စိတ်ရင်းအမှန်
Vol. 32 Ch. 436
မန်ဟိုက စကားလည်းပြော၊ ညာလက်ကိုလည်း ဝှေ့ယမ်းလိုက်ကာ လေပြင်းတစ်ချက်အား မြေပြင်တစ်လျှောက် ဖြတ်တိုက်သွားစေသည်။ ဘီလူးရိုင်းကြီး၊ မွှေးထူနှစ်နှင့် အပေါင်းအပါများကို ပိတ်လှောင်ထားသည့် ပင့်ကူအိမ်များ ပြာကျသွားလေပြီ။ လွတ်မြောက်သွားသည်နှင့် ဘီလူးရိုင်းကြီးက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။
ယင်းက မန်ဟိုနှင့်သက်ဆိုင်သော ကမ္ဘာသစ်မိစ္ဆာအားလုံံးကို စတင်ဟိန်းဟောက်ကြစေသည်။ တောင်အနောက်ပိုင်းဒေသတွင် ကျန်ရစ်ခဲ့သော ပင့်ကူများအားလုံး မြေကြီးပေါ်တွင် ဝပ်စင်းပြီး ခေါင်းပင် မထောင်ရဲကြတော့ပေ။
ဤအခိုက်အတန့်တွင် မန်ဟိုသည် မဟာမိတ်မျိုးနွယ်စုငါးစု၏အပေါ်ထက် လေလယ်၌ ရပ်နေစဥ် သူ၏ ကြီးမားသောခွန်းအားကား ကောင်းကင်သို့တိုင် တလိပ်လိပ်ရိုက်ခတ်လျက်ရှိ၏။
သူ၏ခွန်အားကို ရင်ဆိုင်၍ သူ၏စကားများအား ကြားရသောအခါ ခေါင်းကိုင်ဖခင်၊ နတ်ဆရာကြီးများနှင့် အကြီးအကဲတို့အားလုံး စိတ်ထဲတွင် တုန်လှုပ်နေကြတော့သည်။ သူတို့မှာ တစ်ချက်တစ်ချက် အသက်မနည်း လူရှူနေရ၏။ ဤမဟာအကြီးအကဲမန်၏ခွန်အားမှာ သူတို့ထင်ထားသည်ထက် အများကြီးသာလေသည်။ ထိုမျှသာမက သူ့တွင် သည်လောက် ကမ္ဘာသစ်မိစ္ဆာအများကြီး ဘဟ်အချိန်က ရှိသွားသည်လဲ မတွေးတတ်တော့ပေ။
ဤကမ္ဘာသစ်မိစ္ဆာအုပ်မှာ အရေအတွက်များသည်သာမက ရင်းနှီးနေသယောင်ပင်။ နီးနီးကပ်ကပ်ကြည့်လိုက်သည့်အခါတွင်တော့ ဤအကောင်များမှာ ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေမှ ကမ္ဘာသစ်မိစ္ဆာများဖြစ်ကြောင်း တွေ့ လိုက်ရ၏။
"မဟာအကြီးအကဲမန် .... " ကျီးကင်းထောက်မျိုးနွယ်စုခေါင်းကိုင်ဖခင်က ခပ်ယဲ့ယဲ့ပြုံးရင်း ပြောသည်။ သူစကားဆုံးအောင် မပြောနိုင်မီ မန်ဟိုက မြေပြင်ကို လက်ညှိုးထိုးကာ ခြေထောက်အောက်ရှိ မြေကြီးထံမှ မိစ္ဆာချီများ မျောလွင့်တက်လာစေသည်။
မိစ္ဆာချီပေါ်ပေါက်လာခြင်းက ကမ္ဘာသစ်မိစ္ဆအုပ်၏ ဟိန်းဟောက်သံများကို ပို၍ကျယ်လောင်လာစေ၏။ အထူးသဖြင့် ပင့်ကူတစ်သောင်းကျော်ပင်။ ယခုတွင် ၄င်းတို့ကား ဖိနှိပ်မခံရတော့ပေ။ ထိုအစား မန်ဟို့၏မိစ္ဆာချီက ၄င်းတို့ထံသို့ မယုံကြည်နိုင်ဖွယ် ဆွဲအားများ ထုတ်လွှတ်လိုက်၏။ မီတာသုံးရာအရွယ်ပင့်ကူ အကောင်နှစ်ဆယ်ကျော်က ရှေ့မှ ဦးဆောင်ရင်း မန်ဟို့ဆီ ပျံသန်းလာကာ အညံ့ခံသောမျက်နှာအမူအရာများဖြင့် သူ့ကို လှည့်ပတ်၍ ကောင်းကင်အပြည့် နေရာယူလိုက်ကြသည်။
