← Chapters

ငါ တကယ်မလုပ်ဖူးဘူးကွ

Vol. 30 Ch. 409

ငါ တကယ်မလုပ်ဖူးဘူးကွ

Vol. 30 Ch. 409

ကျီးမင်းတောက်မျိုးနွယ်စုအတွင်းမှ နတ်ဘုရားအာရုံစီးကြောင်းအမြောက်အမြား ရုတ်တရက် ထွက်ပေါ်လာကြသည်။ "ကျီးကင်းထောက်မျိုးနွယ်စုမှာ သစ်စိမ်းပင်အရုပ်တစ်ရုပ် ဒီလိုမျိုးပေါ်လာပုံထောက်ရင် ... တစ်ယောက်ယောက် အရုပ်အနုသုခုမရုပ်ခန္ဓာကို ဖန်တီး နေတာ ဖြစ်လောက်တယ် "

တူညီသောအဖြစ်အပျက်များ အခြားမျိုးနွယ်စုများတွင် ဖြစ်ပျက်သွားသည်။ ကျီးစစ်သည်မျိုးနွယ်စုမှာ အထူးသဖြင့် သက်ရောက်ခံရပုံရသည်။ ရောင်စုံအလင်းတန်းငါးတန်း ကျီးကင်းထောက်မျိုးနွယ်စုထံသို့ တဟုန်ထိုးထွက်လာကြသည်။

ဤမျိုးနွယ်စုငါးစုသည် သွေးသားတော်စပ်သော်လည်း အချင်းချင်းကြား၌ ဘယ် တော့မှ သင့်မြတ်မည်မဟုတ်သော သဘောထားမတိုက်ဆိုင်မှုများ ရှိလေသည်။ ကြည့်ရသရွေ့ ကျီးစစ်သည်မျိုးနွယ်စုက အခြားမျိုးနွယ်စုများထက် ကျီးကင်းထောက်မျိုးနွယ်စုကို မုန်းတီးပုံရသည်။

ကျီးစစ်သည်မျိုးနွယ်စုမှ အလင်းတန်းငါးတန်းသည် လေကိုခွင်း၍ ကျီးကင်းထောက်မျိုးနွယ်စုထံသို့ တဟုန်ထိုးလာ နေကြသဖြင့် လေထဲတွင် တရွှီးရွှီးမြည်သံများ ပြည့်နှက်သွားသည်။ သူတို့ချဥ်းကပ်လာသည်အား ရှင်းရှင်းလင်းလင်းပင် မမြင်ရသေးခင်မှာပင် ကျီးကင်းထောက်မျိုးနွယ်စုအတွင်းမှ ဧရာမအလင်းအကာအကွယ်ကြီးတစ်ခု ရုတ်ခြည်းပေါ်ထွက်လာ၏။ ၄င်းသည် မျိုးနွယ်စုတစ်စုလုံးအား အုပ်ဆောင်းသဖွယ် လွှမ်း ခြုံပြီး ကျီးစစ်သည်မျိုးနွယ်စုအား ဟန့်တားလိုက်သည်။

ကျီးကင်းထောက်မျိုးနွယ်စု ခေါင်းကိုင်ဖခင်၏ ကြောက်လန့်တုန်လှုပ်ဖွယ် အသံကြီးထွက်ပေါ်လာသည်။ "ကျီးကင်းထောက်မျိုးနွယ်စု အခု လောလောဆယ် အလုပ်များနေတဲ့အတွက် ဘယ်မျိုးနွယ်စုကိုမှ ဝင်ခွင့်မပြုနိုင်သေးဘူး။ ဝင်လာတဲ့ဘယ်သူ့ကိုမဆို.... ထောက်ထားညှာတာနေမယ်မထင်နဲ့ "

အကာအကွယ်၏အပြင်တွင် ကျီးစစ်သည်မျိုးနွယ်ဝင်များ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့အတွက် အေးစက်စက်ရယ်လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ အကာအကွယ်ကို ဖြတ်သွားခြင်းအား တားမြစ်ထားသည်မဟုတ် ပါလော။

