ကံကြွေးပျက်ကိန်း
Vol. 31 Ch. 422
တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ မည်သည့်အရာမှ လှုပ်ရှားခြင်းမရှိ။ ရွှေရောင်အကာအကွယ်ပင်လျှင် ဤထာဝရတည်မြဲမှု၏ တစ်စိတ်တပိုင်း ဖြစ်လာပုံရသည်။ ၄င်းထံမှ ဖြာထွက်နေသော ရောင်စဥ်တန်းများသည်လည်း ရပ်တန့်သွားလေပြီ။
ပတ်ဝန်းကျင်ရှိ ကျီးနတ်မင်းမျိုးနွယ်စုငါးစုမှ အဖွဲ့ဝင်များအားလုံး ကျောက်ရုပ်ပမာ တုတ်တုတ်မှမလှုပ်ကြတော့ပေ။
ဧရာမတီကောင်ကြီးနှင့် ပေါင်းစည်းရန် ဂမ္ဘီရကံကြွေးမှော်ကျင့်စဥ် အသုံးပြုခဲ့သော အဘိုးကြီးပင်လျှင် ရယ်နေသောမျက်နှာထားနှင့် လေလယ်တွင် ရုပ်တုကြီးသဖွယ် တောင့်တောင့်ကြီး ဖြစ်နေသည်။
လှုပ်ရှားနိုင်သည့် အရာများမှာ မန်ဟိုနှင့် ငွေကြိုးမျှင်သာ။
အလွန်နက်နဲသောအာရုံတစ်ခု မန်ဟို့စိတ်အတွင်း၌ ပေါ်ပေါက်လာသည်။ သူ တောင်ပိုင်းဒေသမှ ထွက်ပြေးပြီး ပုန်းအောင်းနေရသည့် အဓိကအကြောင်းရင်းများထဲက တစ်ခုမှာ ကျီမျိုးနွယ်စုကြောင့်ပင်။ သို့ထိတိုင် ဤနေရာ ၊ အနောက်ပိုင်းသဲကန္တာရအပေါ်က ကောင်းကင်တွင် သူတို့ပြန်ပေါ်လာခဲ့လေပြီ။
ငွေရောင်ကြိုးမျှင် အပေါ်မှ အောက်သို့ ဝှစ်ခနဲ ကျလာစဥ် ငွေရောင်ခြည်တို့က တအိအိ မျောလွင့်လျက်ရှိသည်။ လေထုကို စုတ်ဖြဲပစ်နိုင်ပုံရသော လှိုင်းများ ရိုက်ခတ်လာ၏။ သို့သော် မန်ဟိုက ပစ်မှတ်မဟုတ်ဘဲ ကြိုးက တီကောင်အဘိုးကြီးကို ချိတ်လိုက်လေသည်။ ဤအခြင်းအရာမှာ အားလုံး၏ရှေ့မှောက်တွင် ဖြစ်ပျက်သွားသော်လည်း သူတို့မှာ မြင်နိုင်စွမ်း မရှိကြသည့်အလားပင်။
မန်ဟို၏ အသက်ရှူသံများ မြန်လာသည်။ သူ့မှာ မလှုပ်ရဲပေ။ သူသည် အခြားသူများနှင့် တစ်ထပ်တည်းတူအောင် ကြိုးစားရင်း မလှုပ်မယှက်ရပ်နေ၏။ သူ့မှာ တွေးရန်ပင် မကြိုးစားရဲပေ။
ငွေကြိုး၏ အဆုံးတွင် ချိတ်တစ်ချိတ်ကို သူမြင်ရသည်။ ချိတ်သည် လောလောဆယ်တွင် တီကောင်ကြီး၏ကိုယ်ကို အလွယ်တကူ ဖောက်ဝင်သွား၏။ တီကောင်အဘိုးကြီးမှာ ယခုတွင် ငါးမြှားချိတ်ပေါ်က ငါးစာအတိုင်းပင်....