မန်ဟို လေတွင် ပျံဝဲနေစဥ် အရေအတွက်အားဖြင့် နှစ်သောင်းခန့်ရှိသော ကမ္ဘာသစ်မိစ္ဆာအုပ်ကြီးတစ်အုပ်က သူ့ကို ခြံရံလျက် ရှိချေသည်။ ၄င်းတို့က အဆက်မပြတ် ဟိန်းဟောက်နေပြီး ၄င်းတို့၏အရှိန်အဝါများသည် ကောင်းကင်ယံအထိ တလိပ်လိပ် မြင့်တက်နေတော့သည်။ မန်ဟိုက ဒေါသထွက်နေပုံမပေါ်သည့်တိုင် စွမ်းအားလှိုင်းများ ထုတ်လွှတ်နေ၏။ သူ၏ မဟာမိစ္ဆာသားရဲသခင်အရှိန်အဝါတချို့ ရုတ်တရက် ပေါက်ကွဲထွက်လာကာ အနီအနားရှိ အရာအားလုံးကို တုန်ခါနေစေလေသည်။
ကျီးကင်းထောက်မျိုးနွယ်စု ခေါင်းကိုင်ဖခင်မှာ စကားဆက်မပြောနိုင်တော့ဘဲ ပင့်သက်ရှိုက်မိသွားသည်။ မျိုးနွယ်စုငါးစုမှ အခြားအနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်များလည်း မျက်နှာပျက်သွားကြ၏။ ဤအခိုက်အတန့်တွင် မန်ဟိုသည် ကျိုးရီထက် အဆပေါင်းများစွာ အစွမ်းထက်နေပြီဖြစ်သည်။
"တာအိုရောင်ရင်းတို့" မန်ဟိုက ခပ်ပြတ်ပြတ်ပြောသည်။ "ကျုပ် ခင်ဗျားတို့ မျိုးနွယ်စုက ရောက်လာကတည်းက စည်းကမ်းတွေကို လိုက်နာခဲ့တယ်။ ဘယ်သူ့ကိုမှ အတိုက်အခံမလုပ်ခဲ့သလို ဘယ်ဥပဒေကိုမှလည်း မချိုးဖောက်ခဲ့ဘူး။ ဒါကြောင့်မလို့ ကျုပ်ရဲ့ ကမ္ဘာသစ်မိစ္ဆာတွေ အဖမ်းခံရတဲ့အချိန်မှာ တားတောင်မတားတဲ့အပြင် ဘာလို့တမင်ဖြစ်အောင်လုပ်နေတာလဲ ကျုပ်နားမလည်နိုင်ဘူး... သုံးရက်အတွင်း ဖြေရှင်းချက်လိုချင်တယ်။ ဖြေရှင်းချင်မပေးနိုင်ရင်တော့ ကျုပ်နဲ့ ကျီးနတ်မင်းမျိုးနွယ်စုကငါးစုရဲ့ ရင်းနှီးတဲ့ဆက်ဆံရေး အဆုံးသတ်ပြီး ကျုပ်ထွက်သွားတော့မယ်" ထို့နောက် သူနှင့် ကမ္ဘာသစ်မိစ္ဆာနှစ်သောင်းသည် လေကိုခွင်း၍ ထွက်သွားကြ၏။ အနက်ရောင်မြူများက လေဆင်နှာမောင်းကြီးသဖွယ် ကောင်းကင်အထိ တိုက်ခတ်ရင်း နောက်တစ်ဖန်ပြန်ပေါ်လာသည်။ ၄င်း အပေါ်သို့ ဆန့်ထွက်သွားသည်ကို အဝေးမှပင် မြင်နိုင်လေသည်။
မန်ဟို ထွက်သွားခြင်းက မျိုးနွယ်စုငါးစုအပေါ် သက်ရောက်နေသော ဖိအားကို လျော့နည်းသွားစေခြင်းမရှိပေ။ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီးများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့အားလုံး နတ်ဘုရားအာရုံအသုံးပြုရင်း အချင်းချင်း စတင်ဆွေးနွေးတော့သည်။
