← Chapters

မင်းလေးကို ဆုံတွေ့ခဲ့တာကြောင့်

Vol. 31 Ch. 432

မင်းလေးကို ဆုံတွေ့ခဲ့တာကြောင့်

Vol. 31 Ch. 432

ရွှေကျီးကန်း၏ အသံ ပဲ့တင်ထပ်နေစဥ် စူးရှသောအလင်းရောင်တစ်ခု ၄င်း၏ခန္ဓာကိုယ်မှ ဖြာထွက်လာလေသည်။ ၄င်းမှာ အလွန်တောက်ပလွန်းသည့်အတွက် မီးခိုးရောင်ကမ္ဘာတစ်ခုလုံးတွင် ဤရွှေရောင်အလင်းတန်းတစ်တန်းတည်းသာ တည်ရှိနေသည့်အလား ဖြစ်နေသည်။

တစ်ချိန်တည်းမှာပင် မန်ဟိုသည် ရွှေကျီးကန်း၏အသံကြောင့် လှည့်လိုက်ရာ အလင်းတန်းက သူ့ရင်ဘတ်ပေါ်ရှိ သတ္တုအမျိုးအစားအရုပ်ဆေးမင်ကြောင်နှင့် ပေါင်းစည်းသွား၏။

ထိုသို့တစ်သားတည်းဖြစ်သွားသည်တွင် မန်ဟို့ခန္ဓာကိုယ်တုန်ခါသွားပြီး သူ့မှာ နောက်သို့ ကြည့်ရင်း မလှုပ်မယှက် ဖြစ်နေတော့သည်။ အကန့်အသတ်မဲ့သော သတ္တုဓာတ်စွမ်းအားများက သူ့ကိုယ်အတွင်းသို့ တရဟော ဝင်ရောက်နေသည့်အတွက် ထစ်ချုန်းသံကြီးတစ်သံ သူ့ခေါင်းထဲတွင် ပြည့်နှက်သွား၏။

ယခုတွင် သူ့ရင်ဘတ်ပေါ်ရှိ သတ္တုအမျိုးအစား အရုပ်ဆေးမင်ကြောင်သည် သစ်သားအမျိုးအစားအရုပ်ဆေးမင်ကြောင်နည်းတူ အသွင်ပြောင်းခြင်းကို ကြုံတွေ့နေရလေပြီ။

"ဒါက ငါ့ရဲ့ ရွှေဘဝဆေးမင်းကြောင်ပဲ" ရွှေကျီးကန်းက နူးညံ့သောအသံတိုးတိုးလေးနှင့် ပြောသည်။ "ဒါနဲ့ဆိုရင် မင်း ပြီးပြည့်စုံတဲ့ သတ္တုစွမ်းအားကို ထာဝရကိုင်စွဲနိုင်သွားလိမ့်မယ်"

ရန်စုန့်နှင့်အခြားသူများမှာ အသွင်ပြောင်းခြင်း ဖြစ်ပေါ်နေသည်ကို တအံ့တသြ ကြည့်နေကြသည်။ ရုတ်တရက် တစ်ခါမှ မခံစားဖူးသော အန္တရာယ်အာရုံကြီးတစ်ခု သူတို့စိတ်ထဲ၌ ဖြစ်တည်လာလေပြီ။

လီထျန်းမှာ ဟောဟဲလှိုက်နေပြီး သူ့သူငယ်အိမ်များမှာ အစက်သေးသေးလေးသာ ရှိတော့သည်။ သူသည် ဘဝ၏အချိန်အများစုကို ပြေးရင်းလွှားရင်း ကုန်ဆုံးခဲ့ရ၍ အလွန်အကင်းပါးသော အလိုလိုစိတ် ရှိလေသည်။ သူ့မှာ ရင်တဒိန်းဒိန်းခုန်လျက် တစ်ချိုးတည်း ထွက်ပြေးတော့၏။ သူကား ရှေ့​ပြေးထွက်သွားခြင်းမဟုတ်၊ သတ္တမမီးတောင်ရှိရာသို့ ပျံသွားခြင်း ဖြစ်သည်။

ရန်စုန့်မှာ တခဏ ချီတုံချတုံဖြစ်နေသည်။ သူ့ဘေးရှိ မိုနှင့်လီက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ထွက်ပြေးသွားသည်။

