မျက်လုံးများပွင့်လာလေပြီ
Vol. 31 Ch. 434
ခေါင်းအထက်ရှိ ကောင်းကင်မှာ ချက်ချင်း ရောင်စုံတောက်ပလာပြီး တဝီဝီအော်သံများနှင့် ပြည့်နှက်သွားသည်။ မျိုးနွယ်စုငါးစု၏ မျက်နှာများမှာ ရိပ်ခနဲ ဖြစ်သွားကြပြီး အပေါ်မော့ကြည့်လိုက်ကြ၏။
မျိုးနွယ်စုငါးစု၏ ခေါင်းကိုင်ဖခင်များ၊ နတ်ဆရာကြီးများ နှင့် အကြီးအကဲများမှာ အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်အယောက်နှစ်ဆယ်ကျော်ရှိသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ တောင်ပိုင်းဒေသတွင်ဆိုလျှင် အလယ်အလတ်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပေလိမ့်မည်။ မှန်ပါသည် .... စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တစ်ယောက်မရှိဘဲ ဂိုဏ်းကြီးတစ်ဂိုဏ်းအဖြစ် သတ်မှတ်၍မရပေ။
အနောက်ပိုင်းသဲကန္တာရတွင် မဟာမိတ်မျိုးနွယ်စုငါးစုအား အလယ်အလတ်မျိုးနွယ်စုနှင့်ညီမျှသော အင်အားကြီးမျိုးနွယ်စုအဖြစ် သတ်မှတ်နိုင်သည်။ သို့သော် .... အစွမ်းထက်ပညာရှင်အားလုံးက ကောင်းကင်ရှိ ပင့်ကူများကို ကြည့်ပြီး မျက်နှာများ မည်းမှောင်လာကြသည်။
"အဲ့ဒါက .... အဆိပ်ငါးသွယ်မျိုးနွယ်စုပဲ"
"ဒီလောက် ပင့်ကူအများကြီးကို ထိန်းချုပ်နိုင်တယ်ဆိုတော့ အဲ့ဒီလူက ... ပင့်ကူအဖွဲ့က အဆင့် (၉) မိစ္ဆာသားရဲသခင်ကျိုးရီ ဖြစ်မယ်"
"သူ ဘယ်လောက်မောက်မာလဲ ကျုပ်ကြားထားတယ်။ သူ့ကျင့်ကြံခြင်းအခြေခံက အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်မှာပဲ ရှိပေမယ့် အဆင့် (၉) မိစ္ဆာသားရဲသခင်တစ်ဦးအနေနဲ့ သူက ကမ္ဘာသစ်မိစ္ဆာတွေအများကြီး ထိန်းချုပ်နိုင်တဲ့အပြင် အနုသုခုမရုပ်ခန္ဓာအဆင့်နဲ့ ယှဥ်နိုင်တဲ့ အဆင့် (၁၀) ကမ္ဘာသစ်မိစ္ဆာ (၃၂) ကောင်တောင် ရှိသေးတယ်။ ပြီးခဲ့တဲ့နှစ်တွေက သူတစ်ယောက်တည်း မျိုးနွယ်စုတော်တော်များများကို ဖျက်စီးပစ်ခဲ့တာ"
မျိုးနွယ်စုငါးစု၏ အဖွဲ့ဝင်များ မျက်နှာပျက်ပြီး အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်များ စိတ်လေးနေကြသည့်အချိန်မှာပင် အပေါ်ရှိ အော်သံများမှာ ပို၍ပင် ပြင်းထန်လာ၏။ ကြောက်မက်ဖွယ် ပင့်ကူထောင်နှင့်ချီ အပေါ်မှ အောက်သို့ ဆင်းလာကြပြီး လေလယ်တွင် ရပ်နေကြသည်။ ဤအနက်ရောင်ထုကြီးမှ ထုတ်လွှတ်နေသော အရိုင်းဆန်သည့်အရှိန်အဝါသည် တောင်တန်းတစ်ခုလုံးကို လွှမ်းခြုံလာ၏။
