ကျောက်ယူလန်
Vol. 32 Ch. 438
မြူထုကြီး အနားရောက်လာသည်နှင့် တစ်ချိန်တည်းဆိုသလို တောင်အတွင်းရှိ မတူညီသော အရပ်မျက်နှာငါးခုမှ အလင်းတန်းငါးတန်း ထွက်လာသည်။ ၄င်းတို့အားလုံး၏ အရောင်ကား မတူညီပေ။ ဤသည်မှာ မျိုးနွယ်စုငါးစု၏ အမြင့်ဆုံးတောင်ထွတ်များတွင် နေထိုင်သော အရုပ်ဘိုးဘေးကြီးများ ဖြစ်၏။
တစ်ဆက်တည်းမှာပင် အကာအကွယ်ငါးခုက မျိုးနွယ်စုငါးစုလုံးကို ဝန်းရံအုပ်မိုးသွားသည်။
ထို့နောက် မျိုးနွယ်စုဝင်များသည် သူတို့၏ အမျိုးမျိုးသော အရုပ်စွမ်းအားများကို ထုတ်လွှတ်လိုက်၏။ သူတို့၏မျက်လုံးများမှာ နီရဲနေပြီး သတိအပြည့်ရှိနေသည်။ ဤလူများသည် မျိုးနွယ်စုအတွက် အသက်ပေးဖို့ အသင့်ဖြစ်နေကြောင်း သိသာသည်။ မျိုးနွယ်စုငါးစု၏ အနုသုခုမရုပ်ခန္ဓာအဆင့် ခေါင်းကိုင်ဖခင်များ၊ နတ်ဆရာကြီးများနှင့် အကြီးအကဲများအားလုံး ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်ဖော်ထားကြသည်။ သူတို့ တဖွေးဖွေးထနေသော အနက်ရောင်မြူထုကို ကြည့်နေစဥ် သူတို့၏မျက်နှာများသည် တင်းမာခက်ထန်လျက်ရှိ၏။
ဤအခိုက်အတန့်တွင် အနက်ရောင်မြူထုသည် အကာအကွယ်ကို ဝင်တိုက်လိုက်လေသည်။ တဝုန်းဝုန်းတိုက်သံများ ဆူညံသွားပြီး မြေငလျင်တို့ လှုပ်ခတ်သွားသည်။ တစ်ခါ စိမ်းစိုနေခဲ့သော တောအုပ်များမှာ ညှိုးနွမ်းခြောက်ကပ်ပြီး မည်းနက်ကုန်၏။
တောတွင်းသားရဲတိရိစ္ဆာန်အမျိုးမျိုး၏ နာနာကျင်ကျင်အော်သံများ ကြားလိုက်ရသည်။ ၄င်းတို့၏ခန္ဓာကိုယ်များ စတင်ပုပ်သိုးဆွေးမြည့်လာပြီးနောက်ဆုံး အနက်ရောင်ရေအိုင်များ ဖြစ်သွားကြသည်။
ကျီးနတ်မင်းတောင်တန်းတစ်ခုလုံး သေခြင်းအခိုးအငွေ့များဖြင့် ပြည့်နှက်သွားရန် အချိန်အနည်းငယ်သာကြာလိုက်၏။
ရုတ်တရက် တအိအိလှုပ်ရှားနေသော မြူထုအတွင်းမှ ယုတ်မာကောက်ကျစ်သောအသံတစ်သံ ပဲ့တင်ထပ်လာသည်။ "ကျီးနတ်မင်းမျိုးနွယ်စုငါးစု၊ ငါတို့က အဆိပ်ငါးသွယ်မျိုးနွယ်စုရဲ့ ပင့်ကူအဖွဲ့ပဲ။ မင်တို့ အခု အညံ့ခံမလား ... အသေခံမလား" အသံကြီးက မိုးခြိမ်းသံကြီးသဖွယ် အဘက်ဘက်သို့ ရိုက်ညောင်းသွား၏။ သြဇာကြီးမားပြီး အထက်စီးဆန်သောစိတ်ဆန္ဒကို