ဝံပုလွေဖြူ
Vol. 29 Ch. 405
အဖြူရောင်အလင်းတန်းသည် မယုံကြည်နိုင်သော အမြန်နှုန်းဖြင့် တဟုန်ထိုးထွက်သွား၏။ ၄င်းသည် စက္ကန့်ဝက်အတွင်း မျောက်ဝံကြီး၏အရှေ့တည့်တည့်သို့ ရောက်သွားလေပြီ။ အုန်းခနဲ ပေါက်ကွဲသံကြီးက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေပြီး လှိုင်းဂယက်များအား အဘက်ဘက်သို့ ဖြာထွက်ရိုက်ခတ်သွားစေသည်။ ဖုန်များ တထောင်းထောင်းထလာပြီး လေများ တဝေါဝေါတိုက်ခတ်လာ၏။
ဧရာမမျောက်ဝံကြီးထံမှာ ငြီးငြူသံကြီးက နောက်ဆက်တွဲထွက်ပေါ်လာသည်။ ၄င်း၏ ကြီးမားသောကိုယ်လုံးကြီးမှာ တောင်တစ်လုံးအား ပြေးဝင်တိုက်လိုက်သည့်အလားပင်။ ၄င်း၏ စူးစူးဝါးဝါးအော်သံကြီး ပဲ့တင်ထပ်နေစဥ် ၄င်းသည် ပါးစပ်မှသွေးများပန်းထွက်ရင်း နောက်လန်သွား၏။ ယခုတွင် ၄င်း၏ရင်ဘတ်ကြီးမှ သွေးတို့ စီးကျနေသည်။ ဧရာမအသားတုံးကြီးတစ်တုံးမှာ ၄င်း၏ခန္ဓာကိုယ်မှ ကိုက်ဖြဲခံလိုက်ရပြီဖြစ်သည်။
အဖြူရောင်အလင်းက လက်ခနဲ ဖြစ်သွားပြီး မောင်မွှေးထူသည် ပါးစပ်တွင် အသားတုံးကြီးတစ်တုံးကို ခဲရင်း ဘေးတွင် ရပ်နေ၏။ သူက အသားတုံးကြီးကို မြိုချပြီး နှုတ်ခမ်းမှ သွေးများအား လျှာနှင့်သပ်လိုက်သည်။
သူ၏မျက်နှာထားသည် သွေးအေးရက်စက်မှုနှင့်ဒွန်တွဲလျက် မာန်တက်နေသောအသွင်ဖြစ်သည်။ သူက မျောက်ဝံကြီးကို တခဏကြည့်ပြီး ကောင်းကင်ကို မျက်နှာမူ၍ ဟိန်းဟောက်လိုက်သည်။ ရုတ်တရက် သူ၏ပတ်ပတ်လည်တွင် အရိပ်များပေါ်လာပြီး ၄င်းတို့အတွင်း၌ ဧရာမသစ်ပင်ကြီးတစ်ပင်၏ပုံရိပ်ကို မြင်နိုင်လေသည်။
သစ်ပင်ကြီး၏အကိုင်းအခက်များသည် တစ်ခုနှင့်တစ်ခု ထွေးယှက်လိမ်ဖယ်ရင်း ဝံပုလွေခေါင်းကြီးပုံစံ ပြောင်းလဲလာသည်။ မောင်မွှေးထူက ရှေ့သို့ ခုန်တက်လိုက်သဖြင့် မျောက်ဝံကြီးမှာ ကြောက်သွားပုံရသည်။ မည်သို့ဆိုစေ ၄င်းသည် ဟိန်းဟောက်၍ ခန္ဓာကိုယ်ကြီးအား ကြီးမားသွားစေရင်း တဟုန်ထိုးပြေးထွက်လာသည်။
မောင်မွှေးထူ၏ခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားကာ မျောက်ဝံကြီးအနား နောက်တစ်ဖန်ရောက်သွားပြန်သည်။ သူ၏ပါးစပ်ကြီးက အကျယ်ကြီးဖြဲပြီး မျောက်ဝံ၏လည်ဂုတ်ကို ခဲလိုက်၏။ ဤတစ်ကြိမ်တွင်တော့ မျောက်ဝံကြီး၏အော်သံများထက် မည်သည့်အရာကမှ သနားစဖွယ်မကောင်းနိုင်တော့ပေ။
သွေးပျက်ဖွယ်အသံနက်ကြီးနှင့်အတူ ဂျွတ်ခနဲ အရိုးကျိုးသံကြီး ပဲ့တင်ထပ်လာသည်....
