ရှင်သန်ခြင်းနှင်းပန်း ရုတ်တရက် လှုပ်ရှားခြင်း
Vol. 30 Ch. 417
မန်ဟိုမှာ ကြောင်တောင်တောင်လေး ကြည့်နေမိသည်။ သတိပင်မထားမိဘဲ သူ့အကြည့်က သူမ၏ခန္ဓာကိုယ်တစ်လျှောက် ပြေးလွှားသွား၏။ ဘာကြောင့်မှန်းမသိသော်လည်း သူ့မှာ ချူယွီယန်အကြောင်း တွေးမိသွားလေသည်။
"မဟာအကြီးအကဲမန် မောင်လေးအတွက်ဆို ကျွန်မ ဘာမဆိုလုပ်ဖို့ အဆင်သင့်ပါပဲ" သူမကိုယ်လုံးလေးမှာ တုန်ရီနေသော်လည်း သူမက ခေါင်းကို မော့ထား၏။ ငွေသော်တာလမင်းက သူမ၏ အလှတရားကို ထင်းလင်းပေါ်လွင်စေရာ သူမမှာ အလွန်တရာဆွဲဆောင်မှု ရှိနေတော့သည်။
မန်ဟိုက ဘာမှမပြော။ ဝူလင်း၏ ရည်ရွယ်ချက်ကား သိသာသည်။ သူမသည် မောင်ဖြစ်သူကို ကျီးကင်းထောက်မျိုးနွယ်စုအတွင်း၌ သင့်တင့်သော အဆင့်အတန်းရာထူးတစ်ခုကို ရရှိအောင် ကူညီပေးချင်သည်။ ထိုသို့သောအရာမျိုးအား လုပ်ဆောင်ပေးဖို့က မန်ဟို့အတွက် မခက်ပေ။ သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် မိစ္ဆာသားရဲသခင်ဆိုသော ဂုဏ်ဒြပ်အရ မြင့်မြတ်သော သွေးဆက်သုံးဆက်မှ ဆင်းသက်လာသူတစ်ယောက်ကို နောက်ကွယ်မှ ထောက်ခံပေးလျှင် လုံလောက်လေပြီ။
အချိန်အတော်လေးကြာသော် မန်ဟိုက ပြန်ကြည့်ပြီး ပြောသည်။ "ငါ မင်းရဲ့ ခန္ဓာကိုယ်ကို သိပ်စိတ်မဝင်စားဘူး" သူသည် လက်ရှိကျင့်ကြံခြင်းအခြေခံအဆင့်အရ အချိန်ကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို လျစ်လျူရှုနိုင်၏။ ထို့ကြောင့် ယခုလိုကိစ္စများအပေါ် စိတ်ဝင်စားမှုမရှိပေ။ သူအနေဖြင့် ယောက်ျားနှင့်မိန်းမကြားက ရယူပိုင်ဆိုင်လိုစိတ် ပြင်းထန်သော အချစ်မျိုးကို ဘယ်တော့မှ မကြုံတွေ့ခဲ့ဖူး၍ ဤကဲ့သို့ သွေးဆောင်မှုများအား ဥပေက္ခာပြုနိုင်လေသည်။
သူ ခေါင်းလေးတစ်ချက်ညိတ်လိုက်ရုံနှင့် အဆင့်နိမ့်ကျင့်ကြံခြင်းအခြေခံဖြင့် မိန်းမသားများသည် အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်နှင့် ရင်ဆိုင်နိုင်သော ရွှေအမြုတေမဟာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်တစ်ဦး၏ စောင့်ရှောက်မှုကို ရရှိရန် သူတို့၏ အပျိုစင်ဘဝအား သူ့အား ပေးအပ်ပေလိမ့်မည်။
သို့သော် မန်ဟို၏နှလုံးသားမှာ တဏှာရာဂအပေါ် ရှေးရှုခြင်းမဟုတ်။ သူ၏ ရည်မှန်းချက်များသည် အရှေ့ဘက်နယ်မြေနှင့် တန်နိုင်ငံ၊ အင်မိုတယ်အဆင့်သို့ တက်လှမ်းခြင်း၊ ကျီမျိုးနွယ်စုကို ဖယ်ရှားရန်၊ ကောင်းကင်အောက်ရှိ မည်သူမှ သူ၏အစီအစဥ်များကို မနှောင့်ယှက်နိုင်စေရန်၊ မိုးကောင်းကင်အား သူ့ကို ဖိနှိပ်ခြင်း မပြုနိုင်စေရန်တို့ဖြစ်၏။