ဤအသံအတွင်း၌ ခံစားရနိုင်သည်။ ယင်းက အနုသုခုမရုပ်ခန္ဓာ အလတ်အလတ်အဆင့်စွမ်းအားဖြစ်၏။ ၄င်းက မျိုးနွယ်စုငါးစုဝင်များ၏ နားထဲသို့ ဝင်ရောက်လာရာ အတော်များများ၏ မျက်နှာပေါ်၌ သွေးမရှိတော့ပေ။ အကာအကွယ်ရှိနေသည့်တိုင် ၄င်းက သူတို့ပါးစပ်မှ သွေးများ စီးကျလာစေသေးသည်။
"မသေမချင်းတိုက်ခိုက်မယ်" အမှောင်ကျီးမျိုးနွယ်စု နတ်ဆရာကြီးက အော်သည်။ သူသည် အကင်းပါးသော မျက်ဝန်းများနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ဖြစ်၏။ သူ၏စကားလုံးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒနှင့် ပြည့်နှက်နေလျက် ဟိန်းထွက်သွားသည်။ ဤသည်ကား အဆိပ်ငါးသွယ်မျိုးနွယ်စုအတွက် အဖြေပင်။
"မသေမချင်း တိုက်ခိုက်မယ်" မျိုးနွယ်ဝင်အကုန်လုံး တစ်ညီတညာတည်း ဟစ်ကြွေးလိုက်ကြ၏။
"မသေမချင်း တိုက်ခိုက်မယ်" အံ့သြတုန်လှုပ်ဖွယ် အသံကြီးသည် သွေးအေးသောခိုင်မာပြတ်သားမှု ဖြစ်လာသည်။ ၄င်းက ကောင်းကင်သို့တိုင် ရိုက်ခတ်ပြီး အနက်ရောင်မြူများကို ထိုးဖောက်ကာ အဆိပ်ငါးသွယ်မျိုးနွယ်စု၊ ပင့်ကူအဖွဲ့ကျင့်ကြံသူတစ်ယောက်ချင်းထံ ဝင်ရောက်သွား၏။
ပင့်ကူအဖွဲ့၏ ကျင့်ကြံသူသုံးထောင်အကြားတွင် အယောက်နှစ်ဆယ်သည် အကြီးအကဲများဖြစ်ပြီး တစ်ယောက်က အစိမ်းရောင်ဝတ်ရုံနှင့် နတ်ဆရာကြီးတစ်ဦး ဖြစ်သည်။ လောလောဆယ်တွင် ဤလူအားလုံးက သွေးအေးသောမျက်နှာပေါ်၌ အရုပ်ဆေးမင်ကြောင်များရှိသည့် ကျင့်ကြံသူဆယ်ယောက်ကျော်မှ အထူးဂရုစိုက်ကာကွယ်ပေးထားသော မိန်းကလေးတစ်ဦးကို ကြည့်နေ၏။
မိန်းကလေးသည် ရဲရဲနီနေသောဝတ်ရုံ၊ ရှည်လျားလှပသော ဆံနွယ်လေးများနှင့် အသက်နှစ်ဆယ်စွန်းစွန်း ရှိသယောင်ပင်။ သူမသည် ပြစ်မျိုးမှဲ့မထင်အောင် လှရက်လွန်းပြီး သူမ၏အနီရောင်ဝတ်ရုံသည် အောက်ရှိ စွဲမက်ဖွယ်ရာ ရှိုက်ကြီးရှိုက်ဖိုအသွယ်သွယ်ကို ဖုံးကွယ်ခြင်းငှာ မစွမ်းနိုင်ချေ။ သူမအလှလေးသည် မိစ္ဆာဆန်ပြီး သူမမျက်ဝန်းလေးများက အကြင်နာမဲ့နေ၏။ ဤအကြင်နာမဲ့မှုက သူမအလှလေးနှင့် ဆန့်ကျင်ဘက်ဖြစ်နေရာ သူမကို ပို၍ပင် ဆွဲဆောင်မှုရှိနေစေတော့သည်။
