← Chapters

မဟာအကြီးအကဲဂုလာ

Vol. 30 Ch. 415

မဟာအကြီးအကဲဂုလာ

Vol. 30 Ch. 415

" ဘာတွေ ဖင်တုန်နေတာတုန်း။ ငါ​ရောက်လာပြီလေ။ ပြောစမ်း ဘယ်သကောင့်သားက ငါ့တပည့်ကို ရန်ပြုရဲတာလဲ" ဂုလာသည် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားပြီး ကောင်းကင်ထက်မှ အောက်သို့ ဆင်းသက်လာစဥ် သူ၏ဆံနွယ်များက လေတွင် မျောလွင့်လျက်ရှိချေသည်။ တစ်လောကလုံးတွင် သူသည်သာလျှင် အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်ကျော်တစ်ဦးကဲ့သို့ သူ၏မျက်နှာထားက မောက်မာဝင့်ကြွားသော အသွင်ဆောင်နေ၏။

အထူးသဖြင့် ခရမ်းရောင်အကြေးခွံများနှင့် မီတာသုံးဆယ်အရှည် ရေနဂါးကြီးတစ်ကောင်၏ အပေါ်တွင် ရပ်နေခြင်းကြောင့်သည်။ ရေနဂါးကြီးမျက်လုံးများသည် အဖြူဖျော့ဖျော့သမ်းနေ၍ အားကောင်းသော သေခြင်းအခိုးအငွေ့တို့ကို ထုတ်လွှတ်နေသည့်တိုင် ၄င်းကား နတ်ဘုရားတစ်ပါးသဖွယ် အင်အားကြီးမားနေသေး၏။ ၄င်း၏သြဇာကြီးမားသော အရှိန်အဝါက မည်သူ့ကိုမဆို အလေးအနက် သတိထားမိသည်အထိပင်။

ဂုလာက တအိအိလှုပ်ရှားရိုက်ခတ်နေသော အရှိန်အဝါကို ထုတ်ဖော်ရင်း ရေနဂါးကြီး၏အပေါ်တွင် ရပ်နေသည်။ သူ့ဘေးတွင် အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံခြင်းအခြေခံကိုယ်စီရှိကြသော ကျီးစစ်သည်မျိုးနွယ်ဝင်များ ရှိကြသည်။ သူတို့က သာမန်မျိုးနွယ်ဝင်များမဟုတ်ဘဲ သြဇာညောင်းသောပုဂ္ဂိုလ်များဖြစ်ကြောင်း သိသာ၏။

သူတို့က ဂုလာကို ခြံရံလျက် အောက်သို့ ပျံဆင်းလာကြသည်။ ဂုလာသည် အာဏာပိုင်တစ်ဦး၏ မျက်နှာထားဖြင့် အခြေအနေကို လှမ်းကြည့်လိုက်၏။ သူပထမဆုံးမြင်ရသည်မှာ ဘီလူးရိုင်းကြီးပင်။

သို့သော် ရှုထောင့်အနေအထားအရ ဘီလူးရိုင်းကြီး၏ အခြားတစ်ဖက်တွင် ရပ်နေသော မန်ဟို့ကို သူမတွေ့ပေ။ ဘီလူးရိုင်းကြီး၏ နာခံရိုကျိုးနေသောပုံစံက နည်းနည်းထူးဆန်းနေသည်ဟု သူခံစားရသည်။

သို့သော် မည်သို့ဆိုစေ သူ့မှာ ဘီလူးရိုင်းကြီး၏ နာခံနေသောအပြုအမူနှင့် မန်ဟိုကို ဆက်စပ်မစဥ်းစားမိပေ။ ဤနေရာက အနောက်ပိုင်းသဲကန္တာရ မဟုတ်ပါလော။ အနက်ရောင်နယ်မြေက ထိုလူမဟုတ်သော ခွေးမသားလည်း သူ့အကြောင်း မေ့နေလောက်ပြီဟု တွေးနေ၏။ ဤနေရာတွင် ဘယ်နည်းနှင့်မှ ပေါ်လာစရာအကြောင်းမရှိပေ။

