ရှက်ရမ်းရမ်း
Vol. 29 Ch. 404
မိုဖန်းက ဘယ်သူ့မှ လူမထင်သည့်ပုံစံနှင့် မိစ္ဆာအားဖြည့်ဆေးလုံးအား ကိုင်ထားသည်။ ယခုအချိန်တွင် သူ့အတွက် စိတ်ပူစရာမရှိ တော့ပေ။ မည်သည့်ကမ္ဘာသစ်မိစ္ဆာမှ မိစ္ဆာအားဖြည့်ဆေးလုံးကို မတောင့်တဘဲ မနေနိုင်ကြသည်မဟုတ်ပါလော။
သို့သော် သူ၏ ဘဝင် မြင့်နေသော မျက်နှာ၌ အံ့သြခြင်းတို့ ပြည့်နှက်သွားရန်တခဏသာ ကြာလိုက်သည်။ သူတစ်ယောက်သာမဟုတ်။ ပတ်ဝန်းကျင်ရှိ ကျီးကင်းထောက်မျိုးနွယ်ဝင်အားလုံးလည်း သစ်စိမ်းဝံပုလွေငါးကောင်ကို မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေကြသည်။ သူတို့မှာ ယုံကို မယုံနိုင်တော့ပေ။
မောင်မွှေးထူက မျက်လုံးပင် ဖွင့်မကြည့်ဘဲ အိပ်မြဲအိပ်နေသည်။ မွှေးထူနှစ်နှင့် အခြားသူများတွင်တော့ ထူးဆန်းသော မျက်နှာအမူအရာများ ရှိလေသည်။ သူတို့က နှာခေါင်းကို တရှုံ့ရှုံ့လုပ်ပြီးနောက် မန်ဟို့ကို ကြောင်တောင်တောင်နှင့် လှမ်းကြည့်ကြသည်။
မန်ဟိုက ဘာမှမပြောပေ။ မောင်မွှေးထူက လွဲ၍ အခြားဝံပုလွေများအားလုံး ပြန်ဆော့ကစားနေကြသည်။ မိုဖန်းနှင့် သူ၏မိစ္ဆာအားဖြည့်ဆေးလုံးကိုမူ ရှိသည်ဟုပင် မထင်ကြပေ။ ပတ်ဝန်းကျင်ရှိ မျိုးနွယ်ဝင်များ၏ ကမ္ဘာသစ်မိစ္ဆာများမှာ အရူးအမူးဖြစ်နေရသော်လည်း သစ်စိမ်းဝံပုလွေငါးကောင်မှာတော့ တည်ငြိမ်နေကြလေသည်။ ထိုမြင်ကွင်းက မိုဖန်းခေါင်းထဲ၌ မိုးထစ်ချုန်းသံကဲ့သို့ ပေါက်ကွဲသံကြီးမြည်ဟည်းသွားစေသည်။
ဘယ်သူမှ စကားမပြောကြပေ။ လူတစ်ရာနီးပါးမှာ အသက်ပင်မရှူနိုင်ကြတော့ပုံရသည်။
"မဖြစ်နိုင်တာ.... " မိုဖန်းက ပြောသည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒါ...ဒါက မိစ္ဆာအားဖြည့်ဆေးလုံးလေ။ ဘယ်ကမ္ဘာသစ်မိစ္ဆာမှ မခံနိုင်တဲ့ ဆေးလုံး.... " သူ၏မျက်နှာမှာ သွေးမရှိတော့ပေ။ ဖြစ်ပျက်နေသောအရာက သူ့အတွက် ထိုးနှက်ချက်အကြီးစားကြီး ဖြစ်လေသည်။ သူ့မှာ တစ်ယောက်တည်း ရေရွတ်ပြီး သူ၏တန်ဖိုးအထားဆုံး မိစ္ဆာအားဖြည့်ဆေးလုံးကို စိုက်ကြည့်ရင်း နောက်သို့ ဒယိမ်းဒယိုင်ဆုတ်လိုက်မိသည်။ ထို့နောက် သစ်စိမ်းဝံပုလွေငါးကောင်ကို ပြန်မော့ကြည့်သည်။
