တတိယ သစ်သားဓား
Vol. 29 Ch. 406
သူ ထရပ်လိုက်သည့်အခိုက်အတန့်၌ တစ်ကမ္ဘာလုံး တစတစ သေးငယ်သွားသည့်အလားပင်။ အရာအားလုံးမှာ မန်ဟိုနှင့် အစားထိုးခံလိုက်ရသည်။ သူထရပ်လိုက်ခြင်းက မုန်တိုင်းတစ်လုံးအား တဝေါဝေါလည်ပတ် တိုက်ခတ်လာစေ၏။ မိုးကြိုးတန်းများပင်လျှင် ကောင်းကင်သို့ ထိုးတက်သွားသည်။
မန်ဟိုမှာ စိတ်နှလုံးတုန်လှုပ်ကာ ချာချာလည် မူးထွက်သွားသည်။ သူ၏အရှိန်အဝါသည် ခြံတစ်ခြံလုံးအား လွှမ်းခြုံရင်း ထွက်ပေါ်လာရာ ကမ္ဘာသစ်မိစ္ဆာများမှာ တုန်တုန်ရီရီဖြင့် သူ့အား ကြောက်လန့်တကြား စိုက်ကြည့်နေကြတော့သည်။ ၄င်းတို့မှာ တအီးအီးညည်းပြီး မြေတွင် ဝပ်စင်းကာ တုပ်တုပ်မှမလှုပ်ရဲတော့ပေ။
မောင်မွှေးထူပင် တုန်ရီနေပြီး ခေါင်းငုံ့ထား၏။ လင်းနို့နက်ကြီးလည်း လေလယ်တွင်ပျံဝဲလျက် တဆတ်ဆတ်တုန်နေသည်။ ၄င်းသည် သာမန်ထက်ထူးခြားပါသော်လည်း မန်ဟိုက နှောင်းပိုင်းရွှေအမြုတေအဆင့်ဖြစ်သည့်အပြင် မိစ္ဆာချုပ်နှောင်သူတစ်ဦးဆိုလည်းဟုတ်သည်။ ဤနှစ်ခုကြောင့် သူ၏အတွေးလေးတစ်ချက်ကပင် ၄င်းကို သုတ်သင်ပြီး ပြာချပစ်နိုင်၏။
လင်းနို့နက်ကြီးအတွက် ဤအချက်က သူ၏အရင်သခင်နှင့် မန်ဟို့အား လုံးဝခြားနားသွားစေသည်။
လောလောဆယ်တွင် ခြံအပေါ်ရှိ လေထုထဲတွင် ပြိုးပြိုးပြက်ပြက်လက်နေသော လျှပ်စီးတန်းများစွာဖြင့် မိုးထစ်ချုန်းသံများ ထွက်ပေါ်နေသည်။ ခြံထဲက အရှိန်အဝါမှာ ဤဧရိယာတစ်ခုလုံးကို လောကကြီးမှ ခွဲထုတ်ပြီး မန်ဟို့၏အစိတ်အပိုင်းအဖြစ် သီးသန့်တည်ရှိနေသည့်အလား ပရမ်းပတာဖြစ်စေခဲ့လေပြီ။
ရွှေရောင်အလင်းတို့သည် မန်ဟို့၏ခန္ဓာကိုယ်မှ ဖြာထွက်လာပြီး ထိုသို့ဖြစ်ပျက်သောအခါ သူ့တွင် စာပေသမားဆန်သောအငွေ့အသက်တို့ မရှိတော့ပေ။ ၄င်းနေရာတွင် ကောင်းကင်နှင့်မြေကြီးရှိ အစွမ်းထက်ပညာရှင်တစ်ယောက်၏ မိုးထိုးနေသော စိတ်ဆန္ဒတစ်ခု ဝင်ရောက်လာသည်။ ယခုအခိုက်အတန့်တွင် သူကား စာပေသမားမဟုတ်တော့၊ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်နိုင်သော နှောင်းပိုင်းရွှေအမြုတေအဆင့်၏ အင်အားကြီးမားသောပညာရှင်တစ်ဦးဖြစ်သည်။
