← Chapters

ထပ်တူညီသော တခြားကမ္ဘာ

Vol. 31 Ch. 428

ထပ်တူညီသော တခြားကမ္ဘာ

Vol. 31 Ch. 428

"ဟိုးအရင်နှစ်တွေက နဝမပင်လယ်ကနေ အာကာသကို ဖြတ်ပြီး တောင်ကောင်းကင် ဂြိုဟ်ပေါ်ရောက်လာတဲ့ ...... အဆင့်အမြင့်ဆုံး သစ်ပင်ကြီးများ ဖြစ်သွားလိမ့်မလား" ချီများ သူ၏ကိုယ်အတွင်းသို့ တဝေါဝေါ စီးဝင်နေစဥ် မန်ဟို၏မျက်လုံးများသည် တဖျပ်ဖျပ် တောက်ပလျက်ရှိ၏။ အပြင်ရှိ မီးတောင်ခြောက်လုံးမှာလည်း ထစ်ချုန်းအော်မြည်နေချေသည်။

ချီများ စုပ်ယူနေသည်နှင့်အမျှ မန်ဟို၏မျက်ဝန်းများကား ပိုပို၍ စူးရှတောက်ပလာ၏။

သူသည် သူ၏အပေါ်တည့်တည့် လေထဲ၌ အကန့်အသတ်မဲ့သော အစိမ်းရောင်အလင်းကို ထုတ်လွှတ်လျက် ဝဲနေသည့် ဧရာမသစ်စိမ်းပင်ကြီးကို မော့ကြည့်လိုက်သည်။ အစိမ်းရောင်အလင်းသည် မိုးကောင်းကင်ကို ဆေးခြယ်မှုန်း၍ မြေပြင်ကို အုပ်မိုးကာ အရာခပ်သိမ်းအား သစ်စိမ်းပင်ကြီးအရှိန်အဝါဖြင့် လွှမ်းခြုံပြည့်နှက်နေစေ၏။ ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေတစ်လျှောက် ရှိရှိသမျှသော အပင်နှင့်အသီးအရွက်အလုံးစုံ ညှိုးနွမ်းခြောက်ကပ်လာလေပြီ။

ကျီးကင်းထောက်မျိုးနွယ်ဝင်များမှာ အဆိုပါမြင်ကွင်းကို စိုက်ကြည့်ရင်း အမောတ​ကော အသက်ရှူနေရ၏။ ထိုစဥ် အထွတ်အမြတ်နယ်မြေ၏ အပြင်၊ ကျီးကင်းထောက်မျိုးနွယ်စုတွင် သစ်ပင်လူကြီးသည် ကောင်းကင်ထက်၌ ကွန့်မြူးနေသော အစိမ်းရောင်အလင်းကို လှမ်းကြည့်လိုက်သည်။

"သစ်သား .... " ၄င်းက တိုးညှင်းစွာ ပြောသည်။

ရွှေတံခါးဝအပြင်၌ စောင့်ဆိုင်းနေသော မျိုးနွယ်စုလေးစုပင်လျှင် အံ့သြမှင်သက်နေ​ကြသည်။ အတွင်းတွင် ဖြစ်ပျက်နေသောအရာအား သူတို့ကောင်းကောင်းမမြင်ရသော်လည်း ထိတ်လန့်မှုက သူတို့ကို စိုးမိုးနေလေသည်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်း၏မျက်နှာပေါ်တွင် 'အံသြခြင်း' ဆိုသော စာလုံးအား ရေးထိုးထားကြ၏။

တစ်ချိန်တည်းမှာပင် အမျိုးမျိုးသော အရုပ်ဘိုးဘေးကြီးများ မျိုးနွယ်စုလေးစု၏ တောင်ထွတ်အသီးသီးတွင် ပေါ်လာကြလေပြီ။ သူတို့က ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေရှိရာသို့ လှမ်းကြည့်ပြီး တူညီသောစကားလုံးကို အကုန်လုံး ရေရွတ်လိုက်ကြသည်။

"သစ်သား .... "

