← Chapters

သခင်လေး

Vol. 30 Ch. 416

သခင်လေး

Vol. 30 Ch. 416

လူငယ်၏အသံ ဂုလာ၏နားထဲ၌ ပဲ့တင်ထပ်နေစဥ် သူ့မှာ မျက်​ပြူးဆံပြူး ဖြစ်နေချေပြီ။ ရုတ်တရက် အတိတ်တုန်းက မန်ဟို့ကို ကလန်ကဆ န်လုပ်ခဲ့မိသောလူများ မည်သို့ ပေးဆပ်ခဲ့ရသည်ကို သူ ပြန်မှတ်မိလိုက်သည်။

သူ့မှာ တပည့်သုံးကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ရင်း တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာသည်။ ဤလူမှာ ..... သူ့တပည့်လား ရန်သူလားဟုပင် သံသယဝင်လာလေပြီ။

"ဘယ်လိုထင်လဲ ဂုလာ" မန်ဟိုက ဂုလာကို ပြုံးကြည့်နေ၏။ ဂုလာမှာ ဇောချွေးတို့ ပြန်နေလေပြီ။ သူက ပြန်ဖြေရန် ပါးစပ်ဟလိုက်စဥ်မှာပင် ....

"ရာရာစစ" လူငယ်က သူ့ဆရာအစား ထပ်အော်လိုက်ပြန်သည်။ "ကျုပ်ဆရာကိုများ နာမည်တပ်ခေါ်ရဲရတယ်လို့။ ခင်ဗျားက ဘာသောက်ဖြစ်ရှိလို့ အဲ့ဒီလိုခေါ်နိုင်တယ်ထင်တာလဲ"

" မင်း" ဂုလာက မျက်လုံးနီကြီးများဖြင့် ငေါက်သည်။ သူ့မှာ ယခုလေးတင် မန်ဟို မျက်မှောင်ကြုတ်သွားခြင်းကြောင့် ကြောက်ဒူးတုန်လာသည်။ မန်ဟို၏မျက်မှောင်ကြုတ်နေသောပုံစံက ဂုလာကို သူ၏စိတ်နှလုံးအတွင်းတွင် လျှပ်စီးမိုးကြိုးတန်းများ တဂျိန်းဂျိန်းမြည်ဟည်းသွားသကဲ့သို့ ခံစားလိုက်ရစေတော့သည်။ သူ၏မျက်နှာထားက ရုတ်ခြည်းပြောင်းသွားပြီး ကြောက်လန့်တကြား အော်လိုက်သည်။ "ပိတ်ထားစမ်း"

သူ့အသံက ပတ်ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ်သွားသဖြင့် ကျီးစစ်သည်မျိုးနွယ်ဝင်များ မျက်နှာပျက်သွားကြပြီး ဂုလာအနားမှ အလိုလို ရှဲမိသွားကြ၏။

လူငယ်က ဂုလာကို ဆွံ့အစွာ ကြည့်နေပြီး တခဏကြာသော် အလျင်အမြန်ပြောသည်။ " ဆရာ ဘာဖြစ်လို့လဲ။ ဒီလူက အောက်ခြေလွတ်နေတဲ့အပြင် ထေ့ငေါ့​ပြောနေတာနော် ဆရာ.... "

ဂုလာ၏ ​ဒေါသကား ငယ်ထိပ်အထိ ဆောင့်တက်သွားလေပြီ။ ဒေါသမီးတောက်များက သူ၏မျက်ဝန်းများမှ ခုန်ထွက်လာတော့မည့်အလား ထင်ရပြီး သူ့တပည့်ကို သူကိုယ်တိုင် အစိမ်းလိုက်ဝါးစားပစ်ချင်သည့် ပုံပေါ်နေသည်။ သူ့မှာ ပထမဆုံးအနေဖြင့် သူ့တပည့် ဘာကြောင့် သည်လောက်တုံးရသည်လဲ သိချင်နေတော့သည်။ ဂုလာ၏ မျက်နှာထားကို ဤကလေး မမြင်ရော့သလား။ ထိုလူမဟုတ်သောသတ္တဝါ၏စကားကို မကြားရော့သလား။

