ကံကြမ္မာရေကန်
Vol. 30 Ch. 418
အချိန်များ လျှပ်တပြက်ကုန်ဆုံးသွားသည်။ ကျီးနတ်မင်းမျိုးနွယ်စုငါးစု၏ ဘိုးဘေးပူဇော်ပွဲအခမ်းအနားကား လျင်မြန်စွာ ရောက်ရှိလာခဲ့လေပြီ။
မျိုးနွယ်စုငါးစုအတွက် ပူဇော်ပွဲနေ့မှာ အတိုင်းထက်အလွန် အရေးပါသော အခါသမယဖြစ်ချေသည်။ အဘယ်ကြောင့်ဆိုသော် အခမ်းအနားများ၊ ဝတ်ပြုပွဲများကျင်းပသော နေ့ထူးနေ့မြတ်ဖြစ်သည်သာမက မျိုးနွယ်စုတစ်စုစီ၏ အင်အားအဆင့်ကို ဆုံးဖြတ်ပေးသောအချိန်လည်း ဖြစ်၍ပင်။
အခမ်းအနားတစ်ခုလုံးအတွက် အရေးအကြီးဆုံးသော အကြောင်းပြချက်မှာ ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေအတွင်းရှိ အရုပ်အမွေတော်ကြောင့်ပင်။ ဤအမွေအနှစ်သည် စိတ်ကူးယဥ်ပစ္စည်းတစ်ခုမဟုတ်ဘဲ ကံကြမ္မာရေကန်ဆိုသော အရာတစ်ခုဖြစ်လေသည်။
ကန်သည် တကယ်တော့ နှစ်အနည်းငယ်ကြာတိုင်း ရေသန့််များဖြင့် ပြည့်နေတတ်သော ရေလှောင်ကန်အနက်ကြီးတစ်ကန်ပင်။ ရေများကား အလွန်ထူးဆန်း၏။ ရေထဲဝင်စိမ်၍ တရားထိုင်သော ကျီးနတ်မင်းမျိုးနွယ်စုများမှ မည်သူမဆို အရုပ်စွမ်းအားများ သူမတူအောင် တိုးတက်သွားသည်ကို ကြုံတွေ့ရပေလိမ့်မည်။
ကန်ရေသည် ဓာတ်ကြီးငါးပါးဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်။ သို့သော် ဝင်ရောက်သူအပေါ်မူတည်၍ ဓာတ်ငါးပါးထဲမှတစ်ပါးပါး ပြောင်းသွားတတ်သည်။ အမှန်အားဖြင့် နှစ်ပေါင်းများစွာ တစ်လျှောက်၊ အရုပ်စွမ်းအားတိုးတက်ခြင်း၏ အကျိုးကျေးဇူးကြောင့် ကျီးနတ်မင်းမျိုးနွယ်စုငါးစု၏ မျိုးနွယ်ဝင်များ ကျင့်ကြံခြင်းအခြေခံအဆင့် တက်သွားသည့် အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ဖူးလေသည်။
ကံကြမ္မာရေကန်သည် ကျီးနတ်မင်းမျိုးနွယ်စုငါးစုအတွက် အလွန်အရေးပါပြီး ငယ်သားအမြောက်အမြား မျိုးနွယ်စုငါးစုထဲက တစ်စုစုကို ဝင်ရောက်ရန် ရွေးချယ်ရသော အကြောင်းရင်းများထဲက တစ်ခုလည်းဖြစ်၏။
သို့သော် ... ကံကြမ္မာကန်ရေများမှာ မကုန်မခမ်းနိုင်လောက်အောင် ပေါများမနေပေ။ ရေသည် ဝတ်ပြုပွဲစကတည်းကပင် အကန့်အသတ်ရှိသည်။ သို့ဖြစ်၍ ပထမဆုံးဝင်ရောက်ရသူအနေဖြင့် အကျိုးခံစားရမှုအများဆုံး ရရှိပေမည်။ အကျိုးခံစားရမှုသည် နောက်ကျမှ ဝင်ရောက်ရလေလေ၊ လျော့နည်းလေလေပင်။
ထို့ကြောင့် ဘိုးဘေးပူဇော်ပွဲနေ့ပြိုင်ပွဲဆိုသောအရာအား ကံကြမ္မာရေကန်သို့ အလှည့်ကျဝင်ရောက်ရမည့် မျိုးနွယ်ဝင်စာရင်းအား အဆုံးအဖြတ်ပေးရန် အသုံးပြုကြသည်။
လောလောဆယ်တွင် ကျီးကင်းထောက်မျိုးနွယ်စုခေါင်းကိုင်ဖခင်၏အသံသည် တောင်ထိပ်မှ ပျံ့လွင့်လာ၏။ "နှစ်ပေါင်းသုံးရာတိုင်တိုင် ကျီးကင်းထောက်မျိုးနွယ်က အမြဲဘိတ်ချီးဖြစ်ခဲ့ရတယ်။ အဲ့ဒီနှစ်သုံးရာအတွင်း ကျီးစစ်သည်မျိုးနွယ်စုက အမြဲပထမဆုံးဝင်ရောက်ရတယ် ...."
