← Chapters

မောင်မွှေးထူ တိုင်တန်းခြင်း

Vol. 31 Ch. 435

မောင်မွှေးထူ တိုင်တန်းခြင်း

Vol. 31 Ch. 435

"ဒါက မင်းသခင် နေတဲ့နေရာပေါ့" ကျိုးရီက သူ၏ဥက္ကာခဲကြီးအတွင်းမှ တည်ငြိမ်စွာ ပြုံးရင်း ပြောသည်။ သူ၏အမူအရာသည် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါတိုင်းမှာ သူ့အတွက် အင်းဆက်ပိုးမွှားတစ်ကောင်ထက် မပိုသည့်အပြင် သူ၏စိတ်ဝင်စားမှုအား ဖမ်းစားနိုင်သော အရာအနည်းအကျဥ်းသာ ရှိသကဲ့သို့ အတိုင်းထက်အလွန် မောက်မာနေ၏။

သူ့မျက်လုံးများက ဂုလာဆီ ရောက်လာသည်။

"အဆင့် (၇) မိစ္ဆာသားရဲသခင်။ ဒါက မင်းသခင် ဖြစ်မယ်ထင်တယ်" ကျိုးရီက လူယုတ်မာအပြုံးဖြင့် သေအံဆဲဆဲဖြစ်နေသော ဝံပုလွေဖြူအနား ရောက်လာပြီး ခေါင်းခါလိုက်သည်။

ပင့်ကူတစ်သောင်းကျော်က သူ့ကို လှည့်ပတ်၍ ခြံရံလျက်ရှိပြီး ကောင်းကင်ကိုပင် ပိတ်ဖုံးကွယ်နေ၏။ အထူးသဖြင့် အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်နှင့် ညီမျှသော လှိုင်းများ ဆက်လက်ထုတ်လွှတ်နေသည့် ဧရာမပင့်ကူကြီး (၃၂) ကောင်မှ အံ့သြတုန်လှုပ်ဖွယ် အရှိန်အဝါတစ်ခု ဖြာထွက်လာသည်။

ဂုလာမှာ အဆိုပါမြင်ကွင်းကို ကြည့်ရင်း အသက်ရှူသံများ မြန်လာတော့၏။ သူ၏ မျက်လုံးများ ကျိုးရီအပေါ်ကျရောက်သောအခါ သူ့မှာ ပါးစပ်အဟောင်းဖြစ်သွားသည်။ ထိုလူ့ထံမှ ထုတ်လွှတ်နေသော ဖိအားအပေါ်အခြေခံ၍ မဟာမိစ္ဆာသားရဲသခင်မဟုတ်လျှင် သေချာပေါက် အဆင့် (၉) မိစ္ဆာသားရဲသခင်ဖြစ်လိမ့်မည်။

"ငါ့ခြေဖျားတောင် မမှီတဲ့ အဆင့် (၇) မိစ္ဆာသားရဲသခင်နဲ့ နေနေရတယ်လို့" ကျိုးရီက အထင်သေးနေသော မျက်လုံးများဖြင့် ပြောသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ မီတာသုံးရာအရွယ် ဧရာမပင့်ကူတစ်ကောင်က ဂုလာဆီ ပျံထွက်သွားပြီး အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်လျက် ချဥ်းကပ်လာ၏။

"အရင်ဆုံး မင်းသခင်ကို ရှင်းမယ်" ကျိုးရီက အေးတိအေးစက်ပြောသည်။ "ပြီးရင် သူ့သွေးကိုသုံးပြီး မင်းတို့ကြားက ဆက်သွယ်မှုကို ဖျက်စီးပစ်မယ်။ အခုကစပြီး မင်းက ငါနဲ့အတူနေရတော့မှာ"

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားဥ် မီတာသုံးရာအရွယ် ပင့်ကူကြီးက ဂုလာအပေါ် ကျရောက်သွား၏။ ထိုစဥ် ....

