← Chapters

ဆရာရေ ကယ်ပါဦး

Vol. 30 Ch. 414

ဆရာရေ ကယ်ပါဦး

Vol. 30 Ch. 414

ဟိန်းဟောက်သံကြီးကား မိုးနှင့်မြေကို လှုပ်ခါတုန်ရီနေစေရင်း မြည်ဟည်းလျက်ရှိ၏။ ဝန်းရံလျက်ရှိသော တောအုပ်တွင်လည်း လေဆင်နှာမောင်ကြီးတစ်လုံးက မည်သည့်သတ္တဝါကိုမဆို အသက်နုတ်ရန် သောင်းကျန်းနေသကဲ့သို့ သစ်ပင်တို့ပြိုလဲကာ ဖရိုဖရဲ ဖြစ်ကုန်တော့သည်။

အဆိုပါ ဟိန်းဟောက်ကြီးအတွင်းတွင် ကျင့်ကြံသူအားလုံး အာရုံခံနိုင်သော ဖိအားကြီးတစ်ခုပါရှိ၏။ ၄င်းက ကျီးကင်းထောက်မျိုးနွယ်ဝင်များအား ရုတ်ခြည်း မျက်စိမျက်နှာပျက်သွားစေသည်။ သူတို့ပါးစပ်မှ သွေးများ စီးကျလာပြီး နားများအူထွက်သွားကြသည်။

မောင်မွှေးထူ၏ကိုယ်ပေါ်ရှိ အမွှေးအားလုံး အဆုံးထိထောင်မတ်သွားကြပြီး အံ့သြဖွယ်ကောင်းစွာနှင့် နိုးနိုးကြားကြားဖြစ်သွားသည်။ သူ၏မျက်ဝန်းများအား သွေးအေးရက်စက်မှုတို့က အပြည့်အဝ စိုးမိုးနေပြီး အသတ်အဖြတ်စိတ်ဆန္ဒမှလွဲ၍ မည်သည့်ခံစားချက်မှ ရှိမနေချေ။

သူက ခေါင်းကိုငုံ့ထားပြီး ခပ်တိုးတိုး မာန်ဖီသံများအား အလိုလိုထုတ်လွှတ်နေသည်။ သူ့ဘေးရှိ လင်းနို့နက်ကြီးလည်း ထိုနည်းတူ အလေးအနက်ထားနေဟန်ပင်။ ၄င်းက ဟိန်းဟောက်သံကြီးလာရာအရပ်ကို ကြည့်ရင်း မျက်လုံးများက လျှို့ဝှက်ဆန်းကြယ်စွာ လင်းလက်လျက်ရှိ၏။ ၄င်းက တဖြေးဖြေး ပါးစပ်ဟ၍ ချွန်ထက်နေသော ကြောက်စရာသွားကြီးများကို ထုတ်ဖော်လိုက်သည်။

ပတ်ဝန်းကျင်ရှိ ကမ္ဘာသစ်မိစ္ဆာများအကြားထဲ သူတို့နှစ်ကောင်သာ ထိုသို့တုံ့ပြန်ကြခြင်း ဖြစ်သည်။ ကျန်အကောင်များမှာ ဟိန်းဟောက်သံကြီးအား ကြားလိုက်ရသည်နှင့် တုန်ရီနေကြလေပြီ။ အလွန်ကြီးမားလှသော ဖိအားကြောင့် တစ်​ကောင်ပြီးတစ်ကောင် မြေတွင် ဝပ်စင်းကုန်ကြကာ တုပ်တုပ်မှမလှုပ်ရဲကြတော့ပေ။

မွှေးထူနှစ်နှင့် အဖော်များပင် မနည်းအားတင်း၍ ခေါင်းထောင်နေကြရသည်။ သူတို့ မာန်ဖီနေကြစဥ် သူတို့၏မျက်ဝန်းများ၌ ကြောက်ရွံထိတ်လန့်မှု၊ ရုန်းကန်တွန်းလှန်မှုတို့ ပြည့်နေလေသည်။

