သစ်စိမ်းဘိုးဘေးကြီး နိုးထလာခြင်း
Vol. 31 Ch. 427
"မိသားစုသံယောဇဥ်အကြောင်းပြောတာပဲဖြစ်ဖြစ်၊ ဒေါသအကြောင်း ပြောတာပဲဖြစ်ဖြစ် အရေးမကြီးဘူး" လူငယ်က တည်ကြည်သော လေသံနှင့် ပြောသည်။ "ပြုသမျှ၊ လုပ်သမျှအားလုံးက ကံ ကံရဲ့အကျိုးတွေပဲ ဖြစ်တယ်။ ကံကြွေးကုန်ခမ်းသွားရင်၊ ဖျက်စီးသုတ်သင်ခံရပြီးရင် အနှေးနဲ့အမြန် အရာအားလုံးဟာ ဗလာနတ္ထိဖြစ်လာတာပဲ မဟုတ်လား" ထို့နောက် သူက ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ အချိန်နောက်ပြန်သွားနေသကဲ့သို့ ကျောက်ပုံဘဝရောက်နေသော တောင်ကောင်းကင်ဂိတ်ဝသည် တမုတ်ဟုတ်ချင်း အကောင်းပကတိတိုင်း ပြန်ဖြစ်သွားလေပြီ။
မှန်ပါသည်၊ ဂိတ်ဝကို ပြုပြင်၍ရသော်လည်း ၄င်းပြိုကျသွားမှုက သက်ရှိထင်ရှားရှိသော ကျီမျိုးနွယ်စုကျင့်ကြံသူအားလုံး၏ ကျင့်ကြံခြင်းအခြေခံကို ထိခိုက်စေခဲ့ကြောင်း လူငယ်သိသည်။ ထိုသို့သောဆုံရှုံးမှုများမှာ အလွယ်တကူ ပြန်လည်ပြုပြင်လို့ရသည့်အရာမျိုးမဟုတ်ပေ။
ယင်းက ဂိတ်ဝ၏ အရေးပါမှုပင်။ ၄င်းသည် ကျီမျိုးနွယ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ကျင့်ကြံသူအလုံးစုံကို ကျင့်ကြံခြင်းအခြေခံအဆင့်မြှင့်တင်ရန် ကျီကောင်းကင်၏ စွမ်းအားကို အသုံးပြုခွင့်ပေးလေသည်။
ထိုစဥ် ကျီနတ်မင်းအထွတ်အမြတ်နယ်မြေ၏ အပြင်ဘက်၊ အနောက်ပိုင်းသဲကန္တာရတွင် စိုးမိုးမင်းမူနေခဲ့သော တိတ်ဆိတ်ငြိမ်သက်မှုသည် ပျောက်ကွယ်သွားပြီဖြစ်၏။ ကံဖျက်စီးခြင်း မအောင်မြင်မှုကြောင့် ကျီးနတ်မင်းမျိုးနွယ်စုငါးစု၏ အဖွဲ့ဝင်များသည် မန်ဟို့ကို ပြန်မှတ်မိသွားကြလေပြီ။
သို့သော် သူတို့မှာ စောစောက ရပ်တန့်နေမှုနှင့်ပတ်သက်၍ ဘာဆိုဘာမှမသိပေ။ သူတို့ မှတ်မိသည့် နောက်ဆုံးအရာမှာ မန်ဟို ဗြုန်းစားကြီး တဖျပ်ဖျပ်လက်နေသော ရွှေတံခါးများထံ ပျံထွက်သွားခြင်းကိုသာ။
ကျီးကင်းထောက်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်က ခေါင်းကိုခါရမ်းပြီး အားရးပါးရရယ်သည်။ "မဟာအကြီးအကဲမန်ကတော့ စိတ်မြန်လက်မြန်ရှိတာပဲ။ ရပါတယ် ပြဿနာမရှိဘူး။ သွားကြစို့" ထို့နောက် သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ လှုပ်ရှားသွားပြီး တလက်လက် တောက်ပနေသော