နတ်ဆိုးနှလုံးသားပန်း
Vol. 32 Ch. 439
အကာအကွယ်၏အပြင်တွင် ပင့်ကူအဖွဲ့မှ အဆင့် (၉) မိစ္ဆာသားရဲသခင်သုံးဦး စတင်တိုက်ခိုက်ပြီဖြစ်၏။ မြောက်မြားစွာသော ကမ္ဘာသစ်မိစ္ဆာများက ကောင်းကင်ကို ပိတ်ဖုံးကွယ်ကာ မြေပြင်ကို စိုးမိုးသွားကြသည်။ ဤမိစ္ဆာသားရဲသခင်များနှင့်ပတ်သက်၍ အလွန်ထူးခြားသည့်အရာတစ်ခုရှိသည်။ သူတို့၏ကမ္ဘာသစ်မိစ္ဆာအုပ်၌ ကမ္ဘာသစ်မိစ္ဆာအမျိုးအစားတစ်မျိုးတည်းသာ ပါရှိခြင်းပင်။
သူတို့သုံးယောက်ထဲက တစ်ယောက်တွင် လေကိုခွင်း၍ ပျံထွက်သွားသည့် ရက်စက်ကြမ်းကြုတ်သော မီးခိုးရောင် ပင်လယ်ပျော်ငှက်ကြီးများတစ်အုပ် ပိုင်ဆိုင်ထားသည်။ ထူးဆန်းစွာနှင့် ဤငှက်တစ်ကောင်စီတွင် ခြေသည်းသုံးချောင်းနှင့် ရင်ဘတ်ပေါ်၌ လူမျက်နှာကြီးရှိလေသည်။
အံ့သြဖွယ်ကောင်းစွာပင် အခြားမိစ္ဆာသားရဲသခင်ကို ဧရာမပုရွက်ဆိတ်ကြီးများက ဝန်းရံထား၏။ ပုရွက်ဆိတ်များအနက် အကြီးဆုံးမှာ ခြောက်မီတာခန့် ရှည်သည်။ ထို့ထက်သေးသော အကောင်များမှာတော့ များလွန်း၍ ရေတွက်လို့ပင် မရပေ။ ၄င်းတို့သည် ပြွတ်သိပ်လျက် အရာအားလုံးကို လွှမ်းခြုံရင်း လာနေကြသည်။
နောက်ဆုံးမိစ္ဆာသားရဲသခင်မှာ မာနကြီးသောမျက်နှာထားနှင့် အဘိုးကြီးတစ်ဦးဖြစ်၏။ နကျယ်သိုက်ကိုးခုက သူ့ပတ်ပတ်လည်ရှိ လေထုထဲတွင် ပျံဝဲနေပြီး သူ့ကို အဆိပ်နကျယ်တစ်အုပ်က ဝန်းရံထားသည်။ ၄င်းတို့၏ တဝီဝီမြည်သံက မည်သူ့ကိုမဆို ခေါင်းကြိမ်းသွားစေရန် လုံလောက်၏။
အမျိုးအစားတစ်မျိုးတည်းပါဝင်သော ကမ္ဘာသစ်မိစ္ဆာအုပ်များသည် မိရိုးဖလာ မိစ္ဆာသားရဲသခင်များအတွက် ပုံမှန်ဖြစ်သည်။ ဤလူများမှာ အမွေအနှစ်တစ်ခုမှ အကျိုးခံစားခွင့် ကိုယ်စီရရှိခဲ့သော မိစ္ဆာသားရဲသခင်များပင်။ ထိုကဲ့သို့အမွေအနှစ်များသည် မိစ္ဆာသားရဲသခင်မျိုးရိုးအဆက်ဆက် လက်ဆင့်ကမ်းခံခဲ့ရလေသည်။
သူတို့က အမျိုးတူကမ္ဘာသစ်မိစ္ဆာများအား ဆင့်ခေါ်နိုင်သည်ကို ထည့်တွက်လျှင် သူတို့နှင့် ကမ္ဘာသစ်မိစ္ဆာအမျိုးမျိုးပိုင်ဆိုင်သော သင်းကွဲမိစ္ဆာသားရဲသခင်များအကြား ခြားနားမှုကို အလွယ်တကူမြင်နိုင်လေသည်။
