စျာပနပွဲကို သက်သေတည်
Vol. 31 Ch. 431
"ကျုပ် ခင်ဗျားစကားကို ယုံပါတယ်" ရန်စုန့်က ကပျာကယာပြောသည်။ သူ၏စကားလုံးများက လီထျန်းကို မျက်မှောင်ကြုတ်သွားစေ၏။ မိုနှင့်ဝမ်တို့၏ မျက်လုံးများလည်း အရောင်လက်သွားသည်။ "ဘာကြောင့်ယုံတာလဲဆိုတော့ ရတနာက ဒီမှာ တကယ်ရှိလို့ပါ။ ဘယ်ကိုမှ မသွားသေးဘူး"
မန်ဟို့မျက်နှာအမူအအရာမှာ မပြောင်းလဲသော်လည်း သူ့ရင်ထဲတွင် သတိပြည့်နှက်သွားသည်။
"စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ဆေးလုံးအကြောင်း ပြောနေတာဆိုရင်" လီထျန်းက မာမာထန်ထန်ပြောသည်။ "ဘယ်မှာလဲ ပြောစမ်းပါဦး"
"အလိုအလျောက် ပေါ်လာလိမ့်မယ်" ရန်စုန့်က ပြောသည်။ သူက လောဘတက်နေသော မျက်ဝန်းများဖြင့် သစ်ပင်ကြီးရှိရာသို့ လှည့်ကြည့်လိုက်၏။ ထို့နောက် ညာလက်ကို မြှောက်လိုက်ရာ အတွင်းတွင် ကျောက်စိမ်းပုလင်းတစ်ပုလင်း ပေါ်လာသည်။ သူသည် ၄င်းကို ဖိချပစ်လိုက်သဖြင့် အောက်သိုးသိုးအပုပ်နံ့နှင့်အတူ အနက်ရောင်အရည်များ ထွက်လာသည်။
အနက်ရောင်အရည်များအတွင်းတွင် လက်ချောင်းတစ်ချောင်းအရွယ် လောက်တစ်ကောင်အား မြင်နိုင်လေသည်။ ၄င်း၏ အစိတ်စိတ်အမြွှာမြွှာဖြစ်နေသော ခန္ဓာကိုယ်က တွန့်လိမ်လူးလွန့်နေပြီး ပေါ်လာလာချင်း ခေါင်းထောင်ကာ စူးစူးဝါးဝါးအော်သံတစ်ချက် ပြုလိုက်သည်။ ထို့နောက် အနက်ရောင်အလင်းတန်းအသွင်ပြောင်းကာ သစ်ပင်ထိပ်သို့ ထွက်သွား၏။
၄င်း သစ်ပင်ထိပ်သို့ တဟုန်ထိုး ပျံထွက်သွားသည့် မြင်ကွင်းက မန်ဟို့မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။
ရုတ်တရက် သတ္တုအချင်းချင်း ပွတ်တိုက်သံကဲ့သို့ အသံတစ်သံအား ကြားလိုက်ရ၏။ အသံသည် တအိအိဖြာထွက်နေသော ရွှေအလင်းရောင်နှင့်အတူ သစ်ပင်၏ထိပ်မှ ပျံ့လွင့်လာသည်။ အားနည်းနေသော ရွှေကျီးကန်းကြီးက ဝုန်းခနဲ အနက်ရောင်လောက်ကို ရင်ဆိုင်ရန် ပျံထွက်လာပြီး သစ်ပင်ကြီးအနားမကပ်နိုင်အောင် ဟန့်တားလိုက်၏။ ထစ်ချုန်းသံကြီး မြည်ဟည်းသွားစဉ် ရွှေကျီးကန်းက ပါးစပ်ဟလိုက်သည်။ ရွှေအလင်းရောင်တို့ အနက်ရောင်လောက်၏ပတ်ပတ်လည်တွင် ပေါ်လာ၏။ ၄င်းမှာ စုန်းစုန်းမြုပ်လာသဖြင့် ငယ်သံပါအောင် အော်ပြီးနောက်တွင် အမှုန့်ခြေခံလိုက်ရတော့သည်။
