← Chapters

မန်ဟို၏ ကံကြွေးကို ဖြတ်တောက်ခြင်း

Vol. 31 Ch. 424

မန်ဟို၏ ကံကြွေးကို ဖြတ်တောက်ခြင်း

Vol. 31 Ch. 424

ရှေးဆန်သောအသံကြီးက ကောင်းကင်မှသည် မီးတောင်အတွင်းထိ ပဲ့တင်ထပ်လာ၏။

"ချောင်ဂလောင်ထဲပဲ သွားပုန်းပုန်း ငါ့လက်က မလွတ်သေးဘူး"

မန်ဟိုသည် ငါးမျှားကြိုးမှ ဆယ်မီတာ ကွာတော့၏။

အသံကြီး​​​ပြောစကားက မှန်ပုံရသည်။ မန်ဟို ... မရှောင်နိုင်ပေ။

ဤမီးတောင်အတွင်းတွင် ချော်ရည်များ ပြည့်နေပြီး ဟိုးအတွင်းပိုင်းထဲရှိ တစ်နေရာ၌ ကန်တစ်ကန် ရှိသယောင်ပင်။ ကန်ကို ဝန်းရံလျက်ရှိသည့် ကျောက်ဆောင်တွင် ကျောက်လှေကားများ ထုဆစ်ပုံဖော်ထားသည်။

မန်ဟိုက တားမြစ်မန္တန်အမြောက်အမြားကို ကျော်ဖြတ်၍ ချဥ်းကပ်သွားနေသည်။ ဤဝာားမြစ်မန္တန်များသည် ကျီးနတ်မင်းမျိုးနွယ်စုဝင်မဟုတ်သူများ အနားမကပ်နိုင်အောင် စီမံထားခြင်းဖြစ်၏။ ကျီးနတ်မင်းမျိုးနွယ်စုဝင်တစ်ယောက်၏ အကူအညီမပါဘဲ ချဥ်းကပ်ရန် ကြိုးစားသည့် အပြင်လူတိုင်း သတ်ဖြတ်ခံရပေလိမ့်မည်။

သို့သော် .... မန်ဟို့မှာ ငါးမျှားကြိုး၏လိုက်ခြင်း ခံနေရလေသည်။ ၄င်း နီးကပ်လာစဥ် မီးတောင်အတွင်းရှိ ထူးခြားဆန်းကြယ်သဘာဝလွန်အရာများပင် အပါအဝင် အရာအားလုံး ကျောက်ရုပ်သဖွယ် ရပ်တန့်သွားကြ၏။

တားမြစ်မန္တန်များလည်း ယခုတွင် ငြိမ်သက်နေပြီး မည်သည့်တားမြစ်စွမ်းအားမဆို အသုံးမတည့်တော့ပေ။ မန်ဟိုက တတ်စွမ်းနိုင်သမျှသော အမြန်နှုန်းဖြင့် တဟုန်ထိုး​ ပျံသန်းသွားသည်။ ရှေးခေတ်မှ မျက်မှောက်ခေတ်တိုင်အောင် သူသာလျှင် ဤနေရာသို့ တစ်ယောက်တည်း လာရောက်သော ပထမဆုံးအပြင်လူဖြစ်၏။

ဤဖြစ်ရပ်မှာ ယခင်က တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ မန်ဟို ကံကြမ္မာရေကန် အနားရောက်သွားစဥ် ၄င်း၏မျက်နှာပြင်ပေါ်၌ လှိုင်းကြက်ခွပ်များကို မြင်လိုက်ရသည်။ သို့သော် မန်ဟို့အတွက် ပျော်စရာမရှိပေ။ သူ့မျက်လုံးများမှာ ဆောက်တည်ရာမဲ့နေချေသည်။ စောစောက သူသည် ထိုနေရာ၌ ငါးမျှားကြိုးကို ပြန်တိုက်ခိုက်နိုင်မည့် အရာတစ်ခုခု ရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ ထို့ကြောင့်ပင် ဤနေရာသို့ အားကိုးတကြီး လာခဲ့ခြင်းဖြစ်၏။