ဤစကားလုံး လေထဲ ပျံလွင့်လာစဥ် ပတ်ပတ်လည်ရှိ တောင်စဥ်တန်းများပေါ်က အပင်နှင့်အသီးအရွက်အားလုံးမှာ လေမတိုက်သည့်တိုင် သွေးရူးသွေးတန်း ယိမ်းနွဲ့လာကြသည်။ ၄င်းတို့သည် ရွှီးရွှီးရွှမ်းရွှမ်း အသံများပြုရင်း အညံ့ခံကြောင်း ဖွင့်ဟနေသည့်အလားပင်။ ထို့အပြင် သစ်သားအမျိုးအစားဖြစ်တည်မှုအားလုံး၏ ရှင်ဘုရင်မင်းမြတ်အား ဦးညွှတ်ခစား အရိုအသေပေးနေသည့်ပုံပေါ်နေသည်။

အခြားမျိုးနွယ်စုလေးစုမှ ထူးခြားဆန်းကြယ်ဖြစ်တည်မှုလေးခုသည် ဖြစ်ပျက်နေသော အံ့သြဖွယ်ဖြစ်ရပ်ကို တဖြေးဖြေး ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

၄င်းတို့ ဦးညွှတ်အရိုအသေပေးနေကြစဥ် ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေရှိ ကျီးကင်းထောက်မျိုးနွယ်ဝင်များမှာ အသက်ရှူမှားနေကြလေပြီ။ သူတို့မျက်စိရှေ့မှာတင် သစ်စိမ်းပင်ကြီး၏ အရွယ်အစားကျုံ့လာ၏။ အရွယ်အစားသေးလာလေလေ၊ အစိမ်းရောင်အလင်းမှာ တောက်ပလာလေလေဖြစ်သည်။

၄င်း မီတာသုံးရာအမြင့်အထိ ကျုံ့သွားသည့်အချိန်တွင်တော့ ၄င်းကား ပတ်ဝန်းကျင်တစ်ခွင်လုံး အစိမ်းရောင်အလင်းဆောင်ကြဥ်းပေးနေသော အစိမ်းရောင်နေလုံးကြီးပမာ ဖြစ်နေချေပြီ။ မန်ဟိုက သစ်စိမ်းပင်ကြီးကျုံ့လာနေသည်ကို ကြည့်ရင်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ မီတာသုံးရာ၊ မီတာတစ်ရာ့ငါးဆယ်၊ မီတာတစ်ရာ .... နောက်ဆုံး မီတာသုံးဆယ်။

ဆယ့်ငါး၊ တစ်ဆယ် ၊ သုံး .... မီတာဝက်၊ သုံးပုံတစ်ပုံ .... သုံးလက်မ၊ နှစ်လက်မ ....

ကျုံ့ခြင်းက ကန်ရေလျော့နည်းခြင်းနှင့် အချိုးကျနေသယောင်ပင်။ မြောက်မြားစွာသောမြူငွေ့များမှာ မန်ဟို၏ စုပ်ယူခြင်းခံနေရသည်။ မျက်စိတစ်မှိတ်အတွင်း သစ်စိမ်းပင်ကြီးမှာ တစ်လက်မသာရှိတော့၏။

၄င်းထုတ်လွှတ်နေသော အလင်းရောင်မှာ အလွန်တောက်ပလွန်းသဖြင့် ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေအပြင်သို့ပင် ဖောက်ထွက်လာ၏။ အပြင်၌ ဝပ်တွားခယနေကြသော အပင်နှင့်အသီးအရွက်များ၊ အရိုအသေပေးနေသော ဖြစ်တည်မှုငါးခုနှင့် သစ်သားအမျိုးအစားအရုပ်ပိုင်ရှင် ကျင့်ကြံသူများအားလုံး ရှိခိုးဦးခိုက်ရန် တိုက်တွန်းနေသော အားတစ်ရပ်ကို ခံစားလိုက်ကြရလေသည်။

ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေတွင် ရောင်ခြည်တို့ ကွန့်မြူးနေသော တစ်လက်မအမြင့်သစ်စိမ်းပင်သည် မန်ဟို့ဆီ ပြေးဝင်လာကာ သူ့နဖူးအပေါ် ခတ်နှိပ်လိုက်သည်။ ဂျိန်းခနဲ ထစ်ချုန်းသွားပြီး အစိမ်းရောင်အလင်းက အဘက်ဘက်သို့ ဖြာထွက်သွား၏။ လူတိုင်း ပြန်မြင်ရသည်နှင့်တစ်ပြိုင်နက် မန်ဟို့နဖူးကို လှမ်းကြည့်လိုက်ရာ ... ဘယ်သူမှ မမြင်ဖူးသော ဆေးမင်ကြောင်တစ်မျိုးကို မြင်လိုက်ကြရသည်။

ဤအရုပ်ဆေးမင်ကြောင်မှာ ရှေးကျသော စာလုံးတစ်လုံးပုံစံပင်။

သစ်သား

(ရှေးစာလုံး 'သစ်သား' ရေးသားပုံက 木 သည်လို မဟုတ်ဘဲ Ψ ဒီလိုသင်္ကေတလေး ဖင်ချင်းဆိုင်ဆက်ထားသလိုပါ)

သစ်စိမ်းပင်၊ ပုံရိပ်၊ အလင်းရောင်ဟူ၍မရှိ။ ချောမွတ်ပြီး သာမန်အတိုင်းသာ။ ရှေးစာလုံး သစ်သား။

သို့သော် ဤစာလုံးသည် မိုးကောင်းကင်အောက်၌ရှိသော သစ်သားအမျိုးအစားအရာအလုံးစုံကို ကိုယ်စားပြုသည်။ ဤအခြင်းအရာကြောင့် သစ်ပင်ကိုသော်လည်းကောင်း၊ ပျိုးပင်ကိုသော်​လည်းကောင်း အထူးတလည် ဖော်ပြနေစရာမလိုပေ။ အကြောင်းမူ ၄င်းသည် .... သစ်သား၏ အနှစ်သာရ ဖြစ်၍ပင်။

ကောင်းကင်နှင့်မြေကြီးရှိ ခပ်သိမ်းသော သစ်သားအမျိုးအစားများ။

အပင်နှင့်အသီးအရွက်အားလုံး ရှိခိုးကြည်ညိုနေစဉ် အရာအားလုံး တုန်ခါနေချေသည်။ ဝေနေယျသက်ရှိသတ္တဝါအားလုံး အရိုအသေပေးနေကြလေပြီ။

"သစ်သား.... " မန်ဟိုသည် အစိမ်းရောင်အလင်းကွန့်မြူးနေသော နဖူးပေါ်ရှိ သစ်သားဆိုသောစာလုံးဖြင့် ကံကြမ္မာရေကန်အတွင်းမှ မြောက်တက်လာ၏။ ရုတ်တရက် တစ်ကမ္ဘာလုံးရှိ အပင်အားလုံးနှင့် ဆက်သွယ်နိုင်သွားသကဲ့သို့ သူခံစားလိုက်ရသည်။ သူ့စိတ်ဆန္ဒလေးကို ​လေ့ကျင့်ပေးလိုက်ရုံနှင့် မည်သည့်သစ်အမျိုးအစားကိုမဆို မှော်ဆန်ဆန် ထုတ်ဖော်နိုင်သည်ဆိုသော ခံစားချက်လည်း ပြင်းထန်နေသည်။

အောက်ရှိ ကံကြမ္မာရေကန်မှ ခေါ်သံတစ်မျိုးကိုလည်း သူခံစားနေရသည်။ ရေကန်သည် ကန်တစ်ကန်ပုံစံဖြင့် မွေးဖွားလာခဲ့သော်လည်း မန်ဟို ငုံ့ကြည့်လိုက်သောအခါ လမ်းတစ်လမ်းကို မြင်ရ၏။

ခေါ်သံသည် ..... ကောင်းကင်သစ်သားစာလုံးတစ်လုံး တည်ရှိသည်ဟု မန်ဟိုထူးထူးဆန်းဆန်း ခံစားနေရသော လမ်းအဆုံးမှ အရင်းခံလေသည်။