မောင်မွှေးထူက မျောက်ဝံကြီး၏ခေါင်းကို ကိုက်ဖြုတ်ပစ်လိုက်သဖြင့် သွေးများဖွားခနဲ ပန်းထွက်သွား၏။ သူသည် ထိုခေါင်းပြတ်ကြီးကို ကိုက်ရင်း မန်ဟို့ဆီ လှစ်ခနဲပြန်လာသည်။ ထို့နောက် ခေါင်းပြတ်ကို မြေကြီးအပေါ်ပစ်ချပြီး ၄င်းမှစီးကျနေသည့်သွေးများကို လျက်ကာ ဝိုင်းကြည့်နေသူများအား အေးစက်စက်ဝေ့ကြည့်လိုက်သည်။ မန်ဟို အမိန့်ထပ်ပေးမှသာလျှင် သူတိုက်ခိုက်မည်ဖြစ်၏။
မောင်မွှေးထူအနားတစ်ဝိုက်ရှိ ကမ္ဘာသစ်မိစ္ဆာများမှာ သူ့အနား၌ပင် မနေရဲကြသဖြင့် ကတုန်ကယင်နှင့် နောက်ဆုတ်သွားကြသည်။ မွှေးထူနှစ်နှင့် အခြားသစ်စိမ်းဝံပုလွေများပင်လျှင် ထိုသို့လုပ်လိုက်ကြလေသည်။ အဆင့်(၅) မိုးကြိုးသစ်စိမ်းဝံပုလွေနှင့် စပါးအုံကြီးသည်လည်း ကြောက်ရွံရိုသေမှုတို့ ပြည့်နှက်နေသည့်အမူအရာများဖြင့် နောက်သို့ တဖြေးဖြေးဆုတ်သွားကြသည်။
အနက်ရောင်လင်းနို့ကြီးသာလျှင် မောင်မွှေးထူကို သွေးအေးစွာ စိုက်ကြည့်ရင်း ကျန်ခဲ့သည်။ မောင်မွှေးထူကလည်း ရက်စက်ကြမ်းကြုတ်မှုတို့ ကခုန်နေသော မျက်ဝန်းများဖြင့် ပြန်ကြည့်၏။
ကမ္ဘာသစ်မိစ္ဆာနှစ်ကောင် တစ်ကောင်ကိုတစ်ကောင် အကဲခတ်နေ ကြသည်။
ရင်ပြင်တွင်တော့ မိုဖန်းမှာ ဖြူဆုပ်နေသောမျက်နှာပေါ်တွင် ကြောင်တောင်တောင်ဖြစ်နေသောအသွင်နှင့် တစ်ကိုယ်လုံးတုန်ရီလျက် ရပ်နေသည်။
ယခုတွင် ဧရာမမျောက်ဝံကြီးမှာ ခေါင်းပြတ်ကိုယ်ကြီးသာရှိတော့၏။ သွေးတို့က လည်ပင်းမှ ပန်းထွက်နေရာ ရင်ပြင်တစ်ခုလုံး သွေးညှီနံ့များ နံစော်နေတော့သည်။
အချိန်အတော်လေးကြာမှ လူအများမှာ အသက်ရှူရန် သတိရတော့သည်။ အကြည့်အားလုံးသည် မောင်မွှေးထူမှမခွာပေ။ သူတို့၏အမူအရာများမှာ အံ့သြခြင်း၊ တုန်လှုပ်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ ရောထွေးနေတော့သည်။
"ဝံပုလွေဖြူ"