သူတို့အနေဖြင့် မန်ဟို့ကို စိတ်အနှောင့်အယှက်မဖြစ်စေချင်သလို၊ ထွက်လည်းထွက်မသွားစေချင်ပေ။ အဆင့်မြင့်ကမ္ဘာသစ်မိစ္ဆာအတော်များများ ပိုင်ဆိုင်ထားသည့် မဟာမိစ္ဆာသားရဲတစ်ဦးသည် မျိုးနွယ်စုငါးစုအတွက် ဖော်ပြ၍မရလောက်အောင် အရေးပါသည်။
သူတို့မျိုးနွယ်စုများအတွက်သာမဟုတ်။ အခြားမျိုးနွယ်စုများလည်း ဤကဲ့သို့ မဟာမိစ္ဆာသားရဲသခင်တစ်ဦးကို အရေးထားပေလိမ့်မည်။ အကြီးစားမျိုးနွယ်စုများပင်လျှင် ဤသို့ ခံစားရမည်ဖြစ်သည်။
မျိုးနွယ်စုတစ်စုအတွက် အကြီးစားမျိုးနွယ်စုအဖြစ် သတ်မှတ်ခံရဖို့ဆိုလျှင် လူဦးရေနှင့် ကမ္ဘာသစ်မိစ္ဆာအရေအတွက် လုံလုံလောက်လောက် ရှိရန် လိုအပ်သည်သာမက မဟာမိစ္ဆာသားရဲသခင်တစ်ဦးလည်း ရှိရမည် ဖြစ်သည်။
မျိုးနွယ်စုငါးစုသည် နောက်တစ်နေ့မနက်ရောက်သည်အထိ ထိုင်ဆွေးနွေးနေကြ၏။ ထို့နောက် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအားလုံး တောင်အနောက်ပိုင်းစီရင်စုရှိ အနက်ရောင်မြူထု၏ အပြင်တွင် သွားရပ်ကြသည်။ သူတို့က လက်ယှက်ပြီး လေးလေးနက်နက် အရိုအသေပေး၏။
"မဟာမိစ္ဆာသားရဲသခင်မန်နဲ့ တွေ့ခွင့်ရဖို့ အနူးအညွတ်တောင်းဆိုပါတယ်"
သူတို့သည် တလိပ်လိပ်ထနေသော မြူငွေ့များအတွင်းသို့ သူတို့၏အသံများ ပဲ့တင်ထပ်သွားသည်ကို ရပ်နားထောင်နေ၏။ တခဏကြာသော် ဂုလာက ဆောင့်ကြွားကြွားနှင့် လက်အနောက်ပစ်ရင်း လမ်းလျှောက်ထွက်လာသည်။
သူ့အနောက်မှ ဘီလူးရိုင်းကြီးနှင့်အတူ ပင့်ကူတစ်အုပ် ပျံထွက်လာကာ ခေါင်းကိုင်ဖခင်များ၊ နတ်ဆရာကြီးများနှင့် အခြားသူများကို ဝိုင်းလိုက်၏။
အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်နှင့် ညီမျှသော စွမ်းအားရှိသည့် ဧရာမပင့်ကူကြီးများ၏ ဝိုးတိုးဝါးတားပုံရိပ်များလည်း မြင်လာသည်။ ရက်စက်သောအငွေ့အသက်များ ထုတ်လွှတ်လျက် တွားသွားထွက်လာသော မိကျောင်းနီလည်း ရှိ၏။ ဟိုးအနောက်တွင် ကျီးနက်များနှင့် ခြင်စိမ်းများ တဝီဝီပျံလာကြသည်။
ဤမြင်ကွင်းက ခေါင်းကိုင်ဖခင်များနှင့် နတ်ဆရာကြီးများ၏ မျက်နှာထားကို လေးနက်သွားစေသည်။