ယခုတွင် ရွှေကျီးကန်း၏ခန္ဓာကိုယ်မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီဖြစ်ပြီး ပို၍အားနည်းသွားကြောင်း သိသာသည်။ သို့သော် ၄င်း လူတိုင်းကို ကြည့်လိုက်စဥ် ၄င်း၏မျက်လုံးများသည် စူးရှထက်မြက်မှု၊ ဖြောင့်မတ်တည်ကြည်မှုဖြင့် ပြည့်နေ၏။ ၄င်းသည် အနောက်ရှိ သစ်ပင်ကြီးကို အသက်နှင့်ပင်လဲ၍ ကာကွယ်မည့်ပုံပင်။
"ဒဏ္ဍာရီလာ ရွှေကျီးကန်းဆေးလုံးက အစစ်ပဲ" ရန်စုန့်က တဟားဟားရယ်ရင်း ပြောသည်။ "အဲ့ဒီနှစ်က ဖန်တီးခံရပြီးတဲ့နောက်ပိုင်း စိတ်ဝိညာဥ် ပိုင်ဆိုင်ခဲ့ပြီး အဲ့ဒီစိတ်ဝိညာဥ်က ရွှေကျီးကန်း ဖြစ်သွားခဲ့တာကိုး။ တစ်ခါက အင်မိုတယ်အဆင့်တက်ဖို့ အခွင့်အရေး ရခဲ့ပေမယ့် အဆုံးသတ်မှာ အားနည်းဖို့ပဲ ရွေးချယ်ခဲ့ပြီး သစ်ပင်အသေကြီးကို ကာကွယ်ဖို့ အသက်စွမ်းအားကို အသုံးပြုခဲ့တယ်" သူသည် လောဘမျက်လုံးများဖြင့် ရွှေကျီးကန်းကို စိုက်ကြည့်နေ၏။
လီထျန်းမျက်လုံးများလည်း တောက်ပနေပြီး ယခုတွင် သူက မန်ဟို့ကို အဖက်မလုပ်တော့ပေ။ ရွှေကျီးကန်းကြီးကို စိုက်ကြည့်နေစဥ် သူ၏အသက်ရှူသံများ မြန်ဆန်လာပြီး သူ့စိတ်ထဲတွင် သူသည် ကျင့်ကြံသူထောင်သောင်းပေါင်းများစွာအား သွေးရူးသွေးတန်း ဖြစ်သွားစေနိုင်သော ရှေးခေတ်က စိတ်ဝိညာဥ်ခွဲထွက်ခြင်းဆေးလုံးတစ်လုံးကို ကြည့်နေလေပြီ။
မိုလီနှင့် လူထူးဆန်းဝမ်၏ မျက်လုံးများလည်း တလက်လက်တောက်ပနေ၏။
"စိတ်ဝိညာဥ်က အနုသုခုမရုပ်ခန္ဓာအဆင့်ထက် နည်းနည်းပိုတယ်ဆိုရုံလေးလောက် အားနည်းလာခဲ့တာပဲ" လီထျန်းက ပြောသည်။ သူက စောစောကကဲ့သို့ ရန်လိုမနေတော့ဘဲ လေးနက်သောလေသံဖြင့် ဆက်ပြော၏။ "တာအိုရောင်ရင်းတို့ ဒါ ကျုပ်တို့အတွက် ကံကောင်းတာပဲ။ မြန်မြန်ဖမ်းပြီး ဝေစုခွဲရအောင်။ လွတ်မသွားစေနဲ့" သူက ကျယ်လောင်စွာ ရယ်ပြီး ရှေ့လျှောက်သွားသည်။
