ငါးဆက်မြောက်မိစ္ဆာချုပ်နှောင်သူ
Vol. 29 Ch. 407
"ရှေးဟောင်းတာအို၊ မိုးကောင်းကင်ကို ချုပ်နှောင်လိုသော ဇွဲဆန္ဒ၊ တောင်အားလုံး၏ကျေးဇူးရှင်၊ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း၏ ရှောင်လွှဲမရသော တာအိုပြစ်ဒဏ်၊ ထာဝရတည် မြဲသော စိတ်ဆန္ဒ အလိုတော်
"ရှေးဟောင်းတာအို၊ အသင်္ချေသော မိစ္ဆာတွေကို လေ့လာလော့၊ အင်မိုတယ်တွေရဲ့လမ်းစဥ်ကို လျှောက်လှမ်းလော့။ တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းရဲ့ အပြစ်ဒဏ်ကို ရင်ဆိုင်လော့။ ငါ့ရဲ့တာအိုဟာ ထာဝရတည်ရှိတယ်။ ရုပ်နာမ်တွေဟာ အလွဲလွဲအမှားမှားတွေဖြစ်နေပေမယ့် ငါ့ရဲ့တာအိုကတော့ စစ်မှန်တယ်။ ထာဝရတည်မြဲမယ့် ငါ့ရဲ့စိတ်ဆန္ဒအလိုတော်"
ရှေးဆန်သောအသံကြီးသည် မန်ဟို့၏ခေါင်းထဲ၌ မိုးထစ်ချုန်းသံကြီးသဖွယ် တဝုန်းဝုန်း ပဲ့တင်ထပ်နေတော့သည်။ မန်ဟို့၏မျက်လုံးများ လင်းလက်သွားပြီး သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူသည် သူ၏အရှေ့တွင် ဆန့်တန်းနေသည့် ဧရာမလက်ကြီးကို ကြည့်ပြီး မျက်လုံးများ၌ ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ ပြည့်နှက်သွား၏။ သူကား သတ္တဝါကြီး၏လက်ဝါးပေါ်သို့ လျှောက်သွားလေပြီ။
သူ လက်ပေါ်တက်လိုက်သည်နှင့် သစ်ပင်လူကြီးက မိုးကောင်းကင်ကို မျက်နှာမူပြီး ဟိန်းဟောက်ကြုံးဝါးလိုက်သည်။ ဟိန်းဟောက်သံကြီးက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေရာ စုဝေးနေသော တိမ်တိုက်များအား လွင့်စင်ပြိုကွဲသွားစေသည်။ ခေါင်းအထက်တွင် ဝဲကြီးတစ်ခုနှင့်အတူ အပြာရောင်ကောင်းကင်ပြင်ကြီးပေါ်ပေါက်လာကာ နောက်ကမ္ဘာတစ်ခုဖြစ်တည်လာသည်။
တစ်ဆက်တည်းမှာပင် သစ်ပင်လူကြီးသည် မန်ဟိုကို နည်းနည်းလေးမှ မထိခိုက်အောင် လက်ကိုဆုပ်လိုက်သည်။ ထို့နောက် ၄င်း၏ခန္ဓာကိုယ်က ဝဲကြီးအတွင်းသို့ ဝင်ရောက်သွား၏။ မန်ဟိုကြည့်နေစဥ်မှာပင် သစ်ပင်လူကြီး၏ခန္ဓာကိုယ်သည် ကြီးသထက်ကြီးလာလေသည်။ မျက်စိတစ်မှိတ်တည်းနှင့် ၄င်းသည် ဧရာမ မိုး မြေသစ်ပင်ကြီးတစ်ပင် ဖြစ်သွားလေပြီ။