ဤအရာအားလုံးအား... အပြင်လောကတွင် မမြင်ရပေ။ အပြင်တွင် လေ ညင်းလေးက ညင်သာစွာတိုက်ခတ် နေပြီး တိမ်များ မျောလွင့်နေလေသည်။ သို့သော် ခြံ၏အတွင်းပိုင်းတွင် တော့ အစွမ်းထက်ပညာရှင်တစ်ဦး၏ စိတ်ဆန္ဒသည် တလိပ်လိပ် ထွက်ပေါ်လျက်ရှိသည်။
သူက တုန်ရီနေသောလင်းနို့နက်ကြီးကို မမှိတ်မသုန်ကြည့်နေပြီးနောက် မျက်လုံးမထားမှိတ်လိုက်သည်။ သို့သော် ၄င်းကား တခဏသာခံလိုက်ပြီး သူ၏မျက်လုံးများ ဖျတ်ခနဲ ပြန်ဖွင့်လာ၏။ လျှပ်စီးမိုးကြိုးများ အစအနမကျန် ပျောက်ကွယ်သွားပြီး မုန်တိုင်းလည်း မရှိတော့ပေ။ မန်ဟို့၏ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။ သူသည် အထင်ကြီးစရာကောင်းသော အစွမ်းထက်ပညာရှင်တစ်ဦးမဟုတ်တော့ဘဲ နူးညံ့သိမ်မွေ့သော စာပေသမားပုံစံပြန်ဖြစ်သွားသည်။
"သစ်သားဓား...." သူက လေရှူထုတ်လိုက်သည်။ သူ၏ညာလက်က လေထုအတွင်းသို့ လှမ်းလိုက်ရာ ရုတ်တရက် လင်းနို့နက်ကြီးမှာ မခုခံနိုင်ဘဲ တုန်ရီလာသည်။ ၄င်းက မန်ဟို့လက်တွင်းသို့ ပြေးထွက်သွားသည်။
လင်းနို့နက်ကြီးမှာ မန်ဟို့ကို ကြောက်လန့်နေသည်။ ၄င်းအတွက် မိုးကောင်းကင်၏အင်အားနှင့်အတူ မန်ဟို့၏ ခပ်ပါးပါးမိစ္ဆာချီက ၄င်းကိုနင်းချေနေသည့် ပြိုင်ဘက်ကင်းသော ဖိအားကြီးဖြစ်သွားသည်။
မန်ဟိုက လင်းနို့နက်ကြီးကို ဆုပ်ကိုင်ထားရင်း အလေးအနက်တွေးနေသည်။ သူသည် တခဏကြာသော် ဘယ်လက်ကို မြှောက်ပြီး လင်းနို့နက်ကြီး၏ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းလိုက်သည်။ ဒဏ်ရာရထားသော လင်းနို့နက်ကြီးမှာ လူးလွ့န်လာသည်။ ၄င်း၏အသက်စွမ်းအားမှာ တဖြေးဖြေးလျော့နည်းလာနေပြီဖြစ်သည်။ သို့သော် တစ်ပြိုင်တည်းမှာပင် မန်ဟို့၏ဘယ်လက်မှ မိစ္ဆာချီက သူ ၄င်းအားဆုတ်ဖြဲပစ်လိုက်၍ လျော့ကျလာနေသော အသက်စွမ်းအားကို ပြန်ဖြည့်ပေးရင်း ၄င်း၏ခန္ဓာကိုယ်အတွင်းသိို့ စီးဆင်းနေသည်။
သူ၏လက်သည် လင်းနို့ကြီး၏ကိုယ်အထဲသို့ တ ဖြေးဖြေး နစ်သထက် နစ်ဝင်သွားသည်။ နောက်ဆုံးတွင် အသွေးအသားအတွင်း ဟိုးအနက်ဆုံးထဲ၌ မန်ဟို့၏ဘယ်လက်သည် သစ်သားဓားတစ်လက်၏အရိုးအား ဆုပ်ကိုင်လိုက်သည်။ ပြီးသည်နှင့် သူက ဓားကို လင်းနို့နက်ကြီး၏ ကိုယ်အတွင်းမှ ဆွဲထုတ်လိုက်လေသည်။
