← Chapters

အဆင့် (၇) မိုဇီ

Vol. 30 Ch. 411

အဆင့် (၇) မိုဇီ

Vol. 30 Ch. 411

ကြက်တူရွေးက ပြန်ရောက်မလာပေ။ မန်ဟိုလည်း ထွေထွေထူးထူးစိတ်ပူနေခြင်းမရှိ။ ကြက်တူရွေး နှစ်ပေါင်းမည်မျှ အသက်ရှင်နေထိုင်ခဲ့၍ သေမင်းအား အကြိမ်ပေါင်းမည်မျှ ဖိတ်ခေါ်ခဲ့သည်လဲ မည်သူသိမည်နည်း။ မည်သို့ဆိုစေ ၄င်းမှာ မသေခဲ့သေးပေ။ ၄င်း၏အသက်ရှင်နိုင်စွမ်းကို မန်ဟို ယုံကြည်သည်။

ထိုမျှသာမက အသားဂျယ်လီခေါင်းလောင်းလည်း ကြက်တူရွေးနှင့်အတူပါသွားလေသည်။ တစ်ခုခုဆိုလျှင် စိတ်ပူရမည့်သူမှာ သနားစရာမျိုးခြားသားရဲကြီးပင်ဖြစ်သည်။

ရက်ပေါင်းများစွာကုန်ဆုံးသွားပြီး ထိုအတောအတွင်း မန်ဟိုသည် သူ၏အချိန်အများစုကို သစ်စိမ်းပင်အရုပ်ဆေးမင်ကြောင်အား လေ့လာရင်း ခြံပြင်သို့မထွက်ပေ။ ၄င်းက အကန့်အသတ်မဲ့သော အသက်စွမ်းအားတို့ကို သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ ဖြန့်ကျက်ရင်း သူ၏နဖူးပေါ်တွင် မှိတ်တုတ်မှိတ်တုတ်ဖြစ်လျက်ရှိသည်။ သူတရားထိုင်ရန် မျက်လုံးမှိတ်လိုက်သည့်အခါတိုင်း သူ၏နှလုံးခုန်သံကပင် ပတ်ပတ်လည်ရှိ မြေပြင်နှင့်ကောင်းကင်တစ်လျှောက် ဖြာထွက်သွားသော လှိုင်းများအား ဖန်တီးပေးနိုင်ပုံရ၏။

"ဒါက ဓာတ်ငါးပါးထဲက သစ်သားဓာတ်အရုပ်ပဲရှိသေးပေမယ့် ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံကို အနုသုခုမရုပ်ခန္ဓာအဆင့်နဲ့ အများကြီးနီးကပ်သွားစေပြီ... " သူ၏မျက်လုံးများ ပြန်ပွင့်လာသောအခါ ၄င်းတို့သည် လင်းလက်တောက်ပလျက်ရှိ၏။

သူ့ကိုယ်အတွင်းရှိ အရုပ်စွမ်းအားကို သေသေချာချာလေ့လာပြီးနောက် အသိအမြင်အသစ်တိုးပွားခဲ့လေပြီ။

"ငါ ဒုတိယမြောက် ဓာတ်ငါးပါးအရုပ်တစ်ရုပ်ရပြီဆိုရင် ရွှေအမြုတေ မဟာစက်ဝန်းအဆင့်မှာပဲရှိသေးတာတောင်မှ သွေးမျက်နှာဖုံးမပါဘဲ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ရဲ့ အထွတ်အထိပ်နဲ့ တိုက်ခိုက်နိုင်တဲ့အထိ အစွမ်းထက်သွားမယ်

"အမှန်တော့...အရုပ်စွမ်းအားကိုအသုံးပြုရင်း အနုသုခုမရုပ်ခန္ဓာအဆင့်နဲ့သက်ဆိုင်တဲ့ နတ်ဘုရားစွမ်းရည်တချို့ အသုံးပြုနိုင်လောက်တယ်"