မိုးမြေသစ်ပင်ကြီး ဖြစ်လာသည်နှင့် မန်ဟို့၏စိတ်တွင် ထစ်ချုန်းသံကြီးတစ်သံ ပြည့်နှက်သွား၏။ သူ၏အသိစိတ်မှာ ကျယ်ပြန့်လာပုံရသည်။ အချိန် စီးဆင်းလာပြီး မိုးကောင်းကင်မှာ ကြေမွသွားလေပြီ။ ကြယ်များ သူ့ဆီ တဟုန်ထိုးပြေးဝင်လာကြ၏။
သူမော့ကြည့်လိုက်စဥ်တွင် ကောင်းကင်ကား ကောင်းကင်မဟုတ်တော့။ ကြယ်များသာ ရှိတော့သည်။ အောက်ဘက်တွင် အနောက်ပိုင်းသဲကန္တာရကို သူမြင်နေရသည်။ သို့ရာတွင် သူတို့မှာ တောင်ပိုင်းဒေသမှ ကွဲကွာမနေပေ။ ပြာလဲ့နေသော နဂါးငွေ့တန်းပင်လယ်၏အ ခြားတစ်ဖက်ခြမ်းတွင် အရှေ့ဘက်နယ်မြေသည် တသိမ့်သိမ့်တုန်ခါနေပြီး အလွန်ကြီးမားသောမိုးသက်မုန်တိုင်းကြီးက ၄င်းနှင့် မြောက်ပိုင်းသဲကန္တာရအကြားတွင် တဝေါဝေါတိုက်ခတ်နေသည်။
ဤသည်မှာ နှစ်ပေါင်းမည်မျှအကြာကလဲ ဘယ်သူမှမသိနိုင်သော တောင်ကောင်းကင်ဂြိုဟ်၏နယ်မြေများ ဖြစ်ပေသည်။
မြေများကား ပြားမနေဘဲ လုံးဝန်းသောဂြိုဟ်တစ်လုံးအဖြစ် စုစည်းနေသည်။
သစ်ပင်လူကြီး၏ ရှေးဆန်သောအသံကြီးက ရုတ်တရက် သူ၏စိတ်ထဲတွင် ပြည့်နှက်သွားသည်။
"အဲ့ဒါက....တောင်ကောင်းကင်ဂြိုဟ်ပဲ"
"နဝမတောင်နဲ့ပင်လယ် ရဲ့အနားမှာ ထာဝရဂြိုဟ်လေးလုံးရှိတယ်။ တောင်ကောင်းကင်၊ အရှေ့အောင်ပွဲ၊ မြောက်ဘူး တောင်းနဲ့ အနောက်နွားတို့ပဲ။ ထာဝရစိတ်ဆန္ဒအလိုတော်အရ ဂြိုဟ်လေးလုံးဟာ နဝမတောင်ကို ထာဝရလှည့်ပတ်ကြတယ်.....
"ငါကတော့ စိမ်းနုလို့ခေါ်တဲ့ နဝမပင်လယ်က ကျွန်းတစ်ကျွန်းကလာခဲ့တာပဲ။ ငါဟာ စိမ်းနုကျွန်းဆွယ်က သစ်စိမ်းတောရဲ့ အကြီးအကဲဖြစ်တယ်" **
မန်ဟို အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ သစ်ပင်လူကြီးစကားပြောနေစဥ် အောက်ရှိမြေပြင်များမှာ ဂြိုဟ်တစ်လုံးပုံစံကျုံ့လာနေသည်ကို သူမြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ကြယ်များအတွင်းတစ်နေရာ၌....
