အဲ့ဒီအစွယ်တွေကို ချိုးပစ်လိုက်
Vol. 30 Ch. 420
"နှမြောစရာပဲ" မန်ဟိုက တွေးသည်။ "မိုလီနဲ့ လူထူးဆန်းဝမ်ကိုပဲ သိလိုက်တယ် ရန်စုန့်နဲ့ လီထျန်းကို မသိလိုက်ရဘူး"
"မဟာအကြီးအကဲမန်"အဆင့် (၇) မိစ္ဆာသားရဲသခင် မိုဇီက ဆရာကြီးဟန်ဖြင့် ပြောသည်။ " ခင်ဗျား ဂရုစိုက်ဖို့ လိုအပ်တယ်။ ဒါက ရှင်ခြင်းသေခြင်းတိုက်ပွဲပဲ။ အချိန်ကျလာလို့ရှိရင် 'အရှုံးပေးတယ်' ဆိုတဲ့စကားကို အချိန်မှီပြောနိုင်ပါစေလို့ ဆုတောင်းပါတယ်" သူက မန်ဟို့ကို ဘုကြည့်ကြည့်ရင်း ဘေးမှ ဖြတ်လျှောက်သွား၏။
သားအဖနှစ်ယောက် ရွှေရောင်အကာအကွယ်အတွင်းသို့ ဝင်ရောက်သွားစဥ် မန်ဟို့အမူအရာကတော့ ပကတိ အေးဆေးတည်ငြိမ်လျက်သာ။ မှန်ပါသည်၊ ယင်းက မန်ဟို့စရိုက်ပင်။ ငြိမ်နေလေလေ၊ လူသတ်ချင်နေလေလေဆိုသော စရိုက်။
ပြိုင်ဘက်များက အစွယ်ထုတ်ပြခဲ့ပြီဖြစ်ရာ ထိုအစွယ်တို့ကို ချိုးပစ်ဖို့ အချိန်ကျလေပြီ။
ဝူလင်းမှာ မန်ဟိုကို လှမ်းကြည့်ရင်း စိုးရိမ်နေပုံရသည်။ ဝူချိန်ကတော့ အရူးအမူးလေးစားသော မျက်ဝန်းများဖြင့် သူမဘေးတွင် ရပ်နေ၏။ သူသည် မန်ဟို့ကို မျက်စိမှိတ်ယုံနိုင်သည်အထိ ယုံကြည်ချက်ရှိသည်။ သူ့နှလုံးသားထဲတွင် မန်ဟို့၏ခွန်အားကား အနှိုင်းမဲ့သည်။
မန်ဟိုနှင့် မောင်မွှေးထူသည် ရွှေရောင်အကာအကွယ်ထံ တဟုန်ထိုးထွက်သွားသော အဖြူရောင်အလင်းတန်းအသွင် ပြောင်းသွား၏။ သူတို့ဝင်ရောက်လိုက်သည်နှင့် မန်ဟို့၏မျက်လုံးများ ဖျတ်ခနဲ လက်သွားသည်။ အကာအကွယ်က ရေသဖွယ် သူ၏အရေပြားကို ဖြတ်သန်းသွား၏။ ၄င်းအတွင်း၌ သစ်သားဓာတ်စွမ်းအားကို သိသိသာသာခံစားလိုက်ရလေသည်။ သူ့အနေဖြင့် ၄င်းအား ထိန်းချုပ်ရန် သစ်စိမ်းပင်အရုပ်စွမ်းအားကိုပင် အသုံးပြုနိုင်သည့်အလားပင်။
တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းအတွင်း၌ သတ္တုဓာတ်အလည်း ပါရှိနေပုံရရာ မန်ဟို အတော်လေး အံ့သြသွား၏။
မန်ဟို စင်မြင့်ပေါ် ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် အခြားမျိုးနွယ်စုလေးစုမှ မိစ္ဆာသားရဲသခင်များလည်း သုံးယောက်တစ်ဖွဲ့ ရောက်လာကြသည်။ ဂုလာ၊ အဘွားအို၊ တံငါသည်အဘိုးကြီးနှင့် အခြားသူများ။ ယခုတွင် တိုက်ပွဲဆင်နွှဲမည့် မိစ္ဆာသားရဲသခင်များအားလုံး စင်မြင့်ပေါ်တွင် ရပ်နေကြလေပြီ။ ဤအခိုက်အတန့်တွင် ...