မန်ဟိုသည် မိုဖန်းထံမှ ရရှိခဲ့သော ကမ္ဘာသစ်မိစ္ဆာအုပ်ကိုလည်း အတန်ငယ် လေ့လာကြည့်၏။ သူက မိစ္ဆာအားဖြည့်ဆေးလုံးများ ကျွေးပြီး အမဲလိုက်ရန်လည်းခေါ်သွားလေသည်။ အချိန်တိုလေးအတွင်း ၄င်းတို့သည် ပို၍ရက်စက်ကြမ်းကြုတ်လာသလို သန်မာထွားကြိုင်းလာ၏။ မှန်ပါသည်၊ မောင်မွှေးထူနှင့် အခြားသစ်စိမ်းဝံပုလွေများကိုတော့ မယှဥ်နိုင်ကြသေးပေ။

သို့သော် ဤအတိုင်းဆက်သွားလျှင် သစ်စိမ်းဝံပုလွေငါးကောင်နှင့် ယှဥ်နိုင်လောက်သော်လည်း အသွင်ပြောင်းလာပြီး ပို၍သန်မာလာမည်ဖြစ်သည်။

တစ်နေ့လည်ခင်းတွင် မန်ဟိုတစ်ယောက် တင်ပျဥ်ခွေထိုင်နေစဥ် ရုတ်တရက် အလွန်ကျယ်လောင်သောဟိန်းဟောက်သံကြီးက ကျီးကင်းထောက်မျိုးနွယ်စု၏ တောင်နောက်ရှိစီရင်စုကို တုန်ခါသွားစေသည်။ အသံကြီးပဲ့တင်ထပ်နေစဥ် မီတာနှစ်ဆယ်ကျော်အလျားရှိသော ဧရာမမြွေနက်ကြီးတစ်ကောင်က အနက်ရောင်အလင်းတန်းထဲမှ မန်ဟို့ထံသို့ ပြေးဝင်လာသည်။

မြွေနက်ကြီးက ရက်စက်မှုတို့ပြည့်နှက်နေသည့် အားကောင်းသောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ ၄င်း၏လျှာနှစ်ခွက ပြူတစ်ပြူတစ်ဖြစ်နေပြီး ၄င်း၏တည်ရှိမှုလေးက ပတ်ဝန်းကျင်ရှိ အရှိန်အဝါများကို ပရမ်းပတာဖြစ်သွားစေသည်။ ထိုမျှသာမက ၄င်းပျံသန်းလာနေစဥ် ကောင်းကင်ဘုံရောက်နေသကဲ့သို့ တဖွေးဖွေးလှုပ်နေသော မြူများက ၄င်းကိုရစ်သိုင်းလျက်ရှိ၏။

မြွေနက်ကြီး၏ ခေါင်းထိပ်တွင်ရပ်နေသူမှာ အနက်ရောင်ဝတ်ရုံနှင့်အဘိုးကြီးတစ်ဦးဖြစ်သည်။ မြွေနက်ကြီး အနားရောက်လာပြီး မန်ဟို့ခြံအပေါ်ရှိလေထုတွင် ပျံဝဲနေစဥ် သူ၏မျက်နှာထားသည် တင်းမာခက်ထန်နေပြီး မျက်လုံးများက မောက်မာခြင်းနှင့် အထင်သေးသောအငွေ့အသက်တို့ဖြင့် ပြည့်နှက်နေ၏။ အဘိုးကြီးသည် မန်ဟို့ကို မတူမတန်သလိုငုံ့ကြည့်သည်။

အဘိုးကြီး၏ကျင့်ကြံခြင်းအခြေခံမှာ အမြုတေဖြစ်တည်မှုအလယ်အလတ်အဆင့်ဖြစ်သည်။ သို့သော် သူ့တစ်ကိုယ်လုံး၌ ကြောက်မယ်ဖွယ်လှိုင်းများအား ထုတ်လွှတ်နေသည့် ရှုပ်ထွေးဆန်းပြားသော အရုပ်ဆေးမင်ကြောင်များရှိသည်။ ၄င်းတို့ကြောင့် ထိုလူက တကယ်တမ်း အနုသုခမရုပ်ခန္ဓာအဆင့်နှင့်ဆင်သော အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။