"သခင်လေး အခုလောလောဆယ် ကျင့်ကြံအားထုတ်နေတယ်။ တံခါးပိတ်ကျင့်ဖို့ ဝင်မသွားခင်တုန်းက သင့်မြတ်လိုတဲ့စိတ် လုံလုံလောက်လောက်မရှိရင်တော့ သူ တံခါးပိတ်ကျင့်ရာကနေ ထွက်လာရင် ဒီနေရာက ထွက်သွားပြီး ခင်ဗျားအားလုံးနဲ့ အဆက်အသွယ်ဖြတ်မယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်" ဂုလာက အလွန်စိတ်လှုပ်ရှားပြီး ကျေနပ်နေရင်း သူတို့ကို လှမ်းကြည့်သည်။ ဤခံစားချက်မှာ သူ၏ကိုယ်ပိုင်အာဏာရခဲ့စဥ်ကထက် အများကြီး ပိုကောင်းလေသည်။
ဤအခိုက်အတန့်တွင် သူ့မှာ မန်ဟို့နောက်လိုက်ဖြစ်ရသည့်အတွက် ပျော်ရွှင်နေတော့သည်။
ကျီးကင်းထောက်မျိုးနွယ်စုခေါင်းကိုင်ဖခင်က ခပ်ယဲ့ယဲ့ပြုံးလိုက်သော်လည်း စိတ်အေးသွား၏။ မနေ့က သူတို့၏အပြုအမူများမှာ မန်ဟို့ပါအောင် တမင်ဖိအားပေးခဲ့သကဲ့သို့ ဖြစ်ခဲ့ကြောင်း သူကောင်းကောင်းသိသည်။ အကြည့်ချင်းဖလှယ်ပြီးနောက်တွင် ကျီးကင်းထောက်မျိုးနွယ်စုခေါင်းကိုင်ဖခင်က ရှေ့သို့လျှောက်လာ၏။
"အရင်ဆုံး" သူက အပြုံးတစ်ခုဖြင့် ပြောသည်။ "မဟာအကြီးအကဲမန်ကို မဟာမိစ္ဆာသားရဲသခင်အဖြစ် စွမ်းအားအကုန်လုံး ပြန်ရရှိသွားတဲ့အတွက် ဂုဏ်ပြုချင်ပါတယ်။ ကျိုးရီကို သတ်တဲ့ကိစ္စအတွက်တော့ ကျုပ်တို့ မျိုးနွယ်စုငါးစု သက်သေအဖြစ် ရပ်တည်ပေးပါ့မယ်။ ဒါ့အပြင် မျိုးနွယ်စုတစ်စုစီကနေ အဆင့် (၃) ကနေ အဆင့် (၇) အထိ ပါဝင်တဲ့ ကမ္ဘာသစ်မိစ္ဆာနှစ်ထောင်ကို ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးအပ်ချင်ပါတယ်"
ဤသည်ကိုကြားသော် ဂုလာ၏ ရင်ခုန်သံများ ဗြောင်းဆန်သွားး၏။
ကမ္ဘာသစ်မိစ္ဆာနှစ်ထောင်မှာ အကြီးစားမျိုးနွယ်စုတစ်စုအတွက် ဘာမှမဟုတ်သော်လည်း အသေးစားမျိုးနွယ်စုလေးတစ်စုအတွက်တော့ စိတ်ရင်းအမှန်အား ပြသခြင်းဖြစ်ပေသည်။ ကမ္ဘာသစ်မိစ္ဆာဆိုသည်မှာ မိစ္ဆာသားရဲသခင်များအတွက် အရေးအပါဆုံးမဟုတ်ပါလော။
မိစ္ဆာသားရဲသခင်ကျင့်စဥ်သည် ကာယခွန်အားအပေါ်တွင် မဟုတ်ဘဲ ကမ္ဘာသစ်မိစ္ဆာများအား ထိန်းချုပ်ခြင်းအပေါ် အခြေခံသည်။ ကမ္ဘာသစ်မိစ္ဆာများက အင်အားအခြေခံ ဖြစ်သည့်အပြင် ဤမျိုးနွယ်စုတစ်စုစီက နှစ်ထောင်ပေးလျှင် စုစုပေါင်း တစ်သောင်းဟုဆိုလိုလေသည်။ များပြားလှသော အရေအတွက်က ဂုလာကို အသက်ပြင်းပြင်းရှူမိစေတော့သည်။