ပြီးခဲ့သည့်နှစ်ဝက်ကဆိုလျှင်တော့ သူ့အ​နေဖြင့် သူ၏ထင်မြင်ချက်နှင့်ပတ်သက်၍ စိတ်မချနိုင်ဖြစ်ခဲ့လိမ့်မည်။ သို့ရာတွင် အေးအေးဆေးဆေး သက်တောင့်သက်သာနှင့် အချိန်များကုန်ဆုံးလာသည့်နောက်တွင်တော့ ဤအတွေးမှာ ဂုလာ၏နှလုံးသားအတွင်း၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့လေပြီ။

ဒုတိယ သူသတိထားမိသည်မှာ မောင်မွှေးထူ၊ လင်းနို့နက်ကြီးနှင့် ဘီလူးရိုင်းကြီး၏ အရိပ်အောက်တွင် ရပ်နေကြသော ကမ္ဘာသစ်မိစ္ဆာအုပ်ပင်။

ကျီးကင်းထောက်မျိုးနွယ်ဝင်များကိုမူ ဂုလာကား ဖုတ်လေတဲ့ငါးပိ ရှိတယ်ဟုတောင် မအောက်မေ့ပေ။

"အဲ့ဒီ ကမ္ဘာသစ်မိစ္ဆာဘုရင်နှစ်ကောင်က ထူးခြားလိုက်တာ။ ငါက အနောက်ပိုင်းသဲကန္တာရတစ်ခွင်လုံး နှစ်နဲ့ချီပြီး လျှောက်သွားခဲ့ဖူးတာမလို့ အဲ့ဒီလိုကမ္ဘာသစ်မိစ္ဆာတွေ တွေ့ရခဲတာ ပြောနိုင်တယ် " ဂုလာက ငိုကြီးချက်မ အော်နေသော တပည့်ဖြစ်သူကို အာရုံမရှိဘဲ ပြုံးလိုက်သည်။ သူသည် လက်နှစ်ဖက်ကို ကျောနောက်ပစ်လျက် ဆရာကြီးဟန်ဖြင့် ငုံ့ကြည့်နေ၏။

သူစကားပြောနေစဥ် မောင်မွှေးထူက သူ့ကို မော့ကြည့်လိုက်သည်။ သွေးအေးရက်စက်သော အသတ်အဖြတ်စိတ်ဆန္ဒက မောင်မွှေးထူ၏ မျက်ဝန်းများတွင် တောက်ပလာလေပြီ။ သူ၏ ဆွတ်ဆွတ်ဖြူနေသောအမွှေးများသည် သတ်ဖြတ်လိုစိတ်အား ဖော်ကျူးနေသယောင်ပင်။

လင်းနို့နက်ကြီး၏ နားလည်ခက်သော မျက်လုံးများ ကျဥ်းမြောင်းသွား၏။ ဂုလာထံမှ ထုတ်လွှတ်နေသာ ဖိအားကို ၄င်းခံစားနေရသည်။ ၄င်းက သူ့ကို သွားချွန်ချွန်များ ဖြဲပြရင်း စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည်။။

ကျန်ကမ္ဘာသစ်မိစ္ဆာများမှာမူ သူတို့ခေါင်းထက်တွင် ပျံဝဲနေသော ရေနဂါးကြီး၏ ဖိအားအောက်တွင် တုန်ရီနေကြလေပြီ။

ဝူချိန်နှင့် ကျီးကင်းထောက်မျိုးနွယ်ဝင်များမှာမူ မျက်နှာများ ဖြူဆုပ်နေကြသည်။ ကျီးစစ်သည်မျိုးနွယ်စုမှ အဖွဲ့နှင့်အတူ ကြောက်လန့်တုန်လှုပ်ဖွယ်ရာ ရေနဂါးကြီးနှင့် ဂုလာကို မြင်သော် သူတို့အားလုံး အသက်ရှူသံများ မြန်ဆန်လာကြလေပြီ။

"အဲ့ဒါ .... ကျီးစစ်သည်မျိုးနွယ်စုက အဆင့် (၇) မိစ္ဆာသားရဲသခင်ဂုလာမလား" ဝူချိန်က လွှတ်ခနဲ ပြောလိုက်သည်။ သူက မန်ဟို့ကို လှမ်းကြည့်ပြီး သူ၏တည်ငြိမ်အေးဆေးသောအမူအရာကို မြင်သည့်အခါမှ ရုတ်တရက် စိတ်အေးသွား၏။