"မင်းက မန်ဟိုဆိုတာပေါ့" အသံကြီးက မိုးခြိမ်းသံကြီးသဖွယ် ရိုက်ညောင်းသွားသည်။ ၄င်းက လူသံမပေါက်ဘဲ မရေမတွက်နိုင်သော သားရဲပေါင်းများစွာ၏ စုပေါင်းထားသော ဟိန်းဟောက်သံကြီးနှင်တူသည်။ အသံကြီးကား အဘက်ဘက်သို့ ရိုက်ခတ်သွားလေရာ တောင်အနောက်ပိုင်းစီရင်စုရှိ ကျင့်ကြံသူအားလုံးကို စိတ်နှလုံးတုန်လှုပ်သွားစေ၏။ ကမ္ဘာမိစ္ဆာအားလုံးလည်း ကြောက်လန့်တုန်ရီလာကြသည်။

ထိုမြွေနက်ကြီးစီးလာသည့်လူအား ချက်ချင်း သတိထားမိလိုက်သူများရှိ၏။

"အဆင့်(၇) မိစ္ဆာသားရဲသခင် မဟာအကြီးအကဲမိုဇီ"

"တကယ်ပဲ မဟာအကြီးအကဲမိုဇီဟ။ ဒါဆို သူ မဟာအကြီးအကဲမန်ကို လာရှာတာပေါ့ဟုတ်စ"

"မဟာအကြီးအကဲမန်က မိုဖန်းရဲ့ကမ္ဘာသစ်မိစ္ဆာတွေကို ယူသွားတာလေ။ ခေါင်းကိုင်ဖခင်နဲ့တခြားလူတွေ အခုဝင်ဖျန်ဖြေရင်တောင် အဆင်ပြေမှာမဟုတ်တော့ဘူး။ ဒါက ကျီးကင်းထောက်မျိုးနွယ်စုရဲ့ မိစ္ဆာသားရဲသခင်တွေကြားက ပထမဆုံးတိုက်ပွဲ ဖြစ်လိမ့်မယ်။ မဟာအကြီးအကဲမို နဲ့ မဟာအကြီးအကဲမန်"

မန်ဟိုက ခြံထဲတွင် တင်ပျဥ်ခွေထိုင်နေဆဲပင်။ သူ၏မျက်လုံးများသည် ဖြေးညင်းစွာ ပွင့်လာပြီး အေးစက်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူက မြွေနက်ကြီးအပေါ်၌ရပ်လျက် လေလယ်တွင်ပျံဝဲနေသော အနက်ရောင်ဝတ်ရုံနှင့်လူကို မထူးခြားနားစွာ မော့ကြည့်သည်။

သူက မော့ကြည့်လေးရုံကြည့်လိုက်ခြင်းဖြစ်သည်။ သူ၏အကြည့်တွင် ကြောက်စရာကောင်းသော ရက်စက်မှုတို့မပါရှိသလို

စကားကြီးစကားကျယ်လည်း မပြော။ လှမ်းကြည့်ရုံလေးသာဖြစ်၏။ သူ့အကြည့်က မာနခေါင်ခိုက်နေသော မြွေနက်ကြီးထံ ရောက်သွားသည်နှင့် ၄င်းမှာ ရုတ်တရက် တုန်ရီသွားတော့သည်။