"ဆရာတဲ့လား …. ခွေးမသား ငါဘယ်တုန်းက မင်းဆရာဖြစ်လို့တုန်း။ သောက်ဦးနှောက်မရှိတဲ့ ခွေးသားလေး မင်းက ငါ့တပည့်မဟုတ်ဘူး။ ရန်သူဟေ့ ရန်သူ" ဂုလာမှာ ဒေါကန်နေသည့်အချိန်မှာပင် သေစေနိုင်သော အန္တရာယ်ကြီးကိုလည်း ခံစားနေရသည်။ သူ့မှာ ထိုနှစ်က အရှင်လတ်လတ်ကြီး သွေးသံရဲရဲနှင့် လှီးဖြတ်ခံခဲ့ရပုံကို တွေးမိလိုက်သဖြင့် တစ်ကိုယ်လုံး ဖျဥ်းခနဲ ဖြစ်သွား၏။ သူက လက်ဝါးကို မြှောက်လိုက်သည်။

ဖြန်းခနဲ ပါးရိုက်သံနှင့်အတူ လူငယ်မှာ အမိတရင်း နောက်လွင့်ထွက်သွားလေပြီ။ သူ့မှာ မြေကြီးအား ဝင်တိုက်ကာ သွေးတစ်လုပ်အန်ပြီးနောက် လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့သည်။

ယင်းက ဂုလာအတွက် ဒေါသပြေရန် မလုံလောက်သေးပေ။ သူ၏ခန္ဓာကိုယ်က သတိလစ်နေသော လူငယ်ဆီ လှစ်ခနဲ ရောက်သွားပြီး တက်နင်းလိုက်သည်။

အရိုးကျိုးသံများ ထွက်လာပြီး လူငယ်မှာ ရုတ်တရက် သတိပြန်ရလာသည်။ သူ့မှာ နောက်တစ်ခါ အော်ရင်း လောကကြီးနှင့် ဒုတိယအကြိမ် အဆက်အသွယ်ပြတ်သွားပြန်လေပြီ။

ဤအခြင်းအရာက ကျီးစစ်သည်မျိုးနွယ်ဝင်များအား မျက်နှာပျက်သွားစေကာ သူတို့လည်း ပြိုင်တူနောက်ဆုတ်လိုက်ပြန်သည်။

" မဟာအကြီးအကဲဂု ဒါ ဘာသဘောလဲ "

ဂုလာက မကြားချင်ယောင်ဆောင်ပြီး လေပေါ်ပျံတက်ပြီးနောက် မန်ဟို့အရှေ့တွင် ဘုတ်ခနဲ ဒူးထောက်ချလိုက်သည်။ တိုင်းထွာ၍မရနိုင်သော ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည့်အလား မျက်ရည်များက သူ၏ပါးပြင်တစ်လျှောက် စီးကျလာလေပြီ။

"နောက်ဆုံးတော့ ပြန်တွေ့ပြီ သခင်လေးရယ်... သခင်လေးရဲ့ ဟော့ဒီငယ်ကျွန်ကြီးကလေ သခင်လေးကို တစ်နှစ်လုံး လိုက်ရှာနေခဲ့တာဗျ ... သခင်လေး ကျွန်တော့်ကို စွန့်ပစ်လိုက်ပြီတောင် ထင်နေခဲ့တာ။ ကျွန်တော်လေ ... ကျွန်တော် ... "

ဂုလာ၏စကားသံ ပျံ့လွင့်လာလျှင်ချင်း တအံ့တသြရေရွတ်သံများ ကြားလိုက်ရသည်။ ဝူချိန်နှင့် ကျီးကင်းထောက်မျိုးနွယ်ဝင်များဖြစ်စေ၊ လေလယ်တွင် ပျံဝဲနေသော ကျီးစစ်သည်မျိုးနွယ်စုမှ အဖွဲ့ဖြစ်စေ အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြလေပြီ။ သူတို့မှာ ကိုယ့်နားပင်ကိုယ် မယုံနိုင်ကြပေ။

