← Chapters

ငါ့ဆရာက ဂုလာ

Vol. 30 Ch. 412

ငါ့ဆရာက ဂုလာ

Vol. 30 Ch. 412

မန်ဟို ရောက် နေ သည့် တောတောင်မှာ ကျီးကင်းထောက်မျိုးနွယ်စုနှင့် အလှမ်းဝေးသည်။ တကယ်တမ်း ၄င်းမှာ အဆုံးမဲ့တောင်စဥ်တန်းများထဲ၌ အတော်လေး ချောင်ကျလေသည်။ မန်ဟိုသည် လုပ်နေကျအကျင့်အတိုင်း သူ၏ကမ္ဘာသစ်မိစ္ဆာအုပ်ကို အစွန်းအဖျားကျသောနေရာများသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။ အသံကြားသောအခါ သူက မလှုပ်ဘဲ ငြိမ်ငြိမ်လေးနားထောင်နေ၏။

များသောအားဖြင့် ဤနေရာတွင် လူများနှင့်ပက်ပင်းတိုးလေ့တိုးထမရှိပေ။ တစ်ယောက်တည်းဖြစ်သည်က များသည်။ ထို့ ကြောင့် အသံကြားရပြီးနောက် မန်ဟိုသည် အခြေအနေအား စစ်ဆေးရန် စိတ်ဝိညာဥ်အာရုံတချို့ ဖြန့်ကျက်လိုက်သည်။

မလှမ်းမကမ်းက အလယ်အလတ်အရွယ် တောင်တစ်လုံး၏အပေါ်တွင် ကျီးကင်းထောက်မျိုးနွယ်ဝင်ခုနစ်ယောက် ရှစ်ယောက်ခန့် ရှိသည်။ သူတို့က သုံးယောက်အဖွဲ့တစ်ဖွဲ့ကို ဒေါသတကြီး မျက်နှာချင်းဆိုင်ထားသည်။ ထိုသုံးယောက်၏အဝတ်အစားများအရ ကျီးစစ်သည်မျိုးနွယ်ဝင်များဖြစ်ကြောင်း ထင်ရှားသည်။

ဤလူသုံးယောက်၏အလယ်တွင် လူငယ်လေးတစ်ဦးရှိသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ချီအခြေတည်ခြင်းစဦးပိုင်းအဆင့်ဖြစ်၏။ သူ့ကိုခြံရံထားသည့်လူနှစ်ယောက်မှာ အတန်ငယ်အသက်ပိုကြီးပြီး ကျီးကင်းထောက်မျိုးနွယ်ဝင်များကို စိုက်ကြည့်နေစဥ် အထင်သေးမှူနှင့်မတူ မထီမဲ့မြင်အပြုံးများက သူတို့၏မျက်နှာကို ဖုံးလွှမ်းနေသည်။

အံသြဖွယ်ကောင်းစွာနှင့် ဝူချိန်နှင့်ဝူလင်းမှာ ကျီးကင်းထောက်မျိုးနွယ်ဝင်များအကြား၌ ရှိနေသည်။ ဝူဟိုက်လည်း မန်ဟိုရင်းနှီးသောလူတချို့နှင့်အတူရှိနေလေသည်။ အားလုံးက ကျီးကင်းထောက်မျိုးနွယ်စု ဂျူနီယာမျိုးဆက်၏ ထူးချွန်သောပါရမီရှင်များဖြစ်ကြသည်။

သူတို့ကို ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများထုတ်လွှတ်၍ ကျီးစစ်သည်မျိုးနွယ်ဝင်များအား ဝါးစားတော့မတတ်ကြည့်နေသော ကမ္ဘာသစ်မိစ္ဆာများက ခြံရံထားသည်။

နှစ်ဖွဲ့၏အကြားတွင် ဝိုးတိုးဝါးတား တဖျပ်ဖျပ်လက်နေသော ပိုက်ကွန်တစ်ခုရှိသည်။ပိုက်ကွန်အတွင်း မလှုပ်မယှက်ရှိနေသည်မှာ သေးငယ်သော အနက်ရောင်မြွေနက်လေးတစ်ကောင်ဖြစ်၏။

