ရန်သူများ ချဉ်းကပ်လာခြင်း
Vol. 31 Ch. 433
သတ္တုအမျိုးအစားအရုပ်ဆေးမင်ကြောင် အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ 'သတ္တု' ဆိုသည့် ရှေးစာလုံးပေါ်လာ၏။
စာလုံးက မန်ဟို့၏ နှလုံးသားအပေါ်တည့်တည့် ရင်ဘတ်ပေါ်၌ ခတ်နှိပ်လိုက်သည်။ အမှန်တွင် သူ့နှလုံးခုန်နှုန်းက ၄င်းကို တအိအိ လှုပ်ရှားစေလေသည်။ ၄င်းသည် သူ၏ရွှေအမြုတေမှ ထုတ်လွှတ်နေသည်နှင့်ဆင်တူသော ရွှေအလင်းရောင်တစ်ခုကို ဖြာထွက်နေစေ၏။ သူသည် ရွှေအမြုတေမဟာစက်ဝန်းအဆင့်တွင်သာ ရှိသေးသော်လည်း သူ၏အတိုက်အခိုက်စွမ်းရည်သည် ယခုတွင် အနုသုခုမရုပ်ခန္ဓာနှင့် အမှန်တကယ် တူညီသွားသည်အထိ မြင့်တက်သွားခဲ့ပြီ ဖြစ်၏။
ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာတစ်ခု ဖော်စပ်ရာ လမ်းစဥ်နှင့် ပတ်သက်လျှင် အဆင့်ငါးဆင့်ရှိမည် ဖြစ်ရာ ယခုတွင် မန်ဟိုက နှစ်ဆင့် အောင်မြင်ခဲ့ပြီးလေပြီ။
သူက ခေါင်းမော့ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ပြိုကျနေသော ရွှေကမ္ဘာသည် ယခုတွင် မရှိတော့ပေ။ သူသည် ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေသို့ ပြန်ရောက်သွားပြီဖြစ်သည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး နောက်တစ်ဖန် အရောင်အသွေးစုံလင်လာသော်လည်း တစ်နေရာလုံးမှာ ပြိုကျတော့မည့် လက္ခဏာများ ပြနေလေပြီ။
ထစ်ချုန်းသံများ လေတွင် ပဲ့တင်ထပ်နေပြီး မီးတောင်ခုနစ်လုံး စတင်ကွဲထွက်လာသည်။ နယ်မြေအတွင်း၌ တည်ရှိနေသေးသော အစွမ်းထက်ကမ္ဘာသစ်မိစ္ဆာများ ဟိန်းဟောက်အော်မြည်နေကြပြီး ထိန်းမနိုင်သိမ်းမရတော့ပေ။ မျိုးနွယ်စုငါးစု၏ အံ့အားသင့်နေသော အဖွဲ့ဝင်များလည်း ယခုတွင် အစွမ်းကုန် ထွက်ပြေးနေကြတော့သည်။
မန်ဟို ဘွားခနဲ ပေါ်လာခြင်းအား မည်သူမှ သတိမထားမိပေ။ ရှိသမျှကျင့်ကြံသူအားလုံးမှာ ထွက်ပေါက်ထံသို့ ခြေကုန်သုတ်နေကြ၏။
မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် လူကြားထဲမှ လိုက်သွားသည်။ မြေကြီးများ ကြေမွပြီး တောင်တန်းများ ပြိုကျလာသဖြင့် ပေါက်ကွဲသံများက အဆက်မပြတ်ဆူညံနေတော့သည်။
"အထွတ်အမြတ်နယ်မြေ ... အထွတ်အမြတ်နယ်မြေ ပြိုကျသွားပြီ"