ဤမိစ္ဆာသားရဲသခင်သုံးဦး ပေါ်လာသည်ကို တွေ့ပြီးနောက်တွင် မန်ဟိုက တည်ငြိမ်အေးဆေးစွာဖြင့် ဘီလူးရိုင်းကြီး၏ ဧရာမကိုယ်ကြီးအပေါ်တွင် ရပ်လိုက်သည်။ ၄င်းက ဟိန်းဟောက်ရင်း ရှေ့သို့ ပြေးထွက်လာရာ အကာအကွယ်၏အပြင်ရှိ လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်လေသည်။
သူထွက်ပေါ်လာမှုက ကျောက်ယူလန်၏ အမူအရာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ သူမက မန်ဟို့ကို တခဏ အကဲခတ်ပြီးနောက် မျက်မှောင်ကြုတ်သွား၏။
တစ်ချိန်တည်းမှာပင် ပင့်ကူအဖွဲ့မှ ဤအဆင့် (၉) မိစ္ဆာသားရဲသခင်များက မန်ဟို့ကို လှမ်းကြည့်ပြီး အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။ ထို့နောက် သုံးယောက်အားလုံး မုဒြာလက်ကွက်များ ဖော်လိုက်ရာ သူတို့၏ကမ္ဘာသစ်မိစ္ဆာတစ်အုပ်စုစီမှ ထောင်နှင့်ချီကို အကာအကွယ်ဆီ ရုတ်တရက် ထွက်သွားစေသည်။
ဤမတူညီသော ကမ္ဘာသစ်မိစ္ဆာသုံးအုပ်က အတူတကွ စုပေါင်းသွားသည့်အတွက် အရေအတွက်အားဖြင့် တစ်သောင်းနီးပါးရှိသွား၏။ မန်ဟိုက အေးစက်စက်နှာမှုတ်လိုက်သည်။ ဟိန်းဟောက်နေသော ဘီလူးရိုင်းကြီးက ရုတ်တရက် သွေးဆာနေသော မျက်လုံးကြီးများဖြင့် အကာအကွယ်အပြင်သို့ ခုန်ထွက်ပြီး လာနေသော ကမ္ဘာသစ်မိစ္ဆာအုပ်ဆီ ဦးတည်သွားသည်။
လေအလယ်တွင် မန်ဟိုက ညာလက်ကို ဝှေ့ယမ်း၍ သူ့ညာလက်အပေါ်ရှိ အရုပ်ဆေးမင်ကြောင်များကို စတင်တောက်ပလာစေသည်။ ရုတ်တရက် အလွန်စူးရှသော အလင်းရောင်တို့ ဖြာထွက်လာကာ လျှပ်တပြက်အတွင်း အနက်ရောင်ကျီးတစ်အုပ် ဖြစ်သွားသည်။
ကျီးနက်များက ပေါ်လာသည်နှင့် ခပ်စူးစူး အာလိုက်သည်။ ရုတ်တရက် စစ်မြေပြင်ပေါ်ရှိ အလောင်းများထံမှ သက်ဝင်လှုပ်ရှားနေသော အနက်ရောင်အခိုးအငွေ့များ ထွက်လာကာ ကျီးနက်များ၏ စုပ်ယူခြင်း ခံလိုက်ရသည်။ ၄င်းတို့က မြူငွေ့များသဖွယ် ကျီးနက်များကို ရစ်သိုင်းလှည့်ပတ်ပြီးနောက် လာနေသော ကမ္ဘာသစ်မိစ္ဆာများထံ ထွက်သွားသည်။
တစ်ဆက်တည်းမှာပင် အစိမ်းရောင်အလင်းတစ်ချက်က မန်ဟို့ကို ဖျတ်ခနဲ လှည့်ပတ်သွားသည်။ လင်းနို့နက်ကြီးနှင့်အတူ မောင်မွှေးထူနှင့် သစ်စိမ်းဝံပုလွေအုပ် ပေါ်လာသည်။ ၄င်းတို့လည်း တိုက်ခိုက်ရန် ပြေးထွက်သွား၏။