"ဟို...." ဂုလာမှာ တခဏ ချီတုံချတုံဖြစ်နေ၏။
"မဟာအကြီးအကဲမန်က မဟာမိစ္ဆာသားရဲသခင်တစ်ဦးအနေနဲ့ ကျုပ်တို့ မဟာမိတ်မျိုးနွယ်စုကို ရွေးချယ်ပေးခဲ့လို့ အလွန်ဂုဏ်ယူမိပါတယ်။ မဟာမိစ္ဆာသားရဲသခင်ဆိုတဲ့ အဆင့်အတန်းဟာ လေးစားခံထိုက်တာကြောင့်မလို့ နေ့စဥ် ကျင့်ကြံရာမှာ အဆင်ပြေချောမွေ့စေဖို့ မျိုးနွယ်စုတစ်စုစီကနေ ဝိညာဥ်ကျောက်တုံးသုံးသိန်းစီလည်း ကမ်းလှမ်းချင်ပါတယ်။ အဲ့ဒါက ပထမဆုံးပေးချေတာပါ။ အခုစကပြီး မဟာမိတ်မျိုးနွယ်စုငါးစုက သုံးလကြာတိုင်း အကူအညီပေးတဲ့အတွက် အဖိုးအခအနေနဲ့ အပေါ်ကပြောခဲ့တဲ့အတိုင်း ထောက်ပံ့ပေးသွားပါမယ်" ထို့နောက် ကျီးကင်းထောက်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်က နောက်တစ်ဖန် လက်ယှက်ပြီး လေးလေးနက်နက် အရိုအသေပေးသည်။
သူကား ဂုလာကို အရိုအသေပေးခြင်းမဟုတ်၊ တအိအိလှုပ်ရှားနေသော အနက်ရောင်မြူထုကို ဖြစ်သည်။
ဂုလာ၏ မျက်လုံးများမှာ ဇကောလောက် ပြူးထွက်နေပြီး စိတ်လှုပ်ရှားလွန်း၍ အသက်ပြင်းပြင်းမရှူမိဘဲ မနေပေ။ သူ၏မျက်လုံးများမှာ တဖျပ်ဖျပ်လက်နေပြီး သူ့စိတ်တွင် ဝိညာဥ်ကျောက်တုံးတို့သာ ပြည့်နှက်လျက် ချာချာလည်နေတော့၏။ မျိုးနွယ်စုတစ်စုလျှင် သုံးလကြာတိုင်း ဝိညာဥ်ကျောက်တုံးသုံးသိန်း ပေးမည်ဆိုပါက စုစုပေါင်း ဆယ်ငါးသိန်းဖြစ်ပေမည်။
ထိုပမာဏမှာ ဂုလာအတွက် မနည်းပင် စဥ်းစားတွက်ချက်နေရလေသည်။ မှန်ပါသည်၊ မဟာမိတ်မျိုးနွယ်စုငါးစု အန္တရာယ်တွင်းထဲသာ မကျရောက်လျှင် ဘယ်တော့မှ ထိုပမာဏကို ကမ်းလှမ်းမည်မဟုတ်ပေ။
"ဒီကိစ္စက ..." ဂုလာမှာ အာခေါင်ခြောက်နေပြီး ဘာပြောရမှန်းမသိတော့။ သူသည် ဤလူများကို ခြိမ်းခြောက်ရန် ပြင်ထားသည်လည်း သူဘာမှပင်မလုပ်သေးခင် ထိုမျှမယုံနိုင်ဖွယ်လက်ဆောင်များဖြင့် ကမ်းလှမ်းလိမ့်မည်ဟု ဘယ်တော့မှမထင်ခဲ့ပေ။
"ဒါ့အပြင်" ကျီးကင်းထောက်မျိုးနွယ်စုခေါင်းကိုင်ဖခင်က ဆက်ပြောသည်။ "မဟာအကြီးအကဲမန်က မဟာမိစ္ဆာသားရဲသခင်ဖြစ်ပြီး ကျီးကင်းထောက်မျိုးနွယ်စုရဲ့ငယ်သားလည်း ဖြစ်တဲ့အတွက် ကျုပ်တို့ ခေါင်းကိုင်ဖခင်ရာထူးနဲ့ညီမျှတဲ့ မဟာမိတ်မျိုးနွယ်စုငါးစုရဲ့ အကြီးအကဲရာထူးကို လက်ခံပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်"
