲ့တာပဲ။ အေးခဲနှင်းမျိုးနွယ်စုရဲ့ဆေးလုံးနဲ့ မယှဥ်နိုင် လောက်တာမှန်ပေမဲ့ တကယ် တော့ သူတို့ဖော်စပ်နည်းက ချို့ယွင်းချက်ရှိတယ်။ ငါ့ဆေးလုံးက အနောက်ပိုင်းသဲကန္တာရမှာတော့ တခြားဆေးလုံးတွေထက် အပုံကြီးသာတယ်။ မီတာသုံးရာအတွင်းမှာရှိတဲ့ ဘယ်ကမ္ဘာသစ်မိစ္ဆာကိုမဆို ရူးသွားစေနိုင်တဲ့ဆေးလုံးပဲ"
မိုဖန်းစဥ်းစားရသရွေ့ ယခု ဤ ဆေးလုံးကို ထုတ်ခဲ့ပြီးဖြစ်ရာ စိိုးရိမ်စရာမရှိတော့။ သူ့မှာ ကိုယ့်ရှုးကိုယ်ပတ်ပြီး သုံးသမျှနည်းလမ်းတိုင်း မအောင်မြင်ပြီးအောင်မြင်ဖြစ်ကာ အရှက်ဗြန်းဗြန်းကွဲနေသည့်အတွက်ကြောင့်သာမဟုတ်လျှင် ဘယ်တော့မှ ထုတ်ပြရဲမည်မဟုတ်ပေ။
ယခုတွင် ပတ်ဝန်းကျင်ရှိ ကမ္ဘာသစ်မိစ္ဆာများအားလုံး ဟိန်းဟောက်နေကြလေပြီ။ မန်ဟို့၏သစ်စိမ်းဝံပုလွေများက ဆေးလုံးလှမ်းကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် ထူးဆန်းသောအရိပ်အယောင်များ ပေါ်လာ၏။
***