← Chapters

အင်မိုတယ်လျှောက်လှမ်းတံတား

Vol. 32 Ch. 437

အင်မိုတယ်လျှောက်လှမ်းတံတား

Vol. 32 Ch. 437

"ကျီးကင်းထောက်မျိုးနွယ်စု ကျုပ်အပေါ် ပြသခဲ့တဲ့ ပထမဆုံးကြင်နာမှုက သစ်စိမ်းပင်အရုပ်" မန်ဟိုက လမ်းလျှောက်ထွက်လာရင်း ပြောသည်။ သူ့အသံသည် မရေမတွက်နိုင်သော သားရဲများ တညီတညာတည်း ဟိန်းဟောက်နေသကဲ့သို့ ထူးဆန်းနေ၏။ "ဒုတိယက ကျုပ်ရဲ့ သစ်ဓာတ်စွမ်းအားကို အပြည့်အဝဖော်ဆောင်စေနိုင်ခဲ့တဲ့ ကျီးနတ်မင်းမျိုးနွယ်စုရဲ့ ကံကြမ္မာရေကန်။ အထွတ်အမြတ်နယ်မြေထဲမှာ ကျုပ် ကျီးနတ်မင်းနဲ့ ဆုံတွေ့ပြီး သတ္တုအမျိုးအစားအရုပ်ဆေးမင်ကြောင် ရရှိခဲ့တယ်။ အဲ့ဒါက တတိယကြင်နာမှု

"မန်ဟိုက အလုပ်လုပ်တဲ့အခါမှာ ကျေးဇူးတရားနဲ့ ရန်ငြိုးကို ခွဲခြားတတ်တယ်။ ခင်ဗျားတို့က ကျုပ်ကို စမ်းသပ်ပြီး ရန်သူတွေကိုတောင် တိုက်ခိုက်ခွင့်ပေးခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါတွေအားလုံးက ခင်ဗျားတို့ မျိုးနွယ်စုရဲ့ လုံခြုံမှုအတွက်မလို့ ရွေးချယ်စရာမရှိခဲ့ဘူး။ ကျုပ် နားလည်တယ်

"ဝိညာဥ်ကျောက်တုံးတွေ ကျုပ်မလိုချင်ဘူး။ ကမ္ဘာသစ်မိစ္ဆာတွေကတော့ ကျုပ်ထိန်းချုပ်မှုအောက်မှာဆိုရင် သေချာပေါက် အများကြီးပိုအစွမ်းထက်လိမ့်မယ်။ ဒါပေမဲ့ တိုက်ပွဲပြီးလို့ မျိုးနွယ်စုငါးစုရှိနေသေးရင် ကျုပ် ခင်ဗျားတို့လက်ထဲကို ပြန်ထည့်ပေးမယ်

"ဝေစုခွဲတာမကလို့ ဘာပဲဖြစ်ဖြစ် ကျုပ် မန်ဟိုက ဒီစစ်ပွဲမှာ ခင်ဗျားတို့ဘက်က ရပ်တည်ပေးမှာ တာအိုရောင်ရင်းတို့။ ဘာကြောင့် ရပ်တည်ပေးမှာလဲဆိုတော့ .... အဲ့ဒီကြင်နာမှုသုံးခုကြောင့်ပဲ။ ဒါ့ကြောင့် မနေ့ကဖြစ်ခဲ့သလို မတော်တဆမှုတွေ စမ်းသပ်တာတွေ ထပ်မဖြစ်စေပါနဲ့။ မဟုတ်ရင် ကျုပ် အဲ့ဒီကြင်နာမှုသုံးခုကနေ ဖြစ်တည်လာတဲ့ ပတ်သက်မှုကို တကယ် ဖြတ်တောက်ပစ်မယ်"

သူသည် ​စကားပြောပြီးနောက် လက်နှစ်ဖက်ယှက်၍ မျိုးနွယ်စုငါးစု၏ အဖွဲ့ဝင်များကို လေးလေးနက်နက် အရိုအသေပေးလိုက်၏။