"အထွတ်အမြတ်နယ်မြေ မရှိတော့ဘူး။ ငါတို့ ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေ ပျက်စီးသွားပြီ။ အတိတ်နိမိတ်ပြတာများ ဖြစ်နိုင်မလား"
မျိုးနွယ်စုငါးစု၏ ခေါင်းကိုင်ဖခင်များနှင့် နတ်ဆရာကြီးများ၏ မျက်နှာထားများ တင်းမာနေပြီး သူတို့ရင်ထဲ၌ မကောင်းသောခံစားချက်များ ပြည့်နှက်နေသည်။ ကျီးကင်းထောက်မျိုးနွယ်စု ခေါင်းကိုင်ဖခင်မှာ မျက်နှာပျက်သွားပြီး မန်ဟို့ထံ သွားနေသည်ကို ရပ်ကာ အခြားခေါင်းကိုင်ဖခင်များ၊ နတ်ဆရာကြီးများနှင့် တိုင်ပင်ဆွေးနွေးရန် ထွက်သွား၏။
မန်ဟိုက အတွေးများစွာဖြင့် တစတစ မှေးမှိန်လာနေသော ရွှေအလင်းရောင်ကို ကြည့်ရင်း လေလယ်တွင် ပျံဝဲနေသည်။ တောင်တန်းများအတွင်း၌ ပျောက်ကွယ်သွားနေသော ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေအကြောင်း သူတွေးနေမိသည်။ ထို့နောက် ရွှေကျီးကန်းကြီးနှင့် သစ်ပင်ကြီး ..... အချိန်အတော်လေး ကြာသော် သူက သက်ပြင်းချလိုက်သည်။
သူသက်ပြင်းချလိုက်စဥ် သူ့ဘေးမှ ကြက်တူရွေး၏အသံကို ရုတ်တရက် ကြားလိုက်ရပြီး လူပုံစံမျိုးခြားသားရဲကြီးပေါ်လာသည်။
"မေနိုး ကျီမျိုးနွယ်ကအကောင် ငါ့မှတ်ဉာဏ်ကို ထပ်ဖယ်ရှားဖို့ ကြိုးစားရတယ်လို့။ သခင်ငါး သည်းမခံနိုင်ဘူးကွ။ မင်းတို့ ကျီကောင်းကင်ကို စမုံတုံးပစ်မယ်။ ကောင်းကင်ဘုံကိုလည်း စမုံတုံးပစ်မယ်ကွ" သူ့အသံနေအသံထားအရ ဤသည်မှာ သူ့ဘဝ၏ ရည်မှန်းချက်ဖြစ်လာပုံရသည်။
မန်ဟိုက လူထွားကြီးကို လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်သွား၏။ "ခင်ဗျားက ဘာလဲ ကြက်တူရွေးလား၊ အသားဂျယ်လီလား ဒါမှမဟုတ် မျိုးခြားသားရဲကြီးလား"
"သေချာပေါက် ငါက သခင်ငါးပေါ့ ခွေးမသားရဲ့" လူထွားကြီးက သွေးနားထင်ရောက်နေသော မျက်နှာထားဖြင့် ပြောသည်။ "နားထောင် မန်ဟို၊ မင်းကို ငါ သတိပေးမယ်။ အခုစကပြီး မင်းအနေနဲ့ မျိုးလေးကို 'မျိုးခြားသားရဲကြီး' လို့ ခေါ်လို့မရတော့ဘူး။ သူက ငါ့ရဲ့ ချစ်လှစွာသော ကိုယ်လုပ်တော်လေး ဖြစ်သွားပြီ။ ဒါကြောင့် အခုကစပြီး မင်း သူ့ကို သခင်မငါးလို့ ခေါ်ရမယ်"
လူထွားကြီး၏ မျက်နှာတိမျက်နှာထားကို ကြည့်ရင်း မန်ဟိုက ပြောသည်။ "လိ,မလို့ ခေါ်ရမှာလား"