ရန်စုန့်က ခပ်တိုးတိုးရယ်သည်။ "ဆေးလုံးက သစ်ပင်ကြီးမပါဘဲ ထွက်ပြေးမှာ မဟုတ်ဘူး။ သစ်ပင်က သေသွားပြီဆိုပေမယ့် ဆေးလုံးက ထားရစ်ခဲ့မှာ မဟုတ်ဘူး" သူလည်း ရှေ့သို့ လျှောက်သွား၏။ မိုနှင့်ဝမ်လည်း အလင်းတန်းများအသွင်ပြောင်းသွားကြသည်။ လေးယောက်လုံး ရွှေကျီးကန်းကြီးကို ဝိုင်းလိုက်ကြလေပြီ။
ဤအခိုက်အတန့်တွင် ဘယ်သူမှ မန်ဟို့ကို အဖက်မလုပ်တော့ပေ။ သူသည် တွေဝေနေသော မျက်နှာထားဖြင့် ခပ်လှမ်းလှမ်းတွင် ရပ်ကျန်ခဲ့သည်။ ယခုအချိန်တွင် သူထွက်သွားနိုင်ပြီး ဘယ်သူမှလည်း သူ့ကို တားမည်မဟုတ်ပေ။ သို့သော် သူ့မှာ လောလောဆယ်တွင် ချီတုံချတုံဖြစ်နေ၏။
လေးယောက်ကို ရွှေကျီးကန်းကို ပေါင်းတိုက်နေသဖြင့် ပေါက်ကွဲသံများ လေတွင် ပြည့်နှက်နေသည်။ ရွှေကျီးကန်းသည် သတ္တုခြစ်သံကဲ့သို့ အာ,လိုက်ရာ အသံသည် ၄င်းနှင့် သစ်ပင်ကြီးကို လွှမ်းခြုံသွားသော ရွှေရောင်အကာအကွယ် ဖြစ်သွားလေသည်။
ပေါက်ကွဲသံများက လူလေးယောက်၏ ရွှေရောင်အကာအကွယ်ထံ ပစ်လွှတ်နေသည့် တိုက်ကွက်များမှ လာလေသည်။ ထိုးနှက်ချက် တစ်ချက်ပြီးတစ်ချက်က အကာအကွယ်ကို တဖြေးဖြေးကျုံ့လာစေ၏။ ရွှေကျီးကန်း၏ မျက်နှာပေါ်တွင် ပင်ပန်းနေပြီဖြစ်သော အရိပ်အယောင်တစ်ခုပေါ်လာသည်။ ၄င်း၏အသက်စွမ်းအားမှာ လွန်စွာအားနည်းလွန်းလေသည်။ ၄င်းသည် လွမ်းဆွတ်တမ်းတနေသော မျက်ဝန်းများဖြင့် သစ်ပင်ကြီးကို ပြန်လှည့်ကြည့်လိုက်၏။
ပေါက်ကွဲသံများ ထပ်မံထွက်လာပြီး အကာအကွယ်မှ ပို၍ပင် ကျုံ့လာရာ ရွှေကျီးကန်းကို နောက်ဆုတ်ရစေတော့သည်။ သစ်ပင်ကြီးလည်း ဆွေးမြေ့လာသယောင်ပင်။ ၄င်း၏ အသက်စွမ်းအားအတုမှာ မှေးမှိန်လာနေပြီး ယခုတွင် သေဆုံးနေသော သစ်ပင်ခြောက်ကြီးနှင့် ပိုပိုတူလာတော့သည်။
"ကြည့်" ရန်စုန့်က အော်သည်။ "သူလုပ်နိုင်တာဆိုလို့ သစ်ပင်ကြီးကို ကာကွယ်တာပဲရှိတာ။ ဒါပေမဲ့ သတိတော့ထား။ အမှန်အတိုင်းဆိုရင် ရွှေကျီးကန်းက ဒီလောက် အားမနည်းနိုင်ဘူး။ တစ်ခုခုတော့ ထူးဆန်းနေတယ် ...." ပေါက်ကွဲသံများ ဆက်လက် ပဲ့တင်ထပ်လာသည်။