သူမနဖူးပေါ်တွင် အဖြူရောင်ပင့်ကူအရုပ်ဆေးမင်ကြောင်တစ်ခု ရှိ၏။ ပင့်ကူသည် တဖျပ်ဖျက်လက်နေရင်း လှုပ်ရှားနေသယောင်ပင်။
ဤမိန်းကလေးသည် အဆိပ်ငါးသွယ်မျိုးနွယ်စု၏ သန့်စင်သမီးတော်ငါးပါးထဲက ပင့်ကူအဖွဲ့၏ ကျောက်ယူလန်ပင်။
သူမနဖူးပေါ်က အဖြူရောင်ပင့်ကူကို ဉာဏပင့်ကူဟုခေါ်သည်။ သဘာဝအတိုင်းမွေးဖွားလာသည့် သန့်စင်သမီးတော်များသာလျှင် ၄င်းကို ရရှိနိုင်၏။
"နတ်ဆရာကြီးရှင့်" သူမက အေးအေးဆေဆေးပြောသည်။ "တိုက်ပွဲစပါတော့။ အရင်ဆုံး အကာအကွယ်ကို တိုက်ခိုက်ပြီး အရုပ်ဘိုးဘေးကြီးကို ဆင့်ခေါ် လိုက်ပါ" သူမ၏ နာမည်အတိုင်း သူမအသံလေးက သစ်ခွပန်းလေးသဖွယ် လှပသော်လည်း အေးစက်သည်။
ပင့်ကူအဖွဲ့၏ နတ်ဆရာကြီးသည် အနက်ရောင်မှော်နှင်တံတစ်ချောင်းကိုင်ထားသော အစိမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦးဖြစ်သည်။ ကျိုးယူလန်၏ စကားကိုကြားသော် သူက ခေါင်းညိတ်ပြီးနောက် နှင်တံကို ရှေ့သို့ ညွှန်လိုက်သည်။ ချက်ချင်းပင် ပတ်ပတ်လည်ရှိ မြူငွေ့များ တထောင်းထောင်းထလာပြီးနောက် အကာအကွယ်ဆီ ပြေးထွက်သွားသော ဧရာမပင့်ကူကြီးတစ်ကောင်အသွင် ပြောင်းသွား၏။
ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ပြီး အကာအကွယ်တွင် လှိုင်းထသွားသည်။ သို့သော် ၄င်းကား မပျက်စီးပေ။ နတ်ဆရာကြီး မျက်မှောင်ကြုတ်သွားပြီးနောက် ညာဘက်ဖြင့် မုဒြာလက်ကွက် ဖော်လိုက်သည်။ ဧရာမပင့်ကူကြီး ပြိုကွဲပြီး တောင်ငါးလုံးမှ ပျံတက်လာသော အလင်းတန်းငါးတန်းထံသို့ တဟုန်ထိုးထွက်သွားသော အနက်ရောင်လှံငါးလက် ဖြစ်သွား၏။
"မျိုးနွယ်စု အရုပ်ဘိုးဘေးကြီးတို့ ကျေးဇူးပြုပြီး ထွက်လာကြပါလော့" အမှောင်ကျီးမျိုးနွယ်စုနတ်ဆရာကြီးက အော်သည်။ ကျောက်စိမ်းပြားတစ်ပြား သူ့လက်ထဲတွင် ပေါ်လာပြီး သူက ချေပစ်လိုက်၏။ ချက်ချင်းပင် တောင်ငါးလုံးမှ ထစ်ချုန်းသံများ ကြားလိုက်ရသည်။ ကျီးကင်းထောက်မျိုးနွယ်စု၏ သစ်ပင်လူကြီး၊ ကျီးမီးတောက်မျိုးနွယ်စု၏ မီးပင်လယ်နှင့် အစရှိသော .... ဘိုးဘေးကြီးများ ရုတ်ခြည်း ထွက်လာကြလေပြီ။ သို့သော် သူတို့ပေါ်လာသည့်အခိုက်အတန့်၌ .....