သွေးများ ရေပန်းသဖွယ် ပန်းထွက်လာ ပြီး လင်းနို့နက်ကြီးမှာ နောက်ဆုတ်၍ စူးစူးဝါးဝါးအော်ကာ လေပေါ်ပျံတက်ရန် ကြိုးစားလိုက်သည်။ သို့သော် ၄င်းမှာ မြေကြီးပေါ် ဘုတ်ခနဲပြုတ်ကျပြီး အသက်ငင်နေလေပြီ။ တစ်ချိန်တည်းမှာပင် ၄င်း၏မျက်ဝန်းများ၌ ကျေးဇူးတင်သောအရိပ်အယောင်များ ပေါ် ပေါက်လာသည်။ ၄င်း၏ခန္ဓာကိုယ်မှာတုန်ရီနေပါသော်လည်း ယခုတွင် အသက်စွမ်းအားမှာ တဟုန်ထိုး မြင့်တက်နေပြီဖြစ်သည်။
ဓားက ၄င်း၏အသက်စွမ်းအားကို ပိတ်ဆို့ရင်း ကျင့်ကြံခြင်းအား အနှောင့်အယှက်ပေးနေခဲ့ပုံရသည်။ ယခုတွင် မန်ဟိုက ၄င်းအား ဖယ်ရှားပေးလိုက်ပြီဖြစ်ရာ ၄င်း၏ကျင့်ကြံခြင်းအခြေခံသည် ချက်ချင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး အသက်စွမ်းအားတို့ပေါက်ကွဲထွက်လာ၏။ ထို့အပြင် မန်ဟို့ထံမှ မိစ္ဆာချီက လင်းနို့၏အသက်စွမ်းအားကို ပို၍ပင် အားကောင်းသွားစေသည်။
လောလောဆယ်တွင် ၄င်းမှာ အားနည်းနေသယောင်ရှိသော်လည်း ၄င်း၏ဒဏ်ရာသည် လျင်မြန်စွာ ပျောက်ကင်းလာနေပြီး လက်ဖျားခါလောက်အောင် အစွမ်းထက်သောအရှိန်အဝါတစ်ခုက ၄င်းထံမှ တဟူးဟူးရိုက်ခတ်နေလေသည်။
၄င်း မန်ဟို့ကို စိုက် ကြည့်နေစဥ် ၄င်း မျက်ဝန်းထဲရှိ ကျေးဇူးတင်မှုသည် တစတစမှေးမှိန်ပျောက်ကွယ်လာပြီး အေးစက်မှုက အစားထိုးဝင်ရောက်လာ၏။
မန်ဟို့၏အမူအရာမှာ ထူးခြားသွားခြင်းမရှိပေ။ သူက လင်းနို့ကို လျစ်လျူရှုလိုက်သည်။ ကြည့်ရသရွေ့ ၄င်း ရုတ်တရက် အစွမ်းထက်သွားခြင်းက သူ့အတွက် အနည်းအကျဥ်းပင် စိတ်ဝင်စားစရာမရှိပုံရသည်။
ထိုအစား မန်ဟိုက လင်းနို့ကိုယ်အတွင်းမှ ယခုလေးတွင် သူဆွဲထုတ်ခဲ့သော သစ်သားဓားကို ကြည့်လိုက်သည်။ သူက ၄င်းကိုတစ်ချက်ဝှေ့ကာ ၄င်းအပေါ်ရှိ အသွေးအသားအကျိအချွဲများအား ပျောက်ကွယ်သွားစေသည်။ ဓားသည် ထူးခြားသည့်အရာတစ်ခုမှ မရှိသကဲ့သို့ သာမန်သာဖြစ်ပုံပေါ်၏။ သို့သော် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များမှာ ရုတ်တရက် ဓားအတွင်းသို့ စုပ်ယူခံလာရသည်။ ဓားသည် ဝဲကြီးပမာ လျင်မြန်စွာ ဖြစ်လာကာ စိတ်ဝိညာဥ်စွမ်းအင်များအား အရူးအမူးစုပ်ယူနေတော့သည်။
