အသား...
Vol. 30 Ch. 413
လူငယ် ကျောက်စိမ်းပြားကို ချိုးဖျက်လိုက်သည်နှင့်တစ်ပြိုင်နက်....
ဤတောင်တန်းမှာပင် တိမ်တိုက်များအကြား ထိုးတက်မြင့်သွန်းနေသော တောင်ထွတ်နှစ်ခုရှိသည်။ ၄င်းတို့သည် မြေပြင်ကို လွှမ်းမိုးအုပ်စိုးလျက် အရပ်မျက်နှာတစ်ခွင်သို့ လှမ်းမျှော်ကြည့်ရှုနေသော စစ်သည်တော်နှစ်ပါးသကဲ့သို့ ဖြစ်နေရာ မြင်ရလိုက်သူတိုင်းအား ရင်သပ်ရှုမော အံသြမိစေတော့သည်။
နေအလင်းရောင်တို့ စူးရှပူပြင်းသော အခါသမယဖြစ်သည့် နေ့လည်ခင်းတိုင်းတွင် ဤတောင်ညီနောင်သည် ငွေရောင်ခြည်တို့ဖြင့် ကွန့်မြူးတောက်ပမြဲဖြစ်လေ၏။ ဤငွေအလင်းရောင်ကား သာမန်မဟုတ်၊ ကောင်းကင်နှင့်မြေကြီးကို ထက်ပိုင်းခွဲပစ်နိုင်သောရောင်ခြည်များပင်။ ၄င်းသည် အားကောင်းလှသော လှိုင်းများကို ထုတ်လွှတ်ရင်း ပတ်ဝန်းကျင်တွင် တလက်လက်တောက်ပလျက်ရှိသည်။
ဤနေရာကား ကျီးစစ်သည်မျိုးနွယ်စု၏အိမ်ကလွဲ၍ တခြားမဟုတ်ပေ။
ကျီးစစ်သည်မျိုးနွယ်စု၏ ဒုတိယတောင်ထွတ်ပေါ်တွင် ထုံးကျောက်ဆောင်တစ်ခုရှိသည်။ လောလောဆယ်တွင် ကျီးစစ်သည်မျိုးနွယ်ဝင် ခုနစ်ယောက်၊ရှစ်ယောက်ခန့်သည် လေးလေးစားစားပြုံးရင်း ထိုင်နေကြ၏။ သူတို့အားလုံး၏အလယ်တွင် ထိုင်နေသည်ကား မျိုးနွယ်ဝင်များနှင့်အတူ စနောက်ရယ်မောနေသော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။
သူသည် အနက်ရောင်ဝတ်ရုံတစ်စုံကို ဝတ်ဆင်ထားပြီး သာမန်လူမဟုတ်ကြောင်း ထင်ရှား၏။ သူ၏မျက်ဝန်းများက ကြယ်စင်တာရာများကဲ့သို့ တဖျပ်ဖျပ်လက်နေပြီး အချိန်တစ်ခုအထိ စိုက်ကြည့်ကြည့်လျှင် ပြတ်သားကြည်လင်မှုကို ခံစားရပေလိမ့်မည်။ ဤအခြင်းအရာအားလုံးက သူ့ကို အသျှံတညီးညီးတောက်ပနေသည့် နေတစ်စင်းပမာ ဖြစ်စေသည်။ သူကား ထွေထွေထူးထူး ကြိုးစားနေစရာမလိုဘဲ အများ၏ အာရုံစိုက်ရာ ဖြစ်လာလေပြီ။