တိုင်းတာ၍မရလောက်အောင် အဆုံးမရှိ မြင့်သွန်းနေသော တောင်ကြီးတစ်လုံးကို လှမ်းမြင်လိုက်လေသည်။
ဤတောင်၏အရွယ်အစားမှာ တောင်ကောင်းကင်ဂြိုဟ်ထက် အဆပေါင်းများစွာ ကြီးမားလေသည်။ ၄င်းမှာ ဘီလူးကြီးနှင့်ပုရွက်ဆိတ်ကို နှိုင်းယှဥ်နေသကဲ့သို့ဖြစ်သည်။ မန်ဟို၄င်းကို မြင်လိုက်သည့်တခဏ၌ သူ၏စိတ်အစဥ်မှာ ချာချာလည်လာသည်။ သူ၏အသိစိတ်မှာ စုတ်ဖြဲခံနေရသကဲ့သို့ ခံစားနေရတော့သည်။ ထစ်ချုန်းသံများကား သူ၏စိတ်နှလုံးကို စိုးမိုးနေ၏။
နဝမတောင်နှင့်ပင်လယ်ကိုသော်လည်းကောင်း၊ တောင်ကောင်းကင်ဂြိုဟ်ကိုသော်လည်းကောင်း သူအပြည့်အဝနားမလည်သော်လည်း လုံးလုံးမသိခြင်းတော့မဟုတ်ပေ။ သို့သော် ဤအခိုက်အတန့်တွင် နဝမတောင်၏ ခမ်းနားကြီးကျယ်မှုကို မျက်ဝါးထင်ထင်တွေ့မြင်နေရလေပြီ။
သူက နဝမတောင်နှင့် ၄င်းအားလှည့်ပတ်နေသော တောင်ကောင်းကင် ဂြိုဟ်အပါအဝင် ဂြိုဟ်လေးလုံးကို မော့ကြည့်လိုက်သည်။ နဝမတောင်၏အခြားတစ်ဖက်တွင် ကြယ်တာရာများအတွင်းသို့ ထာဝရစီးဆင်းနေမည့်ပုံရသော.... ပင်လယ်ကြီးနှစ်စင်းရှိသည်။
ဤပင်လယ်များမှာ ပင်လယ်ရေဖြင့် ဖွဲ့စည်းထားသည့်ပုံမရသော်လည်း ၄င်း၏မျက်နှာပြင်တွင် ဂြိုဟ်များကိုပင် အမှုန့်ခြေပစ်နိုင်လောက်သည်အထိ ကြီးမားသောလှိုင်းကြီးများက တဝုန်းဝုန်းရိုက်ခတ်နေလေသည်။
ဤမြင်ကွင်းက မန်ဟို့၏စိတ်နှလုံးကို တစ်ခါမှမရောက်ရှိဖူးသော အတိုင်းအတာအထိတုန်ရီသွားစေသည်။
တစ်ချိန်တည်းမှာပင် ပင်လယ်တစ်စင်းထံမှ အစိမ်းရောင်အလင်းတန်းတစ်တန်း ပျံထွက်လာသည်။ အစိမ်းရောင်အလင်းတန်းအတွင်းတွင် ကောင်းကင်ဘုံကိုပင် တိုက်ခိုက်နိုင်ပုံရသော ဧရာမသစ်ပင်ကြီးတစ်ပင်အား မြင်လိုက်ရသည်။
သစ်ပင်ကြီးသည် ပင်လယ်မှာထိုးထွက်လာပြီး အာကာသကိုဖြတ်၍ တောင်ကောင်းကင်ဂြိုဟ်သို့ ဦးတည်လာသည်။ သို့သော် ၄င်းနီးကပ်လာစဥ် မန်ဟို့၏စိတ်အတွင်း၌ ဂျိန်းခနဲ ထစ်ချုန်းသွားသည်။ ရုတ်တရက် တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် ဧရာမမျက်နှာအ ကြီးကြီးပေါ်လာသည်။
မျက်နှာသည် မျက်လုံးပိတ်ထားသော အဘိုးအိုတစ်ဦးပုံစံရှိသည်။ တောင်ကောင်းကင်ဂြိုဟ်သည် သူ၏ခန္ဓာကိုယ်ဖြစ်ကာ ခေါင်းကတော့ ပုံရိပ်ယောင်တစ်ခုဖြစ်ပြီး ဂြိုဟ်၏မျက်နှာပြင်အပေါ်တွင်ထပ်နေ၏။ သူက ပါးစပ်ကြီးဟပြီး လာနေသော အစိမ်းရောင်သစ်ပင်ကြီးကို တစ်ခုခုပြောသည်။ သူဘာပြောလိုက်လဲ မန်ဟိုအတိအကျမကြားရပေ။