မန်ဟိုသည် အပြင်ပ၌ ဖြစ်ပျက် နေသမျှအရာအားလုံးကို သိနေ၏။ သို့သော် သူ၏စွမ်းအင်အများစုမှာ အရုပ်ခတ်နှိပ်ခြင်းနှင့် သူ့အရှေ့ရှိ တဖြေးဖြေး သေးငယ်ကျုံ့ဝင်လာနေသော သစ်စိမ်းပင်ကြီးအပေါ်တွင်သာ ကုန်ဆုံးနေရလေသည်။ မကြာမီ ၄င်းသည် သုံးမီတာအမြင့်သာရှိတော့၏။ အရာအားလုံးတုန်ခါနေပြီး အပေါ်ထက်ကောင်းကင်တွင် လျှပ်စီးများ ယိမ်းနွှဲ့ကခုန်နေလေပြီ။ မျောလွင့်ထွက်လာနေသော အသက်စွမ်းအားက မန်ဟို့ခြံအနားတစ်ဝိုက်ရှိ သစ်ပင်ပန်းမန်များကို အလွန်အကျူးကြီးထွားလာစေသည်။

အမှန်တွင် ၄င်းက ကျီးကင်းထောက်မျိုးနွယ်စု၏ အရှေ့ဘက်စီရင်စုရှိ တောင်ပေါ်က သစ်ပင်များနှင့် သူတို့ကိုဝန်းရံထားသော တောအုပ်အပေါ်တွင်ပါ သက်ရောက်မှုရှိ၏။ နေရာအနှံ့အပြားရှိ အပင်နှင့် အသီးအရွက်အားလုံး လျင်မြန်စွာ ကြီးထွားနေရာ အခြားမျိုးနွယ်စုများအား ပို၍ပင် တုန်လှုပ်သွားစေသည်။ အနက်ရောင်တိမ်တိုက်များလည်း တလိပ်လိပ်ထလာပြီး တောအုပ်အတွင်းမှ ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာသည်။ ကမ္ဘာသစ်မိစ္ဆာများလည်း အသက်စွမ်းအားကို အာရုံရသွားကြပြီး တပ်မက်စိတ်များ ပေါက်ဖွားလာကြသည်။

ဤအခိုက်အတန့်တွင် ရုတ်တရက် ... ကောင်းကင်နှင့်မြေကြီးကို တသိမ့်သိမ့်တုန်သွားစေသော ဟိန်းဟောက်သံအကျယ်ကြီး ရိုက်ညောင်းသွားသည်။ "မျိုးခြား"

ကျီးစစ်သည်မျိုးနွယ်ဝင်များ၏မျက်နှာများ ချက်ချင်း ရိပ်ခနဲ ဖြစ်သွားသည်။ သူတို့သည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ နှစ်ထောင်းအားရဖြစ်နေသောမျက်နှာထားများဖြင့် နောက်ဆုတ်လိုက်ကြသည်။

အကာအကွယ်၏အခြားတစ်ဖက်တွင်တော့ ကျီးကင်းထောက်မျိုးနွယ်စု ခေါင်းကိုင်ဖခင်၏မျက်နှာတွင် ရုတ်တရက် စိုးရိမ်သောကများ ဖုံးလွှမ်းသွားသည်။ သူက သူတို့ဆီသို့ အမြန်ဆုံးအရှိန်နှင့် လာနေသောအနက်ရောင်တိမ်အစုအဝေးကြီးကို မော့ကြည့်လိုက်သည်။