သူတို့က ကြက်သေသေလျက် သူ့ကို ပြန်ကြည့်နေကြသည်။ ထို့နောက် သူတို့မျက်နှာများတွင် အရှက်ရသွားသော အမူအရာများ ပြည့်နှက်သွား၏။ ဤကိစ္စတစ်ရပ်လုံးက အဖိုးအခတောင်းဆိုခြင်းမဟုတ်ဘဲ သတိပေးချက်တစ်ခုသာ ဖြစ်ခဲ့သည်ကို သူတို့ သဘောမပေါက်ဘဲမနေပေ။ မန်ဟိုလိုချင်သည့် တစ်ခုတည်းသောအရာမှာ သင့်တင့်လျောက်ပတ်သော သဘောထားသာ။

ကျေးဇူးကြွေးဆပ်တဲ့အနေနဲ့ ကျုပ် ခင်ဗျားတို့ကို ကူညီမယ်။ ကျုပ် တောင်းဆိုချင်တဲ့ တစ်ခုတည်းသောအရာက လေးစားမှုပဲ

ယင်းက မန်ဟိုလိုချင်သည့်အရာဖြစ်ပြီး သူကိုယ်တိုင်ထွက်မလာဘဲ ဂုလာကို လွှတ်လိုက်သော အကြောင်းရင်းလည်း ဖြစ်၏။

"ပြီးတော့" မန်ဟိုက ဆက်ပြောသည်။ "ကျုပ် ကျီးစစ်သည်မျိုးနွယ်စု ခေါင်းကိုင်ဖခင်ပြောတဲ့ အင်မိုတယ်လျှောက်လှမ်းတံတားအကြောင်း ထပ်ကြားချင်တယ်"

မန်ဟို့ခန္ဓာကိုယ်ကို အရုပ်ဆေးမင်ကြောင်များက လွှမ်းခြုံထားပြီး သူ့တွင် အစွမ်းထက်ပညာရှင်တစ်ဦး၏ အရှိန်အဝါရှိလေသည်။ သူ၏ ရိုးသားသောစကားကို ကြားသော် ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်က ဖြေးညင်းစွာ ပြောသည်။ "အင်မိုတယ်လျှောက်လှမ်းတံတားက အပျက်အစီးပုံကြီးပါပဲ။ ဒဏ္ဍာရီတွေအရ အနောက်ပိုင်းသဲကန္တာရရဲ့ ကြီးမားကျယ်ပြောတဲ့ နယ်မြေတွေမှာ တံတားကိုးစင်းရှိခဲ့ဖူးတယ်။ ဘယ်သူတွေ တည်ဆောက်ခဲ့လဲဆိုတာကတော့ ဆုံးဖြတ်လို့မရဘူး။ တချို့လူတွေကတော့ ကြယ်တွေဆီက ကျလာတဲ့ မြေမှုန်တွေကနေ အလိုအလျောက် ဖြစ်လာတာတဲ့

"ဒီတံတားတွေကို အင်မိုတယ်အဆင့်တက်လှမ်းခြင်းအတွက် သုံးခဲ့ကြတာ။ သုံးစင်းပေါ်မှာ လျှောက်ရင် အင်မိုတယ်ကိုယ်ဖန်တီးနိုင်မယ်။ ခြောက်စင်းပေါ်မှာ လျှောက်ရင် အင်မိုတယ်ဝိညာဥ် ဖော်ဆောင်နိုင်မယ်။ ကိုးစင်းပေါ်မှာ လျှောက်ရင်တော့ အင်မိုတယ်အဆင့် တက်လှမ်းသွားပြီ

"အဆိုအရတော့ ဒီတံတားတွေက ကြယ်တွေနဲ့ ဆက်နေပြီး တောင်တစ်လုံးနဲ့ ပင်လယ်တစ်စင်းဘေးမှာ တည်ရှိတယ်တဲ့ .... ကံဆိုးစွာနဲ့ ဒီတံတားတွေဟာ ပြစ်ဒဏ်နဲ့ ဆုံတွေ့ခဲ့ရတယ်။ မိုးကောင်းကင်က မကျေနပ်လို့ သူတို့ကို မိုးကြိုးနဲ့ ဖျက်စီးပစ်ခဲ့တာကြောင့် နောက်ဆုံး ပြိုကျသွားခဲ့တယ်။ ပြိုကျပြီး ကမ္ဘာတစ်ခုဖြစ်မသွားခင် ပြိုကျသံကြီးက ၉၃၇ နှစ်တိုင်တိုင် ကြာခဲ့တာ။ နောက်ပိုင်းမျိုးဆက်တွေက အဲ့ဒီကမ္ဘာကို ... တံတားပျက်နယ်ပယ်လို့ ခေါ်လာကြတယ်