ဂုလာတစ်ယောက် ဟောဟဲဟောဟဲ အသက်ရှူနေပြီး စိတ်နှလုံးတုန်လှုပ်နေလေပြီ။ မျိုးနွယ်စုငါးစု၏ ခေါင်းကိုင်ဖခင်များနှင့် တန်းတူညီသော ထိုကဲ့သို့ရာထူးသည် မယုံနိုင်လောက်အောင် မြင့်မားပြီး အလွန်လေးနက်၏။
ရုတ်တရက် ကျီးကင်းထောက်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်က ဆက်ပြောပြန်သည်။ "မဟာမိတ်မျိုးနွယ်စုငါးစုရဲ့ ရင်းမြစ်တွေအားလုံးကို မဟာအကြီးအကဲမန် စိတ်တိုင်းကျ သုံးခွင့်ရစေရမယ်။ ပြီးတော့ စစ်ပွဲကရရှိတဲ့ ဘယ်အကျိုးအမြတ်ကိုမဆို ခြောက်ပုံပုံပြီး တစ်ပုံက မဟာအကြီးအကဲမန် ပိုင်ဆိုင်စေရမယ်"
ဤစကားများက ဂုလာစိတ်ထဲတွင် ထစ်ချုန်းသံကြီးသာ ထည့်ပေါင်းပေးလိုက်ရာ သူ့ခေါင်းမှာ ပေါက်ထွက်တော့မတတ် ဖြစ်သွားလေပြီ။
ဤနောက်ဆုံးအကျိုးခံစားခွင့်မှာ သိပ်အဟုတ်ဖြစ်ပုံမရပေ။ သို့သော် ၄င်းသည် အစစ်အမှန်ဖြစ်ပြီး အရှေ့ကအရာများထက် အဆများစွာ သာလွန်လေသည်။ ယင်းက မဟာမိတ်မျိုးနွယ်စုငါးစု၏ အနာဂတ်တွင် ရရှိမည့်အကျိုးအမြတ်များကို မန်ဟို့ကို ခွဲဝေပေးမည့် စိတ်ရင်းအမှန်ဖြစ်၏။
တစ်ချိန်တည်းမှာပင် ၄င်းက မန်ဟို့ကို မျိုးနွယ်စုငါးစုအတွင်း ခြေချုပ်မိစေမည်။
"ဒါ့အပြင်" ကျီးကင်းထောက်မျိုးနွယ်စုခေါင်းကိုင်ဖခင်က မျိုးနွယ်စုငါးစု သဘောတူခဲ့သော နောက်ဆုံးကမ်းလှမ်းချက်ကို ဆက်ပြောသည်။ "မဟာအကြီးအကဲမန် အကြီးအကဲဖြစ်လာရင် မျိုးနွယ်စုငါးစုအနေနဲ့ သူ့ရဲကမ္ဘာသစ်မိစ္ဆာသုံးသောင်းအတွက် အစာအားလုံး တာဝန်ယူဖို့ သဘောတူတယ်"
ဂုလာ ဘာပြောရမှန်းမသိတော့ပေ။ ကမ္ဘာသစ်မိစ္ဆာသုံးသောင်းသည် အချိန်တိုလေးအတွင်း သားရဲတောင်တစ်လုံးစာလောက် စားနိုင်၏။ အစာပမာဏက ပေါ့သေးသေးမဟုတ်သည့်အပြင် အကုန်လုံးသာ ကျွေးရမည်ဆိုပါက လုံးပါးပါးသွားနိုင်သည်။
ထို့ကြောင့် မဟာမိစ္ဆာသားရဲသခင်များသည် အကြီးစားဂိုဏ်းများနှင့် ပူးပေါင်းကြခြင်းဖြစ်၏။ ထိုကဲ့သို့ သဘောတူညီချက်မှတစ်ဆင့် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရလေသည်။
ဂုလာမှာ အနက်ရောင်မြူထုကို အလိုလိုလှည့်ကြည့်မိလိုက်သည်။ မျိုးနွယ်စုငါးစု၏ ခေါင်းကိုင်ဖခင်များနှင့် နတ်ဆရာကြီးများလည်း မန်ဟို့တုံ့ပြန်ချက်ကို စောင့်ရင်း အနက်ရောင်မြူထုကို ကြည့်နေသည်။