သူ၏စိတ်အစဥ်သည် ချာချာလည်နေပြီး သူ၏မျက်လုံးများ၌ တွေဝေမှုများ ပြည့်နှက်နေသည်။ ရုတ်တရက် သူ့မှာ သူ့ကိုယ်သူ သံသယဝင်လာ၏။
မန်ဟိုက ချောင်းဟန့်လိုက်သည်။ မိုဖန်းအတွက် သူ အမှန်တကယ် စိတ်မကောင်းဖြစ်မိ၏။ ဤလူသာ တခြားပစ္စည်းတစ်မျိုးမျိုး ထုတ်ခဲ့လျှင် မောင်မွှေးထုနှင့် အခြားဝံပုလွေများ၏အာရုံကို ဆွဲဆောင်နိုင်ကောင်း ဆွဲဆောင်နိုင်ဦးမည်။ သို့သော် သူတို့အတွက်တော့ ဤတန်ဖိုးကြီးလှပါသည်ဆိုသော မိစ္ဆာအားဖြည့်ဆေးလုံးမှာ အလကားသာဖြစ်သည်။
မန်ဟို့၏ ဝံပုလွေများသည် ပေါက်စလေးကတည်းက အေးခဲနှင်းမျိုးနွယ်စု၏ မိစ္ဆာအားဖြည့်ဆေးလုံးဖြင့် ကျွေးမွေးပြုစုခံခဲ့ရလေသည်။ အရေးအကြီးဆုံးအချက်က အေးခဲနှင်းမျိုးနွယ်စုပင်လျှင် မန်ဟိုကဲ့သို့ ဆေးဝါးတာအိုမဟာအကြီးအကဲတစ်ဦးမရှိသရွေ့ သူ၏မိစ္ဆာအားဖြည့်ဆေးလုံးနှင့် အရည်အသွေးတူညီအောင် ဖော်စပ်နိုင်မည်မဟုတ်ပေ။
ဥပမာပေးရလျှင် ရွှေတုံးငွေတုံးကိုက်၍ ကြီးပြင်းလာသော သစ်စိမ်းဝံပုလွေများကို ကြေးသံတုံးတို့ဖြင့် ဖြားယောင်းနေသကဲ့သို့ဖြစ်သည်။ သူတို့အနေဖြင့် ထိုကဲ့သို့ အရာမျိုးကို ဂရုစိုက်နေမည်လော။
အထူးသဖြင့် မိစ္ဆာအားဖြည့်ဆေးလုံးအစစ်အား စားခဲ့သော မောင်မွှေးထူပင်။
အမှန်တော့ အေးခဲနှင်းမျိုးနွယ်စု၏ ဆေးဖော်စပ်နည်းမှာ ချို့ယွင်းချက်ရှိနေခြင်းမဟုတ်။ သူတို့မှာ မိစ္ဆာချုပ်နှောင်သူများမဟုတ် သောကြောင့် ၄င်းကိုအသုံးပြု၍ စစ်မှန်သော မိစ္ဆာအားဖြည့်ဆေးလုံးကို မဖန်တီးနိုင်ခြင်းဖြစ်သည်။
မိစ္ဆာချုပ်နှောင်သူများသာလျှင် ကောင်းကင်နှင့်မြေကြီး၏ မိစ္ဆာချီကိုအသုံးပြုပြီး ၄င်းအား ဆေးလုံးနှင့်တစ်သားတည်း ဖြစ်အောင် စိမ့်ဝင်ပေါင်းစည်းစေ၍ မိစ္ဆာအားဖြည့်ဆေးလုံးအစစ်ကို ဖော်စပ်နိုင်သည်။
ယင်းက မောင်မွှေးထူစားခဲ့သော ဆေးလုံးမျိုးဖြစ်သည်။ သူ၏ပြောင်းလဲမှုများမှာ အတိုင်းထက်အလွန် ထူးခြားခဲ့လေသည်။
'"မဟာအကြီးအကဲမိုမှာ စမ်းကြည့်စရာ တခြားနည်းလမ်းမရှိတော့ရင် ကျုပ်အတွက် သူ့ဆီက ကမ္ဘာသစ်မိစ္ဆာတစ်ကောင်ကောင်ရွေးဖို့ အချိန်ကျပြီထင်တယ်။ မြေနတ်ဆရာကြီး သက်သေလုပ်ပေးနိုင်မလားခင်ဗျ" မန်ဟိုသည် မိုဖန်းကို ပြုံးပြပြီးနောက် မြေနတ်ဆရာကြီးဘက်လှည့်၍ လက်ယှက်အရိုအသေပေးလိုက်သည်။
