မျိုးလေး
Vol. 30 Ch. 419
"ကြက်တူရွေးတစ်ကောင် မျိုးခြားသားရဲကြီးနောက်လိုက်သွားတာ ပြန်ရောက်မလာသေးဘူး။ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့လဲ ပြောဖို့ခက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် .... ကြည့်ရတာ သဘာတူညီမှုတစ်ခုခုလုပ်ထားပုံပဲ " သူသည် ကောင်းကင်စက္ခုပညာရပ်ကို အဆုံးသတ်လိုက်၏။ သူ့မှာ အံ့အားသင့်နေသော်လည်း ကြက်တူရွေး၏အကျင့်စရိုက်အရ မဖြစ်နိုင်သည့်အရာ မရှိပေ။
ရုတ်တရုတ် မန်ဟို့မှာ ရွှေရောင်အကာအကွယ်အတွင်းရှိ စင်မြင့်ပေါ်သို့ သွားနေကြသော အခြားမျိုးနွယ်စုမှ ကျင့်ကြံသူများကို ကရုဏာသက်သွားမိတော့သည်။
"ရန်စုန့်နဲ့ ဟိုလူတွေသာ အဲ့ဒီအဖွဲ့ထဲ ပါရင်တော့ ...." သူက အဖွဲ့ကို လှမ်းကြည့်ရင်း တွေးလိုက်မိသည်။ ရန်စုန့်နှင့် အခြားသူများသည် သူတို့ မည်သူမည်ဝါဖြစ်ကြောင်း လူအများ မသိရှိစေရန် ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်ဘဲ နေမည်မဟုတ်သည့် ကောက်ကျစ်စဥ်းလဲသော မြေခွေးအိုများ ဖြစ်ကြ၏။ အခြားမျိုးနွယ်စုများမှ ငယ်သား (၁၂) ယောက်ကို အကဲခတ်ပြီးနောက် မန်ဟိုပင်လျှင် ဘာမှမရိပ်စားမိပေ။
ဤသည်မှာ မျိုးနွယ်စုငါးစုမှ အရုပ်ကျင့်ကြံသူ (၁၅) ယောက်၏ တိုက်ပွဲဖြစ်သည်။ သူတို့ စင်မြင့်ပေါ် ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် စကားပြောဆိုခြင်းမရှိဘဲ ပေါက်ကွဲသံများ ချက်ချင်း မြည်ဟည်းသွား၏။ တိုက်ပွဲကား စတင်ခဲ့လေပြီ။
သုံးယောက်အဖွဲ့တိုင်းက သွေးသောက်ရဲဘော်များအဖြစ် တစည်းတလုံးတည်း အင်အားစုပေါင်းလိုက်ကြသည်။ အနည်းဆုံးတော့ ကျန်မျိုးနွယ်စုလေးစုမှာ ထိုနည်းအတိုင်းပင်။ သို့ရာတွင် ... ကျီးကင်းထောက်မျိုးနွယ်စုအတွက်တော့ မတူ။
လူပုံစံမျိုးခြားသားရဲကြီးသည် စင်မြေပေါ်သို့ ခြေချပြီးသည်နှင့် ခေါင်းနောက်လှန်၍ ဟိန်းဟောက်ကာ တဟုန်ထိုးပြေးထွက်သွား၏။ သူက သူ၏အပေါင်းအပါနှစ်ယောက်ကို လှည့်ပင်မကြည့်ရာ သူတို့မှာ မျက်လုံးအဝိုင်းသားနှင့် ကြည့်နေကြတော့သည်။ သူ့နောက်လိုက်သွားရန် စိတ်ကူးလိုက်သော်လည်း လူပုံစံမျိုးခြားသားရဲကြီးမှ ထုတ်လွှတ်နေသော ရက်စက်ကြမ်းကြုတ်မှုမှာ တစ်ယောက်တည်းတိုက်ခိုက်လိုကြောင်း ညွှန်ပြနေပုံရ၏။ သူတို့နှစ်ယောက်သား တုန်တုန်ယင်ယင်နှင့် ချက်ချင်း နောက်ဆုတ်လိုက်ကြသည်။