လင်းနို့နက်ကြီးကိုမူ မန်ဟိုက နည်းနည်းမှ ဂရုမစိုက်သယောင်ထင်ရသည်။ တကယ်တော့ သူသည် ထိုသတ္တဝါကို အလွန်အရေးထား၏။ ၄င်းသည် သစ်သားဓားတစ်လက်၏ ဖိနှိပ်ခြင်းခံခဲ့ရသော ကမ္ဘာသစ်မိစ္ဆာတစ်ကောင်မဟုတ်ပါလော။ ၄င်း အခု ထုတ်ဖော်ထားသည့် စွမ်းအားမှာ ၄င်းထုတ်နိုင်သည့်အတိုင်းအတာအကုန် မဟုတ်ကြောင်း သူအတော်လေး သေချာသည်။ တမင်တကာ ထိမ်ချန်ထားသည်လား၊ ဒဏ်ရာက ပြင်းထန်လွန်း၍ နလန်ပြန်ထူရန် အချိန်ထပ်လိုသည်လား တစ်ခုခုပင်။
ဒုတိယတစ်ခုဆိုလျှင်တော့ ၄င်း ယခုအချိန်တွင် အလွန်အားနည်းနေသည်ဟု ဆိုလိုသည်။ အားနည်းနေသော်ငြား ၄င်း၏ကျင်ကြံခြင်းအခြေခံက အဆင့် (၇) နီးနီးရှိသေး၏။
ကမ္ဘာသစ်မိစ္ဆာနှစ်အုပ် ဝင်တိုက်ပြီး အကြိတ်အနယ် တိုက်ခိုက်နေကြသဖြင့် အံ့သြတုန်လှုပ်ဖွယ် ပေါက်ကွဲသံကြီးများ တဝုန်းဝုန်း တဂျိန်းဂျိန်း မြည်ဟည်းနေတော့သည်။
မန်ဟိုကိုယ်တိုင်က စစ်မြေပြင်ပေါ်က အာရုံတော်တော်များများကို ဆွဲဆောင်ခဲ့သည်။ မိစ္ဆာသားရဲသခင်တိုက်ပွဲများသည် နေရာတော်တော်ယူပြီး အစွမ်းထက်အရှိန်အဝါများအား ဖြစ်ပေါ်လာစေသည် မဟုတ်ပါလော။ မျက်စိတစ်မှိတ်အတွင်း ဤမိစ္ဆာသားရဲသခင်တိုက်ပွဲမှာ လေးခုမြောက်တိုက်ပွဲ ဖြစ်လာခဲ့လေပြီ။
ပင့်ကူအဖွဲ့ မိစ္ဆာသားရဲသခင်သုံးယောက်ထဲမှ တစ်ယောက်က အေးစက်စက်ရယ်ပြီး ပြောသည်။ "မလောက်လေးစား သင်းကွဲမိစ္ဆာသားရဲသခင်ကများ။ မင်း ကျိုးရီကို ကံကောင်းပြီး သတ်နိုင်ခဲ့တာကွ။ မင်းရဲ့ ကမ္ဘာသစ်မိစ္ဆာအုပ်မှာ ထူးဆန်းတဲ့အကောင်တွေပါပေမယ့် ငါတို့သုံးယောက်ကို မင်းမနိုင်နိုင်ပါဘူး"
မန်ဟိုသည် သူတို့၏ တစ်ယောက်တည်းသော ရန်သူဖြစ်ပြီး သူတို့၏တစ်ခုတည်းသော တာဝန်က သူ့ကို ခေါ်ထုတ်၍ သတ်ဖြတ်ရန်ပင်။
သူ သူတို့သုံးယောက်ကို ပြန်တိုက်ခိုက်သည်ကို ကြည့်ရင်း သုံးယောက်သား အကြည့်ချင်းဖလှယ်ပြီးနောက် မုဒြာလက်ကွက်များ စဖော်တော့သည်။ ချက်ချင်းပင် သူတို့ကို ဝန်းရံလျက်ရှိသည့် ကျန်ကမ္ဘာသစ်မိစ္ဆာများ ခေါင်းထောင်၍ ဟိန်းဟောက်ပြီး ရှေ့သို့ ထွက်သွားကြသည်။
အံ့သြတုန်လှုပ်ဖွယ်ရာ မြင်ကွင်းကြီးနှင့် မိုးခြိမ်းတမျှ ကျယ်လောင်သော ဟိန်းဟောက်သံများက ပတ်ဝန်းကျင်ရှိ တိုက်ပွဲဝင်စစ်သည်အတော်များများကို မိစ္ဆာသားရဲသခင်တိုက်ပွဲအား ရုတ်တရက် လှမ်းကြည့်မိလိုက်စေသည်။