မြူအတွင်းမှ အေးစက်စက်နှာမှုတ်သံတစ်သံ ရုတ်တရက် ထွက်လာသည်။ ၄င်းသည် စစချင်း ခပ်တိုးတိုးသာ ဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်း မိုးခြိမ်းကြီးသဖွယ် ဖြစ်လာ၏။ ထို့နောက် မမြင်နိုင်သော လှိုင်းများက လာနေသောပင့်ကူကြီးကို တိုက်သွားသည်။

အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်နှင့်ညီမျှသော စွမ်းအားပိုင်ရှင် ဤဧရာမပင့်ကူကြီးမှာ ချက်ချင်း တုန်ရီလာသည်။ ၄င်းက နာနာကျင်ကျင်အော်ပြီးနောက် နောက်ဆုတ်သွား၏။ သို့သော် ၄င်း မီတာအနည်းငယ်သာ ရွေ့လျားရသေးသည်၊ ၄င်း၏ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားလေပြီ။

ရိုးရိုးတန်းတန်း နှာမှုတ်သံလေးက မီတာသုံးရာအရွယ် ပင့်ကူကြီးကို တစစီဖြစ်သွားစေသည်။ ကျိုးရီ၏ မျက်နှာထားမှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်၍ လုံးဝပြောင်းလဲသွား၏။

တစ်ချိန်တည်းမှာပင် တထောင်းထောင်းထနေသော မြူများအတွင်းမှ လမ်းလျှောက်ထွက်လာနေသော မန်ဟို့၏ပုံရိပ်ကား တစတစ မြင်သာလာသည်။ သူ့​ခြေလှမ်းက နှေးသော်လည်း သူလမ်းလျှောက်လာနေစဥ် မြူများသည် ဖွေးဖွေးလှုပ်နေရာ သူသည် မြူခြုံထည်ကို လွှမ်းခြုံထားသည့်ပမာ ဖြစ်နေသည်။ သူ၏ အားကောင်းသော အရှိန်အဝါသည် အထက်​ကောင်းကင်ယံသို့တိုင် ရိုက်ခတ်နေ၏။

အရုပ်ဆေးမင်ကြောင်နှစ်ခု ရရှိပြီးနောက် မန်ဟို့၏ ကျင့်ကြံခြင်းအခြေခံသည် အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်နှင့် ယှဥ်နိုင်သည်အထိ အစွမ်းထက်သော်လည်း နှာမှုတ်သံလေးတစ်ချက်နှင့် အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်ကို သတ်နိုင်လောက်သည်အထိတော့ အစွမ်းမထက်ပေ။ ကံဆိုးစွာနှင့် ပင့်ကူမှာမူ ကျင့်ကြံသူမဟုတ်ဘဲ ကမ္ဘာသစ်မိစ္ဆာတစ်ကောင်ဖြစ်၏။

မိစ္ဆာချုပ်နှောင်သူတစ်ဦးအနေနှင့် မန်ဟိုသည် ကမ္ဘာသစ်မိစ္ဆာများအပေါ် ဖိအား အလိုလို သက်ရောက်စေနိုင်၏။ ဤသည်မှာ သိုလှောင်အိတ်ထဲရှိ ကမ္ဘာသစ်မိစ္ဆာအားလုံးကို ထိန်းချုပ်နေသော ပြီးခဲ့သည့်လအတွင်း ကျွမ်းကျင်တတ်မြောက်လာခဲ့သော ပညာရပ်တစ်ခုဖြစ်သည်။

မန်ဟိုက ၄င်းကို ... မိစ္ဆာဖိအား ဟုခေါ်သည်။

ယခုတွင် မန်ဟိုသည် မိစ္ဆာဖိအား အသုံးပြုနိုင်ပြီဖြစ်၍ မဟာမိစ္ဆာသားရဲသခင်အဖြစ် နာမည်သက်သက်သာ ရှိတော့သည်မဟုတ်ပေ။

သူ လမ်းလျှောက်ထွက်လာစဥ် ကျိုးရီ၏မျက်နှာ ထပ်မံ ရိပ်ခနဲ ဖြစ်သွားသည်။ သူ့မှာ စဥ်းပင်မစဥ်းစားမိဘဲ နောက်သို့ ဆုတ်လိုက်၏။ သူ့ပတ်ပတ်လည်ရှိ ပင့်ကူတစ်သောင်းမှာ စတင်တုန်ရီလာသည်။ ၄င်းတို့အတွက် မန်ဟိုက တစ်ကမ္ဘာလုံးတွင် အင်အားအကြီးဆုံး ကမ္ဘာသစ်မိစ္ဆာတစ်ကောင်အတိုင်းပင်။ တချို့မှာ တုန်ရီနေသည့်အပြင် မချိတင်ကဲ အော်သံများလည်း ထုတ်လွှတ်နေကြ၏။