"တံတားပျက်နယ်ပယ်ထဲမှာတော့ အင်မိုတယ်ခြေလှမ်းတံတားရဲ့အပျက်အစီးတွေရှိတာပေါ့။ ​အင်မိုတယ်ချီ ပါရှိနေတဲ့ ကောင်းကင်မြေကြီးလည်း ရှိတယ်။ ကျုပ်တို့လို ကျင့်ကြံသူတွေအတွက် အဲ့ဒီလိုအင်မိုတယ်ချီဆိုတာ ဆေးလုံးအားလုံးထက် အများကြီးသာတဲ့၊ ရှားမှရှားတဲ့ အားဆေးနဲ့တူတယ်။ ပြီးတော့ တံတားပျက်နယ်ပယ်မှာ အပြင်က ဘယ်အရာမှ ယှဥ်လို့မရတဲ့ အဆင့်မြင့်ဝိညာဥ်ကျောက်တုံးတွေရှိတယ်

"ဒါ့အပြင် တံတားပျက်နယ်ပယ်မှာ ရှိတဲ့ အင်မိုတယ်လျှောက်လှမ်းတံတားရဲ့ အပျက်အစီးပုံထဲမှာ မရေမတွက်နိုင်တဲ့ နတ်မှော်ပညာရပ်တွေ၊ နတ်ဘုရားစွမ်းရည်တွေကို ရှာတွေ့နိုင်တယ်။ ရှေးခေတ်ကတည်းက မျိုးသုန်းပျောက်ကွယ်သွားတဲ့ သတ္တဝါကြီးတွေတောင် ရှိတယ်။ တံတားပျက်နယ်ပယ်ဆိုတာ အနောက်ပိုင်းသဲကန္တာရရဲ့ အဖိုးထိုက်ဆုံးရတနာတွေထဲက တစ်ခုပဲ"

ဤနေရာအထိ မန်ဟို၏အမူအရာမှာ ပြောင်းလဲခြင်းမရှိခဲ့ပြီး သူက တည်ငြိမ်စွာ ဆက်နားထောင်နေ၏။

"တံတားပျက်နယ်ပယ်က နှစ်ထောင်ချီကြာတိုင်း ပွင့်လာတယ်။ ပွင့်လာတဲ့အချိန်ကျရင် တောင်ပိုင်းဒေသ၊ အရှေ့ဘက်နယ်​မြေနဲ့ မြောက်ပိုင်းသဲကန္တာရက လူတွေ ဝင်လို့မရဘူး။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေပဲ ဒီကမ္ဘာကို ဝင်ရောက်ပြီး အထဲက ကံကြမ္မာ​​​​ကောင်းကို သိမ်းပိုက်ပိုင်ခွင့်ရှိတယ်

"ဒါပေမဲ့ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတိုင်းလည်း ဝင်လို့မရဘူး။ ရှေးမှတ်တမ်းတွေမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရဆိုရင် အဲ့ဒီမှာ နေရာ (၂၃) နေရာပဲ ရှိဖူးတယ်။ ဘာကြောင့်လဲဆိုတော့ ရှေးခေတ်တုန်းက အကြီးစားမျိုးနွယ်စုအဖြစ် တရားဝင် သတ်မှတ်ခံထားရတဲ့ မျိုးနွယ်စု (၂၃) စု ရှိခဲ့တာကြောင့်မလိုပဲ။ သူတို့က နာမည်ဂုဏ်သတင်းမှေးမှိန်လာခဲ့တယ်ဆိုပေမယ့် သူတို့ရဲ့ သွေးဆက်တွေတော့ အသက်ရှင်နေသေးတယ်