"သေစမ်း မျိုးခြားသားရဲကြီးက ပြီးခဲ့တဲ့နှစ်ဝက်က ကျီးနတ်မင်းကြောင့် ဒဏ်ရာသွားပြီး ထွက်မသွားနိုင်သေးဘူး။ ဒီပတ်ဝန်းကျင်မှာ တစ်ချိန်လုံး ပုန်းအောင်းကျက်စားနေတာဖြစ်မယ်။ ငါတို့ ဘိုးဘေးကျီးနတ်မင်းကို ဆင့်ခေါ်ဖို့ ကျန်တဲ့မျိုးနွယ်စုလေးစုနဲ့ မပူးပေါင်းသရွေ့ မျိုးခြားသားရဲကြီးနဲ့ယှဥ်နိုင်မှာမဟုတ်ဘူး

"ဒီမဟာအကြီးအကဲမန်ရဲ့ သစ်စိမ်းပင်အရုပ်က မယုံကြည်နိုင်စရာ အဆင့်တစ်ခုကို ရောက်နေပြီ။ ဘိုးဘေးကြီးသစ်စိမ်းက သူ့ကို သူရဲ့အဆီအနှစ်တချို့ချီးမြှင့်ခဲ့တာများဖြစ်နိုင်မလား"

လေလယ်တွင် ပျံဝဲနေသော ကျီးကင်းထောက်မျိုးနွယ်စု၏ အစွမ်းထက်ပညာရှင်လေးဦးလုံး အံ့သြမှင်သက်နေကြတော့သည်။

အကြီးအကဲက လာနေသောအနက်ရောက်တိမ်တိုက်များကို မော့ကြည့်ရင်း ပြောသည်။ "ခေါင်းကိုင်ဖခင်၊ မျိုးခြားသားရဲက ဒီမန်ဆိုတဲ့ငယ်သားကြောင့် ဒီကိုရောက်လာတာ။ ကျုပ်တို့ကိုယ်တိုင်လည်း သူ့ကို မတိုက်ခိုက်နိုင်ဘူးဆိုမှတော့ မန်ကို သူ့လက်ထဲထည့်ပေးလိုက်တာ အကောင်းဆုံးမဖြစ်ပေဘူးလား...."

သူစကားပင်ပြီးဆုံးအောင်မပြောနိုင်ခင် တစ်ခေါင်းလုံးဆံပင်ဖြူနေသော ခေါင်းကိုင်ဖခင်က အေးစက်စက်နှာမှုတ်၍ သူ၏စကားလက်စကို ပြတ်တောက်သွားစေသည်။

"အဲ့ဒီလိုစကားမျိုး နောက်နောင် ထပ်မပြောနဲ့။ ဒီပုဂ္ဂိုလ်ကို ဘိုးဘေးကြီးသစ်စိမ်းကိုယ်တိုင် ရွေးချယ်ထားတာ။ သူ့ကိုတောင် ငါတို့မကာကွယ်ပေးနိုင်ရင် ဘိုးဘေးကို ဘယ်လိုမျက်နှာပြရမလဲ။ ငါတို့ကျီးကင်းထောက်မျိုးနွယ်စုက နာမည်ကြီးတဲ့မျိုးနွယ်စုတစ်စုတော့ မဟုတ်ပေမယ့် ကတိသစ္စာကိုတော့ စောင့်ထိန်းရမယ်။ ပြီးတော့ ကာကွယ်ပေးမယ်လို့ ငါစကားကျွံပြီးသွားပြီ။ အေး... မခုခံနိုင်တာ သေချာတော့မှ ကတိဖျက်မယ်။ တောင်အကာအကွယ်မန္တန်စွမ်းအားအကုန် ထုတ်ကြ "

ခေါင်းကိုင်ဖခင်က အင်္ကျီလက်စခါကာ အစိမ်းရောင်အလင်းတန်းတစ်တန်းအား တောင်ထိပ်သို့ ထွက်သွားစေသည်။ အစိမ်းရောင်အလင်းတန်းက တည်ရှိနေသော အကာအကွယ်နှင့် ပေါင်းစည်းသွားသဖြင့် တောင်တစ်တောင်လုံး တသိမ့်သိမ့်တုန်သွားလေ၏။ အလင်းတန်းက ကောင်းကင်သို့ မြင့်သထက် မြင့်မြင့် ထိုးတက်သွားကာ ဧရာမသစ်ပင်ကြီးတစ်ပင်၏ပုံရိပ်ကို ဖော်ဆောင်လိုက်သည်။