"မဟာမိစ္ဆာသားရဲသခင်" ကျိုးရီမှာ သူ့ပတ်ပတ်လည်ရှိ ကမ္ဘာသစ်မိစ္ဆာများ၏တုံ့ပြန်ပုံကို ကြည့်ပြီး ဟောဟဲလှိုက်နေ၏။ သူ့စိတ်ထဲတွင် သူ၏မျိုးနွယ်စုရှိ မဟာမိစ္ဆာသားရဲသခင်များနှင့် တွေ့ဆုံသည့်အချိန်မှသာ ကြုံတွေ့ရသော ခံစားချက်တစ်ခုက လွှမ်းမိုးနေလေပြီ။

မျက်စိမျက်နှာပျက်နေသည့်တိုင် ကျိုးရီက မာမာထန်ထန် ပြောသည်။ "ဆိုတော့ မင်းက မဟာမိစ္ဆာသားရဲသခင်ပေါ့လေ။ မင်းမှာ ကမ္ဘာသစ်မိစ္ဆာ ဘယ်လောက်ရှိ....."

သူ့စကားပင် မဆုံးသေးခင် မန်ဟို့အနောက် ရှိ အနက်ရောင်မြူထုအတွင်းမှ တဝီဝီမြည်သံများကြားလိုက်ရပြီး အစိမ်းရောင်ခြင်တစ်ထောင်နီးပါး ပေါ်လာ၏။

ခြင်တစ်ကောင်စီသည် မီတာသုံးရာခန့် ရှည်လျားပြီး ချွန်ထက်သော နှာမောင်းများရှိ၏။ ၄င်းတို့၏ခန္ဓာကိုယ်များမှာ အမွှေးအမျှင်များဖုံးနေပြီး ရက်စက်ကြမ်းကြုတ်သော အသွင်များဖြင့် ကောင်းကင်ကို ပိတ်ကွယ်ထားကြသည်။

"မိစ္ဆာခြင်" ကျိုးရီက မျက်လုံးအပြူးသားနှင့် ပင့်သက်ရှိုက်သွားသည်။ ထိုကဲ့သို့သတ္တဝါများသည် အနောက်ပိုင်းသဲကန္တာရတွင် ရှားပါး၏။ ကျိုးရီ တစ်ဘဝလုံးတွင်မှ စုစုပေါင်းဆယ်ကောင်သာ မြင်ခဲ့ဖူးသည်။ အဆိုပါခြင်ကြီးများသည် ၄င်းတို့ထက် အဆပေါင်းများစွာ ကြီးမားသော သတ္တဝါကြီးများ၏ သွေးကို ကြောက်စရာ​ကောင်းလောက်အောင် စုပ်ယူနိုင်စွမ်းရှိသည်သာမက အဆိပ်လည်းရှိလေသည်။

အမှန်တကယ်ဆိုရလျှင် ၄င်းတို့၏အဆိပ်က အဆိပ်မဟုတ်ဘဲ ပုလိပ်ရောဂါဖြစ်သည်။

ဤမိစ္ဆာခြင်များမှာ မယုံနိုင်လောက်အောင် အစွမ်းထက်သည်ဖြစ်ရာ အကောင်တစ်ထောင်ကျော်ရှိနေခြင်းက ကျိုးရီကို အသက်ပြင်းပြင်းရှူမိသွားစေ၏။

တစ်ဆက်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ပင့်ကူကြီးများမှာ စူးစူးဝါးဝါးအော်ဟစ်ပြီး တချို့ဆိုလျှင် ​မြေတွင် ဝပ်စင်းရင်း တုပ်တုပ်မှမလှုပ်ရဲကြပေ။