ဤအခိုက်အတန့်မှာပင် ရွှေသစ်ပင်ကြီး၏ ထိပ်ရှိ ရွှေကျီးကန်းကြီးထံမှ သက်ပြင်းချသံတစ်သံ ရုတ်တရက် ထွက်လာသည်။ ထိုအခိုက်အတန့်မှာပင် မျက်စိဖြင့် အရှင်းမြင်နိုင်သော ရွှေအလင်းရောင်မှာ ရုတ်ခြည်း နုတ်ယူခံလိုက်ရသကဲ့သို့ သစ်ပင်၏အမြစ်များမှစ၍ ပျောက်ကွယ်လာပြီး ထိပ်တွင်သွားစုလေသည်။

ရွှေအလင်းရောင် အပေါ်သို့ စီးဆင်းသွားသဖြင့် သစ်ပင်၏ မူလအရောင် တဖြေးဖြေး ပေါ်လာသည်။ ၄င်းသည် မီးခိုးရောင်၊ သေဆုံးသွား၍ ခြောက်ကပ်နေသော မီးခိုးရောင်ဖြစ်သည်။

မကြာမီ သစ်ပင်မှ ရွှေအလင်းရောင်ခြည်တို့အားလုံး ရွှေကျီးကန်း၏ခန္ဓာကိုယ်တွင် စုဆုံသွားခဲ့လေပြီ။ ယခုတွင် ရွှေကျီးကန်းမှာ တုန်လှုပ်ဖွယ်ကောင်းသော ရွှေရောင်အလင်းအား ထုတ်လွှတ်နေတော့သည်။

တဖျပ်ဖျပ်လက်နေသော ရွှေရောင်အတွင်းတွင် ကျီးကန်း၏ခန္ဓာကိုယ်သည် စတင်ပြောင်းလဲလာ၏။ မကြာမီ ၄င်းသည် ရှည်လျားသော ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး ဖြစ်သွားလေပြီ။ သူမမှာ နုပျိုငယ်ရွယ်သောအဆင်းရှိသော်လည်း သူမ၏အရှိန်အဝါက ရှေးဆန်သည်။ သူမက ပူဆွေးသောကရောက်နေသောမျက်နှာလေးဖြင့် ငုံ့ကြည့်ရင်း သစ်ပင်ထိပ်တွင် ရပ်နေချေသည်။

"ဖြစ်ပြီး ပျက်တာ ဓမ္မတာ။ မတည်မြဲတဲ့အရာဟာ ပျောက်ကွယ်မယ်။ ကျန်ရစ်ခဲ့တဲ့ အရာဟာ ထာဝရတည်မြဲတယ်" သူမက ရေရွတ်ပြီးနောက် ရှေ့သို့ လှမ်းလိုက်သည်။ သူမလှုပ်ရှားလိုက်သည်နှင့် လှိုင်းများ ဖြာထွက်သွားသည်။ သူမပြုလုပ်သည့် လှုပ်ရှားမှုတိုင်းက ပြောင်းလဲမှုကို ဖြစ်ပေါ်စေ၏။ အရာအားလုံး ရွှေဖြစ်လာသည်။ ကောင်းကင်ပင်လျှင် အစိုင်အခဲကြီး ဖြစ်သွားသယောင်ပင်။ တစ်နေရာလုံးသည် ရွှေကမ္ဘာအဖြစ်သို့ ကူးပြောင်းနေပြီဖြစ်၏။

ယခုအခိုက်အတန့်တွင် ဤကမ္ဘာ၏ အစိတ်အပိုင်းအားလုံး .... သက်ရှိအားလုံး၊ ဖြစ်တည်မှုအားလုံး... ဤရွှေသတ္တု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာချေသည်။

လောလောဆယ်တွင် လီထျန်းသည် အမြန်ဆုံးနှုန်းဖြင့် ပြေးနေပြီး သတ္တမမီးတောင်ဝသို့ပင် ရောက်ရှိပေတော့မည်။ ဤအခိုက်တွင် သူ့မျက်နှာတွင် ရုတ်တရက် ကြောက်ရွံထိတ်လန့်မှုတို့ ပြည့်နှက်သွား၏။ အမျိုးသမီးရွှေကျီးကန်းမှာ အလွန်လျင်မြန်စွာ ရွေ့လျားနေပုံမ​ပေါ်သည့်တိုင် ရုတ်ခြည်းဆိုသလို သူ့အရှေ့တည့်တည့်သို့ ရောက်နေလေပြီ။