လူငယ်နှင့် ကျီးစစ်သည်မျိုးနွယ်ဝင်နှစ်ယောက်မှာမူ မျက်နှာ ရိပ်ခနဲ ဖြစ်သွားကြပြီး တုန်ယင်လာကြ၏။ လူငယ်က လက်ထဲကိုင်ထားသည့် အသားတုံးကို အရှေ့သို့ ကပျာကယာ လှမ်းပစ်လိုက်သည်။

" မင်းတို့​ကောင်တွေ သေပြီ " သူက အော်သည်။ " အခု ဘယ်သူမှ မင်းတို့ကို မကယ်နိုင်တော့ဘူး "

အဝေးတစ်နေရာမှ ဟိန်းဟောက်ကြီး သူတို့ထံသို့ ပျံ့လွင့်လာနေစဥ် မန်ဟိုက တောအုပ်အတွင်းမှ ထွက်လာကာ အားလုံးအရှေ့၌ ရပ်လိုက်လေပြီ။

ကျီးကင်းထောက်မျိုးနွယ် တစ်ယောက်ပြီးတစ်ယောက် လှမ်းကြည့်လာကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ ဆွေမျိုးတစ်ယောက်ကို တွေ့ လိုက်ရသကဲ့သို့ ဖြစ်နေသည်။ သူတို့က ချက်ချင်း လက်ယှက်ပြီး စိတ်လှုပ်ရှားစွာဖြင့် သူ့ကို ဦးညွှတ်အရိုအသေပေးကြ၏။

"မဟာအကြီးအကဲမန်"

"မဟာအကြီးအကဲမန်"

" ဂါဝရပြုပါတယ် မဟာအကြီးအကဲမန် "

ဝူချိန်မှာ မန်ဟိုကို ပထမဆုံးတွေ့လိုက်သူ ဖြစ်ပြီး ထခုန်မိမတတ် စိတ်လှုပ်ရှားနေဟန်ပင်။ ဤနေရာတွင် မန်ဟို့ကို မြင်တွေ့ရခြင်းက သူ့အား တော်ရုံတန်ရုံ လေးစားစေရုံသာမဟုတ်၊ မန်ဟိုမှ မန်ဟိုဖြစ်လောက်သည်အထိ သည်းသည်းလှုပ်သွားစေလေပြီ။

ဝူဟိုက်မှာ စိတ်သက်သာရာရသွားပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။ သူ့ဘေးတွင်တော့ ဝူလင်းမှာ စိတ်တို့ရှုပ်ထွေးနေပြီး အလိုလိုခေါင်းငုံ့မိသွားသည်။

မန်ဟိုက ပြုံးရင်း လူတိုင်းကို ခေါင်းညိတ်ပြသည်။ ထို့နောက် သူ့အကြည့်သည် အဝေးတစ်နေရာသို့ ရောက်ရှိသွား၏။ အရာအားလုံးကို ဖိနှိပ်နေသော ဖိအားက သူ့ကို ပြုံးမိစေသည်။ စိတ်ဝိညာဥ်အာရုံနှင့်ပင် စစ်ဆေးကြည့်စရာမလို၊ ခပ်လှမ်းလှမ်းတောအုပ်ရှိနေသည်ကား ဘီလူးရိုင်းကြီးဖြစ်ကြောင်း သူပြောနိုင်သည်။ ၄င်း သွားရည်တမြားမြားနှင့် အမြန်ဆုံးနှုန်းဖြင့် အ​ပြေးလာနေချေပြီ။

မန်ဟို ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာသစ်မိစ္ဆာများအပေါ် သက်ရောက်နေသော ဖိအားအလုံးစုံ မ,ယူခံလိုက်ရသလို ပေါ့ပါးသွား၏။ တစ်​ကောင်ပြီးတစ်ကောင် ဝပ်စင်းနေရာမှ ထရပ်လိုက်ကြပြီး ကြီးကျယ်ခမ်းနားတင့်တယ်မှုတို့ ပြန်လည်ဆောင်ကြဥ်းသွားကြသည်။ မွှေးထူနှစ်က ပျော်ရွှင်နေသောမျက်လုံးဝိုင်းဝိုင်းလေးများနှင့် မန်ဟို့ဆီ အ​ပြေးလာသည်။ မကြာမီ မန်ဟို့မှာ ကမ္ဘာသစ်မိစ္ဆာများ၏ အဝိုင်းခံလိုက်ရတော့သည်။