မိစ္ဆာခြင်များ၏အနောက်တွင် အနက်ရောင်အလင်းပေါ်လာသည်။ အနက်ရောင်အလင်းထဲတွင် လေကိုခွင်း၍ ပျံသန်းလာနေကြသော ကျီးနက်များ မရေမတွက်နိုင်အောင်ပါရှိသည်။ ၄င်းတို့၏မျက်လုံးများက ​နီရဲနေသောအလင်းကို ထုတ်လွှတ်နေ၏။

"အဲ့ အဲ့ဒါ.... မိစ္ဆာကျီးတွေပဲ" ကျိုးရီ၏ဦးနှောက်မှာ နောက်တစ်ဖန် ဝီခေါ်သွားပြန်လေပြီ။ ဤကဲ့သို့ကျီးများမှာ အနောက်ပိုင်းသဲကန္တာရတွင် တွေ့လေတွေ့ထမရှိပေ။ ကြောက်စရာအကောင်းဆုံးကတော့ ၄င်းတို့နှင့်ပတ်သက်သည့် ဒဏ္ဍာရီများပင်။ ဤမိစ္ဆာကျီးများက သေခြင်းနှင့် တစ်ခုခုပတ်သက်နေပုံပေါ်သည်။ ပုံပြင်ဇာတ်လမ်းများအရ .... ၄င်းတို့က လူသေများကို အသက်ပြန်သွင်းနိုင်သည်ဟူ၍။

ယခုတွင် ကျိုးရီဘေးရှိ ပင့်ကူတချို့မှာ သူ့အမိန့်မှန်သမျှကို ဖီဆန်နေလေပြီ။ ၄င်းတို့က တုပ်တုပ်မှ မလှုပ်ရဲဘဲ ​မြေကြီးပေါ်တွင် ဝပ်စင်းနေကြသည်။

ထို့နောက် ပို၍ပင်များပြားသော ကမ္ဘာသစ်မိစ္ဆာများ မန်ဟို့အနောက်တွင် ပေါ်လာ၏။ တစ်ကောင်စီသည် ကျိုးရီ၏အမူအရာကို ရိပ်ခနဲရိပ်ခနဲ ဖြစ်နေစေတော့သည်။ မိကျောင်းနီကြီး ပေါ်လာသောအခါ ကျိုးရီ ပါးစပ်ကြီးပြဲသွားပြီး အလွန်အမင်းအံ့သြသွား၏။

"မီးဟပ်မိစ္ဆာမိကျောင်း။ အဲ့ဒါ ... ရှေးခေတ်က ကမ္ဘာသစ်မိစ္ဆာတစ်​ကောင်ဖြစ်တဲ့ မီးဟပ်မိစ္ဆာမိ​ကျောင်းပဲ။ မီးတောင်တွေရဲ့ အနက်ပိုင်းထဲမှာ အဆင့် (၈) အဖြစ် မွေးဖွားလာကြတာ"

ထို့နောက် ဧရာမပုတ်သင်ကြီးက တွားသွားထွက်လာသည်။ ၄င်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် နွားအော်သံကဲ့သို့ အော်လိုက်ရာ အနက်ရောင်မြူများစုစည်းလာပြီး ၄င်း၏ပါးစပ်အတွင်းသို့ စုပ်ယူခံလိုက်ရ၏။

"အဲ့ဒါ ...အဲ့ဒါ .. ရှေးကမ္ဘာသစ်မိစ္ဆာနောက်တစ်ကောင်၊ ကောင်းကင်ဖျက်စီးပုတ်သင်ကြီး" ကျိုးရီ၏ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။ ဤအခိုက်အတန့်တွင် ပင့်ကူတစ်ကောင်မကျန် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြလေပြီ။ မီတာသုံးရာအရွယ်ပင့်ကူကြီးများပင် တုန်ရီနေကြပြီး ဝပ်စင်းကာ တုပ်တုပ်မှ မလှုပ်ရဲကြပေ။

"ဘယ်... ဘယ်သူ့ကို ငါရန်သွားစမိတာတုန်း..... ဒီလောက်များတဲ့ ကမ္ဘာသစ်မိစ္ဆာတွေနဲ့ မဟာမိစ္ဆာသားရဲသခင်တဲ့လား.... သေလိုက်ပါတော့ မျိုးနွယ်စုက မဟာမိစ္ဆာသားရဲသခင်တွေတောင်မှ ဒီ​ကောင်ကြီးတွေနဲ့ ယှဥ်နိုင်တဲ့ ကမ္ဘာသစ်မိစ္ဆာတွေ မရှိဘူး"

ကျိုးရီက မျက်နှာဖြူဖပ်ဖြူလျော်နှင့်ပြောသည်။ "ဆရာကြီး....."