ပင့်ကူအဖွဲ့ မိစ္ဆာသားရဲသခင်သုံးဦးက ကောက်ကျစ်စွာ ရယ်ရင်း မုဒြာလက်ကွက်များ ထပ်မံဖော်လိုက်ရာ သူတို့ခန္ဓာကိုယ်ပေါ်ရှိ အရုပ်ဆေးမင်ကြောင်များကို စတင်တောက်ပလာစေသည်။ ရုတ်တရက် သူတို့ပတ်ပတ်လည်ရှိ လေထုထဲတွင် အဆင့် (၁၀) ကမ္ဘာသစ်မိစ္ဆာရာပေါင်းများစွာ မှော်ဆန်ဆန် ပေါ်လာ၏။ ၄င်းတို့အားလုံးက တစ်ပြိုင်တည်း မန်ဟို့ဆီ ဦးတည်သွားကြသည်။
"မိစ္ဆာသားရဲသခင်တွေရဲ့ စွမ်းအားက ဘာလဲ မင်းနားလည်အောင် ငါတို့ လုပ်ပေးမယ်" သူတို့ပါးစပ်မှ စကားလုံးများ ထွက်သွားသည့်အချိန်မှာပင် သုံးသောင်းနီးပါးရှိသော သူတို့၏ ကမ္ဘာသစ်မိစ္ဆာအုပ်သည် မန်ဟို့အနားရောက်သွားပြီဖြစ်၏။ မန်ဟို့၏ ကမ္ဘာသစ်မိစ္ဆာအုပ်မှာ ခက်ခက်ခဲခဲ ပြန်တိုက်ခိုက်နေရပုံပေါ်နေသည်။ သူတို့မှာ လုံးလုံးလျားလျား ဝါးမြိုခံရပေတော့မည်။
မန်ဟိုသည် ယခင်အတိုင်း တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် လာနေသော ကမ္ဘာသစ်မိစ္ဆာများကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ခြေထောက်နှင့်လက်ကို သာမန်ကာလျှံကာ လှုပ်လိုက်၏။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်မှ အရုပ်အလင်းများ ဖြာထွက်လာသည်။ တောက်ပနေသော အလင်းရောင်အတွင်း၌ ဟိန်းဟောက်နေသည့် သစ်စိမ်းဝံပုလွေများနှင့်အတူ မီးမြေလူးငှက်များနှင့် ကျောက်လူကြီးများရှိသည်။ လှိုင်းထနေသော ရေဒိုင်းများဖြင့် ဝန်းရံခံထားရသည့် ကမ္ဘာသစ်မိစ္ဆာအမြောက်အမြားလည်း ရှိ၏။
ထိုစဥ် ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံကြီးနှင့်အတူ အနီရောင်မိကျောင်းရိုင်းကြီးတစ်ကောင် စစ်မြေပြင်ပေါ်သို့ တွားသွားထွက်လာသည်။
ထို့နောက် အနက်ရောင်မြူများ တထောင်းထောင်းထလာကာ အထဲမှ ခပ်စူးစူးအသံတစ်သံ ကြားလိုက်ရသည်။ ထိုအနက်ရောင်မြူထုအတွင်းမှ ယခုလေးတင် မြေအောက်ကမ္ဘာ၏ မရဏသင်္ချိုင်းမှ တွားသွားထွက်လာပုံရသော အနက်ရောင်ပုတ်သင်ကြီးတစ်ကောင် တွားသွားထွက်လာ၏။ ၄င်းပေါ်ပေါက်လာမှုက လေထုကို ချက်ချင်း တုန်ခါသွားစေသည်။
ထို့နောက် အစိမ်းရောင်ခြင်ရိုင်းကြီးများ မန်ဟို့အနားတွင် ပေါ်လာသဖြင့် တဝီဝီမြည်သံများ ဆူညံသွားသည်။