"တံတားပျက်နယ်ပယ်ပွင့်တော့မယ့် အချိန်ကျရင် အင်မိုတယ်တံတားကျောက်ခဲတစ်ခဲ အဲ့ဒီမျိုးနွယ်စုကြီးတွေဆီ ဆင်းသက်လာပြီး သူတို့ကို ဝင်ရောက်ခွင့်ပေးတယ်

"ကျီးနတ်မင်းမျိုးနွယ်စုဟာ တစ်ခါက အနောက်ပိုင်းသဲကန္တာရမှာ အသိအမှတ်ပြုခံရတဲ့ မျိုးနွယ်စုကြီးတစ်ခု ဖြစ်ခဲ့တယ်။ အဲ့ဒါကြောင့် ကျုပ်တို့မှာ တံတားပျက်နယ်ပယ်ဆီ ဝင်ရောက်ဖို့ နေရာတစ်နေရာ အမြဲရတယ်

"ကျုပ်တို့မျိုးနွယ်စုရဲ့ သွေး ဆက်လက်တည်ရှိနေသရွေ့ အဲ့ဒီနေရာလည်း ရှိနေဦးမှာပဲ။ အဲ့ဒါက အဆိပ်ငါးသွယ်မျိုးနွယ်စု ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေ ပျက်စီးသွားတာနဲ့ လှုပ်ရှားရတဲ့ နောက်အကြောင်းရင်း တစ်ခုလည်း ဖြစ်တယ်

"သူတို့ ကျုပ်တို့ကို ကျွန်ပြု၊ ကျုပ်တို့အရုပ်တွေကို ဝါးမြိုပြီး မျိုးနွယ်ဝင်တွေကို အကျဥ်းချရင်တော့ ... တံတားပျက်နယ်ပယ်မှာရှိတဲ့ ကျီးနတ်မင်းမျိုးနွယ်စုနေရာကို သိမ်းပိုက်နိုင်သွားမယ်မဟုတ်လား" ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်မှာ ဘာကိုမှ ချန်လှပ်ထားခြင်းမရှိပေ။ သူသည် သူတို့သာသိသည့် လျှို့ဝှက်ချက်များကို မန်ဟိုအား အကုန်ပြောပြနေ၏။

မန်ဟိုသည် ​ရှင်းပြသည်ကို နားထောင်နေစဥ် မျက်လုံံးများ တောက်ပလင်းလက်လာ၏။ ဤလူ့ပြောစကားများက အမှန်ဖြစ်လောက်ကြောင်း သူပြောနိုင်သည်။ ထို့အပြင် ကောင်းကင်မြေကြီးကို ဖော်ပြသွားခြင်းက သူ့ကို စိတ်ဝင်စားစေခဲ့သည်။

"ကျုပ်တို့ တွက်ချက်ကြည့်ရသလောက် တံတားပျက်နယ်ပယ် ပွင့်လာဖို့ တစ်နှစ်ပဲကျန်တော့တယ်။ အဲ့ဒါမဖြစ်ခင် အင်မိုတယ်တံတားကျောက်ခဲတစ်ခဲ ကျုပ်တို့ဆီ ကျလာလိမ့်မယ်။ ခင်ဗျား ကျုပ်တို့ကို ကူညီပေးမယ်ဆိုရင် အဲ့ဒီကျောက်ခဲကို တစ်နှစ်အတွင်း ပေးပါ့မယ်" ထို့နောက် ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်က လက်ယှက်ပြီး မန်ဟို့ကို လေးလေးနက်နက် အရိုအသေပေးသည်။

မန်ဟိုက ကောင်းကင်မြေကြီးဟုခေါ်သော အရာကို စဥ်းစားခန်းဖွင့်နေ၍ တိတ်ဆိတ်နေသည်။ သူ့တွင် အနက်ရောင်နယ်မြေ ကောင်းကင်အဆောင်စက္ကူမြေကြီး ရှိထားပြီးဖြစ်၏။

"ငါ့ဓာတ်ငါးငါးအရုပ်တွေမှာ" သူက တွေးသည်။ "ရေ၊ မီး နဲ့ မြေ လိုသေးတယ်။ ငါ အဲ့ဒီသုံးခုကိုလည်း ရှေးစာလုံးပုံစံပြောင်းတဲ့အဆင့်အထိ မြှင့်တင်ရမယ်။ ပြီးရင်တော့ ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာကို ဖော်စပ်နိုင်ပြီ။ တံတားပျက်နယ်ပယ်ထဲက ကောင်းကင်မြေကြီးဆိုတာကိုများ ... ငါ့အရုပ်ဆေးမင်ကြောင်တစ်ခုခုအတွက် သုံးလို့ရမလား"

ထိုစဥ် .....

