← Chapters

ငါးမျှားကြိုး

Vol. 30 Ch. 421

ငါးမျှားကြိုး

Vol. 30 Ch. 421

မိုဖန်း၏ ခန္ဓာကိုယ်ကား အစိတ်စိတ်အမြွှာအမြွှာပေါက်ကွဲသွား၏။ သို့သော် သူ၏ အသားအတုံးအတစ် သွေးအကျိအချွဲများမှာ ပျောက်ကွယ်မသွားဘဲ ခဲလာသည်။ မျက်စိတစ်မှတ်အတွင်း ၄င်းက ရေနဂါးခေါင်းရှစ်လုံး ဖြစ်သွားသည်။ ထို့နောက် တခဏကြာသော် မိုဇီအရှေ့တွင် မီတာသုံးရာအရှည် ခေါင်းရှစ်လုံးရေနဂါးကြီး ရှိနေလေပြီ။

မိုဇီက ခေါင်းနောက်လှန်ကာ အားကုန်ဟစ်ကြွေးလိုက်သည်။ သူ၏မျက်လုံးများမှာလည်း ရဲရဲနီလျက်ရှိ၏။ သူ့အရှေ့ရှိ ရေနဂါးကြီးက ဟိန်းဟောက်ရင်း လာနေသော မိုးနဂါးပျံကြီးထံ ​​ပြေးဝင်သွားသည်။

"သတ်ပစ်" မိုဇီက သွေးရူးသွေးတန်းအော်သည်။

ခေါင်းရှစ်လုံးရေနဂါးကြီးသည် သာမန်ရေနဂါးတစ်ကောင်နှင့် များစွာခြားနား သည့်တိုင် မိုးနဂါးပျံကြီးထံမှ ထုတ်လွှတ်နေသော ဖိအားကို ခံနိုင်သည်ဆိုရုံသာ ရှိ၏။ ၄င်းက မိုးနဂါးပျံကြီးကို ဝင်တိုက်လိုက်သည်။

မန်ဟိုက အေးအေးဆေးဆေး ကြည့်နေသည်။ ပတ်ဝန်းကျင်ရှိ မိစ္ဆာသားရဲသခင်များမှာတော့ အံ့သြတုန်လှုပ်မှုများဖြင့် မြင်ကွင်းကို ကြည့်ရှုနေကြလေသည်။ ရွှေရောင်အကာအကွယ်၏အပြင်ရှိ မျိုးနွယ်စုငါးစုမှ အဖွဲ့သားများမှာ ရင်ခုန်စိတ်လှုပ်ရှားနေကြ၏။ သူတို့အားလုံး ဤနဂါးနှစ်ကောင်တိုက်ပွဲ စိတ်ဝင်တစား ကြည့်လေကြလေသည်။

ဘုန်းခနဲ ပေါက်ကွဲသံကြီးက မချိတင်ကဲအော်သံနှင့်တကွ ကောင်း​ကင်သို့တိုင် ရိုက်ညောင်းသွားလေပြီ။ မိုးနဂါးပျံကြီးက ရေနဂါးကြီး၏ ခေါင်းရှစ်လုံးအနက် သုံးလုံးကို ကိုက်ဝါးမြိုချလိုက်သဖြင့် ၄င်းတို့အားလုံး သွေးမြူငွေ့များ ဖြစ်သွားသည်။ ကျန်ငါးခေါင်းက သွေးရူးသွေးတန်း အော်ဟစ်ပြီး မိုးနဂါးပျံကြီးကို ကိုက်ရန် ကြိုးစား၏။ မိုးနဂါးပျံကြီးက မိုးကောင်းကင်ကို မျက်နှာမူ၍ ဟိန်းဟောက်လိုက်သည်။ အသံကြီးမှာ ၄င်း၏ဂုဏ်သိက္ခာ ထိပါးစော်ကားခံလိုက်ရသံ ပေါက်နေချေသည်။ ၄င်း၏ ခန္ဓာကိုယ်ကြီးသည် မီတာရာပေါင်းများစွာ ရှိသည့်တိုင်အောင် ကြီးသထက်ကြီးလာ၏။ ထို့နောက် ၄င်းသည် ရေနဂါးကြီးကို နောက်တစ်ဖန် ဝင်တိုက်လိုက်ပြန်သည်။