ဝူလင်းက သွားလှလှလေးများကို ကြိတ်ရင်း ပြောသည်။ "အဲ့ဒီသံနက်မြွေကို ငါတို့တွေ့ခဲ့တာလေ။ ဒီအတွက်ပေးဆပ်ခဲ့ရတာလည်း နည်းနည်းနောနောမဟုတ်ဘူး။ ငါတို့ဖမ်းထားတာကို ဘာလို့နင်တို့ဆီပေးရမှာလဲ"

ကျီးစစ်သည်မျိုးနွယ်စုမှ လူငယ်က ကျီးကင်းထောက်မျိုးနွယ်ဝင်များကို အဖက်မလုပ်ဘဲ အေးစက်စက်ရယ်သည်။ သူသည် အနက်ရောင်ပိုက်ကွန်ထံ လျှောက်လာပြီးနောက် ၄င်းအားယူရန် ရည်ရွယ်ရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။ ဝူလင်းက နှုတ်ခမ်းလေးကိုက်ပြီး ညာဘက်ဖြင့် မုဒြာလက်ကွက်ဖော်သည်။ ချက်ချင်းပင် သူမဘေး၌ သစ်စိမ်းဝံပုလွေတစ်ကောင် ပေါ်လာပြီး ရှေ့သို့ခုန်အုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဝူလင်း၏ခန္ဓာကိုယ်မှ အရုပ်စွမ်းအားများ ထွက်ပေါ်လာ၏။

ဤသို့ဖြစ်ပျက်သွားသောအခါ ကျီးစစ်သည်မျိုးနွယ်စုမှ လူငယ်၏မျက်ဝန်းများ၌ စက်ဆုပ်ရွံရှာသောအရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူက ဘယ်လက်ကို ဝှေ့ယမ်းလိုက်ရာ ပုပ်သိုးပျက်စီးနေသည့် ဇွမ်ဘီဝံပုလွေနက်ကြီးတစ်ကောင် အကောင်အထည်ဖြစ်တည်လာ၏။ ၄င်းက ခေါင်းမော့၍အူပြီး ဝူလင်းဆီ ပြေးဝင်သွားသည်။

ကျီးကင်းထောက်မျိုးနွယ်ဝင်အားလုံး ရုတ်ခြည်းမျက်နှာပျက်သွားပြီး တစ်ပြိုင်တည်း တိုက်ခိုက်လိုက်သည်။ ပေါက်ကွဲသံအကျယ်ကြီး မြည်ဟည်းသွားပြီး ကျီးကင်းထောက်မျိုးနွယ်များမှာ သွေးအန်ရင်း ဒယိမ်းဒယိုင်ဖြစ်သွားကြ၏။

"အဆင့် (၆) ကမ္ဘာသစ်မိစ္ဆာ...." ဝူဟိုက်က ခံပြင်းပြင်းနှင့်အော်သည်။

ဝူချိန်၏မျက်နှာဖြူဆုပ်နေသည်။ ဝူလင်းမှာ သူမဘာလုပ်နေလဲ သိပုံရသော်လည်း ကံဆိုးစွာနှင့် သူတို့တတ်နိုင်သည့်အရာမရှိပေ။ ပုပ်သိုးနေသော ဇွမ်ဘီဝံပုလွေက သူတို့ကို သွေးအေးစွာစိုက်ကြည့်ရင်း ရပ်နေလေပြီ။

"ငါ့ ကျီးစစ်သည်မျိုးနွယ်စုနဲ့ မင်းတို့ကျီးကင်းထောက်မျိုးနွယ်စုက အမျိုးတွေဖြစ်နေလို့သာပေါ့။ မဟုတ်လို့ကတော့ မင်းတို့အားလုံး ငါ့ကို ရန်စတဲ့အတွက် သေသွားပြီသာမှတ်" လူငယ်က ကျီးကင်းထောက်မျိုးနွယ်ဝင်များကို မတူမတန်သလိုကြည့်ပြီးနောက် အနက်ရောင်ပိုက်ကွန်ကို ဆတ်ခနဲလှမ်းယူလိုက်သည်။ ထို့နောက် လှည့်ပြန်ရန် ပြင်လိုက်သော်လည်း ရုတ်တရက်နောက်ပြန်ကြည့်၏။ သူသည် တောအုပ်အတွင်းမှ ဖြစ်ပျက်နေသည်များကို စောင့်ကြည့်နေသော မွှေးထူငါးကို လှမ်းမြင်လိုက်လေသည်။