ဂုလာက လက်ကို ဝှေ့ယမ်းလိုက်ရာ ဟိန်းဟောက်နေသော ဘီလူးရိုင်းကြီး၏ ပတ်ပတ်လည်တွင် ကမ္ဘာသစ်မိစ္ဆာတစ်ရာခန့် ပေါ်လာသဖြင့် ထစ်ချုန်းသံများက ကောင်းကင်နှင့်မြေကြီးကို တသိမ့်သိမ့် တုန်ခါသွားစေသည်။ ထိုအဖွဲ့ထဲတွင် အကန့်အသတ်မရှိသော သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည့် ဧရာမဇွမ်ဘီဝံပုလွေတစ်ကောင်အပြင် ရေနဂါးဆယ်ကောင်ကျော် ပါရှိ၏။ ဤအခြင်းအရာက ဂုလာကို အခြားသူများနှင့် ကွဲပြားသွားစေသည်။
ဘီလူးရိုင်းကြီး၏ အဆက်မပြတ် ဟိန်းသံများက ကြည့်ရှုနေသော မျိုးနွယ်စုငါးစုကို အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားစေသည်။
ထို့နောက် အဘွားအို။ သူမစီးထားသည့် မျက်လုံးတစ်လုံးနှင့် မျောက်ဝံဘီလူးကြီးက ဟိန်းဟောက်လိုက်သည်။ ကြည့်ရသရွေ့ သူမသည် လေထုအတွင်းရှိ တံခါးတစ်ချပ်ကို ဖွင့်လိုက်ပုံရ၏။ ချက်ချင်းပင် အရေအတွက်အားဖြင့် တစ်ရာနီးပါးရှိသော မျက်လုံးတစ်လုံး မိစ္ဆာမျောက်ဝံဘီလူးအုပ်တစ်အုပ် ပေါ်လာသည်။ ထိုမြင်ကွင်းက ဂုလာနည်းတူ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလေသည်။
အဖွဲ့လိုက်တိုက်ပွဲကား စတင်ပြီဖြစ်၏။
အတိတ်တုန်းက မန်ဟိုသည် အခြားသူများ စတင်လှုပ်ရှားမည်ကို အမြဲစောင့်ဆိုင်းခဲ့၏။ သို့သော် အနောက်ပိုင်းသဲကန္တာရသို့ ရောက်လာပြီးနောက်တွင် အခြေအနေမတူတော့ပေ။ သူအနေဖြင့် ပထမဆုံးစလှုပ်ရှားရပေမည်။ ထို့ပြင် သူတိုက်ခိုက်သောအခါ.... သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်ပင်။
သူ၏ပထမဆုံးပစ်မှတ်ကား အခြားမျိုးနွယ်စုများမှ မိစ္ဆာသားရဲသခင်များမဟုတ်ဘဲ မိုဇီ ဖြစ်လေသည်။
အစွယ်ထုတ်ပြတယ်ပေါ့ ။ အေး မင်း သေရမယ်
ထိုသည်က မန်ဟိုပင်။ တိုက်ခိုက်လျှင် အသတ်အဖြတ်စိတ်ဆန္ဒအပြည့်နှင့် ပြတ်ပြတ်သားသား တိုက်ခိုက်မည့် မန်ဟို။
သူက အင်္ကျီလက်စကို ခါလိုက်သည်။ ချက်ချင်းပင် မောင်မွှေးထူ၏ ခန္ဓာကိုယ်မှာ ကြီးထွားပြန့်ကားလာ၏။ သူ့ဘေးရှိ ဝံပုလွေအုပ်နှင့် လင်းနို့နက်ကြီးတို့အားလုံး အလင်းတန်းအသွင်ပြောင်းကာ မိုဇီနှင့် သူ၏ကမ္ဘာသစ်မိစ္ဆာအုပ်ထံသို့ ပြေးဝင်သွားကြသည်။