သို့သော် တိုက်ခိုက်သူလေးယောက်၏ ခေါင်းထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးနေ၏။ ထို့အပြင် သူတို့သည် အားကုန်မတိုက်ခိုက်ဘဲ သတိထားလှုပ်ရှားနေကြ၏။ ဤရွှေကျီးကန်းကြီးကို သူတို့ကြောက်ကြပုံရသည်။ ထိုကဲ့သို့ ဆန်းကြယ်စိတ်ဝိညာဥ်မျိုးသည် မသေခင် သူတို့အားလုံးကို အသက်ထွက်သွားစေနိုင်လောက်အောင် ရက်ရက်စက်စက် တိုက်ခိုက်တတ်လေသည်။
ရွှေကျီးကန်းက သစ်ပင်အသေကြီးကို ကြည့်ပြီး သက်ပြင်းချနေပုံရသည်။ ၄င်းက သစ်ပင်ထိပ်သို့ ပျံတက်ရင်း သစ်ပင်ကြီးအား ပြန်လည်အသက်သွင်းရန် ၄င်း၏အသက်စွမ်းအားကို နောက်တစ်ကြိမ် အသုံးပြုပြန်သည်။ ကံဆိုးစွာနှင့် ၄င်းတွင် စိတ်ရှိတိုင်းသုံးနိုင်သည့် အသက်စွမ်းအား လုံလုံလောက်လောက် ရှိမနေ။ ၄င်း၏လုပ်ဆောင်ချက်များက ရွှေရောင်အကာအကွယ်ကို ပို၍ပင် အားနည်းလာစေသည်။ ၄င်း တစ်ကိုယ်လုံး တုန်သွား၏။
မန်ဟိုက လက်နှစ်ဖက်လုံးကို လက်သီးဆုပ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် သွေးကြောများ ပေါ်လာသည်။
"ငါ့ကြောင့် သူ အားနည်းသွားတာ" သူက တွေးသည်။ "မဟုတ်ရင် ရန်စုန့်နဲ့ဟိုလူတွေ ဒီအတိုင်းအတာအထိ သူ့ကို တိုက်ခိုက်နိုင်မှာမဟုတ်ဘူး။ ငါထွက်သွားရင် ငါအသက်ချမ်းသာရာရမယ်။ ဒါပေမဲ့ ထွက်သွားလိုက်ရင် ငါက သိပ်ရွံစရာကောင်းတဲ့ကောင် ဖြစ်သွားလိမ့်မယ်" သူက ကျီးကန်းကို ကြည့်လိုက်သည်။ ၄င်းမှာ ခြေကုန်လက်ပန်းကျပြီး သေဆုံးခါနီးဖြစ်နေသည့်တိုင် သစ်ပင်ကြီးကို စောင့်ရှောက်နေသေးလေသည်။ မန်ဟိုသည် ၄င်း၏ဆေးအရှိန်အဝါ မှိန်ဖျော့လာသည်ကို ကြည့်ပြီး သူ့ဆရာကို သတိရလိုက်ပြန်၏။
ဘာကြောင့် သူ့ဆရာအကြောင်း ဒုတိယအကြိမ် တွေးမိသည်လဲ မသိသော်လည်း ဤအခိုက်အတန့်တွင် သူ၏မျက်လုံးများ၌ ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ ပြည့်နှက်နေချေပြီ။
"မလုပ်သင့်ဘူးဆိုပေမယ့် ဘယ်လိုနေနေ လုပ်မိသွားတဲ့အရာတွေလည်း ရှိသေးတာပဲ..." သူက ခေါင်းမော့ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သွေးမျက်နှာဖုံးထွက်လာ၏။ သူ့မျက်နှာအပေါ် ၄င်းကို တင်လိုက်သည်နှင့်တစ်ပြိုင်နက် သွေးအရှိန်အဝါက တလိပ်လိပ်ထွက်လာလေသည်။ သွေးမြူများက မန်ဟို့၏ပတ်ပတ်လည်ကို ရစ်သိုင်းကာ အနီရောင်ပင်လယ်ကြီး ဖြစ်လာစေသည်။ ပင်လယ်ရေများ တအိအိလှုပ်ရှားနေစဥ် ကြောက်မက်ဖွယ် အသတ်အဖြတ်စိတ်ဆန္ဒက မန်ဟိုထံမှ ပေါက်ကွဲထွက်လာ၏။