တစ်ချိန်တည်းမှာပင် မီတာရာပေါင်းများစွာ ရှည်လျားသော အဆင့် (၁၀) ကမ္ဘာသစ်မိစ္ဆာ (၃၂) ကောင်က အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံခြင်းအခြေခံနှင့်ညီမျှသော အရှိန်အဝါများ ထုတ်လွှတ်လျက် လေကို ခွင်း၍ လာနေကြသည်။ အဆိုပါစွမ်းအားကြီးက အရာအားလုံးကို တုန်ခါနေစေတော့သည်။
အဆင့် (၁၀) ကမ္ဘာသစ်မိစ္ဆာ (၃၂) ကောင်အပြင် သူတို့အနောက်မှတန်းလန်း ပျံသန်းလာသော ဧရာမဥက္ကာခဲကြီးလည်း ရှိသေးသည်။ ၄င်းက မြေပြင်မှ မီတာသုံးရာခန့်အကွာတွင် ရှိပြီး အပြင်ပန်းက မည်းနက်နေသော်လည်း အတွင်းမှာ ခရမ်းရောင်အလင်းဖြင့် လင်းထိန်နေရာ အထဲ၌ထိုင်နေသည့် လူကို ခရမ်းရောင်သမ်းနေစေတော့သည်။
ကြီးမားသော ဖိအားများ သက်ရောက်လာရာ မျိုးနွယ်စုငါးစု၏ အဖွဲ့ဝင်များမှာ ကောင်းကင်သို့ မော့ကြည့်ရင်း မျက်နှာများ ဖြူဆုပ်နေတော့သည်။ ဝူလင်း၊ ဝူချိန်နှင့် အခြားသူများလည်း အသက်မနည်းရှူနေရပြီး ကြောက်စိတ်တို့ ဖြစ်ပေါ်လာ၏။
ဧရာမပင့်ကူကြီးအပေါ်တွင် ရပ်၍ စောစောက စကားပြောခဲ့သည့်လူငယ်က ရုတ်တရက် ခပ်စူးစူးအသံတစ်သံဖြင့် အော်သည်။ "အဆိပ်ငါးသွယ်မျိုးနွယ်စုရဲ့ မိစ္ဆာသားရဲသခင် ကျိုးရီ ၊ ငါ့ရဲ့သခင်ကြီးက ဘယ်ကျင့်ကြံသူနဲ့မဆို တိုက်ခိုက်လိုတယ်။ မင်းတို့မှာ အခွင့်အရေးသုံးခုရမယ်။ မနိုင်ရင် မင်းတို့ မျိုးနွယ်စုငါးစုလုံး သွေးချောင်းစီးရလိမ့်မယ်" သူ့အသံ အဘက်ဘက်သို့ ပဲ့တင်ထပ်နေစဥ် သူ၏အမူအရာမှာ မောက်မာသောအသွင်ဆောင်နေသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင်ကျောက်စိမ်းပြားတစ်ပြား မြေပေါ် ပြုတ်ကျလာ၏။ ၄င်းသည် ရုတ်တရက် ပေါက်ကွဲပြီး အနီရောင်မြူထုဖြစ်သွားသည်။ တလိပ်လိပ်ထနေသောမြူငွေ့များမှ မီတာသုံးထောင်ကျယ်သော အနီရောင်စင်မြင့်တစ်ခုကို ဖန်တီးလိုက်သည်။
"မင်းတို့မှာ အသက်အရှိုက်နှစ်ဆယ်ရှိမယ်။ ဘယ်သူ့မှ တိုက်ခိုက်ဖို့ ရှေ့ထွက်မလာရဲရင် အရှုံးပေးတာလို့ သတ်မှတ်ပြီး သွေးချောင်းစီးသတ်ပွဲ စမယ်" လူငယ်က နှုတ်ခမ်းသပ်လိုက်ပြီး သွေးဆာနေသောအလင်းရောင်က သူ၏မျက်ဝန်းများတွင် တောက်ပနေလေသည်။ သူ့ပတ်ပတ်လည်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်နှင့် တူညီသော ကျင့်ကြံခြင်းအခြေခံများဖြင့် ပင့်ကူများတွင် သွေးအေးသောအမူအရာများရှိပြီး ရက်စင်ကြမ်းကြုတ်သောအရှိန်အဝါများကို ထုတ်လွှတ်နေ၏။