"မင်း မင်း မင်း ... မင်း ငါကိုယ်တော်သခင်ငါးကို စော်ကားရဲတာ ယုံတောင်မယုံနိုင်ဘူး။ ပိုဆိုးတာက သခင်ငါးရဲ့ ကိုယ်လုပ်တော်လေး ၊ မင်းရဲ့သခင်မငါးကို ရိုင်းပျတာပဲ။ မင်း ... မင်း သခင်ငါးဆီကနေ သခင်မငါးကို လုချင်နေတာလို့တော့ မပြော.... မပြောနဲ့နော်" ကြက်တူရွေးမှာ ရုတ်တရက်ကြီး ယခုကဲ့သို့ ကောက်ချက်ချပြီး စိတ်တိုနေတော့သည်။
ကြက်တူရွေး၏ ဒေါသအဆွခံလိုက်ရသည့်အချိန်မှာပင် မျိုးနွယ်စုငါးစု၏ ခေါင်းကိုင်ဖခင်များနှင့် နတ်ဆရာကြီးများ လေးနက်သော မျက်နှာအမူအရာများဖြင့် လူစုခွဲလိုက်ကြသည်။ သူတို့သည် မျိုးနွယ်စုများနှင့်အတူ သက်ဆိုင်ရာ ဂိုဏ်းအသီးသီးသို့ ပြန်သွားကြ၏။
ကျီးကင်းထောက်မျိုးနွယ်စု ခေါင်းကိုင်ဖခင်နှင့် မိုးနတ်ဆရာမကြီးက ခါးသီးစွာ ပြုံးရင်း မန်ဟို့အနား ရောက်လာသည်။
ခေါင်းကိုင်ဖခင်က ဦးစွာပြော၏။ "ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေ ပျက်စီးသွားလို့ ဘိုးဘေးကြီးရဲ့ အစောင့်အရှောက်လည်း ပျောက်ကွယ်သွားပြီ။ ဒီလိုကိစ္စမျိုးက ဖုံးဖိလို့ရမှာမဟုတ်ဘူး။ မကြာခင် တခြားဒေသက မျိုးနွယ်စုတွေ သိသွားကြလိမ့်မယ် "
မိုးနတ်ဆရာမကြီးက ဆက်ပြောသည်။ "ကျွန်မတို့ကို မျက်စိဒေါက်ထောက်ကြည့်နေပေမယ့် အထွတ်အမြတ်နယ်မြေကို ကြောက်လို့ ငြိမ်နေကြတဲ့ အင်အားကြီးမျိုးနွယ်စုတွေ ရှိတယ်။ အခုဆို သေချာပေါက် ပြဿနာရှာချင်နေကြလောက်ပြီ။ ကျွန်မတို့ မျိုးနွယ်စုငါးစုအတွက်တော့ ဒါက ကံဆိုးမိုးမှောင်ကျတာပဲ။ သူတို့ကို တန်ပြန်မတိုက်ခိုက်နိုင်ရင် မျိုးနွယ်ဝင်တွေ တစ်ယောက်မကျန် သုတ်သင်ခံရလိမ့်မယ်
"ရှင်တို့နှစ်ယောက်က ကျီးကင်းထောက်မျိုးနွယ်စုမှာ အစွမ်းထက်ဆုံးငယ်သားတွေပဲ။ ကျွန်မမျိုးနွယ်စုအတွက် ဒီလိုအရေးကြီးနေတဲ့အခိုက်အတန့်မှာ အကူအညီပေးနိုင်တဲ့အထိ သဘောထားကြီးမားမယ်လို့ မျှော်လင့်ပါတယ်။ ကျီးကင်းထောက်မျိုးနွယ်စုအနေနဲ့ တန်ရာတန်ကြေး ရက်ရက်ရောရော ပေးပါ့မယ်"
ထို့နောက် သူတို့နှစ်ယောက်က လက်ယှက်ပြီး မန်ဟိုနှင့် လူပုံစံမျိုးခြားသားရဲကြီးကို အရိုအသေပေးသည်။
မန်ဟိုက ဘာမှပြန်မပြောဘဲ အလင်းတန်းအသွင်ပြောင်းကာ မျိုးနွယ်စုထံ ပြန်သွားသည့် ကျီးကင်းထောက်မျိုးနွယ်ဝင်များအနောက် လိုက်သွားသည်။ တောင်အစွန်အဖျားရှိ ကမ္ဘာသစ်မိစ္ဆာထိန်းစီရင်စုသို့ ရောက်သော် သူက ခြံထဲဝင်လိုက်သည်။