"မင်း ..." လီထျန်းမှာ အသက်ရှူသံများ မြန်လာပြီး သူငယ်အိမ်များ ကျုံ့သွား၏။ ပြင်းထန်လှသော အန္တရာယ်အာရုံကြီးက ဒီရေလှိုင်းလုံးကြီးများသဖွယ် သူ့ကို လွှမ်းခြုံသွားသည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ မုဒြာလက်ကွက်ဖော်လိုက်၏။ သူ့သိုလှောင်အိတ်ထဲမှ မှော်ပစ္စည်းအမြောက်အမြား ဝုန်းခနဲ ထွက်လာသည်။ သူက တတ်နိုင်သမျှ အားကုန်သုံးရင်း လက်နှစ်ဖက်ကို အရှေ့သို့ တွန်းထုတ်ကာ ကြောက်မက်ဖွယ်လှိုင်းများ ထုတ်လွှတ်နေသော အနက်ရောင်မြူထုကို ဆင့်ခေါ်လိုက်သည်။

"မင်း သေမယ်ဆိုရင်လည် သေလိုက်တော့။ ငါတော့ မင်းနောက်မလိုက်နိုင်ဘူး" သူက ဟိန်းဟောက်လိုက်သည်။ သို့သော် သူ၏နတ်ဘုရားစွမ်းရည်အား ထုတ်ဖော်ပြီး အံ့သြတုန်လှုပ်ဖွယ်အရှိန်အဝါတစ်ခု ထွက်လာသည့်အချိန်မှာပင် ရွှေရောင်လက်ကြီးက လေထုကို ထိုးခွဲ၍ လာနေပြီဖြစ်၏။ ၄င်းက လှိုင်းဂယက်များကို ပုံပျက်သွားစေရင်း အနက်ရောင်မြူထုကို ထိုးဖောက်လာသည်။ ထို့နောက် လက်က လီထျန်းအရှေ့တည့်တည့်သို့ ရောက်နေလေပြီ။ လက်ချောင်းတစ်ချောင်းက သူ့ခေါင်းထိပ်ကို အသာအယာလေး ထိလိုက်သည်။

အမျိုးသမီးက မန်ဟို့ကို လှည့်ကြည့်၏။ သူမက နူးညံ့နွေးထွေးသော လေသံနှင့် ပြောသည်။ "မှတ်ထား ဒါက ငါ့ရွှေဘဝဆေးမင်ကြောင်ရဲ့ ပထမကံတရား... စုဆုံခြင်းကံပဲ။ ငါထိလိုက်တဲ့ ဘယ်ဘဝမဆို ရွှေဖြစ်သွားလိမ့်မယ်"

သူမထိလိုက်သည်နှင့် လီထျန်း၏တစ်ကိုယ်လုံး တုန်ရီသွားသည်။ ရုတ်တရက် သူ့နဖူးမှ ရွှေရောင်အလင်းတစ်ခု စတင်ထွက်ပေါ်လာသည်။ အလင်းရောင်က သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားစဥ် သူ၏မျက်လုံးကြီးများ ပြူးထွက်လာ၏။ သူ့မျက်နှာမှာ ကြောက်လန့်မှုကြောင့် ပုံပျက်ဆင်းပျက်ဖြစ်နေပြီးနောက် သူ့တစ်ကိုယ်လုံး ရွှေရုပ်တုကြီး ဖြစ်သွားလေပြီ။

သူ့အနုသုခုမရုပ်ခန္ဓာပင်လျှင် ထွက်ပြေးဖို့ အချိန်မရလိုက်၍ သူ့ကိုယ်တွင်း၌ ပိတ်လှောင်ခံထားရတော့သည်။ သတ္တုဓာတ်စွမ်းအားက ၄င်းအထဲသို့ စီးဆင်းလာရာ ၄င်းမှာ ရွှေဝိညာဥ်အသွင် ပြောင်းခံလိုက်ရတော့သည်။

ဤအဖြစ်အပျက်အလုံးစုမှာ တခဏလေးအတွင်း ဖြစ်ပျက်သွားခြင်းပင်။ အမြန်နှုန်းမှာ ဘယ်သူမှ တုံ့ပြန်ခွင့်မရလိုက်သည်အထိ အလွန်ကြောက်စရာကောင်းလှသည်။ မျက်စိတစ်မှိတ်အတွင်း အပြင်လောကအား ကိုင်လှုပ်နိုင်သူ၊ စွမ်းအားမြင့် အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်တစ်ယောက်သည်......