အစောင့်အရှောက်များအလယ်က ပင့်ကူအဖွဲ့ သန့်စင်သမီးတော်ကျိုးယူလန်က သူမ၏တဖျပ်ဖျပ်လက်နေသော ဖီးနစ်မျက်ဝန်းလေးများဖြင့် အမှောင်ကျီးမျိုးနွယ်စု နတ်ဆရာကြီးကို ကြည့်သည်။ သူတို့ အကြည့်ချင်းဆုံသွားပြီး တစ်ယောက်၏ရာထူးကို တစ်ယောက်သိကြကြောင်း ထင်ရှားသည်။ ဤနှစ်ယောက်မှာ စစ်ပွဲ၏ တာဝန်ရှိသူနှစ်ယောက်ဖြစ်လေသည်။
"ပင့်ကူဘိုးဘေးကြီးကို ဆင့်ခေါ်"
အပေါ်ရှိ တိမ်တိုက်များ တလိပ်လိပ်ထလာပြီး လေလယ်တွင် ဧရာမအက်ကြောင်းကြီး တစ်ကြောင်းပေါ်လာသဖြင့် မိုးခြိမ်းသံတမျှ ကျယ်လောင်သော ထစ်ချုန်းသံကြီး မြည်ဟည်းသွား၏။ တစ်ချောင်းစီက မီတာထောင်ပေါင်းများစွာ ရှည်လျားသော ပင့်ကူခြေကြီးငါးချောင်း ရုတ်တရက် လေအက်ကြောင်းထဲမှ ထွက်လာ၏။ ထိုအက်ကြောင်း၏အလွန်တွင် ဘာရှိနေသည်လဲ မမြင််နိုင်ပေ။ မည်သို့ဆိုစေ ခြေချောင်းများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ၄င်းတို့က တောင်ထိပ်ငါးခုဆီ ဦးတည်သွားသည်။ မျက်စိတစ်မှိတ်အတွင်း မန္တန်အစီအရင်များ အက်ကွဲသွားသဖြင့် ပေါက်ကွဲသံအကျယ်ကြီးများ ကြားလိုက်ရသည်။ မြေကြီးသည် တုန်ခါနေပြီး တောင်တို့ ယိမ်းထိုးနေချေပြီ။
မျိုးနွယ်စုငါးစု၏ အရုပ်ဘိုးဘေးကြီးများအားလုံး ဟိန်းဟောက်ပြီး ကောင်းကင်သို့ တန်းတန်းမတ်မတ် ပျံတက်သွားကြသည်။ ထို့နောက် ဝေဟင်ထက်တွင် နီရဲတောက်နေသော ပင့်ကူကြီးတစ်ကောင်က သူတို့ကို ဝင်တိုက်လိုက်၏။
"ပင့်ကူအဖွဲ့ တိုက်ပွဲဝင်ကျင့်ကြံသူအပေါင်းတို့" ကျောက်ယူလန်က နူးညံ့ချိုသာစွာ ဆိုသည်။ "တိုက်ပွဲအစီအရင်တွေ လုပ်ဖို့မလိုဘူး။ အရုပ်မိစ္ဆာပင့်ကူအိမ်တွေနဲ့ ဒီတစ်နေရာလုံးကို ပိတ်လှောင်လိုက်ပါ"