ယင်းတို့က သူ၏အိပ်မက်များပင်။ သူသည် ကျင့်ကြံခြင်းလောကသို့ စတင်ဝင်ရောက်ခဲ့သည့် အခိုက်အတန့်မှစ၍ သူ၏အိပ်မက်များရှိရာ လမ်းကြောင်းကိုသာ စွဲစွဲမြဲမြဲ လျှောက်လှမ်းခဲ့သည်။
ယခုဘဝတွင် သူသည် အခြားသူများအတွက် ပိုးမွှားတစ်ကောင် ဖြစ်မည်မဟုတ်ပေ။
ဤအိပ်မက်များနောက်လိုက်ရင်း တောင်ပိုင်းဒေသကို ရောက်လာခဲ့သည်။ ဤအိပ်မက်များကြောင့် အနက်ရောင်နယ်မြေသို့ သွားခဲ့သည်။ ဤအိပ်မက်များကြောင့် ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာလမ်းစဥ်ကို ရှာဖွေရန် အနောက်ပိုင်းသဲကန္တာရထံ ခရီးနှင်လာခဲ့သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ဤအရာများသည် သူ၏နှလုံးသားထဲ၌ ဖျောက်ဖျက်မရအောင် စွဲထင်ကျန်ရစ်ခဲ့ပြီဖြစ်၏။ ဤသည်ကား သူ၏လမ်းကြောင်းပင်။
ဝူလင်းမှာ မျက်နှာလေးဖြူဆုပ်နေပြီး နှုတ်ခမ်းလေးအား ကိုက်ထား၏။ မန်ဟို၏ တည်ငြိမ်မှုကို သူမမြင်နေရပြီး သူ့အကြည့်မှာ သူမခန္ဓာကိုယ်အပေါ် အနည်းအကျဥ်းပင် ယစ်မူးခြင်းမရှိကြောင်း တွေ့ရသည်။ သူ့စကားက အမှန်ဖြစ်သည်ကို သူမသိ၏။ သူသည် သူမခန္ဓာကိုယ်ကို အမှန်တကယ် ဂရုမစိုက်ပေ။
လရောင်ခြည်တို့က သူမအပေါ် ဖြာကျလျက်ရှိပြီး သူမမှာ အံတင်းတင်းကြိတ်ကာ သူ့ကို ခါးခါးသီးသီးကြည့်နေသည်။ ဤအခိုက်အတန့်တွင် မန်ဟို့၏ မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူမရင်ဘတ်ကို စူးစူးစိုက်စိုက် ကြည့်နေ၏။
သူမ၏ ကြော့ရှင်းသော လည်တိုင်လေးတွင် သူစောစောက သတိမထားမိခဲ့ထားသော ဆွဲပြားလေးတစ်ခု တွဲလျားကျနေသည်။
၄င်းကား လရောင်အောက်တွင် နူးညံ့သိမ်မွေ့သော အရှိန်အဝါတစ်ခုအား ထုတ်လွှတ်ပေးနေသည့် ငွေရောင်ဆွဲပြားလေးပင်။ ပုံစံမှာ ပွင့်ဖတ်ခြောက်ဖတ်နှင့် ပန်းတစ်ပွင့် ဖြစ်၏။ သေးငယ်သော ငွေပန်းလေးတစ်ပွင့်။
ဆွဲပြားအား မြင်လိုက်သည့်အခိုက်အတန့်မှာပင် ရုတ်တရက် ရွှေတုန်းလျှို ချိတ်ပိတ်ပေးခဲ့သော ရှင်သန်ခြင်းနှင်းပန်း နိုးထလာသည်ကို မန်ဟို အာရုံရလိုက်သည်။
နိုးထလာခြင်းကား ရုတ်တရက်ကြီးဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း အသည်းခိုက်မတတ် နာကျင်မှုက သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေရာ သူ့မျက်နှာထားက ရိပ်ခနဲ ပြောင်းသွားလေပြီ။