ဤလုပ်ရပ်က အခြားမျိုးနွယ်စုမှ ကျင့်ကြံသူများကို အံ့အားသင့်သွားစေသည်။ ယင်းက ကျီးကင်းထောက်မျိုးနွယ်စု၏ ကြိုတင်အကွက်ချထားသော ဗျူဟာဖြစ်မည်ဟူ၍ တော်တော်များများ ယူဆလိုက်ကြ၏။
သို့သော် ကျီးကင်းထောင်မျိုးနွယ်စုမှ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာမကြီးအပြင် အခြားသော အာဏာရှိပုဂ္ဂိုလ်များအားလုံး ကြက်သေသေသွားကြသည်။ အခြားမျိုးနွယ်စုလေးစုမှ မျိုးနွယ်ဝင်များကတော့ အလေးအနက်တွေးရင်း ကြည့်နေကြသည်။
ထစ်ချုန်းမြည်ဟည်းပေါက်ကွဲသံများက လေတွင် ပြည့်နှက်နေပြီး မန်ဟို၏ မျက်လုံးများ တဖျပ်ဖျပ်လက်နေသည်။ သို့သော် သူကြည့်နေသောအရာက လူပုံစံမျိုးခြားသားရဲကြီးမဟုတ်၊ အခြားမျိုးနွယ်စုမှ ငယ်သားများပင်။ သူ့မှာ ရန်စုန့်နှင့်အခြားလူများက ဘယ်သူတွေဖြစ်သည်လဲ ကြိုးစားရှာဖွေနေ၏။
ရုတ်တရက် လူပုံစံမျိုးခြားသားရဲကြီးက ဟိန်းဟောက်လိုက်သည်။ "ခွေးမသား မသေမျိုးတွေ ငါက မျိုးလေးနဲ့ ညီငါးကို ကိုယ်စားပြုတယ်ကွ။ ငါ မင်းတို့အားလုံးကို ပြောင်းလဲပေးဖို့ ဒီရောက်လာတာ "
အသံကြီးကား မိုးခြိမ်းသံကြီးအလားပင်။ မျက်စိတစ်မှိတ်အတွင်း လူပုံစံမျိုးခြားသားရဲကြီးသည် သုံးယောက်အဖွဲ့တစ်ဖွဲ့ရှေ့ရောက်သွားသည်။ အုန်းခနဲ ကြားလိုက်ရပြီး မှော်အရုပ်အလင်းများ ဖြာထွက်လာသည်။
ဤလူသုံးယောက်မှ ကျီးမီးတောက်မျိုးနွယ်စုမှဖြစ်၏။ သူတို့က လူပုံစံမျိုးခြားသားရဲကြီး ချဥ်းကပ်လာသည်ကို စောင့်ကြည့်ပြီးနောက် တုံ့ဆိုင်းမနေဘဲ တစ်ဆက်တည်း တိုက်ခိုက်လိုက်သည်။ မှော်ပညာရပ်များ တစ်ခုကိုတစ်ခု ထိတိုက်သွားသဖြင့် နားကွဲလုမတတ် ပေါက်ကွဲသံကြီး ရိုက်ညောင်းသွားသည်။
" ဝါးးးးးးးးးးးးးး " လူပုံစံမျိုးခြားသားရဲကြီးက မတရားသလို ခံစားနေရသောအသံဖြင့် အော်သည်။ " တစ် နှစ် သုံး ...သေစမ်း။ သုံးယောက်ဟ သုံးယောက်။ သုံးယောက်တစ်ယောက်က အကျင့်ပျက်ပြားတာပဲ" ဤစကားကိုကြားသော် ဘေးပတ်ဝန်းကျင်ရှိ မျိုးနွယ်ဝင်များ၏ မျက်နှာများအပေါ်၌ ထူးဆန်းသောအမူအရာများ ပေါ်လာလေပြီ။