မန်ဟိုသည် အဆင့် (၇) မိစ္ဆာသားရဲသခင်မိုဇီနှင့် သူ့သားမိုဖန်းနှင့်အတူ ရင်ပြင်တွင် ရပ်နေ၏။ ကျီးကင်းထောက်မျိုးနွယ်စု၏ မိုးနတ်ဆရာမကြီးနှင့် အကြီးအကဲလည်း သူတို့ဆီရောက်လာကြသည်။
မြေနတ်ဆရာကြီးမှာမူ မျိုးနွယ်စုသို့ ပြန်ရောက်လာကတည်းက တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ပြန်ထွက်မလာသေးပေ။
ထို့အပြင် အဝတ်အစားများအရ ကျီးကင်းထောက်မျိုးနွယ်ဝင်မဟုတ်ကြောင်း သိသာသော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကိုလည်း မြင်နိုင်သည်။ အားလုံး၌ မယုံကြည်နိုင်ဖွယ် ကျင့်ကြံခြင်းအခြေခံများရှိကြပြီး အသတ်အဖြတ်စိတ်ဆန္ဒများအား ထုတ်လွှတ်နေ၏။ ဤလူများသည် မန်ဟို့နည်းတူ ငယ်သားများဖြစ်ကြသည်။ သို့သော် သူတို့က မိစ္ဆာသားရဲသခင်များမဟုတ်၊ အရုပ်ကျင့်ကြံသူများဖြစ်လေသည်။
ဝူချိန်၊ ဝူလင်းနှင့် ဝူအာလီတို့ အပါအဝင် ကျီးကင်းထောက်မျိုးနွယ်ဝင် အတော်များများလည်း ရောက်နေကြ၏။ သူတို့အားလုံးမှာ စိုးလည်း စိုးရိမ်သလို၊ ရင်လည်းခုန်နေကြသည်။
ဝူလင်းက မျက်လုံးများပိတ်လျက် တိတ်ဆိတ်စွာ ရပ်နေသော မန်ဟို့ကို မကြာခဏ ခိုးခိုးကြည့်နေ၏။ သူကတော့ သူမကို သတိပင်မထားမိသည့်အလားပင်။
"ဘိုးဘေးပူဇော်ပွဲနေ့ပြိုင်ပွဲ မကြာခင် စတင်တော့မယ် " ခေါင်းကိုင်ဖခင်က ဆက်ပြောသည်။ " ဘိုးဘေးကြီးချမှတ်ထားတဲ့ စည်းကမ်းချက်တွေအရ အထွတ်အမြတ်နယ်မြေမှာ မျိုးနွယ်ဝင်တွေအချင်းချင်း သွေးထွက်သံယိုဖြစ်တာ တားမြစ်ထားတယ်။ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်တာကိုရောပဲ။ ဒါ့ကြောင့် အစဥ်အလာမပျက် ကျင်းပခဲ့တဲ့ ဘိုးဘေးပူဇော်ပွဲနေ့ပြိုင်ပွဲတွေအတိုင်း ငယ်သားတွေ ပြိုင်ပွဲမှာ ယှဥ်ပြိုင်ပြီး ကံကြမ္မာရေကန်ထဲ ဝင်ရောက်ခွင့်ရမယ်။ အားလုံးကို ကျေးဇူးတင်ချင်ပါတယ်" သူက မန်ဟိုနှင့် အခြားငယ်သားများကို လှမ်းကြည့်ပြီး လေးလေးနက်နက် အရိုအသေပေးသည်။
သူ့ဘေးရှိ မိုးနတ်ဆရာမကြီးနှင့် အကြီးအကဲသည်လည်း လူတိုင်းကို လေးလေးနက်နက်ကြည့်ပြီးနောက် လက်ယှက်အရိုအသေပေးကြသည်။