ဤလူ စောစောက သူ၏ညာလက်ပေါ်ရှိ အရုပ်ဆေးမင်ကြောင်အား လေ့လာနေသည်ကို မန်ဟိုသတိမထားမိဘဲ နေမည်လော။ ယင်းက အစကတည်းက သူ၏အစီအစဉ် ဖြစ်ပြီး သူ အယောင်ဆောင်ရန် ရွေးချယ်ခဲ့သော အထောက်အထားတစ်ခုလည်း ဖြစ်သည်။
အေးခဲနှင်းမျိုးနွယ်စု၏ ဆက်ခံသူတစ်ဦးဆိုသော အထောက်အထား။
မန်ဟို့ညာလက်ပေါ်က ဆေးမင်ကြောင်မှာ အေးခဲနှင်းပိုးကောင်နှင့် အလွန်တူသော မျက်လုံးမဲ့ပိုးကောင်ကလွဲ၍ တခြားမဟုတ်ပေ။ ကွဲပြားမှုကို မသိသူများကတော့ ထိုနှစ်ခုအား ဇဝေဇဝါဖြစ်ကြမည်သာ။ မှန်ပါသည် ပိုးကောင်အား အရုပ်အဖြစ် အသုံးပြုသော မျိုးနွယ်စုများမှာ အနောက်ပိုင်းသဲကန္တာရတွင် တွေ့လေ့တွေ့ထမရှိသော်လည်း သူသာ မိစ္ဆာသားရဲသခင်တစ်ဦး၏ ပင်ကိုယ်စွမ်းရည်များကို ထုတ်ဖော်ပြသလိုက်ရင် တစ်ခုနှစ်ခုတော့ ဆက်စပ်တွေးမိမှာ သေချာလေသည်။
မြေနတ်ဆရာကြီး၏စိတ်ထဲတွင် ထိုအတိုင်းဖြစ်ပျက်သွားခြင်းပင်။
မြေနတ်ဆရာကြီးက တခဏတွေးပြီးနောက် မိုဖန်းကို လှမ်းကြည့်သည်။ တကယ်တော့ သူဘာမှ ပြောစရာမလိုပေ။ သူ၏အကြည့်သာမဟုတ် ၊ ပတ်ဝန်းကျင်ရှိ ကျီးကင်းထောက်မျိုးနွယ်ဝင်များ၏ အကြည့်အားလုံး မိုဖန်းအပေါ်သို့ ကျရောက်နေလေပြီ။ ကျားတစ်ကောင်အား ခွစီးပြီးလျှင် ဆင်းရခက်သကဲ့သို့ မိုဖန်းလည်း အခက်တွေ့နေတော့သည်။
သူက မန်ဟို့ကို ရန်စောင်ကြည့်သည်။ ယခုတွင် သူ၏ရန်လိုစိတ်များမှာ မယုံကြည်နိုင်ဖွယ်အတိုင်းအတာတစ်ခုအထိ ရောက်နေလေပြီ။ သူသည် အချိန်အတော်လေးကြာသော် အံကြိတ်လိုက်သည်။ သူ့အနေဖြင့် ဤလူအားလုံး၏ရှေ့မှောက်၌ မိစ္ဆာသားရဲသခင်တစ်ဦးကို ထိပါးစော်ကား၍မဖြစ်ပေ။ မန်ဟို့၏ ကမ္ဘာသစ်မိစ္ဆာများကို ယူရန် ကြိုးစားခွင့်ရသည့် တစ်ချိန်တည်းမှာပင် မန်ဟို့အားလည်း ယူခွင့်ပေးရန် သဘောတူခဲ့ပြီးလေပြီ။