သူတို့ကြည့်နေစဥ် ထိုလူထွားကြီးက နောက်ဆုတ်သွားသည်။ သူ၏မျက်နှာထားက ရုတ်တရက် အတော်လေး ယုတ်မာကောက်ကျစ်သောပုံစံ ပြောင်းသွားလေသည်။
"ခွေးမသားတွေ" မျိုးခြားသားရဲလူထွားကြီးက အော်သည်။ "မင်းတို့ကောင်တွေ ကြည့်ရတာ အလုပ်ခံချင်နေပုံပဲ။ ခဏစောင့် ခဏလေးပဲစောင့် " သူ့ပုံစံကား စိတ်မကောင်းဖြစ်နေဟန်မရှိတော့ပဲ ဖြတ်ရိုက်ချင်စရာကောင်းအောင် မောက်မာထောင်လွှားနေသောပုံစံ ဖြစ်သွားသည်။ ဤတစ်ခေါက်တွင် သူကား တခြားအဖွဲ့ကို ထွက်သွားလေပြီ။
"ဆောင့်တယ်"
"လုပ်တယ်"
"ဟားဟားဟား ထပ်ဆောင့်တယ်" လူထွားကြီး၏အသံမှာ စူးနေပြီး ပို၍ပင် မာထန်နေသည်။ သူသည် မယုံနိုင်လောက်အောင် လျင်မြန်သော အမြန်နှုန်းဖြင့် ဟိုဟိုသည်သည် သွားလာနေ၏။ သူကား အတော်လေး အရေထူပုံပင်၊ မည်သို့ ရိုက်နှက် တိုက်ခိုက်စေကာမူ ဘာမှမဖြစ်ပေ။ ငယ်သားများမှာ ပိုပို၍ ဒေါပွလာလေပြီ။ ဤလူ၏တိုက်ကွက်များမှာ အလွန်အောက်တန်းကျပြီး အရှက်မဲ့လွန်းလေသည်။ သူ၏ နတ်ဘုရားစွမ်းရည်အားလုံးသည် လက်ချောင်းတစ်ချောင်းတည်းအပေါ်တွင် စုဆုံနေသည့်အလားပင်။
ထိုလက်ချောင်းက .... တင်ပါးများကို အဓိကတိုက်ခိုက်သည်။
ထိုမျှသာမက သူ့လူကိုယ့်လူလည်း မခွဲပေ။ မျက်စိထဲ မြင်မြင်သမျှ လူတိုင်းကို တိုက်ခိုက်နေပြီး ကျီးကင်းထောက်မျိုးနွယ်ဝင်နှစ်ယောက်ပင် ပါသည်။ သူတို့လည်း ထိုလက်ချောင်းနှင့် အထိုးခံရသဖြင့် ဒေါသူပုန်ထနေကြလေပြီ။ သူတို့မှာ မျိုးနွယ်စုတစ်စုတည်းမှ ဖြစ်လေရာ အချင်းချင်းတော့ မတိုက်ခိုက်သင့်သည် မဟုတ်ပါလော။
ဤကဲ့သို့ ရန်စစော်ကားခံရမှုကြောင့် အဖွဲ့လိုက်တိုက်ပွဲမှာ .... အဖွဲ့လိုက်တိုက်ပွဲမဟုတ်တော့။ မျိုးနွယ်စုအသီးသီးမှ အဖွဲ့သားများအားလုံး ဤလူထွားကြီးတစ်ယောက်တည်းကို ပေါင်းချနေကြတော့သည်။
နောက်ပိုင်းတွင် ပရိသတ်ထဲရှိ ကျီးကင်းထောက်မျိုးနွယ်ဝင်များ မျက်စိမျက်နှာပျက်လာကြသည်။ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာမကြီးအပြင် အကြီးအကဲတွင်ပင်လျှင် တင်းမာခက်ထန်သော မျက်နှာထားများ ရှိနေကြ၏။
ဘိုးဘေးပူဇော်ပွဲနေ့အခမ်းအနား ကျင်းပခဲ့သည့်တစ်လျှောက်လုံး ယခုလို မဖြစ်ခဲ့ဖူးပေ။ ဤသည်မှာ အဖွဲ့လိုက်တိုက်ပွဲမဟုတ်တော့ အများနှင့်တစ်ယောက် တိုက်ပွဲဖြစ်သွားလေပြီ။