အကြောက်တရားလှိုင်းတို့က သူ၏ရိုးရှင်းသောစိတ်ထဲတွင် မြင့်တက်လာ၏။ မန်ဟို့၏အကြည့်သည် သာမန်ကာလျှံကာလေးသာဖြစ်ပုံပေါ်ခဲ့၍ အဘိုးကြီးမှာ ဘာဖြစ်နေသည်လဲ မတွေးတတ်တော့ပေ။ သို့သော် မြွေနက်ကြီးသည် တွန့်လိမ်လူးလွန့်လာပြီး ၄င်း၏စိတ်နှလုံးတို့ ချာချာလည်နေလေသည်။ ၄င်းကား လိပ်ပြာလွင့်မတတ်ကြောက်လန့်နေလေပြီ။

ဖိအားက ၄င်း၏အသက်စွမ်းအားအပေါ်ထိတိုင် သက်ရောက်လုနီးပါးပင်။ ၄င်း၏ဝိညာဥ်အတွင်း၌ ခံစားနေရသော ထိတ်လန့်အံ့သြမှုမှာ.... ဤသတ္တဝါကြီး၏သွေးဆက်အား မွေးဖွားပေးခဲ့သော ဘိုးဘေးများတွင်ပင် တည်ရှိလောက်သည်။ သူတို့လည်း မန်ဟို့အရှေ့တွင် ကြောက်ဒူးတုန်နေလိမ့်မည်။ သူထုတ်လွှတ်နေသော အရှိန်အဝါက မြေနက်ကြီးအား မိုးကောင်းကင်ကို ကြောက်လန့်သကဲ့သို့ ကြောက်လန့်သွားစေသည်။

အကြည့်လေးတစ်ချက်နှင့် မြွေနက်ကြီးက စူးစူးဝါးဝါးတွန်ပြီး ချက်ချင်း နောက်ဆုတ်သွားလေပြီ။ အံ့အားသင့်နေသော အနက်ရောင်ဝတ်ရုံနှင့်အဘိုးကြီးက တတ်နိုင်သမျှကြိုးစားသော်လည်း မြွေနက်ကြီးမှာ အကြောက်မပြေနိုင်ပေ။

မန်ဟို အကြည့်လွှဲလိုက်သည့်နောက်တွင်မှ မြွေနက်ကြီးမှာ စိတ်နှင့်ကိုယ်ပြန်ကပ်သွား၏။ မန်ဟိုသာ ဆက်ကြည့်နေလျှင် ၄င်းလေပေါ်မှ ပြုတ်ကျသွားလောက်သည်။

ဘယ်သူမှ ဖြစ်ပျက်သွားသည့်အရာကို မမြင်နိုင်ပေ။ သို့သော် မိုဇီမှာ ရင်တဒိန်းဒိန်းခုန်သွားပြီး ပင့်သက်ရှိုက်မိသွားတော့သည်။ သူ၏မျက်ဝန်းအစုံမှာလည်း ဝိုင်းစက်ပြူးကျယ်နေချေပြီ။ သူသည် မန်ဟို့ကို အပြစ်ပေးပြီး ကမ္ဘာသစ်မိစ္ဆာအုပ်အား ပြန်ယူရန် ဟိတ်ဟန်အပြည့်ဖြင့် လာခဲ့ရလေသည်။ သူ့မှာ အတွေးပေါင်းစုံဖြင့် မန်ဟို့ကို ငုံ့ကြည့်နေ၏။

"သေစမ်း" သူကတွေးသည်။ "ခေါင်းကိုင်ဖခင်၊ အကြီးအကဲနဲ့ တခြားသူတွေ ငါ့ကိုမတားတာလည်း အံ့သြစရာမရှိဘူး။ ဒီလူက အဆင့်မြင့်မိစ္ဆာသားရဲသခင်တစ် ယောက် ဖြစ်နေတာကိုး။ ဘယ်အဆင့်များလဲ... "

"ဘာများကူညီပေးရမလဲ" မန်ဟိုက အေးတိအေးစက်နှင့်မေးသည်။ သူ၏အသံသည် တည် ငြိမ်အေးဆေးသော်လည်း မျက်လုံးများက အေးစက်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူက အဆင့်(၇) မိစ္ဆာသားရဲသခင်မိုဇီကို မော့ကြည့်ပြီး ရုတ်တရက် ထိုလူ့ကိုယ်ပေါ်က ဆေးမင်ကြောင်များမှာ အတော်လေးစိတ်ဝင်စားစရာကောင်းကြောင်း သတိထားမိလိုက်သည်။