မိုဖန်းက တစ်ယောက်တည်း တွေးရင်း အေးစက်စက်နှာမှုတ်လိုက်သည်။ "သူ့ရဲ့ ကမ္ဘာသစ်မိစ္ဆာတွေက ထူးကို ထူးဆန်းလွန်းတယ်။ ဒါပေမဲ့ ငါ သူတို့ကို ငါ့နောက်လိုက်အောင် မလုပ်နိုင်ခဲ့ပေမယ့် ငါ့ကမ္ဘာသစ်မိစ္ဆာတွေကို ယူသွားနိုင်မယ်လို့ တွေးနေရင် ချောင်မှာသွားငိုနေလိုက်တော့" သူသည် သူ၏ကမ္ဘာသစ်မိစ္ဆာအုပ်၏အင်အားကို တွေးရင်း အတော်လေးယုံကြည်ချက်ရှိနေ၏။ ထို့နောက် သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အထူးသိုလှောင်အိတ်တစ်လုံး ထွက်ပေါ်လာသည်။ ဤသိုလှောင်အိတ်သည် သားရဲတို့၏အရေပြားမှ ချုပ်ထားပုံရသည်။ ၄င်းက တုန်ခါလာပြီး ရုတ်တရက် အလွန်အားပါသော အော်သံများနှင့်အတူ ရောင်စုံအလင်းတန်းအမြောက်အမြား ရုတ်တရက် ပျံထွက်လာသည်။
စုစုပေါင်းအားဖြင့် သစ်စိမ်းလင်းနို့ (၂၃) ကောင်၊ သစ်စိမ်းမြွေ (၁၉) ကောင်နှင့် သစ်စိမ်းလင်းနို့ (၁၃)ကောင်တို့ ဖြစ်ကြသည်။ ၄င်းတို့က အံ့မခန်းလိလိစွမ်းအားများကို ထုတ်လွှတ်ရင်း မိုဖန်းကိုပတ်၍ ပျံဝဲနေကြသည်။ ကြည့်ရှုနေကြသော ကျီးကင်းထောက်မျိုးနွယ်ဝင်များ၏မျက်နှာများအပေါ်၌ လေးစားသောအရိပ်အယောင်များရှိကြသည်။
ထိုအခြင်းအရာက မိုဖန်း၏ရှက်ရွံ့နေမှုကို အတန်ငယ်လျော့နည်းသွားစေသည်။ သူသည် မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် သိုလှောင်အိတ်နောက်တစ်လုံးထုတ်ကာ သူ၏အရှေ့၌ ဝှေ့ယမ်းလိုက်သည်။ မီတာသုံးဆယ်ရှည်လျားသော ကမ္ဘာသစ်မိစ္ဆာသုံးကောင် ထွက်လာသဖြင့် နားစည်ကွဲလုမတတ် ကျယ်လောင်လှသော အော်သံကြီးသုံးသံက အရာအားလုံးကို တုန်ခါသွားစေသည်။ တစ်ကောင်က အလုံးတုတ်တုတ် သစ်စိမ်းစပါးအုံကြီးတစ်ကောင်ဖြစ်ကာ နောက်တစ်ကောင်က လျှပ်စီးမိုးကြိုးများ လက်လက်ထနေသော ခန္ဓာကိုယ်နှင့် သစ်စိမ်းဝံပုလွေတစ်ကောင်ဖြစ်၏။
သုံးကောင်အနက် နောက်ဆုံးအကောင်က ကမ္ဘာသစ်မိစ္ဆာတစ်အုပ်လုံးကို တုန်ခါသွားစေသည်။ ၄င်းကား ဧရာမလင်းနို့ကြီးတစ်ကောင်ဖြစ်သည်။
ဤလင်းနို့ကြီးသည် အလွန့်အလွန်ကြာမြင့်စွာ အသက်ရှင်နေထိုင်ခဲ့သကဲ့သို့ ရှေးဆန်သောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ၄င်းက လေလယ်တွင် ပျံဝဲနေပါသော်လည်း တကယ်တမ်း ၄င်း၏တံတောင်များအား ဖြန့်ထားခြင်းမရှိဘဲ လူတစ်ယောက်သဖွယ် မတ်မတ်ကြီးရပ်နေသည်။ ၄င်းက စူးရှပြီးသွေးအေးသောမျက်လုံးများဖြင့် ဟိုဟိုသည်သည်ကြည့်နေသည်။ ၄င်းအကြည့်ရောက်သွားသော မည်သူမဆိုမှာ ကြောက်ဒူးမတုန်ဘဲ မနေပေ။