သူ၏မျက်လုံးများက တခဏအတွေးနက်သွားပြီးနောက် သူ့ခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားသွားလေသည်။ သူ ရုတ်တရက်ကြီး ကံကြမ္မာရေကန်ထဲ ထိုးဆင်း၍ လမ်းအတိုင်း ဦးတည်သွားသည်ကို ကျီးကင်းထောက်မျိုးနွယ်စုမှာ အသက်မနည်းရှူရင်း ကြည့်နေ၏။ ထို့နောက်တွင် သူကား လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။

မန်ဟို ပျောက်မသွားမချင်း ကျီးကင်းထောက်မျိုးနွယ်စုမှာ မတုံ့ပြန်နိုင်ကြပေ။ ထိုစဥ် လူပုံစံမျိုးခြားသားရဲကြီးမှာ ကံကြမ္မာရေကန်ထဲ ကျန်ခဲ့သော ရေပမာဏကိုကြည့်ပြီးနောက် မာန်သွင်းဟိန်းဟောက်ကာ ရေထဲ ပြေးချသွားတော့သည်။

ခေါင်းကိုင်ဖခင်၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွား၏။ သူက အခြားသူများအား လိုက်လာရန် လက်အမူအရာပြပြီး ကံကြမ္မာရေကန်ဆီ ဦးတည်သွားသည်။ ရေမှာ အလွန်နည်းနေပြီဖြစ်သော်လည်း အနည်းငယ်မျှ စုပ်ယူခြင်းသည်ပင် အလွန်အကျိုးထူး၏။

ကျီးကင်းထောက်မျိုးနွယ်ဝင်များ ကံကြမ္မာရေကန်ထံသို့ ဦးတည်သွားကြသည့်အချိန်နှင့် တစ်ချိန်တည်းဆိုသလို အပြင်ရှိ မျိုးနွယ်စုလေးစု မျက်နှာပျက်သွားကြသည်။ အထူးသဖြင့် ရွှေရောင်တံခါးများ မှေးမှိန်လာသည်ကို သတိထားမိသည့်အချိန်တွင်ပင်။ ခေါင်းကိုင်ဖခင်လေးဦးနှင့် နတ်ဆရာကြီးများလည်း အံ့အားသင့်သွားကြသည်။

"ဘယ်လိုလုပ် ဒီလောက်မြန်တာ ဖြစ်နိုင်မှာလဲ။ သေစမ်း ကံကြမ္မာရေကန် ပျောက်ကွယ်တော့မှာပဲဟ "

"ရွှေအလင်းရောင် မှိန်လာတယ်။ ဒါဆို ကံကြမ္မာကန်ရေတွေ ခမ်းနေပြီလို့ ဆိုလိုတာပဲ" မျိုးနွယ်စုလေးစုမှ ခေါင်းဆောင်ကြီးများနှင့် နတ်ဆရာများမှာ ယခုအချိန်တွင် ယခင်သဘောတူညီချက်ကို စောင့်ထိန်းရန်လိုသည်ဟု မခံစားရတော့ပေ။ သူတို့သည် မျိုးနွယ်ဝင်အသီးသီးကို ဦးဆောင်၍ ရွှေရောင်အလင်းဆီသို့ ချက်ချင်း ထွက်သွားကြသည်။ တခဏအတွင်း ရောင်စုံအလင်းတန်းတစ်ရာကျော်ကား တံခါးပေါက်မှ ဖြတ်သွားလေပြီ။

ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေထဲတွင် မျိုးနွယ်စုလေးစုသည် မီးတောင်အသီးသီးကို ဦးတည်ရင်း လူစုခွဲသွားကြသည်။

အရာအားလုံးမှာ အတော်လေး ဝရုန်းသုန်းကား ဖြစ်နေချေသည်။ သို့သော် ဝရုန်းသုန်းကား ဖြစ်နေသည့်အလယ်တွင် အဆက်အသွယ်ရှိသော လူလေးယောက်ရှိ၏။ ရုတ်တရက် သူတို့အားလုံး ခုနစ်တောင်မြောက်မီးတောင်သို့ ပျံသန်းသွားကြသည်။

