← Chapters

အနုသုခုမရုပ်ခန္ဓာအဆင့်ကို တိုက်ခိုက်ခြင်:

Vol. 31 Ch. 430

အနုသုခုမရုပ်ခန္ဓာအဆင့်ကို တိုက်ခိုက်ခြင်:

Vol. 31 Ch. 430

သတ္တမမီးတောင်ဝမှ ပုံရိပ်လေးခု တဟုန်ထိုးထွက်လာကြသဖြင့် ပေါက်ကွဲသံကြီး ပဲ့တင်ထပ်နေတော့သည်။ ရှေ့မှ ဦးဆောင်နေသူမှာ အဖြူရောင်ဝတ်ရုံရှည်နှင့် အမျိုးသားတစ်ဦးပင်။ သူ၏ဆံပင်ရှည်ရှည်များက တလွင့်လွင့်ဖြစ်နေပြီး သူ၏မျက်လုံးများက လျှပ်စီးမိုးကြိုးကဲ့သို့ တဖျပ်ဖျပ်လက်နေသည်။ သူ့ပုံစံမှာ စိတ်လှုပ်ရှားနေသယောင်ရှိ၏။ ဤလူကား ရန်စုန့်မှလွဲ၍ တခြားမဟုတ်ပေ။

ရန်စုန့်အနောက်တွင်ကား သတိရှိသောမျက်ဝန်းများနှင့် လီထျန်းဖြစ်သည်။ သူသည် လေတွင် တဖတ်ဖတ်လွင့်နေသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားလျက် အနက်ရောင်နဂါးကြီးတစ်ကောင်ပမာ လေကို ခွင်းလာနေ၏။ သူက နဂါးတစ်ကောင်နှင့် အမှန်တကယ်တူနေရာ အဆိုပါမြင်ကွင်းမှာ ခံ့ညားထည်ဝါနေတော့သည်။

လီထျန်း၏ နောက်တွင် မိုလီနှင့် လူထူးဆန်းဝမ်ရှိသည်။

လေးယောက်သား ပေါ်လာသောအခါ ဤမီးခိုးရောင်ကမ္ဘာကြီးကို ချက်ချင်း စိတ်ဝင်စားသွားကြ၏။ သူတို့မြင်လိုက်သည့် နောက်အရာမှာ သစ်ပင်၊ မန်ဟိုနှင့် သစ်ပင်အောက်က အလောင်းဖြစ်သည် ။

သို့သော် တခြားထက်ပို၍ သူတို့ အာရုံကို ဆွဲဆောင်လိုက်သည်က ဆေးပေါင်းဖိုပင်။

"ဒီတော့ ဒီမှာပဲကိုး" ရန်စုန့်၏မျက်လုံးများ အေးစက်စက်တောက်ပသွားသည်။ သူ့ဘေးတွင် လီထျန်းသည် လေလယ်တွင် ပျံဝဲပြီး မန်ဟို့ကို ခက်ခက်ထန်ထန် စိုက်ကြည့်နေ၏။

မိုလီနှင့် လူထူးဆန်းဝမ်လည်း တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ဘေးဘီဝဲယာကို အကဲခတ်ရင်း လေလယ်တွင် ပျံဝဲနေသည်။ မန်ဟိုတစ်ယောက်တည်းသာ ဤနေရာတွင် ရှိကြောင်း မြင်ပြီးနောက် သူတို့၏မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်တစ်ခု ပြည့်နှက်သွားလေ၏။

"တာအိုရောင်ရင်းမန်က ​​မြန်လိုက်တာ" လီထျန်းက ​ခံစားချက်မဲ့စွာ ရယ်ရင်း ပြောသည်။ "ဒီနေ့ မျက်နှာဖုံးမတပ်ထားပေမယ့် ကျုပ်တို့အားလုံးက မိတ်ဆွေတွေပဲမဟုတ်လား။ ရုပ်ဖျက်ထားစရာ မလိုတော့ပါဘူး။ ခင်ဗျား ကျုပ်တို့ထက် အရင်ရောက်နေတာ ကောင်းပေမယ့် သဘောတူထားတဲ့အတိုင်းဆိုရင် ဘယ်လိုရတနာတွေပဲ ရထားရထား ကျေးဇူးပြုပြီး ထုတ်ပြပါ။ ဝေစုခွဲဖို့ အချိန်ကျပြီမလို့" သူက စကားပြောနေရင်း မန်ဟို့ဆီ တိုးလာသည်။ ရန်စုန့်၊ မိုလီနှင့် လူထူးဆန်းဝမ်တို့လည်း မန်ဟို့ကို ဝိုင်းလိုက်ကြသည်။