သူ့ပါးစပ်မှ စကားလုံးများထွက်သွားသည်နှင့် အလင်းတန်းအတွင်းက သစ်စိမ်းပင်ကြီးသည် တစစီပဲ့ကျလာ၏။ အစအနများက တောင်ကောင်းကင်ဂြိုဟ်အပေါ်သို့ ကျဆင်းလာသည်။
အပိုင်းအစအများစုမှာ အနားရောက်သွားသည်နှင့် ပြာဖြစ်သွားသည်။ သို့သော် အပိုင်းလေးတစ်ပိုင်းကတော့ လွတ်မြောက်သွား၏။ ၄င်းသည် မန်ဟို့ကို ထိုးခွင်း၍ သူ၏ခန္ဓာကိုယ်ကို ကွဲထွက်သွားစေသည်။ ထို့နောက် ၄င်းက သူနှင့်ပေါင်းစည်းသွားပြီး နှစ်ယောက်လုံး အနောက်ပိုင်းသဲကန္တာရအတွင်းသို့ ပြုတ်ကျလာသည်။ ထို့နောက်အမြစ်တစ်ခုထွက်လာ၏။
မန်ဟိုမှာ အတန်ငယ်တွေဝေနေသည်။ သူသည် မည်သည့်နာကျင်မှုမှ မခံစားရဘဲ သစ်ပင်ဘဝရောက်သွားသည့်ကို အာရုံရလိုက်၏။ မရေမတွက်နိုင်သည့် နှစ် ပေါင်းများစွာကြာပြီးနောက်တွင် တော့ သူကား သစ်စိမ်းပင်ကြီးတစ်ပင်ဖြစ်လာလေပြီ။
ဤကဲ့သို့ တစ်နေဝင် တစ်နေထွက် နှစ်တွေအလီလီကုန်ဆုံးနေစဥ် ဝံပုလွေဖြူ၊ ရောင်စုံမြွေနှင့် လင်းနို့သေးသေးလေးတို့အားလုံး သစ်ပင်အောက်တွင် အိမ်ဖွဲ့နေကြသည်။ နှစ်တွေကြာသွားသည်။ နောက်ဆုံးတွင် မိုးရွာနေသောညနေခင်းတစ်ခု၌ လူတစ်ယောက်ချဥ်းကပ်လာ၏။
၄င်းသည် ထီးတစ်လက်နှင့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ သူက သစ်ပင်၏အရှေ့တွင် ရပ်ပြီး ၄င်းကိုကြည့်သည်။
"တာအိုကို အတည်ပြုဖို့ တောင်ကောင်းကင်ဂြိုဟ်ကို ရောက်လာတဲ့ ဖြစ်တည်မှုနောက်တစ်ခုပါလား။ ခန္ဓာကိုယ်နဲ့စိတ်ဝိညာဥ်က ဖျက်စီးခံလိုက်ရပေမယ့် ဝိညာဥ်ရဲ့အစေ့တစ်စေ့ကတော့ တောင်ကောင်းကင်မှာ သက်သေပြဖို့ ရှင်သန်ရင်း ကျန်ရစ်နေတာပဲ
"သိပ်ကောင်းတယ် ငါတို့ အခု တောင် ကောင်းကင်ဂြိုဟ်ရဲ့ အနောက်ပိုင်းသဲကန္တာရကို ရောက်နေတာဆိုတော့ ငါ့အမွေအနှစ်ရဲ့စွမ်းအားကို သုံးပြီး အရုပ်တွေကို လက်ဆင့်ကမ်းပေးနိုင်တဲ့စွမ်းအားနဲ့ မင်းကို ကောင်းချီးပေးမယ်။ တောင်ပိုင်းဒေသရဲ့ မိစ္ဆာတာအိုဆေးလုံးလိုပေါ့... ရှေးဟောင်းတာအိုလမ်းစဥ်၊ ထာဝရတည်မြဲမယ့် စိတ်ဆန္ဒအလိုတော်" ထိုလူက သက်ပြင်းချပြီး ညာလက်ကိုမြှောက်ကာ သစ်ပင်ပေါ်တင်လိုက်သည်။ အချိန်အတော်လေးကြာပြီးနောက်တွင် သူသည် ချာခနဲလှည့်၍ အဝေးသို့ လှည့်ထွက်သွားတော့သည်။
သူ ထိုသို့ထွက်သွားစဥ် တလက်လက်တောက်ပနေသော အမျှင်များက သူထံမှ ဖြာထွက်နေလေသည်။ ၄င်းတို့သည် မှိန်မှိန်ဖျော့ဖျော့သာ ဖြစ်သော်လည်း တစ်မျှင်ချင်းစီသည် သူ၏ခန္ဓာကိုယ်နှင့်ချိတ်ဆက်နေပုံရသည်။ ၄င်းတို့က ဝန်းရံလှည့်ပတ်ရင်း လေထဲ၌ပျောက်ကွယ်သွားသည်။ ဤအမျှင်များကား ကံကြွေးမျှင်များဖြစ်ပုံရသည်။