"ဝံပုလွေဖြူတစ် ကောင် ဖြစ်နေတာကိုး။ ကျီးကင်းထောက်မျိုးနွယ်စုရဲ့ ရှေးဟောင်းမှတ်တမ်းတွေထဲမှာ ကျီးနတ်မင်းဝံပုလွေဖြူတစ်ကောင် ရှိတယ်လို့ ဖော်ပြထားဖူးတယ်။ ဒဏ္ဍာရီတွေအရ အဲ့ဒါက သစ်စိမ်းဝံပုလွေအားလုံးရဲ့ဘိုးဘေးကြီးနဲ့ အရောင်တစ်ရောင်တည်းဆိုပဲ။ ဒါ....ဘိုးဘေးကြီးပြန်ဝင်စားတာလို့တော့ မပြောနဲ့နော်"
"ပြန်လည်မွေးဖွားလာတဲ့ သန္ဓေပြောင်း ဘိုးဘေးကြီး။ နှစ်ပေါင်းတစ်ရာမှာ တစ်ခါတောင် မြင်တွေ့ရခဲတဲ့အရာပဲ။ သစ်စိမ်းဝံပုလွေတစ်သောင်းမှာမှ တစ်ကောင်ပဲရှာတွေ့နိုင်လောက်တာ။ ကျီးကင်းထောက်မျိုးနွယ်စုမှာ ဝံပုလွေဖြူတစ်ကောင်မရှိတာ နှစ်ချို့နေပြီ"
ကျီးကင်းထောက်မျိုးနွယ်ဝင်များ အုတ်အုတ်ကျက်ကျက်ဖြစ်နေတော့သည်။ တစ်ယောက်ချင်းစီ၏စိတ်နှလုံးတုန်လှုပ်မှုမှာ စောစောကဖြစ်ပျက်ခဲ့သမျှထက် ကျော်လွန်သွားလေပြီ။
မျိုးနွယ်စု၏ အကြီးအကဲမှာမူ အသက်မနည်းရှူနေရပြီး သူ၏မျက်လုံးများရှိ လိုချင်တပ်မက်နေသော အရိပ်အ ယောင်အား မဖုံးဖိနိုင်တော့ပေ။
မြေနတ်ဆရာကြီးသည် မောင်မွှေးထူနှင့် သူ၏အမွှေးဖွားဖွားများကို ကြည့်နေစဥ် တစ်ကိုယ်လုံးတုန်ရီသွားပြီး သူ၏မျက်လုံးများတောက်ပလာသည်။ သူ့မှာ တခဏ မောဟိုက်နေပြီးနောက်မှ က္ကန္ဒြေဆည်နိုင်တော့သည်။
"မြေနတ်ဆရာကြီး" မန်ဟိုက အေးစက်သောလေသံဖြင့်ပြောသည်။ "ကျုပ် နတ်ဆရာကြီးကို မျက်မြင်သက်သေလုပ်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဒီမျောက်ဝံကမ္ဘာသစ်မိစ္ဆာနဲ့ပတ်သက်ပြီး ဖြေရှင်းချက်ပေးရင် ကောင်းမယ်။ ကျုပ် ကျုပ်နည်းကျုပ်ဟန်နဲ့ ဒီကိုင်တွယ်လိုက်ရတာကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ် " သူက လက်ကို ဝှေ့ယမ်းကာ ကမ္ဘာသစ်မိစ္ဆာများအား ရှေ့သို့ထွက်သွားစေသည်။ ၄င်းတို့က သွားချွန်ချွန်များဖြင့် မျောက်ဝံကြီး၏အလောင်းကို ခဲပြီး မန်ဟို့ဆီ တရွတ်တိုက် ဆွဲလာကြသည်။
မန်ဟိုက လက်ယှက်အရိုအသေပေးပြီးနောက် ကျီးကင်းထောက်မျိုးနွယ်ဝင်အားလုံး၏အရှေ့တွင် ချာခနဲ လှည့်၍ တောင် အောက်ပြန်ဆင်းလာသည်။ သူလမ်းတွင် ရပ်နေသော မျိုးနွယ်ဝင်များမှာ မျက်နှာများ၌ လေးစားရိုသေမှုတို့ ပြည့်နှက်နေလျက် ဘေးသို့ရှဲပေးကြသည်။ အတော်များများက သူ့ကို ခေါင်းငုံ၍အရိုအသေပင် ပေးကြသည်။