မန်ဟိုက ချဥ်းကပ်လာနေသော အနုသုခုမရုပ်ခန္ဓာပညာရှင်များကို ကြည့်ပြီး မျက်မှောင်ကြုတ်သွား၏။ သူ့မျက်နှာမည်းမှောင်လာကာ သူက အေးစက်စက်နှာမှုတ်ပြီးနောက် ညာခြေထောက်ဖြင့် ရုတ်တရက် ကန်လိုက်ရာ ဆေးပေါင်းဖိုကို လေပေါ် ပျံတက်သွားစေသည်။

သူ့ခြေထောက် လှုပ်ရှားလိုက်သည့်အခိုက်အတန့်၌ လီထျန်းညာလက်က မြောက်တက်သွားပြီး မန်ဟို့ကို လက်ညှိုးထိုးလိုက်သည်။

"တာအိုရောင်ရင်းမန် ဘာလုပ်နေတာလဲ" သူ့လက်ညှိုးမှ ခပ်ဝါးဝါးအနက်ရောင်တစ်တန်း လျှပ်တပြက် ထွက်သွား၏။ ၄င်းသည် လေပေါ်ပျံတက်သွားစဥ် ပွင့်ချပ်ငါးချပ်နှင့် လည်နေသော ပန်းတစ်ပွင့်ပုံစံ ပြောင်းသွားလေသည်။ ပန်းပွင့်၏ ပွင့်ချပ်တိုင်းမှာ ကောင်ကျစ်ယုတ်မာသောမျက်နှာနှင့် တူသည်။ ၄င်းတို့က ဝမ်းနည်းကြေကွဲဖွယ် အသံများပြုလျက် မန်ဟိုဆီ ပြေးဝင်လာကြလေပြီ။

မန်ဟိုက ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ဖျတ်ခနဲ လက်သွားသော သွေးရောင်အလင်းနှင့်အတူ သူ့အရှေ့ရှိ လေထုသည် သွေးရောင်လွှမ်းပြီး ဧရာမလက်ကြီးတစ်ဖက် ပေါ်လာ၏။ ၄င်းက ချက်ချင်း အနက်ရောင်ပန်းပွင့်ကို ပြေးဝင်တိုက်လိုက်သည်။ နောက်ဆက်တွဲ ပေါက်ကွဲသံကြီး ရိုက်ညောင်းသွား၏။

ပေါက်ကွဲအားလှိုင်းများ ဖြာထွက်နေစဥ် မန်ဟိုက နောက်ဆုတ်လိုက်သည်။ ရန်စုန့်နှင်အခြားလူများက ဆက်လက် ချဥ်းကပ်လာ၏။ ဤအခိုက်တွင် မန်ဟိုက စကားစပြောသည်။

"တာအိုရောင်ရင်းလီ၊ ခင်ဗျားကို မေးခွန်းတစ်ခုမေးချင်တယ်။ ခင်ဗျား ဘာလုပ်နေတာလဲ။ ဘာလို့ ခင်ဗျားတို့တွေ အဲ့ဒီဆေးပေါင်းဖိုကို မကြည့်ကြတာလဲ"

သူက မျက်နှာထားတင်းတင်းမာမာနှင့် အင်္ကျီလက်စကို ခါလိုက်သည်။ သူ့စကားကိုကြားသော် ရန်စုန့်နှင့်အခြားသူများ တုံ့ခနဲ ရပ်သွားကြ၏။ လီထျန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ဆေးပေါင်းဖိုအပေါ် ကျရောက်လာသည်။ အခြားသူများလည်း ထိုနည်းတူ လှမ်းကြည့်လိုက်ရာ အပေါက်ကြီးကို ရုတ်ခြည်း မြင်သွားကြသည်။