မန်ဟိုက တစ်မျိုးတစ်မည်ဖြစ်နေသော မျက်နှာထားဖြင့် ဓားကို ကြည့်နေသည်။ သူသည် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အနက်ရောင်အတန်းနှစ်တန်း ပျံထွက်လာ၏။ ၄င်းတို့က သူ့လက်ထဲတွင် ကိုင်ထားသည့် တစ်ပုံစံတည်းတူသော ဓားနှစ်လက်အသွင်ပြောင်းသွားသည်။
ယခုတွင် သစ်သားဓားသုံးလက်သည် မန်ဟို့အရှေ့၌ ပျံဝဲနေ၏။ သူ၏မျက်လုံးများကား ထူးဆန်းစွာ တောက်ပလာတော့သည်။
"ငါ ဟိုအရင်နှစ်တွေတုန်းက မိုးနဂါးပျံကြီးရဲ့အလောင်းထဲမှာ သစ်သားဓားတစ်လက် ရှာတွေ့ခဲ့တယ်။ အခု ဒီလင်းနို့နက်ကြီးရဲ့ကိုယ်ထဲမှာ နောက်တစ်လက်ရှာတွေ့ပြန်ပြီ။ ဒီသစ်သားဓားတွေမှာ ဇစ်မြစ်တစ်ခုခုရှိကိုရှိရမယ်...." သူ၏အကြည့်က ဓားသုံးလက်အပေါ် ဖြတ်ပြေးသွားသည်။ တစ်လက်က ပွားထားသည့်အရာဖြစ်သည်ကို မသိသရွေ့ ၄င်းတို့အား ခွဲခြားနိုင်မည်မဟုတ်ပေ။
"ဒီ ကောင့်ကို ပွားဖို့အတွက် ဝိညာဥ်ကျောက်တုံးတွေ အများကြီးဖြုန်းခဲ့ရတာနာတယ်။ ဒါပေမဲ့လည်း များများရှိရင် ပဒုမ္မာဓားဝင်္ကပါရဲ့ ပထမပုံကို ဖော်ဆောင်ဖို့ သုံးရလောက်တယ်
"အဲ့ဒီလို ဓားဝင်္ကပါတစ်ခုက ဘယ်လောက်တောင် အစွမ်းထက်မလဲသိချင်မိတယ်.... အချိန်ဓားဝင်္ကပါထက်တော့ အားနည်းလောက်မှာ မဟုတ်ဘူး။ သစ်သားဓားတွေက ပွားဖို့အတွက် ဝိညာဥ်ကျောက်တုံးအမျာကြီးကုန်ကျတာမဟုတ်လား။ ဒီဓားကတော့.... လန့်စရာပဲ"
သူသည် ညာလက်ကို ဝှေ့ယမ်း၍ သစ်သားဓားသုံးလက်ကို သိုလှောင်အိတ်ထဲ ပြန်ဝင်သွားစေသည်။ သူက လင်းနို့နက်ကြီးကို ပြန်ကြည့်လိုက်သည်။
လင်းနို့နက်ကြီးမှာ အကောင်းပကတိနီးပါး သက်သာနေလေပြီ။ ၄င်း၏အရှိန်အဝါလည်း ယခင်ထက်ပို၍ အားကောင်းလာသည်။ ယခုတွင် ၄င်းကား ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်တွင် မဟုတ် တော့။ အမြုတေဖြစ်တည်မှုစဦးပိုင်းအဆင့်ဖြစ်သွားလေပြီ။ အချိန်တစ်ခုကြာလျှင် ၄င်းမှာ သည့်ထက်ပင်ပို၍ အစွမ်းထက်လာတော့မည်ဖြစ်၏။