မောင်မွှေးထူလည်း မန်ဟို့ဘေးနားသို့ လှစ်ခနဲ ရောက်လာသည်။ သူ၏ပုံစံမှာ ခက်ထန်ရိုင်းစိုင်းမနေတော့ဘဲ အလိုက်သိပြီး ချစ်စရာကောင်းနေ၏။

လင်းနို့နက်ကြီးက တခဏ တွန့်ဆုတ်နေပြီးနောက်မှ မန်ဟို့ဆီ ပျံသန်းလာသည်။ သို့သော် ၄င်းမှာ အေးစက်သောမျက်လုံးများဖြင့် အဝေးသို့ လှမ်းကြည့်နေသေးသည်။

"မဟာအကြီးအကဲမန် ဟုတ်စ" ဂုလာ၏ တပည့်သုံးက အထင်သေးသောလေသံနှင့် မောက်မောက်မာမာပြောသည်။ "မင်းတို့ ဖွတ်ကျား ကျီးကင်းထောက်မျိုးနွယ်စုမှာ ဘယ်တုန်းက မဟာအကြီးအကဲမန်ဆိုတဲ့လူ ရှိသွားတာလဲ။ ဒီကမ္ဘာသစ်မိစ္ဆာအုပ်က ခင်ဗျားပိုင်တာ ဖြစ်မယ်။ အေး ကျုပ်ဆရာက ကျီးစစ်သည်မျိုးနွယ်စုရဲ့ မိစ္ဆာသားရဲသခင်ဂုလာပဲ။ ခင်ဗျား ဦးနှောက်ရှိရင် ဒီကမ္ဘာသစ်မိစ္ဆာအုပ်ကို အခုချက်ချင်း ကျုပ်ကို ပေးလိုက်။ မဟုတ်ရင်တော့ .... ကျုပ်ဆရာ အခု လမ်းမှာ ရောက်နေပြီ။ ပြီးတော့ ဘီလူးရိုင်းကြီးတစ်​ကောင်လည်း လာနေပြီဆိုတော့ စဥ်းစားကြည့် "

သူစကားပြောနေစဥ်မှာပင် ​မြေကြီးသည် သိမ့်ခနဲ သိမ့်ခနဲ တုန်လာပြီး နောက်ထပ် ဟိန်းဟောက်လိုက်သံအား အဝေးမှ ကြားလိုက်ရသည်။

"အသား .... အသား ..." အသံကြီးသည် မိုးခြိမ်းသဖွယ် အရာအားလုံးကို လွှမ်းခြုံစိုးမိုးသွား၏။ ကျီးကင်းထောက်မျိုးနွယ်ဝင်များမှာ မျက်နှာပိုပိုပျက်လာပြီး ဆောက်တည်ရာမဲ့နေကြလေပြီ။ မောင်မွှေးထူနှင့် လင်းနို့နက်ကြီးမှအပ မန်ဟိုအနားရှိ ကမ္ဘာသစ်မိစ္ဆာအားလုံးမှာ ကျရောက်လာတော့မည့် အန္တရာယ်ကို အာရုံရလိုက်သဖြင့် ပြိုင်တူ မာန်ဖီလိုက်ကြသည်။

"ကြားလား" လူငယ်က စိတ်လှုပ်တရှားဆိုသည်။ " အဲ့ဒါက ဘီလူးရိုင်းတစ်ကောင်ရဲ့ ဟိန်းဟောက်သံပဲ။ အဲ့ဒီကောင်ကြီးက ဘာလဲသိလား။ လွန်ခဲ့တဲ့နှစ်တွေက့ ကျုပ်ဆရာကိုယ်တိုင် လက်အောက်ခံအဖြစ် သွတ်သွင်းခဲ့တဲ့ ရှေးကမ္ဘာသစ်မိစ္ဆာ၊ ကျုပ်ဆရာရဲ့ မှော်မိစ္ဆာအစောင့်အရှောက် ...ဟားဟားဟား" သူက အော်ရယ်လိုက်သည်။ "ဘီလူးရိုင်းတွေက အစာအတွက် တခြားကမ္ဘာသစ်မိစ္ဆာတွေကို စားတဲ့အပြင် အနောက်ပိုင်းသဲကန္တာရမှာ တွေ့ရခဲတယ်။ ဒဏ္ဍာရီတွေအရ သခင်တစ်ယောက်ယောက်နဲ့ ပဋိညာဥ်ပြုခဲတယ်တဲ့။ ဒါပေမဲ့ ကျုပ်ဆရာက ဒီ​ကောင်ကြီးကို ကျွန်လုပ်နိုင်ခဲ့တယ်လေ။ အဲ့ဒါကြောင့် သူ့အမိန့်ကို နာခံနေတာပဲ"