အလွန်ကြီးမားသော ပေါက်ကွဲမှုကြီး ရိုက်ခတ်သွားသဖြင့် အရာအားလုံး သိမ့်သိမ့်တုန်သွားလေသည်။ ရေနဂါးကြီး၏ ကျန်ခေါင်းအားလုံး စူးစူးဝါးဝါးအော်လိုက်ကြပြီး တစ်ကိုယ်လုံး တုန်ယင်လာ၏။ ကြောက်ရွံသွားသောအရိပ်အယောင်များ ၄င်း၏မျက်နှာပေါ်တွင် ထင်ဟပ်လာပြီး နောက်ဆုတ်ရန် ပြင်လိုက်စဥ်မှာပင် အုန်းခနဲ ပေါက်ကွဲသံကြီးတစ်သံ ကြားလိုက်ရသည်။ ရေနဂါးတစ်ကောင်လုံး အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားလေပြီ။ မိုးနဂါးပျံကြီးက အသားအတုံးများ၊ သွေးများကို စုပ်ယူပြီး တစ်လုပ်တည်း မြိုချလိုက်သည်။

မိုဇီ လိပ်ပြာလွင့်မတတ် ကြောက်နေချေပြီ။ သူ့မှာ မူးဝေစွာဖြင့် နောက်ဆုတ်လိုက်၏။

"အရှုံးပေးတယ်" သူက အရှက်ပင်မငဲ့နိုင်တော့ဘဲ ကြောက်လန့်တကြား အော်သည်။ ဤသေရေးရှင်ရေးအခိုက်အတန့်တွင် ရွှေရောင်အကာအကွယ်မှ အလင်းမျှင်တစ်မျှင်က သူ့ကို စင်မြင့်အပြင်သို့ ထုတ်ရန် ပြင်ရင်း သူ့ဆီ မျောလွင့်လာသည်။

မိုးနဂါးပျံကြီးက ထပ်မံဟိန်းဟောက်လိုက်ပြန်သည်။ ရုတ်တရက် မီးတောက်များက ၄င်း၏ခန္ဓာကိုယ်အား လောင်ကျွမ်း​ပြာချပစ်တော့မည့်အလား ထွက်ပေါ်လာ၏။ မီးတောက်များ တဟုန်းဟုန်းတောက်လောင်နေစဥ် မိုးနဂါးပျံကြီးက မိုဇီထံ ပြေးဝင်းသွားသည်။ မိုဇီ ရွှေရောင်အကာအကွယ်အပြင်သို့ ထုတ်ခံရတော့မည့်အချိန် မိုးနးဂါးပျံကြီးက ရွှေရောင်အလင်းအား ဝင်တိုက်ကာ ဟန့်တားလိုက်သည်။

"မန်ဟို လူသတ်ချင်ရင် ဘယ်သူ့မှ မနှောင့်ယှက်နိုင်ဘူး " မန်ဟိုက အေးစက်စက်​ပြော၏။ သူက ညာလက်ချောင်းကို ဖြေးညင်းစွာ မြှောက်လိုက်သည်။ ချက်ချင်းပင် သစ်စိမ်းပင်တစ်ပင်၏ ပုံရိပ်သည် သူ့နဖူးပေါ်တွင် ထင်ရှားလာ၏။ သစ်သားဓာတ်စွမ်းအားများ တလိပ်လိပ် ထွက်ပေါ်လာကာ မန်ဟို့လက်ညှိုးညွှန်ရာအတိုင်း ရွှေရောင်အကာအကွယ်ဆီသို့ ​တဟုန်ထိုးထွက်သွားသည်။

ရွှေရောင်အလင်းသည် သစ်သားနှင့်သတ္တုဓာတ်စွမ်းအင်တို့ဖြင့် ဖွဲ့စည်းထားသည်ဖြစ်၍ သစ်စိမ်းပင်စွမ်းအားက ၄င်းကို ပုံပျက်ရှုံ့တွလာစေသည်။ မိုးနဂါးပျံကြီးက လည်ဆန့်လိုက်သည်။ မိုဇီ လွတ်ပြီတွေးပြီး သက်ပြင်းချတော့မည့်အချိန်မှာပင် အရာအားလုံးမှောင်မိုက်သွား၏။