မန်ဟို ချာချာလည်မူးဝေနေပြီး ရင်တဒိန်းဒိန်းခုန်လာသည်။
"အဲ့ဒါ ကြိုးမျှင်မဟုတ်ဘူး ငါးမျှားတဲ့နေရာမှာသုံးတဲ့ ငါးမျှားကြိုးပဲ" မန်ဟိုမှာ မလှုပ်မယှက် နေနေသော်လည်း ဖြစ်ပျက်နေသမျှအရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ တီကောင်အဘိုးကြီး ချိတ်နှင့် ချိတ်ပြီးနောက်တွင် ကောင်းကင်ထံသို့ ဆတ်ခနဲ ဆောင့်ဆွဲခံလိုက်ရသည်။
ရုတ်တရက် ငါးမျှားကြိုးလာရာမှ ရှေးဆန်သော အသံကြီးတစ်သံ ကြားလိုက်ရ၏။ ၄င်းက အေးဆေးသော လေသံနှင့် ပြောသည်။ "ဆိုတော့ အနောက်တိုင်းသဲကန္တာရမှာ ဂမ္ဘီရကံကြွေးမှော်ကျင့်စဥ်ကို ကျင့်ကြံတဲ့သူ ရှိနေတာပဲ။ မင်းကို ငါးစာလုပ်ရင်ကောင်းမလား ဟမ်။ ဒါဆို ငါ ငါးသွားမျှားရင် သုံးလို့ရမယ်ထင်တယ်။ အနောက်ပိုင်းသဲကန္တာရက ငါးအကြီးကြီးတစ်ကောင်လောက် ဖမ်းမိရင် မိလောက်မှာ။ မင်းက အခု ငါးစာဖြစ်သွားပြီဆိုတော့ ကံကြွေးအတွက် မလိုအပ်တော့ဘူး"
အသံပဲ့တင်ထပ်နေစဥ် မန်ဟိုမှာ လူတိုင်း၏ကိုယ်များနှင့် ချိတ်ဆက်နေသော အမျှင်များကို ရုတ်တရက် မြင်လိုက်ရသဖြင့် အံ့အားမှင်သက်သွားလေသည်။ ၄င်းတို့သည် ဝိုးတိုးဝါးတားနှင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး ၄င်းကိုယ်တိုင်၌ ကံတရားပါရှိနေသယောင်ပင်။ သေသေချာချာကြည့်လျှင် အဆိုပါအမျှင်အားလုံးကား တစ်မျှင်နှင့်တစ်မျှင် ဆက်သွယ်လျက်ရှိ၏။
ကမ္ဘာသစ်မိစ္ဆာများဖြစ်စေ၊ ကျင့်ကြံသူများဖြစ်စေ၊ မြစ်ချောင်းအင်းအိုင်တောင်တန်းပင် အပါအဝင် ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ဤအမျှင်များစွာဖြင့် ပြည့်နှက်နေ၏။ ၄င်းတို့က ဖြာထွက်၍ လေလယ်ရှိ တီကောင်ကြီးနှင့်ပင် ဆက်သွယ်နေသည်။ လူတိုင်း၊ အရာဝတ္ထုတိုင်း ဧရာမသက်ရှိပင့်ကူအိမ်ကြီးသဖွယ် အတူတူ ချိတ်ဆက်လျက်ရှိသည်။
မြင်တွေ့ခဲ့သမျှ ၊ မှတ်မိခဲ့သမျှ အရာအားလုံးက ကံကြွေးမျှင်များကို ပေါင်းစည်းပြီး အရာရာတိုင်းနှင့် ချိတ်ဆက်သွားစေခြင်း ဖြစ်သည်။
"ဒါ့ကြောင့် မင်းရဲ့ ကံကြွေးကို အဆုံးသတ်ပစ်ရမယ်" ကောင်းကင်ထဲရှိ ရှေးဆန်သော အသံကြီးက ပြောသည်။ ရုတ်တရက် တီကောင်ကြီးနှင့် တွယ်ဆက်နေသော အမျှင်များအားလုံး လွင့်စင်ပြိုကွဲလာကာ ဖျက်စီးခံလိုက်ရသည်ကို မန်ဟိုမြင်လိုက်ရ၏။