ကံဆိုးစွာနှင့် ရေကန်သာလျှင် ရှိနေသည့်ပုံပေါ်ချေသည်။

"သွားစရာနေရာမရှိတော့ဘူး .... " မန်ဟို့၏အကြည့်သည် လက်ခနဲ ဖြစ်သွားပြီး သူက စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ထိုနေရာတွင် ကံကြမ္မာရေကန်ကလွဲ၍ အမှန်တကယ်ကို ဘာမရှိကြောင်း အတည်ပြုပြီးနောက် သူက ညိုးလျလျ ပြုံးလိုက်၏။

"ကံကြမ္မာရေကန် ... ငါ့မှာ တခြားရွေးချယ်စရာမရှိတော့ဘူး ထင်ပါရဲ့ ။ အေး … သေမယ့်သေတော့ တိုက်ခိုက်ပြီးမှ သေမယ်။ တိုက်ခိုက်ရင်လည်း ငါ ဒီကံကြမ္မာရေကန်ထဲ တိုက်ခိုက်မယ်" သူ၏ မျက်လုံးများသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် တောက်ပသွားလေပြီ။ သူ၏ခန္ဓာကိုယ်က လှစ်ခနဲ ကံကြမ္မာရေကန်အတွင်းသို့ ဝင်ရောက်လိုက်သည်။

သူ ထိုသို့ ဝင်ရောက်လိုက်သည့် အခိုက်အတန့်မှာပင် ငါးမျှားကြိုးက သူ့ကို မှီသွား၏။ ၄င်းက သူ့ကို ချက်ချင်း ရစ်ပတ်၍ တင်းတင်းကြပ်ကြပ် တုပ်နှောင်လိုက်လေပြီ။

ကြိုး သူ့ကို ထိလိုက်သည်နှင့် မန်ဟို့စိတ်ထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားပြီး သူ၏ကိုယ်အတွင်းမှ ဝိညာဥ် ပျံထွက်သွားတော့မည့်မလား ခံစားလိုက်ရသည်။ သူ့ရုပ်နှင့်နာမ်မှာ လုံးဝကွဲထွက်သွား၏။ ရေခဲတမျှ အေးစက်လှသော ခံစားချက်က သူ၏ဝိညာဥ်အတွင်းတွင် ပေါ်ပေါက်လာသည်။ သေစေနိုင်သောအန္တရာယ် ကျရောက်တော့မည်ကို ရုတ်ခြည်း ခံစားရလေပြီ။

"ငါပြောခဲ့သလိုပဲ မင်းက ငါ့ဆီနေ လွတ်အောင် ပုန်းနေနိုင်လောက်တဲ့အထိ အစွမ်းအစမရှိဘူး။ မင်းက ငါ့လက်က ထွက်​ပြေးဖို့ ကြိုးစားတဲ့သူတွေနဲ့ ယှဥ်နိုင်မယ်ထင်လား ဟမ်။ ငါ မင်းရဲ့ ကံကြွေးကို မိတဲ့အချိန် အကုန်လုံး အဆုံးသတ်ပြီပဲ

"အီး နေစမ်းပါဦး .... မင်းမှ ကျီမျိုးနွယ်စုက ကံ​ကြွေးအစအနတွေ ရှိပြီးသားပါလား။ ကံကြွေးက အားနည်းနေပြီး အပြီးတိုင်တောင် ဖယ်ရှားခံတော့မယ့်ပုံပဲ။ ဒါပေမယ့် ရှိနေသေးတယ်ဆိုမှတော့ မင်းဘယ်သူလဲ တစ်ချက်ကြည့်လိုက်ရုံပေါ့ ။ ကြည့်ရအောင် .... မန်ဟို ... ကျီသားတော်တစ်ပါးကို သတ်ခဲ့တယ် ... ကျီးမျိုးနွယ်စုရဲ့ အလိုရှိသူ။ သြော် မင်းကိုး .... မင်းတော့ ငါနဲ့ ဒီမှာတိုးဖို့ ရေစက်ပါတယ်ထင်တယ်။ ကြည့်ရတာ မင်း ကျီမျိုးနွယ်စုနဲ့ ရှိနေတဲ့ ကံကြွေးကိုလည်း ချေရမယ့်ပုံပဲ