အဆိုပါသစ်ပင်ကြီးက ကျီးကင်းထောက်မျိုးနွယ်စုကို ငုံကာ အပြင်မှ မည်သည့်ရန်ကိုမဆို ဟန့်တားကာဆီး၍ ကာကွယ်ပေးလိမ့်မည်။

မန်ဟို့မျက်နှာမှာ နွမ်းဖတ်ဖြူဖျော့နေတော့သည်။ သစ်စိမ်းပင်အရုပ်ခတ်နှိပ်ခြင်းက ဤမျှခက်ခဲလိမ့်မည်ဟု သူ တစ်ခါမှစိတ်မကူးခဲ့ဖူးပေ။ သူ၏အရှေ့ရှိ သစ်စိမ်းပင်သည် ယခုတွင် သုံးမီတာအမြင့်ခန့်သာ ရှိတော့သော်လည်း မန်ဟို ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်သည့်အခါတိုင်း ၄င်းက တစ်လက်မခန့်သာ ကျုံ့လေသည်။

"အရုပ်ခတ်နှိပ်တာမှာ အများဆုံးအရွယ်အစားက တစ်လက်မပဲ...." မန်ဟိုသည် အရုပ်များနှင့် ပတ်သက်ရာတွင် ဆရာတစ်ဆူမဟုတ်သော်လည်း အခြေခံသဘောတရားအားလုံးကို သူသိသည်။ သူ၏မျက်လုံးများဝယ် ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့သည် လွှမ်းမိုး၍နေ၏။ ရွှေရောင်အလင်းသည် သူ၏ခန္ဓာကိုယ်မှာ ဖြာထွက်နေပြီး သူက သမာဓိအပ်နှင်းခြင်းပညာရပ်ကို အသုံးပြုရင်း ရုတ်တရက် မြေကြီးကို ညွှန်လိုက်သည်။ မိစ္ဆာချီမျှင်များ မျောလွင့်တက်လာသည့်အတွက် မမြင်ရသောလှိုင်းများက မြေမျက်နှာ ပြင်တစ်လျှောက် ရွေ့လျားသွား၏။ ထွက်လာသော မိစ္ဆာချီများက မန်ဟိုကိုယ်အတွင်းသို့ စီးဝင်ကာ သစ်စိမ်းပင်အရုပ်ခတ်နှိပ်ခြင်းအား ကူညီပေးတော့သည်။

သုံးမီတာ ၊ နှစ်မီတာနှင့်တစ်ဝက်... မကြာမီ ၄င်းကား နှစ်မီတာသာ ရှိလေတော့သည်။ ထို့နောက် တစ်မီတာ..... မန်ဟိုက ဟိန်းဟောက်ပြီး တစ်ဆက်တည်း သွေးတစ်လုပ် ထွေးလိုက်၏။ သွေးတွင် မိစ္ဆာချီတို့ ပါဝင်ပြီး ၄င်း သစ်စိမ်းပင်ကြီးအပေါ်သို့ လွင့်စဥ်ကျရောက်သွားသည်နှင့် သစ်ပင်သည် တုန်ရီလာပြီးနောက် မီတာဝက်ခန့်နီးပါး ကျုံ့သွားလေပြီ။

မန်ဟိုမှ မောဟိုက်ပင်ပန်းစွာ အသက်ရှူ နေရပြီး သူ၏မျက်ဝန်းများ၌ ခေါင်းမာမှုတို့ ထုတ်လွှတ်နေသည်။ ထိုအချိန်သည် အင်အားကြီးသော တိုက်ကွက်တစ်ကွက်အောက်ဝယ် ကျီးကင်းထောက်မျိုးနွယ်စု၏အကာအကွယ် တုန်ခါသွားသည့်အခိုက်အတန့်ပင် ဖြစ်၏။ မန်ဟိုက ခေါင်းမော့ကြည့်လိုက်ရာ အနက်ရောင်တိမ်အစုအဝေးတစ်ခု အကာအကွယ်အား ဝင်တိုက်နေသည်ကို မြင်လိုက်ရသည်။