"နောက်ဆုံး စိတ်ရင်းအမှန်ကို ပြသတဲ့အနေနဲ့ မဟာအကြီးအကဲမန် ဒါတွေအားလုံးကို သဘောတူပြီး မဟာမိတ်မျိုးနွယ်စုငါးစု နောက်တစ်နှစ်အထိ ရှင်သန်နိုင်ရင် ကျုပ်တို့ရဲ့ အင်မိုတယ်လျှောက်လှမ်းတံတားဆီ ဝင်ရောက်ဖို့ မဟာအကြီးအကဲမန်ကို တစ်ဦးတည်းသောကိုယ်စားလှယ်ဖြစ်ခွင့်ပေးမယ်" ဤစကားကို ပြောလိုက်သူက ကျီးကင်းထောက်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်မဟုတ်။ ကျီးစစ်သည်မျိုးနွယ်စုမှဖြစ်သည်။ သူသည် သူတို့အကြား၌ အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်ရှိသည့် တစ်ယောက်တည်းသောလူဖြစ်ပြီး အစွမ်းအထက်ဆုံးပညာရှင်ဖြစ်သည်။
သူစကားပြောပြီးသည်နှင့် တစ်ချိန်တည်းဆိုသလို မြူများ တအိအိလှုပ်ရှားလာပြီး နောက်သို့ကျုံ့သွား၏။ ပတ်ဝန်းကျင်ရှိ ကမ္ဘာသစ်မိစ္ဆာများလည်း ၄င်းနှင့်အတူ အလျင်အမြန် နောက်ဆုတ်သွားသည်။ အသက်ရှိုက်စာအနည်းငယ်ကြာသော် ကမ္ဘာသစ်မိစ္ဆာများနှင့် မြူငွေ့များ ကင်းရှင်းသွားလေပြီ။
ယခုတွင် အကြည့်အားလုံးက သူတို့ထံ လမ်းလျှောက်လာနေသော လူအပေါ် ကျရောက်သွားသည်။
၄င်းက အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော မန်ဟိုပင်။ သူ့ဆံပင်များက လေတွင် မျောလွင့်လျက်ရှိပြီး သူ့မျက်ဝန်းများက အေးစက်နေ၏။ သူ၏အရေပြားပေါ်တွင် အဆုံးမဲ့သော အရုပ်ဆေးမင်ကြောင်များ ပြည့်နေသည်။ ၄င်းတို့က သူ့မျက်နှာပေါ်တွင်ပင် ရှိနေ၏။ ဆေးမင်ကြောင်တစ်ခုစီတိုင်းက ကမ္ဘာသစ်မိစ္ဆာများကို သရုပ်ဖော်ထားသည်။
ကမ္ဘာသစ်မိစ္ဆာနှစ်သောင်းလုံး အရုပ်ဆေးမင်ကြောင်များအသွင်ပြောင်းကာ မန်ဟို့ခန္ဓာကိုယ်တွင် ခတ်နှိပ်ခံထားရသည်။ သူ၏အရှိန်အဝါသည် ယခုအချိန်တွင် မိစ္ဆာဆန်ပြီး အရိုင်းဆန်သောအငွေ့က သူ့ခန္ဓာကိုယ်မှ ဖြေးညင်းစွာ မျော့လွင့်နေ၏။
တောင်ပိုင်းဒေသက မန်ဟို့မိတ်ဆွေများ ယခု သူ့ကိုမြင်လျှင် မှတ်မိမည်ပင်မဟုတ်ပေ။ ဤအခိုက်အတန့်တွင် သူ့ကို ကြည့်လိုက်သည့်လူတိုင်း အစွမ်းထက်သော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက်ဟု ထင်ကြမည်ဖြစ်သည်။
ထိုစွမ်းအားကား အနုသုခုမရုပ်ခန္ဓာအဆင့်မဟုတ်သော်လည်း အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့် မည်သူ့ကိုမဆို သတ်ဖြတ်ရန် လုံလောက်သည်။
***