ရွှေတံခါးချပ်များအတွင်းသို့ ဝင်ရောက်သွားသည်။ နတ်ဆရာမကြီး၊ အကြီးအကဲနှင့် မျိုးခြားသားရဲလူထွားကြီးအပါအဝင် အခြားသူများလည်း သူ့နောက်မှ ပျံသန်းလိုက်ပါသွားကြ၏။ လူထွားကြီး၏မျက်နှာမှာ တင်းမာခက်ထန်နေပြီး သူ့မျက်လုံးများ၌ အရှက်အခွဲခံရသလို ဒေါသထွက်နေသော အရိပ်အယောင်တို့ ပြည့်နှက်နေသည်။
လောလောဆယ်တွင် ကြက်တူရွေးသည် လွှမ်းမိုးနေသူဖြစ်၏။ ၄င်းက ဖြစ်ပျက်ခဲ့သမျှအားလုံးကို မှတ်မိ၍ အမှန်တရားကို သဘောပေါက်လေသည်။ ဤအခြင်းအရာကြောင့် ၄င်းသည် မိုးမီးလောင်လောက်သည်အထိ ဒေါကန်နေရင်း ရွှေတံခါးအတွင်းသို့ အလောတကြီး ဝင်ရောက်သွား၏။
ကျန်မျိုးနွယ်စုများမှာမူ မဟာအကြီးအကဲမန် ဇွတ်ဝင်သွားသည်ကို ဂရုမစိုက်သလို၊ ဘာမှလည်းမပြောပေ။ အမှန်တွင် သူတို့သာ ကျီးကင်းထောက်မျိုးနွယ်စု၏ နေရာတွင်ဆိုပါကလည်း ဘာမှတတ်နိုင်မည်မဟုတ်..... မဟာအကြီးအကဲမန်က မဟာမိစ္ဆာသားရဲသခင်တစ်ဦး၏စွမ်းအားကို ထုတ်ဖော်ပြသခဲ့သည်မဟုတ်ပါလော။ ထိုကဲ့သို့ပုဂ္ဂိုလ်တစ်ဦးသည် မည်သည့်မျိုးနွယ်စုတွင်မဆို အလေးစားခံဧည့်သည်တစ်ဦးအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
ကျီးကင်းထောက်မျိုးနွယ်ဝင်များ ရွှေတံခါးကို ဖြတ်၍ မီးတောင်ခုနစ်လုံးရှိသော အထွတ်အမြတ်နယ်မြေသို့ ဝင်ရောက်သွားကြသည်။ ဤအခိုက်အတန့်တွင် မန်ဟိုသည် ကျီဆယ့်ကိုးကို လှုပ်မရအောင် ချုပ်ပြီးလေပြီ။ သစ်သားဓားလေးလက်က ကျီဆယ့်ကိုး၏ ကျင့်ကြံခြင်းအခြေခံကို အဆက်မပြတ် ဖျက်စီးနေရာ သူ့အတွက် ပြန်မသက်သာနိုင် ဖြစ်နေတော့သည်။
ထို့အပြင် မန်ဟိုက သူ၏ကျင့်ကြံခြင်းအခြေခံ အလွန်မြင့်လွန်းနေမှာစိုး၍ တခြားနည်းလမ်းတချို့ပါ သုံးရန် ဆုံးဖြတ်လိုက်သည်။ သူသည် သိုလှောင်အိတ်အတွင်းမှ ဖော်စပ်ထားသော အဆိပ်ဆေးလုံးအဆုပ်လိုက်ကြီး ထုတ်လိုက်လေ၏။ ဤအဆိပ်များ၏ နောက်ဆက်တွဲအကျိုးဆက်ကို မဆိုထားနှင့်၊ ပြင်းအားသည်ပင် ကြောက်စရာကောင်းနေပြီဖြစ်သည်။ မန်ဟိုကိုယ်တိုင်ပင် အဆိပ်ပြန်ဖြေပေးရန် အခက်အခဲရှိလေသည်။ သူက တုံ့ဆိုင်းမနေဘဲ ကျီးဆယ့်ကိုးပါးစပ်ထဲ သိပ်ထည့်တော့၏။