ကျင့်ကြံခြင်းလောကတွင် အစွမ်းထက်သူများကို ရိုသေလေးစားရ၏။ ယင်းမှာ မည်သည့်နေရာတွင်မဆို အကျုံးဝင်သည်။ အနောက်ပိုင်းသဲကန္တာရတွင်မူ ပို၍ပင် အရေးပါသေးသည်။
ဤအခိုက်တွင် ရွှေမုတစ်ယောက် သတိပြန်ရလာသည်။ သူက မန်ဟို ကမ္ဘာသစ်မိစ္ဆာဒါဇင်ပေါင်းများစွာနှင့် လမ်းလျှောက်ထွက်သွားသည်ကို ကြည့်ရင်း မျက်လုံးများ၌ အံ့သြတုန်လှုပ်မှုများ ပြည့်နှက်သွားသည်။ သူကား မနာလိုခြင်းလည်းမရှိတော့သလို၊ အားကျခြင်းလည်းမရှိတော့။ သူတို့နှစ်ယောက်အကြားရှိကွာခြားချက်မှာ သူ မည်သို့မျှ မခံစားရတော့သည်အထိ ကြီးမားလွန်းလေသည်။ သူ့မှာ ယခုတွင် မန်ဟို့ကို ကြောက်ရွံ့နေလေပြီ။
ကျီးကင်းထောက်မျိုးနွယ်စုအကြီးအကဲက မန်ဟို ကမ္ဘာသစ်မိစ္ဆာအားလုံးနှင့် ထွက်သွားသည်ကို ကြည့်ပြီး မျက်လုံးများ၌
ကောက်ကျစ်သောအရိပ်အယောင်များ ပေါ်ပေါက်လာသည်။ "အဲ့ဒီအတိုင်း ထွက်သွားတော့မယ်တဲ့လား " သူက အလိုမကျဟန်ဖြင့် ပြောသည်။
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဖိအားလှိုင်းများ ဖြာထွက်လာပြီး မန်ဟိုရပ်နေသည့်ဧရိယာကို လွှမ်းခြုံသွားသည်။ အကြီးအကဲ၏ခန္ဓာကိုယ်က ရိပ်ခနဲ ဖြစ်သွားပြီး တခဏကြာသော် မန်ဟို့၏လမ်းအရှေ့တည့်တည့်တွင် ပိတ်ရပ်နေလေပြီ။ "အဲ့ဒီဝံပုလွေဖြူက ငါတို့အလေးအမြတ်ထားတဲ့ အမွေတစ်ခုပဲ။ သူကိုထားခဲ့ရင် " အကြီးအကဲ၏မျက်လုံးများက မောင်မွှေးထူအပေါ်ကျရောက်လာပြီး သူ၏နှလုံးမှာလိုချင်တပ်မက်မှုတို့ဖြင့် တဒိန်းဒိန်းခုန်လာသည်။ သူ၏မျက်နှာအပေါ်၌ အဆိုပါတပ်မက်သောအရိပ်အယောင်တို့ ပေါ်ပေါက်မလာအောင် ဟန့်တားရန် မဖြစ်နိုင်ပေ။