"ငါက ငါ့အဖွဲ့ရဲ့ ငါးဆက်မြောက်မျိုးဆက်၊ ပဥ္စမ မိစ္ဆာချုပ်နှောင်တာအိုပညာရှင်ဖြစ်တယ်။ ငါ့ရဲ့တာအိုက နဝမတောင်နဲ့ပင်လယ်ရဲ့တာအိုနဲ့မတူဘူး။ တာအိုမတူတဲ့အတွက်ကြောင့် သတ်မှတ်ချက်တွေနဲ့မကိုက်ညီနိုင်တော့ဘူး။ သူတို့မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အရေးမကြီးဘူး။ ငါရဲ့တာအိုဟာ ထာဝရတည်တံ့နေမှာပဲ
"ငါကိုယ်တိုင် တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရဲ့ပြစ်ဒဏ်ကို ရင်ဆိုင်မယ်" ထိုလူက သစ်စိမ်းပင်ကြီးကို ပြန်လှည့်ကြည့်သည်။ သူထိုသို့ကြည့်နေစဥ် မန်ဟို့မှာ သူ့ကိုတည့်တည့်စိုက်ကြည့်နေသကဲ့သို့ ခံစားရလေသည်။ သူ၏စိတ်အစဥ်မှာ ရုတ်တရက် ဝီခေါ်သွား၏။ ထိုလူကဆက်ပြောသည်။ "ငါထွက်မသွားခင် မင်းနဲ့တွေ့တာက... ရေစက်ပဲ။ ငါတို့နှစ်ယောက်ရဲ့ကံကြမ္မာက တစ်နေ့နေ့ကျရင် ငါရဲ့ဆက်ခံသူတစ်ယောက် ဉာဏ်အလင်းရမယ့်အမှတ်တစ်ခုဖြစ်လာမယ်ထင်တယ်
"မိစ္ဆာချုပ်နှောင်သူအဖွဲ့မျိုးရိုးက မပြတ်တောက်နိုင်တာတော့မဟုတ်ဘူး။ ငယ်ရွယ်တဲ့မျိုးဆက်တွေ ဉာဏ်အလင်းရသွားရင်တော့ ဆက်လက်တည်ရှိလိမ့်မယ်။ မဟုတ်ရင်တော့ တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းရဲ့ တာအိုပြစ်ဒဏ်ကျရောက်လာပြီး မိစ္ဆာချုပ်နှောင်သူတွေရဲ့ စိတ်ဆန္ဒအလိုတော်ကို လူတွေ အောက်မေ့သတိရကြလိမ့်မယ်"
မန်ဟို့၏စိတ်ထဲမှာ တဝီဝီမြည်နေသည်မှာ အတော်ကြာလေသည်။ နောက်ဆုံး၌ ၄င်းပျောက်ကွယ်သွားသောအခါ သူမြင်ခဲ့ရသမျှအရာအားလုံး မှေးမှိန်စပြုလာလေပြီ။
သူသည်.... သစ်ပင်လူကြီး၏လက်ဝါးပေါ်တွင် ရပ်နေ၏။ ကောင်းကင်မှာ စောစောကအတိုင်း တိမ်တိုက်များဖြင့် ပြည့်နှက်နေပြီး ကျီးကင်းထောက်မျိုးနွယ်ဝင်များ၏ ကျမ်းစာရွတ်သံများ တစီစီညံနေလေသည်။ ယခုလေးတင် သူကြုံတွေ့ခဲ့ရသည့်အရာအားလုံးမှာ တခဏသာကြာခဲ့ပုံရသည်။ သို့သော် မန်ဟိုကတော့ တစ်ကမ္ဘာလုံးကြုံတွေ့ခဲ့ရလေသည်။
သူ၏မျက်လုံးများသည် ငေးကြောင်နေ၏။ သူကာ ပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမှ အာရုံမရှိဘဲ သစ်ပင်လူကြီး၏လက်ပေါ်မှဆင်းကာ ယစ်ပလ္လင်အပေါ်တွင် ထိုင်လိုက်သည်။သူက မျက်လုံးများမှိတ်လိုက်၏။
တဖြေးဖြေးနှင့် အစိမ်းရောင်အလင်းက သူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။ အစိမ်းရောင်အလင်းအတွင်း၌ သစ်ကိုင်းသစ်ခက်များကို မြင်နိုင်၏။ ၄င်းတို့သည် ကျောက်သားပလ္လင်၏မျက်နှာပြင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။ မန်ဟိုမှာ သစ်ပင်လူကြီးဖြစ်လာသည့်အလားပင်။