ကျီဆယ့်ကိုးမှာ အဆိပ်ဆေးလုံးတစ်ပုံတစ်ခေါင်းကြီးကို အတင်းအကြပ်စားနေရသဖြင့် မျက်လုံးပြူးနေလေပြီ။ သူ့မျက်နှာမှာ ခရမ်းရောင်သမ်းနေပြီး တစ်ကိုယ်လုံး ခုနစ်ကြိမ်တိတိ တဆတ်ဆတ် တုန်သွားသည်။ တစ်ကြိမ်တုန်တက်သွားတိုင်း သူ့မှာ တဖြေးဖြေးခြောက်ကပ်လာကာ သူ့အရှိန်အဝါမှပင် အဆိပ်ငွေ့တို့ စိမ့်ထွက်လာနေ၏။ သူ၏မျက်လုံးများသည် အစိမ်းရောင်ဖြစ်နေပြီး ထိတ်လန့်ကြောက်ရွံမှုတို့ပြည့်နှက်နေတော့သည်။
"မင်း... သေစမ်း။ မင်းမှာ အဆိပ်ဆေးလုံးဘယ်နှလုံးတောင် ရှိနေတာတုန်း။ ငါ့ကို ဘယ်လောက် ငါ့ကျွေးလိုက်တာလဲ"
မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။
"ဒီနေ့တော့ ဒီလောက်ပဲ နှိပ်စက်မယ်။ ဆေးလုံးတွေ တစ်လုံးမကျန် ခင်ဗျားကိုယ်နဲ့ အပြည့်အဝ ပေါင်းစည်းပြီးတာနဲ့ နောက်ထပ် ထပ်ဖော်ပေးမယ်" ထို့နောက် မန်ဟိုက လက်ကိုဝှေ့ယမ်းကာ ကျီဆယ့်ကိုးကို တံခွန်သုံးခုအလံနှင့် လိပ်ပြီး သွေးမျက်နှာဖုံးအတွင်းသို့ စုပ်ယူခံလိုက်ရစေသည်။
သူ့ကို ထိုသို့ချုပ်နှောင်ပြီးနောက်မှသာ မန်ဟို့မှာ စိတ်အေးသွားတော့သည်။ မဟုတ်လျှင် ကျီဆယ့်ကိုး၏မယုံနိုင်ဖွယ်စွမ်းအားကို စဥ်းစားပြီး ဘယ်လိုစိတ်နှင့် အေးအေးဆေးဆေးနေနိုင်မည်နည်း။
"သူ အားနည်းသင့်သလောက် အားနည်းသွားပြီဆိုရင် သူ့သွေးကို သုံးပြီး သွေးစိတ်ဝိညာဥ်ဖန်တီးရမယ်။ ပြီးတော့ သူ့ဝိညာဥ်ကိုလည်း လီမျိုးနွယ်စုခေါင်းဆောင်ကြီးလို မိုးကြိုးဝိညာဥ်ပြောင်းဖို့ သုံးနိုင်တယ်။ အထူးနည်းလမ်းတချို့နဲ့ဆိုရင် သူ့ခန္ဓာကိုယ်ကို ရုပ်သေးပြောင်းနိုင်မယ်။ သူ့လို အဆင်မြင့်ပညာရှင်တစ်ယောက်က ဘယ်နေရာကကြည့်ကြည့် ရတနာပဲ။ ဘယ်အပိုင်းကိုမှ အလကားအဖြစ်မခံနိုင်ဘူး။ သူ့မှာ သိုလှောင်အိတ်ရှိမနေတာ နာတာပဲ..." အကြာကြီးစဥ်းစားနေပြီးနောက် သူသည် မည်သည့်အခွင့်အရေးကိုမှ အလဟဿမဖြစ်စေခဲ့ကြောင်း သုံးသပ်မိလိုက်သည်။ နောက်ဆုံးတွင်တော့ သူက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
ကျီဆယ့်ကိုး သူပြောနေသည့်စကားများအား မကြားတာပဲ ကောင်းသည်။ မဟုတ်လျှင် ရွှေတုန်းလျှိုကြောင့် အသက်ထွက်ရသည်ကဖြင့် ပိုကောင်းကြောင်း သဘောပေါက်သွားပြီး သွေးအန်သွားလိမ့်မည်။