မျိုးနွယ်စုငါးစု တိတ်ဆိတ်နေကြသည်။ ကျီးကင်းထောက်မျိုးနွယ်စုခေါင်းကိုင်ဖခင်အပါအဝင် အနုသုခုနရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနှစ်ဆယ်ကျော် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
မဟာမိတ်မျိုးနွယ်စုငါးစု၏ အင်အားကို ထည့်တွက်လျှင် ကျိုးရီအတွက် (အဆင့်၁၀) ကမ္ဘာသစ်မိစ္ဆာ (၃၂) ကောင်ဖြင့်ပင် သူတို့ကို သုတ်သင်ရန် မဖြစ်နိုင်ပေ။ မျိုးနွယ်စုငါးစု၏ အကာအကွယ်မန္တန်အစီအရင်များအရ သော်လည်းကောင်း၊ အထွတ်အမြတ်ဘိုးဘေးကြီးများဖြင့်သော်လည်းကောင်း ဤအခက်အခဲကို ကိုင်တွယ်နိုင်သည်။
သို့သော် .... သူတို့ အမှန်တကယ် စိတ်ပူသည်မှာ ကျိုးရီက ... အဆိပ်ငါးသွယ်မျိုးနွယ်စုကို ကိုယ်စားပြုနေ၍ပင်။
ဤအနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်များအားလုံး ခေါင်းကိုင်ဖခင်များ၊ နတ်ဆရာကြီးများနှင့် အကြီးအကဲများဖြစ်သည်ကို ထည့်တွက်လျှင် သူတို့သည် ကောက်ကျစ်စဥ်းလဲနေသော မြေခွေးများဖြစ်ကြောင်းသိသာ၏။ ဘာဖြစ်နေလဲ သူတို့ ချက်ချင်း ပြောနိုင်လေသည်။ "အားစမ်းနေတာပဲ"
"ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေက အခုလေးတင်မှ ပြိုကျသွားတာဆိုတော့ အဆိပ်ငါးသွယ်မျိုးနွယ်စု ဒီကိုလာဖို့ တွန့်ဆုတ်နေတာပဲ။ ဒါကြောင့် ငါတို့ကို အကဲစမ်းဖို့ လွှတ်လိုက်တာ"
"မှန်တယ်။ ငါတို့ တိုက်ခိုက်လို့ နိုင်သွားရင် သူတို့ကို ခြောက်နိုင်လောက်မယ်။ အဲ့ဒါဆို ငါတို့ အချိန်နည်းနည်းပိုရမှာ။ ပိုလို့တောင်ကောင်းတာက ငါတို့နိုင်ပြီး သူ့ကို သတ်နိုင်သွားရင်ပဲ။ အဲ့ဒါက အပြီးပြည့်စုံဆုံးဖြစ်လိမ့်မှာ။ နောက်တစ်နည်းက ... ဒီတိုင်းမတိုက်ခိုက်ဘဲ အကာအကွယ်မန္တန်အစီအရင်တွေကို အသက်သွင်းပြီး ငါတို့ကို တိုက်ခိုက်ခွင့်ပေးလိုက်တာပဲ။ ဒုတိယနည်းမှာ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိတယ်။ ပထမနည်းကတော့ အရှင်းဆုံးလမ်းကြောင်းပဲ"
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ တခဏ တိတ်ဆိတ်နေကြသည်။ တစ်ယောက်ကို တစ်ယောက် ကြည့်ကြပြီးနောက်တွင် သူတို့၏အကြည့်သည် ကျီးကင်းထောက်မျိုးနွယ်စု ခေါင်းကိုင်ဖခင်အပေါ် ကျရောက်လာလေပြီ။ မန်ဟိုသည် မဟာမိစ္ဆာသားရဲသခင်တစ်ဦး ဖြစ်လေရာ ကျီးကင်းထောက်မျိုးနွယ်စုကို မဟာမိတ်အဖွဲ့ထဲ၌ မြင့်မားသောနေရာအား ရရှိထားသည်။