ပတ်ဝန်းကျင်ရှိ ကျီးကင်း ထောက်မျိုးနွယ်ဝင်များ ဤအခြင်းအရာကိုမြင်သော်လည်း စိတ်နှလုံးတုန်လှုပ်လာကြပြီး ဆွံ့အလျက်သာ စိုက်ကြည့်နေကြတော့သည်။ မြေနတ်ဆရာကြီးနှင့်မိုးနတ်ဆရာမကြီးလည်း အသက်ရှူသံများ မြန်ဆန်လာကာ မျက်လုံးများ၌ မယုံကြည်နိုင်မှုများ ပြည့်နှက်နေတော့သည်။
ဤအခိုက်တွင် အဝေးမှ အလင်းတန်းတစ်တန်း ချဥ်းကပ်လာ၏။ ၄င်းသည် ရှေးဆန်သောအဘိုးကြီးတစ်ယောက်ပုံစံပြောင်းသွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံလှိုင်းများက သူသည် အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်တွင် ဖြစ်ကြောင်းသက်သေပြနေသည်။ အဘိုးကြီးက ပေါ်လာလျှင်ချင်း မန်ဟို့ကြည့်ပြီး မျက်နှာထားက ရိပ်ခနဲ ဖြစ်သွားသည်။
အချိန်အတော်လေးကြာသော် အဘိုးကြီးက ပြောသည်။ "ဘိုးဘေးကြီးသစ်စိမ်းက သူ့ကို စစ်ဆေးမယ့်အစီအစဥ်အကုန်လုံး ဖျက်သိမ်းလိုက်ပြီ။ သူ ဘယ်နေရာကလာလဲ သူ့စကားက ဘယ်လောက်မှန်လဲမှားလဲ အရေးမကြီးတော့ဘူး။ သူက အခု ကျီးကင်းထောက်မျိုးနွယ်စုရဲ့ ထာဝရငယ်သားတစ်ယောက်ဖြစ်သွားပြီ"
အချိန်သည် တဖြေးဖြေး ကုန်ဆုံးလာ၏။ မန်ဟို မျက်လုံးပြန်ဖွင့်သောအခါ ခုနစ်ရက်ကြာခဲ့လေပြီ။
သူသည် ကျီးကင်းထောက်မျိုးနွယ်ဝင်များ လူစုခွဲသွားကြပြီဖြစ်ကြောင်း မြင်လိုက်သည်။ည နေခင်းဖြစ်ပြီး လူနှင့်တူသည့်သူတစ်ယောက်မှ ရှိမနေပေ။ သူတစ်ယောက်တည်းသာ အမြင့်ဆုံးတောင်ထွတ်ပေါ်က ပလ္လင်တွင် ကျန်ခဲ့သည်။
သူ၏မျက်လုံးများသည် ဇဝေဇဝါဖြစ်နေသောအရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။ သူက သူ့ကိုယ်ကို ငုံ့ကြည့်လိုက်ရာ အဘက်ဘက်သို့ ဖြာထွက်နေသည့် အကိုင်းအခက်ပေါင်းများစွာအား တွေ့လိုက်ရသည်။ ယခုတွင် သူ့မှာ သစ်ပင်တစ်ပင်ဖြစ်နေသည့်အလားပင်။
အတန်ငယ်ကြာသော် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သစ်ကိုင်းသစ်ခက်များ ဖြေးဖြေးချင်း ပြန်ဝင်လာရင်း သူ၏ခန္ဓာကိုယ်နှင့်တစ်သားတည်း ဖြစ်သွား၏။ ထို့နောက် သူက ထရပ်လိုက်သည်။
သူသည် ကောင်းကင်သို့ မော့ကြည့်ပြီး အမှတ်မထင်သက်ပြင်းချလိုက်မိ၏။
"တာအိုပေါင်း သုံးထောင်ရှိတယ်။ ဆေးဝါးတာအို၊ မိစ္ဆာလမ်းစဥ်၊ အရုပ်၊ ပညာရပ်မျိုးစုံ၊ အကုန်လုံးက ကြီးကျယ်ခမ်းနားတဲ့တာအိုတွေပဲ။ အရုပ်တွေပဲဖြစ်ဖြစ်၊ မိစ္ဆာချုပ်နှောင် ခြင်းပဲဖြစ်ဖြစ်၊ အနက်ရောင်နယ်မြေဖြစ်ပေါ်လာစေတဲ့ ကောင်းကင်အဆောင်စက္ကူတောင်မှပဲ.....