"သန့်စင်သမီးတော်ရဲ့ အမိန့်တော်အတိုင်းပါ" ပင့်ကူအဖွဲ့ကျင့်ကြံသူသုံးထောင်က မျက်ဝန်းများ၌ ရက်စက်မှုတို့ တဖျပ်ဖျပ်လက်နေလျက် အော်သည်။ သူတို့သည် ကောင်းကင်ကို မျက်နှာမူပြီး ဟိန်းဟောက်လိုက်ရာ အရုပ်ရောင်ခြည်များ ဖြာထွက်လာသည်။ ချက်ချင်းပင် ပုံရိပ်ယောင်မိစ္ဆာပင့်ကူများ ပေါ်လာပြီး လေထုမှာ အရပ်မျက်နှာအနှံ့သို့ ပျံထွက်သွားသော ပင့်ကူမျှင်များဖြင့် ပြည့်နှက်သွား၏။ ၄င်းတို့ တလက်လက်တောက်ပနေသော အကာအကွယ်ဆီသို့ လျင်မြန်စွာ သွားနေသဖြင့် တရွှီးရွှီးအသံများ မြည်နေတော့သည်။ ဤပင့်ကူမျှင်များတွင် အဆိပ်များလည်း ပါရှိပုံရသည်။
"အကြီးအကဲတို့၊ အတူတူပေါင်းပြီး မန္တန်အစီအရင်ကို ဖျက်စီးကြ" ကျောက်ယူလန်က ဆံနွယ်လေးကို လက်ကလေးနှင့် ကစားရင်း ပြောသည်၏ "အဲ့ဒီမျိုးနွယ်စုတွေရဲ့ ခေါင်းကိုင်ဖခင်တွေကို မျက်နှာထွက်ပြအောင် လုပ်လိုက်ပါ"
"သန့်စင်သမီးတော်ရဲ့ အမိန့်တော်မြတ်အတိုင်းပါ" ချက်ချင်းပင် အဘိုးကြီးတစ်ဒါဇင်ကျော်သည် ပင့်ကူအဖွဲ့တပ်အတွင်းမှ ပျံထွက်သွားကြသည်။ သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ အရုပ်ဆေးမင်ကြောင်များသည် အနုသုခုမရုပ်ခန္ဓာအဆင့်စွမ်းအားဖြင့် တဖျပ်ဖျပ်လက်နေ၏။ စွမ်းအားလှိုင်းများက အတူတကွပေါင်းစည်း၍ ထူးဆန်းသောပုံစံတစ်ခုကို ဖော်ဆောင်ကာ မျိုးနွယ်စုငါးစု၏ အကာအကွယ်ထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည့် မန္တန်ဝင်္ကပါတစ်ခုဖြစ်သွားသည်။
၄င်းတို့နှစ်ခု ထိတွေ့မိမည့်အချိန်မှာပင် အမှောင်ကျီးနတ်ဆရာကြီး၏ မျက်လုံးများ အရောင်လဲ့သွားသည်။
"ကျီးကင်းထောက်နဲ့ ကျီးမီးတောက်မျိုးနွယ်စုရဲ့ ခေါင်းကိုင်ဖခင်တို့၊ ကျန်သုံးစုရဲ့ နတ်ဆရာကြီးနဲ့ အကြီးအကဲတွေကို ဦးဆောင်ပြီး တိုက်ခိုက်ပါတော့"
ချက်ချင်းပင် ကျီးကင်းထောက်မျိုးနွယ်စုခေါင်းကိုင်ဖခင်က ဟိန်းဟောက်ပြီး ရှေ့ထွက်သွားသည်။ သူ့နောက်မှ နတ်ဆရာကြီးများ၊အကြီးအကဲများနှင့် ကျီးမီးတောက်ခေါင်းကိုင်ဖခင်တို့ လိုက်သွားသည်။ သူတို့သည် အကာအကွယ်ကို ဖျက်စီးရန် လာနေသော ကျင့်ကြံသူများကို သွားရောက်ဟန့်တားကြသည်။