" .... ပြီးတော့ အဲ့ဒါက မိစ္ဆာသားရဲသခင်မှော်ပညာရဲ့ အခြေခံပဲ ရှိသေးတယ် " သက်လတ်ပိုင်းလူက ခပ်မိုက်မိုက်ပုံစံဖမ်း၍ ဆက်ပြောသည်။ "ကိုယ့်ရဲ့ မိစ္ဆာသားရဲသခင်တာအိုကို ထာဝရတည်တံပြီး တိုးတက်မှုတွေ ကြံတွေ့စေချင်ရင်တော့ တစ်ခုတည်းပဲ ရွေးစရာရှိတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ အသွေးအသားအရိုးတွေထဲမှာ အဖြေရှာဖို့ပဲ ။ အဲဒါမှ ကိုယ်လျှောက်ရမယ့်လမ်းကို ရှာတွေ့လိမ့်မှာ" သူသည် ပြုံးနေသော်လည်း အပြုံးက နွေးထွေးကြင်နာမှုမရှိပေ။ သူထံမှ မောက်မာထောင်လွှားသော အငွေ့အသက်တို့ ထွက်ပေါ်နေသော်လည်း သက်ပြင်းချသံသဲ့သဲ့ကိုလည်း မသိမသာကြားရနိုင်၏။
သူ့ကို ဝိုင်းလျက်ထိုင်နေကြသူ အများစုမှာ မျိုးနွယ်စု၏ ပါရမီရှင်များ ဖြစ်ကြသည်။ အားလုံးတွင် အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံခြင်းအခြေခံများရှိကြပြီး တစ်ဦးတစ်ယောက်ချင်းစီတိုင်းကား အတွေးနက်နေကြပုံပေါ်သည်။
"မဟာအကြီးအကဲဂုလာက တကယ့်ကို အဆင့် ၇ မိစ္ဆာသားရဲသခင် ပီသပါပေတယ်။ အရင်က ဒီလို အကြောင်းအရာမျိုး တစ်ခါမှ မကြားခဲ့ဖူးပေမယ့် နည်းနည်းပါးပါးတွေးကြည့်လိုက်တော့ တကယ့်ကို အကျိုးအကြောင်းညီညွတ်တာပဲ"
"ဟုတ်ပါ့ မဟာအကြီးအကဲဂုလာကတော့ မိစ္ဆာသားရဲသခင်တစ်ဦးဆိုတဲ့ လမ်းကြောင်းကို ရှာတွေ့သွားပြီ ဖြစ်မယ်။ တကယ်ပါဗျာ အကြီးအကဲရဲ့အနာဂတ်ကတော့ အကန့်အသတ်ကို မရှိဘူးပဲ။ ကျီးနတ်မင်းမျိုးနွယ်စုငါးစုလုံးမှာ အကြီးအကဲကို လျှို့ဝှက်မိစ္ဆာသားရဲသခင်ပညာရပ်ပိုင်းမှာ ယှဥ်နိုင်တဲ့သူကတော့ ကောက်ရိုးပုံထဲ အပ်ရှာရသလို ခက်လိမ့်မယ် "
တက်တက်ကြွကြွ ဆွေးနွေးရင်း စကားလက်ဆုံကျနေသော သက်လတ်ပိုင်းလူမှာ ဤဒေသတို့ နေရာရွှေ့ပြောင်းခဲ့သည့်အတောအတွင်း မန်ဟိုနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သော ဂုလာပင်။ ထိုအချိန်တုန်းက မန်ဟိုသည် ကျီးနတ်မင်းမျိုးနွယ်စုငါးစုအကြောင်းနှင့် ပတ်သက်ပြီး အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်များနှင့် တွေ့ဆုံခဲ့သည့်အတောအတွင်း ဂုလာကို သတိမေ့အောင် လုပ်ခဲ့၏။ ထို့ကြောင့် ဂုလာမှာ ထိုကိစ္စအလုံးစုံကို ဘာဆိုဘာမှမသိခဲ့ပေ။ သူသိသိသမျှအားလုံးက နိုးလာလာချင်း အနောက်ပိုင်းသဲကန္တာရသို့ ပြန်ရောက်နေသည်ကိုသာ ဖြစ်သည်။