ထိုစဥ်တုန်းက မန်ဟို့၏ ကျင့်ကြံခြင်းအခြေခံမှာ လက်ရှိအဆင့်နှင့် ယှဥ်ပင်မယှဥ်နိုင်ခဲ့ပေ။ နာကျင်မှုက လှိုင်းတံပိုးကြီးများသဖွယ် သူ့ကို လွှမ်းခြုံသွားသော်လည်း ဝူလင်းမြင်ရသည်မှာ သူ့မျက်နှာ တခဏ ရိပ်ခဲ ဖြစ်သွားပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်ကိုသာ ဖြစ်၏။
မန်ဟို့လက်က ရုတ်တရက် မြောက်တက်သွားပြီး ဖမ်းဆုပ်သည့်ဟန် လုပ်လိုက်သည်။ ဆွဲပြားနှင့်တွယ်ဆက်ထားသော လည်ဆွဲသည် ပြတ်တောက်သွားပြီး ငွေရောင်အလင်းတန်းတစ်တန်းအသွင်ဖြင့် မန်ဟိုထံသို့ ပြေးဝင်လာလေပြီ။ သူက ၄င်းအား ဆတ်ခနဲ ဖမ်းယူလိုက်သည်။
"ဒါကို ဘယ်ကရတာလဲ" သူမေးလိုက်သည့်အချိန်မှာပင် သူ့ခန္ဓာကိုယ်မှ တဆစ်ဆစ်နာကျင်နေပြီး ကျင့်ကြံခြင်းအခြေခံသည်လည်း ရှင်သန်ခြင်းနှင်းပန်းကို တန်ပြန်တိုက်ခိုက်လိုက်သဖြင့် တုန်ရီသွား၏။ တစ်ခုက ၄င်း၏ချုပ်နှောင်တံဆိပ်ကို ဖယ်ရှားရန် ကြိုးစားနေပြီး အခြားတစ်ခုက အစွမ်းကုန် တွန်းလှန်နေချေသည်။ ဤသို့ဖြစ်ပျက်နေသည့်တိုင် မန်ဟို၏မျက်နှာကား တစ်ချက်ပျက်သွားခြင်းမရှိ။
ဝူလင်းက မျက်လုံးအဝိုင်းသားနှင့် ကြည့်နေပြီး လည်ပင်းအပေါ် လက်အလိုလိုရောက်သွားသည်။
"အမေ ပေးခဲ့တာ ...."
"အခု သွားလို့ရပြီ" မန်ဟိုက ပြောသည်။ "ဝူချိန်ကိစ္စကိုတော့ ငါစဥ်းစားပေးမယ်" ထို့နောက်က သူက မျက်စိပြန်ပိတ်သွားသည်။ ဆွဲပြားကို ပြန်ပေးခြင်းမရှိပေ။
ဝူလင်းမှာ တခဏ ချီတုံချတုံဖြစ်နေပြီးနောက် ခေါင်းငုံ့၍ အဝတ်များပြန်ကောက်ဝတ်လိုက်သည်။ ထို့နောက် သူမသည် ဒူးညွှတ်အရိုအသေပေးပြီးနောက် စိတ်လက်မချမ်းသာစွာဖြင့် လှည့်ပြန်သွားတော့သည်။
ဝူလင်း ခြံထဲမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် မန်ဟိုမှာ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့ပေ။ သူ့မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားပြီး ပဲသီးစေ့လောက်ရှိသော ချွေးပေါက်များ တဖြိုက်ဖြိုက်ကျလာ၏။ သူ့တစ်ကိုယ်လုံး ချွေးတို့နစ်သွားရန် တခဏသာ ကြာလိုက်သည်။ သူက ညာလက်ကို ဝှေ့ယမ်းရင်း နဖူးပေါ်၌ သစ်စမ်းပင်အရုပ်အား မှော်ဆန်ဆန်ပေါ်ပေါက်လာစေသည်။ ညာလက်တွင် မျက်လုံးမဲ့ပိုးကောင်ကို မြင်နိုင်ပြီး ပတ်ဝန်းကျင်ရှိ ကမ္ဘာသစ်မိစ္ဆာအုပ်မှာ ရုတ်တရုတ် အလွန်နိုးနိုးကြားကြား ဖြစ်သွားကြ၏။ မှိန်ဖျော့ဖျော့တောက်ပနေသော အကာအကွယ်တစ်ခုက မန်ဟို့ကို ဗဟိုပြု၍ ပေါ်လာသည်။ ၄င်း တစ်ခြံလုံးကို အပြည့်အဝလွှမ်းခြုံသွားစဥ် မန်ဟို တဆတ်ဆတ်တုန်သွားပြီး သွေးတစ်ပွက်အန်လိုက်ရ၏။