"မျက်နှာမဲ့ စကားတစ်ခွန်း စစ်ပွဲမီးတောက်ပေါင်းစည်းစေ" မန်ဟိုက ရှေ့သို့ လျှောက်လာရင်း ညာလက်ကို မြှောက်လိုက်သည်။ သူ့အနောက်တွင် မျက်နှာအကြီးကြီး ပေါ်လာ၏။ ၄င်း၏ပိတ်ထားသောမျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး အသံမဲ့သော အဆွေးသီချင်းတစ်ပုဒ်ကို သီကျုးလေသည်။ ထို့နောက် ရန်စုန့်နှင့် အခြားသူများဆီ ပြေးထွက်သွား၏။
မျက်နှာကြီး ပျံထွက်လာသည့်အခိုက်အတန့်မှာပင် ရန်စုန့်နှင့်အပေါင်းအပါတစ်သိုက် နောက်လှည့်ကြည့်လိုက်ကြသည်။
အကာအကွယ်မှာ ယခုလေးတင် ပျက်စီးတော့မည်ဖြစ်ရာ လီထျန်း၏မျက်လုံးများ၌ သွေးအေးမှုနှင့် အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်သွား၏။ "မင်း သေချင်နေလား"
လေးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး မန်ဟို့ထံသို့ နတ်ဘုရားစွမ်းရည်များ ပို့လွှတ်တော့သည်။
နတ်ဘုရားစွမ်းရည်များ တဟုန်ထိုးထွက်လာကြသည်နှင့်တစ်ပြိုင်နက် မျက်နှာကြီးမှာ တစစီဖြစ်သွား၏။ ၄င်းမှာ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူလေးဦး၏ စွမ်းအားကို ခံနိုင်စွမ်းမရှိပေ။ သို့သော် ဤအခိုက်အတန့်တွင် မန်ဟိုက ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ တံခွန်သုံးခုအလံမှာ ကျီဆယ့်ကိုးကို ပတ်ထားရာမှ ခဏ ပြေကျလာသည်။ ၄င်းသည် မန်ဟို့အနောက်တွင် တလွင့်လွင့်ဖြစ်နေချေပြီ။ ချက်ချင်းပင် တံခွန်တစ်ခုက ပြန့်ကားလာ၏။ ၄င်းသည် ပျက်စီးစုတ်ပြတ်နေသော်လည်း အနက်ရောင်အမိုးကြီးအသွင်ဖြင့် ပြန့်ကားလာနေလေသည်။
လွှမ်းမိုးကြီးစိုးနေသော အရှိန်အဝါက ရန်စုန့်နှင့် အခြားသူများကို မျက်နှာပျက်သွားစေသည်။ လီထျန်း၏ မျက်လုံးများ ကျဥ်းမြောင်းသွား၏။ မိုနှင့်ဝမ်မှာ ကြက်သေသေနေကြသည်။ သူတို့သုံးယောက်လုံး သေစေနိုင်သောအန္တရာယ်ကြီးအား အာရုံရနေပြီဖြစ်၏။