မြေကြီးသည် နောက်တစ်ဖန် သိမ့်ခနဲ တုန်သွားပြန်ပြီး ဘီလူရိုင်းကြီး၏ဟိန်းဟောက်သံက ပို၍ပင် နီးကပ်လာလေပြီ။ ကျီးကင်းထောက်မျိုးနွယ်ဝင်များ နောက်ဆုတ်သွားကြပြီး ကမ္ဘာသစ်မိစ္ဆာများ၏ မာန်ဖီသံများ ပိုမိုကျယ်လောင်လာသည်။ မန်ဟိုတစ်ယောက်သာလျှင် တောအုပ်အတွင်းသို့ လှမ်းကြည့်ရင်း ခပ်ပြုံးပြုံးနှင့် ရပ်နေ၏။

"ကြည့်ရတာ ဂုလာမှာ တကယ်အရည်အချင်းရှိတဲ့ပုံပဲ" မန်ဟိုက တွေးနေသည်။ "ဘီလူးရိုင်းကြီးဆို အစာကျွေးဖို့ တာဝန်ပေးခံရပြီးတဲ့နောက်ပိုင်း အစာနဲ့မြှားပြီး ထိန်းချုပ်နိုင်တာ သဘောပေါက်သွားတာကိုး"

"မကြောက်သေးဘူးပေါ့"လူငယ်က ပြောသည်။ "ဘီလူးရိုင်းကြီးပေါ်လာတာနဲ့ မင်းတို့အားလုံး သေပြီပဲ " သူက ခြေထောက်အောက်ရှိ မြေကြီးတုန်ခါနေစဥ် ခေါင်းနောက်လှန်၍ အားပါးတရရယ်မောလိုက်သည်။ အဝေးတွင် တောအုပ်ကို ဖြတ်၍ ခြေလှမ်းကျဲကြီးများဖြင့် ​ပြေးလာနေသော ဧရာမခန္ဓာကိုယ်ကြီးကို မြင်နေရလေပြီ။

၄င်း၏ကိုယ်လုံးကြီးမှာ အလွန်ကြီးမားပြီး အရိုင်းဆန်သော အငွေ့အသက်တို့ တထောင်းထောင်းထလျက်ရှိ၏။ ရှိသမျှလူအားလုံး ၄င်းကို မြင်နိုင်လေသည်။

"အသား... အသား ...." နောက်ထပ် ဟိန်းဟောက်သံကြီးက မိုးထစ်ချုန်းသံကြီးသဖွယ် ပတ်ဝန်းကျင်တစ်လျှောက် တုံ့ပြန်လူးလာ ပဲ့တင်ထပ်သွား၏။ တစ်ချိန်တည်းမှာပင် ဘီလူးရိုင်းကြီးက ရုတ်တရက် လေပေါ် ခုန်လိုက်သည်။ ၄င်းကား တောအုပ်ထဲမှ ခုန်ထွက်၍ ၄င်း၏ဧရာမခန္ဓာကိုယ်ကြီးဖြင့် နေလုံးကြီးကို ဖုံးကွယ်သွားသည့်တိုင်အောင် ပျံတက်သွားလေသည်။ အောက်တွင်တော့ ကျီးကင်းထောက်မျိုးနွယ်ဝင်များမှာ မျက်လုံးများပြူးကျယ်၍ အံ့သြမှင်သက်နေကြတော့သည်။ သူတို့မှာ ဘီလူးရိုင်းကြီးကို မော့ကြည့်နေစဥ် အသက်ပင် မရှူနိုင်ကြပေ။