သွေးကား အနီရောင်မဟုတ် အရောင်လေးရောင်ပါရှိသည်။ ၄င်းသည် မြူတိမ်တစ်ခုအသွင်နှင့် သူ့အရှေ့တွင် မျောလွင့်နေရင်း ရှင်သန်ခြင်းနှင်းပန်းတစ်ပွင့် ဖြစ်လာသည်။ ၄င်းက မန်ဟို့ကို မျက်နှာမူ၍ ရက်စက်ကြမ်းကြတ်မှုနှင့် ခေါင်းမာမှုတို့ ပြည့်နှက်နေသော အသံမဲ့အော်သံတစ်သံ ပြုလိုက်သည်။
မန်ဟို၏မျက်လုံးများ စူးရှတောက်ပသွား၏။ သူသည် ကျင့်ကြံခြင်းအခြေခံအား အစွမ်းကုန်လှည့်ပတ်ပြီးနောက် မျက်လုံးမှိတ်ပြီး ရှင်သန်ခြင်းနှင်းပန်းကို ဖိနှိပ်ချုပ်နှောင်ရန် တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားတော့သည်။ မကြာမီ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သွား၏။
"မင်းက ထွက်လာချင်တယ်ပေါ့လေ ရတယ်" မန်ဟိုက အေးစက်စက်နှာမှုတ်ပြီးနောက် သိုလှောင်အိတ်ကိုပုတ်ကာ ပန်းချီကားလိပ်တစ်လိပ် ထုတ်သည်။ ၄င်းသည် သူ့အရှေ့တွင် ပျံဝဲနေပြီး လိပ်နေရာမှ ဖြေးဖြေးချင်း ပြေကျလာလေပြီ။ ကြည့်ရသရွေ့ ရှင်သန်ခြင်းနှင်းပန်းပန်းချီကားအား ဖွင့်ချင်နေသော မမြင်နိုင်သည့်အားတစ်ရပ် တည်ရှိနေပုံရ၏။
မန်ဟိုက မျက်လုံးပြူး၍ ပန်းချီကားအား အေးစက်စက် စိုက်ကြည့်လိုက်သည်။ ၄င်းသည် မန်ဟိုတစ်ယောက်သာ ကြားနိုင်သော ဟိန်းဟောက်သံအား ထုတ်လွှတ်ရင်း တုန်ရီနေ၏။ အကာအကွယ်အောက်ဝယ် လူတစ်ယောက်နှင့် ပန်းချီကားတစ်ကားသည် တစ်ယောက်ကိုတစ်ယောက် တစ်နာရီနီးပါး မမှိတ်မသုန် စိုက်ကြည့်နေကြသည်။
နောက်ဆုံးတွင် ခေါင်းမာသော ဟိန်းဟောက်သံမှာ တစတစတိမ်ဝင်လာသည်။ ထို့နောက် ပန်းချီကားသည် မြေကြီးပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွား၏။ မန်ဟိုမှာ သက်ပြင်းအရှည်ကြီးချပြီး မျက်လုံးမှိတ်လိုက်သည်။ အချိန်အတော်လေးကြာသော် သူ၏မျက်လုံးများ ပြန်ပွင့်လာပြီး သက်သာသွားဟန်တူသည်။ ခက်ထန်သောအကြည့်က ၄င်းတို့တွင် နေရာယူလျက်ရှိ၏။
"ဒီတော့ တကယ် နိုးလာတာပဲ" မန်ဟိုက မျက်ဝန်းများ၌ ဒေါသအရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ စောစောက ရှင်သန်ခြင်းနှင်းပန်းမှ ထုတ်လွှတ်နေသောအားမှာ အတိုင်းထက်အလွန် ပြင်းထန်ပြီး နိုးနိုးချင်း ထွက်ပေါ်လာနိုင်သော စွမ်းအားမျိုးနှင့် လုံးလုံးမတူပေ။ ၄င်းကား ချုပ်နှောင်တံဆိပ်ကို တစ်ချက်တည်းနှင့် ချိုးဖျက်ရန် ရည်ရွယ်ရင်း အင်အားစုဆောင်းပြီး စောင့်ဆိုင်းနေခဲ့ပုံရသည်။