တစ်ယောက်ပြီးတစ်ယောက်၊ ဂုလာကိုတစ်လှည့် မန်ဟို့ကိုတစ်လှည့် ကြည့်ရင်း အသက်ရှူသံများ မြန်ဆန်လာကြသည်။

ဝူချိန်နှင့် ကျီးကင်းထောက်မျိုးနွယ်ဝင်များမှာလည်း မျက်လုံးအဝိုင်းသားနှင့် ကြည့်နေကြ၏။

"သူတို့နှစ်ယောက်က .. ဘယ်.. ဘယ်လိုပတ်သက်မှုမျိုးလဲ"

" မဟာအကြီးအကဲမန်က တကယ်တော့ မဟာအကြီးအကဲဂုရဲ့ သခင်လေးဖြစ်နေတာကိုး ... ဒါဆို မဟာအကြီးအကဲမန်က ငါတို့ထင်တာထက်ပိုပြီး အဆင့်အတန်းမြင့်နေတာပဲ "

"မဟာအကြီးအကဲမန်ရဲ့ လျှို့ဝှက်မိစ္ဆာသားရဲသခင်ပညာရပ်တွေက အရမ်းနက်နဲတာ အံ့သြစရာမရှိဘူးပဲ။ သူက ကမ္ဘာသစ်မိစ္ဆာဘုရင်တွေ​တောင် ထိန်းကျောင်းနိုင်တယ်။ သူ့အစေခံက အဆင့် (၇) မိစ္ဆာသားရဲသခင်ဆိုရင် သူက ဘာအဆင့်တုန်း"

သို့ရာတွင် ကျီးကင်းထောက်မျိုးနွယ်ဝင်များထက်ပို၍ အံ့သြနေသူများကား ဂုလာနှင့်အတူလိုက်ပါလာသော ကျီးစစ်သည်မျိုးနွယ်စုမှ အာဏာရှိ ပုဂ္ဂိုလ်များပင်။

"မဟာအကြီးအကဲဂုက အဲ့ဒီလူကို သခင်လေးလို့ တကယ်ကြီး ခေါ်လိုက်တာလား … ဘာ .... ဘာတွေ ဖြစ်နေတာလဲဟင် "

"အမှန်ပဲလား ... အဲ့ဒီလူက မဟာအကြီးအကဲဂုရဲ့ သခင်လေးဆိုရင် .... မဟာအကြီးအကဲဂုက ဘယ်လောက်အစွမ်းထက်လဲ စဥ်းစားကြည့်ရင် သူ့ဆရာကရော...."

မန်ဟိုသည် လျှို့ဝှက်ဆန်းကြည်သော အပြုံးဖြင့် ကြည့်နေရင်း မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိပေ။ ဂုလာမှာ မန်ဟို သူ့ကို အပြစ်တစ်ခုခုပေးမှာစိုးနေကြောင်း သိသာသည်။ သူ့မှာ စောစောက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအတွက် နောင်တအကြီးကြီးရနေလေပြီ။ ယခုတွင် သူသည် မျက်နှာငယ်လေးဖြင့် မန်ဟို စိုးရိမ်တကြီး ကြည့်ရင်း ဒူးထောက်နေလေသည်။

"မင်းက ဘီလူးရိုင်းကြီးကို ကောင်းကောင်းစောင့်ရှောက်ပေးထားတာပဲ" မန်ဟိုက အေးအေးလူလူပြောသည်။ "ငါ လိုအပ်တဲ့အချိန် မင်းကို ခေါ်လိုက်မယ်" သူက ဘီလူးရိုင်းကြီးဘက်လှည့်ပြီး အသာအယာပုတ်လိုက်သည်။ ထို့နောက် အင်္ကျီလက်စကို ခါပြီးနောက် အဝေးသို့ လမ်းလျှောက်ထွက်သွား၏။ ဘီလူးရိုင်းကြီးမှာ သူနှင့်မခွဲခွာချင်ပုံရသည်။