အဘယ်ကြောင့်ဆိုသော် .... မိုးနဂါးပျံကြီးက သူ့ကို လှမ်းဟပ်လိုက်၍ပင်။

တဂျွတ်ဂျွတ်ဝါးသံများက မိုဇီ၏ စူးစူးဝါးဝါးအော်သံကြီးကို ဖြတ်တောက်လိုက်သည်။ မိုဇီ၏ အပေါ်တစ်ပိုင်းလုံံး မိုးနဂါးပျံကြီး၏ မြိုချခံလိုက်ရလေပြီ။

ယင်းအား အစွယ်ချိုးသည်ဟု ခေါ်သည်။

မိုးနဂါးပျံကြီးသည် တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွား၏။ ချောက်ချားစရာမြင်ကွင်းကြီးက အကာအကွယ်၏ အပြင်ရှိ ကျီးနတ်မင်းမျိုးနွယ်စုငါးစုကြားတွင် ဆူညံပွက်လောရိုက်သွားစေသည်။

"သူ ..... သူက မဟာမိစ္ဆာသားရဲသခင်ပဲ"

"အဲ့ဒီနဂါး​ကြီးက.... ဘာနဂါးကြီးတုန်း။ တစ်ခါမှ မမြင်ခဲ့ဖူးပါလား"

"ဘိုးဘေးအကာအကွယ်တောင် မဟန့်တားနိုင်ဘူး။ မိုဇီ အရှုံးပေးပေမယ့် အသတ်ခံလိုက်ရသေးတယ်"

မျိုးနွယ်ဝင်အားလုံး၏အကြည့်များ မန်ဟို့အပေါ် ကျရောက်လာလေပြီ။

ကျီးကင်းထောက်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်မှာ အသက်မနည်းရှူရင်း ကြက်သေသေနေတော့သည်။ မိုးနတ်ဆရာမကြီးက ခေါင်းကိုင်ဖခင်ကို ကြည့်လိုက်ပြီး သူကလည်း သူမကို ပြန်ကြည့်သည်။ သူတို့နှစ်ယောက်လုံး တစ်ယောက်၏မျက်လုံးထဲက အံ့သြတုန်လှုပ်မှုများကို မြင်ကြရလေသည်။

နှစ်ယောက်လုံး တစ်ခုတည်းသောအရာကို တွေးနေကြ၏။ "မဟာမိစ္ဆာသားရဲသခင်။ အတိတ်တုန်းက ဒဏ်ရာရခဲ့ဖူးတယ်ဖြစ်မယ်။ အဲ့ဒါကြောင့် သူ့ကမ္ဘာသစ်မိစ္ဆာက ပုံရိပ်ယောင်အဆင့်ပဲ ရှိသေးတာ။ လက်ရှိအချိန်မှာ ပုံစံအစစ်ကို မဆင့်ခေါ်နိုင်သေးတာပဲ"

သူတို့သည်သာလျှင် ဤသို့တွေးနေခြင်းမဟုတ်။ အခြားမျိုးနွယ်စုများမှ ခေါင်းကိုင်ဖခင်များနှင့် နတ်ဆရာကြီးများလည်း ထိုနည်းတူ သုံးသပ်မိကြပုံပေါ်သည်။

ကျီးကင်းထောက်မျိုးနွယ်စုမှ အကြီးအကဲက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ၏မျက်ဝန်းများတွင် ရန်လိုမှု၊ အထင်သေးမှုတို့ မရှိတော့ပေ။ ယခုတွင် သူသည် မန်ဟို့ကို သူနှင့်အဆင့်အတန်းတူသော ပုဂ္ဂိုလ်တစ်ဦးသဖွယ် ကြည့်နေလေပြီ။