"စိတ်မရှိပါနဲ့ သေချာမကြားလိုက်လို့ပါ ထပ်ပြောလို့ရမလား " စကားပြောနေစဥ် မန်ဟို၏မျက်လုံးများက ပုံမှန်အတိုင်းသာ ထင်ရသည်။ သို့သော် ၄င်းအတွင်း၌ အေးစက်မှုတစ်ပိုင်းတစလည်း ပါဝင်နေ၏။ ပတ်ဝန်းကျင်ရှိ ကမ္ဘာသစ်မိစ္ဆာအားလုံးမှာ အသတ်အဖြတ်စိတ်ဆန္ဒများ လေတွင်ပြည့်နှက်သွားသည်။ အထူးသဖြင့် မောင်မွှေးထူပင်။ သူ၏မျက်ဆံများသည် ရုတ်တရက် ဖြူဆွတ်သွား၏။
လင်းနို့နက်ကြီးမှာမူ မျက်လုံးနီကြီးများဖြင့် လေလယ်တွင် ပျံဝဲနေသည်။ ၄င်းသည်လည်း အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေ၏။
ဤရွေ့ဤမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်။ သို့သော် မန်ဟို့၏ညာလက်ဖမိုးမှ ရုတ်တရက် အရုပ်အလင်းရောင် လက်သွားပြီး မျက်လုံးမဲ့ပိုးကောင်၏အရှိန်အဝါ ထွက်လာ၏။ မျက်လုံးမဲ့ပိုးကောင်သည် ကမ္ဘာပေါ်ရှိ သက်ရှိအရာတိုင်းထံမှ အသက်တစ်ရှိုက်လုယူခဲ့သောကြောင့် အသက်ရှင်သန်နေခြင်းဖြစ်သည်။ ၄င်း၏ တည်ရှိမှုသည် အဆုံးစွန်အထိ အံ့သြဖွယ်ကောင်းလှ၍ ၄င်း၏အရှိန်အဝါထွက်ပေါ်လာသည်နှင့် အကြီးအကဲ၏မျက်နှာပျက်သွားသည်။
အကြီးအကဲအတွက် ပို၍ပင်တုန်လှုပ်စရာကောင်းသည်မှာ မန်ဟို့ကိုယ်အတွင်း၌ ဖုံးကွယ်ထားသော နက်နဲဆန်းကြယ်သည့် အရှိန်အဝါနောက်ထပ်နှစ်မျိုးကို အာရုံရလိုက်ခြင်းဖြစ်သည်။ ဘယ်တစ်ခုက မန်ဟို့အရှိန်အဝါလဲ သူမသိပေ။ တစ်ခုသည် ကောင်းကင်ယံထိ ထိုးတက်နေသော သွေးပင်လယ်တစ်စင်းနှင့်တူသည်။ အခြားတစ်ခုက ဝေဟင်ဘုရင်တစ်ပါး၏ မထီမဲ့မြင်မှုအလားပင်။
"အဆင့်မြင့် မိစ္ဆာသားရဲသခင်" အကြီးအကဲက စိ တ်လှုပ်ရှားစွာ တွေးလိုက်သည်။ "သူ့မှာ အနည်းဆုံး မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး ကြောက်စရာကောင်းတဲ့ ကမ္ဘာသစ်မိစ္ဆာတွေ ရှိလိမ့်မယ် " သူသည် မန်ဟို့ကို အထင်သေးနိုင်သော်လည်း သူ၏အဆင့်မြင့်မိစ္ဆာသားရဲသခင်ဆိုသော အဆင့်အတန်းကိုတော့ အထင်သေးမရပေ။
မိစ္ဆာသားရဲသခင်များသည် ပင်ကိုယ်အားဖြင့် အစွမ်းထက်ကြခြင်းမဟုတ်၊ သူတို့၏ကမ္ဘာသစ်မိစ္ဆာများက အစွမ်းထက်ခြင်းဖြစ်သည်။