"ဒီတစ်ခေါက်တော့ အဆိုးထဲက တကယ်အမြတ်ထွက်ခဲ့တာပဲ" သူ့မှာ စကြဝဠာအိတ်ကို ငုံ့ကြည့်ပြီး စိတ်လှုပ်ရှားလွန်း၍ ရင်ထဲတရွရွ ဖြစ်လာတော့သည်။ လမ်းတစ်လျှောက်လုံးလည်း သူသည် ငါးမျှားကြိုး၏စွမ်းအားကို အခွင့်ကောင်းယူကာ ရှားပါးကမ္ဘာသစ်မိစ္ဆာအမြောက်အမြား စုဆောင်းနိုင်ခဲ့သည်။ သူ့ဘာသာသူဆိုလျှင် အခက်တွေ့မည်ဖြစ်သော အကောင်အချို့ပင် ပါဝင်ခဲ့သည်။
အထူးသဖြင့် ကမ္ဘာမိစ္ဆာများအကြောင်း တွေးကြည့်ပါက အချီကြီး ပွနေပြီ ဖြစ်သည်။
"ပြီးတော့ ဓားရှိသေးတယ်" လောလောဆယ် ကျီဆယ့်ကိုး အထိုးခံထားရသော လေးလက်မြောက်သစ်သားဓားက သူ့ကို အသက်ရှူသံများ မြန်လာစေသည်။ နည်းလမ်းကျကျပြောရလျှင်တော့ ၄င်းက တတိယအလက်ပင်။
ယခုတွင် အဆိုပါဓားများတွင် မယုံနိုင်ဖွယ်ရာသော ပဟေဠိတချို့ ပါရှိနေကြောင်း မန်ဟိုသိသွားလေပြီ။ ဓားနည်းနည်းပါးပါးထပ်ရလျှင်တော့ ထိုပဟေဠိကို သူ ဖြေနိုင်လောက်သည်။
"အင်မိုတယ်ဇီဝိန်ချုပ်ဓားတဲ့လား ဟမ်။ ပြီးတော့ တံခွန်သုံးခုနဲ့အလံ။ ကျီဆယ့်ကိုး အဲ့ဒါကို ခေါ်တဲ့နာမည်က အသားဂျယ်လီပြောတဲ့နာမည်နဲ့ မတူဘူး ….. တောင်နဲ့ပင်လယ်ဧကရာဇ်အလံတော်တဲ့လား" မန်ဟိုသည် အနည်းငယ်တွေးပြီးနောက် သိုလှောင်အိတ်ကို ပုတ်ကာ အစိမ်းရောင်ငါးမျှားတံတစ်လက် ထုတ်လိုက်သည်။ ၄င်းကို ကိုင်မ,ထားစဥ် သူ၏မျက်လုံးများမှာ တလက်လက်တောက်ပလာ၏။
"ကျီဆယ့်ကိုး ကံကြွေးပျက်ကိန်းကို ထုတ်ဖော်တုန်းက ငါးမျှားကြိုးကို အသုံးပြုခဲ့တယ်။ သူသုံးတဲ့ ငါးမျှားတံက ဒီတစ်ခုနဲ့ အမျိုးအစားတစ်ခုတည်းထင်တယ်" သူသည် ငါးမျှားတံကို လေးလေးနက်နက်ကြည့်နေ၏။ ရုတ်တရက် သူ ယခင်က ကြားခဲ့ရသည့် ဆူဆူညံညံအသံများကား သူ၏စိတ်နှလုံးအတွင်းတွင် နောက်တစ်ဖန် ကြားယောင်လာ၏။ ကလေးငိုသံများ၊ လူအိုများ အသက်လုရှူသံနေရသံ၊ ယောက်ျားမိန်းမများ၏ ရယ်မောသံ၊ အချင်းများသံတို့ ဖြစ်လေသည်။
သူက ငါးမျှားတံအား အလျင်အမြန် လွှတ်လိုက်သည်။ ထို့နောက် တစ်ယောက်တည်း တီးတိုးရေရွတ်နေပြီးနောက် ငါးမျှားတံကို သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်၏။
"ဒါကို ဘယ်လိုသုံးရမလဲမသိဘူး။ ကျီဆယ့်ကိုးကို မေးရင် ရလောက်မယ်" မန်ဟိုက မီးတောင်ဝကိုတစ်လှည့်၊ ကံကြမ္မာရေအိုင်ကို တစ်လှည့်ကြည့်သည်။