ဝူလင်းမှာ စိတ်လှုပ်ရှားမှုများကြောင့် မျက်နှာလေးနီမြန်းနေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေ၏။ မဟာအကြီးအကဲမန်က မျိုးနွယ်စုအတွင်း၌ သူမနှင့် ဝူချိန်အတွက် နေရာကောင်းရရန် မှီခိုနိုင်သော အစွမ်းထက်ဆုံးလူတစ်ယောက်ဖြစ်သည်ဟု သူမကိုယ်သူမ ထပ်မံသတိပေးလိုက်သည်။

ဝူချိန်၏ မျက်လုံးများမှာ စိတ်အားထက်သန်မှုများဖြင့် ပြည့်နေသည်။ သူ့၏အမြင်တွင်တော့ မန်ဟိုက မိုးကောင်းကင်၏ခွန်အားကြီးကို ကိုင်စွဲထားလေပြီ။ သူ့တစ်ဘဝလုံးတွင် မန်ဟို့ထက်ပို၍ ဘယ်သူ့ကိုမှ လေးစားနိုင်မည်မဟုတ်တော့။

လူပုံစံမျိုးခြားသားရဲကြီးမှာတော့ မျက်လုံးပြူးလျက် တစ်ယောက်တည်း ပွစိပွစိရေရွတ်ရင်း ရပ်နေသည်။

အခြားသူများအားလုံး၌ တူညီသောတုံ့ပြန်မှုများ ရှိကြ၏။ ရွှေရောင်အကာအကွယ်အတွင်းရှိ လူများမှာတော့ ဆိုဖွယ်မရှိတော့ပြီ။ ဂုလာသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်ဝန်းတွင် နာကျင်မှုတို့ ပြည့်နှက်နေသည်။ နောက်ဆုံးတွင်တော့ သူ့ကံကြမ္မာအားသူ လက်ခံလိုက်ပြီဖြစ်သည်။ မန်ဟို့လို အစွမ်းထက်သူတစ်ယောက်မှာ သူရန်စနိုင်သည့်လူမဟုတ်ပေ။ သူ့အတွက် လက်ခံလိုက်ရုံမှတစ်ပါး အခြားမရှိ။ သို့သော် တကယ်တော့ သူ့မှာ ပျော်လည်းပျော်နေ၏။

"သခင်လေးက ပိုလို့တောင်အစွမ်းထက်လာတာပဲ။ သူ့နောက်လိုက်တာ မကောင်းတဲ့ရွေးချယ်မှုတော့ မဟုတ်ပေဘူး" သူသည် မန်ဟို့၏ တိရိစ္ဆာန်ဥယျာဥ်မှူးဘဝထက် နည်းနည်းသာစေရန် မည်သို့အကောင်အထည်ဖော်ရမည်လဲ စဥ်းစားနေ၏။

ဤအခိုက်အတန့်တွင် လူတိုင်း အံ့သြလို့ပင်မဆုံးသေး၊ အဘွားအို၊ ဆံဖြူအဘိုးအိုနှင့် တံငါသည်ပုံစံဝတ်စားထားသည့် မိစ္ဆာသားရဲသခင်တို့အားလုံး ပြိုင်တူလှုပ်ရှားလိုက်ကြသည်။ သူတို့၏ ကမ္ဘာသစ်မိစ္ဆာများက ဟိန်းဟောက်ရင်း ပုံရိပ်ယောင်မိုးနဂါးပျံကြီး ကင်းမဲ့နေပြီဖြစ်သော မန်ဟို့ဆီသို့ ပြေးလာကြလေပြီ။

သူတို့၏မျက်လုံးများတွင် လောဘရိပ်သမ်းနေ၏။ မိစ္ဆာသားရဲသခင်များအနေဖြင့် တစ်ယောက်အကြည့်ကို တစ်ယောက် ဖတ်နိုင်ကြသည်။ မန်ဟို့၏ ပုံရိပ်ယောင်ကမ္ဘာသစ်မိစ္ဆာနဂါးနှင့် ပတ်သက်၍ တစ်ခုခုထူးဆန်းနေကြောင်း သူတို့သိသည်။ ၄င်းမှာ မပျောက်ကွယ်ခင် သိပ်ကြာကြာမတည်ရှိနိုင်ပေ။ သူတို့ မန်ဟို့ကို သတ်နိုင်လျှင် သူ၏ကမ္ဘာသစ်မိစ္ဆာများအား သူတို့ သိမ်းပိုက်နိုင်ပေမည်။