ကျန်ကျီးကင်းထောက်မျိုးနွယ်ဝင်များလည်း လေးစားရိုသေသော မျက်နှာထားများဖြင့် ဦးညွှတ်အရိုအသေပေးကြ၏။
မိုဇီက အရင်ဆုံးပြန်မပြောရဘဲ မိုဖန်းအသံက ထွက်လာသည်။ "မပူပါနဲ့ ခေါင်းကိုင်ဖခင် အဖေနဲ့ကျုပ် ဒီမှာရှိနေပြီပဲ။ မိစ္ဆာသားရဲသခင်ပြိုင်ပွဲမှာ ပထမနေရာရရစေမယ်လို့ အာမ,မခံနိုင်ပေမယ့် သေချာပေါက် ဘိတ်ချီးတော့ မဖြစ်စေရဘူး" စကားပြောနေစဥ် သူသည် မန်ဟို့ကို စိန်းစိန်းဝါးဝါးကြ ည့်နေ၏။
မိုဇီကမူ မထူးခြားဟန်ဖြင့် ခပ်တိုးတိုးရယ်သည်။ "ကျုပ် မိုဇီ အကောင်းဆုံးကြိုးစားပါ့မယ်" သူ၏နားမခံသာသော အသံဆိုးကြီးက ယုံကြည်မှုတို့ လွန်ကဲနေသည်။
မန်ဟို့၏ မျက်လုံးများ ပွင့်လာပြီး သူ၏မျက်နှာထားကား ယခင်အတိုင်းသာ။ သူသည် မိုဖန်း၏ရန်စမှုကို အဖက်မလုပ်ပေ။ သူက အခြားသောငယ်သားများကို လှမ်းကြည့်ရင်း ခပ်ထွားထွားလူတစ်ယောက်ကို သတိပြုမိသွား၏။ ထိုလူမှာ အမြုတေဖြစ်တည်မှုအဆင့်ဖြစ်ပုံရသော်လည်း တစ်ခုခုက ထူးဆန်းနေလေသည်။ သူ့ကို ထိုးဖောက်မမြင်နိုင်သော မြူထုတစ်ခုက ရစ်သိုင်းထားသည့်အလားပင်။
မန်ဟို သူ့ကို ကြည့်လိုက်သောအခါ ထိုလူကလည်း ပြန်ကြည့်သည်။ မျက်ဝန်းနှစ်စုံသည် တခဏ အကြည့်ချင်းဆုံသွားပြီးနောက် ထိုလူက အကြည့်လွှဲသွားသည်။ သို့သော် ဤအခိုက်အတန့်တွင် မန်ဟို့၏ မျက်လုံးများ တောက်ပလာလေပြီ။
"အဲ့ဒီလူမှာ ကမ္ဘာသစ်မိစ္ဆာတစ်ကောင်ရဲ့ အရှိန်အဝါရှိနေတာပဲ" သူက တွေးလိုက်သည်။ " အားနည်းပေမယ့် သေချာပေါက် အရုပ်အရှိန်အဝါ မဟုတ်ဘူး။ သူကိုယ်တိုင်က .... ကမ္ဘာသစ်မိစ္ဆာတစ်ကောင်ရဲ့ အရှိန်အဝါကို ထုတ်လွှတ်နေသလိုမျိုး"
ရုတ်တရက် ခေါင်းလောင်းသံများ၊ ခရာသံများ ပျံ့လွင့်လာသည်။ ၄င်းသည် တောင်တန်းအားလုံး၏ အလယ်တည့်တည့်တွင်ရှိသော ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေမှ လာခြင်းဖြစ်၏။ အသံက လေပြင်းများ တိုက်ခတ်သွားစေသော လှိုင်းများနှင့်အတူ အဘက်ဘက်သို့ တုံ့ပြန်လူးလာပဲ့တင်ထပ်သွားသည်။ မကြာမီ တစ်လောကလုံး တုန်ခါနေလေပြီ။