ပတ်ဝန်းကျင်ရှိ ကျီးကင်းထောက်မျိုးနွယ်ဝင်များမှာ မိုဖန်အား ရိုသေလေးစားစွာဖြင့် ကြည့်နေကြတော့သည်။
"အဆင့်(၅) ကမ္ဘာသစ်မိစ္ဆာသုံးကောင်။ သုံးကောင်လုံးကလည်း သန္ဓေပြောင်းပြီးသား။ ပြီးတော့ ဟိုလင်းနို့ကြီးကို ကြည့်ပါဦး...ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်နီးနီး သန်မာတယ်"
"အများစုက အဆင့်(၃) တွေဆိုပေမယ့် အဆင့်(၄)တွေလည်း တော်တော်များများရှိသေးတာပဲ။ အဆင့်(၂) တစ်ကောင်မှမပါဘူး"
အနောက်ပိုင်းသဲကန္တာရတွင် အဆင့်(၅) မိစ္ဆာသားရဲသခင်အား အစွမ်းထက်ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ ဥပမာအားဖြင့် မိုဖန်းတွင် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံခြင်းအခြေခံသာရှိသည်။ သို့သော်လည်း အတိုက်အခိုက်စွမ်းရည်အရဆိုလျှင် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်ပင်လျှင် ခေါင်းကိုက်စရာဖြစ်ပေလိမ့်မည်။
"ဒါက ငါ့ရဲ့ကမ္ဘာသစ်မိစ္ဆာအုပ်ပဲ။ မင်းမှာအစွမ်းအစရှိတယ်ထင်ရင် ယူသွားနိုင်တယ်" မိုဖန်း၏ ယုံကြည်ချက်ပြည့်ဝနေသောအသံသည် ပဲ့တင်ထပ်လာ၏။ သူ၏အမူအရာမှာ မာန်တက်နေသောပုံစံရှိသည်။ အလွန်ဆုံး အားနည်းသော အဆင့်(၃) ကမ္ဘာသစ်မိစ္ဆာနည်းနည်းပါးပါးကိုသာ မန်ဟိုယူသွားနိုင်သည်ဟု သူက အပိုင်တွက်ထားလေသည်။ သူသည် ဤကမ္ဘာသစ်မိစ္ဆာများအား လက်ခံရရှိပြီးနောက် သူ၏ရင်းမြစ်အလုံးစုံကို သုံးစွဲကာ ၄င်းတို့ကို မွေးမြူထိန်းကျောင်းခဲ့ရသည်။ ၄င်းတို့မှာ သူနှင့်အတူ နှစ်ပေါင်းများစွာနေထိုင်ခဲ့သည်ဖြစ်ရာ မန်ဟို့ကို ဘယ်နည်းနှင့်မှ အညံ့ခံကြမည်မဟုတ်ပေ။
မန်ဟိုက ပြုံးသည်ဆိုရုံလေးပြုံးလိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေံနှင့် သရုပ်မှန်ကို ထည့်တွက်လျှင် ဤသေးဖွဲသိမ်နုပ်သော ကျင့်ကြံသူလေးတစ်ယောက်အား ပညာပေးဖို့မသင့်တော်ပေ။ သူ၏အကြည့်သည် ကမ္ဘာသစ်မိစ္ဆာများအား လွှမ်းခြုံသွား၏။