"ငါက မိုဇီ၊ တာအိုရောင်ရင်းမန် ငါ့သားက ပညာရှင်ကောင်းတစ်ယောက်တော့ မဟုတ်ပေမယ့် သူရဲ့ကမ္ဘာသစ်မိစ္ဆာတွေကို ဘဝရဲ့ အချိန်တစ်ဝက်နီးပါး ဆင်းရဲဒုက္ခခံပြီး စုဆောင်းခဲ့ရတာ။ ဒါပေမဲ့ ငါတို့နှစ် ယောက်လုံးက မိစ္ဆာသားရဲသခင်တွေပဲ။ တစ်လနေရင် ကျီးနတ်မင်းရဲ့မျိုးနွယ်စုငါးစု ဘိုးဘေးပူဇော်ပွဲနေ့ ရောက်လာတော့မယ်

"အဲ့ဒီအချိန်ကျရင် ဘိုးဘေးနယ်မြေကို ဝင်ရောက်ရမယ့်လူတွေကို မျိုးနွယ်စုငါးစုကြား ပြိုင်ပွဲကျင်းပပြီး ဆုံးဖြတ်ပေးလိမ့်မယ်။ အဲ့ဒီနေ့ကျရင် မင်းရဲ့လျှို့ဝှက်မိစ္ဆာသားရဲသခင်ပညာရပ်တွေကို မြင်တွေ့ရဖို့ မျှော်လင့်တယ်" မိုဇီသည် မန်ဟိုက မိစ္ဆာသားရဲသခင်အဆင့်ဘယ်လောက်လဲ မသိပေ။ သို့သော် ဤနေရာသို့ ရောက်လာမှတော့ ချက်ချင်း လှည့်ပြန်၍မဖြစ်ပေ။ ထို့ ကြောင့် ဤစကားများအား ဖြစ်ညစ်ပြောပြီးနောက် မြွေနက်ကြီးနှင့်အတူ ပြန်သွားတော့သည်။

သူက အပြန်လမ်းတွင် စိတ်ပိုင်းဖြတ်လိုက်သည်။ "သူ မိစ္ဆာသားရဲသခင်အဆင့်ဘယ်လောက်မှာလဲ သိရအောင် လုပ်မယ်။ အလောကြီးလို့မဖြစ်ဘူး။ မျိုးနွယ်စုငါးစုပြိုင်ပွဲကိုအသုံးချပြီးတော့ သူက ဘယ်လောာက်အရည်အချင်းရှိပြီး ဘယ်လောက်ဟန်ဆောင်နေလဲဆိုတာ ဆုံးဖြတ်ရမယ်"

သူသည် ဗြုန်းစားကြီး ရောက်လာပြီး တက်သုတ်ရိုက်ပြန်သွားလေသည်။ ပတ်ဝန်းကျင်ရှိစောင့်ကြည့်နေသူများမှာ ဖြစ်ကြောင်းကုန်စင် မြင်ခဲ့ကြ၍ ပါးစပ်အဟောင်းသားနှင့်သာ ကြည့်နေနိုင်တော့သည်။

မန်ဟိုလည်း ကြောင် တောင်တောင်နှင့် ကြည့်နေမိသည်။ အဆင့်(၇) မိစ္ဆာသားရဲသခင်မိုကျီ မည်သည့်အတွက်ကြောင့် ဤနေရာသို့လာရောက်ခဲ့သည်လဲ သဘောပေါက်ရန် တခဏသာကြာလိုက်၏။ သို့သော် သူ၏ရောက်လာသောပုံစံနှင့် ပြန်သွားသောပုံစံမှာ တခြားစီဖြစ်သည်။ မန်ဟိုက အေးတိအေးစက်ပြုံးပြီး မျက်လုံးများတောက်ပလာသည်။