သူ့စကားမဆုံးခင် မန်ဟို့က ခံစားချက်မဲ့သော မျက်နှာထားဖြင့် မောင်မွှေးထူ၏ ဘေးသို့ လျှပ်တပြက် ရောက်သွား၏။

သူသည် ကျိုးရီကို အဖက်မလုပ်ဘဲ ဆောင့်ကြောင့်ထိုင်ကာ မောင်မွှေးထူ၏ကျောကို အသာအယာလေးပုတ်လိုက်သည်။ သူထို့သို့လုပ်လိုက်သည်နှင့် အဆိပ်ကား လုံးဝပျောက်ကွယ်သွား၏။ အသက်ရှိုက်စာအနည်းငယ်ကြာသော် မောင်မွှေးထူသည် အ​ကောင်းပကတိ ပြန်ဖြစ်သွားလေသည်။ သူက ထရပ်ပြီး သူ၏ခေါင်းအကြီးကြီးနှင့် မန်ဟို့ကို တိုးဝှေ့ကာ ပျော်ရွှင်နေသောအသံလေးဖြင့် အော်နေသည်။

"နားလည်ပြီ" မန်ဟိုက ခေါင်းညိတ်ရင်း ပြောသည်။ ထို့နောက် သူက လက်ညှိုးထိုးလိုက်ရာ အနီးနားရှိ မီတာသုံးရာအရွယ် ပင့်ကူတစ်ကောင်ကို ပေါက်ကွဲသွားစေ၏။ ထို့နောက် နောက်တစ်ကောင်ကို လက်ညှိုးထိုးလိုက်သည်။ ၄င်းလည်း ပေါက်ကွဲသွား၏။

မန်ဟိုသည် မီတာသုံးရာအရွယ်ပင့်ကူကြီး တ​စ်ကောင်ပြီးတစ်​​ကောင် သုတ်သင်နေလေသည်။ ထိုအကောင်များက မောင်မွှေးထူကို ဒဏ်ရာရစေခဲ့သော အကောင်များပင်။ ယခုတော့ ၄င်းတို့မှာ လေယူရာမျောလွင့်သွားသော ပြာများထက် မပိုတော့ပေ။

"ထပ်ရှိသေးလား" မန်ဟိုက မောင်မွှေးထုကို ကြည့်ရင်းပြောသည်။ မောင်မွှေးထူက ခေါင်းညိတ်ပြီး တအီအီအော်သည်။

ဤအခြင်းအရာကိုမြင်သော် ကျိုးရီ ခေါင်းနပန်းကြီးသွား၏။ သူ့မှာ ယခုတော့ သေးထွက်ကျမတတ် ​ကြောက်နေချေပြီ။

"ငါက အဆိပ်ငါးသွယ်မျိုးနွယ်စုက...ငါ... " သူစကားစပြောသည့်အချိန်မှာပင် မန်ဟိုက သူ့ကို လှမ်းကြည့်သည်။

မန်ဟိုသည် ​ရှေ့သို့လှမ်းလာပြီး မျက်စိတစ်မှိတ်အတွင်း ကျိုးရီ၏ဥက္ကာခဲကြီး အရှေ့တည့်တည့်သို့ ရောက်လာ​၏။ သူက ၄င်းအား လှမ်းပြီး ဖွဖွလေး ရိုက်ချလိုက်သည်။

ချလိုက်သံက ဒုန်းခနဲ မြည်ဟည်းသွားသည်။ ဥက္ကာခဲကြီးမှာ နောက်သို့လွင့်ထွက်သွားပြီး အက်သံများ ထွက်လာသည်။ အက်ကွဲကြောင်းကြီးများက ၄င်း၏မျက်နှာပြင်ကို ဖုံးလွှမ်းသွား၏။ ၄င်းသည် အစိတ်စိတ်အမြွှာမြွှာ မဖြစ်သွားသော်လည်း လက်ဝါးရာကြီးအား မျက်နှာပြင်ပေါ်တွင် ပြတ်ပြတ်သားသား မြင်နေရ၏။

