ဖြတ်တောက်ခြင်းအား ဆက်မလုပ်နိုင်
Vol. 31 Ch. 425
နဂါးငွေ့တန်းပင်လယ်ပေါ်တွင် ကျွန်းတစ်ကျွန်း မျောနေ၏။ ဝေဟင်ထက်မှနေ၍ ကျွန်းကို သေသေချာချာကြည့်လျှင် လိပ်တစ်ကောင်ပုံစံရှိကြောင်း တွေ့ရပေမည်။ ဤကျွန်းသည် ပြီးခဲ့သည် နှစ်များအတွင်း နဂါးငွေ့တန်းပင်လယ်ထဲ၌ ပဟေဠိဆန်သောအရာတစ်ခု ဖြစ်ခဲ့သည်။ ၄င်းကား မြူခိုးမြူငွေ့များ ရစ်သိုင်းလျက် ဟိုဟိုသည်သည် မျောလျက်ရှိချေသည်။
ရုတ်တရက် မျောနေသောကျွန်းကား တုံ့ခနဲ ရပ်သွားပြီး အထဲမှ ကြောက်စရာကောင်းသော အော်ငေါက်သံကြီး ကြားလိုက်ရသည်။
"သွားစမ်း ခွေးမသား ငါ အခုလေးတင် အိပ်ပျော်ရုံရှိသေးတယ် မင်းက ငါ့ကို လာနှောင့်ယှက်တယ်ပေါ့လေ။ ဟိုလူလည်ကောင်မန်ဟိုနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ငါလည်း လိုချင်တယ်ထင်လား ဟမ်။ ချီးတဲ့မှ ထွက်သွားစမ်းလို့"
မှီခိုရာဂိုဏ်းချုပ်၏ မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံကြီးက နဂါးငွေ့တန်းပင်လယ်ပြင်တစ်လျှောက် လှိုင်းလုံးကြီးများ တဝုန်းဝုန်း ရိုက်ခတ်သွားစေသည်။
ရှေးဆန်သောအသံကြီးက အမောတကော ပြော၏။ "အဲ့ဒီလိုဟာမျိုးက ဘယ်လိုလုပ် ရှိနေတာတုန်း။ သောက်ကျိုးနည်း ငါဒီဖြတ်တောက်ခြင်းကို ဘယ်လိုအောင်မြင်အောင် လုပ်ရတော့မလဲ ဘယ်လိုလုပ်ရတော့မလဲ"
သူ့မှာ မန်ဟို၏ တည်ရှိမှုကြောင့် စိတ်လည်းတို၊ တုန်လည်း တုန်လှုပ်၊ ပျာယာလည်း ခတ်နေလေပြီ။ နဂါးငွေ့တန်းပင်လယ်ထဲရှိ အခြားကျွန်းတစ်ကျွန်းပေါ်တွင် ပန်းချီကားတင်ဆွဲရာ ဒေါက်တိုင်၏ အရှေ့တွင် မတ်တပ်ရပ်နေသော ခါးကုန်းကုန်းအဘိုးကြီးတစ်ယောက်ရှိသည်။ လောလောဆယ်တွင် သူသည် အရှေ့ ၌ထိုင်နေသော ထောင်ထောင်မောင်းမောင်းလူကြီး၏ ပုံတူပန်းချီကို ဆွဲနေလေသည်။
စုတ်ချက်တစ်ချက်ဆွဲနေသည့်ခုလတ် အဘိုးကြီးက ရုတ်တရက် မျက်မှောင်ကြုတ်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ နက်နဲဆန်းကြယ်သော အလင်းက သူ၏မျက်ဝန်းတွင် ဖျတ်ခနဲ လက်သွား၏။