"ဒီလိုသစ်သားဓားတွေနဲ့ သတ်ဖြတ်ခံရတဲ့ သားရဲတွေက သာမန်တော့မဟုတ်တန်ဘူး။ မိုးနဂါးပျံကြီးကိုပဲကြည့်... ဒီလင်းနို့နက်ကြီး ဘယ်လောက်အစွမ်းထက်မလဲ စိတ်ကူးကြည့်လို့ပဲရမယ်..... ဓား ကြောင့် အခုလက်ရှိအဆင့်ကျလာတဲ့အထိ နှစ်ပေါင်းဘယ်လောက်ကြာအောင် ဒုက္ခခံနေခဲ့ရလဲမှမသိတာ။ သက်သာသွားလို့ အထွတ်အထိပ်အဆင့် ပြန်ရောက်သွားရင် ဒီကောင်ကြီး ဘယ်လောက်တောင် အစွမ်းထက်နေမလဲ...." မန်ဟိုက ပြုံးလိုက်သည်။ လင်းနို့မည်မျှအစွမ်းထက်ထက် ကိစ္စမရှိပေ။ ၄င်းတွင် မိစ္ဆာချီရှိနေသေးသရွေ့ မန်ဟို ၄င်းအား ထိန်းချုပ်နိုင်မည်ဖြစ်သည်။
အထူးသဖြင့် မန်ဟို ၄င်းစုပ်ယူရန် ပေးခဲ့သော မိစ္ဆာချီမှာ... တမင်အားနည်းအောင် လုပ်ထားခြင်းဖြစ်သည်။ မိစ္ဆာချီမှာ သူ၄င်းအား ထိန်းချုပ်နိုင်မည့် အဓိကနည်းလမ်းမဟုတ်ပါလော။
မန်ဟို လင်းနို့နက်ကြီးအား လေ့လာနေစဥ် ၄င်းက သူ့ကို တောက်ပနေသောမျက်လုံးကြီးများဖြင့် ပြန်ကြည့်သည်။ တခဏကြာသော် ၄င်းသည် ခေါင်းငုံ့ရင်း အညံ့ခံကြောင်းပြသ လေသည်။ ဤလုပ်ရပ်တွင် သဘောရိုးမည်မျှပါပြီး အလိမ်အညာမည်မျှရှိကြောင်း ပြောရန်မဖြစ်နိုင်သော်လည်း ဤအခိုက်အတန့်တွင်တော့ ၄င်းသည် အညံ့ခံရန် ရွေးချယ်လိုက်၏။
ရက်အနည်းငယ်ကြာမြင့်သွားသည်။ မန်ဟိုနှင့် မိုဖန်းအကြားက ကမ္ဘာသစ်မိစ္ဆာပြိုင်ပွဲသတင်းသည် ကျီးကင်းထောက်မျိုးနွယ်စုတစ်စုလုံး ပျံ့နှံ့နေတော့သည်။ မျက်စိတစ်မှိတ်အတွင်း မန်ဟို့၏နာမည်သည် ထွန်းတောက်ကျော်ကြားလာ၏။ ယခုတွင် သူကား မျိုးနွယ်စုအတွင်း၌ မသိသူပင်မရှိအောင်ကို နာမည်ကြီးနေလေပြီ။
တစ်ညနေတွင် မြေနတ်ဆရာကြီးကိုယ်တိုင် မန်ဟို့အား အမိန့်ဆွဲပြားတစ်ပြားလာပေးသည်။ ဤအချက်က မန်ဟိုသည် ကျီးကင်းထောက်မျိုးနွယ်စု၏ တရားဝင်ငယ်သားတစ်ဦးဖြစ်သွားပြီဟု ဆိုလိုလေသည်။
အမိန့်ဆွဲပြားအပြင် မန်ဟို့မှာ ကျီးကင်းထောက်မျိုးနွယ်စု၏ အထွတ်အမြတ်သစ်ပင်မှ ဉာဏ်အလင်းရှာဖွေရန် အခွင့်အရေးတစ်ခုလည်း ပေးအပ်ခံရသည်။ ဤအထွတ်အမြတ်သစ်ပင်၌ သစ်စိမ်းပင်ဆိုသော နာမည်ရှိလေသည်....