ထိုစဥ် လေလယ်တွင် ကျီးစစ်သည်မျိုးနွယ်ဝင်များက ဂုလာစကားကြောင့် ဝမ်းသာအားရ ရယ်လိုက်ကြသည်။

"အဲ့ဒီ ကမ္ဘာသစ်မိစ္ဆာနှစ်ကောင်က တကယ်ထူးခြားပုံပဲ။ ဟားဟားဟား ဒီနေ့ ကမ္ဘာသစ်မိစ္ဆာဘုရင် နှစ်​ကောင်ရသွားတဲ့အတွက် ဂုဏ်ယူပါတယ် မဟာအကြီးအကဲဂု။ ခင်ဗျားကတော့ အရင်ကထက်ပိုပြီး အစွမ်းထက်တော့မှာပဲ"

"သိပ်ကောင်းတယ်။ မဟာအကြီးအကဲဂု ကံ​ကောင်းချက်ကတော့ လက်ဖျားခါလောက်ပါပေတယ်။ အဲ့ဒီနှစ်ကောင်က ရှားပါးတဲ့ ကမ္ဘာသစ်မိစ္ဆာတွေပဲ"

အားရကျေနပ်နေသော ရယ်သံများအရ စိတ်ရင်းနှင့်ပြောသောစကားများ ဖြစ်ဟန်တူသည်။ ဤကမ္ဘာသစ်မိစ္ဆာဘုရင်များမှာ အမှန်တကယ် ရှားပါး၏။ ဂုလာကား စကားသံများ၊ ရယ်သံများကို နားထောင်ရင်း ငါးခူပြုံးပြုံးနေတော့သည်။ သူ့မှာ မောင်မွှေးထူနှင့် လင်းနို့နက်ကြီးကို မြင်တွေ့ပြီးနောက် တကယ်စိတ်လှုပ်ရှားနေလေပြီ။

"တပည့် ဆရာ့ကို ဂါဝရပြုပါတယ်" မြေပြင်ပေါ်ရှိ လူငယ်က ပြောသည်။ ဂုလာ ရောက်လာပြီဖြစ်၍ သူ့ရင်ထဲက အလုံးကြီးကျသွားလေပြီ။ ရုတ်တရက် မောက်မာထောင်လွှားမှုတို့က နောက်တစ်ဖန် ခေါင်းပြူထွက်လာတော့သည်။

"ဆရာ" သူက နောက်သို့ဆုတ်နေရင်း အော်သည်။ "ကျွန်တော် ဒီကမ္ဘာသစ်မိစ္ဆာနှစ်ကောင်ကို မထင်မှတ်ဘဲ တွေ့လိုက်လို့ ဖမ်းပြီး ဆရာ့ကို ပေးဖို့ လုပ်နေတုန်း ဒီလူက ပေါ်လာတာ။ ကျွန်တော့်ကို တိုက်ခိုက်ပြီး လုယူဖို့တောင် လုပ်သေးတယ်။ ဆရာ ကျေးဇူးပြုပြီး မျှမျှတတ ဆောင်ရွက်ပေးပါ" သူက မန်ဟို့ကို မုန်းမုန်းတီးတီး ကြည့်သည်။ အေးစက်သောအပြုံးတစ်ခုက တစ်ချိန်လုံး သူ့နှုတ်ခမ်းတွင် တွဲခိုနေလေ၏။

"ခင်ဗျားက ကျီးကင်းထောက်မျိုးနွယ်စုမှာ ဘာကြီးပဲ ဖြစ်နေပါစေ ဂရုမစိုက်ဘူး" သူက အထင်သေးမှုတို့ကို မဖုံးကွယ်နိုင်တော့ဘဲ ဆက်ပြောသည်။ "ခင်ဗျားက ငါ ၊ သခင်လေးကို ရန်စပြီး ဆရာသဘောကျတဲ့ ကမ္ဘာသစ်မိစ္ဆာတွေကို လုဖို့ ကြံရဲတယ်။ ခင်ဗျား သေချာပေါက် သေပြီပဲ"