"ငါ့မှတ်ဉာဏ်ထဲမှာ ရှိတဲ့လူတွေရဲ့ ကံကြွေးက ကျီကောင်းကင်ရဲ့ဖျက်စီးခြင်း မခံရနိုင်ဘူး" သူက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ သူ၏ညာလက်သည် လေထဲသို့ မြောက်တက်သွားပြီးနောက် စုတ်တံကို ခါလိုက်၏။ ဆေးစက်တစ်စက် ပျံထွက်သွားကာ လေနှင့်ပေါင်းစည်းသွားလေသည်။
ရုတ်ခြည်းဆိုသလို ကောင်းကင်တစ်ပြင်လုံး မည်းမှောင်သွား၏။
စူးစူးဝါးဝါးအော်သံကြီးတစ်သံ ဟင်းလင်းပြင်မှ ပဲ့တင်ရိုက်လာသည်။ အသံပိုင်ရှင်မှာ ကျီဆယ့်ကိုးဆိုသူကလွဲ၍ တခြားမဟုတ်ပေ။
အားခနဲ အော်သံကြီး လေတွင်ပြည့်နှက်နေစဥ် ကံကြွေးမျှင်များ ဖျက်စီးခံခဲ့ရသော ကျင့်ကြံသူများအားလုံး တုန်သွားကြသည်။ သူတို့နှင့် မန်ဟိုကို ချိတ်ဆက်ပေးထားသော ကံမျှင်များ ရုတ်တရက် ပြန်ဆက်သွားကြ၏။ ၄င်းတို့မှာ အပြီးတိုင်ပျက်စီးခြင်းမှသည် အကောင်းပကတိပြန်ဖြစ်သွားလေပြီ။ အမှန်တွင် ဖျက်စီးခံခြင်းမှ ပြန်လည်ဖြစ်ပေါ်လာသည့်အတွက် ယခင်ထက်ပို၍ တည်မြဲခိုင်မာသွားလေသည်။
ချူယွီယန်၏ မျက်နှာလေး ဖျော့တော့နေသည်။ သူမ၏ပိတ်ထားသော မျက်လုံးကလေးများ ပြန်ပွင့်လာပြီး နံရံပေါ်က 'မန်' ဆိုသော စာလုံးကို တိတ်ဆိတ်စွာ ကြည့်နေ၏။ သူမလက်လေးသည် ဖြေးညင်းစွာ မြောက်သွားပြီး 'ဟို' ကို ဆက်ရေးလိုက်၏။
ဆေးလုံးမိစ္ဆာသည် ဆေးလုံးကို ပြန်သိမ်းပြီးနောက် စကားတစ်ခွန်းမှမဆိုဘဲ အဝေးသို့ လှမ်းကြည့်နေ၏။ သို့သော် သူ၏မျက်ဝန်းများသည် ယုံကြည်မှု၊ ခိုင်မာပြတ်သားမှုတို့ဖြင့် ပြည့်နှက်နေချေပြီ။
ဖက်တီးက ခေါင်းကို ပွတ်ရင်း အတိတ်က အဖြစ်အပျက်အားလုံးကို အူတူတူနှင့် ပြန်တွေးနေသည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ့ပါးစပ်မှ 'ဟင်' ဆိုသော ပင့်သက်ရှိုက်သံထွက်လာ၏။ ယခုတွင် တိမ်မြုပ်နေသော အတိတ်မှ အမှတ်တရများ အစီအရီပြန်လာလေပြီ။ သူ့မှာ မန်ဟို့ကို သတိရသွားသဖြင့် မျက်နှာအမူအရာ ရိပ်ခနဲ ပြောင်းသွား၏။
ချန်ဖန်းလည်း ထိုနည်းတူဖြစ်သလို တောင်ပိုင်းဒေသတစ်ခွင်လုံးလည်း ထိုအတိုင်းပင်။ အနက်ရောင်နယ်မြေနှင့် အနောက်ပိုင်းသဲကန္တာရတွင် ကံကြွေးမျှင်များ ဖျက်စီးခံခဲ့ရသော ကျင့်ကြံသူများအားလုံး ရုတ်တရက် ပြန်လည်သက်သာလာကြလေပြီ။