"တိုက်ပွဲကနေ အမြဲထွက်ပြေးနေတာက ရန်သူ့ကို ကိုယ့်အားနည်းချက် ပြသလိုက်တာပဲ" သူက ပြောသည်။ "အဆိပ်ငါးသွယ်မျိုးနွယ်စုက မအဘူး ။ တကယ့်အခြေအနေကို မြင်နိုင်မှာပဲ။ ဒါ့ကြောင့် တကယ့်တိုက်ပွဲစရင် ငါတို့ တကယ် အားနည်းနေလိမ့်မယ်။ ဒီတိုက်ပွဲက .... တိုက်ကိုတိုက်ရမှာ။ ပြီးတော့ အဲ့ဒီလူလည်း သေရမယ်။ ငါတို့ လျှပ်စီးလို ထိုးနှက်ပြီး သူ့ကို သုတ်သင်နိုင်ရင် ကြောက်သွားကြမှာပဲ"
ကျီးကင်းထောက်မျိုနွယ်စု ခေါင်းကိုင်ဖခင်၏ မျက်လုံးများတွင် အကြင်နာမဲ့သောအလင်းရောင်တစ်ခု ပေါ်လာသည်။ "တိုက်ကြ"
မဟာမိတ်မျိုးနွယ်စုငါးစု တိုက်ခိုက်ရန် ပြင်တော့မည့်အချိန် အဝေးရှိ တောင်တောင်အတွင်းမှ ဟိန်းဟောက်သံတစ်သံကြားလိုက်ရသည်။ မောင်မွှေးထူက တိရိစ္ဆာန်အသေတစ်ကောင်ကို ပါးစပ်တွင် ခဲလျက် လျှပ်တပြက် ပြေးလာ၏။ မျက်စိတစ်မှိတ်အတွင်း သူသည် ပင့်ကူများပိတ်ထားသော နေရာသို့ ရောက်လာလေပြီ။
မောင်မွှေးထူအနောက်တွင် တိရစ္ဆာန်များအား ခဲ၍ အမြင်ဆုံးအရှိန်ဖြင့် လာနေကြသော သစ်စိမ်းဝံပုလွေများရှိသည်။ သူတို့သည် မကြာခဏ အမဲလိုက်ထွက်လေ့ရှိပြီး အပြင်တွင် ကစား၍ဝပြီဆိုပါက မန်ဟိုတံခါးပိတ်ကျင့်ရာ ခြံဝင်းအပြင်၌ နားရန် ပြန်လာတတ်လေသည်။ ဤအခိုက်အတန့်တွင် သူတို့သည် အပျော်ခရီးမှ ပြန်လာနေကြခြင်းဖြစ်၏။
သူတို့ပေါ်လာခြင်းက အတော်လေး ရုတ်တရက်ဆန်လွန်း၍ ပင့်ကူများအကြား ဝရုန်းသုန်းကားဖြစ်သွားစေသည်။ ဧရာမပင့်ကူကြီး (၃၂) ကောင်မှာမူ သူတို့၏အရှိန်အဝါများကို ရုတ်တရက် ပြန်ရုတ်ပြီး မျက်လုံးကြီးများ၌ အေးစက်သောအကြည့်များ ပေါ်လာသည်။
"ဟင်" ကျိုးရီက အံ့အားသင့်နေသော မျက်နှာထားဖြင့် ဥက္ကာခဲကြီးအတွင်းမှ ထရပ်ရင်း ပြောသည်။ သူသည် တဖျပ်ဖျပ်လက်နေသော မျက်လုံးများဖြင့် မောင်မွှေးထူကို ကြည့်နေ၏။
"အဲ့ဒါ... ဝံပုလွေဘုရင်ပဲ။ ဒါ့အပြင် သန္ဓေပြောင်းထားသေးတယ်။ ကောင်းတယ်။ သိပ်ကောင်းတယ်။ ဒီနေရာမှာ အဲ့ဒီလို ကမ္ဘာသစ်မိစ္ဆာမျိုး တွေ့ရလိမ့်မယ်လို့ ထင်တောင်မထားဘူး။ နောက်ကကောင်တွေက သိပ်အဟုတ်ကြီးမပေမယ့် ဆိုးတော့မဆိုးဘူးပဲ" ကျိုးရီ တစ်ယောက်တည်း ရေရွတ်နေသည့်အချိန်မှာပင် မြေပြင်သည် တသိမ့်သိမ့်တုန်လာပြီ တောအုပ်အတွင်းမှ ဟိန်းသံကြီးတစ်သံ ကြားလိုက်ရသည်။ ထို့နောက် ဘီလူးရိုင်းကြီးက သစ်ပင်များအား တိုးဝှေ့ရင်း ထွက်လာ၏။