မွှေးထူငါးမှာ နေရာတကာပါပြီး ဘယ်ကိစ္စကိုမဆို စပ်စုတတ်လေသည်။ စောစောက သူ ဖြတ်သွားနေတုန်း သူ့အာရုံအား ပုပ်သိုးနေသောဇွမ်ဘီဝံပုလွေက ဆွဲဆောင်ခဲ့၏။ သူ့မှာ မျက်လုံးအဝိုင်းသားနှင့် ၄င်းအား ငေးမကြည့်မိဘဲ မနေပေ။

"ဝိုး" လူငယ်၏မျက်လုံးများက မွှေးထူငါးကို ကြည့်ရင်း ကျေနပ်သွားသောပုံစံဖြင့် ရုတ်တရက်တောက်ပလာသည်။ "အဲ့ဒီဝံပုလွေက...  သာမန်မဟုတ်ဘူး။ ဒီ နေရာမှာ အဲ့ဒီလို သစ်စိမ်းဝံပုလွေတစ်ကောင်နဲ့ ပက်ပင်းတိုးတာ ယုံတောင်မယုံနိုင်ဘူး။ ဆရာ့ကိုသာ လက်ဆောင်ပေးရင် သေချာ ပေါက်ကျေနပ်သွားမှာ" သူက တဟားဟားအော်ရယ်လိုက်သည်။ သူ၏ဘေးရှိ ပညာသက်ဖက်မျိုးနွယ်ဝင်နှစ်ဦးလည်း မွှေးထူငါးကို တအံတသြကြည့်နေ၏။

မွှေးထူငါးသည် မညှက်တော့သည့်အပြင် အတော်လေးထွားလာသည်။ သူမည်မျှ ထူးခြားသည်လဲ သူတို့ချက်ချင်း မြင်နိုင်လေသည်။

"မွှေးထူငါး" ဝူချိန်က ချက်ချင်းမှတ်မိလိုက်သဖြင့်ရေရွတ်လိုက်သည်။ တခဏကြောင်တောင်တောင်နှင့်စိုက်ကြည့်နေပြီးနောက် သူ့မှာ ရုတ်တရက် ဝမ်းသာလုံးဆို့သွားသည်။ ပတ်ဝန်းကျင်တွင် မည်သည့်အရာကိုမှ မမြင်ရသော်လည်း မွှေးထူငါး ဤနေရာတွင်ရှိနေခြင်း၏ အဓိပ္ပါယ်ကို သူသိ၏။

ဝူဟိုက်လည်း ပျော်ရွှင်သွားသည်။ ဝူလင်းတစ်ယောက်သာ ခံစားချက်များရှုပ်ထွေးနေ၏။ အခြားကျီးကင်းထောက်မျိုးနွယ်ဝင်များမှာလည်း မွှေးထူငါးကို မှတ်မိ၍ ချက်ချင်းဝမ်းသာသွားကြသည်။

မွှေးထူငါးက သူ့နာမည်ခေါ်လိုက်သည်ကို ကြားသော် အူတူတူလေးလှည့်ကြည့်သည်။ သူတို့ကိုကြည့်ပြီး တခဏကြာသော် သူ့အာရုံက ဇွမ်ဘီဝံပုလွေအပေါ် ပြန်ရောက်သွား၏။

လူငယ်၏မျက်နှာပေါ်တွင် ရုန့်ရင်းကြမ်းတမ်းသောအသွင်ပေါ်လာသည်။ ကျီးကင်းထောက်မျိုးနွယ်ဝင်များ ဤသစ်စိမ်းဝံပုလွေကိုသိလည်း သူဂရုမစိုက်ပေ။ သူ့အတွက်တော့ သူမျက်စိကျသည့်အရာတိုင်း အထူးသဖြင့် သူ့ဆရာအား လက်ဆောင်ပေးချင်သည့်အရာများအား ယူနိုင်သည်။ ကျီးစစ်သည်မျိုးနွယ်စုတစ်စုလုံး မလွှဲမသွေ အသိအမှတ်ပြုလိမ့်မည်။ အခြားမျိုးနွယ်စုများတွင်မူ သူ့ဆရာနှင့်ယှဥ်ပြိုင်နိုင်သူ မရှိသလောက်ရှား၏။