မန်ဟိုက ချောင်းဟန့်လိုက်ပြီး အတန်ငယ် အပြစ်ရှိသလို ခံစားနေရတော့သည်။ သူသာ ကြက်တူရွေးကို ဤနေရာသို့ မခေါ်ခဲ့လျှင် ပြိုင်ပွဲမှာ ယခုကဲ့သို့ ဖြစ်စရာအကြောင်းမရှိသည်မဟုတ်ပါလော။
"အသားဂျယ်လီက မသေနိုင်ဘူး .... ကြက်တူရွေးက ထန်တယ်ဆိုတော့ .... နောက်မြင်ရမှာက မျိုးခြားသားရဲကြီးရဲ့ ရက်စက်တဲ့ပုံစံများ ဖြစ်နေမလား ။ အဟေး .... ထူးဆန်းတာ ဘာမှမဖြစ်သရွေ့ ကျီးကင်းထောက်မျိုးနွယ်စုတော့ ပထမနေရာရလိမ့်မယ်" မန်ဟို ဤသို့တွေးနေချိန်မှာပင် ဒေါသတကြီး ဟိန်းဟောက်သံတစ်သံအား စင်မြင့်ပေါ်မှ ရုတ်တရက် ကြားလိုက်ရသည်။ ကျီးကင်းထောက်မျိုးနွယ်စု၏ ငယ်သားများအနက်မှ တစ်ယောက်က တိုက်ခိုက်ရန် ပြေးဝင်သွားလေပြီ။
သူ့မှာ သည့်ထက်ပို၍ သည်းမခံနိုင်တော့ပေ။ သုံးကြိမ်ဆက်တိုက် လက်ချောင်းနှင့် အထိုးခံခြင်းကား တော်တော်လေး အရှက်ခွဲရာရောက်လေသည်။ သူက တစ်မျိုးနွယ်စုတည်းမှ ဖြစ်သည့်အချက်ကို လျစ်လျူရှု၍ ဒေါသတကြီးအော်ဟစ်ရင်း လူထွားကြီးထံ ပြေးဝင်သွား၏။
ကျန်ငယ်သားက သူ့ကို တားရန် ပြင်လိုက်စဥ် ရုတ်တရက် လူထွားကြီးက သူ့ဘေးသို့ လှစ်ခနဲ ရောက်လာပြီး သူ့လက်ချောင်းက ဝင်ရောက်လာ၏။
"ချီး ငါတို့က တစ်ဖွဲ့တည်းလေ မင်း.. မင်း ... မင်းနော် ...." ငယ်သားမှာ ဒေါသကြောင့် မျက်လုံးများ နီရဲသွားပြီး အသံကုန်အော်လိုက်သည်။ " ကောင်းပြီလေ သေပေတော့"
နောက်တစ်ဖန် ရွှေရောင်အကာအကွယ်အတွင်းရှိ စင်မြင်ပေါ်က တိုက်ပွဲမှာ ပြောင်းသွားပြန်လေပြီ။ ယခုတွင် လူတိုင်း လူထွားကြီး တရစပ် တိုက်ခိုက်နေကြ၏။ ဤသည်မှာ သူ့ကို တိုက်ခိုက်ရန် ပြင်နေကြသော အပြင်က မျိုးနွယ်ဝင်များ မပါသေးပေ။ သူ၏တိုက်ကွက်များမှာ အလွန့်အလွန် အရှက်မဲ့ပြီး အဆုံးအစွန်အထိ စက်ဆုပ်ဖွယ်ကောင်းလွန်းသည် မဟုတ်ပါလော။
သူတို့ဘဝတစ်လျှောက်လုံး ဤမျှအောက်တန်းကျသောလူမျိုး တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။
အခြားမျိုးနွယ်စုမှ ကျင့်ကြံသူများက ကျီးကင်းထောက်မျိုးနွယ်စုဝင်များကို လှောင်ပြောင်နေကြတော့သည်။
" ဒါက ဘိုးဘေးပူဇော်ပွဲနေ့ ပြိုင်ပွဲကွ။ ကျီးကင်းထောက်မျိုးနွယ်စု ဒီလိုငယ်သားမျိုး လက်ခံထားတယ်ဆိုတော့ ... တမင်ပြဿာရှာနေတာပဲ "