"ငါက ကျီဆယ့်ကိုး ။ မင်းကို ကျီမျိုးနွယ်စုရဲ့ ကံကြွေးပျက်ကိန်းနဲ့ ... ကောင်းချီးပေးမယ်" မန်ဟို၏ ခန္ဓာကိုယ်မှာ တုန်ရီနေချေသည်။ သူ၏သိစိတ် နှင့် ခန္ဓာကိုယ်အား ကွဲကွာအောင် စုတ်ဖြဲခံနေရသကဲ့သို့ ခံစားနေရ၏။ သံကြိုးကြီးက သူ၏ဝိညာဥ်ကို ရစ်ပတ်ချည်နှောင်၍ ခန္ဓာကိုယ်အတွင်းမှ အားနှင့် ဆွဲထုတ်ခံနေရသည့်အလားပင်။

သူ၏စိတ်မှာ ရှုပ်ထွေးနောက်ကျိလာပြီး ကျင့်ကြံခြင်းအခြေခံမရှိတော့ပေ။ သူ၏ မိစ္ဆာချုပ်နှောင်ခြင်းစွမ်းအားများပင်လျှင် ပျောက်ကွယ်သွားလေပြီ။ သူ့မှာ သေမျိုးလူသားသဖွယ် ဖြစ်သွားပြီး အားနည်းလွန်း၍ ဘယ်လိုနည်းနှင့်မှ ပြန်မတိုက်ခိုက်နိုင်တော့ပေ။

သူသိသည့် တစ်ခုတည်းသောအရာမှာ သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်လျက်ရှိသည့် ရှေးဆန်သောအသံကြီး၏ စကားလုံးများသာ။

"ကံကြွေးပျက်ကိန်း.... "

သူ့ခန္ဓာကိုယ်နှင့် တွယ်ဆက်နေသော မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည့် ကံကြွေးမျှင်များကို သူ ဝိုးတိုးဝါးတား မြင်လာရသည်။ ဤအမျှင်များသည် ဘယ်သူဘယ်ဝါ၊ ဘယ်အရာနှင့် ချိတ်ဆက်နေမှန်းမသိနိုင်သော သူ၏ကံကြမ္မာနှင့် ကံကြွေးဖြစ်သည်။ ၄င်းတို့က အတူတကွ စုပေါင်းလျက် လေတွင် မျောလွင့်နေ၏။

ရုတ်တရက် သူ့ကိုယ်အတွင်းပိုင်းတွင် စွမ်းအားတစ်ရပ်သည် ဤအမျှင်များနှင့် သူ၏အသက်စွမ်းအားဆီသို့ ပျံ့နှံ့နေသည်ကို မြင်လိုက်ရသည်....

"ပြတ်တောက်စမ်း" ရှေးဆန်သောအသံကြီးက ပြောသည်။ သူ့ပါးစပ်မှ စကားလုံးများ ထွက်လာသည်နှင့်တစ်ပြိုင်နက် တစ်ကမ္ဘာလုံးသည် မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ တသိမ့်သိမ့်တုန်ခါသွား၏။

မန်ဟိုသည် မမြင်ရသော ဓားသွားတစ်ခုက ဖြတ်တောက်နေသကဲ့သို့ သူ့ခန္ဓာကိုယ်နှင့်ချိတ်ဆက်နေသော အမျှင်များ စတင်ပြိုကွဲလာသည်ကို ကြည့်ရင်း တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီနေတော့သည်။ အမျှင်တစ်မျှင် ပျက်စီးလျှင် ၄င်းနှင့် ချိတ်ဆက်လျက်ရှိသည့် အမျှင်များပါ ဆက်တိုက် ကွဲကြေပျက်စီးကုန်သည်။ ဤအမျှင်များသည် မည်သူ၏မှတ်ဉာဏ်များနှင့် ချိတ်ဆက်နေကြောင်း ပြောရခက်သော်လည်း ဤအခိုက်အတန့်တွင် အစိတ်စိတ်အမြွှာမြွှာ လွင့်ပျယ်ပျောက်ကွယ်ကုန်လေပြီ။

အကွာအဝေးယူဇနာ မည်မျှရှိစေကာမူ ဤကံအမျှင်များအားလုံး ပျက်စီးကုန်ကြသည်သာ။ သက်ရောက်မှုသည် တောင်ကောင်းကင်ဂြိုဟ်၏ နယ်မြေအားလုံးသို့ ပျံ့နှံ့လာလေသည်။