ဟစ်ကြွေးသံတစ်သံက တိမ်တိုက်များအတွင်းမှ ပဲ့တင်ထပ်လာ၏။ "မျိုးခြား"

ဖြာထွက်လာသော လှိုင်းများက ကောင်းကင်နှင့်မြေကြီးအား သိမ့်သိမ့်တုန်နေစေတော့သည်။ တိမ်တိုက်များက အကာအကွယ်ကို ထပ်မံဝင်ဆောင့်လိုက်သည်တွင် တဂျွတ်ဂျွတ်အက်သံများ ကြားလိုက်ရသည်။

ခေါင်းကိုင်ဖခင်၊ နတ်ဆရာကြီးနှစ်ဦးနှင့် အကြီးအကဲတို့အားလုံး အထိတ်တလန့်ဖြစ်သွားပုံရသည်။ သူတို့၏ခန္ဓာကိုယ်များ တုန်ယင်လာပြီး သွေးများအန်လိုက်ကြ၏။ သူတို့သည် အကာအကွယ်ကို အားဖြည့်ပေးနေသူများဖြစ်၍ ထိုးနှက်ချက်တိုင်း၏သက်ရောက်မှုအား ထပ်တူခံစားရလေသည်။

ရုတ်တရက် စိတ်ဝိညာဥ်ခွဲထွက်ခြင်း၏ ပြင်းထန် သော ဖိအားကြီးက တိမ်တိုက်များအတွင်းမှ ပျံ့နှံ့လာသည်။ ဤသည်မှာ မျိုးခြားသားရဲကြီး၏ ကြောက်မက်ဖွယ်ရာ စွမ်းအားဖြစ်သည်။

ရေးသားဖော်ပြနေရသည်မှာ အချိန်တချို့ကြာလိုက်ပါသော်လည်း အနက်ရောင်တိမ်တိုက်များကား အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ရွေ့လျားလာပြီး ၄င်းအား ထပ်မံဝင်တိုက်ပြန်သည်။ ဝုန်းခနဲ မြည်သံကြီးမှာ လေတွင် ပျံ့လွင့်နေလေ၏။ ကျီးကင်းထောက်မျိုးနွယ်စု၏ အကာအကွယ်မန္တန်မှ ဖန်တီးထားသော ဧရာမအကာအကွယ်ကြီးသည် အစိတ်စိတ်အမြွှာမြွှာ ပဲ့ကျလာရာ တဝုန်းဝုန်းမြည်နေသံများကား မရပ်စဲတော့ပေ။ အကာအကွယ် ပြိုကျနေစဥ် ခေါင်းကိုင်ဖခင်နှင့် အခြားသူများမှာ သွေးအန်လိုက်ရပြီးနောက် အနောက်သို့ လွင့်ထွက်သွားကြသည်။ သူတို့မှာ မျက်နှာမသာမယာဖြစ် နေကြ၏။

လေလယ်တွင် ရစ်ဝဲနေသော အနက်ရောင်တိမ်အစုအဝေးက မန်ဟိုထံသို့ တန်းတန်းမတ်မတ် ဦးတည်လာသည်။

တိမ်များအတွင်းတွင် နီရဲနေသော မျက်လုံးကြီးနှစ်လုံးကား ထင်းနေ၏။ ၄င်းတို့မှာ လိုချင်တပ်မက်မှု၊ စွဲလမ်းမှုတို့ဖြင့် ပြည့်နေချေသည်။ ၄င်း လေကိုထိုးခွင်း၍လာနေစဥ် အနက်ရောင်တိမ်တိုက်များ လွင့်စင်ပြိုကွဲကုန်ပြီး မျိုးခြားသားရဲကြီး၏ အမွှေးထူထူခန္ဓာကိုယ်ကြီးပေါ်လွင်လာသည်။