ဂုလာက ဘီလူးရိုင်းကြီးကို လှမ်းကြည့်ပြီး ၄င်း၏ အပိုးကျိုးနေသောပုံစံကို သတိပြုမိသွားသည်။ သို့သော် သူ၏ မြင်ကွင်းမှာ ကာဆီးခံထားရ၍ မန်ဟို့ကို မမြင်သေးပေ။ သူက ကျီးစစ်သည်မျိုးနွယ်စုရှိ သူ၏အဆင့်အတန်းကို တွေးပြီး ဆရာကြီးလေသံနှင့်ပြော၏။ " ဒါက နည်းနည်းမသင့်တော်ပေဘူး။ ငါ့တပည့် ဒီလူတွေက ကျီးကင်းထောက်မျိုးနွယ်စုက တာအိုရောင်ရင်းတွေလေ။ သူတို့အကြောင်း ဒီလိုထိပါးပုတ်ခတ် မပြောသင့်ဘူး "

" မှတ်သားထားပါ့မယ် ဆရာ " လူငယ်က မတရားသဖြင့် ခံနေရသော မျက်နှာထားဖမ်းရင်း ခေါင်းငုံ့ကာ ပြောသည်။ " ဒါပေမဲ့ ဒီလူက တကယ်အစွမ်းထက်တယ်။ ဆရာသာ အချိန်မီရောက်မလာရင် ကျွန်တော် အလောင်းဘဝ ရောက်နေပြီ "

ပြောနေသောစကားများကို နားထောင်ရင်း မန်ဟိုက မခိုးမခန့်ရယ်ပြီး ရှေ့တစ်လှမ်းလှမ်းကာ ဘီလူးရိုင်းကြီး၏အနောက်မှ ထွက်လာသည်။ ယခုတွင် သူ့ကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေပြီ။ သူက မာန်တက်နေသော ဂုလာကို မော့ကြည့်သည်။

မန်ဟို ထွက်လာသည့်အချိန်မှာပင် ဂုလာက သူ့တပည့်စကားကို ကြားပြီး ဂုဏ်သိက္ခာရှိသောမျက်နှာထားဖြင့် ခေါင်းမော့လိုက်၏။ " အဲ့ဒါဆိုရင်တော့ ဘယ်သူက ဂုလာရဲ့တပည့်ကို ရန်စရဲလည်း ကြည့်.... ဟင် ဘာ အမလေး "

ဂုလာ မျက်လုံးပြူးသွားလေပြီ။ ပထမ "ဟင်" က အံ့သြခြင်းကို ကိုယ်စားပြုသည်။

ဒုတိယအပိုင်း "ဘာ" က မယုံနိုင်ခြင်းကို ဖော်ပြသည်။

တတိယအပိုင်း " အမလေး" မှာတော့ ... အလန့်တကြား ရေရွတ်လိုက်ခြင်းဖြစ်၏။

ရုတ်တရက် သူ့မှာ အသက်မရှူနိုင်မကယ်နိုင် ဖြစ်သွား၏။ သူ့မှာ မရဏသင်္ချိုင်းမှ လွတ်မြောက်လာသော မကောင်းဆိုးဝါးဝိညာဥ်ကို မြင်တွေ့ လိုက်ရသကဲ့သို့ မျက်နှာကြီးရှုံ့မဲ့သွားသည်။ သူ အောက်သို့ ငုံ့ကြည့်နေစဥ် သူ့စိတ်တွင် မိုးခြိမ်းသွားသည့်အလား ထစ်ချုန်းသံကြီးတစ်သံက စိုးမိုးနေသည်။

သူ့စိတ်ထဲရှိ ထစ်ချုန်းသံကြီးသည် မြင်းအကောင်ရေတစ်သောင်းနီးပါး သူ၏ ဦးခေါင်းခွံထဲ၌ ကဆုန်ပေါက်ပြေးနေသည်နှင့်တူသည်။ ဘီလူးရိုင်းကြီး ဘာ​​ကြောင့် အပိုးကျိုးနေသည်လဲ သဘောပေါက်သွားသဖြင့် သူ၏အသိစိတ်မှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားလေပြီ။