အနောက်ပိုင်းသဲကန္တာရတွင် ရွှေရောင်အလင်း၏အပြင်ရှိ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ကျီးနတ်မင်းမျိုးနွယ်စုငါးစု၏ အဖွဲ့သားများအားလုံး ရုတ်တရက် တုန်ရီသွားကြသည်။ သူတို့၏ မျက်နှာများ ဖြူဖျော့သွားကြပြီး ငိုင်တွေတွေဖြစ်သွားကြလေသည်။ သူတို့၏မှတ်ဉာဏ်များထဲတွင် မန်ဟိုနှင့်ပတ်သက်သမျှ အရာအားလုံးမှာ အစအနမကျန် ဖယ်ရှားခံလိုက်လေပြီ။

ဝူလင်း၊ ဝူချိန်၊ ဝူဟိုက်၊ မျိုးနွယ်စုငါးစုမှ မျိုးနွယ်ဝင်များအားလုံး ရုတ်ခြည်း မန်ဟိုဆိုသည့် ဖြစ်တည်မှုကို မသိကြတော့ပေ။

မိုလီ၊ လူထူးဆန်းဝမ်၊ ရန်စုန့်နှင့် ရုပ်ပြောင်းရုပ်လွှဲဆရာကြီးလီထျန်းပင်လျှင် မန်ဟိုနှင့်ချိတ်ဆက်နေသည့် ကံကြွေးမျှင်အလုံးစုံ ဖျက်စီးခံလိုက်ရသဖြင့် တုန်ရီသွားကြ၏။

မမြင်နိုင်သောဓားတစ်လက်က အောက်သို့ ပိုင်းချလိုက်သည့်အလားပင်။ ၄င်း လူပုံစံမျိုးခြားသားရဲကြီးဆီသို့ ဦးတည်သွားစဥ် တန်ပြန်တွန်းကန်သည့် အားတစ်ရပ်နှင့် ဆုံတွေ့သည်။ လူပုံစံမျိုးခြားသားရဲကြီး၏ ခန္ဓာကိုယ်တုန်ခါသွားသော်လည်း အဆုံးသတ်တွင် .... ဓားသွားက ကျလာလေသည်။

ရုတ်တရက် လူပုံစံမျိုးခြားသားရဲကြီး၏ပါးစပ်မှ ကြက်တူရွေး၏အသံ ထွက်လာသည်။ "ကျီမျိုးနွယ်စုအင်မိုတယ်၊ ဒီတစ်ခေါက် သခင်ငါး မမေ့ဘူး"

ဓားက ဂုလာကို ဖြတ်ရင်း မန်ဟို့၏ တည်ရှိမှုကို ဖျောက်ဖျက်လိုက်သည်။ ၄င်းကား အနက်ရောင်နယ်မြေသို့ ဆက်လက်ပျံ့နှံ့သွားလေပြီ။ တိတ်ဆိတ်ငြိမ်သက်မှုကတော့ အနက်ရောင်နယ်မြေသို့ မတွေ့ထိပေ။ ၄င်းမှာ ကျီးနတ်မင်းမျိုးနွယ်စုကို ဝန်းရံလျက်ရှိသည့် အနောက်ပိုင်းသဲကန္တာရနယ်ပယ်အထိသာ ရောက်ရှိနိုင်၏။ လောလောဆယ်တွင် အနက်ရောင်နယ်မြေနန်းတော် တာအိုကလေးလောင်ချုံးက တင်ပျဥ်ခွေလျက် တရားထိုင်နေသည်။ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားပြီး သွေးတစ်ပွက် အန်လိုက်ရ၏။ သူက ငေးကြောင်ကြောင်ဖြစ်နေသော မျက်နှာထားဖြင့် ခေါင်းမော့လိုက်သည်။

ရွှေအလင်းဘုရားကျောင်းတွင် စုဝေးဝတ်ပြုနေကြသော ကျင့်ကြံသူများအားလုံး တုန်ရီသွားကြပြီး သွေးအန်လိုက်ကြရသည်။ သူတို့မှာ တစ်စုံတခုကို မေ့သွားသော်လည်း ဘယ်အရာမှန်းမသိတော့သကဲ့သို့ ဇဝေဇဝါဖြစ်သွားသော အမူအရာများ သူတို့၏မျက်နှာပေါ်တွင် ပေါ်လာ၏။