ထို့နောက် အရာအားလုံး ချိတ်ပိတ်ခံနေရသကဲ့သို့ ဖြာထွက်နေသော လှိုင်းများကို မြင်နိုင်သည်။ ထိုမှတစ်ပါး ကျီးကင်းထောက်မျိုးနွယ်စုအထွတ်အမြတ်နယ်မြေမှ ရွှေရောင်အလင်းတန်းတစ်တန်း ထိုးတက်လာ၏။ ၄င်းသည် အလွန်ပြင်းထန်သော ဖိအားကြီးကို ထုတ်လွှတ်ရင်း မိုးထိတိုင်ထိုးတက်သွားလေသည်။
ကျီးကင်းထောက်မျိုးနွယ်စုခေါင်းကိုင်ဖခင်က ရွှေရောင်အလင်းတန်းကို ကြည့်နေစဥ် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့က သူ၏မျက်ဝန်းများတွင် နေရာယူထားပြီး သူက ပြောသည်။ "သွားကြစို့"
သူက အင်္ကျီလက်စခါပြီး လေပေါ်ပျံတက်ကာ ရွှေရောင်အလင်းဖြာထွက်နေသော ဧရိယာရှိရာသို့ တဟုန်ထိုးထွက်သွားလေပြီ။
လူတိုင်း သူ့နည်းတူ ပျံတက်လိုက်ကြသည်။ ငယ်သားအတော်များများ၏ အရုပ်ဆေးမင်ကြောင်များမှာ ယခုတွင် တဖျပ်ဖျပ်လက်နေချေပြီ။ အဆင့် (၇) မိစ္ဆာသားရဲသခင်မိုဇီကမူ အင်္ကျီလက်စကို ခါလိုက်ရာ လေအလယ်တွင် ခေါင်းနှစ်လုံးရေနဂါးကြီးတစ်ကောင် မှော်ဆန်ဆန်ပေါ်လာသည်။ ၄င်းက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်၏။ မိုဇီက ၄င်းကျောပေါ်တွင် ရပ်လိုက်ပြီး မိုဖန်းလည်း သူ့အဖေနည်းတူ ရပ်နေသည်။
ခေါင်းနှစ်လုံးရေနဂါးကြီးမှာ မယုံနိုင်လောက်အောင် အစွမ်းထက်၏။ ၄င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံး အံ့သြမှင်သက်သွားရသည်။ အတော်များများက မန်ဟို ဘာစီးမည်လဲ သိချင်၍ လှမ်းကြည့်နေကြလေပြီ။
မန်ဟိုသည် ပြောင်းလဲခြင်းမရှိသော မျက်နှာထားဖြင့် အစိမ်းရောင်သိုလှောင်အိတ်တစ်လုံးကို ပုတ်လိုက်သည်။ အဖြူရောင်အလင်းတန်းတစ်တန်းက ချက်ချင်း ထွက်လာကာ မောင်မွှေးထူ ဖြစ်သွား၏။ သူ့မှာ ပိန်ချည့်ချည့်နှင့် အားနည်းသယောင်ထင်ရသော်လည်း အလျားဆယ်မီတာကျော်လေသည်။ မန်ဟို ၄င်း၏ ကျောအပေါ်သို့ ခုန်တက်လိုက်သည်နှင့် ၄င်းက ကောင်းကင်ကို မျက်နှာမူပြီး ဟိန်းဟောက်လေသည်။
အသံ အရပ်မျက်နှာတစ်ခွင်သို့ ပျံ့လွင့်သွားစဥ် ၄င်းမှာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှ၏။ ကျီးကင်းထောက်မျိုးနွယ်ဝင်များ အံ့အားသင့်သွားသည်။ ခေါင်းနှစ်လုံးရေနဂါးကြီးပင် အတန်ငယ်ထိတ်လန့်သွားသည်။