"မန်ဟို့ရဲ့ ကမ္ဘာသစ်မိစ္ဆာဖြစ်လာတာက ကောင်းမွန်တဲ့ကံတရားလို့ပဲ သတ်မှတ်နိုင်တယ်။ ငါ မင်းတို့စဥ်းစားဖို့ အချိန် အသက်သုံးရှိုက်ပေးမယ်။ ငါ့နောက်လိုက်ချင်ရင် ဒီကိုလာခဲ့" သူသည် စကားလုံးများကို မထူးခြားသလို ပြောလိုက်သော်လည်း စကား ပြောနေစဥ် မိစ္ဆာချီအား ထုတ်ဖော်ထားလေသည်။
ဤမိစ္ဆာချီပမာဏနည်းနည်းလေးကပင် ကမ္ဘာသစ်မိစ္ဆာတစ်ဒါဇင်ကျော်ကို ချက်ချင်း တုန်ရီပြီး လှမ်းကြည့်လိုက်စေသည်။ ၄င်းက ကျီးကင်းထောက်မျိုးနွယ်ဝင်များ၏ အရုပ် ပြောင်းခံထားရသော ကမ္ဘာသစ်မိစ္ဆာများကိုလည်း စတင်ဟိန်းဟောက်လာစေ၏။ အရုပ်အားလုံးသည် သူတို့၏သခင်များကို စွန့်ခွာ၍ မျှော်လင့်ချက်များဖြင့် ဟိန်းဟောက်ရင်း လေပေါ်ပျံထွက်လာကြလေသည်။
မျိုးနွယ်စုအကြီးအကဲမှာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အရုပ်ဆေးမင်ကြောင်တောက်ပလာပြီးနောက် အတွင်းရှိ သစ်စိမ်းမြွေမှာ တွန်ရင်း အပြင်ထွက်လာသည့်အတွက် မျက်စိမျက်နှာပျက်နေ၏။
မြေနတ်ဆရာကြီးလည်း အရုပ်ဆေးမင် ကြောင်မှ အရောင်အဝါများ ဖြာထွက်လာ၍ မျက်နှာပျက်သွားသည်။ သူသည် ပင့်သက်ရှိုက်ရင်း လက်ကိုဝှေ့ယမ်းကာ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လိုက်သည်။
မမြင်နိုင်သောအကာအကွယ်များ ရုတ်တရက် နေရာအနှံ့ထွက်ပေါ်လာပြီး မျိုးနွယ်ဝင်များ၏ အရုပ်ကမ္ဘာသစ်မိစ္ဆာမျာအား ထွက်မသွားအောင် ဟန့်တားနေကြသည်။
မိုဖန်းမှာ လုံးလုံးလျားလျား မယုံကြည်နိုင်ဖြစ်နေပြီး အသက်မနည်းရှူနေရတော့သည်။ သူသည် စောစောက သူ့ဘေး၌ ရိုရိုကျိုးကျိုး ထိုင်နေခဲ့ကြသော ကမ္ဘာသစ်မိစ္ဆာအုပ်ကို စိုက်ကြည့်လိုက်၏။ ယခုတွင် ၄င်းတို့မှာ ရှူးရှူးရှားရှားဟိန်းဟောက်ရင်း မန်ဟို့ဆီ ပြေးထွက်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်း အဆင့်(၅) ကမ္ဘာသစ်မိစ္ဆာသုံးကောင်သာ ရုန်းကန်လျက်ကျန်ရစ်ခဲ့သည်။
အသက်တစ်ရှိုက်ကြာသော် သစ်စိမ်းဝံပုလွေနှင့် အနက်ရောင်သစ်စိမ်းစပါးအုံကြီးကား မန်ဟိုထံ ပျံသန်းသွားလေပြီ။ ယခုတွင် လင်းနို့ကြီးသာ မန်ဟို့ကို ၄င်း၏သွေးအေးသောမျက်လုံးများဖြင့် မမှိတ်မသုန် စိုက်ကြည့်ရင်း ကျန်ခဲ့တော့သည်။ သို့သော် ထိုမျက်လုံးများထဲ၌ အသိဉာဏ် နှင့် အံ့သြနေမှုတို့အား မြင်နိုင်၏။