အပေါက်သည် သေချာပေါက် လောလောလတ်လတ် ဖောက်ထားခြင်းမဟုတ်ကြောင်း သိသာသည်။ ရန်စုန့်နှင့် အခြားသူတို့အားလုံး ကောက်ကျစ်စဥ်းလဲသော မြေခွေးအိုကြီးများဖြစ်၍ အပေါက်သည် ပူပူနွေးနွေးမဟုတ်ဘဲ ဟိုးအရင်ကတည်းက ရှိနေခဲ့သည်ကို သဘောပေါက်ရန် တစ်ချက်လေးကြည့်ရုံသာ လိုအပ်လေသည်။

"ဒါက ...."

လေးယောက်သား မျက်မှောင်ကြုတ်ပြီး အသက်မနည်းရှူနေရတော့သည်။

မန်ဟို၏မျက်နှာထားမှာ အဆုံးစွန်ထိ မနှစ်မြို့ပြီး ဒေါသူပုန်ထနေသည့်ပုံစံဖြစ်သည်။ "ကျုပ် ဒီကို ရောက်တာ မကြာသေးဘူး။ ဒီသစ်ပင်ကြီးဆီ လာတော့ ဒီအလောင်းရယ်၊ အဲ့ဒီဆေးပေါင်းဖိုရယ်ကိုပဲ မြင်ခဲ့တာ"

သူသည် သစ်ပင်၏ထိပ်ရှိ အားနည်းနေသော ရွှေကျီးကန်းကြီး ၄င်းကိုယ်၄င်း ကိုယ်ရောင်ဖျောက်ထားသည်ကို စောစောက သတိပြုမိခဲ့သည်။ သေသေချာချာ အနီးကပ်ကြည့်လျှင်တောင်မှ ၄င်းကို မြင်ရမည်မဟုတ်ပေ။

"ကျုပ် တစ်ခုမှ မတွေ့ဘူး ပြောရင် ခင်ဗျားတို့ ယုံမှာမဟုတ်ဘူး။ အေး ... ကျုပ် တစ်ခုတော့ ရှာတွေ့ခဲ့တယ်" သူက အေးစက်စက်ရယ်ရင်း ညာလက်ကို မြောက်ကာ ကျောက်စိမ်းပြားတစ်ပြားအား ပြလိုက်သည်။ လူတိုင်း ကြည့်နေစဥ်မှာပင် သူသည် အဖြူရောင်ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ပြီး ပထမတစ်ပြားမှ အချက်အလက်များကို ဒုတိယပြားအပေါ် ခတ်နှိပ်လိုက်၏။ ထို့နောက် ပထမကျောက်စိမ်းပြားကို အရှေ့ပစ်ပေးလိုက်သည်။

ရန်စုန့်က ၄င်းကို ဖမ်းပြီးနောက် မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ ထို့နောက် လက်ဆင့်ကမ်းပေးလိုက်ရာ လီထျန်းနှင့် အခြားသူများလည်း စစ်ဆေးကြည့်ရှုပြီး မျက်မှောင်ကြုတ်လာကြလေသည်။

တစ်ချက်ကြည့်ရုံနှင့် အတုလား၊ အစစ်လား ပြောနိုင်သင့်သော်လည်း ဆေးဝါးတာအိုပညာရှင်တစ်ဆူဖြစ်သူ ရန်စုန့်ပင်လျှင် အတွင်း၌ ဖော်ပြထားသော ရှေးဆေးပင်အများစုနှင့် မရင်းနှီးပေ။

မန်ဟို့မျက်နှာက မည်းမှောင်နေပြီး ဒေါသတို့ ဖုံးလွှမ်းနေသည်။ သူသည် ပြတ်သားသောလေသံနှင့် ပြော၏။ "ကျောက်စိမ်းပြားလေးတစ်ပြားအတွက်နဲ့ ပြဿနာတက်ချင်လို့လား။ ဘယ်လောက် စိတ်ပျက်စရာ​ကောင်းလိုက်လဲ။ ကျုပ် အခုသွားတော့မယ်။ အခုကစပြီး ကျုပ်လမ်းက ခင်ဗျားတို့တစ်ယောက်နဲ့မှ မပတ်သက်တော့ဘူး"