ရှုချင်က နှုတ်ဆိတ်စွာဖြင့် နှုတ်ခမ်းလေးကို ကိုက်ထား၏။ သူမသည် လက်ထဲရှိ ဆေးပုလင်းကို ကြည့်ပြီး သူမမျက်ဝန်းများ၌ အလွန်ပြင်းထန်သော စိုးရိမ်သောကများ ပြည့်နှက်သွားသည်။ ယခုတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူမ မှတ်မိသွား၍ စိတ်နှလုံးတို့ အေးစက်သွားသည်။ အကယ်၍ မန်ဟို့ပုံရိပ်သာ သူမမှတ်ဉာဏ်ထဲ၌ မရှိတော့လျှင် .... သူမ ခံစားရမည့် အထီးကျန်မှုကို စိတ်ပင်မကူးကြည့်နိုင်ပေ။
သူမသည် ဘာမှမပြောဘဲ အံတင်းတင်းစေ့ထား၏။ စွမ်းအားသာလျှင် ပြဿနာများကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း သူမသိသည်။ ယခုတွင် သူမသည် ဇာမဏီသခင်၏မှတ်ဉာဏ်များနှင့် အပြည့်အဝပေါင်းစည်းပြီး ကျင့်ကြံခြင်းအခြေခံအဆင့်ကို မြှင့်ရန် ယခင်ထက်ပို၍ အခိုင်အမာဆုံးဖြတ်လိုက်လေပြီ။
အနောက်ပိုင်းသဲကန္တာရ၊ ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေ၊ မီးတောင်အတွင်းရှိ ကံကြမ္မာရေကန်ထဲတွင် မန်ဟိုသည် တဆတ်ဆတ်တုန်လျက် ရပ်နေ၏။ သူလည်း အားခနဲ အော်သံကြီးကို ကြားလိုက်သည်။ ၄င်း ပဲ့တင်ထပ်နေစဥ် သူက မျက်လုံးဖွင့်ကြည့်လိုက်ရာ ငွေရောင်ငါးမျှားကြိုး မည်းနက်သွားသည်ကို မြင်လိုက်ရသည်။ မည်းနက်မှုက ပျံ့နှံ့လာသဖြင့် ငွေကြိုးသည် အငွေ့ဖြစ်ကာ ပြာကျသွားတော့၏။ အော်သံကြီးဟိန်းထွက်နေစဥ် ပြာနှင့်အငွေ့များသည် အဘက်ဘက်သို့ လွင့်မျောသွားလေသည်။
အော်သံကြီးက မန်ဟို့၏မျက်လုံးများသည် အေးစက်သွားစေသည်။ သူသည် စောစောက ဘာဖြစ်သွားသည်လဲ မမြင်ခဲ့ရသော်လည်း တီကောင်အဘိုးကြီး၏ ကံကြွေးပျက်ကိန်းကိုတော့ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ ယခုလေးတင် သူကြုံတွေ့ခဲ့ရသည့် သေခြင်းကို စိတ်ပင်မကူးရဲပေ။
ထိုစဥ် ခပ်ဝါးဝါးပုံရိပ်တစ်ခုကို အရှေ့၌ ဖျတ်ခနဲ တွေ့ လိုက်သဖြင့် သူ၏မျက်ဝန်းများ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်သွား၏။ ၄င်းသည် ဤနေရာမှ ပျောက်ကွယ်သွားရန် ရုန်းကန်ရင်း အော်ဟစ်နေသော အနက်ရောင်မီးတောက်များပတ်လည်ဝိုင်းနေသည့် ကျင့်ကြံသူတစ်ယောက်၏ ပုံရိပ်ဖြစ်သည်။
အဆိုပါ ခပ်ဝါးဝါးပုံရိပ်က နာမည်တစ်ခုတည်းကို အဆက်မပြတ် ရေရွတ်နေ၏။ "ရွှေတုန်းလျှို... အဲ့ဒါ ရွှေတုန်းလျှိုပဲ...."