အရေးအကြီးဆုံးမှာ သူ့ကို နေ့နေ့ညည အိပ်မက်ဆိုးများ မက်လောက်အောင်အထိ ညှင်းပန်းနှိပ်စက်နေခဲ့သော လူမဟုတ်သည့် ကြောက်စရာသတ္တဝါ၏အရိပ်အယောင်ကို မတွေ့ရခြင်းပင်။ အစက ဂုလာမှာ နိုးနိုးချင်း ကိုယ့်မျက်စိကိုယ် မယုံနိုင်ပေ။ ထို့နောက် မယုံနိုင်သဖြင့် အနီးအနားပတ်ဝန်းကျင်၌ ဟိုဟိုသည်သည် လှည့်ပတ်ရှာဖွေခဲ့သည်။ သို့သော် သူရှာတွေ့ခဲ့သည်မှာ သတိလစ်နေသော ဘီလူးရိုင်းကြီးသာ ဖြစ်လေသည်။
ချောင်ကြိုချောင်ကြားမကျန် ထပ်တလဲလဲ ရှာဖွေပြီး မန်ဟို့အရိပ်ပင် မတွေ့ရသည့်နောက်တွင်တော့ သူ့တစ်ကိုယ်လုံး တုန်ရီလာပြီးနောက်ဆုံး မိုးကောင်းကင်ကို မျက်နှာမူ၍ ဝမ်းသာအားရအော်ဟစ်မိခဲ့လေသည်။
အတိတ်တွင် သူ သည်းခံခဲ့ရသည့် လူမဆန်စွာညှင်းပန်းနှိပ်စက်ခံရမှု၊ အကြိမ်ပေါင်း ဘယ်လောက်လဲ မမှတ်မိလောက်အောင်အထိ အသွေးအသားများ လှီးဖြတ်ဖောက်ထုတ်လေ့လာခံခဲ့ရမှု၊ ထိုထိုသောအရာအားလုံးကို သူပြန်တွေးမိသည်။ မျက်ရည်ကြောင်းတို့က ဂုလာ၏ မျက်ဝန်းအိမ်မှ ပါးပြင်တစ်လျှောက် အတားအဆီးမရှိ စီးကျလာ၏။
ဤမျက်ရည်များကား ကပ်ဆိုးကြီးမှ လွှတ်မြောက်လာခဲ့သူ၏ ပျော်ရွှင်မှုကြောင့် စီးဖြိုင်ကျလာသော မျက်ရည်ပေါက်တို့ ဖြစ်လေသည်။ ထူးဆန်းစွာနှင့် အကြောင်းတစ်ခုခုကြောင့် သူ၏မိစ္ဆာသားရဲသခင်အသိမှာ တိုးတက်လာခဲ့ပြီး ယခုတွင် အဆင့် (၇) သို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။
နောက်ဆုံးတွင်တော့ အံကြိတ်သည်းခံခဲ့ရသမျှအားလုံးက သူ့ကို အမြင့်သို့ မြှင့်တင်ပေးခဲ့လေပြီ။ ထိုလူမဆန်သောသတ္တဝါ အသိစိတ်ဝင်ပြီး အလွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်လိမ့်မည်။ သို့နှင့် သူသည် ဘီလူးရိုင်းကြီးကို ခေါ်၍ တောင်မှ ထွက်ခွာလာခဲ့သည်။ မကြာမီ ကျီးစစ်သည်မျိုးနွယ်စု၏ ထင်ပေါ်ကျော်ကြားသော မိစ္ဆာသားရဲသခင်တစ်ဦးအနေဖြင့် သူ့ဘဝမှာ တစ်ဆစ်ချိုးပြောင်းလဲခဲ့၏။