မန်ဟိုက အဝေးရှိ ရွှေရောင်အလင်းတန်းများကို မမှိတ်မသုန် ကြည့်ရင်း မောင်မွှေးထူအပေါ်တွင် ထိုင်လိုက်သည်။ သူ့အနေဖြင့် ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေကို သိပ်စိတ်မဝင်စားသော်လည်း ရောက်နေပြီဆိုမှတော့ အတန်ငယ်စနည်းနာသင့်သည်မဟုတ်လော။
သူ ရှေ့ဆက်သွားနေစဥ် ကျီးကင်းထောင်မျိုးနွယ်ဝင်များ တောင်ထိပ်မှ ပျံထွက်လာကြသည်။ လေလယ်မှနေ၍ မန်ဟိုသည် အခြားမျိုးနွယ်စုလေးစုရှိရာမှ ကျင့်ကြံသူများ ပျံတက်လာကြပြီး ဗဟိုသို့ ဦးတည်နေကြသည်ကို မြင်နေရ၏။
ရွှေရောင်အလင်းဆီသို့ အမြန်ဆုံးနှုန်းဖြင့်ပျံသန်းနေကြသော မျိုးနွယ်စုငါးစု၏ အရေအတွက်မှာ ရာပေါင်းများစွာ ရှိလေသည်။
ဘီလူးရိုင်းကြီးအပေါ်တွင် ထိုင်နေသော ဂုလာကိုလည်း မန်ဟို လှမ်းမြင်လိုက်သည်။ သူ၏မျက်နှာထားသည် သူ့ကိုခြံရံလျက်ရှိသည့် ကျီးစစ်သည်မျိုးနွယ်ဝင်များနည်းတူ မောက်မာထောင်လွှားလျက်ရှိ၏။
မိစ္ဆာသားရဲသခင်များလည်း ပါကြသည်။ ကျီးမီးတောက်မျိုးနွယ်စုမှ မိစ္ဆာသားရဲသခင်များအနက် အထင်ရှားဆုံးမှာ စိမ်းပုပ်ရောင် တင်းတိပ်မှဲ့ခြောက်များနှင့် အဘွားကြီးတစ်ယောက်ဖြစ်၏။ သူမက ရှည်လျားသောဝတ်ရုံကို ဝတ်ထားပြီး အတော်လေးရုပ်ဆိုးလေသည်။ သို့သော် သူမစီးနေသည့် မျက်လုံးတစ်လုံးမျောက်ဝံဘီလူးက ရက်စက်သောအရှိန်အဝါကို ထုတ်လွှတ်နေ၏။
ကျီးမီးတောက်မျိုးနွယ်စုတွင် မိစ္ဆာသားရဲသခင်သုံးဦးရှိပြီး တစ်ယောက်က တန်ခိုးရှင်တစ်ပါးကဲ့သို့သော ဟန်ပန်အမူအရာ ဆင်မြန်းထားသည့် အဖြူာရောင်ဝတ်ရုံနှင့် အဘိုးကြီးတစ်ဦးဖြစ်သည်။ သူစီးနေသည့် ကမ္ဘာသစ်မိစ္ဆာမှာ လှပကြော့ရှင်းသော ကြိုးကြာကြီးတစ်ကောင်ပင်။ ၄င်းသည် အင်မိုတယ်ကမ္ဘာမှ ယခုလေးတင် ဆင်းသက်လာသည့်အလား လေကိုခွင်း၍ ပျံသန်းနေသည်။
နောက်ဆုံးကား အမှောင်ကျီးမျိုးနွယ်စုပင်။ သူတို့၌ မိစ္ဆာသားရဲသခင်နှစ်ဦးသာ ရှိသည်။ တစ်ဦးဝတ်ပုံစားပုံက အခြားသူများနှင့် လုံးဝကွဲထွက်နေ၏။ သူသည် ကောက်ရိုးခြုံထည်ဝတ်၍ မျက်နှာအား ဖုံးကွယ်နေသော ထိပ်ချွန်ချွန် ဝါးခမောက်တစ်လုံးဆောင်းထားရာ တံငါသည်အဘိုးကြီးတစ်ယောက် ပုံစံပေါက်နေတော့သည်။