မန်ဟို့၏မျက်လုံးများ လက်သွားသည်။ သူဘယ်လက်က မြောက်တက်သွားပြီး သွေးမျက်နှာဖုံးကို သူ့မျက်နှာအပေါ် ကပ်လိုက်၏။ ထိန်းသိမ်းမလောက်အောင် သွေးရူးသွေးတန်းဖြစ်နေသည့် စွမ်းအားများ သူ၏ကျင့်ကြံခြင်းအခြေခံမှ ထွက်လာသည်။ သူ့အရှေ့သို့ တဟုန်ထိုး ထွက်သွားစဥ် သွေးချီသည် လှိုင်းကြီးများသဖွယ် တဝေါဝေါ ရိုက်ခတ်နေလေပြီ။
သွေးလက်ချောင်း ၊ သွေးလက်ဝါး ၊ သွေးမရဏကမ္ဘာ
၄င်းတို့အားလုံး ထွက်ပေါ်လာပြီး ပုံရိပ်အပေါ် ထိုးဆင်းသွားသဖြင့် အလွန်ကျယ်သော ထစ်ချုန်းသံကြီး မြည်ဟည်းသွားသည်။ မန်ဟိုက သူ့လက်ကို ထပ်မြှောက်လိုက်ပြန်ရာ သူ၏အသတ်အဖြတ်စိတ်ဆန္ဒကား မြင့်တက်လာ၏။ ပဒုမ္မာဓားဝင်္ကပါ လည်လျက် ထွက်ပေါ်လာပြီး ၄င်းထံမှ အချိန်စွမ်းအားများ ဖြာထွက်လာသည်။
"သေစမ်း" မန်ဟိုက ရေခဲတမျှ အေးစက်သောအသံဖြင့် အော်လိုက်သည်။ သူ့လက်က မုဒြာလက်ကွက်ဖော်ဆောင်ပြီး ရှေ့သို့ ညွှန်လိုက်၏။
ခရမ်းရောင်ချီခေါင်းဖြတ်စက်၊ ခရမ်းရောင်ချီကြိုး၊ ဆန်းသစ်စခရမ်းလခြမ်း ...ဝုန်းခနဲ ပေါက်ကွဲပြီး ခရမ်းရောင်အလင်းတို့ တလိပ်လိပ်ရွေ့လျားလာသည်။
"မျက်နှာမဲ့ စကားတစ်ခွန်း စစ်ပွဲမီးတောက်ပေါင်းစည်း" မန်ဟိုက ဘယ်လက်ကို မြှောက်ပြီး မျက်နှာဖုံးကို ဖိချလိုက်သည်။ ဧရာမမျက်နှာကြီး ဘွားခနဲ ပေါ်လာ၏။ ၄င်းက ပါးစပ်ကြီးဟပြီး အသံမထွက်သော စကားတစ်ခွန်းပြောသည်။ ထို့နောက် ပုံရိပ်ထံသို့ ပျံထွက်သွား၏။
မချိတင်ကဲ အော်သံကြီး ဆက်လက် ပဲ့တင်ထပ်နေသည့်အခိုက်တွင် မန်ဟိုက ဖန်မျိုးနွယ်စုလက်အိတ်ကို ဝတ်ရင်း ပြေးထွက်သွားသည်။ သူက လက်သီးဖြင့် ထိုးချလိုက်ရာ အုန်းခနဲ မြည်သံကြီး ကြားလိုက်ရသည်။ မန်ဟိုသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အကြိမ်တစ်ရာ ထိုးသွင်းလိုက်၏။
လက်သီးတစ်လုံးစီတိုင်းတွင် မယုံနိုင်ဖွယ်ရာစွမ်းအားများ ပါရှိသည်။ အုန်းခနဲ အုန်းခနဲ ထိုးနှက်သံများက အတောမသပ်နိုင်အောင် မြည်ဟည်းနေပြီး ပုံရိပ်မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်ခါနီးနေလေပြီ။ ၄င်းမှာ မည်သည့်လှုပ်ရှားမှုမှ မလုပ်နိုင်အောင် ချုပ်ခံထားရပုံပင်။ ၄င်းသည် ထွက်ပြေးရန် ကြိုးစားနေသေးသော်လည်း မန်ဟိုက နောက်ထပ်မုဒြာလက်ကွက်ဖော်ကာ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်အား ထုတ်ဖော်လိုက်သည်။