"အဲ့ဒီဝံပုလွေကို ငါ့ဆီခေါ်လာခဲ့ အရှင်အတိုင်းလိုချင်တယ်" စကားလုံးများ သူ့ပါးစပ်မှထွက်သွားသည်နှင့်တစ်ပြိုင်နက် သူ့ဘေးတွင် ရပ်နေသည့်လူနှစ်ယောက်က ရိပ်ခနဲလှုပ်ရှားလိုက်၏။ တစ်ဆက်တည်းဆိုသလို ဇွမ်ဘီဝံပုလွေက မွှေးထူငါးထံ ပြေးထွက်သွားသည်။

ကျင့်ကြံသူနှစ်ယောက် လေကိုခွင်း၍သွားနေစဥ် သူတို့၏အရုပ်ဆေးမင်ကြောင်များက တောက်ပလာပြီး မွှေးထူငါးကို ရစ်ပတ်ရန် ပျံထွက်သွားသည့် ဧရာမပိုက်ကွန်ကြီးအသွင်ပြောင်းသွားသည်။

မွှေးထူငါး၏မျက်ဝန်းများ အေးစက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ ဝုန်းခနဲလှုပ်ရှားသွားသည်။ သူက လူငယ်အားကိုက်ရန် ရွယ်ရင်း ပါးစပ်ကြီးဖြဲထား၏။ သူ၏အမြန်နှုန်းမှာ လူငယ်အတွက် တုံ့ပြန်ရန်ပင် အချိန်မရှိပေ။  မျက်စိတစ်မှိတ်အတွင်း သူကား လူငယ်၏ အရှေ့တည့်တည့်သို့ ရောက်သွားလေပြီ။ ဤအခိုက်အတန့်တွင် လူငယ်၏ခန္ဓာကိုယ်မှ အနက်ရောင်အလင်းတန်းတစ်တန်း ထိုးထွက်လာသည်။

အလင်းတန်းက မွှေးထူငါးကို ဝင်တိုက်ပြီး ဂိန်ခနဲအသံက နောက်ဆက်တွဲ ထွက်ပေါ်လာသည်။ ချက်ချင်းပင် အနက်ရောင်အရှိန်အဝါတစ်ခုက သူ၏ကိုယ်မှ လွင့်ပျံ့လာကာ သူက အလျင်အမြန်နောက်ဆုတ်သွား၏။ သူထိုသို့ဆုတ်လိုက်စဥ် ဇွမ်ဘီဝံပုလွေက သွေးဆာနေသောမျက်လုံးများဖြင့် သူ့အနားရောက်လာသည်။ ၄င်းက မွှေးထူငါးကို ကိုက်ရန် ပြင်ရင်း ပါးစပ်ကြီးအားဟလိုက်၏။

ထိုစဥ် ရုတ်တရက် တောအုပ်အတွင်းမှ ဟိန်းဟောက်သံတစ်သံ ကြားလိုက်ရသည်။ အစိမ်းရောင်အလင်းတန်းတစ်တန်းက ဇွမ်ဘီဝံပုလွေ၏ကိုယ်ကို တိုးဝင်တိုက်လိုက်၏။ ၄င်းမှာ ကြိုးဖြတ်ခံလိုက်ရသောစွန်ငယ်ပမာ လွင့်ထွက်သွားတော့သည်။ မွှေးထူလေးက မွှေးထူငါး၏အနားသို့ လှစ်ခနဲရောက်ချလာသည်။ သူက အစွယ်များအား ထုတ်ရင်း ကျီးစစ်သည်မျိုးနွယ်ဝင်များအား မာန်ဖီနေ၏။