"ရန်စုန့်နဲ့ ဟိုလူတွေ မိစ္ဆာသားရဲသခင်တော့မဟုတ်လောက်ဘူး။ အရုပ်ကျင့်ကြံသူငယ်သားတွေပဲ ဖြစ်လောက်မယ်" သူ အခြားသူများကို အကဲခတ်နေစဥ် သူတို့လည်း သူနှင့် မိုဇီကို လှမ်းကြည့်နေကြကြောင်း မြင်နိင်၏။
မိုဇီက အနီးနားရှိ ကမ္ဘာသစ်မိစ္ဆာများကို ကြည့်ပြီး မာမာထန်ထန်ပြောသည်။ "မဟာအကြီးအကဲမန် ကျုပ်ကို ပြိုင်ပွဲမှာ စိတ်မပျက်စေဖို့ မျှော်လင့်တယ်" ထို့နောက် ခေါင်းနှစ်လုံးရေနဂါးက ရွှေရောင်အလင်းထံသို့ ရွှီးခနဲ ထွက်သွားလေသည်။
မန်ဟိုက မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်သည်။ သူသည် အနောက်ပိုင်းသဲကန္တာရသို့ ရောက်ကတည်းက အခြားသူများကို အင်မတန် ရန်စခဲသော်လည်း သူထင်ပေါ်ကျော်ကြားလာသည်နှင့်အမျှ သူ့ကို
သတိထားမိလာကြသည်မှာ ပုံမှန်သာဖြစ်၏။ မန်ဟို မရည်ရွယ်စေကာမူ အငြင်းပွားစရာများတော့ ပေါ်ပေါက်လာစမြဲသာ။ အပင်မြင့်လေ လေတိုက်လေ ဆိုသည့်အတိုင်းပင်။
"ငါ ဒီကိစ္စကို အနှေးနဲ့အမြန် ဖြေရှင်းရမယ်" သူ၏မျက်ဝန်းများ၌ ရက်စက်သော အရိပ်အယောင်တစ်ခုပေါ်လာသည်။ ကျင့်ကြံခြင်းလောက၌ ဤနေရာသို့ ရောက်သည်အထိ ကျင်လည်ကျက်စားခဲ့ပြီး၍ တောတွင်းဥပဒေကို မန်ဟို ကောင်းကောင်းနားလည်၏။ ပြတ်သားရမည့်ကိစ္စဆိုလျှင် မန်ဟိုကား ပျော့ညံ့နေမည်မဟုတ်။
မကြာမီ လူတိုင်း ရွှေရောင်အလင်းအနား ရောက်သွားကြလေပြီ။ ထိုနေရာတွင် လက်ဝှေ့ကြိုးဝိုင်းနှင့်တူသော ရွှေရောင်စင်မြင့်တစ်ခု ပျံဝဲနေသည်။
များမကြာခင် မျိုးနွယ်စုငါးစုလုံး ရွှေရောင်စင်မြင့်၏ ပတ်ပတ်လည်တွင် နေရာယူပြီးကြလေပြီ။ ခေါင်းကိုင်ဖခင်များနှင့် နတ်ဆရာကြီးများမှာ စကားများများစားစား မပြောကြပေ။ တစ်ယောက်ကို တစ်ယောက် အေးစက်စက်ကြည့်နေကြပြီး ရင်းနှီးဖော်ရွေသည့် အရိပ်အယောင်စိုးစဥ်းမှမရှိဘဲ တိုက်ပွဲအား စတင်ရန် ရွေးချယ်လိုက်ကြသည်။
ကျီးကင်းထောက်မျိုးနွယ်စုခေါင်းကိုင်ဖခင်က ငယ်သားများကို လှည့်ကြည့်ပြီး ပြောသည်။ "တိုက်ပွဲနှစ်လှည့်ရှိမယ်။ တစ်ပွဲစီကို အဖွဲ့လိုက်တိုက်ပွဲလို့ ခေါ်နိုင်တယ်။ တစ်ပွဲက အရုပ်ကျင့်ကြံသူတွေအတွက်၊ နောက်တစ်ပွဲက မိစ္ဆာသားရဲသခင်တွေအတွက်။ ငါတို့ နှစ်ပွဲလုံးနိုင်မှဖြစ်မယ်