ပုံရိပ် ရုတ်တရက် ငြိမ်ကျသွားစဥ် မန်ဟို၏မျက်နှာမှာ သတ်ဖြတ်လိုစိတ်များကြောင့် အရုပ်ဆိုးနေလေပြီ။ သူ၏မှော်ပညာရပ်တစ်ခုမှ ဤပုဂ္ဂိုလ်အပေါ် သက်ရောက်မှုရှိပုံမရပေ။ သို့သော် မန်ဟိုသည် သူ့အား အလွတ်ပေးမည်မဟုတ်။
သူသည် ကျီသားတော်တစ်ပါးအား သတ်ခဲ့ပြီးဖြစ်၍ ကျီဆယ့်ကိုးကို သတ်ရန် မကြောက်ပေ။ အထူးသဖြင့် ထိုလူ့ကို အားအနည်းဆုံး ဖြစ်နေသည့်အချိန်တွင်သာ မသတ်လိုက်ပါက နောင်တစ်ချိန်တွင် သူ့အား အမြဲတစေ ဒုက္ခပေးတော့မည်မှ မြေကြီးလက်ခတ်မလွဲပေ။
မန်ဟိုက အံတင်းတင်းကြိတ်ရင်း သွေးမျက်နှာဖုံးအပေါ်သို့ ဖိချလိုက်သည်။
"တံခွန်သုံးခုအလံ" သူက ဆင့်ခေါ်လိုက်သည်။ ဤသည်မှာ သူပိုင်ဆိုင်သမျှထဲ စွမ်းအားအကြီးမားဆုံးမှော်ပစ္စည်း ဖြစ်လေသည်။
သူ၏လက်ရှိ ကျင့်ကြံခြင်းအခြေခံအဆင့်အရ တံခွန်တစ်ခုကိုတော့ အသုံးပြုနိုင်သည်။ ဤတစ်ခေါက်တွင် ၄င်းသည် ပုံရိပ်ယောင်အဖြစ်သာ ပေါ်လာမည်မဟုတ်တော့ပေ။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ရှည်လျားသော သွေးတံခွန်တစ်ခုပေါ်လာသဖြင့် ပတ်ဝန်းကျင်တွင် စွမ်းအားလှိုင်းများ ပြည့်နှက်သွားလေပြီ။ ၄င်း မန်ဟို့လက်ထဲတွင် ပေါ်လာသည့် အခိုက်အတန့်၌ မိုးနှင့်မြေ တသိမ့်သိမ့်တုန်ခါသွား၏။ ၄င်းက ရှေ့သို့ထွက်သွားပြီး ကျီဆယ့်ကိုး၏ပုံရိပ်ကို ရစ်ပတ်ကာ တရွတ်တိုက်ဆွဲလာသည်။
ကျီဆယ့်ကိုးမှာ ထိတ်လန့်အံ့သြမယုံနိုင်စွာဖြင့် အသည်းအသန် အော်လေသည်။
"ဒါက .... ဒါက ..... တောင်နဲ့ပင်လယ်ဧကရာဇ်ရဲ့ တံခွန်" သူက ကယောင်ချောက်ချား အော်သည်။ ရုတ်တရက် ပုံရိပ်ယောင်အဖြစ် တစ်စိတ်တစ်ပိုင်းရှိခဲ့သောအရာကား မန်ဟိုနှင့်တစ်ကမ္ဘာတည်းသို့ အတင်းအဓမ္မ ဆွဲခေါ်ခံလိုက်ရသည်။ ထိုနေရာ၊ မန်ဟို၏အရှေ့တည့်တည်တွင် အဘိုးကြီးတစ်ယောက် ရပ်နေချေပြီ။
သူသည် အလွန်ဘေးကြပ်နံကြပ်ဖြစ်နေကြောင်း သိသာသည်။ တောက်လောင်နေသော အနက်ရောင်မှင်တစ်စက်က သူ့မျက်နှာကို ဖုံးလွှမ်းနေပြီး သူ၏အရှိန်အဝါမှာလည်း ကမောက်ကမဖြစ်နေ၏။ လတ်တလောတွင် သူ့မှာ အတင်းဖိနှိပ်ခံထားရ၍ အမြုတေဖြစ်တည်မှုအဆင့်စွမ်းအားကိုသာ အသုံးပြုနိုင်လေသည်။
အံ့သြတုန်လှုပ်ခြင်းဆိုသော အရိပ်အယောင်များသည် သူ၏မျက်နှာပေါ်တွင် နေရာယူနေပြီး သူ့မှာ ဤကမ္ဘာဆွဲခေါ်ခံလိုက်ရသည်ကို ယုံကြည်ဖို့ ခက်ခဲနေ၏။
"မဖြစ်နိုင်တာ။ ဧကရာဇ်ရဲ့တံခွန်မဖြစ်နိုင်ဘူး။ ဒဏ္ဍာရီလာဧကရာဇ်တံခွန်က ဖျက်စီးခံလိုက်ရပြီလေ...."