" ငါ ရထားတဲ့ လျှို့ဝှက်ပညာရပ် စာမျက်နှာသုံးရွက်လိုပဲ။ ပထမစာရွက်က ဓာတ်ကူတာနဲ့ ပတ်သက်တယ်။ ဒုတိယအရွက်က အချိန်ရတနာတွေ သွန်းလုပ်တာ။ တတိယက မိစ္ဆာတွေကိုအသွင်ပြောင်းပေးနိုင်တဲ့ မိစ္ဆာသားရဲသခင်ပညာရပ်။ ဒီသုံးခုက အဆင့်အမျိုးမျိုးနဲ့ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ပုံပေါ်ပေမယ့် ရင်းမြစ်တစ်ခုတည်းကနေ အရင်းခံတာပဲ
"အားလုံးက မိစ္ဆာချုပ်နှောင်ခြင်းနဲ့ တစ်ခုမဟုတ်တစ်ခု ပတ်သက်နေတယ်" မန်ဟို၏မျက်လုံးများသည် ထူးဆန်းသောအလင်းဖြင့် တောက်ပလာ၏။ သူ ဉာဏ်အလင်းရရှိပြီးသည့်အခါတွင် တောင်ပိုင်းဒေသဟုပြောပြော၊ အနောက်တိုင်းသဲကန္တာရဟုပြောပြော၊ ကောင်းကင်နှင့်မြေကြီးနှင့်ပတ်သက်လျှင် အားလုံးက အင်မိုတယ်များနှင့် မိစ္ဆာများသာ ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။
အင်မိုတယ်များအား ရှင်းရှင်းလင်းလင်း ဥပမာပေးရလျှင် တောင်ပိုင်းဒေသ၏ မောက်မာသော ကျီမျိုးနွယ်စုထက် မည်သည့်အရာမှ မရှင်းနိုင်ပေ။ မိစ္ဆာများအား ဥပမာပြရလျှင်တော့... အကောင်းဆုံးက လျှို့ဝှက်ဆန်းကြယ်သော မိစ္ဆာချုပ်နှောင်သူများ ဖြစ်ပေလိမ့်မည်။
"ထူးဆန်းတာက မိစ္ဆာတွေက အသွင်သဏ္ဍာန် အမျိုးမျိုးဖြစ်နေတာပဲ... သူတို့က တောင်ကောင်းကင်ဂြိုဟ်ရဲ့ တောင်ပိုင်းဒေသမှာ ဆေးဝါးတာအိုကိုယ်စားပြုတယ်။ အနက်ရောင်နယ်မြေမှာကျ အဆောင်စက္ကူသင်္ကေတတွေ ဖြစ်ပြီးတော့ အနောက်ပိုင်းသဲကန္တာရမှာကျ အရုပ်တွေဖြစ်ပြန်တယ်။ အရှေ့ဘက်နယ်မြေနဲ့ မြောက်ပိုင်းသဲကန္တာရမှာလည်း ကိုယ်ပိုင်မိစ္ဆာပုံစံတွေ ရှိမှာသေချာတယ်
"ဘာပြောပြော အဆုံးသတ်မှာ အားလုံးက မိစ္ဆာတွေပဲ
