← Chapters

ရွှေကျီးကန်းနှင့် ရွှေသစ်ပင်

Vol. 31 Ch. 429

ရွှေကျီးကန်းနှင့် ရွှေသစ်ပင်

Vol. 31 Ch. 429

မန်ဟိုက တစ်ယောက်တည်းရေရွတ်ရင်း ဘေးဘီဝဲယာကို အကဲခတ်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်၏။ သို့သော် ဧရာမရွှေသစ်ပင်ကြီးနှင့် ရွှေကျီးကန်းကြီးမှတစ်ပါး မည်သည့်အရိပ်အယောင်မှ မတွေ့ရပေ။

"ဒီတစ်နေရာလုံးကနေ ထွက်သွားတာများ ဖြစ်နိုင်မလား" မန်ဟိုက တွေးသည်။ ဆေးဝါးတာအို၏ မဟာအကြီးအကဲတစ်ဦးအနေဖြင့် သူသည် ပြစ်ဒဏ်မိုးကြိုးဖြင့် ကောင်းကင်ကို ဖျက်စီးတတ်သည့်၊ ကောင်းကင်နှင့်မြေကြီးရှိ ကံကြမ္မာကောင်းများကို လုယူတတ်သည့် အသိရှိသော ဆေးလုံးများကို ဖော်စပ်ခဲ့ဖူး၏။

မန်ဟိုမှာ ဟိုးရှေးရှေးတုန်းက ရှေးဆေးလုံးအများစု မည်သို့​​​လွင့်ပါးပျောက်ကွယ်ပြီး ဖုန်ဘဝသို့ ရောက်သွားခဲ့သည်လဲ တွေးနေမိသည်။ "ဒီဆေးလုံးလည်း လုံးပါးပါးသွားလောက်ပြီ"

ထိုကဲ့သို့ ဆေးပေါင်းဖိုတစ်လုံးမှ ထွက်သွားနိုင်သော ဆေးလုံးတစ်လုံးသည် ဤမျှနှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီးနောက်တွင်ပင် မည်သို့ ဆက်လက်တည်ရှိနေနိုင်ဦးမည်လဲ မန်ဟို တွေးမကြည့်နိုင်ပေ။ သူသည် ထိုကိစ္စကို ခေါင်းထဲမှ ခဏထုတ်ပြီး ရွှေသစ်ပင်ကြီးကို လှည့်ကြည့်လိုက်၏။

အချိန်အတော်လေးကြာပြီးနောက်တွင် သူက သစ်ပင်၏မျက်နှာပြင်ပေါ်သို့ လှမ်းထိလိုက်သည်။

သူ ၄င်းကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ၄င်းသည် တုန်ခါလာပြီး ရွှေရောင်အလင်းအား ဖြေးညင်းစွာ ထုတ်လွှတ်နေတော့သည်။ တစ်ချိန်တည်းမှာပင် မန်ဟို့နဖူးပေါ်ရှိ သစ်သားအရုပ်ဆေးမင်ကြောင်မှ အစိမ်းရောင်အလင်းရောင်ခြည်တို့ ဖြာထွက်နေလေပြီ။

ဆက်သွယ်မှုသော်လည်းကောင်း၊ တုံ့ပြန်မှုသော်လည်းကောင်းမရှိ။ အဆိုပါရွှေသစ်ပင်ကြီးထဲတွင် မည်မျှကြာမြင့်စွာ ရှိနေခဲ့သည်လဲ ဘယ်သူမှမသိနိုင်သော စိတ်ဆန္ဒအမျှင်သည် ဤအခိုက်အတန့်တွင် လွတ်မြောက်သွား၏။ စိတ်ဆန္ဒအမျှင်မှာ ၄င်းအသိအမှတ်ပြုသည့် ၊ ၄င်းနှင့်တူညီသောအရာတစ်ခုကို တွေ့ဆုံခဲ့ပြီဖြစ်၍ နောက်ဆုံးနှုတ်ဆက်စကားပြောကြားရန် ဆုံးဖြတ်ခဲ့သည်။