"ပြီးတော့ သူ့ကို ချုပ်နှောင်ထားတာမလို့ ဒီတစ်ချိန်လုံး အိပ်ပျော်နေမယ်ထင်တာ ။ တကယ်တမ်းကျတော့ နိုးနေပြီး ငါ သတိလွတ်သွားတဲ့အချိန်မှာ အစွမ်းကုန်တိုက်ခိုက်ဖို့ အချိန်ကောင်းကို စောင့်ရင်း မလှုပ်မယှက်နေနေခဲ့တာပဲ....." မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် လက်ထဲရှိ ဆွဲပြားကို ငုံ့ကြည့်လိုက်သည်။
"ဒီဟာက ရှင်သန်ခြင်းနှင်းပန်းကို အလိုလိုတုံ့ပြန်မိအောင် ရန်စခဲ့တာများလား။ ငါ သူနိုးလာတာကို သတိထားမိတာနဲ့ မချုပ်တည်းနိုင်တော့ဘဲ သေစေနိုင်တဲ့တိုက်ကွက်ကို ထုတ်ဖော်ခဲ့တယ် " မန်ဟိုသည် တိတ်ဆိတ်စွာ စဥ်းစားသုံးသပ်ရင်း ထိုင်နေ၏။ ယနေ့ အဖြစ်အပျက်များကြောင့်သာမဟုတ်လျှင် ရှင်သန်ခြင်းနှင်းပန်းအတွက် အားယူရန် အချိန်ပိုရသွားပြီးနောက် အရေးကြီးသော အခိုက်အတန့်တွင် သူ၏သတိပေါ့လျော့မှုကြောင့် ရှင်သန်ခြင်းနှင်းပန်းသည် ချုပ်နှောင်တံဆိပ်ကို ဖယ်ရှားကာ သူ၏ခန္ဓာကိုယ်အား သိမ်းပိုက်သွားပေလိမ့်မည်။
ဤအချက်ကို တွေးရင်း မန်ဟိုမှာ စိတ်ဓာတ်မည်မျှသန်မာပါစေ ကြောက်ရွံ့မိလေသည်။
"ဒါ ဘာလဲ" သူက ဆွဲပြားကို လေ့လာရင်း တွေးလိုက်သည်။ "ပိပိရိရိ ဖုံးကွယ်ထားပြီးမှ ဒီဟာကြောင့် ရှင်သန်ခြင်းနှင်းပန်း အလိုလိုလှုပ်ရှားမိသွားတာ" သူ၏မျက်လုံးများ တောက်ပသွားပြီး စိတ်ဝိညာဥ်အာရုံ ပို့လွှတ်လိုက်သော်လည်း ဘာမှမတွေ့ရပေ။
တခဏစဥ်းစားပြီးသည့်နောက်တွင် မန်ဟိုက လက်မြှောက်ပြီး ဘယ်မျက်လုံးကို ဖိချလိုက်၏။ သူ့ကိုယ်ထဲတွင် အင်မိုတယ်လမ်းညွှန်၏ တည်ရှိမှုကြောင့် သူသည် အတွင်းရှိ အင်မိုတယ်ချီအနည်းငယ်ကို လှည့်ပတ်နိုင်လေသည်။ ၄င်းက ဘယ်မျက်လုံးတွင် စုဆုံလာပြီးနောက် သူက တစ်ဆက်တည်း မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ရုတ်တရက် သူ၏ဘယ်မျက်လုံးမှ စူးရှတောက်ပသောရောင်ခြည်တို့ ဖြာထွက်လာပြီး ဆွဲပြားကို ကြည့်ရှုလိုက်၏။
ရုတ်ခြည်း ဆွဲပြားမှာ စောစောကနှင့် အလွန်ခြားနားသွားလေပြီ။ အမှန်တော့ .... ၄င်းကား ဆွဲပြားမဟုတ် ၊ ရှင်သန်ခြင်းနှင်းပန်းတစ်ပွင့်ပင်။
ယခုတွင် ၄င်း၌ ပွင့်ဖတ် ၇ ဖတ် ရှိသွားသော်လည်း အားလုံးက တစ်ရောင်တည်းဖြစ်သည်။ ထို့အပြင် ၄င်းထံမှ အားနည်းသော သေခြင်းအရှိန်အဝါကိုလည်း ထုတ်လွှတ်နေ၏။ အတွင်း၌ အသက်စွမ်းအား နည်းနည်းလေးသာလျှင် ကျန်ရှိလေသည်။