မောင်မွှေးထူ၊ လင်းနို့နက်ကြီးနှင့် အခြားကမ္ဘာသစ်မိစ္ဆာများအားလုံး မန်ဟို့နောက်မှ လိုက်သွားကြသည်။ ဝူချိန်နှင့် ကျီးကင်းထောက်မျိုးနွယ်ဝင်များလည်း အမောတကောနှင့် ကပျာကယာလိုက်သွားကြ၏။

ဂုလာက မန်ဟို့ကို လေးလေးစားစား အရိုအသေပေးပြီး ကျယ်လောင်စွာ ပြောသည်။ "သခင်လေး ကျွန်တော်မျိုး သခင်လေးရဲ့အမိန့်ကို အသက်ထက်ဆုံး နာခံပါ့မယ် "

ထို့နောက် ဂုလာမှာ ဟင်းခနဲ သက်ပြင်းချလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ရီမနေတော့သော်လည်း စောစောကတော့ လိပ်ပြာလွင့်မတတ်ပင်။ သူက ထမရပ်ခင် မန်ဟို ထွက်သွားသည်ကို ကြည့်နေ၏။ မောက်မာဝင့်ကြွားသောအမူအရာက သူ့မျက်နှာကို နောက်တစ်ဖန် ဖုံးလွှမ်းသွားလေပြီ။ သူက ကျောနောက်လက်ပစ်ရင်း ပါးစပ်အဟောင်းသားဖြစ်နေသော ကျီးစစ်သည်မျိုးနွယ်ဝင်များအား မျက်နှာချင်းဆိုင်လိုက်သည်။

"ငါတို့စံအိမ်က မင်းသားလေးက ငယ်သေးပေမယ့် အရင်အတိုင်း ခံ့ညားပြီး က္ကန္ဒြေရှိနေဆဲပဲ။ ငါ ဘယ်သူလဲ မင်းတို့ကို မပြောရသေးဘူး။ ငါက လျှို့ဝှက်ဆန်းကြယ်တဲ့ အနောက်ပိုင်းသဲကန္တာရအမွေတော်တစ်ခုရဲ့ တာအိုအစောင့်အရှောက်ပဲ။ ငါ့တာဝန်က မင်းသားလေးကို ကာကွယ်ပေးဖို့ ဖြစ်ပြီးတော့ ပြီးခဲ့နှစ်ဝက်က ဒီနေရာကို နေရာရွှေ့ပြောင်းလာတုန်း လူချင်းကွဲသွားခဲ့တာလေ" သူက ဘီလူးရိုင်းကြီးကို အသာအယာပုတ်ပြီးနောက် ကျီးစစ်သည်မျိုးနွယ်စုရှိရာသို့ ထွက်သွားတော့သည်။ ဂုလာမှာ အကြောက်ပြေသွားပုံရသော်လည်း သူ့မျက်ဝန်းများမှာ ဒုက္ခတွင်းကြီးမှ လွတ်မြောက်လာခဲ့သူတစ်​ယောက်နှင့် တူနေ၏။ ဘီလူးရိုင်းကြီးမှာမူ အသားတောင်းနေလေသည်။

"သေစမ်း" ဂုလာက တွေးသည်။ " ငါ ဒီနေရာမှာ အကြာ​ကြီးနေလို့ မဖြစ်တော့ဘူး။ ညတွင်းချင်း ထွက်ပြေးရမယ်။ အဲ့ဒီလူမဟုတ်တဲ့ မန်ဟို့လက်က ဝေးဝေးပြေးရမယ်... " ဂုလာမှာ ခေါင်းထဲ၌ အတွေးပေါင်းစုံ ပလုံစီနေသော်လည်း ချီတုံချတုံဖြစ်လာသည်။ မန်ဟို ထွက်မသွားခင် ပြောခဲ့သော စကားများကို ပြန်တွေးပြီး သူ့မှာ ဒွိဟဖြစ်နေလေပြီ။ တခဏကြာသော် သူက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

အဆုံးသတ်တွင် သူ့မှာ တိတ်တိတ်လေး ထွက်ပြေးဖို့ သတ္တိမရှိပေ။

ထိုအချိန်တွင် မန်ဟိုသည် သူ၏ကမ္ဘာသစ်မိစ္ဆာအုပ်နှင့်အတူ တောင်တန်းများအား ဖြတ်လျှောက်လာ၏။ ဝူချိန်နှင့် ကျီးကင်းထောက်မျိုးနွယ်ဝင်များက