"ကျီးကင်းထောက်မျိုးနွယ်စုကြည့်ရတာ ဘယ်သူမှ ရှာမရတော့လို့ ဒီအရှက်မရှိတဲ့ကောင်ကို ခေါ်လာတာ ဖြစ်မယ် "
ကျီးကင်းထောက်မျိုးနွယ်ဝင်များမှာ မျက်နှာထားစရာမရှိတော့ပေ။ သူတို့မှာ ပြန်ပြောချင်ပါသော်လည်း ပြောစရာစကားတစ်ခွန်းမှ ရှိမနေ။ ခေါင်းကိုင်ဖခင်မှာတော့ မီးဝင်းဝင်းတောက်နေသော မျက်လုံးကြီးများဖြင့် စင်မြင့်ပေါ်က လူထွာကြီးကို စိုက်ကြည့်နေ၏။
မန်ဟို့မှာ သက်ပြင်းချပြီး ပို၍ပင် အပြစ်ရှိသလို ခံစားနေရတော့သည်။ သို့သော် သူသည် ရန်စုန့်နှင့်အခြားလူများနှင့်ပတ်သက်၍ သဲလွန်စ နည်းနည်းပါးပါးရရန် မျှော်လင့်ရင်း စင်မြင့်ပေါ်ရှိ အခြားမျိုးနွယ်များမှ ငယ်သားများကို အကဲခတ်နေ၏။
ရုတ်တရက် သူ၏ မျက်လုံးများ အမှောင်ကျီးမျိုးနွယ်စုနှင့်အတူ ရပ်နေသော ငယ်သားတစ်ယောက်အပေါ် ကျရောက်သွားသည်တွင် ဖျတ်ခနဲ လက်သွားလေသည်။ ၄င်းက ရက်စက်ကြမ်းကြုတ်မှုတို့ မျက်နှာတွင် ဖုံးလွှမ်းလျက်ရှိသော ထောင်ထောင်မောင်းမောင်း သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပင်။ မျိုးခြားသားရဲကြီး သူ့ကို တိုက်ခိုက်သောအခါ သူ့မျက်နှာက အခြားသူနှင့် ကွဲပြား၏။ သူ့မှာ အတန်ငယ်တွေဝေသွားပြီး စိတ်လွတ်သွားပုံရသည်။
ထိုပုံစံက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ဒေါသများ အစားထိုးဝင်ရောက်လာသည်။ သို့သော် ဒေါသများ သူ၏မျက်နှာကို ဖုံးလွှမ်းသွားသည့်အချိန်မှာပင် ကျီးစစ်သည်မျိုးနွယ်စုမှ ငယ်သားတစ်ယောက်သည် ရုတ်တရက် မျိုးခြားသားရဲကြီးထံ ပြေးလိုက်လေ၏။
မန်ဟို မျက်မှောင်ကြုတ်သွားသည်။ ဤအဖြစ်အပျက်အပေါ် အခြေံခံ၍ ဤနှစ်ယောက်က ဘယ်သူလဲ သူပြောနိုင်သည်။ " မိုလီနဲ့ လူထူးဆန်းဝမ်"
ဟိန်းဟောက်နေသော လူပုံစံမျိုးခြားသားရဲကြီးမှာ ယခုတွင် အဝိုင်းခံလိုက်ရလေပြီ။
"မျိုးလေး မင်းအလှည့်ရောက်ပြီ" ရုတ်တရက် လူထွားကြီး၏တစ်ကိုယ်လုံး တုန်ရီသွားသည်။ ဤအခိုက်အတန့်တွင် ဝိုင်းထားသောငယ်သားများအားလုံး ပြိုင်တူတိုက်ခိုက်လိုက်ကြ၏။
ဝုန်းခနဲ ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။ စောင့်ကြည့်နေကြသူအားလုံး၏ အမြင်အရ လူထွားကြီး ဘယ်နည်းနှင့်မှ မသေဘဲ မနေနိုင်ပေ။ မန်ဟိုသာလျှင် သက်ပြင်းချလိုက်သည်။ မျိုးခြားသားရဲကြီး လာနေပြီဖြစ်ကြောင်း သူသိလေသည်။
