ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်လေသော
Vol. 32 Ch. 440
အကာအကွယ်အတွင်းတွင် အမှောင်ကျီးမျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်မှာ မျက်နှာဖြူဆုပ်နေပြီး တစ်ယောက်တည်း ရေရွတ်နေ၏။
"အဆိပ်ငါးသွယ်မျိုးနွယ်စုက ကျီးနတ်မင်းမျိုးနွယ်စုကို သိပ်ရှင်းပစ်ချင်လွန်းလို့ နတ်ဆိုးနှလုံးသားပန်းကိုတောင် သုံးနေပြီပေါ့လေ။ အဲ့ဒါကို မကြည့်ကြနဲ့။ ကြည့်မိရင် နတ်ဆိုးနှလုံးသား နိုးထလာပြီး မင်းတို့ကို လောင်ကျွမ်းပြာချပစ်မယ့် နတ်ဆိုးစိတ်ဆန္ဒအသွင်ပြောင်းသွားလိမ့်မယ်....."
သူ့မှာ အစကတည်းက ရှုံးနိမ့်နေခဲ့သည်ကို နားမလည်ဘဲ ရှိမည်လော..... ။ ကစားခံရပြီး ရှုံးနိမ့်သွားခြင်း။ တစ်ခုခုက မူမမှန်ကြောင်း သူသိခဲ့သော်လည်း ဆက်စပ်စဥ်းစားပြီး အဖြေမထုတ်နိုင်ခဲ့ပေ။
နတ်ဆိုးနှလုံးသားပန်းများသည် ရှားပါး၏။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်အတောအတွင်း ကျင့်ကြံသူတစ်ယောက်တွင် ထိုသို့ပန်းတစ်ပွင့်ရှိပါက အောင်မြင်မှုနှုန်းမှာ အဆမတန် တိုးမည်ဖြစ်၍ ၄င်းအား အဖိုးအနဂ္ဂထိုက်တန်သော ရတနာတစ်ပါးအဖြစ် သတ်မှတ်နိုင်သည်။
ထိုမျှသာမက ပန်းကိုယ်တိုင်ကပင် အတိုင်းထက်အလွန် ရက်စက်၏။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်အောက်ရှိ မည်သူမဆို ၄င်းကို ကြည့်လိုက်မိသည်နှင့် အသက်စွမ်းအားအလုံးစုံ ဆုံးရှုံးသွားကာ နတ်ဆိုးစိတ်ဆန္ဒဖြင့် အရှင်လတ်လတ် လောင်ကျွမ်းပြာချခံရပေလိမ့်မည်။ အဆုံးသတ် ရလဒ်ကား သေခြင်းပင်။
သို့သော် ပန်းမှာ အားနည်းနေ၏။ လူတစ်ယောက်အတွက် ၄င်းကို ခုခံရန် ခက်ခဲသော်လည်း မျိုးနွယ်စု၏ အကာအကွယ်အတွက်တော့ တောင့်ခံရန် လုံလောက်သည်။ အတွင်းရှိ မျိုးနွယ်ဝင်တစ်ယောက်မှ သက်ရောက်ခံရမည်မဟုတ်ပေ။
သို့သော် နတ်ဆိုးနှလုံးသားပန်း အပြင်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် အရုပ်ဘိုးဘေးကြီးများနှင့် မိစ္ဆာပင့်ကူကြီးမှလွဲ၍ စစ်မြေပြင်ပေါ်ရှိလူတိုင်း တုံ့ခနဲ ရပ်သွားကြသည်။
ပင့်ကူအဖွဲ့ကျင့်ကြံသူများအနေဖြင့် အထူးဆေးလုံးများကို စားပြီးနောက် ပန်း၏သက်ရောက်မှုမှ ယာယီ လွတ်ကင်းလေသည်။ သို့သော် သူတို့မှာ ပထမဆုံး မဖြစ်မနေ တရားထိုင်ရ၏။ အခြားတစ်ဖက်တွင် မျိုးနွယ်စုငါးစုဝင်များမှာ နာကျင်စွာ အော်ဟစ်နေကြရသည်။
ချက်ချင်းဆိုသလို မျိုးနွယ်စုငါးစု၏ အဖွဲ့ဝင်သုံးရာကျော် တုန်ရီလာကြသည်။ မမြင်နိုင်သော မီးတောက်တစ်ခုက သူတို့၏ ခန္ဓာကိုယ်ထဲတွင် တောက်လောင်နေရင်း ခြောက်ကပ်လာစေသဖြင့် သူတို့၏ မျက်စိ၊ နား ၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ သူတို့၏အသက်စွမ်းအားများ ကုန်ခမ်းသွားရန် တခဏသာ ကြာလိုက်ပြီး သူတို့၏ခန္ဓာကိုယ်များမှာ ခြောက်ကပ်နေသော အလောင်းများ ဖြစ်သွားကြသည်။ မသေဆုံးခင် နောက်ဆုံးအခိုက်အတန့်၌ သူတို့မှာ ဝမ်းနည်းဖွယ်ကောင်းစွာ အော်ဟစ် ငိုကြွေးလိုက်ကြလေသည်။