၄င်းသည် ဖားလျားကျနေသည့် အမွှေးထူထူများဖုံးနေသော ဧရာမဘောလုံးကြီးတစ်လုံးအလားပင်။ ၄င်း တဟုန်ထိုးလာနေစဥ် အမွှေးများက အမြီးသဖွယ် လေတွင် လူးလွန့်လှုပ်ရှား လျက်ရှိသည်။ ပုံစံတစ်ခုလုံးက မျိုးခြားသားရဲကြီးကို အမွှေးထူထူ ဖားဖားနှင့် ကြယ်တံခွန်ကြီးအသွင်ဆောင်နေစေတော့သည်။

တစ်ချက်လေးကြည့်ရုံနှင့် ၄င်းမှာ ဘယ်သူမှ တားဆီးခြင်းငှာ မစွမ်းသာသည့် အရာကြီးဖြစ် ကြောင်း ထင်ရှားသည်။ ခေါင်းကိုင်ဖခင်နှင့်အခြားသူများမှာ မျိုးခြားသားရဲကြီးချဥ်းကပ်လာသည်ကို မျက်လုံးပြုးလျက်သာ ကြည့်နေနိုင်၏။ အခြားမျိုးနွယ်စုများမှ အစွမ်းထက်ပညာရှင်များလည်း ကျီးကင်းထောက်မျိုးနွယ်စုဒုက္ခရောက်နေပုံကို ဝမ်းပန်းတသာ ကြည့်နေကြသည်။

ထိုအချိန်တွင် မန်ဟို့၏ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတို့ဖြင့် တောက်ပနေ၏။ သူ့အရှေ့ရှိ သစ်စိမ်းပင်ကြီးကား ၆လက်မသာ ရှိတော့လေပြီ။ မျိုးခြားသားရဲကြီး ချဥ်းကပ်လာစဥ်မှာပင် မန်ဟိုက လက်တစ်ချောင်းထောင်ပြီး ပတ်ဝန်းကျင်ရှိ မမြင်နိုင်သော မိစ္ဆာချီများအား စုစည်းစေပြီးနောက် သစ်စိမ်းပင်ကြီးအပေါ် ဖိချလိုက်သည်။

"ကျုံ့စမ်း" သူက အော်ဟစ်ကြုံးဝါးလိုက်သည်။ မိစ္ဆာချီများ အံ့ဖွယ်အတိဖြစ်သော ဖိအားကြီးဖြင့် ပေါက်ကွဲသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သစ်စိမ်းပင်ကြီးကား တစ်လက်မအရွယ်အစားရောက်သွား၏။ ဤအခိုက်အတန့်တွင် မျိုးခြားသားရဲကြီးက ခြိမ်းခြောက်သံကြီး ဟစ်ကြွေးလိုက်သည်။ သစ်စိမ်းပင်မှာ မန်ဟို့၏နဖူးထံသို့ ပျံသန်း၍ သူ့အပေါ်သို့ ခတ်နှိပ်လိုက်လေပြီ။