မမြင်နိုင်သော ဓားသည် မန်ဟို တည်ရှိခဲ့ဖူးသော မည်သည့်သဲလွန်စကိုမဆို ရှင်းလင်းဖယ်ရှားရင်း အနက်ရောင်နယ်မြေတစ်လျှောက် ဝှေ့ယမ်းဖြတ်သန်းသွားလေသည်။ ၄င်းက တောင်ပိုင်းဒေသသို့ ဆက်သွား၏။

လောလောဆယ်တွင် ဖက်တီးသည် မိန်းမလှလေးတစ်ဦးကို လက်တစ်ဖက်နှင့်ပွေ့ထားရင်း သူ့သွားကြီးကို တံစဥ်းနှင့် အားပါးတရ တိုက်နေလေ၏။ သူက သူမနားနားကပ်ပြီး တိုးတိုးလေးပြောနေစဥ် ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူက သွေးခုနစ်လုပ်ရှစ်လုပ်ခန့် တဟွတ်ဟွတ်ဆိုးပြီးနောက် ဖြူဖပ်ဖြူလျော်နှင့် ဘေးဘီဝဲယာကို ကြောင်တိကြောင်တောင် ကြည့်လိုက်သည်။

"ကို ဘာဖြစ်လို့လဲ" မိန်းကလေးက သူ့ကို ညင်သာစွာ ပွပ်သပ်ပေးရင်း ပတ်ဝန်းကျင်ကို အလန့်တကြားကြည့်ကာ​ မေးလေ၏။

"ရတယ် ဘာမှမဖြစ်ဘူး ... ဒီတိုင်း ကို တစ်ယောက်ယောက် မေ့သွားသလိုပဲ ... ထူးဆန်းလိုက်တာ"

ဤအခိုက်အတန့်အတောအတွင်း ဖက်တီးတစ်ယောက်သာ သက်ရောက်ခံလိုက်ရခြင်းမဟုတ်။ မှတ်ဉာဏ်အတွင်း၌ မန်ဟို့ပုံရိပ်များ ရှိသော ချန်ဖန်းနှင့် အခြားသူများအားလုံးလည်း ရုတ်တရက် သွေးအန်ပြီးနောက် ပတ်ဝန်းကျင်ကို ​ငေးကြောင်ကြောင်နှင့် ကြည့်လိုက်ကြသည်။

သူတို့၏မှတ်ဉာဏ်များအတွင်းရှိသော မန်ဟို့ဆိုသောလူကား ဖျက်စီးခံလိုက်ရလေပြီ။ မန်ဟို့နှင့် ဆက်စပ်လျက်ရှိသော သူတို့၏ကံကြွေးမျှင်အားလုံး ကြေမွပြိုကွဲကုန်ပြီဖြစ်၏။

ယခုတွင် သူတို့၏ဘဝတွင် မန်ဟိုဆိုသောလူ သော်လည်းကောင်း၊ မဟာအကြီးအကဲဆေးပေါင်းဖိုဆိုသောနာမည် သော်လည်းကောင်း မကျန်ရှိတော့လေပြီ။

"လခွမ်း ဒီကောင် တောင်ပိုင်းဒေသမှာ ဘယ်လောက်နာမည်ကြီးတာတုန်း" အသံကြီးက အလန့်တကြားဆိုသည်။ "သူ့ကံနဲ့ ပတ်သက်နေတဲ့သူတွေ အများကြီးပဲဟ" သူ့အသံမှာ မချင့်မရဲဖြစ်ပြီး မယုံနိုင်သံပေါက်နေသည်။ ကံကြွေးပျက်ကိန်းပညာရပ်သည် ဖြတ်တောက်ခံရသော ချိတ်ဆက်မှုပမာဏနှင့် ကုန်ခမ်းသွားသောစွမ်းအင် တိုက်ရိုက်အချိုးကျသော မှော်ပညာတစ်ရပ်ဖြစ်၏။ ၄င်းမှာ သေချာပေါက် အံ့ဖွယ်ပညာရပ်တစ်ခုဖြစ်သော်လည်း အသုံးပြုသောအခါ သတိထားဖို့လိုသည်။

ချင်းလော်ဂိုဏ်းတွင် ရှုချင်သည် သူမ၏ကျင့်ကြံခြင်းဂူထဲ၌ တင်ပျဥ်ခွေလျက် တရားထိုင်နေ၏။ ရုတ်တရက် သူမက မျက်လုံးဖွင့်ပြီး ဟင်းခနဲ သက်ပြင်းချလိုက်သည်။ သူမလက်လေးသည် ဝတ်ရုံအတွင်းရှိ ရုပ်ပျိုဆေးလုံးထည့်ထားသည့် ဆေးပုလင်းသေးသေးလေးကို လှမ်းလိုက်သည်။