"သူက ဒဏ်ရာရနေတဲ့ မဟာမိစ္ဆာသားရဲသခင်လေးတစ်ယောက် သက်သက်ပဲ။ မဟာမိစ္ဆာသားရဲသခင်ရဲ့ အင်အားတော့ရှိပေမယ့်.... သတ်လို့မရနိုင်တဲ့ ဒဏ္ဍာရီလာ မဟာမိစ္ဆာသားရဲသခင်အစစ်တော့ မဟုတ် ဘူး"

"ဒီလို ဒဏ်ရာရနေတဲ့ မဟာမိစ္ဆာသားရဲသခင်တစ်ယောက်နဲ့ ပက်ပင်းတိုးတာ တကယ်ကံကောင်းတာပဲ"

တိုက်ခိုက်လိုက်ကြသည့်သုံးယောက်မှာ အချင်းချင်းနားလည်၍ ပြိုင်တူလှုပ်ရှားလိုက်ကြခြင်းဖြစ်သည်။ ဂုလာမှာမူ ကျီးနတ်မင်းမျိုးနွယ်စုငါးစု၏ တစ်ပိုင်းတပိုင်းဖြစ်တာ မကြာသေးပေ။ အခြားမိစ္ဆာသားရဲသခင်များက သူနှင့်သိပ်မရင်းနှီးလေရာ သူတို့၏ဆုံးဖြတ်ချက်တွင် သူ့ကို ထည့်မစဥ်းစားကြပေ။

သူတို့တိုက်ခိုက်လိုက်စဥ် မန်ဟို့၏မျက်လုံးများက အေးစက်သွားပြီး အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေတော့သည်။ သူက ညာလက်ကို ဝှေ့ယမ်းကာ မျက်လုံးမဲ့ပိုးကောင်အရုပ်ဆေးမင်ကြောင်ကို အသက်သွင်းလိုက်သည်။ ပိုးချည်များ ပျံထွက်လာပြီး သူ့ကို ဝန်းရံလိုက်သည်။

အခြားမိစ္ဆာသားရဲသခင်သုံးယောက်ထံမှ ကမ္ဘာသစ်မိစ္ဆာများ သူ့ဆီ တဟုန်ထိုးလာနေကြစဥ် မန်ဟိုကား တုပ်တုပ်မှမလှုပ်ပေ။

"အရှက်မဲ့လိုက်တာ" ဝူလင်းက ဒေါသတကြီးအော်သည်။ သူမမှာ အတော်လေး စိတ်ပူနေချေသည်။ ကျီးကင်းထောက်မျိုးနွယ်စုမှ အခြားသူများလည်း မခံမရပ်နိုင် ဖြစ်နေကြသည်။ ခေါင်းကိုင်ဖခင်၊ မိုးနတ်ဆရာမကြီးနှင့် အကြီးအကဲပင်လျှင် မန်ဟို့ကို သွားကယ်ရန် လေပေါ်ပျံတက်လိုက်ကြသည်။ ကံဆိုးစွာနှင့် အခြားမျိုးနွယ်စုမှ ခေါင်းကိုင်ဖခင်များနှင့် နတ်ဆရာကြီးများ၏ ဟန့်တားခြင်းခံလိုက်ရ၏။

ထိုစဥ် စင်မြင့်ပေါ်တွင် ဂုလာသည် ဤအဖြစ်အပျက်အလုံးစုံကို ရပ်ကြည့်နေ၏။ သူ၏မျက်နှာထားက ရိပ်ခနဲဖြစ်သွားပြီး တုံ့ဆိုင်းမနေဘဲ သူ၏ကမ္ဘာသစ်မိစ္ဆာအုပ်ကို အခြားမိစ္ဆာသားရဲသခင်သုံးဦးထံ စေလွှတ်လိုက်သည်။