ရုတ်တရက် သူ့နှလုံးသားမှာ ဖျဥ်းခနဲဖြစ်သွား၏။ စောစောက သူ့မှာ ကံကြွေးပျက်ကိန်းကြောင့် ကန်ထဲ ဝင်ရောက်ခဲ့ရသဖြင့် သိပ်ထူးထူးခြားခြား သတိမထားမိခဲ့ပေ။ ယခုတွင် သူ၏မျက်လုံးများလက်သွားပြီး ရေကန်သို့ နောက်တစ်ဖန် ပြေးထွက်သွားသည်။ အထဲရောက်သော် သူက အချိန်အတော်ကြာသည်အထိ မျက်စိမှိတ်ထားလိုက်သည်။ ၄င်းတို့ ပြန်ပွင့်လာသောအခါ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေပြီ။
"အရုပ်အသွင်ပြောင်းမှော်စွမ်းအားတွေ ပါနေတာပဲ.... ငါ ဒီမှာကျင့်ကြံရင် ငါ့သစ်စိမ်းပင်အရုပ် ပိုပြီး အစွမ်းထက်လာလိမ့်မယ်။ လုံလောက်တဲ့စွမ်းအားနဲ့သာဆို အရုပ်ကို အသွင်ပြောင်းလို့တောင် ရလောက်တယ်။ မျက်လုံးမဲ့ပိုးကောင်အပေါ်လည်း သက်ရောက်မှုရှိရင် ရှိမှာ။ မျက်လုံးမဲ့ပိုးကောင်ကို အရုပ်အစစ်အဖြစ် ပြောင်းလို့မယ်ဆိုရင် လီထျန်းရဲ့မှော်အစွမ်းကို မလိုအပ်တော့ဘူး" မန်ဟို၏မျက်လုံးများ တဖျပ်ဖျပ်လင်းလက်နေချေသည်။ သစ်အမျိုးအစား သစ်စိမ်းပင်အရုပ်သည် ကျီးကင်းထောက်မျိုးနွယ်စု၏ သစ်စိမ်းဘိုးဘေးကြီးမှ သူ့ကို လွှဲအပ်ပေးခဲ့သော အမွေအနှစ်ဖြစ်သည်။ ၄င်းအား ထပ်မံအသွင်ပြောင်းနိုင်မည်လား မန်ဟိုမသေချာပေ။
သူသည် မျက်ဝန်းများ၌ ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ ပြည့်နှက်နေလျက် အတန်ကြာ ရပ်စဥ်းစားနေသည်။ ထို့နောက် တရားထိုင်ရန် ရေထဲတွင် တင်ပျဥ်ခွေထိုင်လိုက်၏။ သူမျက်လုံးပိတ်လိုက်သောအခါ နဖူးပေါ်တွင် သစ်စိမ်းပင်အရုပ်ဆေးမင်ကြောင်နှင့် လက်ခုံပေါ်၌ မျက်လုံးမဲ့ပိုးကောင်အရုပ်ဆေးမင်ကြောင် အသီးသီးပေါ်လာကြသည်။
ကန်ထဲရှိ ရေများသည် တပွက်ပွက်ဆူပွက်နေသကဲ့သို့ အမြှုပ်တစီစီထလာသည်။ မန်ဟို့ကို ဗဟိုပြု၍ ရေများက တဝေါဝေါလည်ပတ်ရင်း ရေဝဲတစ်ဝဲဖြစ်တည်လာ၏။
ကန်အတွင်းရှိ ရေများကား အရုပ်စွမ်းအားဖြင့် တအိအိလှုပ်ရှားနေလေပြီ။ ရေများသည် မန်ဟို့ကို လှည့်ပတ်နေစဉ် သူ၏ခန္ဓာကိုယ်နှင့်ပေါင်းစည်းကာ သစ်စိမ်းအရုပ်ဆေးမင်ကြောင်နှင့် မျက်လုံးမဲ့ပိုးကောင်အရုပ်ဆေးမင်ကြောင်တို့ဖြင့် တစ်သားတည်းဖြစ်သွားသည်။
ပေါင်းစည်းခြင်းစတင်ပြီးနောက်တွင် ကန်ရေများ သိသိသာသာ လျော့နည်းသွား၏။ အချိန်အနည်းငယ်ကြာသော် ဖွေးဖွေးလှုပ်နေသော ရေပြင်မှ မြူငွေ့များ တထောင်းထောင်းထလာသည်။ လွင့်လူတက်လာသော မြူငွေ့များသည် မန်ဟို့ကို ရစ်ပတ်သိုင်းခြုံကာ မီးတောင်အတွင်းပိုင်းတစ်ခုလုံး၌ နေရာယူသွားလေပြီ။