မန်ဟိုက သစ်ပင်ကို ကြည့်ပြီး ၄င်းအတွင်း၌ မည်သည့်အသက်စွမ်းအားမှ မရှိတော့ကြောင်း မြင်လိုက်ရသည်။ ကြွင်းကျန်ခဲ့သည့် တစ်ခုတည်းသောအရာမှာ အချိန်တိုက်စားမှု၏ ​ခြေရာလက်ရာများသာ ဖြစ်၏။

အချိန်အကြာကြီးကြာသော် မန်ဟိုက သက်ပြင်းချလိုက်သည်။

"ဒီတော့ ဒီနေရာက ရန်စုန့်နဲ့ ဟိုလူတွေ အသေရရ အရှင်ရရဖြစ်နေတဲ့ နေရာပေါ့.... ဘာဆေးလုံးမှလည်းမရှိဘဲ အလောင်းတစ်လောင်းနဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ အကြွင်းအကျန်ပဲရှိတယ်။ ကျောက်စိမ်းပြားထဲက ဆေးဖော်နည်းကလည်း ဟိုးရှေးပဝေဏသီက။ ဒီနေ့ခေတ်မှာ မှန်ကန်တဲ့ဆေးပင်တွေ ရှာလို့ရမှာတောင် မဟုတ်ဘူး။ ဒီနေရာမှာ ကြည့်ရတန်တာဆိုလို့ အဲ့ဒီရွှေကျီးကန်းကြီးပဲရှိတယ်" မန်ဟိုက သစ်ပင်ထိပ်တွင် နားနေသော ငှက်ကို မော့ကြည့်လိုက်သည်။

နောက်ဆုံးတွင် သူက ခေါင်းခါပြီး သစ်ပင်၏ မျက်နှာပြင်ပေါ်တင်ထားသည့် လက်ကို ပြန်ရုတ်တော့မည်အချိန် ရုတ်တရက် တစ်ကိုယ်လုံး ဖျဥ်းခနဲ ခံစားလိုက်ရလေသည်။ ရွှေကျီးကန်း၏ ပိတ်ထားသောမျက်လုံးကြီးများ ဖျတ်ခနဲ ပွင့်လာ၏။ အားကောင်းသော အသက်စွမ်းအားတစ်ရပ် စီးမျောထွက်လာကာ သစ်ပင်ကြီးအထဲသို့ ဝင်ရောက်သွားသည်။ ရုတ်တရက် သစ်ပင်ကြီးကား အသက်ရှင်နေသကဲ့သို့ ... စွမ်းအားများ ထုတ်လွှတ်နေသယောင်ပင်။

မန်ဟို့၏လက်က သစ်ပင်ကို ထိထားသည့်အတွက် အသက်စွမ်းအားကို သူ ခံစားနေရသည်။ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးများမှာ မယုံကြည်နိုင်သလို ဝိုင်းစက်ပြူးကျယ်သွား၏။ သူက တွေးတောနိုင်စွမ်းမရှိတော့ဘဲ ရွှေကျီးကန်းကြီးကို မော့ကြည့်မိလိုက်ပြန်သည်။ ၄င်းသည် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့ပြီး တစ်မျိုးနွယ်စုလုံးကို မွေးဖွားပေးနိုင်သည်အထိ အစွမ်းထက်သော ကျီးနတ်မင်းမျိုးနွယ်စု၏ အထွတ်အမြတ်ထားရာ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ချေသည်။

မျက်မှောက်ခေတ်တွင် တစ်ခါက အင်အားကြီးခဲ့သော အဆိုပါမျိုးနွယ်စုမှာ တစတစ မှေးမှိန်တိမ်ကောလာပြီး အဖွဲ့များ ကွဲသွားခဲ့ပြီဖြစ်၏။