ဤအရေးကြီးသော အခိုက်အတန့်တွင် မန်ဟိုရှိရာအရပ်မှ ရွှီးရွှီးရွှမ်းရွှမ်းအသံများက လေထုကို စုတ်ဖြဲလိုက်သည်။ အသံ၏အရင်းအမြစ်ကား လေကိုခွင်း၍ လျင်မြန်စွာ လည်ပတ်နေသော မျက်လုံးပိုးကောင်၏ပိုးချည်များပင်။ ရုတ်တရက် ၄င်းတို့သည် အရပ်မျက်နှာအနှံ့သို့ ဖြာထွက်၍ လာနေသော ကမ္ဘာသစ်မိစ္ဆာများကို ပိုင်းဖြတ်ကာ သွေးတိမ်တိုက်ဖြစ်သွားစေသည်။

အချိန်အနည်းငယ်ကြာသော် မန်ဟိုသည် သွေးပင်လယ်အတွင်းမှ လမ်းလျှောက်ထွက်လာ၏။ သူက သူ့ကို ယခုလေးတင် တိုက်ခိုက်ခဲ့သည့် လူသုံးယောက်ကို ကြည့်နေစဥ် ပိုးချည်များက သူ့ကို ရစ်သိုင်းလျက် ရှိသေးသည်။ ထိုသုံးယောက်မှာမူ မျက်နှာပျက်သွားကြပြီး နောက်ဆုတ်ဆုတ်သွားကြလေသည်။

ဤအခိုက်အတန့်တွင် အဘွားက ဒေါသထွက်သွား၏။ သူမ ချန်ထားခဲ့သော မျောက်ဝံဘီလူးကြီးက မန်ဟို့ကို တိုက်ခိုက်ရန် ရုတ်တရက် ပြေးထွက်သွားလေသည်။

"ဘီလူးရိုင်းကြီး" မန်ဟိုက မထူးခြားသလို ပြောလိုက်သည်။ ချက်ချင်းပင် ဘီလူးရိုင်းကြီးသည် ဟိန်းဟောက်၍ ပြေးလာ၏။ ၄င်းက မျောက်ဝံဘီလူးကြီးကို လက်ဖြင့်​​ကောက်ပြီး ရက်ရက်စက်စက် ကိုက်ချလိုက်ရာ သွေးများ ဖွားခနဲ လွင့်စင်ကုန်သည်။ မျက်လုံးတစ်လုံးမျောက်ဝံဘီလူးကြီး အော်ဟစ်နေစဥ် အဘွားအိုမျက်နှာကြီး မဲ့သွား၏။ သူမ ထွက်ပြေးရန် ကြိုးစားလိုက်စဥ် ရုတ်တရက် အဖြူရောင်အလင်းတန်းတစ်တန်း ဖျတ်ခနဲ လက်သွားသည်။ မောင်မွှေးထူသည် ခက်ထန်စူးရှသော မျက်ဝန်းများဖြင့် သူမနောက်သို့ ရောက်လာ​​လေပြီ။ သူက တုံ့ဆိုင်းမနေဘဲ သူမ၏လည်ပင်းကို ရက်ရက်စက်စက် ကိုက်ခဲလိုက်သည်။

သူမမှာ ရုန်းကန်ချင်ပါသော်လည်း လင်းနို့နက်ကြီး ပေါ်လာသည်။ ၄င်း၏အစွယ်များက သူမကိုယ်ထဲ နစ်ဝင်လာပြီး အသက်စွမ်းအားတို့ စုပ်ယူနေသဖြင့် သူမအတွက် ဆောက်တည်ရာမဲ့စွာ အော်ဟစ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ မျက်စိတစ်မှိတ်တည်းနှင့် သူမကား ခြောက်ကပ်ရှုံ့တွနေသော အလောင်းဘဝသို့ ရောက်သွားလေပြီ။

ဤသို့ ဖြစ်ပျက်နေသည့်အချိန်မှာပင် အဖြူရောင်ကြိုးကြာအပေါ်၌ ရပ်နေသည့် ဆံပင်အဘိုးကြီးက စင်မြင့်ပေါ်မှထွက်သွားရန် ရွှေရောင်အကာအကွယ်ဆီသို့ ပျံသန်းသွားသည်။ သူအပြင်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် မျက်နှာဖြူ​ဖပ်ဖြူလျော်ဖြင့် မန်ဟို့ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ဟင်းခနဲ သက်ပြင်းချလိုက်၏။