"ဟမ့်" မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် နှာမှုတ်လိုက်သည်။

ကျိုးရီ၏ စိတ်မှာ ချာချာလည်နေပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သူ့မျက်လုံးများမှာ အံ့သြမယုံနိုင်မှုတို့ဖြင့် ပြည့်နှက်နေလေပြီ။ ဤဥက္ကာခဲကြီးသည် မျိုးနွယ်စုရှိ မိစ္ဆာသားရဲသခင်များ၏ အဖိုးထိုက်ရတနာတစ်ပါး ဖြစ်၏။ အနောက်ပိုင်းသဲကန္တာရ၏ မိစ္ဆာသားရဲသခင်များသည် ကမ္ဘာသစ်မိစ္ဆာအမြောက်အမြားကို ထိန်းချုပ်နိုင်ခြင်းကြောင့် အစွမ်းထက်သယောင်ရှိသော်လည်း အားနည်းချက်အကြီးကြီးတစ်ခုရှိသည်။

ထိုအားနည်းချက်က မိစ္ဆာသားရဲသခင်များ၌ စွမ်းအားမြင့်ကျင့်ကြံခြင်းအခြေခံမရှိကြခြင်းပင်။

ထိုအားနည်းချက်ကြောင့် အလွယ်တကူအသတ်ခံရနိုင်သည်။ ထိုအကြောင်း​ကြောင့်ပင် အနောက်ပိုင်းသဲကန္တာရ၏ မိစ္ဆာသားရဲသခင်များမှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လိုအပ်လေသည်။ ဤဥက္ကာခဲကြီးသည် အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်မှ ထိုးနှက်ချက်ကို အထိအခိုက်မရှိ တောင့်ခံနိုင်၏။

သို့သော် .... ယခုလေးတင် သူ၏အဖိုးထိုက်ရတနာ အက်ကွဲသွားခဲ့သည်ကို ကျိုးရီ ရှင်းရှင်းလင်းလင်း အာရုံရလိုက်လေပြီ။ ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာရှိသည်။ ဤမဟာမိစ္ဆာသားရဲသခင်တွင် အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့် ရှိပေလိမ့်မည်။

"ငါ့မျိုးနွယ်စုက မဟာမိစ္ဆာသားရဲသခင်တွေတောင် အမြုတေဖြစ်တည်မှုမဟာစက်ဝန်းအဆင့်မှာပဲ ရှိတာ။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံခြင်းအခြေခံနဲ့ မဟာမိစ္ဆာသားရဲသခင်တွေက ... မရှိသလောက်ကိုပဲ။ အနောက်ပိုင်းသဲကန္တာရမှာ ရှားပါးပြီးတော့ သူတို့ရဲ့ လျှို့ဝှက်မိစ္ဆာသားရဲသခင်ပညာရပ်တွေက စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကမ္ဘာသစ်မိစ္ဆာတွေကိုတောင် ဆင့်ခေါ်နိုင်တယ်" ကျိုးရီ ကြောက်ဒူးတုန်နေလေပြီ။ သူက စူးစူးဝါးဝါးအော်ဟစ်ရင်း ဥက္ကာခဲကြီးကို ပို၍မြန်အောင် တွန်းသည်။ သိသာစွာပင် သူကား ထွက်ပြေးရန် ကြံစည်နေ၏။

ဤအခိုက်အတန့်တွင် အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်များအပါအဝင် မဟာမိတ်မျိုးနွယ်စုငါးစုမှ အဖွဲ့ဝင်များ အခင်းဖြစ်ရာသို့ ရောက်လာကြသည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူတို့ကို မှင်သက်သွားစေ၏။ မန်ဟိုက အစွမ်းထက်ကြောင်း သူတို့သိ၍ လိုအပ်လျှင် သူတို့အကုန်ပေါင်းပြီး သူ့ကို ထိန်းနိုင်မည်ဟု ထင်ထားခဲ့သည်။ ယခုတွင် စောစောက သူတို့ ဝင်ရောက်မလှုပ်ရှားခြင်းက ဝံပုလွေဖြူနှင့် ဘီလူးရိုင်းကြီးကို ထိခိုက်စေခဲ့ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်စိမျက်နှာပျက်သွားကြပြီး ခံစားချက်မကောင်းတော့ပေ။