ခေါင်းကိုင်ဖခင်၊ မိုးနတ်ဆရာမကြီး၊ အကြီးအကဲတို့သုံးယောက်မှာတော့ သံသယများစွာဖြင့် အထွတ်အမြတ်နယ်မြေကို ဖြတ်လာနေကြသည်။ အခြေအနေများက နည်းနည်းလေးတော့ လွဲနေ၏။ ယခင်ကထက် အများကြီးပို၍ ရှင်းလင်းနေသယောင်ပင်။
"ထူးဆန်းလိုက်တာ။ နောက်ဆုံးတစ်ခေါက်လာတုန်းက ဒီပတ်ဝန်းကျင်မှာ ကမ္ဘာသစ်မိစ္ဆာကျီးတစ်အုပ် ရှိခဲ့ဖူးတယ်မလား။ အထူးပညာရပ်တစ်ခုနဲ့တောင်မှ မနည်း ရှောင်တိမ်းရတာ"
"အင်း ဟုတ်တယ်။ ကျွန်မလည်း ဟိုနားမှာ တော်တော်လေး ကြောက်စရာကောင်းတဲ့ ကမ္ဘာသစ်မိစ္ဆာခြင်တွေရှိတာ မှတ်မိတယ်။ ဟိုနှစ်က ကျွန်မ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခေါ်သွားတုန်း ကျီးသူရဲကောင်းမျိုးနွယ်စု မတော်တဆ သွားရန်စမိတာ မြင်ခဲ့ရတယ်။ အဲ့ဒီတစ်ယောက်ဆို မျက်တစ်မှိတ်လေးအတွင်း ခြောက်ကပ်ပြီး အလောင်းဘဝရောက်သွားတာ"
"ထူးဆန်းတယ် ဒီတစ်ခေါက် တကယ့်ကို တိတ်ဆိတ်နေတာနော်"
သူတို့မှာ လမ်းတစ်လျှောက်လုံး ကမ္ဘာသစ်မိစ္ဆာတစ်ကောင်နှင့်မှ မတွေ့ရသလို၊ ဘိုးဘေးပညာရပ်တစ်ခုမှလည်း အသုံးပြုစရာမလိုအပ်ပေ။
မျိုးနွယ်စုမှတ်တမ်းများအရ အလယ်မီးတောင်က မူလကန်ရှိရာ ဖြစ်သည်။ အလယ်မီးတောင်ရှိ ကံကြမ္မာကန်ရေ လျော့နည်းသွားလျှင် အခြားမီးတောင်များရှိ ကန်ရေများလည်း လျော့နည်းသွားပေလိမ့်မည်။
ကျီးကင်းထောက်မျိုးနွယ်ဝင်များ မီးတောင်ဝနားရောက်လာသည်နှင့်တစ်ပြိုင်နက် တထောင်းထောင်းထနေသော မြူငွေ့များကို မြင်တွေ့လိုက်ရ၏။ အတွင်းမှ လာနေသော ဟိန်းဟောက်သံကြီးကိုလည်း ကြားလိုက်ရသည်။
၄င်းကား မန်ဟို့အသံကလွဲ၍ တခြားမဟုတ်ပေ။ သူ၏အသံအရှည်ဆွဲ အော်ဟစ်သံကြီး ပဲ့တင်ထပ်နေစဥ် မြူအတွင်းမှ ဧရာမသစ်စိမ်းပင်ကြီးတစ်ပင်၏ပုံရိပ် ရုတ်တရက် ပေါ်ပေါက်လာလေပြီ။
တစ်ချိန်တည်းမှာပင် မီးတောင်ထဲရှိ မြူငွေ့များ ကျုံ့လာ၏။ မကြာမီ မြူအားလုံးကို စုပ်ယူရင်း ကန်အတွင်း၌ တင်ပျဥ်ခွေထိုင်နေသော မန်ဟို့၏ပုံရိပ် ရှင်းလင်းမြင်သာလာသည်။
သစ်စိမ်းပင်ကြီး၏ပုံရိပ်က သူ၏အပေါ်တည့်တည့်တွင် တည်ရှိချေသည်။