အကြီးအကဲမှာ ယခုတော့ ချီတုံချတုံဖြစ်နေလေပြီ။ ထိုစဥ် ကျီးကင်းထောက်မျိုးနွယ်စု၏ မြေနတ်ဆရာကြီးက ရုတ်တရက် ချောင်းဟန့်လိုက်သည်။
"မဟာအကြီးအကဲမန် ကျေးဇူးပြုပြီး ကျီးကင်းထောက်မျိုးနွယ်စုမှာ နေပေးပါ။ စောစောက အဖြစ်အပျက်တွေအားလုံးက နားလည်မှုလွဲတာပါ။ မျောက်ဝံအတွက်တော့ ကျုပ် ဖြေရှင်းချက်ပေးနိုင်ပါတယ်"
မြေနတ်ဆရာကြီး၏စကားအသုံးအနှုန်းမှာ ယဥ်ကျေးနေ၍ အကြီးအကဲ၏မျက်လုံးများအား ကျဥ်းမြောင်းသွားစေသည်။ ထိုလူ ဒီနေ့ပြုမူနေပုံမှာ တစ်ခုခုမူမမှန်ပေ။ မဟာအကြီးအကဲက မျက်လုံးများ အရောင်လဲ့သွားပြီး ဘာမှမပြောဘဲ ဘေးရှောင်ပေးလိုက်သည်။
မန်ဟိုက မြေနတ်ဆရာကြီးကို ပြန်လှည့်ကြည့်ပြီးနောက် လက်ယှက်၍ ဦးညွှတ်အရိုအသေပေးသည်။ ထို့နောက် တောင်အောက်ဆင်းသွား၏။ မျက်နှာဖြူဖျော့နေသော မိုဖန်းအပါအဝင် ရင် ပြင်ရှိ လူအုပ်ကြီးလည်း အလျှိုလျှို ထွက်ခွာသွားကြသည်။ အကြီးအကဲက သို့လောသို့လောဖြစ်နေမှုများကို သည်းမခံနိုင်တော့သဖြင့် မြေနတ်ဆရာကြီးဘက် လှည့်လိုက်သည်။
"တာအိုရောင်ရင်းဝူဟန် စောစောက မန်ဆိုတဲ့ မဟာအကြီးအကဲက အမှန်တကယ်ထူးချွန်ပါတယ်။ ဒါပေမဲ့ မိုဖန်းက မဟာအကြီးအကဲမိုဇီရဲ့သားနော်။ ကျုပ်တို့အပြုအမူတွေက မသင့်တော်ရာ မကျဘူးလား"
"ဘယ်လိုမသင့်တော်တာလဲ" မြေနတ်ဆရာကြီးက မထူးခြားသလို ပြန်ဖြေသည်။ "မိစ္ဆာသားရဲသခင်မန်ရဲ့ လက်ဖမိုးပေါ်က အရုပ်ဆေးမင်ကြောင်ကို မြင်တယ်မလား။တကယ်ပဲ ဆက်စပ်မစဥ်းစားနိုင်တာလား" သူက အကြီးအကဲကို ကြည့်ရင်း မခိုးမခန့်ရယ်သည်။
"အရုပ်ဆေးမင်ကြောင်...အဲ့ဒါပိုးကောင်ပဲ.... " အကြီးအကဲ၏မျက်လုံးများ လင်းလက်သွားပြီး နောက် အတွေးနက်သွားပုံရသည်။ ရုတ်တရက် သူက မြေနတ်ဆရာကြီးကို မယုံနိုင်သလို ကြည့်သည်။
"မဟုတ်မှ.... "