"ဒီအသက်စွမ်းအား....." မန်ဟို့မှာ အချိန်အတော်လေးကြာသည်အထိ ကြက်သေသေနေမိသည်။ နောက်ဆုံးတွင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ ဆေးဝါးတာအို၏ မဟာအကြီးအကဲတစ်ဦးအနေဖြင့် သူသည် ဆေးလုံးများနှင့် အလွန်ရင်းနှီးလေသည်။ ယခု ရွှေကျီးကန်းကြီးမှ ထုတ်လွှတ်နေသော အသက်စွမ်းအားတွင် တကယ်တမ်း .... ဆေးလုံးတစ်လုံး၏ အရှိန်အဝါပါရှိနေကြောင်း သူ​ပြောနိုင်၏။

၄င်းက အသက်စွမ်းအားမဟုတ်ဘဲ ဆေးစွမ်းအားကို ထုတ်လွှတ်နေခြင်းပင်။

"ဆေးလုံးကို စားခဲ့တာလား ဒါမှမဟုတ် .... သူက ဆေးလုံးပဲလား" ဒုတိယဖြစ်နိုင်ခြေက မန်ဟို့ကို ချာချာလည် မူးဝေသွားစေသည်။ ဤနေရာသို့ မလာခင်တုန်းက တစ်ခါက အင်အားကြီးမားခဲ့သော မျိုးနွယ်စု၏ ရွှေကျီးကန်းသည် ... မူလက ဆေးလုံးတစ်လုံးဖြစ်ခဲ့လိမ့်မည်ဟူ၍ သူတစ်ခါမှ စိတ်မကူးနိုင်ခဲ့ဖူးပေ။

သူသည် ဆေးဝါးတာအို၏ မဟာအကြီးအကဲဖြစ်၍ ​ရေမြေတောတောင်တို့ မိစ္ဆာများဖြစ်လာနိုင်သည်ကို လက်ခံနိုင်သည်။ သို့ရာတွင် သူ၏ နက်ရှိုင်းလှသော ဆေးဝါးပညာ အသိအမြင်တို့က အမြင်ကို ပိတ်ဖုံးကွယ်ထားခြင်းကြောင့် ဖြစ်တန်ရာသည်၊ ဆေးလုံးများလည်း ထိုနည်းတူဖြစ်နိုင်သည်ဟု အတွေးမပေါ်ခဲ့ပေ။

သူ့မှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရလေပြီ။ ဖြစ်နိုင်ခြေနှစ်ခုအနက် ပထမတစ်ခုက သိပ်မမှန်နိုင်။ ဆေးလုံးတစ်လုံးစားပြီးနောက်တွင် ၄င်း၏အရှိန်အဝါအနေဖြင့် အချိန်အလွန်ကြာမြင့်စွာ တည်ရှိနိုင်မည်မဟုတ်ပေ။

မှန်ကန်သည့်သုံးသပ်ချက်ကတော့ ဆေးလုံးကား ထာဝရရှင်သန်နိုင်သော မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းသွားခဲ့သည်ဟူ၍။

မန်ဟိုသည် စိတ်လှုပ်ရှားရင်ဖိုစွာဖြင့် ရွှေကျီးကန်းကြီးနှင့် ဧရာမသစ်ပင်ကြီးကို မော့ကြည့်နေသည်။ ရုတ်တရက် ပုံရိပ်တစ်ခု သူ့စိတ်ထဲတွင် ပေါ်လာ၏။ ပုံရိပ်အတွင်းတွင် သစ်စိမ်းပင်ကြီးတစ်ပင်အောက်၌ တရားထိုင်ရင်း ခန္ဓာစဲရန် ပြင်နေသော ခေတ်ဟောင်းဆေးဝါးတာအို၏ မဟာအကြီးအကဲတစ်ယောက်ရှိသည်။ ခန္ဓာစဲ၍ သေဆုံးခါနီးသည့်အချိန်တွင် သူက သူကိုယ်တိုင်ဖော်စပ်ခဲ့ဖူးသမျှထဲ အခမ်းနားဆုံးသော ဆေးလုံးကို ထုတ်လိုက်သည်။

ကံဆိုးစွာနှင့် ဆေးလုံးပေါ်ထွက်လာသည့်အခါ မဟာအကြီးအကဲကား နောက်ဆုံးထွက်သက်ကို ရှူထုတ်ခဲ့ပြီးလေပြီ။

နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ဆေးလုံး၏အသိသည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိသောအခါ ရုတ်တရက် ဆေးပေါင်းဖိုမှ ထွက်လာ၏။ ၄င်း၏အပြုအမူမှာ သစ်စိမ်းပင်ကြီးနှင့် တစ်ခုခုပင် ပတ်သက်ကောင်း ပတ်သက်နိုင်သည်။ ၄င်း ကမ္ဘာထဲ စတင်ရောက်ရှိလာသည့် အခိုက်အတန့်တွင် တစ်ဦးသော မိတ်ဆွေသူငယ်ချင်းမှာ သစ်စိမ်းပင်ကြီးကလွဲ၍ တခြားမဟုတ်ပေ။

ဤသို့ဖြင့် တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားသည်။ ဆေးလုံးက အရွယ်ရောက်လာပြီး ထင်ရှားကျော်ကြားလာသောအခါ ကျီးနတ်မင်းမျိုးနွယ်စုကို တည်ထောင်၏။ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြန်သည်။ နောက်ဆုံးတွင် သစ်စိမ်းပင်ကြီး၏ သက်တမ်းမှာ စတင်ဆုတ်ယုတ်လာပြီး သေဆုံးသွားလေ၏။

ဆေးလုံးမှာ သစ်ပင်ကြီး သေဆုံးသွားသည်ကို လက်မခံနိုင်ပေ။ သစ်စိမ်းပင်ကြီးအရောင်ပြောင်းလာအောင် ၄င်း၏အစွမ်းများအား အသုံးပြုပြီး မကြာခဏဆိုသလို ၄င်း၏အသက်စွမ်းအားတချို့ပင် ကျွေးတတ်လေသည်။

သို့စေကာမူ.... သစ်ပင်ကား အမှန်တကယ် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ မည်မျှကြိုးစားကြိုးစား ပြန်လည်ဆောင်ကြဥ်းလာနိုင်သည်မှာ အသက်ရှိနေပုံရသော အခွံသက်သက်ကြီးသာ ဖြစ်သည်။

ဆေးလုံးမှာ ဤအခြင်းအရာကို သိသည့်တိုင် .... လက်မလျှော့ပေ။

မန်ဟိုက ဤအရာအားလုံးကို စဥ်းစားနေပြီးနောက် သက်ပြင်းဖွဖွချလိုက်၏။ သူ့လက်က ဘေးသို့ ကျသွားသည်။ ထို့နောက် နောက်သို့ ​ခြေလှမ်းအနည်းငယ်ဆုတ်ကာ လက်နှစ်ဖက်ယှက်ပြီး သစ်ပင်ကြီးနှင့်ရွှေကျီးကန်းကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

လက်ရှိအချိန်တွင် ရွှေကျီးကန်းကြီး အားနည်းသထက် အားနည်းလာနေသည်ကို သူမြင်ရသည်။ မကြာမီ ၄င်းသည် အသက်စွမ်းအား ကုန်ခမ်းသွားပြီး လေနှင့်အတူ မျောလွင့်သော ဖုန်အဖြစ်သို့ ကူးပြောင်းပေတော့မည်။ ထိုသို့ ဖြစ်ပျက်သောအခါ သစ်ပင်ကြီးလည်း ၄င်း၏အဓိပ္ပါယ်မဲ့သော တည်ရှိမှုအား မည်သည့်အရာမှ ထောက်ပံ့မပေးတော့၍ ဖုန်ဖြစ်သွားပေလိမ့်မည်။

သူတို့နှစ်ယောက်မှာ အတူတကွ ဖုန်ဘဝရောက်ရှိပြီး မျောလွင့်သွားမည့်အခိုက်အတန့်လေးကို စောင့်ဆိုင်းနေခဲ့သယောင်ပင်။