ဤလူလေးယောက်မှာ ရန်စုန့်နှင့် အခြားအနုသုခုမရုပ်ခန္ဓာပညာရှင်များမှလွဲ၍ တခြားမဟုတ်ပေ။ သူတို့သည် အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် ရွေ့လျားနေကြသော်လည်း သိပ်မသိသာစေရန် သတိထားနေကြသည်။ သူတို့က မီးတောင်သို့ ဝင်ရောက်ပြီး အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နေသော မျက်လုံးများဖြင့် ဘေးဘီဝဲယာကို ကြည့်ကာ တစ်ချိန်တည်း ဝင်ရောက်လာကြသော မျိုးနွယ်ဝင်များကို ချက်ချင်း တိုက်ခိုက်လိုက်ကြ၏။

သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်နှင့် မျိုးနွယ်ဝင်များ သတိလက်လွတ် ဖြစ်သွားသည့်အချက်ကို ထည့်တွက်လျှင် သူတို့ကို အပြတ်ရှင်းရန် အချိန်အနည်းငယ်သာ ကြာလိုက်လေသည်။ အော်သံများ ထွက်လာရန်ပင် အချိန်မရှိလိုက်ပေ။

ယခုတွင် သူတို့သည် သရုပ်မှန်ကို ဖုံးကွယ်စရာမလိုတော့၍ မျက်နှာအစစ်အမှန်များအား ဖော်ပြလိုက်ကြသည်။

သွေးညှီနံ့များ နံဟောင်နေသော်လည်း လီထျန်းက လက်ကို ဝှေ့ယမ်းကာ ချက်ချင်း လွင့်ပျယ်ပျောက်ကွယ်သွားစေသည်။ တစ်ချိန်တည်းမှာပင် မိုလီနှင့် လူထူးဆန်းဝမ်က လက်နှစ်ဖက်နှင့် ဂါထာမန္တယားဆိုင်ရာ မုဒြာလက်ကွက်များ ဖော်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း မှော်အကာအကွယ်တစ်ခုက လွှမ်းခြုံအုပ်မိုးလိုက်ရာ မည်သူမှ တောင်ထဲ မဝင်ရောက်နိုင်အောင် တားမြစ်လိုက်သည်။

"မဟာအကြီးအကဲမန်ဆိုတာ ကျုပ်တို့ တာအိုရောင်ရင်းမန် ဖြစ်မယ်လို့ ခံစားနေရတယ်" ရန်စုန့်က အခြားသူများကို ကြည့်ရင်း အေးစက်စက်ပြောသည်။

"သူက ဒီနေရာကို အရင်ဆုံးဝင်လာတာပဲ" လီထျန်းက မျက်မှောင်ကြုတ်၍ ပြောသည်။ "သေချာပေါက် သဲလွန်စ တစ်ခုခုတော့ ရှာတွေ့နေလောက်ပြီ။ ငါတို့ မြန်မြန်သွားမှ ဖြစ်မယ်"

"ကျုပ် သိရသလောက်" ရန်စုန့်က ပြောသည်။ "သတ္တမမီးတောင်က တားမြစ်မန္တန်ပိုင်းမှာ အားအနည်းဆုံးပဲ။ မန္တန်တွေကို ချိုးဖျက်ဖို့ တာအိုရောင်ရင်းတို့ကို အားထားလို့ရမလား။ ပြီးရင် ကျုပ်တို့ ရှေးဆေးဝါးတာအိုတည်ရှိတဲ့နေရာဆီ သွားလို့ရပြီ"

လေးယောက်သား အကြည့်ချင်းဖလှယ်ပြီးနောက် မီးတောင်၏ အောက်ခြေသို့ အလောတကြီး ဆင်းသွားကြသည်။ ယခင်သဘောတူညီချက်အတိုင်း မိုနှင့်ဝမ်သည် တားမြစ်မန္တန်များကို ဖျက်စီးရန် သူတို့၏ မှော်ပညာရပ်များအား စတင်အသုံးပြုကြ၏။