"ငါ့လိုးမသား ဘီလူးရိုင်းကြီး" သူ့မှာ စိတ်ထဲတွင် မျက်ရည်ဘူးသီးလောက်ကျရင်း တွေးလိုက်သည်။ "ငါ့မှာတော့ မင်းကို ဒီတစ်ချိန်လုံး ပြုစုပေးခဲ့ရတာ ... မင်း မင်း မင်းက ... အဲ့ဒီလူမဟုတ်တဲ့ ဂြိုဟ်​ကောင်ကို အရင်တွေ့တာတောင်မှ ဘာလို့ ငါ့ကို နည်းနည်းပါးပါးတောင် အကြောင်းမကြားတာတုန်း "

ဤသို့ ဖြစ်ပျက်နေသည့် တစ်ချိန်တည်းမှာပင် ကျီးစစ်သည်မျိုးနွယ်ဝင်များလည်း မန်ဟို့ကို မြင်သွားကြသည်။ သူတို့၏ ထူးထူးခြားခြားပြောင်းလဲသွားခြင်းမရှိဘဲ အာကျယ်အာကျယ်နှင့် ပြောကြတော့၏။

"ကျီးကင်းထောက်မျိုးနွယ်စုက တာအိုရောင်ရင်းတို့ ခင်ဗျားတို့ အပြုအမူတွေက လက်ခံနိုင်တဲ့ အတိုင်းအတာထက် လွန်သွားပြီ။ မဟာအကြီးအကဲဂုလာရဲ့ တပည့်က ဒီကမ္ဘာသစ်မိစ္ဆာတွေကို အရင်မြင်ခဲ့တာဆိုတော့ သူ့မှာ ဖမ်းပိုင်ခွင့် ရှိတယ်။ ခင်ဗျားတို့ ဒီလိုပုံစံမျိုးနဲ့ ခိုးထားတာက ကျီးစစ်သည်မျိုးနွယ်စုကို အင်မတန်ရိုင်းပျပျ အခွင့်ကောင်းယူလိုက်တာပဲ"

"ကျီးကင်းထောက်မျိုးနွယ်စုက ဓါးပြတွေ ပြည့်နေတာကိုး။ အဲ့ဒီလူက ကျီးကင်းထောက်မျိုးနွယ်စုရဲ့ ငယ်သားတစ်ယောက်ဆိုတာ လောင်းရဲတယ်။ ဘာမဟုတ်တဲ့ ငယ်သားကများ သိပ်ဇောင်းကြွနေရဲတယ်ပေါ့လေ။ ငါတို့ရှေ့မှာတင် ကျီးကင်းထောက်မျိုးနွယ်ဝင်တွေကို သတ်ရဲတဲ့ ဇရှိလား ကြည့်ချင်မိတယ် "

မှန်ပါသည်၊ ဂုလာနှင့်အတူ ပါလာသော ကျင့်ကြံသူများမှာ မန်ဟို ဘယ်သူလဲ မသိပေ။ သူက ကျီးကင်းထောက်မျိုးနွယ်စုတွင် အုတ်အုတ်ကျက်ကျက် ဖြစ်စေခဲ့သော်လည်း ခေါင်းကိုင်ဖခင်နှင့် မျိုးနွယ်စု၏ အခြားသော အာဏာရှိပုဂ္ဂိုလ်များက သတင်းမပြန့်အောင် ဆောင်ရွက်ခဲ့သည်။ ဤအခြင်းအရာက မန်ဟို့၏ သရုပ်မှန်ကို ပဟေဠိဆန်သွားစေသည်။ အပြင်လူတစ်ယောက်မှ အသေးစိတ်တစ်စုံတရာ မသိကြပေ။

မိုဖန်းနှင့် သူ၏တိုက်ပွဲသည်ပင် မျိုးနွယ်စု၏ တင်းကြပ်သော အမိန့်များအရ ဖုံးကွယ်ခံခဲ့ရသည်။ သတင်းအစအနလေးပင် ထွက်လာခဲ့ခြင်းမရှိ။

ကယုန်ကယင်ဖြစ်နေသော ဂုလာက ရုတ်တရက်ပြောသည်။ "ဟားဟားဟား တကယ်တော့ ကျုပ် တော်တော်လေးပင်ပန်းနေတယ်ဗျ။ ကျုပ်သွားတော့မယ် အားလုံးဂရုစိုက်ကြနော်" သူက ချက်ချင်း နောက်ဆုတ်ပြီး အမြန်ဆုံးနှုန်းနှင့် သုတ်ခြေတင်တော့မည့်အချိန် အနီးအနားရှိ ကျီးစစ်သည်မျိုးနွယ်ဝင်များက သူ့ကို တားသည်။