သူတို့ မည်သို့လှုပ်ရှားရမည်လဲ တွေးပင်မတွေးရသေးမီ မန်ဟို့၏ခန္ဓာကိုယ်က ကျိုးရီဆီ ပြေးထွက်သွား၏။ သူ၏ညာလက်က လက်သီးဆုပ်ပြီး ထိုးချလိုက်သည်။ အုန်းခနဲ မြည်ဟည်းသွားပြီး ဥက္ကာခဲကြီး၏မျက်နှာပြင်ပေါ်တွင် အက်ရာများပိုများလာ၏။

"စီနီယာကြီး၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါခင်ဗျာ။ ဆရာကြီး၊ အကုန်လုံးက မတော်တဆပါ နားလည်မှုလေးလွဲတာပါနော်...."

မန်ဟိုက သုံးကြိမ်ဆက်တိုက် လက်သီးဖြင့် ထိုးချလိုက်သဖြင့် ချောက်ချားဖွယ်ကောင်းသော တအုန်းအုန်း မြည်သံကြီးများက လေတွင် ပြည့်နှက်သွား၏။ နောက်ဆုံးတွင် အက်ကွဲသံတစ်သံကြားလိုက်ရကာ ဥက္ကာခဲကြီးကား အစိတ်စိတ်အမြွှာမြွှာ ပြိုကျလာသည်။ ကျိုးရီမှာ ဖြူဖပ်ဖြူလျော်နှင့် ထွက်မ​ပြေးနိုင်တော့ပေ။ မန်ဟိုက သူ့ကို ဂုတ်မှ လှမ်းဆွဲလိုက်၏။

သူက မောင်မွှေးထူကို ပြန်ကြည့်ပြီး ​မေးသည်။ "ဒီလက်လား"

မောင်မွှေးထူက သူသည်းခံခဲ့ရသော အရှက်ကွဲမှုကို ပြန်သတိရလိုက်သဖြင့် တအီအီအော်ရင်း ခေါင်းညိတ်လိုက်သည်။

မန်ဟိုက ခေါင်းညိတ်ပြီးနောက် ကျိုးရီ၏လက်မောင်းကို ခန္ဓာကိုယ်မှ ဆွဲ​ဖြုတ်ပစ်ပြီး သွေးသားမြူတိမ် ဖြစ်သွားစေသည်။ ကျိုးရီ၏ ငယ်သံပါအောင် အော်သံကြီးကား ပဲ့တင်ထပ်နေတော့၏။ လေလယ်တွင် ရပ်နေစဥ် မန်ဟို၏မျက်နှာထားမှာ ပြောင်းလဲခြင်းမရှိပေ။ သူက ကျိုးရီကို လွှတ်ပေးတော့မည့်အချိန် ဘီလူးရိုင်းကြီး၊ မွှေးထူနှစ်နှင့် အခြားကောင်များ ပင့်ကူအိမ်များအောက်တွင် ပိတ်မိပြီး ဒဏ်ရာရထားသည်ကို ရုတ်တရက် သတိထားမိလိုက်၏။

ဤအခြင်းအရာကို မြင်သော် သူ့မျက်ဝန်းများ သွေးအေးသွားသည်။ သူက ရုတ်တရက် လက်သီးဆုပ်လိုက်၏။ ကျိုးရီကား ဇက်ကျိုးပြီး မျက်လုံးပြူးလျက် အသက်ထွက်သွားလေပြီ။

မန်ဟိုက ကျိုးရီကို လွှတ်ပေးပြီးနောက် မဟာမိတ်မျိုးနွယ်စုငါးစု၏ အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်များကို မျက်နှာချင်းဆိုင်လိုက်သည်။

"ကဲ မင်္ဂလာပါ" သူက ပြောသည်။

***

All Chapters