ဤကံမျှင်များ ဖြတ်တောက်ခံရလိုက်သဖြင့် ၄င်းက ကွင်းဆက်တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်သွားစေသည်။ ရေမြေတောတောင်မြစ်ချောင်း၊ ကမ္ဘာသစ်မိစ္ဆာများ၊ ကျင့်ကြံသူများနှင့် ချိတ်ဆက်နေသော အမျှင်များအားလုံး .... စတင်တုန်ခါလာသည်။
မန်ဟို့အတွက် ပို၍ပင် အံ့သြစရာကောင်းသည်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံး တုန်ရီလာကြပြီး မျက်နှာများ ဖြူဖပ်သွားခြင်းပင်။ သူတို့နှင့် တီကောင်ကြီးအကြား ဆက်စပ်နေသော အမျှင်များအားလုံး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲလာသည်။ အားလုံးနှင့် ချိတ်ဆက်နေသော အမျှင်အလုံးစုံတော့မဟုတ်၊ တီကောင်အဘိုးကြီး၏ တည်ရှိမှုနှင့်စပ်လျဥ်းသော မှတ်ဉာဏ်များသော်လည်းကောင်း၊ ပတ်သက်မှုများသော်လည်ကောင်း ပျက်စီးနေလေပြီ။
ယခုတွင် ကံညီမျှမှု နှောင့်ယှက်ခံလိုက်ရပုံပေါ်၏။ မျိုးစေ့ချပြီးသော ကံတရားကို အတင်းအဓမ္မ ဖယ်ရှားခြင်းက ဖြစ်တည်မှုအားလုံး၏ ကံတရားအပေါ် သက်ရောက်မှုရှိလေသည်။
ဤအခိုက်အတန့်တွင် မန်ဟို့၏စိတ် တုန်ရီလာသည်။ သူ့ခန္ဓာကိုယ်နှင့် ချိတ်ဆက်နေသော အမျှင်များ တုန်ခါလာပြီး ပျက်စီးတော့မည့်ပုံပေါ်သည်ကို သူ ယခုလေးတင် သတိထားမိလိုက်၏။ စကားလုံးများဖြင့် ဖော်ပြ၍ မတတ်နိုင်သော ဖိအားကြီးတစ်ခုသည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့နေသယောင်ပင်။ တီကောင်အဘိုးကြီးနှင့်ပတ်သက်သမျှ မှတ်ဉာဏ်အလုံးစုံ လုံးဝဖယ်ရှားခံနေရသည့်ပုံပေါ်သည်။
သူ မူးဝေနေသည့်အချိန်မှာပင် သိုလှောင်အိတ်အတွင်းရှိ မိစ္ဆာချုပ်နှောင်ကျောက်စိမ်း ရုတ်တရက် တုန်ခါလာသည်။ နူးညံ့နွေးထွေးသော စွမ်းအားတစ်ရပ်က ၄င်းထံမှ ထွက်လာကာ မန်ဟို့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ မန်ဟိုနှင့်ချိတ်ဆက်နေသော အမျှင်များမှာ ပျက်စီးနေပုံပေါ်သော်လည်း အမှန်တော့ ထိုကြီးမားသောစွမ်းအားက သူ့ကို လွှမ်းခြုံလိုက်သည့်အတွက် တီကောင်အဘိုးကြီး၏မှတ်ဉာဏ်များ ဖယ်ရှားမခံရတော့ပေ။
ရုတ်တရက် အပေါ်ရှိ တီကောင်ကြီးမှာ ကောင်းကင်သို့ ထိုးတက်သွားသော အလင်းတန်းအသွင်ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။
နောက်ဆုံးတွင် ရပ်တန်နေခဲ့သော ကမ္ဘာကား ပြန်လည် သက်ဝင်လှုပ်ရှားလာလေပြီ။
အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသဖြင့် ... လူတိုင်း တုန်ရီသွား၏။