အရိပ်အကဲကြည့်၍ နောက်မှလိုက်လာကြသည်။ သူတို့မှာ မန်ဟို့အား လေးစားရိုသေစွာမကြည့်ဘဲ မနေနိုင်ပေ။ ဝူလင်းလည်း ပါဝင်သည်။ မှန်ပါသည်၊ ဝူချိန်၏ လေးစားမှုကတော့ အရူးအမူးဖြစ်သည့် အတိုင်းအတာထိပင် ရောက်နေလေပြီ။

လူတိုင်း တိတ်ဆိတ်နေကြသည်။ မန်ဟိုက စကားမပြောသလို ဘယ်သူ့မှလည်း အသံမထွက်ရဲကြပေ။ နောက်ဆုံံးတွင် သူတို့သည် တောတောင်ထဲမှ ထွက်လာကြသည်။ ကျီးကင်းထောက်မျိုးနွယ်စုအား အဝေးတွင် လှမ်းမြင်နေရလေပြီ။

ဝူချိန်မှာ မအောင့်နိုင်တော့ပေ။ သူက တခဏချီတုံချတုံဖြစ်နေပြီးနောက် ရှေ့သို့ အပြေးသွားပြီး အသံတိုးတိုးလေးနှင့်ပြောသည်။ "မဟာ... မဟာအကြီးအကဲမန် .... မဟာအကြီးအကဲမန် နဲ့ မဟာအကြီးအကဲဂုလာက ဘယ်လိုပတ်သက်တာလဲဟင်"

သူ၏အနောက်ရှိ အခြားသူများ၏ မျက်လုံးများ တောက်ပလာသည်။ ဤသည်မှာ သူတို့အားလုံးကို တစ်ချိန်လုံး ကလိကလိ ဖြစ်နေစေခဲ့သော မေးခွန်းပင်။

မန်ဟို၏ခြေလှမ်းများကား တစ်ချက်လေးပင် တုံ့ဆိုင်းသွားခြင်းမရှိ။ သူက ပြုံးလိုက်သည်။

"ငါ ဒီနေရာကို လာတုန်းက အသားဆို အရမ်းကြိုက်တဲ့ ဘီလူးရိုင်းကြီးတစ်ကောင်ကို ခေါ်လာခဲ့တယ်။ သူ့ကို အစာကျွေးရတာ ကရိကထများတယ်လေ။ ကံ​ကောင်းစွာနဲ့ ငါ့မှာ ဘီလူးရိုင်းကြီးကို စောင့်ရှောက်ပေးနိုင်တဲ့ အစေခံတစ်ယောက်ရှိနေတယ်။ သူက ဂုလာပဲ" မန်ဟိုက ရိုးရိုးရှင်းရှင်း​ဖြေရင်း ရှေ့ဆက်လျှောက်သွား၏။

ဝူချိန် ဖြေရှင်းချက်အား ကြားသောအခါ ၄င်းက သူ၏နားအတွင်း၌ ဂျိန်းခနဲ ထစ်ချုန်းသွားသည်။ အခြားသူများ ပင့်သက်ရှိုက်သွားကြပြီး ပို၍ပင် တလေးတစား စိုက်ကြည့်နေကြလေပြီ။

ဘီလူးရိုင်းကြီးသည် ကမ္ဘာသစ်မိစ္ဆာတစ်​ကောင်ဖြစ်ပြီး အလွန်တုန်လှုပ်ချောက်ချားဖွယ်​ကောင်းသည့် အမျိုးအစားဖြစ်သည်။ သို့သော် ပို၍အံ့သြစရာကောင်းသည်ကား မန်ဟို့တွင် ၄င်းအား ထိန်းကျောင်းရန် အဆင့် (၇) မိစ္ဆာသားရဲသခင်အစေခံ ရှိနေခြင်းပင်။