သူ၏ အားမနာလျှာမကျိုး စကားလုံးများက ရန်စုန့်နှင့်အခြားသူများအား ခွေးအကြီး လှည်းနင်းခံရသလို ဖြစ်သွားစေသည်။

မန်ဟိုက အေးစက်စက်နှာတစ်ချက် မှုတ်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် အလင်းတန်းအသွင်ပြောင်းကာ အဝေးသို့ ထွက်သွား၏။

သူ သိပ်ဝေးဝေးမရောက်ခင် လီထျန်း ရုတ်တရက် ​ပျောက်သွားသည်။ သူပြန်ပေါ်လာသောအခါ မန်ဟို့ အရှေ့တည့်တည့်သို့ ရောက်နေပြီဖြစ်၏။

"တာအိုရောင်ရင်းမန်၊ ဘာတွေအလျင်လိုနေတာလဲ။ တခြား ဘာရထားလဲသာ ပြစမ်းပါ။ အဲ့ဒီကြားနေကျစကားလုံးတွေက ခင်ဗျား ဆေးပေါင်းဖိုကနေ ထွက်လာတဲ့ ဆေးလုံးကို မယူဘူးဆိုတာ ယုံကြည်စေမယ်ထင်လား"

မန်ဟိုက ရပ်လိုက်သည်။ သူ၏အမူအရာမှာ တင်းမာခက်ထန်မနေတော့ဘဲ တည်ငြိမ်အေးဆေးနေသည်။ သူ လီထျန်းကို ကြည့်လိုက်စဥ်တွင် သူ၏မျက်လုံးများသည် ရေခဲတမျှ အေးစက်နေ၏။

"တာအိုရောင်ရင်းလီ ခင်ဗျားမှာ သိပ်တော်လွန်းတဲ့ အကြံများ ရှိနေတာလား"

"တော်တယ်ဆိုတဲ့စကားလုံးကို မသုံးဝံ့ပါဘူး တာအိုရောင်ရင်းမန်" သူက ​မန်ဟို့မျက်လုံးများကို စိုက်ကြည့်ရင်း တစ်လုံးချင်း ပြန်ဖြေသည်။ "ဒါပေမဲ့ ခင်ဗျားက ကျုပ်တို့ထက် အရင်ရောက်နေတာဆိုမှတော့ ခင်ဗျားကို သံသယမဝင်ဖို့က ခက်တယ်မဟုတ်လား။ သိုလှောင်အိတ်ကိုပေး ကျုပ်တို့ ရှာချင်တယ်။ အဲ့ဒါဆို လုံလောက်ပြီ"

မန်ဟိုက သူ့ကို ပြန်ကြည့်ပြီးနောက် မခိုးမခန့် ရယ်တော့သည်။ ရယ်သံက ကျယ်လောင်လာပြီးနောက် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တုန်ခါသွားစေသည့် လှိုင်းများ ဖြစ်လာလေ၏။ လီထျန်းမျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ရန်စုန့်နှင့် အခြားသူများလည်း ရုတ်တရက် အလွန်လေးနက်သွားပုံပေါ်သည်။

"ကျုပ်ရဲ့ သိုလှောင်အိတ်ကို ရှာချင်တယ်လား။ လီထျန်း ခင်ဗျားကြီး ဗြုန်းခနဲ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ရောက်သွားတာလား" အသတ်အဖြတ်စိတ်ဆန္ဒက မန်ဟို့မျက်ဝန်းများတွင် ဟုန်းဟုန်းတောက်လာသည်။ သူက ညာလက်ကို မြှောက်လိုက်သော်လည်း သူထိုသို့လုပ်လိုက်သည့်အချိန်မှာပင် လီထျန်းက လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီး ရှေ့သို့ ဝှေ့ယမ်းလိုက်သည် ။