ရှိန်ဝါဖြိုခွဲ၊ ချီအဆုံးသတ်ကာ ခန္ဓာကို သုတ်သင်လေ

လီထျန်း၏ ရွှေရုပ်တုကြီး မြေကြီးပေါ်ကျသွားစဥ် တချောက်ချောက် ရွတ်သံများ ထွက်လာသည်။ လီထျန်းမှာ လှုပ်ရှားနိုင်စွမ်းမရှိတော့သည့်အပြင် သစ်ပင်အသေကြီးကို လှမ်းကြည့်ရင်း ၄င်း၏တုန်လှုပ်နေသော မျက်နှာထားမှာ ထာဝရဖြစ်သွားလေပြီ။

ဤသို့ အဖြစ်အပျက်များ ရုတ်တရက် ပြောင်းလဲသွားခြင်းက ရန်စုန့်၊ မိုလီနှင့် လူထူးဆန်းဝမ်တို့ကို နွေခေါင်ခေါင် မိုးကြိုးပစ်ချခံရသည့်အလား ခံစားလိုက်ရစေသည်။ သူတို့မျက်နှာများ ချက်ချင်း ပျက်သွားကြ၏။ ရန်စုန့်မှာ ချာချာလည်နေလျက် နောက်ဆုတ်သွားသည်။ သူ့ညာလက်က သိုလှောင်အိတ်ထဲကို ပုတ်၍ အမိန့်ဆွဲပြားတစ်ပြား ထုတ်ကာ ခြေပစ်လိုက်သည်။

မိုနှင့်ဝမ်အတွက်မူ မန္တန်တစ်ခု၏ တောက်ပသော အလင်းရောင်က သူတို့ကို အထပ်ထပ် လွှမ်းခြုံထားသည်။ ၄င်းက ဆွဲအားတစ်ခုခုကို နှိုးဆော်လိုက်ရာ သူတို့ပတ်ပတ်လည်တွင် သရဲပုံရိပ်များ ဖြစ်တည်လာ၏။ သူတို့မှာ အချိန်မရွေး မိုးပေါ်ပျံတက်တော့မည့်အလားပင်။

တစ်ချိန်လုံး မန်ဟိုသည် သတ္တုဓာတ်စွမ်းအားများ သူ့ကိုယ်တွင်းသို့ တဝါဝေါ စီးဝင်နေသဖြင့် မလှုပ်မယှက် ရပ်နေ၏။ သူ့ပတ်ပတ်လည်ရှိ ရွှေရောင်အလင်းထဲတွင် အသက်ဝင်သောရွှေကျီးကန်းကြီးတစ်ကောင် ပေါ်လာသည်။

ရွှေအလင်းရောင် တဖျပ်ဖျပ်လက်ပြီး သတ္တုဓာတ်စွမ်းအားများ စီးဝင်နေစဥ် အသွင်ပြောင်းခြင်းအပြင် သူ၏ကျင့်ကြံခြင်းအ​ခြေခံတိုးတက်လာသည်ကိုလည်း မန်ဟို အာရုံရနေသည်။

ထို့နောက် လီထျန်း သေဆုံးပြီး ရန်စုန့်၊ မိုနှင့်ဝမ်တို့ ​ထွက်ပြေးသွားကြသည်ကို သူမြင်လိုက်သည်။ မန်ဟိုက တိတ်ဆိတ်စွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။

လေလယ်တွင် အမျိုးသမီးသည် အချိန်မရွေး ပျောက်ကွယ်တော့မည့်အလား ဝေဝါးနေလေပြီ။ သူမကို ဝန်းရံထားသည့် ရွှေရောင်အလင်းမှာလည်း မှေးမှိန်လာနေပြီး သူမက ရန်စုန့်နှင့် အခြားသူများ ထွက်ပြေးသွားသည်ကို မကြည့်ပေ။ ထိုအစား မန်ဟို့ကို စိုက်ကြည့်နေ၏။