ရွှေရောင်အလင်းသည် နောက်တစ်ဖန် စင်မြင့်၏ပတ်ပတ်လည်တွင် ဖြစ်တည်လာသည်။ ဂုလာ၏ တွေဝေနေသော မျက်နှာထားတွင် ပျော်ရွှင်မှုတို့ အစားထိုးဝင်ရောက်လာသည်။ သူက အသံအကျယ်ကြီးဖြင့် အရှုံးပေးကြောင်း ထွက်ဆိုပြီးနောက် ရွှေရောင်အလင်းက သူ့ကို လွှမ်းခြုံကာ စင်မြင့်အပြင်သို့ ဆွဲထုတ်သွား၏။
သူ့မှတ်ဉာဏ်ထဲတွင် တံငါသည်အဘိုးကြီးနှင့် ပတ်သက်သည့် အရာတစ်ခုမှ ရှိမနေ။ မန်ဟို အခြားမိစ္ဆာသားရဲသခင်များအား အပြတ်အသတ် အနိုင်ရရှိသွားသည်ကိုသာ သူမှတ်မိလေသည်။
ရွှေရောင်အကာအကွယ်၏အပြင်ရှိ မျိုးနွယ်စုငါးစု၏ ခေါင်းကိုင်ဖခင်များအားလုံး ပြန်လည်နိုးကြားလာကြလေပြီ။ သူတို့သည် မန်ဟို့ကို မတူညီသောအမူအရာများဖြင့် စိုက်ကြည့်နေကြ၏။ သူတို့မှတ်ဉာဏ်ထဲတွင်လည်း တံငါသည်အဘိုးကြီးအကြောင်းတစ်စုံတရာမှ ရှိမနေ။ တံငါသည်အဘိုးကြီးကား ... ဘယ်တုန်းကမှ မတည်ရှိခဲ့သည့်အလားပင်။
"ကျီးကင်းထောက်မျိုးနွယ်စုက မဟာမိစ္ဆာသားရဲသခင်ကို ခေါ်ထားတာလား"
"ကျီးကင်းထောက်မျိုးနွယ်စုတော့ ဒီဘိုးဘေးပူဇော်ပွဲနေ့ပြိုင်ပွဲအတွက် တော်တော်လေးအကုန်အကျခံထားတာ ဖြစ်မယ်။ မဟုတ်ရင် မဟာမိစ္ဆာသားရဲသခင်တစ်ယောက်ကို သူတို့အတွက် အလုပ်လုပ်ပေးဖို့ ဘယ်တော့မှ စည်းရုံးလို့ရမှာမဟုတ်ဘူး"
မျိုးနွယ်စုငါးစုမှအဖွဲ့ဝင်များ၏ စကားသံများ ဆူညံနေစဥ် မန်ဟိုမှာတော့ စင်မြင့်ပေါ်တွင် မျက်နှာဖြူဖပ်ဖြူလျော်နှင့် ရပ်နေသည်။ သူမြင်မြင်သမျှလူတိုင်းမှာ စောစောကနှင့် မဆိုစလောက်လေး ခြားနားသွားခြင်းပင်မရှိပေ။ ဘယ်သူမှ စောစောက အဖြစ်အပျက်ကို သိပင်မသိသည့်ပုံပင်။
ထိုမျှသာမက သူတို့သည် တီကောင်အဘိုးကြီး လျှပ်တပြက် ပျောက်သွားသည်ကိုလည်း အံ့သြခြင်းအလျဥ်းမရှိ။ သူ့ဘဝတစ်ခုလုံး သူတို့မှတ်ဉာဏ်ထဲတွင် မရှိတော့ပုံရသည်။
အဘိုးကြီး၏ကံကြွေးမှ သက်ရောက်မှုများနှင့် အဖြစ်အပျက်အားလုံးသည် ကမ္ဘာသစ်မိစ္ဆာများ၊ တောင်တန်းများ၊ မြစ်ချောင်းများနှင့် မြေကြီးမှပင်လျှင် ဖြတ်တောက်ခံခဲ့ရလေပြီ။ သူ၏ မည်သည့်သိစိတ်မှ မကျန်ရစ်ခဲ့ပေ။
မန်ဟိုက ဘေးဘီဝဲယာကို မျက်နှာဖြူဖပ်ဖြူလျော်နှင့် ဝေ့ကြည့်လိုက်သည်။ တစ်ခါမှ မခံစားရဖူးသော ကြောက်စိတ်ကြီးက သူ့ကို စိုးမိုးနေ၏။ "အဲ့ဒါ သေခြင်းပဲ... စစ်မှန်တဲ့ သေဆုံးခြင်း။ ဘယ်တုန်းကမှ မတည်ခဲ့ဖူးသလို တွေ့ဖူးသမျှ လူတိုင်းရဲ့ မှတ်ဉာဏ်ကနေ ဖယ်ရှားခံလိုက်ရတာက .... အဲ့ဒါက .... ကျီမျိုးနွယ်စုရဲ့ ကံကြွေးမျှင်ပဲ"