သူ လက်နှစ်ဖက်အား ရှေ့သို့ ဝှေ့ယမ်းလိုက်သဖြင့် အနက်ရောင်မြူများ တထောင်းထောင်းထလာပြီး ရှည်လျားသော လှံနက်ကြီးအသွင် ပြောင်းသွား၏။ လှံနက်ကြီးက မန်ဟို့ဆီ ​ပြေးဝင်လာသဖြင့် ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွား၏။ ၄င်းသည် အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ရွေ့လျားလာသော်လည်း ၄င်းနီးကပ်လာသည့်အချိန်မှာပင် သူ့နဖူးပေါ်ရှိ သစ်သားအရုပ်ဆေးမင်ကြောင် ဖျတ်ခနဲ လက်သွားသည်။ ရုတ်တရက် သစ်သားဆိုသည့် ဧရာမစာလုံးအကြီးကြီး သူ့အရှေ့တွင် ပေါ်လာသည်။ ( Ψ ဒီသင်္ကေတလေး အမြီးချင်းဆက်ထားတဲ့ပုံပါ)

တစ်ဆက်တည်းဆိုသလို အကန့်အသတ်မဲ့သော သစ်ဓာတ်အရှိန်အဝါ ပေါက်ကွဲထွက်လာ၏။ ချက်ချင်းပင် လာနေသော လှံနက်ကြီး တုန်ခါလာလေပြီ။

မန်ဟို၏ ခန္ဓာကိုယ်က အလွန်မြင့်မားသော အမြန်နှုန်းဖြင့် ​နောက်ဆုတ်လိုက်သည်။ သူ့ဘယ်လက်က သိုလှောင်အိတ်ကို ပုတ်လိုက်သည်တွင် သစ်သားအချိန်ဓားများ ပျံထွက်လာကာ ပဒုမ္မာဓားဝင်္ကပါကို ဖော်ဆောင်လိုက်၏။ ဝင်္ကပါသည် အလွန်ကြီးမားသော ကြာပန်းကြီးပုံစံဖြင့် လေလယ်တွင် လည်နေချေသည်။

ဤဝင်္ကပါကား ကြာပန်းတစ်ပွင့်၏ စိတ်ဆန္ဒနှင့် ပုံသဏ္ဍာန်နှစ်မျိုးလုံးကို သရုပ်ဖော်နေ၏။ ထို့အပြင် ၄င်းတွင် မန်ဟို ကြာပန်းများအား နှစ်နှင့်ချီ စဥ်ဆက်မပြတ်လေ့လာရင်း ဉာဏ်အလင်းပွင့်သွားခဲ့သော၊ ကြာပန်းတစ်ပွင့်မှ ဖော်ကျူးနိုင်သည့် သဘာဝအသိအမြင်များ ပါဝင်လေသည်။

သစ်သားအချိန်ဓားများ၏ စွမ်းအားဖြင့် အားဖြည့်ပေးထားသော ဆယ်မီတာအကျယ် ကြာပန်းသည် လမ်းတစ်လျှောက်လုံး ထစ်ချုန်းအော်မြည်ရင်း လီထျန်းဆီ လေကိုခွင်း၍ လာနေသည်။

"အချိန်" မန်ဟိုက သွေးအေးသောမျက်နှာထားဖြင့် အေးအေးလူလူပြောသည်။

ချက်ချင်းပင် အံ့မခန်းလိလိ အချိန်စွမ်းအားတို့က လီထျန်းဆီသို့ ဖြာထွက်လာ၏။ လီထျန်းမှာ ရုတ်တရက် အသက်ပိုကြီးသွားသည်ကို အာရုံရလိုက်သဖြင့် မျက်နှာပျက်သွားသည်။ သူ့ပတ်ပတ်လည်ရှိ အရာအားလုံးမှာ လျင်မြန်စွာ ရွေ့လျားနေသယောင်ပင်။ မျက်စိတစ်မှိတ်အတွင်း နှစ်​​​ခြောက်ဆယ်စက်ဝန်းတစ်ခုလုံး ကုန်ဆုံးသွားချေပြီ။