"မဟာအကြီးအကဲဂု ဘာဖြစ်လို့လဲ"

"မဟာအကြီးအကဲဂု ဘာဖြစ်နေတာလဲ။ အဲ့ဒီကမ္ဘာသစ်မိစ္ဆာဘုရင် နှစ်ကောင်က ပြိုင်ဘက်ကင်းလောက်အောင် အင်အားကြီးမားတယ်။ မှားတာမဖြစ်ဘူး လုံးဝကို မဖြစ်နိုင်ဘူး။ သူတို့က သေချာပေါက် ကမ္ဘာသစ်မိစ္ဆာဘုရင်တွေပဲ"

"သြော် အဲ့ဒါက အရေးမကြီးပါဘူး" ဂုလာမှာ ရင်တဒိန်းဒိန်းခုန်နေချေပြီ။ "ကျုပ် ကမ္ဘာသစ်မိစ္ဆာအုပ်ကို အစာကျွေးဖို့ မေ့နေတာ အခုမှ သတိရလို့။ ဟို အဲ့ဒါ ... နောက်မှတွေ့မယ်နော်" သူက ဆွဲထားသော ကျီးစစ်သည်မျိုးနွယ်ဝင်များ၏ လက်ကို ဖြုတ်ချပြီး လူတိုင်းကို လျစ်လျူရှု၍ ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် သူ၏တပည့်ဖြစ်သူက သူ့ဆရာထွက်သွားတော့မည်ကို ကြည့်ရင်း ရုတ်တရက် လေပေါ်ပျံတက်ကာ သူ့လမ်းကို ပိတ်လိုက်၏။ "ဆရာ အဲ့ဒီလူက ကျွန်တော့်ကို တိုက်ခိုက်ရုံတင်မကဘူး။ ဆရာ့နာမည်ကို ​ပြောတုန်းက ရုတ်တရက်ကြီး မောက်မာပြီး ဆရာကြီးပုံဖမ်းနေတာ။ သူက ဆရာ့ကိုတောင် စော်ကားခဲ့သေးတယ်။ ဒါ လုံးသည်းမခံနိုင်စရာပဲဗျ "

မန်ဟိုက ဤအဖြစ်အပျက်အားလုံးကို အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ကြည့်နေသည်။ သူသည် ဘီလူးရိုင်းကြီး၏ ခေါင်းကို ပွတ်သပ်ပေးရင်း ဂုလာ၏ ဤပုံစံက ယခင်ထက်ပို၍ ရယ်စရာကောင်း​သည်ဟု တွေးနေ၏။

ဝူချိန်နှင့် ကျီးကင်းထောက်မျိုးနွယ်စုမှ အခြားလူများအားလုံး ဖြစ်ပျက်နေသော မြင်ကွင်းကို အံ့အားသင့်နေကြလေပြီ။ ဇဝေဇဝါဖြစ်နေသောအမူအရာများက သူတို့၏မျက်နှာကို ဖုံးလွှမ်းနေ၏။ မဟာအကြီးအကဲဂုလာက ဆရာကြီးဂိုက်နှင့် ရောက်လာခဲ့သော်လည်း ဘာကြောင့် ယခုလိုပြုမူနေသည်လဲ သူတို့ နားမလည်နိုင်တော့ပေ။ သူတို့မှာ တွေးပင်မတွေးမိဘဲ မန်ဟို့ကို လှည့်ကြည့်လိုက်ကြသည်။

သူတို့တင်မဟုတ်။ ကျီးစစ်သည်မျိုးနွယ်စုမှ အဖွဲ့သည်လည်း တစ်ခုခုမူမမှန်ကြောင်း ​​ပြောနိုင်သည်။

"ဖယ်စမ်း" ဂုလာက အော်သည်။ သူသည် လက်မြှောက်ပြီး လူငယ်အား တွန်းဖယ်တော့မည်အချိန် မန်ဟို့၏အသံအား နောက်တစ်ဖန် ကြားလိုက်ရပြန်သည်။

"ရောက်လာပြီဆိုမှတော့" မန်ဟိုက တစ်ချက်ရယ်ပြီး ဆက်ပြောသည်။ "အလျင်လိုစရာ မလိုပါဘူး"