"နောက်တစ်ခုက ငါ့ ရွှေဘဝဆေးမင်ကြောင်ရဲ့ ဒုတိယကံတရား။ မိုးကောင်းကင်ပိုက်ကွန်လို့ခေါ်တယ်" ထို့နောက် သူမသည် ညာလက်ကို ဆန့်ထထုတ်ပြီး ​မြေကြီးအပေါ် ဖိချလိုက်၏။ ချက်ချင်းပင် ရွှေရောင်မြေကြီးသည် တသိမ့်သိမ့်တုန်ခါလာပြီး အက်ကြောင်းများ ပျံ့နှံ့လာသည်။​ မြေကြီး အက်ကွဲပြီး ပြိုကျလာစဥ် မရေမတွက်နိုင်သောအပိုင်းအစများက လေပေါ်ပျံတက်သွားကြသည်။ အပိုင်းအစတစ်ခုစီတိုင်းကား ရွှေအတိပြီးလေသည်။ ၄င်းတို့သည် ရွှေမိုးအသွင်ပြောင်းကာ မိုနှင့်ဝမ်ဆီ ပြေးဝင်သွား၏။

တစ်ချိန်တည်းမှာပင် မန်ဟိုနှင့် သစ်ပင်ကြီးရှိသော နေရာကလွဲ၍ တစ်ကမ္ဘာလုံး စတင်ပြိုကျလာလေပြီ။ ကျောက်တုံးများ၊ အပင်များ ... အရာအားလုံး အစိတ်စိတ်အမြွှာအမြွှာပျက်စီးလာ၏။ ဤသေးငယ်သော ရွှေစလေးများသည် ထူးဆန်းသောဓားသွားများအဖြစ် စုစည်းပြီး လည်လာကာ လေဆင်နှာမောင်းတစ်လုံးအား ဖန်တီးနေတော့သည်။

လေဆင်နှာမောင်းထဲ ပိတ်မိသွားသည့် မိုနှင့်ဝမ်မှာ မျှော်လင့်ချက်များ ကုန်ခမ်းသွားသည်။ ရွှေလေဆင်နှာမောင်းကြီးက သူတို့ကို ချောင်ပိတ်ပြီး မလှုက်မယှက်နေကာ ပြိုကျရန် အသင့်ဖြစ်နေ၏။

သူတို့က ဟိန်းဟောက်ကြုံးဝါးရင်း မန္တန်ကို အစွမ်းကုန် အသက်သွင်းနေသဖြင့် လေတွင် ထစ်ချုန်းသံကြီးတစ်သံ ပြည့်နှက်သွားသည်။ သို့သော် သူတို့ ကျင့်ကြံခြင်းအခြေခံစွမ်းအား သို့မဟုတ် မန္တန်ဖြင့် မည်မျှတွန်းလှန်တိုက်ခိုက်စေကာမူ ရွှေလေဆင်နှာမောင်းကြီးအား ခုခံနိုင်စွမ်းမရှိချေ။

ဧရာရွှေလေဆင်နှာမောင်းကြီးက သူတို့ကို ဝန်းရံကာ ရွှေမိုးပေါက်များက ဘယ်သူမှ ဖောက်မထွက်နိုင်သော ဧရာမပိုက်ကွန်တစ်ခုအသွင်ပြောင်းသွားသည်။ နောက်ဆုံး ပိုက်ကွန်ကြီး ပျောက်ကွယ်သွားသောအခါ မိုနှင့်ဝမ်မှာ အရိုးစုထက်မပိုတော့ပေ။

သူတို့အလောင်းများနှင့် မလှမ်းမကမ်းတွင် သူတို့၏အနုသုခုမရုပ်ခန္ဓာများက ထွက်ပြေးရန် ကြိုးစားနေကြသည်။ သို့သော် သူတို့မှာ ဝေးဝေးမပြေးနိုင်၍ လေဆင်နှာမောင်းကြီး၏ ဖျက်စီးခြင်းခံလိုက်ရသည်။