ဝိုင်းဖွဲ့ထိုင်နေကြသော ကျီးစစ်သည်မျိုးနွယ်ဝင်များ စကားဆက်လက်ပြောနေကြစဥ် ဂုလာသည် ခံ့ခံ့ညားညားရယ်ပြီး သြဝါဒဆက်ခြွေတော့မည့်ဆဲဆဲ ရုတ်တရုက် မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွား၏။ သူက ကျောက်စိမ်းပြားတစ်ပြားထုတ်ရန် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ၄င်းက ပေါ်လာသည်နှင့်တစ်ပြိုင်နက် အက်သံများ ထွက်လာသည်။ ထို့နောက် ခလွမ်းခနဲ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသည့်အတွက် အကြည့်အားလုံး ၄င်းအပေါ်ကျရောက်လာတော့သည်။
"ဟင်" ဂုလာ၏ မျက်လုံးများ အေးစက်တောက်ပသွားသည်။ သူက တည်ငြိမ်အေးဆေးသော လေသံနှင့် ဆက်ပြော၏။ " ကျုပ် တပည့်သုံးယောက်ထဲက တစ်ယောက်ဖြစ်မယ်။ ကြည့်ရတာ အပြင်မှာ ဒုက္ခရောက်နေတဲ့ပုံပဲ " သူက ညာလက်ကို ဝှေ့ယမ်းကာ ကျောက်စိမ်းပြားအပိုင်းအစများအား အမှုန့်ဖြစ်သွားစေသည်။ အမှုန့်များသည် စတင်တောက်ပလာပြီးနောက် ရှင်းလင်းပြတ်သားသော ပုံရိပ်တစ်ခုအသွင်ပြောင်းသွားသည်။ အထဲတွင် ဝံပုလွေဘုရင်တစ်ပါး၏ တင့်တယ်ခံ့ညားသော ဟန်ပန်အမူအရာနှင့် တဟုန်ထိုးပြေးလာနေသော မောင်မွှေးထူကို မြင်နိုင်၏။
အဆိုပါပုံရိပ်ကြောင့် ကျီးစစ်သည်မျိုးနွယ်ဝင်အားလုံးသာမက ဂုလာလည်း မျက်လုံးပြူးသွားလေပြီ။ သူသည် မောင်မွှေးထူကို မမှိတ်မသုန် စိုက်ကြည့်နေပြီးနောက် ကျယ်လောင်စွာ အော်ရယ်တော့သည်။
"တပည့်သုံးကတော့ တယ်ဉာဏ်ကောင်းတာပဲ။ ကျီးစစ်သည်မျိုးနွယ်စုရဲ့ ပါရမီရှင် ပီသပါပေတယ်။ ကျုပ်အတွက် ဝံပုလွေဘုရင်တစ်ပါးကိုတောင် သွားရှာပေးတာပါလား။ သိပ်တော်တယ် သိပ်ထူးချွန်တယ်" ဂုလာက ရယ်ရယ်မောမောနှင့် လေပေါ်ပျံတက်လိုက်သည်။ ကျီးစစ်သည်မျိုးနွယ်ဝင်များလည်း ညစ်ကျယ်ကျယ် ပြုံးရင်း နောက်မှ လိုက်ပါသွားကြ၏။
"ဂုဏ်ယူပါတယ် မဟာအကြီးအကဲဂု။ နောက်ထပ် ကမ္ဘာသစ်မိစ္ဆာ ဝံပုလွေဘုရင်တစ်ကောင် ထပ်ရတော့မှာပေါ့"
"ဒါပေမဲ့ အဲ့ဒီဝံပုလွေဘုရင်က တောစိမ်းဝံပုလွေတစ်ကောင်နဲ့ တူတယ်။ ကျီးကင်းထောက်မျိုးနွယ်စုနဲ့များ ပတ်သက်နေမလား"
"ပတ်သက်နေတော့ရော အရေးလား။ မဟာအကြီးအကဲဂုလာက တစ်ခုခုကို သဘောကျရင် ကျီးကင်းထောက်မျိုးနွယ်စုက မိုဇီတောင်မှ ခေါင်းညိတ်ရုံကလွဲပြီး ဘာမှမလုပ်နိုင်ဘူး"
စကားသံများနှင့် ရယ်မောသံများအလယ်တွင် ဂုလာသည် အားရကျေနပ်စွာ ရယ်ပြီး ဘယ်သူ့မှလူမထင်သော ပုံစံဖြင့် ခေါင်းကို မော့ထား၏။