"နှစ်ကောင် ဟားဟား နှစ်ကောင်ကွ" လူငယ်က အော်သည်။ "ဆရာ့ကို နှစ်ကောင်လုံးလက်ဆောင်သာ ပေးလိုက်လို့ကတော့ ရင်တွေဘာတွေခုန်သွားလောက်တယ်" အမှန်တွင် လူငယ်မှာ စိတ်ထဲတွင်တော့ ထိတ်လန့်နေ၏။ စောစောက တိုက်ကွက်မှာ အလွန်မြန်လွန်း၍ သူ့အတွက် ဘာမှ လုပ်ချိန်ပင်မရပေ။ သူ့ဆရာပေးထားသည့် အစောင့်အရှောက်အရုပ်ကြောင့်သာမဟုတ်လျှင် ယခုလေးတင် သူ အရိုးတခြားအသားတခြား ဖြစ်သွားလောက်လေပြီ။ ဤအခြင်းအရာက မွှေးထူငါးကို ပို၍လိုချင်တပ်မက်သွားစေသည်။ သူ၏မျက်လုံးများက အေးစက်သောအလင်းရောင်နှင့် တောက်ပလာတော့သည်။

သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်လက်ကောက်တစ်ခု ပျံထွက်လာသည်။ ၄င်းက ရုတ်တရက် ဘန်းခနဲ ပြိုကွဲသွား၏။ ထို့နောက် အတွင်းမှ ဟိန်းဟောက်မာန်ဖီသံများကြားနေရသော ဝဲတစ်ခု အသွင်ပြောင်းသွားသည်။ အနက်ရောင်အလင်းတန်းများ ထွက်လာကာ ဇွမ်ဘီဝံပုလွေအကောင်နှစ်ကောင်ဖြစ်လာ၏။

"တိုက်ကြ ဘယ်ကောင်သေသေရှင်ရှင် ငါဂရုမစိုက်ဘူး။ သစ်စိမ်းဝံပုလွေတွေရဲ့ကိုယ် သိပ်မပျက်စီးအောင်သာ ဂရုစိုက်" အဆိပ်ပြင်းသောမုန်းတီးမှုတို့က လူငယ်၏မျက်လုံးများမှာ ထွက် နေသည်။

ဇွမ်ဘီဝံပုလွေများပေါ်လာသည်နှင့်တစ်ပြိုင်နက် အော်ဂလီဆန်ဖွယ် အနံ့ဆိုးကြီး ပျံ့လွင့်လာသည်။ ထိုမျှသာမက မြေပြင်မှာ ခြောက်ကပ်ကာ အနက်ရောင်သမ်းလာလေပြီ။ ကျီးကင်းထောက်မျိုးနွယ်ဝင်များ ချက်ချင်းမျက်နှာပျက်သွား၏။

"မွှေးထူလေး မွှေးထူငါး ဒီကထွက်သွားတော့" ဝူချိန်က အလောတကြီးအော်ပြောသည်။

"သေစမ်း" လူငယ်က တဟားဟားရယ်ရင်း ဝူချိန်နှင့်အခြားသူများအား လက်ညှိုးထိုးလိုက်သည်။ ချက်ချင်း ဇွမ်ဘီဝံပုလွေလေးကောင်က အနက်ရောင်အလင်းတန်းများအသွင်ပြောင်း၍ ကျီးကင်းထောက်မျိုးနွယ်ဝင်များအား တိုက်ခိုက်ရန် ပြေးထွက်သွားသည်။

ကျန်ဇွမ်ဘီဝံပုလွေများက ရက်စက်ကြမ်းကြုတ်မှုအား ထုတ်လွှတ်လျက် မွှေးထူလေးနှင့်ငါးထံ ဦးတည်သွားကြ၏။

မန်ဟိုသည် ဤအဖြစ်အပျက်အားလုံးကို မျက်မှောင်ကြုတ်၍ကြည့်နေသည်။ နောက်ဆုံးတွင် သူက အေးစက်စက်နှာမှုတ်လိုက်၏။ မောင်မွှေးထူက ခေါင်းမော့ပြီး အူသည်။ ချက်ချင်းဆိုသလို အသံကား တစ်တောလုံးတွင် ပြည့်နှက်သွားးလေပြီ။ မွှေးထူနှစ်၊ မွှေးထူသုံးနှင့်အတူ အခြားသစ်စိမ်းဝံပုလွေများအားလုံး ဟိန်းဟောက်ရင်း မွှေးထူလေးနှင့်ငါးရှိရာသို့ ပြေးထွက်သွားကြ၏။