ကျီးနတ်မင်းမျိုးနွယ်စုငါးစုတည်ရှိရာ တောင်တန်းမှ ထွက်ခွာ၍ တစ်လတိုင် ပျံသန်းလျှင် အနောက်ပိုင်းသဲကန္တာရ၏ အလယ်ပိုင်းနှင့်နီးသော်လည်း မြောက်ပိုင်းဒေသဟု သတ်မှတ်ထားကြသော နေရာတစ်နေရာသို့ ရောက်သွားလိမ့်မည်။

ဤနေရာတွင် တောင်ကုန်းတောင်တန်းများမရှိဘဲ သွေးစွန့်မြေဟုခေါ်သော လွင်ပြင်အကျယ်ကြီးရှိသည်။ ထိုသို့နာမည်တွင်ရသည့် အကြောင်းအရင်းမှာ ဤလွင်ပြင်၏မြေကြီးမှာ အနီရောင်ဖြစ်နေသောကြောင့်ပင်။

အနီ​ရောင်မြေကြီးတွင် ထောင်ပေါင်းများစွာသော အဆိပ်မြက်မျိုးစုံ ပေါက်ရောက်နေသည်။ မိုးရာသီဆိုလျှင် အဆိပ်မြူများက ကောင်းကင်တွင် ပြည့်နှက်လျက် ဤနေရာကို ကျင့်ကြံသူများအတွက် တားမြစ်နယ်မြေပမာဖြစ်စေသည်။

အဆိပ်ရှိသော ကမ္ဘာသစ်မိစ္ဆာများလည်း ကျက်စားနေရာ ဤလွင်ပြင်ကို အဆိပ်တွင်းကြီးတစ်တွင်းနှင့် အတော်လေးတူစေ၏။

ကျင့်ကြံသူများအတွက် ဤနေရာမျိုးတွင် နေထိုင်ရန် ခက်ခဲလေသည်။ သို့သော် .... အနောက်ပိုင်းသဲကန္တာရ မြောက်ပိုင်းမျိုးနွယ်စုနှစ်စုထဲက အကြီးဆုံးဖြစ်သည့် အဆိပ်ငါးသွယ်မျိုးနွယ်စုအတွက်တော့ ခြွင်းချက်ပင်။

၄င်းသည် အဆိပ်သတ္တဝါနာမည်များ မှည့်ထားသည့် အဖွဲ့ငါးဖွဲ့ခွဲထားသော မျိုးနွယ်စုအကြီးကြီးတစ်စုဖြစ်၏။ အဖွဲ့ငါးဖွဲ့သည် လွင်ပြင်ပေါ်၌ ကြောက်စရာပုံစံကြီးဖြင့် ပြန့်ကားနေသော ပွင့်ချပ်ငါးချပ်နှင့် ဧရာမအနက်ရောင်ပန်းကြီးအလားပင်။

ဤအဖွဲ့တစ်ဖွဲ့စီတိုင်းက အလယ်အလတ်မျိုးနွယ်စုတစ်စုအရွယ်ရှိသည်။ ၄င်းတို့ အတူတကွစုပေါင်းလိုက်လျှင် အနောက်ပိုင်းသဲကန္တာရတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သော အဆိပ်ငါးသွယ်မျိုးနွယ်စု ဖြစ်လာသည်။