၄င်း၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ အဆုံးစွန်ထိ အံ့သြတုန်လှုပ်ဖွယ်ကောင်းပြီး ၄င်းပေါ်လာသည့်အခိုက်အတန့်တွင် ပင့်ကူများမှ ထူးဆန်းသောအော်သံများ ထွက်လာသည်။ ဧရာမပင့်ကူ (၃၂) ကောင်ပင်လျှင် စူးစူးဝါးဝါးအော်ပြီး ခြိမ်းခြောက်သတိပေးနေသောပုံံစံများ ပြုလုပ်နေကြသည်။
"အဲ့ဒါ ... ဘီလူးရိုင်းတစ်ကောင်ပဲ" ကျိုးရီ မျက်လုံးပြူးနေသည်။ "တကယ်ပဲ ဘီလူးရိုင်းတစ်ကောင် ဒီမှာ ရှိနေတာကိုး" သူက မယုံကြည်နိုင်သော မျက်နှာထားဖြင့် ထရပ်လိုက်သည်။ သူ ဘီလူးရိုင်းကြီးကို ကြည့်နေစဥ် သူ၏မျက်လုံးများသည် ရက်သက်မှု၊ လိုချင်တပ်မက်မှုတို့ဖြင့် တောက်ပနေ၏။
"ဒဏ္ဍာရီတွေအရ ဘီလူးရိုင်းတစ်ကောင်ရဲ့သွေးက လျှို့ဝှက်မိစ္ဆာသားရဲသခင်ပညာရပ်တွေရဲ့ ဆန်းကြယ်စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်။ ဒါ့အပြင် ကမ္ဘာသစ်မိစ္ဆာအသားကျွေးရင် အံ့သြစရာကောင်းလောက်အောင် တိုးတက်လာဦးမှာ။ ပိုပြီး အရေးကြီးတာက ငါ ဘီလူးရိုင်းတစ်ကောင်ကို လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်ရင် မျိုးနွယ်စုမှာ ငါ့ရဲ့အဆင့်အတန်းနဲ့ရာထူးက လုံးဝခြားနားသွားလိမ့်မယ်"
ကျီးရီက အားရပါးရရယ်လိုက်သည်။ သူက မျက်လုံးများ တောက်ပနေလျက် ဘီလူးရိုင်းကြီးကို လက်ညှိုးထိုးလိုက်၏။
"အခုချက်ချင်း ဘီလူးရိုင်းကြီးနဲ့ အဲ့ဒီကမ္ဘာသစ်မိစ္ဆာတွေကို ခေါ်လာခဲ့" ယခုတွင် သူသည် သွေးနီစစ်ပွဲကြေညာချက်ကို လုံးလုံးလျားလျား မေ့လျော့သွားလေပြီ။ သူ့စကားလုံးများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ပင့်ကူများက မောင်မွှေးထူနှင့်အဖွဲ့ထံ တဟုန်ထိုးထွက်သွားကြ၏။
ပင့်ကူကြီး (၃၂) ကောင်က ဘီလူးကြီးထံသို့ ပင့်ကူမျှင်များပစ်နေစဥ် ကြောက်စရာကောင်းသောစွမ်းအားများကို ထုတ်လွှတ်နေ၏။ ထို့အပြင် အဆိပ်ငါးသွယ်မျိုးနွယ်ဝင်များလည်း တိုက်ခိုက်ရန် ပျံထွက်သွားကြသည်။
ကျိုးရီမှာမူ မဟာမိတ်မျိုးနွယ်စုငါးစုကို ဂရုမစိုက်ဘဲ သူ၏ဥက္ကာခဲကြီးကို ချက်ချင်း ရှေ့ထွက်သွားစေသည်။