သူတို့၏အမြန်နှုန်းမှာ လူငယ်နှင့် ကျီးကင်းထောက်မျိုးနွယ်ဝင်များအတွက် ပတ်ပတ်လည်ရှိ တောအုပ်အတွင်းမှ အစိမ်းရောင်အလင်းတန်းများ လာနေသည်ကို တွေ့ရန် တခဏလေးသာကြာစေလိုက်သည်။ ရုတ်တရက် မယုံနိုင်ဖွယ် ခွန်အားကို ထုတ်လွှတ်နေသော သစ်စိမ်းဝံပုလွေအကောင်နှစ်ဆယ်ကျော် ရောက်လာခဲ့လေပြီ။ အထူးသဖြင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော အစိမ်းရောင်အလင်းများအား ထုတ်လွှတ်၍ ကိုးမီတာကျော်အလျားရှိသော ၄င်းတို့ထဲကနှစ်ကောင်ပင်။ သူတို့၏ မျက်ဝန်းထဲရှိ ရက်စက်မှုနှင့် အေးစက်မှုသည် ပတ်ဝန်းကျင်တစ်ခွင်အား လွှမ်းခြုံသွား၏။

လူငယ် ကွက်ခနဲ မျက်နှာပျက်သွားသည်။ လေကိုခွင်းသွားနေသော ဇွမ်ဘီဝံပုလွေများမှာ ကျရောက်လာတော့မည့်အန္တရာယ်ကို အာရုံရလိုက်၍ တုံ့ခနဲရပ်ပြီး ပတ်ဝန်းကျင်ကို နိုးနိုးကြားကြား ကြည့်လိုက်ကြသည်။

"မွှေးထူနှစ် မွှေးထူသုံး" ဝူချိန်က စိတ်လှုပ်တရှားအော်သည်။

ကျီးစစ်သည်မျိုးနွယ်စုမှ လူငယ် အံ့အားသင့်သွားသည်။ သူ့ဘေးရှိ မျိုးနွယ်ဝင်နှစ်ယောက်လည်း လာနေသော သစ်စိမ်းဝံပုလွေများအား တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်သည်။

"ငါ ဒီလောက်ကံကောင်းလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး" လူငယ်က ကျယ်လောင်စွာရယ်မောလိုက်သည်။ "ဆရာ့ကို လက်ဆောင်ပေးဖို့ သစ်စိမ်းဝံပုလွေတွေအများကြီးပဲ။ ဒီအတိုင်းသာဆို အစ်ကိုနှစ်နဲ့ အစ်ကိုတစ်ကို ကျော်နိုင်ပြီ"

သို့သော် သူ၏ရယ်သံများ တောအုပ်အတွင်းသို့ ပျံ့လွင့်သွားသည့်အချိန်မှာပင် ဒေါသတကြီးဟိန်းဟောက်သံတစ်သံက လေကိုဖြိုခွင်းလိုက်သည်။ ၄င်းသည် ပတ်ဝန်းကျင်ရှိ ကမ္ဘာသစ်မိစ္ဆာများအား ကြောက်လန့်တုန်ရီသွားစေသော အရှိန်အဝါနှင့်အတူ အရပ်မျက်နှာတစ်ခွင် တုံ့ပြန်လူးလာပဲ့တင်ထပ်နေသည်။ ကျီးကင်းထောက်နှင့်ကျီးစစ်သည်မျိုုးနွယ်စုမှ ကျင့်ကြံသူများပင်လျှင် ချာချာလည်မူးဝေးသွား၏။