၄င်းမှာ ထူးဆန်းသောအခြေအနေတစ်ခုတွင် ဖြစ်ပုံရပြီး အသက်စွမ်းအားမှာ ရုန်းကန်ရင်း နောက်တစ်ဖန် ရှင်သန်ချင်နေသယောင်ပင်။
မန်ဟို ရုတ်တရက် နားလည်သွားလေပြီ။ "ဒါ .... ဒါက မဟုတ်မှ ရှင်သန်ခြင်းနှင်းပန်းအစေ့လား"
သူ၏ဘယ်မျက်လုံးက လက်ခနဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူ့ညာလက်က ဆွဲပြားကို ခပ်တင်းတင်း ဆုပ်ကိုင်ထားစဥ် သူ့မျက်နှာမှာ ဖြူဖပ်နေ၏။
ယခုတွင် သူ၏အသက်ရှူသံများ မြန်ဆန်လာနေပြီး သူ့အတွက် စိတ်နှင့်ကိုယ်ပြန်ကပ်ရန် အချိန်အတော်ယူလိုက်ရသည်။
"ဒီဆွဲပြားက တကယ်ပဲ ဘာလဲ။ ရှင်သန်ခြင်းနှင်းပန်း ငါသိသွားမှာစိုးလို့ ပိပိရိရိနေတာတောင် အလိုအလျောက်လှုပ်ရှားမိအောင် လုပ်ခဲ့တယ်" အေးစက်မှုက သူ၏မျက်ဝန်းများတွင် ပြည့်နှက်နေပြီး ဆွဲပြားအား ဆုပ်ခြေပစ်ရန် ပြင်လိုက်စဥ် ရုတ်တရက် တစ်စုံတခုက သူ့စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။ သူသည် နှိုင်းနှိုင်းဆဆ စဥ်းစားပြီးနောက် အစေ့ကို မြှောက်ကာ နောက်တစ်ဖန် သေသေချာချာ ကြည့်လိုက်၏။ သူ၏မျက်ဝန်းများကား ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပလာလေပြီ။
"ဒါကို ဖျက်စီးပစ်လိုက်တာက အဓိကပြဿနာကို ရှင်းသွားစေပေမယ့် နှမြောစရာကောင်းတယ်။ ဒီအစေ့က ရှင်သန်ခြင်းနှင်းပန်းကို လေ့လာပြီး သူ့ရဲ့အားနည်းချက်ကို ရှာဖွေဖို့ အကောင်းဆုံးပစ္စည်းတစ်ခုပဲ" သူက ရှင်သန်ခြင်းနှင်းပန်းအစေ့ကို သိမ်းလိုက်၏။
"ငါတော့ ဝူချိန်နဲ့ သူ့အစ်မကို အကြွေးတင်သွားပြီ" သူက တွေးသည်။ ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ အကာအကွယ် ပျောက်ကွယ်သွားသည်။ မနက်ခင်းပင် ရောက်နေပြီဖြစ်သည်။
"ဓာတ်ငါးပါးနဲ့ပတ်သက်ရင် ကျီးကင်းထောက်မျိုးနွယ်စုရဲ့ အရုပ်တွေက သစ်သားအမျိုးအစားအတွက် အရေးပါတယ်။ ကျန်တာတွေအားလုံးက ဆက်စပ်နေတဲ့ အခွဲတွေပဲ။ သစ်စိမ်းပင်အရုပ်ကို ရသွားပြီဆိုတော့ အစကတော့ မျိုးနွယ်စုကိစ္စတွေမှာ မပတ်သက်ဘူးလို့ ကြံထားတာ။ တကယ်တော့ ရန်စုန့်ရယ် တခြားသူတွေရယ်နဲ့တွေ့ဖို့ ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေကို မဝင်ဘဲ နေပြီး ဒီတိုင်းပြန်တော့မလို့။ ဒါပေမဲ့ အခုတော့ .... နည်းနည်းထပ်နေတာ ကောင်းမယ်ထင်တယ်။ ဝူလင်းရဲ့အမေ ရှင်သန်ခြင်းနှင်းပန်းအစေ့ကို ဘယ်လိုရခဲ့တာလဲ စုံစမ်းကြည့်ရမယ်။ ဒါ့အပြင် ကံကောင်းရင် သတ္တုအမျိုးအစားအရုပ်တောင် ရရင် ရနိုင်မှာ"