ကမ္ဘာသစ်မိစ္ဆာတစ်အုပ်ပြီး တစ်အုပ် ပေါ်လာနေသဖြင့် ပင့်ကူအဖွဲ့မိစ္ဆာသားရဲသခင်များမှာ မျက်စိမျက်နှာပျက်လာတော့သည်။ တစ်ချိန်တည်းမှာပင် မန်ဟိုက ရှေ့သို့ လျှောက်လာ၏။ သူထိုသို့ လျှောက်လာစဥ် သူ့အနားတဝိုက်ရှိ လေထုတွင် လှိုင်းတွန့်များ ထလာပြီး ပင့်ကူသေးသေးလေး တစ်သောင်းကျော်နှင့်အတူ မီတာသုံးရာအရွယ် ပင့်ကူကြီးများပေါ်လာသည်။ အဆိုပါ ကမ္ဘာသစ်မိစ္ဆာသုံးသောင်းကျော်သည် အရာအားလုံးကို တုန်ခါနေစေရင်း လေကို ခွင်း၍ သွားနေ၏။ ၄င်းတို့က မိစ္ဆာသားရဲသခင်သုံးဦးဆီ ချက်ချင်း ထွက်သွားကြသည်။
မန်ဟို၏ ကမ္ဘာသစ်မိစ္ဆာများ ပင့်ကူအဖွဲ့မှ အကောင်များနှင့် ဝင်တိုက်လိုက်သည်နှင့်တစ်ပြိုင်နက် မချိတင်ကဲ အော်သံများ လေတွင် ပြည့်နှက်သွားသည်။ မိစ္ဆာသားရဲသခင်သုံးဦး၏ ကမ္ဘာသစ်မိစ္ဆာများမှာ မန်ဟို့၏ကမ္ဘာသစ်မိစ္ဆာများကို တားဆီးခြင်းငှာ မစွမ်းနိုင်ပေ။ ၄င်းတို့မှာ ထိခိုက်ဒဏ်ရာရကာ သတ်ဖြတ်ခံနေ၍ နောက်ပြန်ဆုတ်ရန် ကြိုးစားနေကြသည်။ ကံဆိုးစွာနှင့် မန်ဟို့၏ ကမ္ဘာသစ်မိစ္ဆာများက ၄င်းတို့ကို လျင်မြန်စွာ ဝိုင်းလိုက်လေပြီ။
မိစ္ဆာသားရဲသခင်သုံးဦး၏မျက်နှာ ပျက်ယွင်းပြီး ဖြူဖျော့လာသည်။ တစ်ချိန်တည်းမှာပင် ကျောက်ယူလန်၏ မျက်လုံးများ ဝိုင်းစင်ပြူးကျယ်သွားပြီး မယုံနိုင်သောအရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။ ထို့နောက် သူမ၏ နူးညံ့သောအသံလေးအား နောက်တစ်ဖန် ကြားလိုက်ရ၏။
"နတ်ဆရာကြီး၊ ဒီလူကို ကျွန်မတို့ သတ်ချင်ရင် အစွမ်းထက်ဆုံးပညာရှင်ဖြစ်တဲ့ ကျီးစစ်သည်မျိုးနွယ်စုရဲ့ ခေါင်းကိုင်ဖခင်ကို အရင်ဆုံး ခေါ်ထုတ်ရမယ်ထင်တယ်။ သူလည်း ရှိနေမှ ဒီမျိုးနွယ်စုငါးစုကို အမြစ်ဖြုတ်ပစ်မယ့် ကျွန်မတို့အစီအစဥ်ကို အကောင်အထည်ဖော်နိုင်မှာ။ နတ်ဆရာကြီး လှုပ်ရှားပါတော့"
ပင့်ကူအဖွဲ့နတ်ဆရာကြီးဖြစ်သည့် အစိမ်းရောင်ဝတ်ရုံနှင့်အဘိုးကြီးက သူမစကားကြောင့် ပြုံးလိုက်သည်။ သူသည် သူ၏ သစ်သားနှင်တံကို ဝှေ့ယမ်းပြီး အသေးစားနေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်၏။ သူ ပြန်ပေါ်လာသောအခါ မန်ဟို့အရှေ့တည့်တည့်သို့ ရောက်နေလေပြီ။ သူရောက်လာလျှင်ချင်း မန်ဟို့၏ မျက်လုံးများ ဖျတ်ခနဲ လက်သွားသည်။ ထိုလူ ရောက်တော့မည်ကို အာရုံရကတည်းက မန်ဟိုအသင့်ပြင်ထားပြီးဖြစ်၏။ သူက မျက်လုံးများ အေးစက်လျက် နောက်ဆုတ်လိုက်သည်။