စင်မြင့်ပေါ်တွင် မန်ဟိုသည် ထိုအဘိုးကြီးကို လျစ်လျူရှုပြီး တံငါသည်အဘိုးကြီးထံ လျှောက်လာ၏။ သို့သော် တစ်ချိန်တည်းမှာပင် သူက ပြောသည်။ "ကြက်တူရွေး"

ချက်ချင်းပင် အကာအကွယ်၏အပြင်ဘက်၊ ကျီးကင်းထောက်မျိုးနွယ်ဝင်များ အကြားရှိ လူထွားကြီးက ဟိန်းဟောက်ပြီး ယခုလေးတင် ပြန်ရောက်လာသော အဘိုးကြီးထံ ပြေးဝင်သွားသည်။ ထိုလူမှာ စုတ်ဖြဲခံလိုက်သဖြင့် သူ၏ အလန့်တကြားအော်သံက မချိတင်ကဲအော်သံကြီးဖြစ်သွား၏။ အဖြူရောင်ကြိုးကြာ၏ အော်သံမှာတော့ ပို၍နားမခံသာစရာပင်။

စင်မြင့်ပေါ်တွင် အခြားအားနည်းသော မိစ္ဆာသားရဲသခင်အားလုံး ထွက်ပြေးကုန်ကြလေပြီ။ မန်ဟို၊ ဂုလာနှင့် တံငါသည်အဘိုးကြီးသာ ကျန်တော့၏။

မန်ဟို လမ်းလျှောက်လာနေစဥ် တံငါသည်အဘိုးကြီး၏မျက်နှာမှာ ဖြူဖျော့ပြီး အံ့အားသင့်နေသည်။ မန်ဟို့၏ ခြေလှမ်းများက သူ၏စိတ်နှလုံးအပေါ် တက်နင်းနေသည့်အလားပင်။ သူ့မှာ တစတစ ပြင်းထန်လာနေသော ဖိအားကို ခံစားနေရပြီး ဤအခြေအနေတွင် ထွက်ပြေးမရကြောင်း ​ကောင်း​ကောင်းသိသည်။ မန်ဟိုက ဒဏ်ရာရထားသော မဟာမိစ္ဆာသားရဲသခင်ဆိုလျှင်တောင်မှ သွားရန်စရမည့်လူ မဟုတ်သည်ကိုလည်း သိလေသည်။

သို့သော် တံငါသည်မှာ ဤအချိန်က သေရေးရှင်ရေးအခိုက်အတန့် ဖြစ်သည်ကိုလည်း သိသည်။ အသက်ရှင်ရေးအတွက် တိုက်ခိုက်လိုစိတ်သည် သူ၏မျက်လုံးများအား တောက်ပသွားစေ၏။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ကာ သူ၏တီကောင်ကြီးကို ရက်စက်သောအသံ ပြုလိုက်စေသည်။ တစ်ချိန်တည်းမှာပင် မှော်အက်ကြောင်းထဲရှိ တီကောင်များ မရေမတွက်နိုင်အောင် ပျံထွက်လာပြီး ဧရာမတီကောင်ကြီးကို ကပ်တွယ်လိုက်ကြသည်။ ယခုတွင် ၄င်းတို့က လက်တံများဖြစ်လာရာ ဧရာမတီ​​ကောင်ဘီလူးကြီးကို ပို၍ပင် ရက်စက်ကြမ်းကြုတ်သွားစေတော့သည်။

တစ်ချိန်တည်းမှာပင် တံငါသည်အဘိုးကြီးက သွေးတစ်ပွက်ထွေးပြီးနောက် လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်လိုက်သည်။