ဂုလာ၏ တပည့်သုံးက ခပ်မိုက်မိုက်ပုံစံဖမ်းလျက် မလှုပ်မယှက်ရပ်နေသည်။ သို့သော် သူ့မှာ စိတ်ထဲတွင်တော့ ကယောင်ချောက်ချားဖြစ်နေလေ၏။ မဖြစ်မနေ လိုအပ်ပြီး သူ့ဆရာ လာနေသည့်အတွက်ကြောင့်သာမဟုတ်လျှင် သူအနေဖြင့် ဘီလူးရိုင်းကြီးအား ဤနေရာသို့ ဘယ်တော့မှ ခေါ်မည်မဟုတ်ပေ။

ဘီလူးရိုင်းကြီးသည် အစာကြောင့်သာလျှင် ​ပေါ်လာတတ်သည့် စိတ်ကြီးသော ကမ္ဘာသစ်မိစ္ဆာတစ်​ကောင် ဖြစ်၏။ သူ့ဆရာဂုလာပင်လျှင် ဘီလူးရိုင်းကြီးကို အလွန်ရိုရိုကျိုးကျိုးဆက်ဆံရပြီး အဆက်မပြတ် ကျွေးမွေးရလေသည်။ သူ့မှာ ၄င်းအိပ်နေစဥ် ကျောပင် ကုတ်ပေးရတတ်သည်။

"ဆရာကြီးဘီလူးရိုင်း သူတို့က ခင်ဗျားရဲ့စားစရာတွေပဲ" သူက သူ့ဆရာလေသံအတိုင်း အော်လိုက်သည်။ ထို့နောက် ​တုန်တုန်ရီရီနှင့် ဟိန်းဟောက်ပြီး ကိုင်ထားသည့် အသားတုံးကို မန်ဟို့ဆီသို့ ပစ်လိုက်လေပြီ။

တစ်ချိန်တည်းမှာပင် သူက နောက်ဆုတ်လိုက်၏။ အခြားကျီးစစ်သည်မျိုးနွယ်ဝင်နှစ်ယောက်လည်း မျက်နှာများ ဖြူဖျော့ပြီး ကတုန်ကယင်နှင့် လိုက်ပါသွားကြသည်။

သို့သော် နောက်ကျသွားလေပြီ။ ဘီလူးရိုင်းကြီးက အောက်သို့ ဆင်းလာ၏။ ၄င်း လေလယ်တွင် ရှိနေသေးသည့်အခိုက်အတန့်မှာပင် ၄င်း၏လက်ကြီးက မြေကြီးထံသို့ ထိုးဆင်းလာပြီး ကျီးစစ်သည်မျိုးနွယ်ဝင်တစ်ယောက်ကို ဆတ်ခနဲ လှမ်းဖမ်းလိုက်သည်။ ထို့နောက် ၄င်းပါးစပ်ထဲ ရောက်ရှိသွားသဖြင့် ထိုလူ၏ စူးစူးဝါးဝါးအော်သံများ ပဲ့တင်ထပ်သွားလေသည်။ တဂျွတ်ဂျွတ်ဝါးသံများ ပျံ့လွင့်လာပြီး ထိုလူမှာ မြိုချခံလိုက်ရပြီဖြစ်၏။

ရောင်ရင်းမျိုးနွယ်ဝင်တစ်ယောက် ဆွဲယူဖမ်းစားခံလိုက်ရခြင်းက တပည့်သုံး၏ ရင်ထဲ၌ အချက်ပေးခေါင်းလောင်းသံများ မြည်သွားစေသည်။ သို့သော် ပို၍အား​ကောင်းသည်က သွေးအေးရက်စက်မှုပင်။ သူသည် ဘီလူးရိုင်းကြီး၏လက် မန်ဟို့ထံ ရွေ့လျားသွားသည်ကို တွေ့လိုက်ရ၍ အရူးသဖွယ် အော်ရယ်တော့သည်။

"သခင်လေး လိုချင်တဲ့ ကမ္ဘာသစ်မိစ္ဆာတွေက ဒီ...." စကားပင်မဆုံးသေခင် သူ၏မျက်လုံးများ ပြူးထွက်သွားပြီး မယုံကြည်နိုင်မှုတို့ ပြည့်နှက်လာ၏။ သူ့မှာ ဟစိဟစိ အသက်ရှူရင်း ပထမဇဝေဇဝါဖြစ်နေပြီးနောက် ​တွေတွေကြီး ကြည့်နေတော့သည်။