ဤအခိုက်အတန့်တွင် အမှောင်ကျီးနတ်ဆရာကြီးက ရုတ်တရက် အမိန့်ပေးသည်။ "မျိုးနွယ်စုငါးစုရဲ့ အဖွဲ့ဝင်တို့၊ အကြိုစစ်ပွဲဗျူဟာအတိုင်း လူငါးဆယ်တစ်ဖွဲ့စီဖွဲ့မယ်။ လူငါးဆယ်အဖွဲ့ငါးဖွဲ့က တပ်စိတ်တစ်စိတ်အဖြစ် စုပေါင်းမယ်။ တပ်စိတ်ငါးစိတ်က တပ်ရင်းတစ်ရင်းဖော်ဆောင်မယ်။ တပ်ရင်း (၁) က အနောက်မြောက်၊ တပ်ရင်း (၂) က အရှေ့မြောက်၊ တပ်ရင်း (၃) က မြောက်တည့်တည့်ကို ကာကွယ်။ မြင်မြင်သမျှ အကုန်သတ်ပစ်
"မှတ်ထားပါ အသေခံပြီး မတိုက်နဲ့။ ဒဏ်ရာရရင် ပြန်ကုဖို့အတွက် အကာအကွယ်ထဲ ချက်ချင်းပြန်လာပါ
"တပ်ရင်း (၄) ၊ တပ်ရင်း (၅) လိုအပ်ရင် လိုအပ်သလို အလှည့်ကျ ဝင်တိုက်မယ်။ တပ်ရင်း (၆) အကာအကွယ်ထဲမှ အစောင့်အနေနဲ့နေ။ ဒါက ခဏလေးနဲ့ ပြီးမယ့် စစ်ပွဲမဟုတ်ဘူး။ မျိုးနွယ်ဝင်တို့ ကျီးနတ်မင်းအတွက် တိုက်ခိုက်ကြစို့" ချက်ချင်းပင် မျိုးနွယ်စုငါးစု၏ ကျင့်ကြံသူများသည် မျက်လုံးများနီရဲလျက် အကာအကွယ်အပြင်သို့ ထွက်သွားကြ၏။
"ကျီးနတ်မင်းအတွက်" သူတို့က ဟစ်ကြွေးရင်း ပင့်ကူအဖွဲ့မှ လာနေသော ကျင့်ကြံသူသုံးထောင်ကို ရင်ဆိုင်ရန် ပြေးထွက်သွားသည်။
စစ်ပွဲမီးတောက်များသည် ကောင်းကင်ယံသို့တိုင် ဒေါသတကြီး လောင်မြိုက်နေတော့သည်။ မှော်အလင်းများက နေရာလပ်မကျန် လင်းလက်နေသည်။ ဝေဟင်ထက်တွင် အရုပ်ဘိုးဘေးကြီးငါးယောက်သည် ပင့်ကူအဖွဲ့၏ မိစ္ဆာပင့်ကူကြီးနှင့် အကြိတ်အနယ် တိုက်ခိုက်နေ၏။ ထိုတိုက်ပွဲသည် အနုသုခုမရုပ်ခန္ဓာအဆင့်ထက် အဆများစွာ ပြင်းထန်လေသည်။ လှိုင်းများက မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းရင်း ဖြာထွက်နေရာ အောက်ရှိလူများအဖို့ တိုက်ပွဲအခြေအနေကို မမြင်ရပေ။
သူတို့အောက်တွင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ အသေအကြေတိုက်ခိုက်နေကြသည်။ မြူများကား အရပ်မျက်နှာတစ်ခွင်သို့ ပျံ့နှံ့လာရာ အရိပ်များမှလွဲ၍ မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရဖြစ်နေသည်။ သို့သော် တိုက်ပွဲကား ပြင်းထန်သည်မှာတော့ ယုံမှားဖွယ်မရှိပေ။