သူတို့က ကျီးနတ်မင်းမျိုးနွယ်စုငါးစုနှင့် အလွန်ကွဲပြား၏။ ဤအဆိပ်ငါးသွယ်မျိုးနွယ်စုက တကွဲတပြားဖြစ်မနေ၊ သူတို့ပိုင်ဆိုင်သော အရုပ်အမျိုးမျိုး​ကြောင့် အဖွဲ့များဟုခေါ်သည့် မတူညီသော အရန်မျိုးနွယ်စုငါးစုနှင့် ဖွဲ့စည်းထားခြင်းပင်။ လွင်ပြင်၏ ဗဟိုအကျဆုံးနေရာတွင် နတ်ဆရာကြီးများ အဆိပ်ငါးသွယ်မျိုးနွယ်စုအတွက် အရေးပါသောကိစ္စရပ်များကို ဆုံးဖြတ်ချက်ချသည့် ရိုးရာအစည်းအဝေးခန်းမရှိသည်။

အဖွဲ့များတွင် အကြီးအကဲများမရှိဘဲ နတ်ဆရာကြီးများသာရှိသည်။ အကြီးအကဲပိုင်း၌ ... အဆိပ်ငါးသွယ်မျိုးနွယ်စုတစ်စုလုံးတွင်မှ တစ်ယောက်သာရှိသည်။

အတိတ်တုန်းက အနောက်ပိုင်းသဲကန္တာရ မြောက်ပိုင်းတွင် ကျီးနတ်မင်း၊ အဆိပ်ငါးသွယ်နှင့် မီးရေခဲဆိုသော အကြီးစားမျိုးနွယ်စုကြီးသုံးစု ရှိခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် အဆိပ်ငါးသွယ်နှင့် မီးရေခဲသည် ဆက်လက်တည်ရှိနေသေးသော်လည်း ဆန့်ကျင်ဘက်တွင် ကျီးနတ်မင်းမျိုးနွယ်စုမှာ ဆုတ်ယုတ်လာခဲ့၏။ သူတို့သည် မျိုးနွယ်စုငါးစုအဖြစ် ခွဲထွက်သွားကြပြီးနောက်တွင် ပို၍အားနည်းလာကာ အဆင့်အတန်းနိမ့်ကျလာခဲ့သည်။

ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေ၏ တည်ရှိမှုကြောင့်သာမဟုတ်လျှင် သူတို့သည် တကွဲကွဲတပြားပြား ဖြစ်ပြီး အရုပ်စွမ်းအားများ ခိုးယူခံရကာ အခြားအင်အားကြီးမျိုးနွယ်စုများ၏ လက်အောက်အရန်အဖွဲ့ခွဲများအဖြစ် ဝါးမြိုခံရမည်မှာ ကြာပြီဖြစ်သည်။

ကံဆိုးစွာနှင့် ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေ ပြိုကျပျက်စီးသွားခဲ့၏။ ဤအကြောင်း သတင်းဖြန့်စရာပင်မလိုပေ။ အရုပ်ဘိုးဘေးများ အချင်းချင်း အာရုံခံနိုင်၏။ ထို့ကြောင့် အဆိပ်ငါးသွယ်မျိုးနွယ်စု နှစ်တစ်သောင်းကျော် ကိုးကွယ်လာခဲ့သော အဆိပ်ခေါင်းဆောင်ကြီးများက ချက်ချင်းပင် သူတို့၏စိတ်ဆန္ဒများ ထုတ်လွှတ်၍ မျိုးနွယ်ဝင်များအား ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေ ပျက်စီးသွားပြီဆိုသည့်အကြောင်း အသိပေးလိုက်သည်။ ကျီးနတ်မင်း... သေဆုံးသွားပြီ။

ထို့အပြင် အဆိပ်ငါးသွယ်မျိုးနွယ်စု အချိန်အကြာကြီး တည်ရှိနေရသည့် အကြောင်းရင်းများထဲက တစ်ခုမှာ သူတို့၏ သတိရှိသော သဘာဝကြောင့်ပင်။ သူတို့သည် စိတ်လိုက်မာန်ပါ စစ်မကြေညာဘဲ ကျီးနတ်မင်းမျိုးနွယ်စုကို အရင်အကဲစမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ပင့်ကူအဖွဲ့မှ အဆင့် (၉) မိစ္ဆာသားရဲသခင် ကျိုးရီကို စေလွှတ်ခဲ့ခြင်းဖြစ်၏။