"တိုက်ပွဲတစ်ပွဲစီမှာ ဘယ်မျိုးနွယ်စုမဆို လူသုံးယောက်လွှတ်နိုင်တယ်။ မျိုးနွယ်စုတစ်စုက တိုက်ပွဲနှစ်ပွဲလုံးမှာ အနိုင်ရရင် ပထမနေရာရပြီ။ ဒုတိယနေရာ ဘယ်သူရမလဲဆိုတာကတော့ ငယ်သားတွေရဲ့ ထုတ်ဖော်ပြသမှုအပေါ် မူတည်တယ်။ ပါရမလား မပါဘဲနေမလား စဥ်းစားနေသေးတဲ့ လူတွေရှိနေသေးတယ်
"ဒီလိုတိုက်ပွဲတွေတစ်လျှောက်လုံးမှာ လူသေမှုတွေတောင် ရှိခဲ့ဖူးတယ်။ ငယ်သားတို့ ငါအကြံပြုချင်တယ်... မနိုင်တော့ဘူးထင်ရင် ပြိုင်ပွဲကို အရှုံးပေးလိုက်ပါ။ အနိုင်နဲ့အရှုံးရဲ့ အရေးပါမှုကို ချဲ့ကားမပြောလိုပေမယ့် သွေးသောက်ရဲဘော်စိတ်နဲ့ အတူတူတိုက်ခိုက်ဖို့တော့ တိုက်တွန်းချင်တယ်
"ပထမဆုံးတိုက်ပွဲက အရုပ်ကျင့်ကြံသူတွေအတွက်ပဲ" ခေါင်းကိုင်ဖခင် စကားပြောပြီးနောက် ငယ်သားသုံးယောက်ထွက်လာသည်။ သူတို့က ခေါင်းကိုင်ဖခင်ကို လက်ယှက်အရိုအသေပေးပြီးနောက် ရွှေရောင်စင်မြင့်ဆီသို့ ထွက်သွားကြ၏။
သုံးယောက်ထဲက တစ်ယောက်မှာ မန်ဟိုအစောပိုင်းက သတိထားမိခဲ့သော လူထွားကြီးပင်။ မန်ဟိုက ထိုလူ ပျံသန်းသွားနေသည်ကို ကြည့်ရင်း မျက်လုံးများ တဖျပ်ဖျပ်လက်နေ၏။ သူသည် အင်မိုတယ်လမ်းညွှန်၏ အင်မိုတယ်ချီကို လှည့်ပတ်ပြီးနောက် ညာမျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
ယခုတစ်ခေါက် ဤလူကို ကြည့်လိုက်သောအခါတွင်တော့ သူ၏သူငယ်အိမ်များ ကျဥ်းမြောင်းသွားလေပြီ။
ဤလူမှာ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူမဟုတ်ကြောင်း သူရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ သူ့ကိုယ်ကို ရစ်သိုင်းလျက်ရှိသော မြူတိမ်အတွင်းကား ... ကြက်တူရွေး လပေါင်းများစွာ လိုက်ဖမ်းနေခဲ့သော မျိုးခြားသားရဲကြီးပင်။
ပို၍ပင် အံ့သြစရာကောင်းသည်က မျိုးခြားသားရဲကြီးအပေါ်၌ အသားဂျယ်လီ၏ ခြေရာလက်ရာများကိုလည်း မြင်ရခြင်း ဖြစ်သည်။ သူ၏ ကောင်းကင်စက္ခုပညာရပ်ဖြင့် ကြက်တူရွေး၏ အငွေ့အသက်ကိုပင် မြင်နေရ၏။
***