အနက်ရောင်တံခွန် ပြေးဝင်လာသဖြင့် အလွန်ကျယ်လောင်သော ထစ်ခြုန်းသံကြီး လေတွင် ပြည့်နှက်သွားသည်။ ရန်စုန့်ပါးစပ်မှ သွေးများ ပန်းထွက်သွားကာ မယုံနိုင်သော မျက်နှာထားဖြင့် နောက်သို့လွင့်ထွက်သွား၏။
လီထျန်း၏ ညာလက်မှာ ချက်ချင်း စုတ်ပြတ်သွားသည်။ သူ့မှာ မယုံနိုင်မှုများ ပြည့်နှက်နေသော ဖြူဖပ်ဖြူလျော် မျက်နှာဖြင့် နောက်ဆုတ်လိုက်ရပြီး ပါးစပ်မှ သွေးများစီးကျလာသည်။
သွေးပျက်ချောက်ချားဖွယ် အော်သံများးအား မိုနှင့်ဝမ်ဆီမှ ကြားလိုက်ရသည်။ သူတို့တစ်ယောက်နှင့်တစ်ယောက် တိုက်မိသွားသဖြင့် ရင်ဘတ်အပေါ်ပိုင်းမှ သွေးတို့ တရဟော ပန်းထွက်သွား၏။ ဒဏ်ရာများက ချက်ချင်း ပြန်ကျက်သွားသော်လည်း သူတို့မျက်နှာတွင် သွေးမရှိတော့ပေ။ သူတို့အားလုံး မန်ဟို့ကို အလန့်တကြား စိုက်ကြည့်ရင်း နောက်ဆုတ်သွားကြ၏။
သွေးမျက်နှာဖုံး၏ကျေးဇူးကြောင့် မန်ဟို့ကျင့်ကြံခြင်းအခြေခံမှာ အများကြီး မြင့်တက်သွားခဲ့သည်။ ယခုတွင် သူသည် တံခွန်သုံးခုနှင့်အလံ၏ ပထမတံခွန်စွမ်းအားကို အပြည့်အဝအသုံးပြုနိုင်လေပြီ။ ပြိုင်ဘက်တစ်ယောက်ကိုမှ တိုက်ကွက်ဖြင့် အသက်မနှုတ်နိုင်ခဲ့သော်လည်း ၄င်းက ကောင်းကင်နှင့်မြေကြီးကို ကိုင်လှုပ်နိုင်သည်အထိ ပြောင်မြောက်လေသည်။
သို့သော် အလကားတော့ မဟုတ်။ မန်ဟို့၏ဆံပင်များ နောက်တစ်ခါ ပြန်ဖြူသွားပြီဖြစ်သည်။ သို့သော် သစ်သားစာလုံးအရုပ်၏ အကန့်အသတ်မဲ့သော အသက်စွမ်းအားကြောင့် ဆိုးဆိုးရွားရွားတော့ မထိခိုက်သွားပေ။ သူ့မျက်နှာမှာ ဖြူဆုပ်နေပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးတို့ စီးကျနေသည်။ ဒဏ်ရာများရထားသည့်တိုင် မန်ဟိုသည် ရန်စုန့်နှင့် အခြားသူများအား ဖယ်ရှားပြီးနောက် သစ်ပင်ကို ကျောပေး၍ ရပ်နေလေသည်။
လီထျန်းက လက်တစ်ဖက်ပြတ်သွား၍ နာကျင်မှုကြောင့် အံတင်းတင်းကြိတ်လိုက်သည်။ သူက ပါးစပ်မှ သွေးများကို သုတ်ရင်း ခက်ထန်စွာ ပြောသည်။ "တာအိုရောင်ရင်းမန်၊ ခင်ဗျားမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတာပဲ။ ကျုပ်တို့ လေးယောက်ကို သတ်ပြီး ဆေးလုံးကို တစ်ယောက်တည်း မောင်ပိုင်စီးမလို့လား" ယခုလေးတင် သူ့မှာ တိုက်ကွက်ကို တိုက်ရိုက်ခုခံရန် ကြိုးစားခဲ့သဖြင့် ဤသို့ဒဏ်ရာဆိုးဆိုးဝါးဝါးရခဲ့ခြင်းဖြစ်သည်။