"ဘယ်က ဧကရာဇ်တံခွန်လဲ ခွေးမသား" မန်ဟိုက မည်ကဲ့သို့သေခါနီးဖြစ်ခဲ့ရသည်ကို တွေးရင်း ဒေါသကြောင့် အရုပ်ဆိုးနေသောမျက်နှာကြီးဖြင့် မေးသည်။ ထို့နောက် သူသည် လွန်ခဲ့သည့်နှစ်များက ရွှေတုန်းလျှိုပြောခဲ့သည့် သူမှတ်မိသောလူများသည် ကျီမျိုးနွယ်စု ကံကြွေးပျက်ကိန်း၏ သုတ်သင်ခြင်းမခံနိုင်ဆိုသာစကားကို ပြန်သတိရလိုက်၏။ ရွှေတုန်းလျှိုသာ မရှိလျှင် သူမ မုချ သေသွားလိမ့်မည်။
သူ့မှာ ဒေါကန်နေသဖြင့် စဥ်းပင်မစဥ်းစားမိဘဲ ကြက်တူရွေး၏စကားကို သုံးလိုက်မိသည်။ ထို့နောက် လက်သီးဆုပ်ပြီး ထိုးချလိုက်၏။ ပေါက်ကွဲသံကြီး လေတွင် ပြည့်သွားပြီး အဘိုးကြီး၏ အော်သံကြီးထွက်လာသည်။
"မလောက်လေးစား သေမျိုးကများ ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့လေ။ မင်း ... "
အုန်း
"ငါ့ကို သတ်ရဲလား"
ဘုန်း
မန်ဟိုက သူ၏အစွမ်းထက်လက်သီးဖြင့် အဘိုးကြီး၏ခန္ဓာကိုယ် ပေါက်ကွဲတော့မည့်တိုင်အောင် ဆင့်ကဲဆင့်ကဲ ထိုးနေသည်။ သို့သော် ထိုလူ့၏ ကျင့်ကြံခြင်းအခြေခံမှာ ပြောင်မြောက်လေသည်။ ဤသို့ အဆက်မပြတ်တိုက်ခိုက်ခံနေရသည့်တိုင် သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ပကတိအတိုင်း ပြန်ဖြစ်လာနေသည်။
"သေးနုပ်တဲ့ သေမျိုး ၊ မင်းက ငါ့ကို ကျီကမ္ဘာထဲကနေ ထုတ်ပြီး ဒဏ်ရာရအောင် လုပ်တယ်။ အေး … ငါ အကောင်းအတိုင်း ပြန်ဖြစ်လာတဲ့အထိစောင့် မင်းကို လက်ဗလာနဲ့ သတ်ပစ်မယ်"
မန်ဟို၏မျက်လုံးများ အေးစက်သွားပြီး ညာလက်ကို ပြန်ရုတ်လိုက်သည်။ သူသည် အဘိုးကြီးကို အစိမ်းလိုက်ဝါးစားတော့မတတ် စိုက်ကြည့်လိုက်ရာ ထိုလူ့အား အံ့သြသွားစေ၏။ ထို့နောက် အဘိုးကြီးက လူယုတ်မာရယ်သံနှင့် ရယ်တော့သည်။
သို့သော် သူ စရယ်ရုံရှိသေးသည် မန်ဟို့၏ညာလက်က မုဒြာလက်ကွက်ဖော်ပြီး အဘိုးကြီး၏ နဖူးကို ဖိချလိုက်၏။