ဤအခိုက်အတန့်တွင် သူမတစ်ကိုယ်လုံး တုန်သွားပြီး သွေးတစ်လုပ်တင်မဟုတ်၊ ကိုးလုပ်ဆက်တိုက်ဆိုးလိုက်ရ၏။ သူမမျက်နှာလေး နွမ်းဖတ်သွားပြီး ပြင်းပြင်းထန်ထန် တုန်ခါနေလေပြီ။

သူမမှတ်ဉာဏ်အတွင်းရှိ မန်ဟို၏တည်ရှိမှုမှာ အတင်းအဓမ္မ ဖယ်ရှားခံနေရသဖြင့် တစတစပျောက်ကွယ်လာသည်။

"မဖြစ်ရဘူး" သူမက အော်သည်။ သူမဆံပင်များ ဖွာလန်ကြဲသွားပြီး သူမက မုဒြာလက်ကွက်ဖော်ကာ ပြန်တိုက်ခိုက်ရန် ကြိုးစား၏။ သွေးများ ထပ်မံဆိုးလိုက်သည်သာ အဖတ်တင်သည်။

" မန်ဟို ... မန်ဟို ...." သူမသည် ရှိရှိသမျှ အားကုန်သုံး၍ ခုခံနေသည့်အတွက် သူမ၏ ကျင့်ကြံခြင်းအခြေခံသည် တဟူးဟူး လည်ပတ်နေတော့သည်။

သို့သော် သူမ၏ ကျင့်ကြံခြင်းအခြေခံ လှုပ်ရှားလာသည့် အခိုက်အတန့်မှာပင် သူမ နှုတ်ခမ်းလေးလှုပ်သွား၏။ "မန်ဟို .... ဘယ်သူလဲ"

သူမသည် ​ငိုတွေတွေလေး ထိုင်နေ၏။ မန်ဟိုက ဘယ်သူလဲ၊ သူမဘာကြောင့် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်နေသည်လဲ မှတ်မိအောင် အသည်းအသန်ကြိုးစားနေသည်။ သူမနှလုံးသားလေး ပဲ့ကြွေကျနေသည်ကို ခံစားနေရပြီး မရည်ရွယ်ဘဲ မျက်နှာအပေါ်သို့ လက်ရောက်သွားသည်။

မျက်ရည်တွေ....

"ငါ ဘာလို့ အရမ်းနာကျင်နေတာလဲ" သူမက တွေးသည်။ "ဘာလို့ ငိုနေမိတာလဲ"

မမြင်နိုင်သော ကံ​ကြွေးမုန်တိုင်းတစ်လုံး တောင်ပိုင်းဒေသတစ်လျှောက် သောင်းကျန်းသွားလေပြီ။ ဒေါသူပုန်ထနေသော မုန်တိုင်းသည် ဇီယွင်ဂိုဏ်းတွင် အပြင်းထန်ဆုံးဖြစ်၏။ တစ်ဂိုဏ်းလုံး တုန်ရီပြီး သွေးအန်လိုက်ကြရသည်။

ချူယွီယန် မျက်နှာလေး ဖြူဖျော့သွားပြီး သူမက လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူမမှတ်ဉာဏ်များ ပြောင်းလဲနေသည်ကို ခံစားလိုက်သဖြင့် သူမ၏ခါးသက်သက်ရယ်သံလေး ထွက်လာသည်။ မန်ဟိုမှာ အပြီးတိုင်ဖယ်ရှားခံနေရလေပြီ။ သူမသည် လက်ကို လျင်မြန်စွာ မြှောက်ပြီး လျှာထိပ်ကို ကိုက်ချလိုက်သည်။ ထို့နောက် လက်ညိုးအပေါ် သွေးတို့ထွေးချရင်း ဘေးနံရံတွင် စာလုံးနှစ်လုံး စရေးတော့သည် ..... မန် ဟို

သို့သော် သူမ မန် ကို ရေးပြီးနောက် ... လက်ကလေးက လှုပ်ရှားခြင်းရပ်တန့်သွားပြီး တွေဝေသွားသောအရိပ်အယောင်တစ်ခု သူမမျက်နှာပေါ်တွင် ပေါ်လာလေသည်။