မန်ဟိုသည် မျိုးနွယ်စုတစ်စုလုံးအား ကာကွယ်ရန် မှော်အင်အားဖန်တီးပေးနိုင်သော ဤအရုပ်အသက်စွမ်းအားအကြောင်းအား စဥ်းစားနေ၏။ သူမြင်ခဲ့ဖူးသည့် သစ်ပင်လူကြီးလည်း သူ့ခေါင်းထဲရောက်လာသည်။ သူ့မှာ သစ်သားအမျိုးအစားအရုပ်တစ်ခု လိုအပ်ပြီး မည်သည့်အရုပ် ဖြစ်ဖြစ်ရပါသော်လည်း... ဓာတ်ငါးပါးနှင့်ဆက်နွှယ်နေသော အရုပ်ဆေးမင်ကြောင်ငါးခုနှင့် ပတ်သက်လျှင် အရုပ်များအစွမ်းထက်လေလေ သူ၏ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာကို ဖော်စပ်မည့်အချိန်ရောက်လျှင် သူအစွမ်းထက်လေလေဖြစ်သည်။
အထွတ်အမြတ်သစ်စိမ်းပင်မှ ဉာဏ်အလင်းရှာဖွေခွင့်သည် လာမည့်ခုနစ်ရက်မြောက်နေ့တွင် ဖြစ်သည်။
ထိုခုနစ်ရက်အတွင်း ကျီးကင်းထောက်မျိုးနွယ်စုသည် ကြီးကျယ်ခမ်းနားသော အခမ်းအနားများအား ကျင်းပကြသည်။ ၄င်းတို့က မန်ဟို ငယ်သားဖြစ်လာခြင်းနှင့်မဆိုင်ဘဲ ဘိုးဘေးများအား ပူဇော်၍ သစ်စိမ်းတံဆိပ်တော်အား ပြင်ဆင်ရန်အတွက် ဖြစ်သည်။ ဤနည်းဖြင့်သာ မန်ဟို ဉာဏ်အလင်းနယ်ပယ်သို့ ဝင်ရောက်နိုင်လေသည်။
မျိုးနွယ်ဝင်တိုင်းအတွက် ထိုကဲ့သို့ဉာဏ်အလင်းမျိုးသည် အလွန်အရေးပါ၏။ အရွက်ရောက်ပြီးသောမျိုးနွယ်ဝင်အားလုံး အသက်စွမ်းအားသန့်စင်ပေးသော ဖြစ်စဥ်ကို ကျော်ဖြတ်ရသည်။ ငယ်သားတစ်ယောက်အ တွက်မူ ၄င်းအား ကံကြမ္မာကောင်းအဖြစ် မှတ်ယူနိုင်သည်။
ခုနစ်မြောက်နေ့တွင် နားလည်ရခက်သော ရိုးရာဓလေ့မျိုးစုံ ကျင်းပ၏။ ကျီးကင်းထောက်မျိုးနွယ်ဝင်အတော်များများ တောင်ထိပ်တွင် တင်ပျဥ်ခွေထိုင်ကြသည်။ သူတို့သည် ထူးဆန်းသောမန္တန်များကို ရွန်ဖတ်ရင်း အမှတ်တစ်ခုကို ဘုံဗဟိုပြု၍ အထပ်ထပ် ဝိုင်းပတ်ထိုင်နေကြ၏။ ရွတ်ဖတ်သံများ ကောင်းကင်နှင့်မြေကြီးတွင်ပြည့်နှက်နေပြီး ကြည်လဲ့နေသောကောင်းကင်၌ တိမ်တိုက်များ တလိပ်လိပ်ဆူပွက်လာစေသည်။ အချိန်ကိုယ်တိုင် ဖြတ်သန်းသွားသည်ဟု ခံစားရ၏။ မန်ဟိုက အစိမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ရင်း ယဇ်ပလ္လင်ကို ဦးတည်နေသော တောင်တက်လှေကားများအတိုင်း တက်လာသည်။