ပဲ့တင်ထပ်နေသော ပေါက်ကွဲသံကြီးအတွင်းတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ မာန်သွင်းကြုံးဝါးသံကြီး ရုတ်တရက် ထိုးထွက်လာသည်။ ကြုံးဝါးသံကြီး၏ ပြင်းအားက စင်မြင်ပေါ်ရှိ အရပ်မျက်နှာအားလုံးသို့ လှိုင်းများ ရိုက်ခတ်သွားသော တိုက်ကွက်ကြီး ဖြစ်သွားသည်။ ဤတိုက်ကွက်က မျိုးနွယ်စုငါးစုမှ ပွဲကြည့်ပရိသတ်ကြီးကို အသက်ရှူရပ်ပြီး မှင်သက်သွားစေတော့သည်။
သူတို့မြင်လိုက်ရသည်မှာ လူထွားကြီးကို တိုက်ခိုက်နေသည့် ငယ်သားအားလုံး အံ့သြမယုံနိုင်သောမျက်နှာထားများဖြင့် လွင့်ထွက်သွားကြသည်ကိုပင်။
သေမည်ဟု ထင်ထားခဲ့သော လူထွားကြီးကား မျက်လုံးများ နီရဲတောက်နေပြီး ဆံနွယ်တို့ လေတွင် မျောလွင့်နေလျက် ရက်စက်ကြမ်းကြုတ်သောဟန်ဖြင့် ရပ်နေချေသည်။ သူက ခေါင်းကို မော့ထားပြီး ကမ္ဘာသစ်မိစ္ဆာတစ်ကောင်၏ ဒေါသတို့ဖြင့် ဟိန်းဟောက်လိုက်၏။
သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ ဖြစ်သွားပြီး အခြားအဖွဲ့မှ ငယ်သားတစ်ယောက်၏ ဘေးတွင် ပြန်ပေါ်လာသည်။ သူ၏လက်များက ထူးဆန်းသောအနေအထားဖြင့် ဆန့်ထွက်လာပြီး ပြေးပေါက်ပိတ်နေသော ငယ်သားကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် စုတ်ဖြဲပစ်လိုက်၏။
ကျင့်ကြံသူ၏ခန္ဓာကိုယ်မှာ နှစ်ပိုင်းတိတိ ဖြဲခံလိုက်သဖြင့် သွေးပျက်ချောက်ချားဖွယ် အော်သံကြီး ပျံ့လွင့်လာတော့သည်။ သွေးများက တပေါက်ပေါက် ရွာကျလာပြီး လူထွားကြီး၏ ခန္ဓာကိုယ်ကား ရိပ်ခနဲ ဖြစ်သွားပြန်လေပြီ။
မချိမဆန့်အော်သံများ ဆူညံသွား၏။ သွေးသံရဲရဲ ဖြစ်နေသော အနိဋ္ဌာအာရုံမြင်ကွင်းက မျိုးနွယ်စုငါးစုကို ဆွံ့အမှင်စ
သက်သွားစေသည်။ သူတို့မှာ မျက်လုံးများပြူး၍ အသက်ရှူသံများ မြန်လာကြသည်။
တခဏလေးနှင့် လူသုံးယောက် သေသွားပြီဖြစ်၏။ လူထွားကြီးမှာ ပြိုင်ဘက်ကင်းသော နတ်စစ်သည်တော်ကြီးတစ်ပါးအလားပင်။ သူ့အနားချဥ်းကပ်သွားခြင်းက သေမင်းအနားကပ်သွားသည်နှင့်တူသည်။