"ဒီကိုလာခဲ့" မန်ဟိုက လင်းနို့ကို ပြန်စိုက်ကြည့်ရင်း ပြောသည်။ ဤလင်းနို့မှာ အခြားသူများ ရှာရခက်မည်ဖြစ်သော ဒဏ်ရာတစ်မျိုးခံစားနေရ ကြောင်း သူပြောနိုင်သည်။ ထို့အပြင် မန်ဟိုသည် ၄င်းထံမှ ထွက်နေသော မိစ္ဆာချီအနည်းငယ်ကိုလည်း မြင်နေရ၏။
ယင်းက မောင်မွှေးထူနှင့် အလွန်တူသည်။
သို့ရာတွင် မိစ္ဆာချီမှာ ကမောက်ကမဖြစ်နေသည့်အတွက် ထူးဆန်းသောဒဏ်ရာတစ်မျိုး မန်ဟို အာရုံခံနိုင်ခြင်းဖြစ်သည်။
မန်ဟို လင်းနို့ကြီးကို စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် ၄င်း၏မျက်လုံးများက အသိဉာဏ်ရှိသောအလင်းရောင်ဖြင့် တောက်ပသွားသည်။ ရုတ်တရက် ၄င်း၏ခန္ဓာကိုယ်သည် လေကိုခွင်းလာပြီး မန်ဟို့ဘေးသို့ ဆင်းသက်လိုက်၏။
"မဖြစ်နိုင်တာ" မိုဖန်းက အော်သည်။ သူ့ပါစပ်မှ သွေးများ ပန်းထွက်လာပြီး သူ့မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွား၏။ သူကား ရူးပေတော့မည်။
ဤအရာအားလုံးမှာ လက်ခံဖို့ရန် မဖြစ်နိုင်ပေ။ သူ၏မျက်လုံးများမှာ ရဲတွတ်နေပြီး သူ၏ဆံပင်မှာ လုံးဝရှုပ်ပွနေတော့သည်။ သူအော်ဟစ်လိုက်သည့်အချိန်မှာပင် သူ၏မျက်လုံးများ အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်နေလေပြီ။ လူအများ၏ အုတ်ကြားမြက်ပေါက် မိစ္ဆာသားရဲသခင်တစ်ဦးက သူ့အား ဤကဲ့သို့ အနိုင်ယူသွားသည်ကို သူမည်သို့လက်ခံနိုင်မည်နည်း။ အသတ်အဖြတ်စိတ်ဆန္ဒသည် သူ၏မျက်ဝန်းများ၌ တဟုန်းဟုန်း တောက်လောင်နေပြီး သူက ညာလက်ကို ဆတ်ခနဲ မြှောက်လိုက်သည်။
သူ၏လက်ကောက်ဝတ်ပေါ်တွင် အနက်ရောင်အရိုးလက်ကောက်တစ်ခုရှိ၏။ လက်ကောက်သည် အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားပြီး အရိုးပြာမြူများ ပျံ့လွင့်လာသည်။
အရိုးပြာမြူများက တဖြေးဖြေး စုစည်းလာသည်။ ၄င်းသည် စူးရှ တောက်ပလာ ပြီး နေရာရွှေ့ပြောင်းခြင်းအလင်းကို ထုတ်လွှတ်လာ၏။ နေရာရွှေ့ပြောင်းခြင်းမန္တန်အတွင်းမှ ကြောက်မက်ဖွယ်ရာ တဝုန်းဝုန်းမြည်သံများ ရုတ်တရက် ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ပြာရောင်အလင်းတန်းများ ဖြာထွက်လာပြီး ၂၅မီတာအရှည် မီးခိုးရောင်မျောက်ဝံကြီးအသွင် ပြောင်းသွား၏။