"မဟာအကြီးအကဲမန်" ကျီးကင်းထောက်မျိုးနွယ်ဝင်များက သူ့ကို ချက်ချင်း သတိထားမိလိုက်သည်။ ထိုစဥ် မန်ဟို့၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသဖြင့် သူတို့စိတ်နှလုံးတုန်ရီသွားကြ၏။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရာ သူ့ပတ်ပတ်လည်ရှိ ရေများ ပို၍လျော့နည်းသွားသည်။ အဖြူရောင်ချီမျှင်များသည် မန်ဟိုနှင့် သစ်စိမ်းပင်အရုပ်ကြီး၏ စုပ်ယူခြင်းခံရရန် မျောလွင့်တက်လာကာ သစ်စိမ်းပင်ကြီးအား အမှန်တကယ် တည်ရှိနေသကဲ့သို့ အသက်ဝင်နေစေတော့သည်။
ဤအခိုက်အတန့်တွင် အခြားမီးတောင်ခုနစ်လုံးမှ ထစ်ချုန်းသံများ ကြားလိုက်ရ၏။ ၄င်းတို့ထံမှ အဖြူရောင်ချီများ မျောလွင့်တက်လာပြီး ကျီးကင်းထောက်မျိုးနွယ်ဝင်များရှိရာ နယ်ပယ်သို့ စီးမျောလာကြသည်။ ၄င်းတို့က မန်ဟို့ဆီ တန်းတန်းမတ်မတ် ဦးတည်၍ မီးတောင်ဝသို့ ဝင်ရောက်သွား၏။
သူ၏အပေါ်တည့်တည့်ရှိ သစ်စိမ်းပင်ကြီးသည် ရုတ်တရက် တုန်ခါလာပြီး ပြန့်ကားလာသည်။ ၄င်း၏ပင်စည်မှာ အချိန်များကျော်သွားနေသကဲ့သို့ အိုမင်းသထက် အိုမင်းလာသည်။ ဤအခိုက်အတန့်တွင် သစ်ပင်ကြီးကား မိုးကောင်းကင်နှင့် ထိလုမတတ် ကြီးထွားလာလေပြီ။
အမှန်တော့ ကြည့်ရှုနေသည့်မည်သူမဆိုအတွက် ..... သစ်ပင်ကြီးမှာ ကြီးထွားနေခြင်းသာမဟုတ်။ သစ်ပင်၏မျက်နှာပြင်ပေါ်တွင် ရှေးကျသော ဒဏ်ရာဒဏ်ချက်၊ အမာရွတ်များ အလိုလိုအလျောက် ပေါ်လာနေသယောင်ပင်။ ယင်းက သစ်စိမ်းပင်ကြီး......
မိုးနတ်ဆရာမကြီး ပင့်သက်ရှိုက်သွား၏။ "ဘိုးဘေးကြီး နိုးထနေပြီ ... မဟာအကြီးအကဲမန်ရဲ့ သစ်စိမ်းပင်အရုပ်က ဘိုးဘေးနိုးထခြင်းကို ကြုံတွေ့နေရပြီ"
"သစ်စိမ်းပင်ဘိုးဘေးကြီးနိုးထခြင်း" ခေါင်းကိုင်ဖခင်က အထိတ်တလန့် အော်လိုက်သည်။ သူ့မှာ မျက်လုံးအစုံပြူးကျယ်လျက် ရင်ခုန်သံတို့ မြန်လာလေသည်။
အောက်ရှိ ကန်ရေထဲတွင် မန်ဟို၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြန်သည်။ သူပင်လျှင် ရေကန်၏အရုပ်စွမ်းအားကို စုပ်ယူပြီး သစ်စိမ်းပင်အရုပ်ဖြင့် ပေါင်းစည်းခြင်းက ... ဘိုးဘေးနိုးထခြင်းစွမ်းအားကို အမှန်တကယ် မွေးဖွားပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မန်ဟို အံ့အားသင့်နေ၏။ "နောက်ဆုံးကျရင် ဘာနိုးထလာမှာလဲ။ ရှေးဟောင်း သစ်စိမ်းပင်တစ်ပင်လား"
***