မြေနတ်ဆရာကြီးက ကျီးကင်းထောက်မျိုးနွယ်စု၏ မိုးနတ်ဆရာကြီးဖြစ်သော အဘွားတစ်ယောက်၏ဘေးတွင် ရပ်နေသည်။ သူတို့နှစ်ယောက်လုံး မန်ဟို့ကို လှမ်းပြုံးပြကြ၏။
"ကျီးကင်းထောက်မျိုးနွယ်စုက လူတိုင်းကို စိတ်ရင်းနဲ့ ဆက်ဆံပါတယ်" မြေနတ်ဆရာကြီးက အသံချိုချိုနှင့်ပြောသည်။ "ဘယ်ကိစ္စမျိုးမှာမဆို ရော့ပတ္တမြား ရော့နဂါးပါပဲ။ တာအိုရောင်ရင်းမန်က သာမန်လူမဟုတ်တော့ ကျီးကင်းထောက်မျိုးနွယ်စုရဲ့သစ္စာစောင့်သိမှုကို ကောင်းကောင်းသိမယ်ထင်ပါတယ် "
"ကျေးဇူးအများကြီးတင်ပါတယ်" မန်ဟိုက လက်ယှက်၍ ပြန်ဖြေသည်။
"စရအောင်" မိုးနတ်ဆရာမကြီးက ပြောသည်။ အဘွားအိုက သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ ဂျိန်းခနဲ ထစ်ချုန်းသွားပြီး ယဇ်ပလ္လင်၏အလယ်တည့်တည့်မှ ကွဲထွက်သွားသည်။ ချက်ချင်းပင် မိစ္ဆာချီအမြောက်အမြားထုတ်လွှတ်နေသော အစိမ်းရောင်အလင်းတန်းတစ်တန်းက အပေါ်သို့ ထိုးတက်သွား၏။
ဤမိစ္ဆာချီပေါ်ပေါက်လာမှုက မန်ဟို့၏သူငယ်အိမ်ကို ကျုံ့သွားစေသည်။ အဆိုပါအစိမ်းရောင်အလင်းတန်းအတွင်းမှ ဧရာမသစ်ပင်လူကြီးထွက်လာ၏။ ၄င်းအရောင်မှာ အစိမ်းရောင်ဖြစ်ပြီး မီတာပေါင်းဒါဇင်ချီ မြင့်မားလေသည်။ ညှိုးနွမ်းနေသောသစ်ရွက်များက ၄င်း၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေပြီး နက်နဲသိမ်မွေ့သည့် ရှေးဆန်မှုအား ထုတ်လွှတ်နေသည် ....
၄င်းသည် အချိန်စီးဆင်းမှုလမ်းကြောင်းအတွင်း၌ အလွန့်အလွန် ကြာမြင့်စွာ တည်ရှိနေခဲ့ပုံရသည်။ ၄င်း၏မျက်လုံးအတွင်း၌ အချိန်၏တိုက်စားမှုအရိပ်အယောင်တချို့ကို မြင်နေရသည့်အလားပင်။ ၄င်းကား အကန့်အသတ်မဲ့သော အသက်စွမ်းအားတို့ကို ဖြန့်ကျက်ရင်း ပျံဝဲနေ၏။
၄င်းအသက်စွမ်းအား၏ပြင်းအားသည် သစ်သားအမျိုးအစားသက်ရှိအားလုံးအား ၄င်း၏ရှေ့မှောက်တွင် ဝပ်စင်း၍ ဘိုးဘေးကြီးဟု ခေါ်စေနိုင်သည်။ သို့ရာတွင်... အဆိုပါ ပေါများသောအသက်စွမ်းအားအတွင်း၌ မန်ဟိုသည် ပျက်စီးဆုတ်ယုတ်မှုကို ခံစားနေရ၏။ အသက်စွမ်းအားသည် လမ်းကြောင်း၏အဆုံးသို့ ရောက်ရှိနေပုံထောက်သည်။