အကာအကွယ်အတွင်းတွင် အမှောင်ကျီးနတ်ဆရာကြီးသည် တစ်ခုခုက မမူမှန်ကြောင်း ပြောနိုင်သော်လည်း ဘာလဲ သေချာမသိပေ။ ကံဆိုးစွာနှင့် သူ၏ ထူးဆန်းနေသော ခံစားချက်ကို အဖြေထုတ်ရန် အချိန်လည်း ရှိမနေ။
သူက အံတင်းတင်းကြိတ်ရင်း ပြောသည်။ "ကျီးစစ်သည်မျိုးနွယ်စု ခေါင်းကိုင်ဖခင်၊ မဟာအကြီးအကဲမန် အချိန်ရအောင် ကျေးဇူးပြုပြီး အဲ့ဒီနတ်ဆရာကို ဟန့်တားပေးပါ"
သူ့ဘေးရှိ ကျီးစစ်သည်မျိုးနွယ်စု ခေါင်းကိုင်ဖခင်၏မျက်ဝန်းများ အေးစက်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် အသေးစားနေရာရွှေ့ပြောင်းခြင်းဖြင့် ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသောအခါ သူသည် ပင့်ကူအဖွဲ့ခွဲ နတ်ဆရာကြီးကို မန်ဟို့အနားမကပ်အောင် ဟန့်တားနေပြီဖြစ်သည်။ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး စကားတစ်ခွန်းမှမဆိုဘဲ ချက်ချင်း နတ်ဘုရားစွမ်းရည်များ ထုတ်ဖော်တော့သည်။ တဝုန်းဝုန်းပေါက်ကွဲသံများဖြင့် ပဥ္စမတိုက်ပွဲကား စစ်မြေပြင်ပေါ်တွင် စတင်ခဲ့လေပြီ။
မန်ဟိုအတွက်လည်း တစ်ခုခုက မူမမှန်သလို ခံစားနေရသည်။ သူသည် ဤကဲ့သို့ ကျင့်ကြံသူများစစ်ပွဲကို အနက်ရောင်နယ်မြေတွင် ပါဝင်ဆင်နွှဲခဲ့ဖူး၏။ ထိုစစ်ပွဲ၏ အသွားအလာအပေါ် အခြေခံ၍ များသောအားဖြင့် အချိန်တိုအတွင်း မပြီးဆုံးနိုင်ကြောင်း ပြောနိုင်သည်။ တစ်ဖက်မဟုတ် တစ်ဖက်မှ အရေးမသာခင် စစ်ပွဲများ ရက်ဆက်ဖြစ်ပွားတတ်သည်။
တစ်ဖက်က အင်အားအရာ၌ သိသိသာသာအသာစီးရပြီး အခြားတစ်ဖက်ကို မချေမှုန်းနိုင်သရွေ့ တစ်ခုတည်းသော ရွေးချယ်စရာမှာ အခြားတစ်ဖက်ကို ဖြေးဖြေးချင်း အားနည်းအောင် ညှင်းဆဲရန်ပင်။
သို့သော် မျိုးနွယ်စုငါးစုကို ချေမှုန်းနိုင်သည့် အခြေအနေသို့ပင် မရောက်သေးသည့်တိုင် ပင့်ကူအဖွဲကား တစ်ရက်ပင် မတိုက်ရသေးမီ ဤထူးဆန်းသော ဗျူဟာကို သုံး၍ မျိုးနွယ်စုငါးစု၏ ဝှက်ဖဲများကို ထုတ်သုံးရအောင် ဖိအားပေးနေလေသည်။