အထဲရောက်သည်နှင့်တစ်ပြိုင်နက် စကြဝဠာအိတ်ကို ပုတ်လိုက်ရာ မောင်မွှေးထူနှင့် သူ၏ကမ္ဘာသစ်မိစ္ဆာအုပ် ပျံထွက်လာသည်။ ထို့နောက် သူက အထဲရှိ ကျန်ကမ္ဘာသစ်မိစ္ဆာအုပ်စုကို ငုံကြည့်လိုက်၏။
၄င်းတို့တွင် ကျီးကန်းများ၊ ခြင်ကြီးများ၊ အနီရောင်မိကျောင်းကြီးနှင့် ဧရာမပုတ်သင်ကြီးတို့ ပါရှိသည်။ အားလုံးက ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေမှ သူရရှိခဲ့သော ကမ္ဘာသစ်မိစ္ဆာများဖြစ်ပေသည်။
"ငါ ဒီကမ္ဘာသစ်မိစ္ဆာအကုန်လုံးကို ငါ့လက်အောက် သိမ်းသွင်းနိုင်ရင်တော့ အနောက်ပိုင်းသဲကန္တာရမှာ ငါ့ရဲ့ မဟာမိစ္ဆာသားရဲသခင်ဆိုတဲ့ အဆင့်အတန်းက ပိုပြီးခိုင်မာသွားလိမ့်မယ်" သူသည် ဤအခြင်းအရာကို သုံးသပ်ဆင်ခြင်ပြီးနောက် အိတ်ကို ပုတ်ကာ ကျီးနက်တစ်ကောင်အား ပျံထွက်လာစေသည်။ သူက မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် လက်ညှိုးထိုးလိုက်သည်။
ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ မိစ္ဆာချီများသည် သူ့လက်ချောင်းတွင် စုစည်းလာပြီး ကျီးနက်အပေါ် သက်ရောက်နေသော ဖိအားဖြစ်လာသည်။
အချိန်များ လျှပ်တပြက် ကုန်ဆုံးသွားသည်။ မန်ဟိုက ဘယ်သူမှ လာမနှောင့်ယှက်နိုင်အောင် သူ၏ကမ္ဘာသစ်မိစ္ဆာတချို့ကို အပြင်လွှတ်ထား၏။ တစ်လကြာသွားလေပြီ။
ထိုတစ်လအတောအတွင်း ကျီးနတ်မင်းမျိုးနွယ်စုငါးစုလုံး ချောက်ကမ်းပါးစွန်းတွင် လျှောက်နေရသကဲ့သို့ပင်။ တစ်ခါက မျိုးနွယ်စုများအကြား ရှိခဲ့ဖူးသော ပဋိပက္ခများ၊ ရန်ငြိုးများအားလုံး ကြေအေးပျောက်ကွယ်သွားပြီဖြစ်၏။ ခေါင်းကိုင်ဖခင်များနှင့် နတ်ဆရာကြီးများလည်း မကြာခဏ တံခါးပိတ်ဆွေးနွေးကြသည်။ အဆုံးသတ်တွင် သူတို့သည် တစ်ပေါင်းတစ်စည်းတည်း မဟာမိတ်ဖွဲ့ရန် ရွေးချယ်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် မျိုးနွယ်စုအသီးသီးမှ ငယ်သားများသည် ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေပျက်စီးခြင်းက ပြဿနာပေါင်းစုံဖြစ်စေတော့မည်ကို သဘောပေါက်လိုက်သဖြင့် တဖြေးဖြေးနှင့် ထွက်ခွာသွားကြလေသည်။
သူတို့သည် မျိုးနွယ်ဝင်စစ်စစ်မဟုတ်ဘဲ ငယ်သားများသာ ဖြစ်သည်။ အန္တရာယ်နှင့်ကြုံတွေ့သောအခါ နေချင်စိတ်မရှိကြသည်မှာ ပုံမှန်ပင်။ လဝက်ပင်မရှိသေး၊ ငယ်သားတစ်ဝက်ကျော် ထွက်သွားကြပြီဖြစ်သည်။