ကျိုးရီသေဆုံးသွားသည့် အခိုက်အတန့်၌ သူ၏ သက်စောင့်ဝိညာဥ်ကျောက်စိမ်းပြား ကွဲကြေသွားသည်။ ပင့်ကူအဖွဲ့က ဤအခြင်းအရာကို ချက်ချင်း အာရုံရလိုက်သဖြင့် ဒေါသတကြီးဟိန်းဟောက်သံများ အရပ်မျက်နှာတစ်ခွင် ပြည့်နှက်သွားလေသည်။ အဆိပ်ငါးသွယ်မျိုးနွယ်စုက ရိုးရာအစည်းအဝေး ချက်ချင်း ခေါ်၏။

အစည်းအဝေးအတောအတွင်း အဖွဲ့ငါးဖွဲ့မှ နတ်ဆရာကြီး ဆယ့်ငါးယောက်သည် ကျီးနတ်မင်းမျိုးနွယ်စုကို စစ်ကြေညာရန် ပင့်ကူအဖွဲ့ကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့သည်။

သုံးရက်ကြာသော် တရားဝင်အမိန့်စာတမ်း ထုတ်ပြန်ပြီး ပင့်ကူအဖွဲ့တစ်ဖွဲ့လုံး စစ်ပွဲအတွက် ပြင်ဆင်မှုများ စတင်တော့သည်။ အရုပ်ကျင့်ကြံသူသုံးထောင်ကျော်၊ အဆင့် (၉) မိစ္ဆာသားရဲသခင် သုံးဦးနှင့် ကမ္ဘာသစ်မိစ္ဆာအမြောက်အမြား သွေးစွန့်​မြေရှိ နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်သို့ ဝင်ရောက်ကာ ကျီးနတ်မင်းတောင်တန်းသို့ ဦးတည်သွားကြလေပြီ။

နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်က အချိန်ကုန်သက်သာစေသည်။ ဤသို့ဖြင့် လနှင့်ချီကြာမည့် ခရီးကား ယခုတွင် ခုနစ်ရက်သာကြာလိုက်၏။

စစ်ပွဲကား စတင်ပြီဖြစ်သည်။

မှန်ပါသည်၊ ဤစစ်ပွဲသည် အနောက်ပိုင်းသဲကန္တာ​မြောက်ပိုင်းရှိ အခြားမျိုးနွယ်စုများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ မျိုးနွယ်စုများအကြား စစ်ဖြစ်သည်မှာ မြောက်ပိုင်းတွင် မထူးဆန်းသော်လည်း ... ကျီးနတ်မင်းမျိုးနွယ်စုငါးစုမှာ တစ်ချိန်က အကြီးစားမျိုးနွယ်စုတစ်စု ဖြစ်ခဲ့ဖူးလေသည်။ သို့ဖြစ်၍ ဤစစ်ပွဲမှာ ပုံမှန်ထက် ပြင်းထန်၏။

အထူးသဖြင့် မြောက်ပိုင်းရှိ အကြီးစားမျိုးနွယ်စုနောက်တစ်စုဖြစ်သော မီးရေခဲမျိုးနွယ်စုပင်။ သူတို့က စစ်ပွဲကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။ အဆိပ်ငါးသွယ်မျိုးနွယ်စုထက်ပို၍ အလှမ်းဝေးနေသည့်အချက်ကြောင့်သာမဟုတ်လျှင် သူတို့လည်း ပါဝင်မည်ဖြစ်၏။ အခြားသူများအနေဖြင့် သူတို့၏မျိုးနွယ်စုများ ကြီးထွားစေဖို့ ယခုကဲ့သို့လုပ်ဆောင်သည်ဟု ထင်ကောင်းထင်နိုင်သည်။ သို့သော် အဆိပ်ငါးသွယ်မျိုးနွယ်စု စစ်ကြေညာသည့် အဓိကရည်ရွယ်ချက်မှာ ..... တံတားပျက်နယ်ပယ်ရှိ နေရာအတွက် ဖြစ်ကြောင်း မီးရေခဲမျိုးနွယ်စု သိသည်။