အဘယ်​​ကြောင့်ဆိုသော် မန်ဟိုက ရုတ်တရက် စကားပြောလိုက်၍ပင်။

" တစ်နေကုန် အစားစားဖို့ပဲ တွေးနေတဲ့ကောင် လာခဲ့စမ်း ဒီကို "

ထို့နောက် မန်ဟို ဘာလုပ်လိုက်သည်လဲ သူမြင်လိုက်သည်။

မန်ဟိုက အသားတုံးကို လှမ်းဖမ်းပြီး ဘီလူးရိုင်းကြီး ချဥ်းကပ်လာသည်ကို ကြည့်နေ၏။ အံ့သြဖွယ်​ကောင်းစွာနှင့် မန်ဟို့အသံကို ကြားကြားချင်း ဘီလူးရိုင်းကြီးတစ်ကိုယ်လုံး တုန်ရီလာသည်။

ဘီလူးရိုင်းကြီးအတွက် မန်ဟို့၏အသံတွင် ကောင်းကင်ဘုံမှဖိအားတို့ ပါရှိနေသယောင်ပင်။ မည်မျှဆာလောင်ပြီး မည်မျှအရိုင်းဆန်ဆန် သူ့ဘဝတစ်လျှောက်လုံး မန်ဟို့အသံကို ဘယ်တော့မှ မေ့မရနိုင်ပုံရသည်။

ဘီလူးရိုင်းကြီးသည် လူတစ်ယောက် ၄င်း၏ ခေါင်းထိပ်တွင် ရပ်ကာ မိစ္ဆာချီများကို လှုံ့ဆော်၍ အရှုံး​ပေးပြီး သစ္စာခံမည်လား မေးကြားခဲ့သည့်မြင်ကွင်းကို ပြန်သတိရလိုက်သဖြင့် မျက်လုံးအစုံဝိုင်းစက်ပြူးကျယ်သွားလေပြီ။

၄င်း၏ ဧရာမလက်ကြီးက မန်ဟို့ထံမှ တစ်မီတာအကွာတွင် တုံ့ခနဲ ရပ်သွား၏။ ၄င်းသည် မန်ဟို့ကို တခဏစိုက်ကြည့်နေပြီး ၄င်း၏ မျက်ဝန်းထဲရှိ ရက်စက်မှုတို့ တစတစပျောက်ကွယ်လာလေသည်။ ရက်စက်ကြမ်းကြုတ်မှုတို့က ဝမ်းသာကြည်နူးမှုအသွင် ပြောင်းလာပြီး စိတ်ထဲ၌ တစ်ခုခုကို အခဲမကျေသကဲ့သို့ အတန်ငယ် မချင့်မရဲ ဖြစ်လာသည်။ ၄င်းကား အသံအကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်၏။

သခင်နှင့် ပြန်လည်ဆုံဆည်းမှုကြောင့် ပျော်ရွှင်မှု ... ယခုတလော ဘယ်တော့မှ ဝဝလင်လင်မစားရခြင်းကြောင့် အခဲမ​​ကြေဖြစ်နေခဲ့ရမှု။ မန်ဟို့ကို ဘယ်မှာမှ ရှာမတွေ့သောကြောင့် မချင့်မရဲဖြစ်မှု။ ထိုခံစားချက်အလုံးစုံသည် အလွန်ကျယ်လောင်သော ဟိန်းဟောက်သံကြီးအဖြစ် တစ်ပေါင်းတစည်းတည်း ပွင့်အံထွက်သွား၏။

"ပါးစပ်ပိတ်ပြီး ဒီလာခဲ့"

ဘီလူးကြီးမှာ ချက်ချင်း ငြိမ်ကျသွားပြီး ​​​ကြောက်ပေါက်လေးတစ်​ကောင်လို မန်ဟို့အနားလျှောက်လာသည်။ ၄င်းသည် အခြားကမ္ဘာသစ်မိစ္ဆာများအား သတိထားရှောင်ပြီးနောက် မန်ဟို့ဘေး၌ ငုတ်တုတ်လေး ထိုင်ချလိုက်၏။