"ကျုပ် ဂုလာ သူတစ်ပါးအပိုင် သားရဲတစ်ကောင်ကို အလကားမယူဘူး။ အဲ့ဒီဝံပုလွေဘုရင်ရဲ့ သခင်က ဘယ်သူပဲ ဖြစ်ဖြစ် သင့်တော်တဲ့ အဖိုးအခကိုတော့ ကျုပ်ပေးချေမယ်။ တကယ်လို့ အဲ့ဒီပုဂ္ဂိုလ်က အရည်အချင်းရှိရင် ကျုပ်တပည့်အဖြစ်တောင် လက်ခံပေးလိုက်မယ်" ထို့နောက် ဂုလာသည် အင်္ကျီလက်စကို ဝင့်ကြွားစွာ ခါရင်း ပျံထွက်သွားသည်။
ကျီးစစ်သည်မျိုးနွယ်ဝင်များ၏ မျက်နှာများအပေါ်၌ လေးစားကြည်ညိုသော အရိပ်အယောင်များ လွှမ်းခြုံသွားပြီး ဂုလာကို ဝန်းရံ၍ ကျောက်စိမ်းပြားညွှန်ပြနေရာဘက်သို့ သူနှင့်အတူ ပျံသန်းသွားကြသည်။ သူတို့အားလုံးကား အဝေးသို့ တဟုန်ထိုးထွက်သွားကြသော ရောင်စုံအလင်းတန်းများ ဖြစ်သွားကြလေပြီ။
ထိုစဥ် သစ်ပင်တို့ အုံ့ဆိုင်းနေသော တောအုပ်အတွင်း၌ မန်ဟို လမ်းလျှောက်ထွက်လာပြီး ဝံပုလွေဖြူက ခမ်းနားထည်ဝါစွာ ရောက်လာသည့်အချိန်မှာပင် ကျီးစစ်သည်မျိုးနွယ်စုမှ လူငယ်သည် ကျောက်စိမ်းပြားတစ်ပြားကို ချိုးဖျက်ပြီးနောက် သူ၏ဝတ်ရုံအရှေ့ပိုင်းကို စုတ်ဖြဲလိုက်သည်။ သူ့လည်ပင်း၌ကား အနက်ရောင်ကျောက်တုံးတစ်တုံး ချိတ်ဆွဲထားလျက်ရှိ၏။ သူက ၄င်းကို ဆွဲပြီး သူ့အရှေ့သို့ လှမ်းပစ်လိုက်သည်။
"ကြီးမြတ်သော ရေနဂါးမိစ္ဆာဘုရင် ကျွန်တော်မျိုး ဆင့်ခေါ်ပါတယ်" လူငယ်က ကယောင်ချောက်ချား အော်သည်။ တစ်ချိန်တည်းမှာပင် သူက လျှာထိပ်ကို ကိုက်ပြီး သွေးတစ်ပွက် ထွေးထုတ်လိုက်၏။ သူ့ဘေးရှိ ကျီးစစ်သည်မျိုးနွယ်နှစ်ယောက်လည်း တစ်ဆက်တည်းဆိုသလို သွေးတချို့ထွေးလိုက်ကြသည်။ အနက်ရောင်ကျောက်တုံးက လူသုံးယောက်ဆီမှ သွေးကို စုပ်ယူပြီးနောက် တစ်လောကလုံး တသိမ့်သိမ့်တုန်ခါသွားစေသော ထစ်ချုန်းသံကြီးနှင့်အတူ ပေါက်ကွဲကာ လှိုင်းများအား အဘက်ဘက်သို့ ဖြာထွက်သွားစေသည်။
ထစ်ချုန်းသံကြီးအတွင်း၌ ရေနဂါးတစ်ကောင်ပေါ်လာသည်။ ၄င်း၏ခန္ဓာကိုယ်သည် မီတာဒါဇင်ပေါင်းများစွာ ရှည်လျားပြီး ၄င်းပေါ်ပေါက်လာခြင်းက တောတောင်အတွင်းရှိ အရာအားလုံး လှုပ်ခါသွားစေ၏။ အလွန် ပြင်းထန်သော ဖိအားတစ်ခုသည်လည်း မည်သည့်အရာကိုမဆို ဖိနှိပ်လွှမ်းမိုး၍ တလိပ်လိပ် ရိုက်ခတ်နေချေပြီ။