မန်ဟိုက ရွှေကျီးကန်းနှင့် သစ်ပင်ကြီးကို ကြည့်သည်။ အကြောင်းရင်းအား မသိသော်လည်း ရွှေကျီးကန်း၏မျက်ဝန်းများက မဟာအကြီးအကဲဆေးလုံးမိစ္ဆာကို သွားသတိရမိစေ၏။

ကျီးကန်းက သစ်ပင်ကြီး၏ထိပ်တွင် နားသည်။ ဆေးလုံးမိစ္ဆာက သူ၏တောင်ပုလေး၏ထိပ်တွင် ရပ်သည်။

ကျီးကန်းသည် သစ်ပင်ကြီးကို စောင့်ရှောက်ပြီး ဆေးလုံးမိစ္ဆာက ဇီတုန်၏ရုပ်တုကို ကြည့်ရှုလေသည်။

ထူးဆန်းသော ခံစားချက်တစ်ခုက မန်ဟို့ကို သက်ပြင်းတချချနှင့် အတွေးနက်ရင်း မလှုပ်မယှက် ရပ်နေမိစေ၏။

"ငါ ဒီရောက်နေပြီဆိုမှတော့ ငါ့အစွမ်းနည်းနည်းပါးပါး သုံးကြည့်တာကောင်းမယ်..." သူက ညာလက်ကို လေပေါ်မြှောက်ပြီး မုဒြာလက်ကွက်ဖော်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူသွင်းပြီး သစ်ပင်ကို လက်ညှိုးထိုးလိုက်၏။

"ကိုးဆက်မြောက် မိစ္ဆာချုပ်နှောင်သူ ငါ့ရဲ့ အမိန့်နဲ့ မင်းကို သမာဓိအပ်နှင်းပေးမယ်" ချက်ချင်း မန်ဟို့တစ်ကိုယ်လုံး ဖျဥ်းခနဲ ဖြစ်သွားပြီး သွေးတစ်ပွက်အန်လိုက်ရသည်။ သစ်ပင်ပေါ်တွင် နားနေသော ရွှေကျီးကန်မျက်လုံးများ၌ ထူးဆန်းသောအရိပ်အယောင်တစ်ခုပေါ်လာပြီး ၄င်းက မန်ဟို့ကို စိုက်ကြည့်သည်။

"သမာဓိအပ်နှင်းခြင်းက မင်းကို မိစ္ဆာတစ်ကောင် ဖြစ်လာစေမယ်"

"သမာဓိအပ်နှင်းခြင်းက မင်းရဲ့ တာအိုကို တည်တန့်စေမယ်"

"သမာဓိအပ်နှင်းခြင်းက မင်းရဲ့စိတ်ဝိညာဥ်ကို ဗလာကျင်းနေရာကနေ မိစ္ဆာတစ်ကောင် ဖြစ်လာစေမယ်"

"ငါ အသိအမှတ်ပြုတာက မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ အသိအမှတ်ပြုခြင်းကို ကိုယ်စားပြုတယ် ..... ဒါက သမာဓိအပ်နှင်းခြင်း စစ်မှန်တဲ့ ကောင်းချီးတရား"

ယင်းက သမာဓိအပ်နှင်းခြင်းပညာရပ် အသုံးတည့်ပုံပင်။ မန်ဟိုသည် ၄င်းအား ဉာဏ်အလင်းရရှိပြီးနောက် ၄င်း၏စွမ်းအားအပြည့်အဝကို မည်သည့်မိစ္ဆာအပေါ်တွင်မှ အသုံးမပြုခဲ့ပေ။ အလွန်ဆုံး ၄င်း၏အပ်နှင်းခြင်းစွမ်းအားတချို့ကိုသာ အသုံးပြုခဲ့ဖူးသည်။

သမာဓိအပ်နှင်းခြင်းပညာရပ်သည် အသိအမှတ်ပြုပေးသော ပညပ်ရပ်မျိုးဖြစ်၏။ မိစ္ဆာချုပ်နှောင်သူတစ်ဦး၏ အသိမှတ်ပြုခြင်းကို လက်ခံရရှိသည့် ​မိစ္ဆာတိုင်း နဝမတောင်နှင့်ပင်လယ်၏ အဆီအနှစ်တချို့ကို ခဏတဖြုတ် စုပ်ယူနိုင်သွားမည်ဖြစ်သည်။ အဆိုပါမိစ္ဆာသေသွားလျှင်တောင်မှ ဝိညာဥ်က ပြိုကွဲသွားမည်မဟုတ်ပေ။