ထို့အောက်၊ အကာအကွယ်၏အပြင်တွင် နှစ်ဖက်သော ကျင့်ကြံသူထောင်များစွာကား သွေးမိုးများကို ဖန်တီးနေတော့သည်။ ပင့်ကူအဖွဲ့အတွက် ဤသည်မှာ သူတို့၏မာနကို ကာကွယ်ဖို့ တိုက်ပွဲပင်။ သူတို့ နိုင်မှ ဖြစ်မည်။
သို့သော် မျိုးနွယ်စုငါးစုအတွက်တော့ သူတို့၏အိမ်၊ သူတို့မိတ်ဆွေများအတွက် တိုက်ခိုက်နေရခြင်းပင်။ သူတို့ နောက်ဆုတ်လို့မရသလို၊ ရှုံးလို့လည်းမဖြစ်ပေ။ သေရမည်ဆိုလျှင် အဆုံးအထိတိုက်ခိုက်ပြီးမှ သေမည်။ အဘယ်ကြောင့်ဆိုသော် ... သူတို့အနောက်၊ အကာအကွယ်ထဲတွင် သူတို့၏အဖေ၊ အမေ၊ ညီလေး၊ ညီမလေးများ၊ ဆွေမျိုးများအားလုံး ကြည့်နေကြ၍ပင်။
"မသေမချင်း"
"တိုက်ခိုက်မယ်"
"ကျီးနတ်မင်းအတွက် ၊ ငါတို့မျိုးနွယ်စုတွေအတွက်" ဟစ်ကြွေးသံများ ပဲ့တင်ထပ်နေသည်။ စစ်ပွဲ၏ အောက်ဆုံးအဆင့်မှာ အရက်စက်ဆုံးဖြစ်၏။ သွေးပျက်ဖွယ်အော်သံများ ဆူညံနေပြီး၊ သွေးများက တဖွားဖွား လွင့်စင်နေသည်။
အကာအကွယ်အတွင်းရှိ မျိုးနွယ်ဝင်များမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကြည့်နေကြသည်။ ကလေးများမှာ ကြောက်လန့်တကြား ငိုယိုနေကြပြီး မိန်းကလေးများ မျက်ရည်ကျနေကြ၏။ မိခင်ဖြစ်သူတို့ ရင်ကွဲနေပြီး ဖခင်ဖြစ်သူများ၏ မျက်နှာပေါ်တွင် မျက်ရည်များ တလှိမ့်လှိမ့် စီးကျလာသည်။
အကာအကွယ်နှင့် ခပ်လှမ်းလှမ်း၊ ပင့်ကူတပ်ဖွဲ့အတွင်းတွင် ကျောက်ယူလန် သက်ပြင်းချလိုက်သည်။ သူမမှာ တခဏ စိတ်ထိခိုက်သွားသော်လည်း မကောင်းသောခံစားချက်များက သက်ပြင်းနှင့်အတူ မျောလွင့်သွားလေပြီ။ စစ်ပွဲ၌ မှန်သည်၊ မှားသည်ဆိုသည်မှာ ကိုယ့်အမြင်ပေါ်တွင်သာ မူတည်၏။
"မိစ္ဆာသားရဲသခင်တို့။ ကျွန်မတို့ ထိပ်ဆုံးလျှို့ဝှက်ချက်စာတမ်းထဲမှာ ဖော်ပြထားတဲ့၊ ကျိုးရီကို သတ်တဲ့တရားခံ မိစ္ဆာသားရဲသခင်ကို ကောင်းကောင်းသိတယ်မလား။ အခု သူ့ကို မျိုးနွယ်စုငါးစုထဲက ဆွဲထုတ်ဖို့ အချိန်ကျပြီ"