သို့သော် မျိုးနွယ်စုငါးစုအကြား မဟာမိတ်ဖွဲ့ခြင်းက ကျီးနတ်မင်းမျိုးနွယ်စု၏ ခမ်းနားကြီးကျယ်မှုကို ပြန်လည်ဆောင်ကြဥ်းပေးခဲ့၏။ ထိုမျှသာမက ငယ်သားတော်တော်များများ ထွက်သွားကြသော်လည်း မျိုးနွယ်စုများတွင် အစွမ်းထက်ပညာရှင်များစွာ ရှိနေသေး၍ စုပေါင်းစွမ်းအားကတော့ အမှန်တကယ် တိုးတက်လာသည်။ ကျီးကင်းထောက်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်အပါအအဝင် မျိုးနွယ်စုငါးစု၏ ခေါင်းဆောင်ပိုင်းမှာ မန်ဟို့ကို အဓိက အာရုံစိုက်ထားကြ၏။
မဟာမိစ္ဆာသားရဲသခင်တစ်ဦးအနေနှင့် မန်ဟိုက သူတို့ကို အံ့အားသင့်အောင် လုပ်ခဲ့ပြီးဖြစ်သည်။ မဟာမိစ္ဆာသားရဲသခင်တစ်ဦးသည် ပင်ကိုယ်အားဖြင့် သိပ်အစွမ်းမထက်လောက်သော်လည်း တိုက်ပွဲတွင် သူကိုင်စွဲနိုင်သော စွမ်းအားက အလွန်အရေးပါ၏။
မျိုးနွယ်စုငါးစုအတွက် မန်ဟိုသည် ဒဏ်ရာရထားသော မဟာမိစ္ဆာသားရဲသခင်တစ်ဦးဖြစ်ပြီး ကမ္ဘာသစ်မိစ္ဆာများများစားစား မပိုင်ဆိုင်ထားသော်လည်း တကယ်တမ်း အရေးမကြီးပေ။ လိုအပ်လျှင် မန်ဟို့ ကမ္ဘာသစ်မိစ္ဆာအုပ်၏ အရွယ်အစားကို တိုးမြှင့်လိုက်သည်နှင့် တိုက်ပွဲအား အနိုင်ရရှိစေနိုင်သည်။
ယခုတွင် တောင်နောက်ရှိ နယ်မြေတစ်ခုလုံးသည် မန်ဟို့အပိုင် ဖြစ်သွားလေပြီ။ မျိုးနွယ်ဝင်များကိုပင် ဝင်ခွင့်ပိတ်ထား၏။ စီရင်စုတစ်စုလုံးမှာ တားမြစ်နယ်မြေတစ်ခုပမာ ဖြစ်လာခဲ့သည်။ ဤအခြင်းအရာက ကျီကင်းထောက်မျိုးနွယ်စု တစ်ခုတည်းတွင် မဟုတ်ဘဲ အခြားမျိုးနွယ်စုများတွင်လည်း ထိုသို့ဖြစ်လေသည်။
မန်ဟို့၏ အဆင့်အတန်းကြောင့် သူ့အနေဖြင့် ဤအတွက် အရင်စကားစ,စရာ မလိုအပ်ပေ။ မျိုးနွယ်စုငါးစုလုံး အရင်ကမ်းလှမ်းခြင်း ဖြစ်၏။ မန်ဟိုကို ပို၍လေးစားနေသူကတော့ ဂုလာပင်။ သူသည် ကျီးကင်းထောက်မျိုးနွယ်စုသို့ ပြောင်းရွှေ့လာခဲ့ပြီး ယခုတွင် တောင်အနောက်ရှိ မန်ဟို့စီရင်စု၏အပြင်ဘက်၌ တင်ပျဥ်ခွေထိုင်နေလေသည်။ သူ့ပုံစံက စောင့်ရှောက်ပေးနေသယောင်ရှိသည်။ ဘီလူးရိုင်းကြီးလည်း ထိုနေရာတွင် ရှိနေပြီး ရံဖန်ရံခါ ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသော ဟိန်းဟောက်သံများ ပြုတတ်သည်။