ရုတ်တရက် မန်ဟိုသည် သူ၏သိုလှောင်အိတ်ထဲရှိ ကျီသားတော်တစ်ပါးကို သတ်ခဲ့တုန်းက ရရှိခဲ့သည့် ငါးမျှားတံကို သတိရလိုက်၏။ ယခုတွင် ၄င်း၏လုပ်ဆောင်ချက်ကို သူနားလည်သွားလေပြီ။
အကယ်၍ ထိုငါးမျှားကြိုးက သူ့ကို ပစ်မှတ်ထားပြီး ချိတ်ခဲ့လျှင် သူ၏တည်ရှိမှုမှာ ဤကမ္ဘာပေါ်မှ အစဖျောက်ခံလိုက်ရမည်ကိုလည်း နားလည်လိုက်၏။
"ကျီမျိုးနွယ်စု ...." မန်ဟို မျက်နှာဖြူဖျော့သွားသည်။ သူက ညာလက်ကို ဝှေ့ယမ်း၍ သူ၏ကမ္ဘာသစ်မိစ္ဆာအုပ်ကို သိမ်းကာ စင်မြင့်ပေါ်မှ လမ်းလျှောက်ထွက်လာသည်။
မန်ဟိုသည် အကြည့်များနှင့် ချီးကျူးစကားများကို အာရုံမစိုက်ပေ။ ထိုအစား သူက မျက်နှာမသာမယာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ မှန်ပါသည်၊ ဘယ်သူ့မှ သူခံစားနေရသည်ကို နားမလည်နိုင်ပေ။ ကြက်တူရွေးပင်လျှင် စောစောက အဖြစ်အပျက်ကို သတိမထားမိပုံရသည်။
ကြက်တူရွေးက အစွမ်းမထက်၍မဟုတ်ဘဲ တီကောင်အဘိုးကြီးကို အမှတ်တရထားရန်သည်အထိ ဂရုမစိုက်သောကြောင့် ဖြစ်ဟန်တူသည်။ ၄င်းက အသာတကြည် ခွင့်ပြုပေးခဲ့ပုံပင်ရ၏။
၄င်းအတွက် အရေးပါသော တစ်စုံတယောက်ကိုသာ ကံကြွေးပျက်ကိန်းက ပစ်မှတ်ထားလျှင်တော့ ခြားနားကောင်း ခြားနားသွားနိုင်သည်။
နောက်ဆုံးတွင် မန်ဟိုသည် သူ့ကို ပတ်ပတ်လည်တွင် ရပ်နေသော ကျီးနတ်မင်းမျိုးနွယ်စုငါးစုမှ အဖွဲ့သားများကို ပြန်ကြည့်လိုက်သည်။ ယခုတွင် ကျီးကင်းထောက်မျိုးနွယ်စုက ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေသို့ ပထမဆုံးဝင်ခွင့်ကို ပြတ်ပြတ်သားသား ရရှိသွားပြီဖြစ်ကြောင်း သူတို့ဝန်ခံရပေမည်။
ကျီးနတ်မင်းမျိုးနွယ်စုငါးစုသည် အထူးပညာရပ်တစ်ခုနှင့် သွေးဆက်စွမ်းအားများကို အသုံးပြုကာ ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေကို ဖွင့်လိုက်သည်။
ကျီးကင်းထောက်မျိုးနွယ်ဝင်များ ဝမ်းသာအားရ ကြွေးကြော်နေကြစဥ် ခေါင်းကိုင်ဖခင်နှင့် မိုးနတ်ဆရာမကြီးက မန်ဟို့ကို လေးလေးစားစား လက်ယှက်အရိုအသေပေးပြီး ကျေးဇူးတင်ကြောင်းပြောသည်။
ထို့နောက်တွင် မန်ဟိုနှင့်အတူ ကျီးကင်းထောက်မျိုးနွယ်ဝင်အားလုံးသည် ရောင်စုံအလင်းတန်းများ အသွင်ပြောင်းကာ ရွှေရောင်အလင်းတန်းဆီ ထွက်သွားကြ၏။ အရှေ့ရှိ စင်မြင့်သည် တစတစမှေးမှိန်ပျောက်ကွယ်လာပြီး တဖြေးဖြေး ပွင့်လာနေသော ဧရာမတံခါးကြီးနှစ်ချပ်၏ အစားထိုးခြင်းခံလိုက်ရသည်။