ဤနဂါးကြီးမှာ အမှန်တော့ မပြည့်စုံပေ။ ၄င်း၏အစိတ်အပိုင်းများမှာ ပျက်စီးယိုယွင်းနေသည့် အခြေအနေတွင် ဖြစ်သည့်အပြင် နေရာအတော်များများ၌ အရိုးများပင် ပေါ်နေလေသည်။ အပုပ်နံ့တို့ကလည်း ၄င်းမှာ တလှိုင်လှိုင်ထွက်လျက်ရှိ၏။
"မိစ္ဆာဘုရင် အဲ့ဒီအကောင်တွေကို သတ်ပစ်" လူငယ်၏မျက်လုံးများ၌ ရူးသွပ်မိုက်မဲမှုတို့ တောက်ပနေသည်။ ဤရေနဂါးသည် သူ့ဆရာလက်ဆောင်ပေးထားသော အသက်ကယ်ကမ္ဘာသစ်မိစ္ဆာတစ်ကောင် ဖြစ်၏။ ၄င်းကား အဆင့် (၆) တင်မဟုတ်၊ မယုံနိုင်လောက်အောင် ခွန်အားကြီးမားသော အဆင့် (၇) ပင်။ လူငယ်၏ အမြင်အရ ဤမိစ္ဆာဘုရင်ပေါ်လာပြီဖြစ်ရာ သူ့အနေဖြင့် သူ့ဆရာမရောက်ခင် တိုက်ပွဲအား အဆုံးသတ်နိုင်သင့်နေလေပြီ။
" အဲ့ဒါ .... အဆင့် (၇) မဟုတ်လား "
" သူ့မှာ အဆင့် (၇) ကမ္ဘာသစ်မိစ္ဆာတကယ်ကြီး ရှိတာပဲ"
ပတ်ဝန်းကျင်ရှိ ကျီးကင်းထောက်မျိုးနွယ်ဝင်များ၏ မျက်နှာများ၌ အံ့သြမယုံကြည်နိုင်မှုတို့ ဖြတ်ပြေးသွားသည်။ မိုဖန်းတွင်ပင် အဆင့် (၇) ကမ္ဘာသစ်မိစ္ဆာမရှိပေ။ ထိုကဲ့သို့သတ္တဝါများသည် ထိန်းချုပ်ရန်လည်း အလွန်ခက်၏။
" ငါ့ဆရာက မဟာအကြီးအကဲဂုလာ … သူ့အတွက် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိဘူး" ရေနဂါးကြီး ဟိန်းဟောက်ပြီး မောင်မွှေးထူထံ ပြေးဝင်သွားစဥ် လူငယ်က တဟားဟားအော်ရယ်သည်။
မန်ဟိုက စိတ်ဝိညာဥ်အာရုံကို သုံး၍ အဖြစ်အပျက်များကို စောင့်ကြည့်ရင်း တောအုပ်ကို ဖြတ်လျှောက်လာသည်။ ထူးဆန်းသောအမူအရာတစ်ခု သူ၏မျက်နှာတွင် ပေါ်လာ၏။ ပုပ်သိုးပျက်စီးနေသော ဇွမ်ဘီဝံပုလွေ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဂုလာ၏ ကမ္ဘာသစ်မိစ္ဆာများက အခြားသူများ၏ ကမ္ဘာသစ်မိစ္ဆာများနှင့် ကွဲပြားခြားနားနေသဖြင့် မန်ဟို အံ့အားသင့်သွားလေသည်။
ထို့နောက် ရေနဂါး။ မန်ဟို ၄င်းကို ချက်ချင်း မှတ်မိလိုက်သည်။ အမှန်တော့ ၄င်းမှာ သူကိုယ်တိုင်သတ်ပြီး ဘီလူးရိုင်းကြီး စားဖို့အတွက် ဂုလာကို ပေးခဲ့သော ရေနဂါးတစ်ကောင်ပင်။