"ဒီတော့ စောင့်ရတဲ့အချိန်ရောက်လာပြီပေါ့။ မျိုးနွယ်စုငါးစုက ဘိုးဘေးတွေအတွက် ယဇ်ပူဇော်ပသမယ်တဲ့လား... အဲ့ဒီလိုလုပ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေကို ဝင်ရောက်ဖို့ပဲ။ အဲ့ဒါက ငါ ဟိုလူတွေနဲ့ချိန်းထားတဲ့ နေရာလည်းဟုတ်တယ်

"ဒါပေမဲ့ အခု ငါ့မှာ သစ်သားအမျိုးအစားအရုပ်ရှိနေပြီဆိုတော့ အထွတ်အမြတ်နယ်မြေထဲ ဝင်ရောက်ဖို့က အရေးမကြီးတော့ဘူး။ ပြီးတော့ ကျီးကင်းထောက်မျိုးနွယ်စုကလည်း ငါ့ကိုကောင်းကောင်းထားပေးတာပဲ" သူသည် တခဏတွေးပြီးနောက် မျက်လုံးအစုံကိုမှိတ်၍ သူ၏သစ်စိမ်းပင်အရုပ်အား ဆက်လက်လေ့လာနေတော့သည်။

နောက်တစ်နေ့မနက် မိုးသောက်ချိန်တွင် ကောင်းကင်၌ ရောင်နီပျိုးလာသောအခါ စျာန်ဝင်စားနေရာမှ မန်ဟိုနိုးလာသည်။ သူက တိတ်ဆိတ်နေသော ကမ္ဘာသစ်မိစ္ဆာများကို မျက်လုံးဝေ့ကြည့်လိုက်သည်။ လောလောဆယ်တွင် သူ၏ကမ္ဘာသစ်မိစ္ဆာများမှာ အဖွဲ့သုံးဖွဲ့ကွဲနေ၏။ ပထမအဖွဲ့မှာ မောင်မွှေးထူဦးဆောင်သော သစ်စိမ်းဝံပုလွေများဖြစ်သည်။

နောက်တစ်ဖွဲ့မှာ လင်းနို့နက်ကြီးခေါင်းဆောင်သော သစ်စိမ်းလင်းနို့များဖြစ်၏။ အဖွဲ့နှစ်ဖွဲ့၏အရေအတွက်မှာ အတော်လေးကွာဟလေသည်။ သစ်စိမ်းဝံပုလွေများက ပိုများသော်လည်း သစ်စိမ်းလင်းနို့များတွင် အလယ်အလတ်အဆင့် ကမ္ဘာသစ်မိစ္ဆာပိုများသည်။ အဖွဲ့နှစ်ဖွဲ့မှာ သိပ်မတည့်သည့်အပြင် ရန်လိုမှုအနည်းငယ်လည်းရှိ၏။

တတိယအဖွဲ့ကို သစ်စိမ်းမြွေများဖြင့် ဖွဲ့စည်းထားသည်။ အရေအတွက်အားဖြင့် သစ်စိမ်းဝံပုလွေများနှင့် သစ်စိမ်းလင်းနို့များအကြားရှိသည်။ သို့သော် ခွန်းအားအရာမှာတော့ နှစ်ဖွဲ့လုံးနှင့် မယှဥ်နိုင်ပေ။ အားအနည်းဆုံးဖြစ်သည်နှင့်အားလျော်စွာ ၄င်းတို့သည် မောင်မွှေးထူနှင့်လင်းနို့နက်ကြီးအား ကြောက်ရွံ့ရိုသေကြ၏။