၄င်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုအပြင် နာခံမှုက အတိုင်းသားပေါ်လွင်နေ၏။ ဤအခြင်းအရာက လူတိုင်းအား မူးမိုက်သွားစေတော့သည်။ ထင်ထားသည်နှင့် တခြားစီ ဖြစ်နေ၍ အကုန်လုံးမှာ ဘာဆိုဘာမှမတွေးနိုင်တော့​ပေ။

စောစောက ဘီလူးရိုင်းကြီးသည် ဘယ်အရာနှင့်မှ နှိုင်းယှဥ်မရအောင် ခက်ထန်ကြမ်းတမ်းခဲ့လေသည်။ သို့ရာတွင် ယခုတော့ အလွန်အပိုးကျိုးနေပြီး ရက်စက်ကြမ်းကြုတ်သည့်ဟန် စိုးစဥ်းမျှမရှိပေ။ အမှန်အားဖြင့် ၄င်းမှာ ယခုလေးတင် သခင်အား အမှတ်မထင် ပြန်တွေ့လိုက်ရသည့်အလား ဖြစ်နေချေသည်။

၄င်း ငုတ်တုတ်လေးထိုင်နေပုံက မန်ဟို့အရှေ့တွင် ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ဖူး၍ အကျင့်ဖြစ်နေသည့်အတိုင်းပင်။

ဤမြင်ကွင်းအားလုံးက ပတ်ဝန်းကျင်တွင် အပ်ကျသံပင်မင်မကြားအောင် တိတ်ဆိတ်သွားစေ၏။ ဝူချိန်မှာ တွေတွေကြီးစိုက်ကြည့်နေသည်။ ဝူဟိုက်မှာ အသက်ငင်နေသော ဖားကြီးလို ဟောဟဲလှိုက်နေလေပြီ။ ဝူလင်းမှာတော့ ပါးစပ်ပင်မစေ့နိုင်ပေ။

ဂုလာ၏ တပည့်သုံးဖြစ်သူမှာ သူ့ဆရာပင် ဖူးဖူးမှုတ်ထားရသည့် ​ရက်စက်သောလူသားစားဘီလူးကြီး၏ပုံစံနှင့် ယခုမြင်နေရသည့် နာခံနေသောခွေးပေါက်လေးကဲ့သို့ပုံစံအား ဘယ်လိုမှ မဆက်စပ်နိုင် ဖြစ်နေတော့သည်။ သူ၏စိတ်အစဥ်မှာ ချာချာလည်နေပြီး ရုတ်တရက် ဤဘီလူးရိုင်းကြီးက .... သူ့ဆရာအပိုင်မဟုတ်ဘဲ သူအရင်က တစ်ခါမှ မမြင်ဖူးသော မဟာအကြီးအကဲမန်နှင့်သက်ဆိုင်သည်ဟူ၍ ခံစားနေရလေပြီ။

"ငါ့ဘီလူးရိုင်းကြီးကို ဒီနားတစ်ဝိုက်မှာ လွှတ်ထားတာ ... မင်းက ဒီခေါ်ပြီး ငါ့ကို တိုက်ခိုက်ခိုင်းတယ်ပေါ့လေ "

လူငယ်မှာ ပါးစပ်ဟလိုက်သော်လည်း သူ့စိတ်မှာ ဗလာကျင်းနေ၏။ ပြောစရာစကားလည်း သူရှာမတွေ့ပေ။ အဖြစ်အပျက်အားလုံးက သူ၏စိတ်နှလုံးကို ကပြောင်းကပြန်ဖြစ်စေခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင် အဝေး၌ အလင်းတန်း ခုနစ်တန်း၊ ရှစ်တန်းခန့် ပေါ်လာ​လေပြီ။ ရှေ့မှ ဦးဆောင်နေသူကား ဖြောင့်မြတ်တည်ကြည်သော မျက်နှာထားဖြင့် လေကို ခွင်းလျက် လာနေသော ဂုလာမှလွဲ၍ တခြားမဟုတ်ပေ။ လူငယ်မှာ ချက်ချင်း စိတ်နှင့်ကိုယ် ပြန်ကပ်သွား၏။ သူက စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"ဆရာရေ ကယ်ပါဦး"

***

All Chapters