သူတို့၏အမြင်တွင် ဤအရာအားလုံးက မန်ဟိုကို လွှမ်းခြုံနေသည့် လျှို့ဝှက်ဆန်းကြယ်သောခြုံထည်အသွင် ပြောင်းသွားလေသည်။

သူတို့ ကျီးကင်းထောက်မျိုးနွယ်စုနှင့် နီးလာစဥ် မန်ဟိုက ဝူချိန်နှင့်အခြားသူများဘက် လှည့်ကြည့်သည်။ သူက အပြုံးလေးတစ်ခုဖြင့် ပြော၏။ "မင်းတို့အားလုံး ဒီကိစ္စကို သိတာ ပြဿနာမရှိပေမယ့် ကျေးဇူးပြုပြီး တခြားသူတွေကို ပြန်မပြောပါနဲ့" ထို့နောက် သူသည် သူ၏ကမ္ဘာသစ်မိစ္ဆာအုပ်နှင့်အတူ အဝေးသို့ ထွက်သွားသော အလင်းတန်းအသွင်ပြောင်းတော့သည်။

ဝူချိန်နှင့် အခြားသူများက သူထွက်သွားစဥ် လက်ယှက်အရိုသေပေးကြ၏။ မဟာအကြီးအကဲမန်က ယနေ့ဖြစ်ပွားခဲ့သောကိစ္စများအား မပေါက်ကြားစေချင်သည်ဆိုကတည်းက သူတို့အနေဖြင့် ဘယ်သူ့ကိုမှ ထုတ်ပြောမည်မဟုတ်ပေ။

ဝူချိန်နှင့်အပေါင်းအပါများမှာ မန်ဟိုပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေကြသည်။ သူတို့အားလုံး၏ ရင်ထဲ၌ မဖော်ပြနိုင်သောခံစားချက်များ ပြည့်နှက်နေလေပြီ။ ယနေ့ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်မှာ သူတို့ဘဝတစ်လျှောက် တွေ့ကြုံခဲ့ရသည့်အရာရာတိုင်းထက် သာလွန်လေသည်။

သူတို့အားလုံးမှာ ခံစားချက်ပေါင်းစုံဖြင့် သက်ပြင်းချရင်း မျိုးနွယ်စုသို့ ဆက်လျှောက်လာကြသည်။ စိတ်အားတက်ကြွနေသော ဝူချိန်နှင့်ဆန့်ကျင်ဘက် ဝူလင်းမှာ နှုတ်ဆိတ်စွာ လျှောက်ရင်း အတွေးနက်နေ၏။ သူမ၏မျက်နှာလေးပေါ်တွင် တွေဝေတုံ့ဆိုင်းမှု အနည်းငယ်နှင့်အတူ ဒွိဟဖြစ်နေသောအမူအရာလေး ရှိသည်။ သို့သော် ဝူချိန်ကို ကြည့်ပြီးနောက် သူမ၏မျက်ဝန်းများတွင် ခိုင်မာပြတ်သားမှုတို့ လင်းလက်သွားလေပြီ။ ယင်းက သူမ၏ရှိရင်းစွဲအလှတရားလေးကို ပို၍ရှုမငြီးဖြစ်သွားစေသည်။

ညရောက်သောအခါ ဝူလင်း၏ပုံရိပ်လေးသည် မန်ဟို့ခြံသို့ တန်းတန်းမတ်မတ် ဦးတည်သွားသော အလင်းတန်းလေး ဖြစ်သွား၏။

သူမသည် လျင်မြန်စွာ ရောက်လာပြီး ခြံပြင်တွင် ရပ်လိုက်သည်။ လရောင်အောက်တွင် သူမ၏ပုံစံလေးမှာ မည်သူ့ကိုမဆို ရင်ခုန်စေလောက်အောင်သည်အထိ လှရက်လွန်းလေသည်။

သူမက နှုတ်ခမ်းလေးကို ဖိကိုက်ထားသော်လည်း ခိုင်မာပြတ်သားသော မျက်ဝန်းလေးများဖြင့် နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ "မဟာအကြီးအကဲမန်ရှင့်၊ ဝူလင်း တွေ့ခွင့်တောင်းချင်ပါတယ်"