လေးယောက်အဖွဲ့  အလုပ်လုပ်နေကြစဥ် မျိုးနွယ်စုငါးစုသည် ကံကြမ္မာရေကန်အား ဝရုန်းသုန်းကား လုယက်နေကြ၏။ မျိုးခြားသားရဲကြီး၊ ကြက်တူရွေးနှင့် အသားဂျယ်လီတို့ သုံး​ကောင်တစ်ကိုယ် လူထွားကြီး ရေတို့ စတင်စုပ်ယူသည့်အချိန်မှာပင် မန်ဟိုက တစ်ကမ္ဘာတစ်ခုတွင် ပြန်ပေါ်လာသည်။

ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူက ​ဘေးဘီဝဲယာကို တအံ့တသြ လှည့်ပတ်ကြည့်လိုက်သည်။ သူ၏မျက်လုံးများ စတင်တောက်ပလာ၏။

အံသြဖွယ်ကောင်းစွာနှင့် ... ဤနေရာမှာ စောစောကနေရာနှင့် တစ်ထပ်တည်းပင်။ သူ ယခုရောက်နေသည်မှာ ယခုလေးတင် ထွက်လာခဲ့သော မီးတောင်ဖြစ်သည်။ သူ့​ခြေထောက်အောက်ရှိ ရေမှာ ကံကြမ္မာရေကန်ကလွဲ၍ တခြားမဟုတ်ပေ။ သို့သော် ရေများမှာ နောက်ကျိနေ၍ စုပ်ယူရန် မဖြစ်နိုင်။ တစ်ကမ္ဘာလုံးတွင် မီးခိုးရောင်တစ်ခုတည်းသာ တည်ရှိနေသကဲ့သို့ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် မီးခိုးရောင်သမ်းနေ၏။

မန်ဟိုက လွှားခနဲ မီးတောင်ဝသို့ ပျံတက်လိုက်သည်။ အပြင်ရှိ အရာအားလုံးမှာ စောစောက ကမ္ဘာအတိုင်းပင်။ မီးတောင်ခုနစ်လုံးလည်း ရှိသေးသည်။ ရေမြေတောတောင်အားလုံး ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေနှင့် တစ်ထပ်တည်းတူသည်။ သို့သော်...... မီးတောင်ခုနစ်လုံး၏အလယ်တွင် ဧရာမသစ်ပင်ကြီးတစ်ပင်ရှိနေ၏။

ဤဧရာမရှေးသစ်ပင်ကြီးသည် အလွန်မြင့်သွန်းလှသဖြင့် မိုးကောင်းကင်ကို ကျားကန်ပေးထားသည့်ပုံပေါ်နေသည်။ ထို့ပြင် ၄င်းကား ရွှေရောင်ဖြစ်၏။

နီးနီးကပ်ကပ်ကြည့်လျှင် သစ်ပင်ကား သစ်သားမဟုတ်ဘဲ သတ္တုသားဖြစ်ကြောင်း တွေ့ရပေမည်။ သစ်ပင်၏ထိပ်တွင် အလွန်ကြီးမားသော ရွှေကျီးကန်းတစ်ကောင်က မန်ဟို့ကို စိုက်ကြည့်ရင်း နားနေသည်။

သစ်ပင်၏ခြေရင်းတွင်တော့ သစ်ပင်ကိုမှီ၍ ဆေးပေါင်းဖိုအဟောင်းတစ်လုံးကို မျက်နှာချင်းဆိုင်နေသော အလောင်းတစ်လောင်းရှိသည်။

သစ်ပင်ကြီးနှင့် ရွှေကျီးကန်းကြီးမှတစ်ပါး ပတ်ဝန်းကျင်တွင် တခြားဘာဆိုဘာမှ ရှိမနေပေ။ သက်ရှိသတ္တဝါသော်လည်းကောင်း ၊ သက်စောင့်အားသော်လည်းကောင်း ...... သေခြင်း၏တည်ရှိမှုသော်လည်းကောင်းရှိမနေ။