မြေနတ်ဆရာကြီးက ခပ်ရေးရေးပြုံးလိုက်သည်။ "ငါထင်တာမှန်တယ်ဆိုရင် သူက အေးခဲနှင်းမျိုးနွယ်စုရဲ့ ဆက်ခံသူတစ်ယောက်ပဲ။ တလောက အနက်ရောင်နယ်မြေမှာ သန့်စင်နှင်းမြို့တော် ပျက်စီးသွားပြီး အေးခဲနှင်းမျိုးနွယ်စုတစ်စုလုံး တောင်ပိုင်းဒေသကို ပြောင်းရွှေ့သွားကြတယ်ဆိုတဲ့ သတင်းရထားတယ်။ ကြည့်ရတာတော့ တချို့မျိုးနွယ်ဝင်တွေက အနေက်ပိုင်းသဲကန္တာရကို ပြန်လာဖို့ ရွေးချယ်ခဲ့ကြပုံပဲ
"အဲ့ဒါကြောင့် သူ ငယ်သားအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ခြောက်လအတွင်းမှာ သူ့အကြောင်းတစ်ခုမှ မဖော်ထုတ်နိုင်ခဲ့တာပဲ။ သူက အနက်ရောင်နယ်မြေကနေ ထွက်ပြေးလာတာ မကြာသေးဘူးဆိုတော့ နောက်ယောင်ခံလိုက်ခံရမှာ စိုးတယ်ထင်တယ်။ အဲ့ဒီအတွက်ကြောင့်မလို့ သတိထားပြီး ကျီးကင်းထောက်မျိုးနွယ်စုမှာ ခိုနားဖို့ ရွေးချယ်လိုက်တာပဲ"
"ဒါဆို အဲ့ဒါက.... " အကြီးအကဲမှာ ယခုတွင် ရင်တုန်ပန်းတုန်ဖြစ်နေလေပြီ။ သူသည် အေးခဲနှင်းမျိုးနွယ်စုက ကြောက်မက်ဖွယ်မိစ္ဆာသားရဲသခင်တစ်ဦးအကြောင်း သတိရလိုက်၏။
"ငါ ဒီကိစ္စကို ခေါင်းကိုင်ဖခင်နဲ့ ဆွေးနွေးလိုက်မယ်" မြေနတ်ဆရာကြီးက ပြောသည်။ "ဒါပေမဲ့...ကျီးကင်းထောက်မျိုးနွယ်စုက သေးတယ်ဆိုပေမယ့် အေးခဲမျိုးနွယ်ဝင်တစ်ယောက်ကိုတော့ ကာကွယ်ပေးနိုင်သေးတာ်ထင်တာပဲ။ အဓိကစိုးရိမ်ရမှာက သူ့မှာ ဘယ်လို ရန်သူတွေရှိ နေမလဲမဟုတ်ဘူး။ သူ့ကို ကျီးကင်းထောက်မျိုးနွယ်စုမှာ ငယ်သားအဖြစ် ဆက်နေအောင် ဘယ်လိုဖျောင်းဖျရမလဲဆိုတာပဲ။ အေးခဲနှင်းမျိုးနွယ်စုက ဆင်းသက်လာတဲ့သူတစ်ယောက်အနေနဲ့ သူ့မှာ မွေးရာပါမိစ္ဆာသားရဲသခင်စွမ်းရည်တွေ ရှိတယ်။ ကံကောင်းပြီး အထောက်အပံကောင်းကောင်းရှိရင် သူ့အတွက် အဆင့်၉ မိစ္ဆာသားရဲသခင်တစ်ဦးဖြစ်လာဖို့ ခက်ခဲမှာမဟုတ်ဘူး
"သစ်ပင်ဘိုးဘေးကြီးဆီက ဉာဏ်အလင်းရဖို့ အခွင့်အရေးလည်း သူရရင်ရလောက်မှာ။ မဟာအကြီးအကဲမိုဇီက ဟိုနှစ်က အဲ့ဒီလိုနဲ့ အဆင့်(၆) မိစ္ဆာသားရဲသခင်ဖြစ်သွားတာလေ " မြေနတ်ဆရာကြီးက အင်္ကျီလက်စခါပြီးနောက် တောင်ထိပ်သို့ တဟုန်ထိုးထွက်သွားသော အလင်းတန်းအသွင်ပြောင်းသွားတော့သည်။