ရွှေကမ္ဘာသို့ ပြောင်းကာ မြေပြင်ကို လေပြင်းလက်တွင်း သက်ဆင်းစေ။ စိတ်ဆန္ဒအလုံးစုံကို သုတ်သင်နိုင်တဲ့ မိုးကောင်းကင်ပိုက်ကွန်ကို ဖော်ဆောင်ရန် ဤစွမ်းအားအား အသုံးပြုလော့။

"ဒါက တတိယကံပဲ..... နာမည်က ဆေးလုံးမဟုတ်လျှင်" အမျိုးသမီးသည် ယခုတွင် ပျောက်ကွယ်တော့မည့်အလား အလွန်မှေးမှိန်လာလေပြီ။ သူမသည် နူးညံ့စွာပြောနေသော စကားလုံးများနှင့်အတူ သူမ၏​ကြော့ရှင်းသောလက်လေးကို ကျောက်စိမ်းပြားးစွမ်းအားသုံးနေသဖြင့် ခန္ဓာကိုယ်အား ဖောက်ထွင်းမြင်နေရသည့် ရန်စုန့်ထံသို့ လက်ညှိုးထိုးလိုက်သည်။

ရန်စုန့်မှာ မမြင်ရသောလက်ကြီးတစ်ဖက်က သူဝင်ရောက်ပျောက်ကွယ်တော့မည့် ဟင်းလင်းပြင်ထဲမှ လှမ်းဆွဲခံလိုက်ရသဖြင့် ငယ်သံပါအောင် အော်တော့သည်။ သူ့မှာ ရွှေကမ္ဘာထဲသို့ ပြန်ဆွဲခေါ်ခံလိုက်ရ၍ သူ၏ဖောက်ထွင်းမြင်နေရသောကိုယ်သည် ချက်ချင်း ထင်ရှားပြတ်သားလာ၏။

သူ့မျက်နှာမှာ ဖြူဖျော့နေပြီး သူ့မျက်လုံးများတွင် ရူးသွပ်မှုတို့ ပြည့်နှက်နေချေသည်။

"ငါ သေရမယ်ဆိုရင်" သူက ဟိန်းဟောက်သည်။ "ဘယ်လိုသေရမလဲ ငါရွေးချယ်မယ်" ရုတ်တရက် သူ့ခန္ဓာကိုယ်မှ မီးတောက်များထွက်ပြီး ခန္ဓာဖောက်ခွဲခြင်းစွမ်းအား ပေါ်ပေါက်လာသည်။

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာဖောက်ခွဲခြင်းက မယုံနိုင်လောက်အောင် ပြင်းထန်သော စွမ်းအားကို ထုတ်လွှတ်ပေးလေသည်။

သို့သော် သူ ကိုယ့်ကိုယ်ကို ဖောက်ခွဲတော့မည့်အချိန် ရွှေကျီးကန်းအမျိုးသမီးက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ "ဆေးလုံးမဟုတ်လျှင်...."

တစ်ချိန်တည်းမှာပင် သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေမုန်တိုင်းကြီးကား ရန်စုန့်ဆီ ဦးတည်လာပြီး .... ရန်စုန့်ကို အထဲတွင်ထား၍ ဧရာမဆေးပေါင်းဖိုကြီးပုံစံပြောင်းသွားသည်။

ဆေးပေါင်းဖိုထဲ ပိတ်ခံလိုက်ရသဖြင့် ရန်စုန့်၏ ခန္ဓာဖောက်ခွဲခြင်းအားသည် ဟန့်တားခံလိုက်ရသည်သာမက အသွင်ပြောင်းစွမ်းအား ဖြစ်သွားလေပြီ။

မန်ဟို့မှာ အံ့သြကြီးစွာဖြင့် အသက်ပြင်းပြင်းရှူနေရတော့သည်။

ဆေးပေါင်းဖိုအတွင်း၌ ရန်စုန့်၏ ပေါက်ကွဲနေသော ခန္ဓာကိုယ်မှာ လျင်မြန်စွာ လည်နေသော ဝဲကြီးတစ်ခုအသွင် ပြောင်းသွားသည်ကို သူရှင်းရှင်းမြင်လိုက်ရ၏။ အံ့ဖွယ်ကောင်းစွာနှင့် ... ၄င်းသည် သွေးရောင်ဆေးလုံးတစ်လုံးဖြစ်သွားလေသည်။