သစ်သားအမျိုးအစားနှင့် မီးအမျိုးအစားနှင့်ပတ်သက်လျှင် မန်ဟို၏ နှစ်ဝက်ကျော် လေ့လာခဲ့သောအသိအမြင်များအရ အရေးကြီးဆုံးသဲလွန်စမှာ မနှစ်က ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေမှ ပျံထွက်လာခဲ့သော ရွှေကျီးကန်းမှ အရင်းခံခဲ့သည်။ ၄င်းသည် မီးစိတ်ဆန္ဒမဟုတ်ဘဲ အံ့သြတုန်လှုပ်ဖွယ် သစ်သားစိတ်ဆန္ဒကို ထုတ်လွှတ်ခဲ့ကြောင်း မန်ဟိုပြောနိုင်၏။
မန်ဟိုသည် စိတ်ပိုင်းဖြတ်ပြီးနောက်တွင် မျက်လုံးများပိတ်ကာ တရားထိုင်တော့သည်။ သူက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ပြီး သူ့ကိုယ်သူ ပြန်ဆန်းစစ်နေ၏။ နောက်ဆုံးတွင် ပန်းချီကားကို ထုတ်ကာ တခဏလေ့လာသည်။ သွေးအေးသော အပြုံးတစ်ခုက သူ၏နှုတ်ခမ်းထောင့်စွန်းမှ ကွေးညွတ်တက်သွားပြီး ပန်းချီကားကို ပြန်သိမ်းလိုက်သည်။
လောလောဆယ်တွင် ရှင်သန်ခြင်းနှင်းပန်း အမှန်တကယ် အိပ်ပျော်နေသည်လား၊ ဟန်ဆောင်နေသည်လား သူမပြောနိုင်ပေ။ သို့သော် ယခုတွင် သူအဆင်သင့်ဖြစ်နေလေပြီ။ ရှင်သန်ခြင်းနှင်းပန်း ရုတ်တရက် လှုပ်ရှားလျှင်တောင်မှ ဒုတိယအကြိမ်ဖိနှိပ်နိုင်သည်ဟု သူယုံကြည်ချက်ရှိသည်။
"အမှန်တော့ ဒီကောင် ငါ့ကို မစုပ်ယူနိုင်တော့ဘဲ ငါနဲ့တစ်သားတည်း ဖြစ်သွားတဲ့အထိ ဖိနှိပ်ရမှာ။ အဲ့ဒီအခါကျရင် ငါက ရှင်သန်ခြင်းနှင်းပန်း ဖြစ်သွားပေမယ့် ရှင်သန်ခြင်းနှင်းပန်းက ငါမဖြစ်နိုင်တော့ဘူး"
မန်ဟိုတစ်ယောက်တည်း ရေရွတ်နေစဥ် ခိုင်မာပြတ်သားသောစိတ်ဆန္ဒက သူ့မျက်နှာကို ဖုံးလွှမ်းလျက်ရှိ၏။
"ရှင်သန်ခြင်းနှင်းပန်း ခုနစ်ရောင်ခြယ်နဲ့ ပွင့်တဲ့နေ့ ပန်းပွင့်တွေ ကြွေကျပြီး နှစ်တစ်ထောင်အတွင်း အင်မိုတယ်အဆင့်သို့ တက်လှမ်းလိမ့်မယ်..... ငါ ဒီရှင်သန်ခြင်းနှင်းပန်းရဲ့ လျှို့ဝှက်ချက်တွေကို နှံ့နှံ့စပ်စပ်သိရင် အင်မိုတယ်တက်လှမ်းခြင်းအဆင့်က ... လက်လှမ်းဝေးတဲ့အရာ မဟုတ်တော့ဘူး...." မန်ဟိုက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့မှာ ရုတ်တရက် အင်မိုတယ်တက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိလိုစိတ်များ ပြင်းပြလာလေပြီ။
"မိစ္ဆာချုပ်နှောင်တာပဲဖြစ်ဖြစ် အင်မိုတယ်အဆင့်တက်လှမ်းတာပဲဖြစ်ဖြစ် အဲ့ဒီအဆင့်မရောက်ရင် ... ငါက ကောင်းကင်နဲ့မြေကြီးထဲမှာ ပိုးမွှားတစ်ကောင်ထက် ပိုမှာမဟုတ်ဘူး " ထို့နောက် သူသည် တဖျပ်ဖျပ်လင်းလက်လာသော မျှော်လင့်ချက်များကို ဖုံးကွယ်ရန် မျက်လုံးများပိတ်လိုက်၏။
***