ဤစကားလုံးများက ဂုလာကို ချက်ချင်း တုန်တက်သွားစေသည်။ သူက ဖြစ်ညစ်ပြုံးလိုက်သော်လည်း ငိုနေသည့်ပုံစံဖြစ်နေသော မျက်နှာဖြင့် တဖြေးဖြေးလှည့်လာ၏။ သူ၏ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါနေပြီး သူ့စိတ်မှာ ကယောက်ကယက် ဖြစ်နေချေပြီ။ ခံပြင်းပြင်းနှင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သံက သူနှလုံးသားအတွင်း၌ ပဲ့တင်ထပ်နေတော့သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...." သူက တွေးသည်။ "ဒါက အနောက်ပိုင်းသဲကန္တာရလေ.... အနက်ရောင်နယ်မြေမှမဟုတ်ပဲ .... သူက ဘယ်လိုလုပ် ဒီရောက်နေတာလဲ ....ငါ ငါ ငါ .... " ပုံရိပ်များက သူ့ခေါင်းထဲတွင် ဖြတ်ပြေးသွား၏။ မန်ဟို့နှင့် ပထမဆုံးဆုံတွေ့ခဲ့သည့် အချိန်မှစ၍ ခံစားခဲ့ရသော လေ့လာမှုများနှင့် လတ်တလောပျော်ရွှင်ခဲ့ရသော ပုံရိပ်များ။ သို့သော် ယခုတော့ ဇိမ်ခံခဲ့ရသောအချိန်များမှာ ဘယ်တော့မှ ပျောက်ကွယ်တော့မည်မဟုတ်သည့် အိမ်မက်ဆိုးကြီးအဖြစ် အငွေ့ပျံသွားလေပြီ။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .... " ဂုလာမှာ ဆောက်တည်ရာမဲ့ကာ မခံမရပ်နိုင်ဖြစ်နေသော်လည်း သူ့မှာ မျက်လုံးလေးကလယ်ကလယ်နှင့် မန်ဟို့ကို အခုမှ သတိထားမိသည့်ပုံဖမ်းလိုက်သည်။ သူ၏မျက်နှာထားက ပျော်ရွှင်သွားသယောင်ရှိသော်လည်း တွေးနိုင်စွမ်းနှင့် စကားပြောနိုင်စွမ်းပင် သူ့ကို စွန့်ခွာသွားခဲ့ပြီဖြစ်၏။

သူ မန်ဟိုကို စကားပြောရန်ပင် အခွင့်မလိုက်မီ တပည့်သုံးက သူ့ဆရာ ပြန်လှည့်လာသည်ကို သတိပြုမိပြီး စိတ်သက်သာရာရသွားလေသည်။ သူက ချာခနဲ လှည့်ပြီး မန်ဟို့ကို အစိမ်းလိုက်ဝါးစားတော့မတတ် ကြည့်၏။

"ခင်ဗျား သေပြီသာမှတ်။ ခင်ဗျား ရန်စလိုက်တာက အဆင့် (၇) မိစ္ဆာသားရဲသခင်တစ်ယောက်ပဲ။ ဘယ်လိုပဲ ကျီးကင်းထောက်မျိုးနွယ်စုက ဖြစ်နေရင်တောင်မှ သူတို့ အခု ခင်ဗျားကို မကာကွယ်နိုင်တော့ဘူး" လူငယ်မှာ ပိုပို၍ ရန်လိုရိုင်းပျလာသည်။ ယခုအခိုက်အတန့်တွင် သူကား မန်ဟို့ဘေးရှိ ကမ္ဘာသစ်မိစ္ဆာနှစ်​ကောင်ကို မျက်လုံးထဲပင် မထည့်တော့ပေ။ သူ့စိတ်ထဲတွင် သူ့ဆရာ၏ဒေါသအား ဆွရဲသူမှာ ကျီးနတ်မင်း၏ မျိုးနွယ်စုငါးစုတွင် မရှိဟု တွေးထင်နေချေသည်။

ဂုလာ၏ မျက်နှာထား ပြောင်းသွားပြီး ရင်ခုန်သံများ ဗြောင်းဆန်လာတော့သည်။

***

All Chapters