ထို့ပြင် ပင့်ကူအဖွဲ့မှာ အောင်မြင်မှုကိုပင် ထည့်သွင်းမစဥ်းစားဘဲ အားကုန်တိုက်ခိုက်နေသည့်အလားပင်။ ထိုကဲ့သို့ တိုက်စစ်များက အကြံအစည်ကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပေလိမ့်မည်။
"ထိုးကျွေးပြီး ရွှေ့ဖို့စောင့်နေတဲ့ အကွက်တစ်ကွက်ရှိရမယ်။ ငါသာ သူတို့ဆိုရင် ငါ့ဗျူဟာက ဘာဖြစ်လိမ့်မလဲ" မန်ဟိုက မိစ္ဆာသားရဲသခင်သုံးဦးကို ဝိုင်းထားသည့် ကမ္ဘာသစ်မိစ္ဆာအုပ်များကို ထိန်းချုပ်ပြီး တစ်ချိန်တည်းမှာပင် စစ်မြေပြင်ကို မျက်လုံးဝေ့ကြည့်လိုက်သည်။ သူ ပထမဆုံး သတိထားမိသည့်အရာမှာ ဝေဟင်ထက်က လှိုင်းထသောမြင်ကွင်းပင်။ ထိုနေရာသည် မျိုးနွယ်စုငါးစု၏ ဘိုးဘေးကြီးများ မိစ္ဆာပင့်ကူကြီးနှင့် အကြိတ်အနယ်တိုက်ခိုက်နေသောနေရာဖြစ်၏။
"သူတို့ မပါလောက်ဘူး.... အရုပ်ဘိုးဘေးကြီးတွေက ကျင့်ကြံသူတွေမဟုတ်ဘဲ အရုပ်တွေကို မွေးဖွားပေးနိုင်တဲ့ အစွမ်းထက် ကမ္ဘာသစ်မိစ္ဆာကြီးတွေပဲ။ သူတို့တိုက်ပွဲက ငါနားလည်နိုင်စွမ်းထက် ကျော်တယ်" မန်ဟိုက မျက်မှောင်ကြုတ်ရင်း စစ်မြေပြင်ပေါ်ရှိ တိုက်ပွဲဝင်နေသော ကျင့်ကြံသူများကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် တိုက်ခိုက်နေသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကို မော့ကြည့်လိုက်သည်။
"ဒါဆို ငါ အဲ့ဒီမှာရှိတယ်ထား။ ငါက စစ်ပွဲရဲ့ အဓိကအပိုင်းတစ်ပိုင်းဖြစ်မယ်။ ဒါပေမဲ့ သူတို့ ငါ့ကို သတ်ချင်ရင် အမှားမပါမှရမယ်။ အဲ့ဒီလိုဆိုရင်... " မန်ဟို့မျက်နှာ ရုတ်တရက် ရိပ်ခနဲ ဖြစ်သွားသည်။ သူက မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း နောက်ဆုတ်လိုက်၏။ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အကာအကွယ်များ သူ့ပတ်ပတ်လည်တွင် ချက်ချင်း ပေါ်လာသည်။
မန်ဟို နောက်ဆုတ်သွားသည့်အခိုက်အတန့်မှာပင် ကျောက်ယူလန်၏ မျက်ဝန်းများ၌ အေးစက်သော အလင်းရောင်တစ်ခု လက်သွား၏။ သူမသည် အသက်ပြင်းပြင်းရှူသွင်း၍ ညာဘက်ကို ဂရုတစိုက်မြှောက်လိုက်ရာ သစ်သားသေတ္တာတစ်လုံး ပေါ်လာသည်။