လူကို ဆေးအဖြစ်ဖော်စပ်ကာ အတိတ်ကို အောက်မေ့လေ …. ဆေးလုံးမဟုတ်လျှင်။

ဆေးပေါင်းဖိုပျောက်ကွယ်ပြီး သွေးရောင်ဆေးလုံးသည် အမျိုးသမီး၏လက်အပေါ်သို့ သက်ဆင်းလာ၏။ သူမက ၄င်းကို ငုံ့ကြည့်ပြီးနောက် ခြေပစ်လိုက်သည်။

ဤအခိုက်တွင် သူမ၏ခန္ဓာကိုယ်သည် သိသိသာသာ ပျောက်ကွယ်တော့ပေမည်။ သူမက ချာခနဲလှည့်ပြီး မန်ဟို့ကိုပင် မကြည့်ဘဲ သစ်ပင်သေကြီးကို ကြည့်ရင်း လမ်းလျှောက်လာ၏။

သူမနီးကပ်လာသည်နှင့်အမျှ သူ့မခန္ဓာကိုယ်သည် မှေးမှိန်လာလေသည်။ ခြေတစ်လှမ်းလှမ်းတိုင်း အသက်စွမ်းအားများ ကုန်ခမ်းသွား၏။ သစ်ပင်ကြီးမှာမူ ဆွေးမြည့်ပြီး ဖုန်ဖြစ်လာသည်။

"သေအတူ ရှင်မကွာ" အမျိုးသမီးက သူမခန္ဓာကိုယ် ပျောက်ကွယ်နေစဥ် ရေရွတ်လိုက်သည်။

သစ်ပင်ကြီးမှာ လေယူရာသို့ ​မျော့လွင့်ကာ အပြီးတိုင် ပျက်စီးသွားလေပြီ။

ဖြစ်ပြီး ပျက်တာ ဓမ္မတာ.....

ထိုအခိုက်အတန့်တွင် မန်ဟိုအရှေ့ရှိ အရာအားလုံး ဝေဝါးလာသည်။ သူသည် နောက်တစ်ဖန် လှုပ်ရသွား၏။ ရုတ်တရက် သူ့အရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် အစိမ်းရောင်ဝတ်ရုံနှင့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် ရွှေရောင်ဝတ်ရုံနှင့်အမျိုးသမီးရှိ၏။ သူတို့သည် အတူတကွ ရယ်မောရင်း ဘာမှမရှိသည့် နေရာထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

မင်းက ဆေးလုံး၊ ကိုယ်က သစ်ပင်။ မင်း ကိုယ်ရှေ့မှာ ပေါ်လာတဲ့နှစ်က ... ကိုယ့်ဘဝဟာ အစိမ်းရောင်ဆိုတာလေးထက် ပိုခဲ့ပြီ။

ကျွန်မက ဆေးလုံး၊ ရှင်က သစ်ပင်။ ကျွန်မ ပထမဆုံးမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ ကျွန်မရှင့်ကို တွေ့ခဲ့တယ် .... ပြီးတော့ ကျွန်မဘဝဟာ အထီးမကျန်တော့ဘူး။

တစ်ခါတစ်ရံ ဘဝတစ်ခုလုံး၏ အဓိပ္ပါယ်သည် ဆုံတွေ့ခွင့်လေးသာ ဖြစ်နိုင်သည်။

မန်ဟိုက လေးနက်တည်ကြည်သော အမူအရာဖြင့် လက်ယှက်ကာ ထွက်ခွာသွားသော ပုဂ္ဂိုလ်နှစ်ဦးကို လေးလေးနက်နက် အရိုအသေပေးလိုက်၏။

သူအရိုအသေပေးနေစဥ် သူ့ပတ်ပတ်လည်ရှိ ရွှေအလင်းရောင်သည် ကျုံ့လာပြီး ရွှေကမ္ဘာကြီးတစ်ခုလုံး ပြိုကျလာ​လေပြီ။ တစ်ချိန်တည်းမှာပင် သူ့ရင်ဘတ်ပေါ်ရှိ သတ္တုအမျိုးအစားအရုပ်ဆေးမင်ကြောင်သည် စာလုံးတစ်လုံးဖြစ်သွား၏။

သတ္တု (金)

***

All Chapters