မန်ဟို ပတ်ဝန်းကျင်ကို စိတ်ဝိညာဥ်အာရုံဖြင့် စနည်းနာနေသည့် အချိန်မှာပင် မောင်မွှေးထူက မာန်ဖီလိုက်သည်။ သူ၏ခန္ဓာကိုယ်က ရေနဂါးထံသို့ ရိပ်ခနဲ ပြေးဝင်သွားသော အဖြူရောင်အတန်းတစ်တန်း ဖြစ်သွားလေပြီ။ တစ်ချိန်တည်းမှာပင် သစ်စိမ်းဝံပုလွေများက ဇွမ်ဘီဝံပုလွေအပေါ် ခုန်အုပ်လိုက်ကြပြီး ရက်စက်သော သူသေကိုယ်သေတိုက်ပွဲကြီး စတင်ခဲ့ပြီ ဖြစ်၏။
တောစိမ်းဝံပုလွေများက ဇွမ်ဘီဝံပုလွေများနှင့် လုံးထွေးသတ်ပုတ်နေသဖြင့် ဟိန်းဟောက်မာန်ဖီသံများအပြင် တဝုန်းဝုန်းပေါက်ကွဲသံများ မြည်ဟည်းနေတော့သည်။ ထိုနည်းတူ မောင်မွှေးထူနှင့် ရေနဂါးကြီးသည်လည်း တစ်ကောင်နှင့်တစ်ကောင် အသေအကြေ တိုက်ခိုက်နေကြ၏။ မောင်မွှေးထူ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် မယုံနိုင်လောက်အောင် မြင့်မားသော အသက်စွမ်းအားတို့ကြောင့် ရေနဂါးကြီးမှာ အဆင့် (၇) ပင် ဖြစ်စေကာမူ မောင်မွှေးထူအား ခြစ်ရာလေးထင်အောင်ပင် မလုပ်နိုင်ပေ။
တကယ်တမ်း ၄င်းမှာ နောက်သို့သာ ဆုတ်ဆုတ်နေရလေသည်။ နောက်ဆုံးတွင် မောင်မွှေးထူမှာ သည်းခံနိုင်စွမ်းကုန်ဆုံးသွားသည့်အတွက် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ခန္ဓာကိုယ်သည် တုန်ရီလာပြီး မျက်စိတစ်မှိတ်တည်းနှင့် မီတာသုံးဆယ်အရွယ်အစားသို့ ရောက်ရှိသွားလေပြီ။ သူကား ယခုတွင် အဖြူရောင်တောင်တစ်လုံးသဖွယ် ဖြစ်နေတော့သည်။ သူ၏အရှိန်အဝါက အဆုံးမရှိအောင် တလိပ်လိပ် ထိုးတက်လာကာ တခဏအတွင်း ရေနဂါးကြီးအား ဖိနှိပ်လိုက်လေပြီ။
မောင်မွှေးထူ၏ အရှိန်အဝါက အရပ်မျက်နှာတစ်ခွင်သို့ ပျံ့နှံ့လာရင်း မိုးထိမတတ်မြင့်သွန်းနေသော အဖြူရောင်လေမုန်တိုင်းကြီးအား ဖြစ်တည်လာစေသည်။ ထို့နောက် ကမ္ဘာမြေကို တသိမ့်သိမ့်တုန်ခါသွားစေသော ဟိန်းဟောက်ကြုံးဝါးသံကြီးနှင့်အတူ မောင်မွှေးထူက ရေနဂါးထံ ပြေးဝင်သွား၏။ ရေနဂါးမှာ အားနှင့် ဝင်တိုက်ခံလိုက်သဖြင့် မချိတင်ကဲ အော်လိုက်ရတော့သည်။ ၄င်း၏ ပျက်စီးနှင့်ပြီးသောကိုယ်သည် စတင်ပြိုကွဲလာပြီး အရပ်မျက်နှာအနှံ့သို့ လွင့်ထွက်ကုန်လေပြီ။ မောင်မွှေးထူ၏ သွားများက ရေနဂါး၏ခေါင်းကို ခဲပြီး ဆွဲဖြုတ်လိုက်သည်။