သစ်ပင်လူကြီး၏ကိုယ်မှာလည်း မရေမတွက်နိုင်သော ဒဏ်ရာဒဏ်ချက်အမာရွတ်များ ပြည့်နှက်နေသည်။ ၄င်းသည် မိုးနှင့်မြေ၏ အရောင်ကို ပြောင်းလဲသွားစေပြီး တိမ်တိုက်များ ဆူပွက်ကာ ပတ်ပတ်လည်ရှိ တောအုပ်အား ငိုကြွေးမြည်တမ်းသွားစေသည့် အရှိန်အဝါကိုထုတ်လွှတ်နေသည်။
၄င်းက ဉာဏ်အမြော်အမြင်တို့ ပြည့်နှက်နေသောမျက်ဝန်းများဖြင့် မန်ဟို့ကို ကြည့်သည်။
၄င်းပေါ်လာသည့်အခိုက်အတန့်၌ မျိုးနွယ်ဝင်များ၏ကျမ်းစာရွတ်သံများ ကျယ်လောင်သထက်ကျယ်လောင်လာပြီး သူတို့က ဒူးထောက်၍ အရိုအသေပေးလာကြသည်။
မြေနတ်ဆရာကြီးနှင့် မိုးနတ်ဆရာမကြီးက လက်ယှက်ပြီး သစ်ပင်လူကြီးကို ဦးညွှတ်အရိုအသေပေးသည်။
မန်ဟိုမှာ ဧရာမသစ်ပင်ကြီးဆီမှ အကြည့်မခွာနိုင်ပေ။ သူ့နှလုံးသားသည် တဒိန်းဒိန်းခုန်နေ၏။ ဤသစ်ပင်လူကြီးမှာ ကောင်းကင်နှင့်မြေကြီး၏ အစွမ်းထက်သောမိစ္ဆာကြီးတစ်ကောင်ဖြစ်ကြောင်း သူသိလိုက်လေပြီ။ ၄င်းသည် မြောက်ပင်လယ်နှင့်ဆင်တူ၏။
စစ်မှန်သော မိစ္ဆာတစ်ကောင်။
သစ်ပင်လူကြီးက ရုတ်တရက် စကားပြောသည်။ "တိုင်းတစ်ပါးက လာရောက်သူ... သင်ဟာ ကျွန်ုပ် စောင့်ရှောက်တဲ့ မျိုးနွယ်စုရဲ့အသိအမှတ်ပြုခံရပြီးပြီ။ ဒါကြောင့်...အသင့်ကို ကောင်းချီ ချီးမြှင့်တော်မူမယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းကုဋေကုဋာက ကျွန်ုပ်ရဲ့မှတ်ဉာဏ်တချို့ကို သင်တွေ့မြင်ရဖို့ သင့်ကို ခေါ်သွားပေးမယ်... " သစ်ပင်လူကြီးက ညာလက်ကို ဖြေးဖြေးချင်းမြှောက်ကာ မန်ဟို့၏အ ရှေ့သို့ ချလိုက်သည်။
လက်ကြီးက မန်ဟို ၄င်းအပေါ် တက်လာမည့်အချိန်ကို စောင့်နေလေသည်။ ဤသို့ဖြစ်ပျက်နေချိန်မှာပင် မန်ဟို့သိုလှောင်အိတ်ထဲရှိ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းကား အနောက်ပိုင်းသဲကန္တာရတွင် ပထမဆုံးအကြိမ်တုံ့ပြန်လေပြီ။
ကျောက်စိမ်း၏ ရှေးဆန်သောအသံကြီးသည် မန်ဟို့၏စိတ်ထဲတွင် မြည်ဟည်းလာ၏။
"ရှေးဟောင်းတာအို၊ မိုးကောင်းကင်ကို ချုပ်နှောင်လိုသော ဇွဲဆန္ဒ၊ တောင်အားလုံး၏ကျေးဇူးရှင်၊ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း၏ ရှောင်လွှဲမရသော တာအိုပြစ်ဒဏ်၊ ထာဝရတည် မြဲသော စိတ်ဆန္ဒ အလိုတော်"
***