မန်ဟို၏ တိုက်ခိုက်မှုက မိုဇီကို ထိတ်လန့်သွားစေသည်။ မန်ဟိုက သူ့တစ်ယောက်တည်းကို ပထမဆုံးတိုက်ခိုက်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူ၏အစီအစဥ်မှ တိုက်ခိုက်နေစဥ်အတွင်း မန်ဟို့ကို ချုံခိုတိုက်ခိုက်ရန် ဖြစ်ခဲ့သည်။ ထိုမှသာ တစ်ယောက်ယောက် သူ့ကို စစ်ဆေးလျှင် ဆင်ခြေကောင်းကောင်းပေးနိုင်လိမ့််မည်။
ထို့ကြောင့် မန်ဟို့၏တိုက်ခိုက်မှုက သူ့ကို သတိလက်လွတ်ဖြစ်စေခဲ့ခြင်းပင်။
"သေချင်နေတာလား" သူက ဟိန်းဟောက်လိုက်သည်။ သူ့အနားရှိ ကမ္ဘာသစ်မိစ္ဆာအုပ်စုထဲမှ ရေနဂါးများက ခပ်စူးစူးတွန်ပြီး မန်ဟို့၏ကမ္ဘာသစ်မိစ္ဆာများဆီ ပြေးထွက်သွားကြလေပြီ။ ဘေးတွင် မိုဖန်းမှာ မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ရင်း ဒေါကန်နေ၏။ ထို့နောက်က ကောက်ကျစ်သောအပြုံးတစ်ခုက သူ၏မျက်နှာကို အရုပ်ဆိုးသွားစေသည်။
"မင်းတော့ သေပြီ"
တအုန်းအုန်းမြည်သံများက မိုးကောင်းကင်ထိတိုင် ချက်ချင်း ရိုက်ခတ်သွားသည်။
မန်ဟို့၏ တိုက်ခိုက်မှုက အခြားမိစ္ဆာသားရဲသခင်များကို တုန်လှုပ်သွားစေ၏။ ရွှေရောင်အကာအကွယ်၏ အပြင်ရှိ လူတိုင်းသည်လည်း မျက်လုံးအဝိုင်းသားနှင့် ကြည့်နေကြလေသည်။
"ကျီးကင်းထောက်မျိုးနွယ်စုက ဘာဖြစ်နေတာလဲဟေ....."
" နောက်ထပ်သစ္စာဖောက်ပြန်တာလား ။ ဒီလူကလည်း ဟိုတစ်ယောက်လို လူတိုင်းကို အနိုင်ယူနိုင်တဲ့အထိ အစွမ်းထက်တာပဲလား "
" ပေါက်တတ်ကရတွေ မိစ္ဆာသားရဲသခင် ထျန်ချီက အရမ်းအစွမ်းထက်တာလေ။ သူ့ကို ဘယ်တော့မှ နိုင်ကြမှာမဟုတ်ဘူး "
အခြားမျိုးနွယ်များမှ အံ့အားသင့်နေကြသော အဖွဲ့ဝင်များသည် ကျီးကင်းထောက်မျိုးနွယ်စုရှိရာသို့ တဖြေးဖြေး လှည့်ကြည့်လိုက်ကြသည်။ သူတို့မြင်လိုက်ရသည်ကား ကျီးကင်းထောက်မျိုးနွယ်ဝင်များ မှင်သက်နေကြသည်ကိုပင်။ အထူးသဖြင့် ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာမကြီးမှာလည်း ပထမတိုက်ပွဲတုန်းကကဲ့သို့ ကြက်သေသေနေ၏။
ဤအခြင်းအရာက ဆွေးနွေးငြင်းခုံမှုများအား လှုံ့ဆော်လိုက်ပြန်သည်။
"သေစမ်း တစ်ခုခုတော့ မှားနေပြီ သူတို့ပုံစံတွေကို ကြည့်ဦး"
"ပထမတစ်လှည့်ကတော့ နားလည်လို့ရပေမယ့် အဲ့ဒီလိုပဲ ထပ်ဖြစ်ပြန်တယ်ဆိုတော့ ပရိယာယ်တစ်ခုခုဖြစ်ရမယ်"
" ဟင် ... ဘာပရိယာယ်လဲ တစ်ယောက်နဲ့တစ်ယောက် သတ်ဖို့လား "
အပြင်တွင် စကားသံများ ဆက်လက်ဆူညံနေစဥ် ရွှေရောင်အကာအကွယ်ထဲတွင်တော့ မိုဇီက တဟားဟား အော်ရယ်နေချေသည်။