မန်ဟိုက ခြံထဲတွင် တင်ပျဥ်ခွေထိုင်နေသည်။ သူ၏ မျက်လုံးများ ပွင့်လာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်သည်။ ဝူလင်းကို မြင်သောအခါ သူမျက်မှောင်ကြုတ်သွား၏။ သို့သော် သူကား သူမကို မငြင်းပေ။ စကားတစ်လုံးမှမဆိုဘဲ လက်ကို ဝှေ့ယမ်းကာ ခြံတံခါးအား ဖွင့်ပေးလိုက်သည်။

ဝူလင်း၏ လှပသောပုံရိပ်လေးက ခပ်သုတ်သုတ် ဝင်လာသည်။

သူမသည် စိတ်လှုပ်ရှားစွာနှင့် ရပ်နေပြီး မန်ဟို့၏ အပြုံးအရယ်မရှိသော အမူအရာကို မြင်သောအခါ အလျင်အမြန်ပြောသည်။ "ဝူလင်းကို ဝင်ခွင့်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မဟာအကြီးအကဲမန်"

မန်ဟိုက သူမကို ခံစားချက်မဲ့စွာ ကြည့်နေသည်။

"အရင်တစ်ခေါက် ဝူချိန် အကူအညီလာတောင်းတုန်းက ဝူလင်း မသိနားမလည်ဘဲ ရိုင်းပျခဲ့မိပါတယ်။ မဟာအကြီးအကဲမန် ကျေးဇူးပြုပြီး ဗွေမယူပါနဲ့..." သူမမှာ ပို၍ပင် စိတ်လှုပ်ရှားလာပြီး ဂါဝန်စလေးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိ၏။ သူမခေါင်းလေးက ငုံ့သွားသည်။

မန်ဟို မျက်မှောင်ကြုတ်သွား၏။

ဝူလင်းမှာ ယခုတွင် ရင်ခုန်သံများ မြန်ဆန်နေလေပြီ။ ခေါင်းလည်း ထူပူနေပြီး ပြောရန် ပြင်ဆင်ထားခဲ့သည့်စကားများလည်း တစ်လုံးမှထွက်မလာ။ "… ဒီနေ့ကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ်မပူပါနဲ့ မဟာအကြီးအကဲမန် ကျွန်မ သူတို့စကားတစ်ခွန်းမဟအောင် တာဝန်ယူပါတယ်"

"ဘာကိစ္စနဲ့ ရောက်လာတာလဲ" မန်ဟိုက သူမပြောနေသည်ကို ဖြတ်၍ အော်လိုက်သည်။

ဝူလင်းမှာ ​​​ခြေဖျားလက်ဖျားတို့ အေးစက်နေလေပြီ။ မန်ဟို၏ ကျယ်လောင်သောအသံက သူမကို ရင်တုန်သွားစေ၏။ သူမမှာ အံတင်းတင်းကြိတ်ရင်း ခေါင်းမော့လိုက်သည်။

သူမ၏ညာလက်က ဂါဝန်၏ အပေါ်ရုံကို ဖြေချလိုက်သည်။ ဂါဝန်သည် ချက်ချင်း မြေကြီးပေါ်ပုံကျသွားပြီး သူမ၏ ပန်းရောင်အတွင်းခံလေး ပေါ်လာသည်။ လရောင်ခြည်တို့အောက်တွင် သူမ၏ လှရက်လွန်းသော ​ကောက်ကြောင်းလေးသည် ရုတ်တရက် ညှို့ယူဖမ်းစားနေသော အငွေ့အသက်လေးကို ထုတ်လွှတ်နေသယောင်ပင်။

သူမ၏မျက်နှာလေးက ဖြူဖျော့နေသော်လည်း မျက်ဝန်းလေးများ ပြတ်သားနေသည်။ သူမသည် လရောင်အောက်တွင် အတန်ငယ်တုန်ရီနေသော်လည်း အံလေးကြိတ်ရင်း မန်ဟို့ကို စိုက်ကြည့်နေ၏။

***

All Chapters