သစ်သားအမျိုးအစားအရုပ်။ ဓာတ်ငါးပါးအရောင်များအနက် ပထမဆုံးသော အစိမ်းရောင်သစ်ပင်။

ခတ်နှိပ်ခြင်း စသည်နှင့် မန်ဟို့၏ကျင့်ကြံခြင်းအခြေခံ လည်ပတ်လာသည်။ ၄င်းမှာ ရုတ်တရက်ဆိုသလို အနုသုခုမရုပ်ခန္ဓာအဆင့်မှ ဆံတစ်မျှင်သာ ကွာဝေးတော့လေပြီ..... သူ၏အသက်စွမ်းအားလည်း မယုံနိုင်ဖွယ်ရာ အတိုင်းအတာအထိ ပေါများသွား၏။ အမှန်တိုင်းဆိုရလျှင် မန်ဟို အတိတ်တုန်းက အသက်စွမ်းအားကိုဖြုန်းတီးရင်း ရရှိခဲ့သောဒဏ်ရာများအားလုံး ယခုတွင် အကောင်းပကတိအတိုင်း ပြန်လည်သက်သာသွားသည်အထိပင်။ ပို၍အံ့သြစရာကောင်းသည်မှာ မန်ဟို၏အသက်စွမ်းအားအဆင့်အရ သူသည် မည်မျှအသက်ကြီးအိုမင်းလာစေကာမူ လက်ရှိရုပ်ရည်သွင်ပြင်အတိုင်းသာ ရှိစေနိုင်တော့မည်ဖြစ်သည်။

ထိုကဲ့သို့ ကြောက်လန့်ဖွယ်ရာ အသက်စွမ်းအားက မန်ဟို့၏မှော်ပညာရပ်များကိုလည်း ယခင်ထက်ပို၍ အစွမ်းထက်သွားစေလေပြီ။

''ဒါက ငါ ဓာတ်ငါးပါးလမ်းစဥ်ကို လျှောက်ဖို့ရွေးချယ်ခဲ့တာ မှန်တယ်ဆိုတဲ့ သက်သေပဲ။ ဒီလမ်းစဥ်က မန်ဟိုတစ်ယောက်တည်း ပိုင်တဲ့. .. ပြီးပြည့်စုံသောငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာကို ဖန်တီးဖို့အတွက် တခြားနည်းလမ်းကို အသုံးပြုခွင့်ပေးခဲ့ပြီ "

မန်ဟိုက လက်ကိုမြှောက်ရင်း လှည့်လာသည်။ အရုပ်စွမ်းအား ဖျက်ခနဲလက်ပြီး မျက်လုံးမဲ့ပိုးကောင်ပေါ်လာ၏။ ပိုးချည်မျှင်အထပ်ထပ်က သူ့ကို ရစ်သွယ်သိုင်းရင်း သုံးမီတာအရွယ်အစားရှိသော အကာအကွယ်တစ်ခု ဖန်တီးလိုက်သည်။

မျိုးခြားသားရဲကြီးက ၄င်းအား ဝင်တိုက်လိုက်သဖြင့် အုန်းခနဲ မြည်သံကြီးက အရာအားလုံးကို တုန်ခါသွားစေသည်။ မန်ဟိုလည်း နောက်လွင့်သွားပြီး ပါးစပ်မှ သွေးများပန်းထွက်သွား၏။ သူက သူ၏အရှေ့တွင် ပျံဝဲနေသော မျိုးခြားသားရဲကြီးကို မော့လိုက်သည်။ ၄င်း၏မျက်လုံးအစုံမှာ ပြူးကျယ်နေပြီး ဝင်တိုက်အားက ပိုးချည်အကာအကွယ်အား မဖျက်စီးနိုင်ခြင်းသည်ကို အံ့အားသင့်သွားသယောင်ရှိသည်။

၄င်း၏မျက်လုံးများ အရောင်လဲ့သွားသည်။ မန်ဟို့ကိုယ်တွင်း၌ ၄င်းကိုပင် ချောက်ချားသွားစေသော မတူညီသည့် စွမ်းအားအခိုးအငွေ့နှစ်မျိုးကို အာရုံရလိုက်၏။ သို့သော် မန်ဟို့နဖူးပေါ်ရှိ သစ်စိမ်းပင်အမှတ်အသားမှ အသက်စွမ်းအားတွင် ၄င်းရင်ထဲ၌ လောဘများ ပေါက်ဖွားလာစေသည့် အလိုအလျောက်ကုသနိုင်စွမ်းများ ပါဝင်နေလေသည်။

ထိုမျှသာမက မန်ဟို့ခန္ဓာကိုယ်ပေါ်က မိစ္ဆာချီမှာလည်း ၄င်းအား ရူးသွပ်အောင်လုပ်နေသည်။ ၄င်း၏မျက်လုံးများ နီရဲလာပြီး ၄င်းက မာန် သွင်းဟိန်းဟောက်ကာ မန်ဟို့ထံ နောက်တစ်ဖန် ပြေးဝင်လာပြန်တော့သည်။