မန်ဟိုသည် သစ်ပင်ကြီးနှင့် ရွှေကျီးကန်းကို အာရုံစိုက်နေ၏။ ထို့နောက် သူက အလောင်းနှင့် ဆေးပေါင်းဖိုကို ကြည့်သည်။ အလောင်းနှင့် ဆေးပေါင်းဖိုကြောင့်သာမဟုတ်လျှင် ရန်စုန့်စကားအားလုံး မမှန်ဟု ကောက်ချက်ချမိလိမ့်မည်။

မန်ဟို တွေးတွေးဆဆနှင့် ဧရာမရွှေသစ်ပင်ကြီးဆီသို့ ပျံသန်းသွားသည်။

သူအနားကပ်လာစဥ် သစ်ပင်ထိပ်ရှိ ရွှေကျီးကန်းကြီးက ရုတ်တရက် လှုပ်ရှားသွားသည်။ ၄င်း၏မျက်လုံးထဲ၌ ရွှေအလင်းရောင်ကို မြင်နိုင်လေသည်။

မန်ဟိုက ရပ်လိုက်သည်။ သူ့ကို ခေါ်နေသည့်အရာမှာ ရွှေကျီးကန်းကြီးနားနေသော ဧရာမရွှေသစ်ပင်ကြီး ဖြစ်​ကြောင်း အာရုံရလိုက်လေပြီ။

ရွှေကျီးကန်းကြီးက မန်ဟို့ကို ကြည့်ပြီးနောက် မျက်စိမှိတ်လိုက်သည်။ သူသည် ၄င်းကို လက်ယှက်အရိုအသေပေးပြီးနောက် အနားဆက်တိုးလာ၏။

သူသည် ရွှေသစ်ပင်ကြီးကို အရင်ဆုံးမလေ့လာပေ။ ထိုအစား အလောင်းကို ငုံ့ကြည့်လိုက်၏။ အလောင်း၏လက်ထဲတွင်ကား ​ကျောက်စိမ်းပြားတစ်ပြား။

မန်ဟိုသည် ၄င်းကို ကောက်ပြီး စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးလိုက်သည်။ ရုတ်တရက် သူ့ခေါင်းထဲ၌ စာလုံးသုံးလုံး ပေါ်လာ၏။

"စိတ်ဝိညာဥ် ခွဲထွက်ခြင်း ဆေးလုံး"

သူ၏ မျက်လုံး ဖျတ်ခနဲ လက်သွားပြီး ဆေးပေါင်းဖိုကို ငုံ့ကြည့်လိုက်သည်။ ထိုသို့ငုံ့ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ထူးဆန်းသောအမူအရာတစ်ခု သူ၏မျက်နှာကို ဖုံးလွှမ်းသွားသည်။ ထိုနေရာ၊ ဆေးပေါင်းဖို၏ကျောပေါ်တွင် အပေါက်အကြီးကြီးတစ်ပေါက်ရှိ၏။

ဆေးပေါင်းဖိုအတွင်းတွင် မည်သည့်ဆေးလုံးမှ မမြင်ရပေ။ သို့သော် နှစ်ပေါင်းအသေင်္ချကုန်လွန်ခဲ့ပြီ ဖြစ်သည့်တိုင် ဆေးဝါးတာအို၏ မဟာအကြီးအကဲဖြစ်သူ မန်ဟိုသည် ဖျက်စီးမခံရခင် ကျန်ရစ်ခဲ့သော အကြွင်းအကျန်အရ အထဲတွင် ဆေးလုံး အမှန်တကယ် ရှိခဲ့ကြောင်း ပြောနိုင်လေသည်။

သူက အပေါက်ကို ကြည့်ရင်း ရုတ်တရက် ရှေးခေတ်က အတွင်းထဲတွင် ဖော်စပ်ခံခဲ့ရသော ဆေးလုံးမှာ ၄င်း ဆန္ဒအလျောက် ထွက်သွားခဲ့​ခြင်းဖြစ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ "သေချာပေါက် ကမ္ဘာဦးအစက ရှေးဆေးဝါးတာအိုရဲ့ ဆေးလုံးပဲ ။ ဒါပေမဲ့ ... ဆေးလုံးက ဘယ်ရောက်သွားတာလဲ"

***

All Chapters