တံခါးများအရှေ့တွင် ခေါင်းကိုင်ဖခင်က မန်ဟိုနှင့် လူပုံစံမျိုးခြားသားရဲကြီးကို လက်ယှက်အရိုအသေပေးသည်။ " ကျေးဇူးအများကြီးတင်ပါတယ် မဟာအကြီးအကဲမန်နဲ့ တာအိုရောင်ရင်းမျိုး။ ကတိပေးထားတဲ့အတိုင်း မျိုးနွယ်ဝင်တွေနဲ့အတူ ကံကြမ္မာရေကန်ကို ဝင်လို့ရပါပြီ "
မန်ဟိုက ပွင့်လာနေသောတံခါးများကို ကြည့်ရင်း အာရုံထွေပြားစွာနှင့် ခေါင်းညိတ်လိုက်သည်။
"ကျီမျိုးနွယ်စုရဲ့ ကံကြွေးမျှင်က အရမ်းအစွမ်းထက်တယ်။ အဲ့ဒါရဲ့ ဖျက်စီးခံရတာဟာ တကယ်တော့ တည်ရှိမှုကို သဲလွန်မကျန်အောင် ဖျောက်ဖျက်ပစ်လိုက်တာပဲ.... " ရွှေရောင်အလင်းအတွင်း၌ ဧရာမတံခါးကြီးနှစ်ချပ် ပွင့်လာနေစဥ် မန်ဟိုမှာ အတွေးထဲ နစ်မြောနေချေသည်။ ၄င်းတို့ တစ်ဝက်ပွင့်တော့သည့်အချိန်တွင် မန်ဟို ရုတ်တရက် ကြက်သီးတဖြန်းဖြန်းထသွားသည်။ သူ့မှာ မျက်နှာမပျက်မိအောင် မထိန်းနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ခုကို ဖျတ်ခနဲ သဘောပေါက်လိုက်၍ပင်။
" သွားပြီ ကံကြွေးကြိုးက ကံကြွေးကို အပြီးတိုင်ဖယ်ရှားပြီး ဖြတ်တောက်ပစ်လိုက်တာ။ ဖြတ်တောက်ခံလိုက်ရတဲ့ ဘယ်အရာကိုမဆို မမှတ်မိအောင် တားမြစ်ထားတယ်။ အဲ့ဒါက ထာဝရဖျောက်ဖျက်ခြင်းပဲ။ ဒါပေမယ့် ... တစ်ယောက်ယောက်သာ ဖျောက်ဖျက်ခံလိုက်တဲ့သူကို မှတ်မိသွားရင် ပညာရပ်က မပြည့်စုံဘူးလို့ ဆိုလိုတယ်။ ပြောရင် မအောင်မြင်ဘူးဆိုတဲ့ သဘောပဲ .... မကောင်းတော့ဘူး"
ဤအချက်ကို တွေးမိသော် မန်ဟို လုံးဝမျက်နှာပျက်သွားတော့သည်။ ဤပညာရပ်အသုံးပြုသူသာ မအောင်မြင်သည်ကို သိသွားလျှင် ဘာဖြစ်မည်လဲ တွေးသာကြည့်နိုင်လေသည်။ သူ့တွင် တွေးစရာအချိန်မရှိပေ။ သူ၏ခန္ဓာကိုယ်သည် လှစ်ခနဲ တံခါးကြီးများထံ ပြေးထွက်သွား၏။
သူပျံထွက်သွားသည့် အခိုက်အတန့်မှာပင် တစ်ကမ္ဘာလုံး ရုတ်တရက် ရပ်တန့်သွားသည်။ စောစောက ပျောက်ကွယ်သွားသော ငါးမျှားကြိုးကား ... ကောင်းကင်တွင် ပြန်ပေါ်လာလေပြီ။ ဤတစ်ခေါက်တွင် ၄င်းက မန်ဟို့ထံ ထိုးဆင်းလာ၏။
"ငါးသေးသေးလေးတစ်ကောင် ပိုက်ကွန်ကနေ လွတ်ထွက်သွားခဲ့တာကိုး" ရှေးဆန်သော အသံကြီးက မခိုးမခန့်ရယ်သည်။ " မင်းက ငါ့ရဲ့ ကံကြွေးပျက်ကိန်းကို ဖျက်စီးရဲတယ်ပေါ့လေ။ ကံကောင်းပြီး မင်းချန်ခဲ့တဲ့ သဲလွန်စတချို့ကို ငါသတိထားမိလို့ပေါ့။ မဟုတ်ရင် မင်းကြောင့် ငါ့ပညာရပ်ရဲ့ ရလဒ် ပြောင်းပြန် ဖြစ်တော့မလို့။ ကောင်းကင်နဲ့မြေကြီးက အကျယ်ကြီးဆိုပေမယ့် ငါ့လက်ကနေ လွတ်အောင်ပေးနိုင်မယ်လို့ မင်းထင်နေတာလား "
***