ခုနစ်ရက်လွန်သော် စစ်ပွဲကား ကျီးနတ်မင်းမျိုးနွယ်စုငါးစုအား စိုးမိုးနေလေပြီ။

ထိုနေ့တွင် မန်ဟိုသည် တောင်အနောက်ရှိ သူ့ခြံထဲတွင် တင်ပျဥ်ခွေထိုင်နေ၏။ သူ့အရှေ့တွင် တဖျပ်ဖျပ်လက်နေသော အရုပ်သုံးရုပ်ရှိသည်။ တစ်ရုပ်က မီးမြေလူးငှက်၊ တစ်ရုပ်က ရေစက်တစ်စက်ဖြစ်ကာ တတိယအရုပ်က ကျောက်လူကြီးပင်။

ဤအရုပ်သန္ဓေများသည် ကျီးမီးတောက်၊ အမှောင်ကျီးနှင့် ကျီးသူရဲကောင်းမျိုးနွယ်စုတို့မှ အသီးသီး လာကြသည်။

နှိုင်းယှဥ်ပြီးပြောရလျှင် ၄င်းတို့မှာ မန်ဟို အရင်က ရရှိခဲ့သည့် သစ်စိမ်းပင်ကြီးနှင့် နည်းနည်းလေးမှ မယှဥ်နိုင်သလို ရွှေကျီးကန်းကြီး သူ့ကို ပေးခဲ့သည့် သတ္တုအမျိုးအစားအရုပ်နှင့်လည်း မယှဥ်နိုင်ပေ။ ထို့ကြောင့် မန်ဟိုမှာ ၄င်းတို့နှင့်ပေါင်းစည်းသင့်၊ မပေါင်းစည်းသင့် တွေဝေနေခြင်းဖြစ်သည်။

သန္ဓေက နောက်ပိုင်း မည်သည့်အသွင်ပြောင်းခြင်းအမျိုးအစားကို အရုပ်ဖော်ဆောင်ပေးနိုင်သည်လဲ ဆုံးဖြတ်ပေးမည်ဖြစ်သည်။ သို့ဖြစ်၍ ရွေးချယ်မှုများပြုလုပ်ရာတွင် မန်ဟို အဘယ်သို့ ဂရုမစိုက်ဘဲ နေနိုင်မည်နည်း။

အချိန်အတော်လေးကြာသော် သူ၏မျက်ဝန်းများ၌ ခိုင်မာပြတ်သားသော စိတ်ဆန္ဒ ပြည့်နှက်သွားသည်။ သူက အရုပ်သန္ဓေများကို စုပြီး သိမ်းလိုက်၏။ နောင်တစ်ချိန်တွင် သည့်ထက်ပိုကောင်းသော အရုပ်များမရလျှင်တော့ ၄င်းတို့ကို အသုံးပြုရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

အရုပ်သန္ဓေများကို သိမ်းပြီးနောက် သူ၏မျက်လုံးများ လက်သွားပြီး သူက ခေါင်းထောင်လိုက်သည်။ ကြည်လင်ရှင်းလင်းနေသော ကောင်းကင်တွင် ရုတ်တရက် တဖွေးဖွေးလှုပ်နေသောမြူများ ဖုံးလွှမ်းလာသည်ကို သူမြင်လိုက်၏။ မြူထုသည် အရာအားလုံးကို ဖုံးကွယ်ပြီး လျင်မြန်စွာ ချဥ်းကပ်လာနေသည်။

အဝေးမှကြည့်လျှင်ပင် ဤအကန့်အသတ်မရှိသောမြူထုကြီးကား တကယ်တော့ ပင့်ကူများဖြင့် ဖွဲစည်းထားကြောင်း မြင်ရသေးသည်။

တစ်ချိန်တည်းမှာပင် ထစ်ချုန်းသံကြီးတစ်သံက ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါပြီး တောင်စဥ်တန်းများကို တသိမ့်သိမ့်တုန်သွားစေသည်။ မြူငွေ့များ ထိသွားသော မည်သည့်အပင်မဆို ချက်ချင်း ညှိးနွမ်းသေဆုံးကုန်၏။

"ရောက်လာတာ မြန်သားပဲ" မန်ဟိုက အေးစက်နေသောမျက်ဝန်းများဖြင့် တွေးသည်။

***

All Chapters