"ခင်ဗျားကို ဒီတိုင်းသတ်ပစ်ရမှာ နှမြောဖို့ ကောင်းတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ သွေးရယ်၊ ကျုပ်သတ်ခဲ့တဲ့ ကျီသားတော်ရဲ့သွေးနဲ့ဆိုရင် သွေးစိတ်ဝိညာဥ်ကို ဖန်တီးလို့ရလောက်ပြီ"
"မင်း ငါ့ကို ဘယ်လောက်ပဲ ထိခိုက်အောင်လုပ်လုပ်၊ ငါ့ပြန်လည်ကုသနိုင်စွမ်းက အနိုင်ရနေမှာပဲ" အဘိုးကြီးက ကောက်ကျစ်သောလေသံနှင့် ပြောသည်။ ရုတ်တရက် မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ရာ ပဒုမ္မာဓားဝင်္ကပါ ပေါ်လာ၏။ အချိန်စွမ်းအားလှိုင်းတို့က အဘိုးကြီးကို အဆက်မပြတ် ရိုက်ခတ်ရင်း ဖြာထွက်လာသည်။
အဘိုးကြီး မျက်နှာပျက်သွားသော်လည်း ဂရုမစိုက်ဟန်ဖြင့် အေးစက်စက်နှာမှုတ်လိုက်သည်။
"ဒီထက် နှစ်ဆ စွမ်းအားကြီးရင် ငါ့အပေါ် သက်ရောက်နိုင်ရင် သက်ရောက်နိုင်လိမ့်မယ်။ ဒါမဲ့ ဒီစွမ်းအားအဆင့်လောက်ကတော့ မလုံလောက်သေးဘူး"
"မလုံလောက်ဘူးလား" မန်ဟိုက အကြင်နာမဲ့သော မျက်ဝန်းများဖြင့် မေးသည်။ သူက သစ်သားဓားလေးလက်ကို ချက်ချင်း ထုတ်ပြီး ပြန်လည်ကောင်းမွန်နေခြင်း ရပ်တန့်အောင် ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်။
အဘိုးကြီးမှာ ပင်ကိုယ်အားဖြင့် နိုင်လိုမင်းထက်ပြုမူတတ်ပြီး မောက်မာသော်လည်း သစ်သားဓားလေးလက်ဖြင့် ထိုးစိုက်ခံလိုက်ရသောအခါ စူးစူးဝါးဝါးအော်ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။
"သေစမ်း .... အင်မိုတယ်ဇီဝိန်ချုပ်ဓားတွေ။ မင်း မင်း မင်း .... မင်းက ဘယ်သူတုန်း။ မင်းမှ ဘာလို့ဒီလောက်အများကြီးရှိနေတာလဲ။ အပြည့်အဝ ချိတ်မဖွင့်ရသေးပေမယ့် ... တကယ်ပဲ အင်မိုတယ်ဇီဝိန်ချုပ်ဓားတွေပဲဟ " သူ၏ဒဏ်ရာများမှာ ရုတ်တရက် ဆိုးရွားသွားပြီး ပြန်လည်ကောင်းမွန်ခြင်းကား ကျဆင်းသွား၏။ မန်ဟို့၏အမျိုးမျိုးအဖုံဖုံ နှိပ်စက်မှုများကြောင့် ကျီဆယ့်ကိုးမှာ ကျဥ်းထဲကြပ်ထဲ ရောက်နေလေပြီ။
"ခင်ဗျားကို နှိပ်စက်ဖို့ အချိန်ရှိသေးတယ်" မန်ဟို့၏ အကြည့်အတွင်းတွင် သွေးအေးရက်စက်မှုတို့က တရိပ်ရိပ်လှုပ်ရှားနေ၏။
ထိုစဥ် ....