မျောက်ဝံကြီး၏မျက်လုံးများက ရဲတွတ်နေပြီး အမွှေးဖားဖားကြီးဖြစ်သည်။ ၄င်းက ထွက်လာသည်နှင့်တစ်ပြိုင်နက် အမြုတေဖြစ်တည်မှုအဆင့်နှင့်ညီမျှသော အရှိန်အဝါကို ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားစေရင်း တုန်လှုပ်ချောက်ချားဖွယ်ရာ ဟိန်းဟောက်သံကြီး ထုတ်လွှတ်လိုက်၏။ ကျီးကင်းထောက်မျိုးနွယ်ဝင်များအားလုံး ချက်ချင်း ပင့်သက်ရှိက်သွားကြသည်။
"အဆင့်(၆) ကမ္ဘာသစ်မိစ္ဆာ"
"အဲ့ဒါ အဆင့်(၆) ကမ္ဘာသစ်မိစ္ဆာကြီးပဲ"
မိုဖန်းက ဒေါသတကြီး အော်သည်။ "သူ့ရဲ့ ကမ္ဘာသစ်မိစ္ဆာတွေအားလုံးကို သတ်ပစ်၊ သူ့ကိုသတ်ပစ်"
ချက်ချင်းပင် ဧရာမမျောက်ဝံကြီးက ခုန်တက်ပြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် ၄င်းသည် မန်ဟို့ထံသို့ တန်းတန်းမတ်မတ်ပြေးထွက်သွား၏။
၄င်း၏မျက်လုံးများသည် ၄င်းတစစီမစုတ်ဖြဲပစ်နိုင်သော သတ္တဝါဟူ၍မရှိသည့်အလား ရက်စက်ကြမ်းကြုတ်နေသည်။
မန်ဟို့၏မျက်လုံးများ အေးစက်သွား၏။
"မောင်မွှေးထူ" သူက အေးတိအေးစက်ပြောသည်။
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် တစ်ချိန်လုံးအိပ်နေခဲ့သော မောင်မွှေးထူက ခေါင်းထောင်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ပိန်ချုံးချုံးနှင့် အားနည်းသယောင်ထင်ရသော်လည်း ရုတ်တရက် ကြောက်ခမန်းလိလိ စွမ်းအားကြီးအား ထုတ်ဖော်လိုက်၏။ သူ၏မျက်လုံးများသည် မိုးကောင်းကင်ထိတိုင် ရိုက်ခတ်နေသော အကြင်နာမဲ့ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။
သူ၏ရက်စက်ကြမ်းကြုတ်မှုမှာ များသောအားဖြင့် မန်ဟို့၏ ဖိနှိပ်ခြင်းခံထားရသည်။ တိုက်ရိုက်အမိန့်မပေးသရွေ့ ဘယ်တော့မှ ထွက်ပေါ်လာမည်မဟုတ်ပေ။ ယခုတွင် ၄င်းထွက်လာသည်နှင့် သွေးရောင်အရှိန်အဝါတစ်ခုက သူ၏ခန္ဓာကိုယ်မှာ ဖြာထွက်လာ၏။ ဤအခိုက်အတန့်မှာပင် ၄င်း၏အစိမ်းရောင်အမွှေးများသည် ရုတ်တရက်.....
အဖြူရောင်ပြောင်းသွား၏။
***