ပင့်ကူအဖွဲ့ကျင့်ကြံသူများအကြား၊ တပ်ဖွဲ့၏အနောက်တွင် ရပ်နေသော မိစ္ဆာသားရဲသခင်သုံးဦးရှိ၏။ သူတို့သည် အနက်ရောင်ဝတ်ရုံများ ဝတ်ဆင်ထားပြီး စက်ဆုပ်ဖွယ်အခိုးအငွေ့များကို ထုတ်လွှတ်နေသည်။ ထိုမျှသာမက သူတို့အားလုံးကို သေစေနိုင်သောတိုက်ကွက်များမှ ကာကွယ်ပေးထားသည့် ပစ္စည်းအမျိုးမျိုးက ခြံရံထားသည်။
ကျောက်ယူလန်၏ စကားများ ကြားသောအခါ ထိုသုံးယောက်က ပြုံးပြီး အင်္ကျီလက်စများ ခါလိုက်သည်။ ချက်ချင်းပင် ကမ္ဘာသစ်မိစ္ဆာများ၏ ဟိန်းဟောက်သံကြီး မြည်ဟည်းလာကာ အလင်းတန်းတစ်တန်းပြီးတစ်တန်း ပေါ်လာသည်။ ကမ္ဘာသစ်မိစ္ဆာတစ်သောင်းနီးပါး ဤလူတစ်ယောက်ချင်းစီ၏ ဘေးတွင် ပေါ်လာသဖြင့် ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွား၏။
အမှောင်ကျီးနတ်ဆရာကြီး ဤအခြင်းအရာကို မြင်သောအခါ မျက်နှာ ရိပ်ခနဲ ဖြစ်သွား၏။ ဤစစ်ပွဲနှင့်ပတ်သက်၍ တစ်ခုခုက မူမမှန်သော်လည်း လောလောဆယ်တွင် သူ့၌ ရွေးချယ်စရာမရှိပေ။ သူက တောင်အနောက်ရှိစီရင်စုဘက် လှည့်ရင်း လက်ယှက်၍ လေးလေးနက်နက် အရိုအသေ ပေးလိုက်သည်။ "မဟာအကြီးအကဲမန်၊ အကူအညီအား တောင်းခံပါတယ်"
မန်ဟိုသည် စစ်ပွဲကို စောင့်ကြည့်ရင်း သူ့ခြံထဲတွင် တင်ပျဥ်ခွေထိုင်နေ၏။ ဝေဟင်ထက်တွင် ဖြစ်ပျက်နေသည့်အရာများအပြင် စစ်မြေပြင်ပေါ်ရှိ သွေးမုန်တိုင်းကိုလည်း သူမြင်ခဲ့ပြီးလေပြီ။ ၄င်းက သူ့ကို အနက်ရောင်နယ်မြေမှာတုန်းက သန့်စင်နှင်းမြို့တော်စစ်ပွဲကို ပြန်တွေးမိစေသည်။
ထို့နောက် သူက ရွှေကျီးကန်းကြီးနှင့် သစ်ပင်ကြီးကို ပြန်တွေးလိုက်၏။
အချိန်အတော်လေးကြာသော် သူ သက်ပြင်းချလိုက်သည်။
"ခင်ဗျားရဲ့ ကျေးဇူးကြောင့်.... ခင်ဗျားဖန်တီးခဲ့တဲ့ မျိုးနွယ်စု ဆက်လက်တည်မြဲအောင် ကျုပ် အကောင်းဆုံး ကြိုးစားပေးပါ့မယ်" သူက သက်ပြင်းဖွဖွချရင်း ထပြီး ခြံထဲမှ လမ်းလျှောက်ထွက်လာသည်။ ဘီလူးရိုင်းကြီးက သွေးဆာနေသောမျက်လုံးများဖြင့် ကောင်းကင်ကို မျက်နှာနူ၍ ဟိန်းဟောက်ပြီး အနောက်မှလိုက်လာ၏။ ဤကဲ့သို့ စစ်ပွဲမျိုးသည် ဘီလူးရိုင်းကြီး၏ အကြိုက်နှင့်ကွက်တိပင်။
***