အရှေ့ဘက်နယ်မြေ၊ တန်နိုင်ငံ၊ တန်ဖိုးကြီးမားသော ဇိမ်ခံစံအိမ်တစ်လုံးအထဲတွင် ထိုင်နေသူကား မန်ဟိုနှင့် ထိုနှစ်က ဆုံတွေ့ ခဲ့သော ဒေါသအိုးမိန်းကလေး ဖန်ယုပင်။ သူမသည် လောလောဆယ်တွင် ပါးစပ်မှ သွေးတချို့ကို သုတ်နေ၏။ ကျီဆယ့်ကိုးအနေဖြင့် သူ၏ကံကြွေးပျက်ကိန်းက အရှေ့ဘက်နယ်မြေရှိ တန်နိုင်ငံအပြင် ဖန်ယုဆီအထိ ရောက်လိမ့်မည်ဟု မည်သို့ တွေးနိုင်ခဲ့မည်နည်း။
ဖန်ယု မျက်နှာမှာ ဒေါသတို့ ပြည့်နှက်သွားပြီး သူမက ဝုန်းခနဲ ထရပ်သည်။ သူ တံခါးမှ လမ်းလျှောက်ထွက်သွားတော့မည်အချိန်မှာပင် မီးကုန်ယမ်းကုန် ဒေါသူပုန်ထနေသော အမျိုးသမီးတစ်ယောက်၏ အသံကြားလိုက်ရသည်။ ၄င်းက စံအိမ်၏ အနောက်ဘက်ရှိ တားမြစ်နေရာမှ လာလေသည်။
" ကျီမျိုးနွယ်စု "
အသံကို ကြားသောအခါ ဖန်ယု၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ တားမြစ်နေရာမှ သူမဆီ ပျံသန်းလာသောလူတစ်ယောက်ကို သူမမြင်လိုက်ရ၏။ ၄င်းသည် သပ်ရပ်ကြော့မော့စွာ ဝတ်စားထားသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်ပင်။ သူမ၏မျက်နှာသည် လှပသော်လည်း ခက်ထန်နေ၏။ သူမပေါ်လာသည်နှင့်တစ်ပြိုင်နက် အရာအားလုံး မှေးမှိန်လာပြီး လေထုပင် တုန်ခါလာသည်။ ငလျင်တို့ လှုပ်ခတ်လာပြီး တားမြစ်မန္တန်များဖြင့် ကာကွယ်ထားသည့်တိုင် အနီးနားရှိ အဆောက်အဦးများအပေါ်၌ အက်ကြောင်းများထလာသည်။
"အမေ .... " ဖန်ယုက ကတုန်ကယင်ပြောသည်။ တစ်ကမ္ဘာလုံးတွင် သူမအမေကလွဲပြီး သူမကြောက်သူမရှိပေ။
"နင် ငါနဲ့လိုက်ခဲ့" အမျိုးသမီးက ပြောသည်။ ဤအမျိုးသမီးသည် တောင်ပိုင်းဒေသရှိ စုန့်မျိုးနွယ်စုတွင် ပေါ်လာခဲ့ဖူးသည့် အမျိုးသမီးပင်။ သူမသည် အရှေ့ဘက်နယ်မြေ၊ တန်နိုင်ငံတွင် တည်ရှိသော ကျီစံအိမ်ဘက် လှည့်ပြီး မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ တဟုန်းဟုန်းတောက်လာသည်။
"အမေ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ အဖေ အရင်က ပြောသလို...."
"နင့်အဖေအကြောင်းမပြောစမ်းနဲ့။ လိုက်မှာလား မလိုက်ဘူးလား" အမျိုးသမီး၏ ဖီးနစ်မျက်ဝန်းများကား စူးရဲနေချေပြီ။
***