" မန်ဟို ငနဲလေး သေချင်နေမှတော့ ငါ့ကို အဆိုးမဆိုနဲ့ ။ ငါတို့က တစ်မျိုးနွယ်စုထဲက ငယ်သားတွေဆိုပေမယ့် မင်းတိုက်ခိုက်တဲ့ပုံကို ကြည့်ရင် နှစ်ဖက်ချွန် သူလျှိုဖြစ်လောက်တယ် ... မင်း အရှုံးပေးရင်တောင်မှ ငါမင်းကို သတ်ပစ်မယ်ကွ" မိုဇီက ရေနဂါးတစ်ဝက်နှင့်အတူ ခေါင်းနှစ်လုံး ရေနဂါးကြီးအား တိုက်ခိုက်ရန် လွှတ်လိုက်သည်။
ဝုန်းခနဲ ပေါက်ကွဲသံကြီးက ပဲ့တင်ထပ်ရိုက်ညောင်းသွားလေသည်။ မောင်မွှေးထူက ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် အဖြူရောင်အလင်းတန်းဖြစ်သည်။ လင်းနို့နက်ကြီးက ရိပ်ခနဲ ရှေ့တက်သွား၏။ ၄င်း၏ အစွယ်ချွန်ချွန်များက လက်သွားပြီး နဂါးတစ်ကောင်၏ကိုယ်မှာ ရုတ်ခြည်းရှုံ့တွသွားလေပြီ။ ၄င်းကား မချိတင်ကဲအော်ရင်း အသက်ထွက်သွား၏။
မိုဇီ ကွက်ခနဲ မျက်နှာပျက်သွားသည်။ မန်ဟိုအစွမ်းထက်ကြောင်း သူခန့်မှန်းထားပြီးဖြစ်သော်လည်း ဝံပုလွေဖြူနှင့် လင်းနို့နက်ကြီးက သည်မျှတုန်လှုပ်စရာကောင်းမည်ဟု မထင်ထားခဲ့ပေ။ အမှန်တွင် ဤလင်းနို့မှာ တစ်ချိန်က သူ့အပိုင်ဖြစ်ခဲ့သည်ကိုပင် မယုံနိုင်ဖြစ်နေတော့သည်။ သူပြန်တွေးကြည့်ရသလောက် ၄င်း၏ပင်ကိုယ်စွမ်းရည်မှာ ရေနဂါးများနှင့်မယှဥ်နိုင်သောကြောင့် နောက်ဆုံးတွင် သူ့သားအား စောင့်ရှောက်ရန် ပေးအပ်ခဲ့ခြင်းဖြစ်၏။
မန်ဟို၏ထိန်းကျောင်းမှုအောက်ဝယ် လင်းနို့နက်ကြီးက ဤမျှ အံ့သြတုန်လှုပ်ဖွယ်ကောင်းသောစွမ်းအားကို အသုံးပြုလိမ့်မည်ဟု သူမည်သို့ထင်ထားခဲ့မည်နည်း။
"အစပဲ ရှိပါသေးတယ်" သူက အေးစက်စက်ရယ်ပြီး ပြောသည်။ "ငါ အပြင်လူတစ်ယောက်ကို ဒီလှည့်ကွက်သုံးဖို့ ကြံထားပေမယ့် မင်းကတော့ ကောင်းကောင်းလုပ်နိုင်တဲ့ပုံပဲ" ထို့နောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ချက်ချင်းပင် ဟိန်းဟောက်တွန်ကြူးနေသော ရေနဂါးရာပေါင်းများစွာ ပေါ်လာလေပြီ။ ဆယ်ကောင်ကား ခေါင်းနှစ်လုံးရေနဂါးများဖြစ်၏။
ရေနဂါးများမှ ထုတ်လွှတ်နေသော အရှိန်အဝါကို အခြားမိစ္ဆာသားရဲသခင်များ မြင်သောအခါ အံ့သြတုန်လှုပ်မှုများက သူ၏မျက်နှာကို ဖုံးလွှမ်းသွားလေသည်။ မှန်ပါသည်၊ အကာအကွယ်၏ အပြင်ဘက်ကလူများမှာ ပို၍ပင် အံ့သြနေကြ၏။
မန်ဟိုက ရေနဂါးများကို မထူးခြားသလို ကြည့်ပြီး ပြောသည်။ "မှားတယ် အစပဲရှိသေးတာမဟုတ်ဘူး အဆုံးသတ်တော့မှာ"