"ဂမ္ဘီရကံကြွေးမှော်ကျင့်စဥ်" သူက အော်သည်။ ချက်ချင်းပင် ဧရာမတီကောင်ကြီးက ခေါင်းကိုနှိမ့်၍ ပါးစပ်ဟကာ ကြည့်ရှုနေသူများအား တုန်လှုပ်သွားစေသော အရာတစ်ခုလုပ်လိုက်၏ ..... ၄င်းက တံငါသည်အဘိုးကြီးကို မြိုချလိုက်လေသည်။ ထို့နောက်တွင် တီကောင်ကြီး၏ခေါင်းမှာ စူထွက်လာပြီး ရုတ်တရက် တံငါသည်အဘိုးကြီး၏ မျက်နှာပေါ်လာ၏။

"ငါ မဟာမိစ္ဆာသားရဲသခင်တစ်ယောက်ကို တိုက်ခိုက်ဖို့ မမျှော်လင့်နိုင်ဘူး" သူက အော်သည်။ "ဒါပေမဲ့ ဟိုးအရင်နှစ်တွေက ငါရခဲ့တဲ့ ဒီဂမ္ဘီရကံကြွေးမှော်ကျင့်စဥ်က ငါ့ခန္ဓာကိုယ်ကို ကမ္ဘာသစ်မိစ္ဆာတစ်ကောင်နဲ့ တစ်သားတည်းဖြစ်အောင် ပေါင်းစည်းပြီး သက်ရှိဘဝအသစ်တစ်ခု ပေးနိုင်တယ်။ မင်းက မဟာမိစ္ဆာသားရဲသခင်ဆိုရင်တောင်မှ အခု ငါ့ကို တိုက်ခိုက်လို့မရဘူး"

မန်ဟို၏ အမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး သူက မကြုံစဖူး လေးနက်သွားသော မျက်နှာထားဖြင့် ​နောက်ဆုတ်လိုက်သည်။ ယခုတွင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ အပြည့်အဝလည်ပတ်နေပြီး သူ၏မျက်လုံးများက တောက်ပနေ၏။ သူကြည့်နေသည့်အရာမှာ အဘိုးကြီးမဟုတ်၊ လေပေါ်ကအရာ ဖြစ်သည်။

တကယ်တမ်း သူ့အာရုံကို ဆွဲဆောင်လိုက်သည်က .... ဂမ္ဘီရကံကြွေးမှော်ကျင့်စဥ်ပင်။

ဂမ္ဘီရကံ​​ကြွေးမှော်ကျင့်စဥ်အတွင်းတွင် ကျီမျိုးနွယ်စု၏ အရှိန်အဝါကို မန်ဟို အာရုံရလိုက်သည်။

ရုတ်တရက် အလွန်အမင်းကြီးမားလှသော ဝဲကြီးတစ်ခု ကောင်းကင်တွင် ပေါ်လာပြီး အထဲမှ ငါးမျှားကြိုးနှင့်တူသော ငွေကြိုးမျှင်တစ်မျှင် ထွက်လာ၏။ ၄င်းက တီကောင်နှင့် တစ်သားတည်းဖြစ်နေသော အဘိုးကြီးထံ ထိုးဆင်းသွားလေသည်။

ရုတ်ခြည်း အရာအားလုံး တိတ်ဆိတ်သွား၏။ အံ့သြဖွယ်ကောင်းစွာနှင့် ခေါင်းကိုင်ဖခင်များအပါအဝင် အရာအားလုံး လုံးဝကျောက်ရုပ်သဖွယ် လှုပ်ရှားမှုကင်းမဲ့သွားသည်ကို မန်ဟို သတိထားမိလိုက်သည်။ တစ်လောကလုံး ရပ်တန့်သွားသည့်အလားပင်။

ကမ္ဘာပေါ်ရှိလူတိုင်းသည် အဆိုပါ ငါးမျှားကြိုး သူတို့ကို ချိတ်၍ ခေါ်ဆောင်သွားမည်ကို စောင့်ဆိုင်းနေရသည့် စဥ်းနီတုံးပေါ်က ငါးများ ဖြစ်သွားခဲ့လေပြီ။

ကြည့်ရသရွေ့ သူတစ်ယောက်သာလျှင် ဤငွေကြိုးမျှင်ကို မြင်နိုင်စွမ်းရှိပုံပေါ်သည်။

***

All Chapters