မန်ဟိုက ကမ္ဘာသစ်မိစ္ဆာအဖွဲ့သုံးဖွဲ့ကို ကြည့်ရင်း အတွေးနက်နေသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် ခြံထဲမှ ရိပ်ခနဲထွက်ခွာသွား၏။ သူ့အနောက်တွင် မောင်မွှေးထူက မော့ကြည့်ပြီးနောက် ခပ်ဝါးဝါးအတန်းတစ်တန်းအသွင်ပြောင်းကာ ကျန်သစ်စိမ်းဝံပုလွေအုပ်နှင့်အတူ နောက်မှလိုက်လာသည်။ လင်းနို့နက်ကြီး၏မျက်လုံးများ အရောင်လက်သွားပြီး သစ်စိမ်းလင်းနို့များကို ခေါ်ကာ လေပေါ်ပျံတက်လာ၏။

သစ်စိမ်းမြွေများလည်း မန်ဟို တောင်အနောက်စီရင်စုမှ ထွက်ခွာလာစဥ် ခြံရံလျက်လိုက်ပါလာကြသည်။ လမ်းတစ်လျှောက်လုံး မန်ဟို့ကို မြင်လိုက်သည့် ကျီးကင်းထောက်မျိုးနွယ်ဝင်တိုင်း ကြောက်ရွံရို သေသွားကြပြီး ခေါင်းများငုံကာ သူ့အား အတတ်နိုင်ဆုံးရှောင်နေကြတော့သည်။

ကျီးကင်းထောက်မျိုးနွယ်စုမှ ထွက်လာပြီးနောက် မန်ဟိုသည် တောအုပ်အတွင်းသို့ရောက်သွားကြောင်း တွေ့လိုက်ရသည်။ သူကလုပ်နေကျအတိုင်း ကမ္ဘာသစ်မိစ္ဆာများကို မတူညီသောအရပ်မျက်နှာများသို့ ခွဲထွက်၍အစာရှာစေသည်။ သူကမူ ခပ်မြင့်မြင့် သစ်ပင်တစ်ပင်၏အောက်တွင် တရားစထိုင်တော့သည်။

မောင်မွှေးထူက ထွက်မသွားဘဲ မန်ဟို့ဘေးတွင် လှဲချလိုက်သည်။ သူ၏ပုံစံမှာ ပျင်းရိနေပုံရသော်လည်း တကယ်တော့ အေးစက်သောမျက်ဝန်းများနှင့် ပတ်ဝန်းကျင်ကို သတိထားကြည့်ရှုနေခြင်းဖြစ်သည်။

မန်ဟို ကျီးကင်းထောက်မျိုးနွယ်စုသို့ ရောက်နေသည်မှာ နှစ်ဝက်ကြာခဲ့လေပြီ။ ထိုအတောအတွင်း သူသည် သစ်စိမ်းဝံပုလွေများနှင့် မကြာခဏ အမဲလိုက်ထွက်ခဲ့သည်။ အကြိမ်တိုင်း မောင်မွှေးထူက မန်ဟို့ကို စောင့်ရှောက်ပေး၏။ အစာအတွက်မူ အခြားသစ်စိမ်းဝံပုလွေများက သူ့အတွက်ယူလာပေးကြသည်။ မန်ဟို သူ့ကိုအမိန့်မပေးသရွေ့ သူကား အနားမှခွာမည်မဟုတ်ပေ။

ယခုတွင် မန်ဟို့၏ကမ္ဘာသစ်မိစ္ဆာအုပ်သည် ပို၍ထွားကြိုင်းသန်မာလာကြပြီဖြစ်သည်။ မည်သို့ဆိုစေ မောင်မွှေးထူကတော့ ယခင်အတိုင်းပြုမူနေမြဲသာ။

မန်ဟိုက မောင်မွှေးထူ၏ခေါင်းကို ပွတ်သပ်ပေးရင်း သွေးခွေးကြီးကို သတိရနေမိသည်။ သူသည် စိတ်အာရုံကို သွေးမျက်နှာဖုံးထဲသို့ ပို့လွှတ်လိုက်ရာ သွေးခွေးကြီး အိပ်ပျော်နေဆဲဖြစ်ကြောင်း သိလိုက်ရသဖြင့် သက်ပြင်းချလိုက်သည်။