ဤကဲ့သို့ မှော်ပညာရပ်မျိုးကို လီထျန်း အရင်က တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ သူ့မျက်နှာက ရိပ်ခနဲ ဖြစ်သွားပြီး ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်သည်။ အနက်ရောင်အလင်းများက သစ်သားအချိန်ဓားများကို ခုခံရန် သူ၏ခန္ဓာကိုယ်မှ ဖြာထွက်သွားသည်။ သူသည် အသေးစားနေရာရွှေ့ပြောင်းခြင်းအသုံးပြုကာ မီတာရာဂဏန်းမျှ အကွာတွင် ပြန်ပေါ်လာ၏။

သူထွက်ပြေးရန် ကြိုးစားသည့်အချိန်မှာပင် မန်ဟို့မျက်လုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒတိ့ တောက်ပလာ၏။ သူက ရှေ့တစ်လှမ်းတိုးပြီးနောက် မြန်နှုန်းမြှင့်သွေးအလင်းကို အသုံံးပြုသည်။ ထိုကဲ့သို့ အကွာအဝေးတိုလေး ရွေ့လျားသွားခြင်းက အသေးစားနေရာရွှေ့ပြောင်းသွားသည့်ပုံပေါ်စေပြီး သူကား လီထျန်း၏အရှေ့တည့်တည့်သို့ ရောက်သွားလေပြီ။ ထို့​နောက် သူသည် ညာလက်ကိုဆုပ်၍ ထိုးချလိုက်သည်။

အုန်းခနဲ ပဲ့တင်ထပ်သွားသည်။ လီထျန်းမျက်နှာပျက်သွားပြီး အနုသုခုမရုပ်ခန္ဓာအရှိန်အဝါတစ်လုပ် ထွေးထုတ်လိုက်၏။ ရောင်စုံကွန့်မြူးနေသော အရှိန်အဝါသည် လေထု၏အလယ်တွင် လီထျန်းနှင့် တစ်ပုံစံတည်းတူသော လူသေးသေးလေးပုံစံပြောင်းသွားလေသည်။ ၄င်းက စူးစူးဝါးဝါးအော်ပြီး မန်ဟို့ဆီ ပြေးဝင်လာ၏။

ဘုန်း

မန်ဟို့မှာ နောက်သို့ ​ခုနစ်လှမ်း၊ ရှစ်လှမ်း ဆုတ်ကာ တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ လီထျန်းမှာမူ လေးလှမ်းခန့် ဆုပ်ပြီး မျက်နှာအမူအရာတစ်မျိုးဖြစ်နေ၏။ သူ့ပုံစံက ရက်စက်ကြမ်းကြုတ်နေသော်လည်း ကြောက်စိတ်တို့က မျက်လုံးအတွင်းတွင် မြင်သာနေသည်။

"တာအိုရောင်ရင်းရန်၊ မို နဲ့ ဝမ်" သူက ပြောသည်။ "ဘာရပ်ကြည့်နေတာလဲ ။ ခင်ဗျားတို့ တကယ် ဒီ့လူကို ထွက်သွားခွင့်ပေးမယ်ဆိုရင်တော့ ကျုပ်လည်း သည်းခံပေးမယ်"

ရန်စုန့်နှင့် အခြားသူများ လီထျန်း၏စကားကို မတုံ့ပြန်နိုင်မီ မန်ဟို့က သွေးအေးစွာ ရယ်ပြီး နောက်တစ်ဖန် ရှေ့တက်လာသည်။

"သည်းခံဖို့ နောက်ကျလွန်းသွားပြီ" မန်ဟို့နှင့် တစ်ထေရာတည်းတူသော ပုံရိပ်ငါးခုပေါ်လာပြီး ရွှေအမြုတေ မဟာစက်ဝန်းအဆင့်စွမ်းအား ထွက်ပေါ်လာသည်။ မန်ဟို့ခေါင်းအထက်တွင် ရှေးဟောင်းကြယ်တာရာကောင်းကင်တစ်ခု ပေါ်လာသည်။ အဆိုပါကြယ်ပြင်အတွင်း၌ ဧရာမသစ်စိမ်းပင်ကြီးက မှော်ဆန်ဆန် ပေါ်လာ၏။