ဤသို့ ဖြစ်ပျက်သောအခါ မဟာမိတ်မျိုးနွယ်စုငါးစုဝင်များအားလုံး အံ့သြသွားကြသည်။ ကျီးကင်းထောက်မျိုးနွယ်စု ခေါင်းကိုင်ဖခင်နှင့် အခြားသူများက ဝမ်းသာအားရဖြစ်နေသော အကြည့်များ ဖလှယ်လိုက်ကြသည်။
"အားလုံးထဲမှာမှ ဒီကောင်ကျိုးရီကတော့ မဟာအကြီးအကဲမန်ကို ရန်စလိုက်တာပဲ"
"ဒီနေ့ ငါတို့ ဘာမှလုပ်စရာမလိုတော့ဘူးထင်တယ်။ ဒီလူကျိုးရီတော့ အဆော်ခံရတော့မယ်"
မောင်မွှေးထူက ခဲထားသည့် တိရိစ္ဆာန်ကို မြိုချပြီးနောက် ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ရုတ်တရက် ပြန့်ကားလာပြီး သူက ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် လာနေသော ပင့်ကူများဆီ ထွက်သွားလေ၏။ မွှေးထူနှစ်နှင့် ကျန်အကောင်များလည်း တစ်ဆက်တည်း ဟိန်းဟောက်လိုက်ကြသည်။ ဘီလူးရိုင်းကြီးက မျက်လုံးပြူးလျက် ဟိန်းဟောက်ကာ တိုက်ခိုက်သည်။
ရုတ်ခြည်း ဟိန်းဟောက်မာန်ဖီသံများ အရပ်မျက်နှာတစ်ခွင်သို့ ပဲ့တင်ထပ်လာသည်။ ပင့်ကူများက မရေမတွက်နိုင်အောင် များပြားသည့်အပြင် ကြောက်မက်ဖွယ်ပင့်ကူကြီး (၃၂) ကောင်လည်း ရှိနေရာ မောင်မွှေးထူ၊ သစ်စိမ်းဝံပုလွေများနှင့် ဘီလူးကြီးတို့အားလုံး အရေးနိမ့်နေ၏။
ပင့်ကူအိမ်ကြီးများက မွှေးထူနှစ်နှင့် အခြားသစ်စိမ်းဝံပုလွေများအပေါ် ကျရောက်လာရာ သူတို့မှာ ရုန်းပင်ရုန်းမရတော့ပေ။ သူတို့ မည်မျှ ဟိန်းဟောက်စေကာမူ ပင့်ကူအိမ်များအား ခါမပစ်နိုင်ဖြစ်နေ၏။
မောင်မွှေးထူက ခေါင်းထောင်ပြီး အားကောင်းသောဟိန်းဟောက်သံကြီးအား ထုတ်လွှတ်လိုက်သည်။ ယခုတွင် အဆင့် ၁၀ ပင့်ကူကြီး၏အာရုံက ဘီလူးရိုင်းကြီးထံ ရောက်လာ၏။ ဧရာမပိုက်ကွန်အကြီးကြီးများဖြင့် ဖုံးလွှမ်းခံရပြီးနောက် ၄င်းက နာကျင်စွာ အော်လိုက်သည်။ မောင်မွှေးထုမှာမူ ဥက္ကာခဲကြီးအတွင်း၌ ထိုင်နေသော ကျိုးရီကို ကြည့်ရင်း မျက်လုံးများ ရဲတွတ်နေ၏။ ထို့နောက် သူက ကျိုးရီထံ ပြေးဝင်သွားသော အဖြူရောင်အလင်းတန်းဖြစ်သွားတော့သည်။
ကျိုးရီက မောင်မွှေးထူချဥ်းကပ်လာသည်ကိုကြည့်ရင်း သူ၏ဥက္ကာခဲအတွင်းတွင် ထိုင်ရယ်နေ၏။ သူက ညာလက်ကို မြှောက်ကာ ရှေ့သို့ ညွှန်လိုက်သည်။
"လျှို့ဝှက်မိစ္ဆာသားရဲသခင်ပညာရပ် ဟင်းလင်းပြင်ဖောက်ခွဲ"
ချက်ချင်းပင် ကျိုးရီ၏အရှေ့တွင် ပင့်ကူကြီးတစ်ကောင်၏ ခပ်ဝါးဝါးပုံရိပ်က မှော်ဆန်ဆန်ပေါ်လာပြီး မောင်မွှေးထူကို ဝင်တိုက်လိုက်၏။