ဤရွှေကျီးကန်းသည် မန်ဟို့ကို အကူအညီမပေးခဲ့ဖူးပေ။ သို့သော် ၄င်း၏ခံစားချက်နှင့်အတွေးများက မန်ဟို့ကို စိတ်မ​ကောင်းဖြစ်စေခဲ့သည်။ ၄င်းတို့က မန်ဟို့ကို သမာဓိအပ်နှင်းပေးလိုက်ခြင်းသည် .... မှန်ကန်သောလုပ်ရပ်ဖြစ်သည်ဟု ယုံကြည်စေသည်အထိ စိတ်နှလုံးလှုပ်ရှားစေခဲ့၏။

သမာဓိအပ်နှင်းခြင်းစွမ်းအားအား ချီးမြှင့်ပြီးနောက်တွင် မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူသည် သစ်ပင်ကြီးနှင့် ရွှေကျီးကန်းကို ကြည့်ပြီးနောက် ထွက်ခွာရန် လှည့်လိုက်၏။ ဤအခိုက်အတန့်မှာပင် ရွှေကျီးကန်းက ရုတ်တရက် အာသည်။ ထိုအာသံသည် မန်ဟို ဤနေရာသို့ ရောက်လာပြီးနောက် ပထမဆုံးအာသံဖြစ်ချေသည်။

အာသံမှာ သတ္တုအချင်းချင်း ပွတ်တိုက်သံကဲ့သို့ စူးရှသည်။ မန်ဟိုက နောက်လှည့်ကြည့်လိုက်ရာ ရွှေကျီးကန်း တုန်ရီနေသည်ကို မြင်လိုက်ရ၏။ ၄င်း တုန်ရီနေစဥ် သရဲပုံရိပ်များ ပေါ်လာပြီး ရွှေအလင်းရောင် ဖြာထွက်လာသည်။ အလင်းသည် မန်ဟို့၏ရင်ဘတ်ကို ရိုက်ခတ်ကာ ရွှေရောင်တံဆိပ်တစ်ခု ဖြစ်သွားသည်။

၄င်းသည် သစ်စိမ်းပင်ကြီး၏ အရုပ်ဆေးမင်ကြောင်နှင့် အတော်လေးတူသော ရွှေကျီးကန်းတစ်ကောင်၏ပုံစံ ဖြစ်သည်။ ဤသည်မှာ သတ္တုအမျိုးအစားအရုပ်ဖြစ်ပြီး မန်ဟို ကံကောင်း၍ ဘိုးဘေးနိုးထခြင်းအား အောင်မြင်အောင်လုပ်နိုင်လျှင်တော့ နောက်ဆုံးတွင် သတ္တုဆိုသည့် ရှေးစာလုံးတစ်လုံး ပြောင်းသွားလောက်သည်။

အရုပ်အား ထုတ်လွှတ်ပြီးနောက် ရွှေကျီးကန်းမှာ အနည်းဆုံး တစ်ဝက်နီးပါး အားနည်းသွားပုံပင်။ ၄င်း၏ ခန္ဓာကိုယ် ပျက်စီးပြိုကွဲတော့မည့်ဆဲဆဲတွင် ၄င်းက စိတ်ကိုစုစည်းပြီး မန်ဟို့ကို ကြည့်သည်။

မန်ဟိုမှာ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိပေ။ ထိုစဥ် မီးခိုးရောင်ကမ္ဘာအတွင်းရှိ သတ္တမမီးတောင်ဝမှ အုန်းခနဲ မြည်ဟည်းသွားသည်။ ပုံရိပ်လေးခု မြင်သာလာ၏။

"ဟားဟားဟား ငါတို့ ရောက်ပြီကွ"

***

All Chapters