သူ၏လက်က မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် ဒန်တျန်နေရာအပေါ် ဖိလိုက်သည်။ ချက်ချင်းပင် သူ၏ရွှေအမြုတေတုန်ခါသွားပြီး ရှေးမိုးနဂါးပျံအမြုတေမှ ဟိန်းသံကြီးထွက်လာလေပြီ။
ဟိန်းသံကြီးကို အဖော်ပြုလျက် မီတာသုံးရာအရှည် မိုးနဂါးပျံကြီးတစ်ကောင်၏ ပုံရိပ် သူ့၏ခေါင်းအထက်တွင် ပေါ်လာ၏။ ၄င်းတွင် အချွန်အတက်များဖြင့် တောင်ပံတစ်စုံ၊ သွေးချင်းနီသော မျက်လုံးကြီးများနှင့် ရှည်လျားသောအမြီးရှိသည်။ တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါတစ်ခု ပတ်ဝန်းကျင်ကို ချက်ချင်း စိုးမိုးသွားသည်။
ရွှေရောင်အကာအကွယ်ပင်လျှင် တွန့်လိမ်ရှုံ့တွလာ၏။ မိစ္ဆာသားရဲသခင်များ ကြက်သေသေနေကြလေပြီ။
"အဲ့ဒါက ... "
"အဆင့် (၁၁) ကမ္ဘာသစ်မိစ္ဆာ။ မြတ်စွာဘုရား.... အဲ့ဒါက အဆင့် (၁၁) ကမ္ဘာသစ်မိစ္ဆာတစ်ကောင်ရဲ့ ဝိညာဥ်ပုံရိပ်ကြီးဟ"
"ဒီလိုဖိအားမျိုး.... ဒီလူ ... မဟာမိစ္ဆာသားရဲသခင်များလား "
စင့်မြင့်ပေါ်ရှိ မိစ္ဆာသားရဲသခင်များအားလုံး တုန်လှုပ်နေကြသည်။ သူတို့နှင့် သူတို့၏ ကမ္ဘာသစ်မိစ္ဆာများမှာ မိုးနဂါးပျံကြီးကို မော့ကြည့်နေစဥ် ပြင်းထန်သော အကြောက်တရားတို့ဖြင့် တဆတ်ဆတ်တုန်နေကြချေသည်။
သူတို့အားလုံးထက် အဆများစွာ သာလွန်သော ဖိအားကြီးကား ရုတ်ခြည်းဆိုသလို ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားလေပြီ။
ဤဖိအားသည် စင်မြင့်ပေါ်က ရွှေရောင်အကာအကွယ်အတွင်းရှိ အရာအားလုံးကို လွှမ်းမိုးသွား၏။ မိုးနဂါးပျံကြီး ပေါ်ထွက်လာသည့်အခိုက်အတန့်၌ မိုဇီကို ခြံရံလျက်ရှိသော ရေနဂါးအားလုံး ကြောက်လန့်တုန်ရီပြီး ငိုကြွေးမြည်တမ်းကုန်ကြသည်။
၄င်းတို့အားလုံးမှာ အပေါ်မှ သက်ရောက်နေသော ဖိအားကြီးကို မခံရပ်နိုင်တော့သည့်အလား ကတုန်ကယင်ဖြင့် နောက်ဆုတ်သွားကြ၏။ မချိတင်ကဲ အော်ဟစ်သံများအရ ၄င်းတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲထွက်တော့မည့်သယောင်ပင်။