မန်ဟို့၏ ကျင့်ကြံခြင်းအခြေခံသည် ရွှေအမြုတေမဟာစက်ဝန်းအဆင့် ဖြစ်သည်။ သို့သော် သူပိုင်ဆိုင်ထားသည့် သစ်ဓာတ်စွမ်းအားနှင့်သာ အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်ကို တိုက်ခိုက်နိုင်လေသည်။ ယခုတွင် သတ္တုဓာတ်စွမ်းအားကိုလည်း ရရှိထားပြီးဖြစ်ရာ သူ့နှင့် အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ကြားတွင် ကွာခြားမှုအနည်းငယ်သာ ရှိတော့သော်လည်း သူအသုံးမပြုနိုင်သော နတ်ဘုရားစွမ်းရည်တချို့ ရှိသေးလေသည်။

မန်ဟိုက ရှေ့သို့ လျင်မြန်စွာ လာနေစဥ် ညာလက်ခလယ်ဖြင့် ညွှန်လိုက်သည်။ သွေးလက်ချောင်း၊ သွေးလက်ဝါးနှင့် သွေးမရဏကမ္ဘာတို့အားလုံး ပဒုမ္မာဓားဝင်္ကပါကို အားဖြည့်ပေးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ၄င်း၏စွမ်းအားသည် ဆပွားလာ၏။

၄င်းကား တဂျိန်းဂျိန်း တဂျုန်းဂျုန်း လည်ပတ်နေလေပြီ။ တစ်ချိန်တည်းမှာပင် မန်ဟိုက အော်လိုက်သည်။ "အချိန်"

"ဒီမှော်သိုင်းပဲလား" လီချန်း မျက်နှာပျက်သွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ မန်ဟို့ထက်ပို၍ မြင့်မားပြီး သူ့တွင် စိတ်တိုင်းကျသုံးနိုင်သည့် နတ်ဘုရားစွမ်းရည်များရှိသော်လည်း အချိန်မှော်ပညာရပ်နှင့်ပတ်သက်လျှင် သူဘာမှမတတ်နိုင်ပေ။ သူ့မှာ အနားပင်မကပ်ရဲ ဖြစ်နေ၏။ သူ၏သက်တမ်းမှာ နိဂုံးချုပ်ခါနီးနေပြီဖြစ်သည်။ သူ့အတွက် ဤပညာရပ်သည် သေမင်းသဖွယ်ပင်။ သူ့မှာ အရှိန်အဝါ ဖျက်စီးခံရမှာစိုး၍ နောက်ဆုတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

လည်နေသော ပဒုမ္မာဓားဝင်္ကပါ ကျရောက်တော့မည့်အချိန် ရန်စုန့်နှင့် အခြားသူများ လှုပ်ရှားလိုက်ကြသည်။ သူတို့က လီထျန်းအနားသို့ ပျံသွားကြ၏။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ၏ ဖိအားကြီးကား ရေလှိုင်းလုံံးကြီးသဖွယ် ရိုက်ခတ်လာသည်။

"တာအိုရောင်ရင်းလီ၊ တာအိုရောင်ရင်းမန် ကျေးဇူးပြုပြီး ကျုပ် စကားတစ်ခွန်းလောက်ပြောပါရစေ" ရန်စုန့်က မန်ဟို့ကို တည့်တည့်ကြည့်ပြီး ပြောသည်။

မန်ဟို့ မျက်နှာမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း စိတ်ထဲတွင် သူ့မှာ စိတ်သက်သာရာရသွားလေသည်။ သွေးမျက်နှာဖုံးကို တပ်လိုက်လျှင်တောင်မှ သူသည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူလေးယောက်၏ ပြိုင်ဘက်မဟုတ်သေးပေ။ သို့သော် လက်ရှိအနေအထားအရ အခြားသူများ ရန်မစရဲသည့် တစ်စုံတယောက်အား အစွမ်းပြရုံမှတစ်ပါးအခြားမရှိပေ။

"ကိုယ့်စိတ်ထဲရှိတာကိုယ်ပြောတာ ပြဿနာမရှိပါဘူး တာအိုရောင်ရင်းဟန်" သူက အေးစက်စက်ပြောသည်။

***

All Chapters