သစ်စိမ်းဝံပုလွေများ၏ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် အော်ဟစ်ငြီးငြူသံများ ပျံ့လွင့်လျက်ရှိ၏။ ဇွမ်ဘီဝံပုလွေများအားလုံး တစစီကိုက်ဖြတ်ခံရရန် တခဏသာ ကြာလိုက်လေသည်။
ကျီးကင်းထောက်မျိုးနွယ်ဝင်များ ချက်ချင်း စိတ်အားတက်ကြွသွားကြလေပြီ။ ဝူချိန်ကား စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။
အခြားတစ်ဖက်တွင် ကျီးစစ်သည်မျိုးနွယ်စုမှ လူငယ်နှင့် အပေါင်းအပါနှစ်ယောက်မှာ လူသေကောင်ကဲ့သို့ မျက်နှာများ ဖြူဆုပ်နေကြတော့သည်။ သူတို့မှာ တွေးပင်မတွေးမိဘဲ မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း နောက်ဆုတ်မိလိုက်ကြသည်။ မဟာအကြီးအကဲဂုလာ၏ တပည့်သုံး၏မျက်ဝန်းများတွင် မယုံနိုင်မှုများ ပြည့်နှက်နေချေပြီ။
"အဲ့ဒါ ... အဆင့်... အဆင့် (၈) ဝံပုလွေဘုရင်"
ဤအခိုက်အတန့်မှာပင် အနက်ရောင်တစ်တန်း ဖျတ်ခနဲပေါ်လာသည်။ ၄င်းက မောင်မွှေးထူထံ ဦးတည်သွားပြီး သစ်စိမ်းလင်းနို့အုပ်လိုက်ကြီးနှင့် ကြောက်စရာလင်းနို့နက်ကြီးအသွင် ပြောင်းသွားလေ၏။
သစ်စိမ်းမြွေတစ်အုပ်လည်း တရွှီးရွှီးတွန်သံများ ပြုလျက် တောအုပ်ထဲမှ ထွက်လာကြသည်။
"အဲ့ဒါ လင်းနို့ဘုရင်တစ်ကောင်ပဲ" လူငယ်က ကြောက်လန့်တကြား နောက်ဆုတ်ရင်း ပြောသည်။ ဤမျှ အစွမ်းထက်လှသော ကမ္ဘာသစ်မိစ္ဆာအုပ်ကြီးအား ရန်စမိလိမ့်မည်ဟု သူမည်သို့ တွေးနိုင်ခဲ့မည်နည်း။
"ကမ္ဘာသစ်မိစ္ဆာဘုရင်နှစ်ကောင်မကလို့ ဘာပဲဖြစ်နေပါစေ။ ဒီနေ့ ငါနဲ့ပက်ပင်းတိုးပြီဆိုမှတော့ မင်းတို့အသက်တွေကို ငါပိုင်သွားပြီ" လူငယ်က အံကြိတ်ထားသည့်ကြားမှ ပြောသည်။ သူသည် မုန်းတီးမှုတို့ ပြည့်နှက်နေသောမျက်ဝန်းများဖြင့် သိုလှောင်အိတ်ကို ထုတ်ကာ မည်းနက်နေသော အသားတစ်တုံးထုတ်လိုက်၏။
အသား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တောအုပ်အတွင်းမှ အသံကြီးတစ်သံ ဟိန်းထွက်လာချေသည်။ ၄င်းကား မိုးကောင်းကင်ကိုပင် စုတ်ဖြဲပစ်နိုင်ပုံရသော အသံကြီးဖြစ်လေ၏။
"အသား..."
***