မန်ဟိုက နောက်ဆုတ်သွား၏။ သူထိုသို့လှုပ်ရှားလိုက်စဥ် မျိုးခြားသားရဲကြီး၏ ကြော့ရှင်းနေသောအမွှေးထူထူများကို သတိပြုမိလိုက်ပြီး ရုတ်တရက် မျက်လုံးများတောက်ပသွားသည်။

ထို့နောက် သူက အဘက်ဘက်သို့ ပဲ့တင်ထပ်လျက် ပတ်ပတ်လည်ရှိ တောအုပ်အတွင်းသို့တိုင် တိုးဝင်ရောက်သွားသော အသံပြဲကြီးဖြင့် အော်လိုက်သည်။ "ကြက်တူရွေးရေ ဒီမှာ ခင်ဗျားမလုပ်ဖူးတဲ့ အမွှေးထူထူသားရဲကြီးတစ်ကောင် ရောက်နေတယ်ဗျိုး"

သူ့အသံ ပဲ့တင်ထပ်သွားသည့်အချိန်မှာပင် ဂီးခနဲ အော်သံတစ်သံ ကြားလိုက်ရသည်။ ဤဂီးခနဲအော်သံက မျိုးခြားသားရဲကြီးကို တုံ့ခနဲရပ်သွားစေသည်။ အဝေးမှ ရောင်စုံအလင်းတန်းတစ်တန်းက အမြန်ဆုံးနှုန်းနှင့် ပန်းကန်လုံးစီးပြီး သူတို့ဆီ ဦးတည်လာနေချသည်။

ထိုရောင်စုံအလင်းတန်းထဲတွင် ကြက်တူရွေး၏မျက်ဝန်းများကား စူးရှတောက်ပနေပြီး ၄င်း၏ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားလွန်း၍ တဆတ်ဆတ်တုန်နေတော့သည်။ ၄င်းက မျိုးခြားသားရဲကြီး၏ အမွှေးထူထူကိုယ်လုံးကြီးကို တွေဝေနေဟန်ဖြင့် လှမ်းကြည့်သည်။ ထို့နောက် မျှော်လင့်ချက်များဖြင့် တုန်ယင်လာတော့၏။

"ဟုတ်တယ်ဟေး ငါဒီကောင်ကြီးကို တစ်ခါမှ မလုပ်ဖူးဘူး။ တကယ်ကိုမလုပ်ဖူးတာ။ အာာာာာာားးးး သခင်ငါး တယ်ပျော်တယ်ကွာ" ကြက်တူရွေးမှာ ရူးတော့မည့်ပုံရသည်။ ၄င်းကား သတိထားနေသော မျိုးခြားသားရဲကြီးထံသို့ ရှိရှိသမျှအားကုန်သုံး၍ ပျံထွက်သွားတော့သည်။

မန်ဟို၏မျက်နှာပေါ်တွင်တော့ ထူးဆန်းနေသောအမူအရာတစ်ခုရှိသည်။ သူက ကြက်တူရွေး ရွစိထိုးပြီးသွားနေသည်ကို ကြည့်ရင်း ခပ်လှမ်းလှမ်း တစ်နေရာတွင် ရပ်လိုက်၏။ ရုတ်တရက် သူ့မှာ သက်ပြင်းခိုးချလိုက်သည်။

"မွှန်ပြီး ဘာမှကိုမမြင်တော့ပါလား။ ကြည့်ရတာ မျိုးခြားသားရဲကြီးမှာ စိတ်ဝိညာဥ်ခွဲထွက်ခြင်းနှင့်ညီမျှတဲ့ ကျင့်ကြံခြင်းအခြေခံရှိတာကိုတောင် သတိမထားမိဘူးထင်တယ် "

***

All Chapters