"တာအိုရောင်ရင်းမန်၊ ခင်ဗျားလုပ်ရပ်က ကျုပ်တို့ သဘောတူထားတာနဲ့ တခြားစီပဲ" လူထူးဆန်းဝမ်က သတ်ဖြတ်ချင်နေသော မျက်လုံးများဖြင့် ပြောသည်။
ရန်စုန့်သည် မန်ဟိုကို အကြာကြီး လေးလေးနက်နက် ကြည့်နေပြီးနောက်မှ မေးလေသည်။ "တာအိုရောင်ရင်းမန်၊ ဘာကြောင့် ဒီလိုလုပ်ရတာလဲ"
"ဒီဆေးလုံးက မိစ္ဆာအဆင့်တက်ခြင်းကို ရောက်ရှိသွားပြီးတော့ သစ်ပင်ကြီးကို လွမ်းဆွတ်နေတာ" မန်ဟိုက တည်တည်ငြိမ်ငြိမ်ပြောသည်။ "ခင်ဗျားတို့ စားရင်တောင်မှ ဘာအကျိုးမှရှိမှာမဟုတ်ဘူး။ ဘာဆေးစွမ်းအားမှလည်း မရှိတော့ဘူး ဘာကြောင့်လဲဆိုတော့ .... ဆေးလုံးမဟုတ်တော့တာကြောင့်ပဲ"
"ဆေးလုံးက ဆေးလုံးပဲ" ရန်စုန့်က ခပ်ပြတ်ပြတ်ပြောသည်။ "မိစ္ဆာက ဘယ်ကပါလာတာလဲ။ အလွန်ဆုံး သူ့မှာ စိတ်ဝိညာဥ်ရှိရုံပဲ ရှိမှာ။ တာအိုရောင်ရင်းမန်၊ ခင်ဗျားက ဆေးဝါးတာအိုရဲ့ မဟာအကြီးအကဲ၊ ဆေးလုံးတွေ အများကြီး ဖော်စပ်ပြီး စားဖူးတဲ့သူ။ ဒါတောင် နားမလည်ဘူးလား။ ဆေးလုံးတွေက ဘယ်တော့မှ ဆေးလုံးထက် ပိုလာမှာမဟုတ်ဘူး"
မန်ဟိုက မဟာအကြီးအကဲဆေးလုံးမိစ္ဆာအကြောင်း စဥ်းစားမိလိုက်၍ တိတ်ဆိတ်သွားသည်။ ရွှေကျီးကန်းဆီမှ ရနေသော ခံစားချက်မှာ .... ဆေးလုံးမိစ္ဆာဆီမှ ရသော ခံစားချက်နှင့် တဖြေးဖြေး ပိုပိုတူလာလေသည်။
"ကျုပ် တွေဝေတာရှိမယ် ဒါပေမဲ့ လုပ်ပြီဟေ့ဆိုရင်တော့ နောင်တမရဘူး" မန်ဟိုက အတော်လေး အက်ကွဲသောအသံကြီးဖြင့် ပြောလိုက်၏။ ၄င်းတို့ ဟိန်းထွက်နေစဥ် သူက အဓိပ္ပါယ်ကို ရှင်းလင်းခြင်းမရှိပေ။
မန်ဟို သတိမထားမိသည်မှာ သူ့အနောက်ရှိ ရွှေကျီးကန်းကြီး၏မျက်ဝန်းများတွင် ထူးဆန်းသောအလင်းရောင်တစ်ခု ပေါ်ပေါက်လာသည်ကိုပင်။ နူးညံ့နွေးထွေးသောအကြည့်အား ၄င်း၏မျက်လုံးများတွင် မြင်နိုင်၏။ ၄င်းသည် စောစောကကဲ့သို့ သွေးအေးပြီး ခံစားချက်မဲ့မနေတော့ပေ။ မန်ဟို့ကို သမာဓိအပ်နှင်းပေးသည့်အချိန်တွင် ပြန်လည်ကျေးဇူးဆပ်သည့်အနေဖြင့် သတ္တုအမျိုးအစားအရုပ်ပေးခဲ့တုန်းကပင် မရှိခဲ့သော နွေးထွေးကြင်နာမှုက ရှိနေလေပြီ။