မန်ဟိုက ခံစားချက်မဲ့စွာဖြင့် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မိုးနဂါးပျံကြီးသည် နားကွဲလုမတတ် ဟိန်းဟောက်လိုက်သဖြင့် ရွှေရောင်အကာအကွယ်ပင် တုန်ခါသွားပြီး အကာအကွယ်၏အပြင်ဘက် ကောင်းကင်မှာ မှေးမှိန်လာလေသည်။ ရှေးမိုးနဂါးပျံကြီးသည် ဝေဟင်ဘုရင်တစ်ဆူဖြစ်ပြီး ၄င်း ရေနဂါးများထံသို့ တဟုန်ထိုးထွက်သွားစဥ် ၄င်း၏မာန်မာနနှင့် ဂုဏ်သိက္ခာမှာ ထင်းလင်းပေါ်လွင်နေချေသည်။
၄င်း ဖြတ်သွားသောအခါ မည်သည့်အော်သံမှ ထွက်မလာ။ ရေနဂါးမှ မိုးနဂါးပျံကြီး၏အစားခံရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။ ခေါင်းနှစ်လုံးဖြစ်စေ တစ်လုံးဖြစ်စေ မိုးနဂါးပျံကြီး၏ ရှေ့မှောက်တွင် ၄င်းတို့မှာ အစွမ်းအစမဲ့သည်သာ။ အသက်ရှိုက်စာအနည်းငယ်အတွင်း တစ်ကောင်မကျန် အစားခံလိုက်ရလေပြီ။
မိုဇီက အံ့သြမယုံနိုင်စွာဖြင့် အလန့်တကြား အော်လိုက်သည်။ သူ့မှာ လူသေကောင်ကြီးသဖွယ် မျက်နှာဖြူဆုပ်နေပြီး နောက်သို့ ယိမ်းယိုင်သွား၏။ ထိုစဥ် မိုးနဂါးပျံကြီးက သူ့အနားရောက်လာသဖြင့် သူ့မျက်လုံးများမှာ သွေးရူးသွေးတန်းဖြစ်သွားတော့သည်။ သူသည် အသက်ဆက်ရှင်လိုသော စိတ်အဟုန်ကို ထုတ်လွှတ်လျက် ရုတ်တရက် မိုဖန်းကို ဆွဲပြီး အရှေ့ပို့လိုက်သည်။
" ငါ မိုဖန်း မိစ္ဆာသားရဲသခင်တာအိုမှာ နှစ်ပေါင်းများစွာ စိတ်ရောကိုယ်ပါ မြှုပ်နှံခဲ့တယ်။ အံ့ဖွယ်ကမ္ဘာသစ်မိစ္ဆာတွေကို ဘယ်လိုဖန်တီးရမလဲ လေ့လာရင်း ငါနှလုံးသွေးကိုတောင် အသုံးပြုခဲ့တယ်။ မန် ငနဲလေး ငါ အရှုံးပေးနိုင်ဘူး " သူက မိုးနဂါးပျံကြီး နီးကပ်လာစဥ် ကြုံးဝါးရင်း ဘယ်လက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ထို့နောက် လက်ကို သူ့သားမိုဖန်း ခေါင်းပေါ် ဖိချလိုက်၏။ မိုဖန်း၏ ပါးစပ်မှ သွေးများပန်းထွက်သွားကာ သူ့မျက်နှာပေါ်တွင် နားမလည်နိုင်သော အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။ ရုတ်တရက် သူ့ခေါင်းကား ပေါက်ကွဲသွားလေပြီ။
"ကမ္ဘာသစ်မိစ္ဆာသားရဲအသစ်တစ်ကောင် မွေးဖွားဖို့ ငါ့သားအသက်ကို ယူလော့။ ငါ့သားဝိညာဥ်ကို အသုံးပြုပြီး မိုမျိုးနွယ်စုရဲ့ မိစ္ဆာသားရဲသခင်အမွေအနှစ် ခေါင်းရှစ်လုံးမိုနဂါးကို ဆင့်ခေါ်တယ်"
မိုဖန်းအလောင်းကြီးတုန်သွားပြီး ဟိန်းသံကြီး ကြားလိုက်ရသည်။ ရုတ်တရက် အထဲမှ ရေနဂါးတစ်ကောင်၏ ခေါင်းနက်ကြီး ထွက်လာ၏။ ၄င်းက လေပေါ်ပျံတက်လာသည်။
တစ် နှစ် သုံး ... မိုဖန်း၏ ကိုယ်အတွင်းမှ ခေါင်းရှစ်လုံး ထွက်လာရန် တခဏသာ ကြာလိုက်လေသည်။
***