တစ်ချိန်တည်းမှာပင် အဖြူရောင်ကလွဲ၍ မည်သည့်အရာမှာမမြင်ရစေသော အမြန်နှုန်းမျိုးဖြင့် တဟုန်ထိုးလာနေသော ခပ်ဝါးဝါး အဖြူရောင်အတန်းတစ်တန်းပေါ်လာသည်။ အဖြူရောင်အတန်းက ဇွမ်ဘီဝံပုလွေခုနစ်ကောင် ရှစ် ကောင်ကို ဝင်တိုက်ပြီး သွေးပျက်မတတ် ဟစ်အော်သံများနှင့်အတူ ပေါက်ကွဲသံများ ဆူညံသွားစေ၏။ ဇွမ်ဘီဝံပုလွေအားလုံး ပေါက်ကွဲကုန်၍ အပုပ်နံတထောင်းထောင်းထသွားသည်။ အဖြူရောင်အတန်းက ကောင်းကင်နှင့်မြေကြီးကိုပင် အထင်သေးနိုင်လောက်အောင် ကြီးကျယ်ခမ်းနားသောပုံစံဖြင့် ရပ်နေသော ဝံပုလွေဖြူတစ်ကောင်ဖြစ်သွားသည်။

ဝံပုလွေဖြူ၏ကိုယ်လုံးမှာ သိပ်မထွားသည့်အပြင် အတော်လေးအားနည်းနေသယောင်ရှိသည်။ သို့သော် သူပေါ်လာသည့်အခိုက်အတန့်၌ သစ်စိမ်းဝံပုလွေအားလုံး သစ္စာခံသောအငွေ့အသက်များကို ထုတ်လွှတ်ရင်း ချက်ချင်း ဝပ်စင်းသွားကြ၏။

ဝံပုလွေဖြူက ခေါင်းထောင်ပြီး အူလိုက်ရာ အခြားသစ်စိမ်းဝံပုလွေများလည်း လိုက်အူကြသည်။ တခဏတည်းနှင့် ဝံပုလွေတစ်အုပ်လုံးသည် တညီတညာတည်းအူနေရာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တုန်ခါနေစေတော့သည်။ သစ်ပင်များပင်လျှင် လှုပ်ရမ်းနေလေပြီ။ ဇွမ်ဘီဝံပုလွေများ တုန်ယင်လာကြပြီး ၄င်းတို့၏အသက်မဲ့နေသော မျက်ဝန်းများတွင် လေးစားမှု၊ အညံ့ခံမှုတို့ဖြင့် ပြည့်နှက်လာသည်။

"ဝံပုလွေ ဖြူဘုရင်" ဤသည်မှာ လောလောဆယ်တွင် ကြည့်ရှုနေသူများအားလုံးတွေးနေသည့် တစ်ခုတည်းသောအရာပင်။

ဝံပုလွေဖြူဘုရင်

လူငယ်၏မျက်နှာအမူအရာ ရုတ်ခြည်းပြောင်းလဲသွားပြီး အသက်ရှူသံများ မြန်ဆန်လာ၏။ သူက အရူးအမူးတပ်မက်နေသော မျက်ဝန်းများဖြင့် ဝံပုလွေဖြူဘုရင်ကို ကြည့်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

"ဝံပုလွေဖြူဘုရင်။ ဒီနေရာမှာ ဝံပုလွေဘုရင်တစ်ပါးရှိနေမယ်လို့ ဘယ်သူတွေးမိမှာလဲ။ ဆရာသာသိရင် ဝမ်းသာသွားမှာသေချာတယ်။ ဒီဝံပုလွေဘုရင်ရဲ့ ဘယ်သူပဲဖြစ်ဖြစ် အခု ပေါ်လာပြီဆိုတော့ ငါ့အပိုင်ဖြစ်သွားပြီ" လူငယ်သည် ရုတ်တရက် ကျောက်စိမ်းပြားတစ်ပြား ကိုင်ထားသော ညာလက်ကို ဆန့်ထုတ်လိုက်သည်။ သူက အမြန်ဆုံးနှုန်းဖြင့် ၄င်းအား ချေဖျက်၍ သူ့ဆရာဂုလာဆီသို့ စာတစ်စောင်ပို့လိုက်လေပြီ။

ထိုအခိုက်တွင် တစ်ချိန်လုံး စိတ်ဝိညာဥ်အာရုံဖြင့် ကြည့်နေခဲ့သော မန်ဟိုသည် အေးစက်စက်နှာမှုတ်ပြီး လျှောက်လာ၏။

***

All Chapters