သူတို့ မန်ဟို့၏သရုပ်မှန်အကြောင်း ပြောဆိုနေကြစဥ်မှာပင် မန်ဟိုသည် တောင်၏ကျောဘက်ရှိ ကမ္ဘာသစ်မိစ္ဆာထိန်းစီရင်စုက သူ၏ခြံဝင်းထဲသို့ ပြန်ရောက်လာသည်။ လမ်းတစ်လျှောက်လုံး သူ့အနောက်မှ လိုက်ပါလာသည့် ကမ္ဘာသစ်မိစ္ဆာများက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအကြား၌ အတော်လေးဆူညံပွက်လောရိုက်သွားစေသည်။ သူတို့မှာ မန်ဟို သူတို့ဘေးမှ ဖြတ်လျှောက်သွားသည်ကို ကြောင်တောင်တောင်နှင့် ဝိုင်းကြည့်နေကြလေသည်။
နောက်ဆုံး၌ မန်ဟို သူ့ခြံထဲဝင်သွားသောအခါ အံသြမှင်သက်နေသောလူစုမှာ တီးတိုးတီးတိုးဆွေးနွေးလာကြတော့သည်။ မကြာမီ မန်ဟိုနှင့် အဆင့်(၅) မိစ္ဆာသားရဲသခင်မိုဖန်းအကြားက ကမ္ဘာသစ်မိစ္ဆာပြိုင်ပွဲမှာ တစ်မျိုးနွယ်စုလုံး၌ ဟိုးလေးတကျော်ကျော် ဖြစ်လာလေသည်။ မန်ဟို့၌ သန္ဓေပြောင်းသစ်စိမ်းဝံပုလွေငါးကောင်ရှိ ကြောင်း တစ်ယောက်မကျန် သိသွားကြ၏။ ဤသတင်းကြားပြီးနောက် လူတိုင်းလူတိုင်းမှာ ပါးစပ်အဟောင်းသားနှင့် ကျောက်ရုပ်ဖြစ်ကုန်ကြလေသည်။
မန်ဟိုက ခြံထဲတွင် ကမ္ဘာသစ်မိစ္ဆာအုပ်ကို လျစ်လျူရှုထား၏။ သူ၏အကြည့်သည် လင်းနို့နက်ကြီးကိုသာ အာရုံစိုက်နေသည်။ သူ ၄င်းကိုယ်တွင်းရှိ မိစ္ဆာချီကို သေသေချာချာ လေ့လာလိုက်စဥ် သူ၏မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
ရုတ်တရက် မန်ဟို ရင်တဒိန်းဒိန်းခုန်လာပြီးသူ၏မျက်ဝန်းများ၌ ထူးဆန်းသောအရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူ၏ ပို၍စူးစူးစိုက်စိုက်ကြည့်လိုက်ရာ လင်းနို့နက်ကြီးကိုယ်အတွင်း၌ တစ်စုံတခုကို တဖြေးဖြေး မြင်လာရသည်။
၄င်းက သစ်သားဓားတစ်လက်ပင်။
သစ်သားဓားကို အာရုံရလိုက််သည်နှင့်တစ်ပြိုင်နက် မန်ဟို့၏မျက်လုံးများ တဖျပ်ဖျပ် တောက်ပလာတော့သည်။ အံ့သြတုန်လှုပ်ခြင်းတို့ သူ၏ရင်ထဲ၌ ပြည့်သျှံလာ၏။ သူက တင်ပျဥ်ခွေထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။
***