မောင်မွှေးထူမှာ သူ့ကိုယ်ပေါ်ရှိ အမွှေးများ ရုတ်တရက် မီးလောင်သွားသဖြင့် မချိတင်ကဲ အော်လိုက်သည်။ ဤမီးတောက်များက အနက်ရောင်မဟုတ်၊ အမဲရောင်ဖြစ်ပြီး အဆိပ်ရှိသယောင်ပင်။ မောင်မွှေးထူတစ်ကိုယ်လုံး တုန်ရီလာပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သူက ရုတ်တရက် စိတ်ဓာတ်ကျသွားသောပုံစံနှင့် ချာခနဲလှည့်ကာ အဝေးသို့ထွက်သွားတော့သည်။
"မင်းက တော်တော်လေး အသိဉာဏ်ရှိပုံရပေမယ့် အခု ငါ့လျှို့ဝှက်မိစ္ဆာသားရဲသခင်ပညာရပ်ကြောင့် မင်းအဆိပ်မိနေပြီ။ ထွက်ပြေးနိုင်မယ်ထင်နေလား။ ကမ္ဘာသစ်မိစ္ဆာအပြုအမူအပေါ် အခြေခံရင် မင်းသခင်ကို သွားရှာတာဖြစ်မယ်။ သိပ်ကောင်းတယ် ငါ သူ့ကို သတ်ပြီး မင်းနှစ်ယောက်ကြားက ဆက်သွယ်မှုကို ဖြတ်တောက်ပစ်မယ်" ကျိုးရီက တဟားဟား ရယ်ရင်း အင်္ကျီလက်စကို ခါလိုက်ရာ မရေမတွက်နိုင်သော ပင့်ကူများအား မောင်မွှေးထူနောက်သို့ ထပ်ကြပ်မကွာ လိုက်သွားစေသည်။
၄င်းတို့ အနောက်မှ လိုက်နေသော ထိုမြင်ကွင်းက အတော်လေး အထင်ကြီးစရာကောင်းလေသည်။
အနက်ရောင်အရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသဖြင့် မောင်မွှေးထူမှာ မျက်နှာညှိုးနေ၏။ သူသာ မိစ္ဆာအားဖြည့်ဆေးလုံးအစစ်ကို မစားခဲ့လျှင် စောစောက သွေးအိုင်ဘဝရောက်သွားပေလိမ့်မည်။ ယခုအချိန်တွင် သူ့ကိုယ်မှာ တုန်ရီနေပြီး ငြီးတွားသံများပြုကာ လေကိုခွင်း၍သွားနေ၏။ တောင်ကို ပတ်ပြီးနောက်တွင် ပြီးခဲ့သည့်တစ်လလုံး မြူများအုံ့ဆိုင်းနေခဲ့သော နေရာအနားရောက်လာသည်။
ဂုလာလည်း တင်ပျဥ်ခွေထိုင်နေ၏။ သူက ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ ဖြစ်ပျက်နေသောအရာကို မြင်လိုက်သည်။ သူ့မျက်နှာ ကွက်ခနဲ ပျက်သွား၏။
မောင်မွှေးထူမှာ ပင့်ကူအုပ်ကြီး သူ့အနားကပ်လာသဖြင့် မျက်ဝန်းများ၌ ပူဆွေးသောကများ ပြည့်နှက်နေလျက် ဆောက်တည်ရာမဲ့စွာ တအီးအီးအော်နေတော့သည်။
ကြောက်မက်ဖွယ်ဟိန်းဟောက်သံကြီး ပဲ့တင်ထပ်သွားသည့်အခိုက်အတန့်မှာပင် မြူအတွင်းရှိ ခြံထဲ၌ တင်ပျဥ်ခွေထိုင်နေသာ မန်ဟို၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။
တစ်ချိန်တည်းမှာပင် မြူအတွင်းရှိ ထောင်ပေါင်းများစွာသော မျက်လုံးများလည်း ပွင့်လာကြ၏။
ထိုအုပ်စုထဲ၌ ရင်သပ်ရှုမောဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေသာ မျက်ဝန်းဆယ်စုံကျော် ရှိလေသည်။
***