သေတ္တာအား ဖွင့်လိုက်သောအခါ အနက်ရောင်အလင်းက ချက်ချင်း ဖြာထွက်လာ၏။ တစ်ချိန်တည်းမှာပင် ကျောက်ယူလန်တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူမက လှပသောသွားလေးများဖြင့် လျှာကို ကိုက်ပြီးနောက် ဒူးတစ်ဖက်ထောက်ကာ လက်နှစ်ဖက်ဖြင့် သေတ္တာကို သူမခေါင်းပေါ်တွင် တင်လိုက်သည်။
သူမ သေတ္တာကို အပေါ်သို့ ပင့်မြှောက်လိုက်သည်နှင့်တစ်ပြိုင်နက် အနက်ရောင်အလင်းသည် အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ ဖြာထွက်လာ၏။ စိတ်မချမ်းမြေ့ဖွယ်ရာ အလင်းရောင်သည် အခြားသောအလင်းရောင်ဟူသမျှကို ဝါးမြိုပြီး အစားထိုးနိုင်သယောင်ပင်။
ပင့်ကူအဖွဲ့ကျင့်ကြံသူများအားလုံးက ရုတ်ခြည်း အနက်ရောင်ဆေးလုံးများကို ထုတ်ပြီး စားလိုက်ကြသည်။ ထို့နောက် သူတို့၏မျက်လုံးများ ရုတ်တရက် မည်းနက်သွား၏။
မျိုးနွယ်စုငါးစုမှ ကျင့်ကြံသူများမှာ ရုတ်တရက် သူတို့ကို တစ်ခုခုက ဆွဲငင်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် အမှတ်မထင် လှမ်းကြည့်မိလိုက်ကြသည်။
ကြည့်လိုက်သည့် တခဏ၌ သူတို့အားလုံး၏ စိတ်နှလုံးများ တုန်ရီလာ၏။
အကာအကွယ်အတွင်းရှိ မျိုးနွယ်ဝင်များ၏မျက်နှာများ ပျက်သွားကြသည်။ သူတို့ ဘာမှမခံစားရပေ။ အကာအကွယ်၏ အပြင်ကလူများသာလျှင် အနက်ရောင်အလင်း၏ ဆွဲအားကို ခံစားနိုင်ခြင်းဖြစ်သည်။ သို့သော် ဤအခြင်းအရာက အမှောင်ကျီးမျိုးနွယ်စုနတ်ဆရာကြီး၏ မျက်နှာကို ရုတ်တရက် ဖြူဖျော့သွားစေသ ည်။
သူက အက်ကွဲနေသာအသံကြီးဖြင့် ပြောသည်။ "နတ်ဆိုးနှလုံးသားပန်း"
မန်ဟို့ သူငယ်အိမ်များ ကျဥ်းမြောင်းသွား၏။ သို့သော် သူက သတိရှိနေပြီးဖြစ်သည်။ သူသည် အနက်ရောင်အလင်း၏ခေါ်သံကို ခုခံရန် သွေးမရဏကမ္ဘာကို အသုံးပြုထားသဖြင့် သွေးရောင်အလင်းက သူ့ကို ဝန်းရံနေ၏။
ဤအခိုက်အတန့်တွင် မန်ဟို့ မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ဤအခိုက်အတန့်တွင် ... ရှင်သန်ခြင်းနှင်းပန်းက စွမ်းအားအပြည့်ဖြင့် ထွက်လာရန် ရွေးချယ်လိုက်၍ပင်။
မန်ဟိုသည် သူ၏ကမ္ဘာသစ်မိစ္ဆာအားလုံးကို ပြန်ခေါ်ရန် သူ့စိတ်ဆန္ဒကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ၄င်းတို့အားလုံး သူ့ထံ အလျင်အမြန် ပြန်လာကြ၏။
***