"ငါ ဘာရေးနေတာလဲ"

ဆေးလုံးမိစ္ဆာက ကောင်းကင်ကို မော့ကြည့်ရင်း သူ၏တောင်ပုလေးတွင် ထိုင်နေသည်။ သူဘာတွေးနေသည်လဲ မသိရသော်လည်း မမြင်နိုင်သောဓား သူ့အနားရောက်လာစဥ် သူက သက်ပြင်းချလိုက်၏။

"နောက်ဆုံးတော့ ဒီနေ့ ရောက်လာခဲ့ပြီလား .... " သူက ခါးသီးခံပြင်းစွာနှင့် ခေါင်းခါလိုက်သော်လည်း စူးရှနေသောအလင်းက သူ၏မျက်ဝန်းများတွင် နေရာယူထား၏။ သူက ဆေးလုံးဖြစ်ဟန်တူသောအရာရှိနေသည့် ညာလက်ကို မြှောက်လိုက်သည်။ ဆေးလုံးသည် ရှေးချီကို ထုတ်လွှတ်နေပြီး သက်တမ်းအလွန်ကြာ​နေပြီဖြစ်ကြောင်း ထင်ရှားသည်။

"မင်း ငါ့တပည့်ရဲ့ ကံကြွေးကို ပျက်သုဥ်းအောင်လုပ်ရင်" သူက တွေးသည်။ "ငါ ကျီမျိုးနွယ်စုရဲ့ အင်မိုတယ်တစ်ပါး ဖြစ်လာပေးဖို့ ထာဝရ ငြင်းဆန်မယ်" ထို့နောက် သူသည် မျက်လုံးများကို မှိတ်ပြီး မန်ဟိုနှင့်ပတ်သက်သော မှတ်ဉာဏ်များအားလုံး ပြာကျသွားသည်ကို နာကျင်စွာ ကြည့်နေ၏။

သူ့လက်ထဲရှိ ဆေးလုံးက အံ့ဖွယ်အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ အဆိုပါလွင့်ပါးနေသော မှတ်ဉာဏ်ပြာမှုန်များသည် ရုတ်တရက် အကောင်းပကတိအတိုင်း ပြန်ဖြစ်လာလေပြီ။

"သေစမ်း အဲ့ဒီလိုဆရာမျိုးလည်း ရှိသေတာလား" ရှေးဆန်သော အသံကြီး ပဲ့တင်ထပ်သွား၏။ " ငါ့ကျင့်ကြံခြင်းအခြေခံက မလုံလောက်တာ နှမြောဖို့ကောင်းတယ်။ မဟုတ်ရင် တစ်ခုမကျန် ဖယ်ရှားခံရမှာ"

ဓားသည် တောင်ပိုင်းဒေသကို ဆက်လက်ဖြတ်သန်းသွား၏။ သို့သော် ပြန်လည်မွေးဖွားခြင်းဂူအနား ရောက်သောအခါ အမျိုးသမီးတစ်ဦး၏ အေးတိအေးစက်အသံအား ကြားလိုက်ရလေသည်။

"ကျီမျိုးနွယ်စုက အတုအယောင်အင်မိုတယ်။ မင်း ငါ့မှတ်ဉာဏ်ကို ဖယ်ရှားဖို့ ကြိုးစားရဲတယ်လား ထွက်သွားစမ်း"

အသံက ပဲ့တင်ရိုက်၍ ဟိန်းထွက်လာ၏။ ကျီမျိုးနွယ်စုမှ အင်မိုတယ်မှာ အံသြမယုံကြည်မှုတို့ ပြည့်နှက်နေသောအသံဖြင့် ပင်ပန်းစွာ ပြောလေသည်။ " သူက ပြန်လည်မွေးဖွားဂူက အဲ့ဒီပုဂ္ဂိုလ်နဲ့တောင် ပတ်သက်နေတယ်။ သောက်ကျိုးနည်း။ သေလိုက်ပါတော့ .... ဒီ​ကောင်မသိတာ ရှိရောရှိသေးရဲ့လား။ သူ့ကံကြွေးက ဘာလို့ဒီလောက် ဖြတ်ရခက်နေတာလဲကွာ"

***

All Chapters