ထိုစဉ်က အပြုအမူမှာ ရော့နဂါး ရော့ပတ္တမြားဆိုသကဲ့သို့ ဝတ်ကြေတန်းကြေသာ ဖြစ်ခဲ့သည်။ ရွှေကျီးကန်းသည် ၄င်းနှင့် သစ်ပင်ကြီးကြားမှလွဲ၍ တခြားမည်သူနှင့်မှ ကံကြွေးမရှိစေချင်ပေ။ ဤအခိုက်အတန့်တွင်တော့ ၄င်းမျက်ဝန်းများရှိ အလင်းရောင်မှာ အလွန်ကွာခြားသွားပြီဖြစ်၏။
ရုတ်တရက် ၄င်းက ရှေးဆန်ပြီး နူးညံ့ပျော့ပျောင်းသော အမျိုးသမီးတစ်ယောက်၏ အသံနှင့် ပြောသည်။ "မင်းဆီမှာ ငါနဲ့တူတဲ့ အသက်စွမ်းအားကို ခံစားရတယ်....
"မင်းနဲ့ငါဟာ မတူညီတဲ့ ဘဝတွေကို မြင်ခဲ့ပြီးပြီ.... သစ်စိမ်းပင်ကြီးအပေါ်မှာ သမာဓိအပ်နှင်းပေးပြီး ငါတို့အတွက် ရပ်တည်ပေးလို့ ကျေးဇူးတင်ပါတယ်
"ငါ မွေးဖွားလာတုန်းက သစ်စိမ်းပင်ကြီးဟာ ဒီနေရာမှာ ငါ့ကို အဖော်ပြုပေးခဲ့တယ်။ ငါ ပျော်တဲ့အချိန် သူရှိတယ်၊ ငါ စိတ်ရှုပ်နေတဲ့အချိန် သူရှိပေးတယ်၊ သူသေသွားလည်း ငါကတော့ သူ့ဘေးမှာ ထာဝရရှိနေမယ်။ ဒီဘဝပဲဖြစ်ဖြစ် နောက်ဘဝပဲဖြစ်ဖြစ် .... သေသေရှင်ရှင် ငါတို့နှစ်ယောက်ဟာ အမြဲ အတူရှိနေလိမ့်မယ်
"အဲ့ဒါက ငါ့တာအို။ ငါဟာ ကောင်းကင်ကြီး တည်မြဲသရွေ့ အသက်ရှင်နေမယ့် အတုအယောင်အင်မိုတယ်တစ်ဦး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ငါ့ လမ်းငါ လျှောက်မယ် .... ငါဆိုတဲ့ငါပဲ အဖြစ်ခံမယ် .....
"နှစ်တစ်ထောင်အတွင်း ဘယ်သူမှ ငါတို့စျာပနပွဲကို သက်သေတည်ပေးဖို့ ဒီမှာ ရှိနေမှာမဟုတ်ဘူး။ မင်းကြောင့် ငါတို့နှစ်ယောက် အတူရှိရမယ့်အချိန်က နှစ်တစ်ထောင် လျော့သွားခဲ့ပြီ။ ဒါပေမယ့်... ငါတို့ သေဆုံးမှုကို ကြည့်ရှုပေးဖို့ မင်းရှိနေတဲ့အတွက် သစ်စိမ်းပင်ကြီးနဲ့ငါ မင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ဒီလူတွေကတော့ ငါတို့ကို အဖော်ပြုရင်း သေရမယ်
"ကျေးဇူးဆပ်တဲ့အနေနဲ့ ငါ့ရဲ့ ရွှေဘဝဆေးမင်ကြောင်ကို မင်းကို ချီးမြှင့်ပေးမယ်"
***