"မိစ္ဆာတွေက အင်မိုတယ်နဲ့မတူဘူး။ အင်မိုတယ်တွေမှာ ဂုဏ်သိက္ခာဆိုတာရှိပေမယ့် မိစ္ဆာတွေကတော့ အမျိုးမျိုးပြောင်းလဲနေတယ်။ အင်မိုတယ် တွေမှာ လမ်းစဥ်တစ်ခုပဲရှိပြီးတော့ ကျန်တဲ့လမ်းတွေက မိစ္ဆာလမ်းစဥ်တွေပဲ" မန်ဟိုမှာ ရုတ်တရက် ဤဉာဏ်အလင်းကို ရရှိလိုက်သဖြင့် သူ၏စိတ်မှာ မိုးကြိုးဖြင့် ပစ်ချခံလိုက်ရသကဲ့သို့ ဝီခေါ်သွားလေသည်။
သူသည် ကျီးကင်းထောက်မျိုးနွယ်စု၏ တောင်ထိပ်ပေါ်တွင် ရပ်နေဆဲဖြစ်သော်လည်း သူ၏အသိအမြင်သည် ကျယ် ပြန့်လာပြီး ကောင်းကင်၏အ မြင့်ဆုံးထိတိုင် ထိုးတက်နေလေပြီ။ အနက်ရောင်နယ်မြေသို့ ပထမဆုံးဝင်ရောက် လာတုန်းက သူ့ခေါင်းထဲတွင် ပေါ် ပေါက်လာခဲ့သော အတွေးများသည် ရုတ်တရက် အဖြေတစ်ခုတည်းအဖြစ် စုပေါင်းသွား၏။
"အရာအားလုံးက တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းရဲ့ ချီနဲ့ပတ်သက်နေတယ်။ အင်မိုတယ်တွေက အဲ့ဒါကို အဆီအနှစ်ချီလို့ခေါ်တယ်။ ဒါပေမဲ့ မိစ္ဆာချုပ်နှောင်သူအဖွဲ့ကတော့ မိစ္ဆာချီလို့ခေါ်တယ်။ အဲ့ဒါဆိုရင်.... နဝမတောင်နဲ့ပင်လယ်က တကယ်တမ်း ဖော်ပြမရလောက်အောင်ကို အစွမ်းထက်လွန်းတဲ့ မိစ္ဆာကြီးတစ်ကောင်ဖြစ်လောက်မယ်" မန်ဟို့၏မျက်လုံးများ လင်းလက်သွားသည်။
"နဝမတောင်နဲ့ပင်လယ်က မိစ္ဆာကြီးတစ်ကောင်ဆိုရင်တော့ သူ့ရဲ့ချီက တောင်ကိုလှည့်ပတ်နေတဲ့ ဂြိုဟ်တွေမှာ ပြည့်နှက်နေမှာပဲ။ ကျီမျိုးနွယ်စုဖြစ်ဖြစ်၊ အခြားအစွမ်းထက်တဲ့ပညာရှင်တွေပဲဖြစ်ဖြစ်၊ အဲ့ဒီလိုအင်မိုတယ်တွေက နဝမတောင်နဲ့ပင်လယ်ရဲ့ အဆီအနှစ်ကို သိမ်းပိုက်ပြီး သူရဲ့သခင်ဖြစ်လာဖို့ တောင့်တကြမှာပဲ
''တစ်နည်းပြောရမယ်ဆိုရင် မိစ္ဆာချုပ်နှောင်ခြင်းဆိုတာ ကျင့်ကြံခြင်းလမ်းစဥ်နောက်တစ်ခုပဲ။ နဝမတောင်နဲ့ပင်လယ်ရဲ့ချီကို ရယူတာနဲ့ ဘာမှမဆိုင်ဘူး။ သူက မိစ္ဆာတစ်ကောင်ဖြစ်တာမှန်ရင် ငါ စိတ်ရှိရင်ရှိသလို ချုပ်နှောင်ပစ်နိုင်တယ်"
***