"အရှုံးပေးတယ်" လူထွားကြီး ချဥ်းကပ်လာနေသည်ကို မြင်လိုက်သဖြင့် ကျီးမီးတောက်မျိုးနွယ်စုမှ ငယ်သားတစ်ယောက်က ပြောသည်။ သူ၏ တုန်ရီနေသော ခန္ဓာကိုယ်မှာ ရုတ်တရက် ရွှေရောင်အကာအကွယ်အတွင်းမှ ပျောက်ကွယ်ကာ တိုက်ခိုက်ရာကွင်းပြင်မှ ထွက်သွား၏။
" အရှုံးပေးတယ် "
"အရှုံးပေးတယ်" အသံတစ်သံပြီးတစ်သံ ထွက်လာသော်လည်း အပြောနောက်ကျသွားသူများမှာ ရက်စက်သောလူထွားကြီး၏ စုတ်ဖြဲခြင်းခံလိုက်ရသည်။
"အရှုံး ... " ကျီးစစ်သည်မျိုးနွယ်စုမှ ငယ်သားတစ်ယောက် စကားစရုံရှိသေးသည်၊ လူပုံစံမျိုးခြားသားရဲကြီးကား သူ့အရှေ့တည့်တည့်တွင် ပေါ်လာလေပြီ။ မျိုးခြားသားရဲကြီးက ပါးစပ်ကြီးဟပြီး ထိုငယ်သား၏ လည်ပင်းကို ကိုက်ချလိုက်ရာ သူ၏စကားလုံးများက စူးစူးဝါးဝါးအော်သံကြီး ဖြစ်သွားတော့သည်။
စင်မြင့်ပေါ်တွင် လူထွားကြီးကလွဲ၍ ပြောင်ရှင်းသွားရန် တခဏသာ ကြာလိုက်သည်။ သူက ရက်စက်ကြမ်းကြုတ်စွာ ရပ်လျက် ပတ်ပတ်လည်ကို ကြည့်ရင်း ပြောသည်။
" ကျီးကင်းထောက်မျိုးနွယ်စု ငါမင်းတို့အတွက် ပထမနေရာ သိမ်းပိုက်ပေးပြီပြီ။ အခု ငါ့ကို ကံကြမ္မာရေကန်ပေးတော့ "
ကျီးကင်းထောက်မျိုးနွယ်ဝင်များမှာ ချာချာလည်နေကြလေပြီ။ မိုးနတ်ဆရာမကြီးမှာ အသက်မနည်းရှူနေရပြီး အကြီးအကဲသည်လည်း မျက်လုံးပြူးနေသည်။ ခေါင်းကိုင်ဖခင်မှာမူ မျက်လုံးများ တောက်ပလာပြီး တဟားဟားရယ်တော့သည်။
"ဖြစ်စေရမှာပေါ့" သူကပြော၏။ "တာအိုရောင်ရင်း ကံကြမ္မာရေကန်မှာ တစ်နေရာရသွားပါပြီ "
လူထွားကြီးက ခေါင်းကိုင်ဖခင်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ သူက ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ့ခန္ဓာကိုယ်သည် ရိပ်ခနဲဖြစ်သွားပြီး ရွှေရောင်အကာအကွယ်ထဲမှ ထွက်သွား၏။ သူပြန်ပေါ်လာသောအခါ ပတ်ဝန်းကျင်ရှိ မျိုးနွယ်ဝင်များအားလုံး နောက်ရှဲသွားကြပြီး သူ့ကိုနေရာပေးလိုက်သည်။ သူတို့မှာ ရင်တဒိန်းဒိန်းခုန်နေကြ၏။ လူထွားကြီး အနားရောက်လာအခါ သူသည် မန်ဟို့အကြည့်ကို တမင်ရှောင်နေသည့်အလားပင်။
အသက်ဆယ်ရှိုက်လောက်ကြာသည်အထိ အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေသည်။ နောက်ဆုံးတွင် ကျီးသူရဲကောင်းမျိုးနွယ်စုမှ ခက်ထန်သောအသံတစ်သံထွက်လာ၏။
" ဒုတိယတိုက်ပွဲ မိစ္ဆာသားရဲသခင်ပြိုင်ပွဲ "
မန်ဟို ခေါင်းမော့လိုက်သည်။
***