ကြက်တူရွေးတို့သုံးကောင် အယောင်ဆောင်ထားသည့် လူထွားကြီးမှာမူ ပထမတုန်းက နေနေသေးသော်လည်း အပြင်တစ်ခါထွက်ပြီးနောက်တွင် ရံဖန်ရံခါမှသာ ပြန်လာတတ်၏။ အချိန်အနည်းငယ်ကြာသော် တစ်နေရာတည်း မနေနိုင်သော ဘီလူးရိုင်းကြီးမှာ မောင်မွှေးထူနှင့် အခြားအကောင်များ တောင်ပေါ်တက်လျှင် လိုက်လိုက်သွား၏။
နောက်ထပ်လဝက်ကြာသွားပြီး မန်ဟိုက တံခါးပိတ်ကျင့်ကြံနေဆဲပင်။ ဤအခိုက်အတန့်တွင် မဟာမိတ်မျိုးနွယ်စုငါးစု သိမ်းပိုက်ထားသည့် တောင်တန်း၏ အပြင်ဘက် ကောင်းကင်ထက်၌ အလင်းတန်းတစ်တန်း လေကိုခွင်းလာနေသည်။
ဤအလင်းတန်းထဲတွင် ဧရာမပင့်ကူ (၃၂) ကောင်ရှိ၏။ တစ်ကောင်စီသည် မီတာရာပေါင်းများစွာ ရှည်လျားပြီး ကြောက်စရာကောင်းလေသည်။ ၄င်းတို့က အရောင်အသွေးတောက်ပနေရာ အတိုင်းထက်အလွန် အဆိပ်ရှိကြောင်း သိသာသည်။ ပထမတွင် ၄င်းတို့မှာ ပျံသန်းနေသည်နှင့်တူသော်လည်း တကယ်တော့ ၄င်းတို့သွားသည့်နေရာတိုင်း ဧရာမပင့်ကူအိမ်ကြီး ဖြစ်သွား၏။
ပင့်ကူအိမ်က လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ခုဖြင့် တောက်ပနေရာ အပြာရောင်ကောင်းကင်နှင့် အဖြူရောင်တိမ်တိုက်များအကြား ထင်းနေတော့သည်။ ဧရာမပင့်ကူ (၃၂) ကောင်အပေါ်၌ တင်ပျဥ်ခွေထိုင်နေသည်မှာ အရုပ်ဆေးမင်ကြောင်များနှင့် ခန္ဓာကိုယ်ကို တန်ဆာဆင်ထားပြီး ဆင်တူဝတ်ရုံများ ဝတ်ထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
ဧရာမပင့်ကူ (၃၂) ကောင်၏ အနောက်တွင်ကား အလွန်ကြီးမားသော ဥက္ကာခဲကြီးတစ်ခဲဖြစ်၏။ ၄င်း၏အလယ်တည့်တည့်တွင် အပေါက်တစ်ပေါက်ဖောက်ထားပြီး မဟူရာကျောက်နှင့်တူသည့်အရာအား ဖော်ပြထားသည်။ ၄င်းသည် ခရမ်းရောင်အလင်းဖြင့် တောက်ပနေပြီး အတွင်း၌ အရည်များ လည်ပတ်စီးဆင်းနေပုံပင်ရသည်။
ထိုနေရာတွင် ထိုင်နေသူက အဖြူရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်၏။ သူ့ကို နန့်တန့်တန့်အမျိုးသမီးများက ဝန်းရံ၍ ပခုံးကို နှိပ်ပေးနေကြသည်။
ဤလူ၏ ရုပ်ရည်သည် ချောမောသော်လည်း သူ့မျက်နှာပေါ်၌ အနက်ရောင်အမှတ်အကြီးတစ်ခုက ပုံဖျက်နေလေသည်။
ပင့်ကူ (၃၂) ကောင်၏ ပင့်ကူမျှင်များက ဤဧရာမဥက္ကာခဲကြီးနှင့် တွယ်ဆက်ကာ ၄င်းကို ဆွဲနေ၏။ အနောက်တွင် ကောင်းကင်တစ်ပြင်လုံးသည် ကမ္ဘာသစ်မိစ္ဆာပင့်ကူများဖြင့် ပြည့်နှက်ကာ မည်းမှောင်နေလေပြီ။