"မင်းဘယ်တော့မှ နိုးလာမှာလဲ" သူသည် စိတ်ဝိညာဥ်အာရုံအရကို ပြန်ဆင့်ခေါ်ပြီးနောက် တောအုပ်ကို ကြည့်လိုက်သည်။ လေညင်းလေးတစ်ချက်က သစ်ပင်များကြားမှာ ဖြတ်တိုက်သွားလေရာ တရှဲရှဲမြည်သွား၏။

ပထမတစ်ချက်ကြည့်လျှင် တောင်ပိုင်းဒေသအလားပင်။ သို့ရာတွင် အစိမ်းသက်သက်ကဲ့သို့လည်း ဖြစ်နေသည်။ သူ့အတွက် အိမ်ဟူသော ခံစားချက်ကိုမရပေ။

"အနက်ရောင်နယ်မြေကနေ ထွက်လာတော့ ကျီမျိုးနွယ်စု ငါ့ကိုမရှာနိုင်အောင် ဟန့်တားပေးထားတဲ့ ကောင်းကင်အဆောင်စက္ကူ ပျောက်သွားတယ်ဖြစ်မယ်။ အခုကစပြီး ... ကျီးမျိုးနွယ်စုနဲ့ရင်ဆိုင်ဖို့ အဆင့်သင်ပြငမထားရမယ်။ ဒါပေမဲ့ အနက်ရောင်နယ်မြေရဲ့အဝေးကို ရောက်နေတာတောင်မှ ငါ့ကိုယ် ပေါ်မှာ ဟန့်တားနှောင့်ယှက်ပေးနိုင်သေးတဲ့ ကောင်းကင်အဆောင်စက္ကူ စွမ်းအား ရှိလောက်တယ်" သူသည် မေးခွန်းပေါင်းများစွာဖြင့် ကောင်းကင်ကိုမော့ကြည့်နေ၏။ ပြီးခဲ့သည့်နှစ်ဝက်ကျော်အတောအတွင်း ကျီမျိုးနွယ်ဝင်တစ်ယောက်မှ သူတွေ့ခဲ့ရပေ။ ကောင်းကင်အဆောင်စက္ကူသင်္ကေတများကို အသုံးပြု၍ ဉာဏ်အလင်းရရှိခဲ့ခြင်းမှာ ကျီမျိုးနွယ်စု သူ့နောက်လိုက်မလာသည့် အကြောင်းရင်းများထဲက တစ်ခုဖြစ်မည်ဟု သူးသုံသပ်လာမိသည်။

"ကျီမျိုးနွယ်စု... " သူ၏မျက်လုံးများ အေးစက်သွား၏။ "ငါ သန်မာလာတဲ့တစ်နေ့ကျရင်... ကျီမျိုးနွယ်စု ငါ့ရဲ့ကြီးမြတ်မှုကို အသိအမှတ်ပြုစေရမယ်" သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ခိုင်မာပြတ်သားသောစိတ်ဆန္ဒက သူ၏မျက်ဝန်းများ၌ နေရာယူသွားသည်။

ဤအခိုက်အတန့်တွင် မန်ဟို၏စိတ်မှာ ရုတ်တရက် ဖျတ်ခနဲဖြစ်သွားသည်။ သူကခေါင်းလှည့်၍ အဝေးသို့လှမ်းးကြည့်၏။ ခပ်စူးစူးအသံတစ်သံ သူ့နားထဲတိုးဝင်လာသည်။

"သံနက်မြွေကို အရင်တွေ့တာက မင်းတို့ဖြစ်ဖြစ် ငါတို့ဖြစ်ဖြစ် အရေးမကြီးဘူး။ ငါ့ဆရာက အဆင့်(၇) မိစ္ဆာသားရဲသခင်ဂုလာပဲ။ မင်းတို့တကယ်ပဲ ဒီသခင်လေးကို အာခံရဲလား "

***

All Chapters