ဧရာမပင့်ကူကြီးတစ်ကောင်၏ ကျောတွင် လူငယ်တစ်ယောက်ရှိသည်။ သူက ဥက္ကာခဲကြီးကို လှည့်ကြည့်ပြီး အဖြူရောင်ဝတ်ရုံနှင့်လူကို လက်ယှက်အရိုအသေပေးသည်။ သူက အသံကျယ်ကျယ်နှင့်ပြော၏။ "မိစ္ဆာသားရဲသခင်ခင်ဗျား၊ အရှေ့ဆို ကျီးနတ်မင်းအပျက်အစီးပုံဆီ ရောက်ပါပြီ။ လောလောဆယ် အဲ့ဒီနေရာကို မျိုးနွယ်စုငါးစု သိမ်းပိုက်ထားပါတယ်"
"မျိုးနွယ်စုက ဘိုးတော်ကြီးတွေက အရမ်းသတိရှိလွန်းတယ်" သက်လတ်ပိုင်းလူက မောက်မာထောင်လွှားသော မျက်နှာထားဖြင့် ပျင်းရိပျင်းတွဲပြောသည်။ "ဒီမလောက်လေးစား မျိုးနွယ်စုငါးစုက ကျီးနတ်မင်းရဲ့ စောင့်ရှောက်မှုကြောင့်သာ ဒီနေ့အထိ တည်ရှိနေနိုင်တာ။ နတ်ဆရာကြီးတွေလည်း ကျီးနတ်မင်းမရှိတော့တာ အတည်ပြုပေးပြီးပြီဆိုတော့ သူတို့ကို ဖျက်စီးဖို့ ဘာလို့ဒီလောက် အင်အားအများကြီး သုံးနေတာလဲ။ ပြီးတော့ ဘာလို့ ငါ့ကိုရော စစ်ဆေးဖို့ လွှတ်လိုက်တာလဲ
"ဘာပဲဖြစ်ဖြစ် ရောက်ပြီဆိုမှတော့ လုပ်နေကျအတိုင်း ကိုင်တွယ်လိုက်ရုံပေါ့။ သူတို့မသေခင် မျှော်လင့်ချက်နည်းနည်းပေးပြီး ချေမှုန်းပစ်ရမယ်။ ငါ့ မိစ္ဆာပင့်ကူတွေက စိတ်ဓာတ်ကျနေတဲ့ လူတွေရဲ့ အသားစားရတာ ကြိုက်တယ်။ ပင့်ကူတပည့်၊ သွေးနီစစ်ပွဲကြေညာလိုက်" ဤအဖြူရောင်ဝတ်ရုံနှင့်လူမှာ ဤနေရာသို့ စေလွှတ်ခံရခြင်းက အတော်လေးအရှက်ရစရာကောင်းသည်ဟု ထင်နေပုံရသည်။
သတ်လတ်ပိုင်းလူ၏စကားက ဧရာမပင့်ကူ (၃၂) အပေါ်တွင် ထိုင်နေသည့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများဆီသို့ ပဲ့တင်ထပ်လာသည်။ သူတို့ သွေးနီတိုက်ပွဲကြေညာချက်ကို ကြားသောအခါ သူတို့၏ကြမ်းကြုတ်သောမျက်နှာများမှာ သွေးဆာနေသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။ သူတို့က နှုတ်ခမ်းသပ်လိုက်သည်။
စောစောက စကားပြောခဲ့သော လူငယ်၏မျက်လုံးများ နီလာပြီး သူ့နှုတ်ခမ်းက ကောက်ကျစ်သောအပြုံးတစ်ခုအဖြစ် ကွေးတက်သွား၏။ သွေးနီစစ်ပွဲကြေညာချက်တွင် ရည်ရွယ်ချက်တစ်ခုသာရှိ၏။
မျိုးနွယ်ဝင်များနှင့် ငယ်သားများအပါအဝင် မျိုးနွယ်စုတစ်စုလုံးတွင် တိုက်ခိုက်ဖို့ အခွင့်အရေးသုံးခုရှိမည်ဟု ဆိုလိုလေသည်။ သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်လျှင် ရလဒ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းသို့ ဦးတည်ပြီး မျိုးနွယ်စုတစ်စုလုံးအား ဖျက်စီးပေလိမ့်မည်။
***