ထို့နောက် မျိုးနွယ်ဝင်တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်သေဆုံးသွားကြ၏။ ၄င်းမှာ အစုလိုက်အပြုံလိုက် သေဆုံးခြင်း ဖြစ်နေတော့သည်။ ရန်သူတစ်ယောက်မှ မတိုက်ခိုက်ကြသော်လည်း အကြင်နာမဲ့မှုက စောစောက တိုက်ပွဲထက် အဆတစ်ရာပိုသည်။
အကာအကွယ်အတွင်းရှိ မျိုးနွယ်ဝင်များမှာ သူတို့၏ရောင်ရင်းများ သေဆုံးနေကြသည်ကို ကြည့်ပြီး တဆတ်ဆတ်သာ တုန်နေနိုင်၏။ သူတို့၏မျက်လုံးများမှာ ရဲတွတ်နေပြီး ရင်နာနာနှင့် ခံပြင်းစွာ အော်ဟစ်လိုက်ကြသည်။ ကံဆိုးစွာနှင့် ... သူတို့မှာ အပြင်ထွက်ပြီး ကုသလို့လည်းမရပေ။
သူတို့ အကာအကွယ်၏ အပြင်ကို ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် သေဆုံးသွားလိမ့်မည်။ ရောင်ရင်းမိတ်ဆွေများကို မကယ်နိုင်သည်သာမက မီးပုံထဲ တည့်တည့်ဝင်တိုးသည့် ပိုးဖလံသဖွယ် ဖြစ်ပေမည်။
ကျီးကင်းထောက်မျိုးနွယ်စု၏ အကြီးအကဲမှာ တုန်ရီနေပြီး ခန္ဓာကိုယ်ခြောက်ကပ်လာနေသဖြင့် သွေးချောင်း တဟွတ်ဟွတ် ဆိုးနေသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်များပင်လျှင် ရှောင်တိမ်းနိုင်စွမ်းမရှိပေ။ သူ့အရှေ့တွင် သူ၏အသက်စွမ်းအားကို စုပ်ယူဝါးမြိုရင်း သွေးအေးအေးရယ်နေသော သဏ္ဌာန်မဲ့ပုံစံတစ်ခုကို မြင်လိုက်ရသည်။
မျိုးနွယ်စုငါးစု၏ အဖွဲ့ဝင်များ သေဆုံးနေသည်နှင့်အမျှ ကျိုးယူလန်၏ သစ်သားသေတ္တာမှ ထုတ်လွှတ်နေသော အနက်ရောင်အလင်းသည် ပို၍ပင် ပြင်းထန်လာ၏။ ၄င်းမှာ သွေးလုံလုံလောက်လောက် စုပ်ယူပြီးသည့်နောက် ခရမ်းရောင် ပြောင်းနေလေပြီ။
အကုန်လုံးက ကျောက်ယူလန်၏ အစီအစဥ်အတိုင်းသွားနေ၏။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အကာအကွယ်ကို တိုက်ခိုက်ခြင်းအားလုံးက အစွမ်းထက်ပညာရှင်များကို ဆွဲထုတ်ရန် ဥပါယ်တံမျဥ်တစ်ခု ဖြစ်ခဲ့သည်။ သူတို့ အကာအကွယ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက်.... သူမသည် နတ်ဆိုးနှလုံးသားပန်းဖြင့် သူတို့ကို သုတ်သင်မည်ဖြစ်သည်။
လောလောဆယ်တွင် ကျောက်ယူလန်သည် နတ်ဆိုးနှလုံးသားပန်းကို ပင့်မြှောက်ကိုင်ထားရင်း မျက်နှာလေးဖြူဖျော့လျက်ရှိ၏။ ထူးဆန်းသော အရိပ်အယောင်တစ်ခု သူမမျက်နှာပေါ်တွင် ပေါ်လာပြီး သူမက သွေးတစ်ပွက် ထွေးထုတ်လိုက်သည်။ သွေး ပျံထွက်လာစဥ် ၄င်းသည် စစ်မြေပြင်ပေါ်၌ တရားထိုင်နေသော ပင့်ကူအဖွဲ့ကျင့်ကြံသူအားလုံးဆီ ဖြာထွက်သွားသော သွေးချီမျှင်များဖြစ်သွား၏။
"အနုသုခုမရုပ်ခန္ဓာအကြီးအကဲတို့" ကျောက်ယူလန်က နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ "ကျွန်မ အကြီးအကဲတို့ကို နတ်ဆိုးနှလုံးသားပန်းရဲ့ သက်ရောက်မှုကနေ လွတ်မြောက်အောင် မလုပ်ပေးနိုင်ဘူး။ ဒါပေမဲ့ တခြားကျင့်ကြံသူတွေအားလုံးကို ကျွန်မရဲ့ နတ်ဆိုးနှလုံးသွေးက ခဏတဖြုတ် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်အောင် လုပ်ပေးလိမ့်မယ်"
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများမှ လွဲ၍ သွေးချီ ဝင်ရောက်သွားသော အခြားမျိုးနွယ်ဝင်များအားလုံး ရုတ်တရက် တုန်ရီသွားကြသည်။ သူတို့က ဟိန်းဟောက်ရင်း ထလာကာ ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့သည့် မျိုးနွယ်စုငါးစု၏ အဖွဲ့ဝင်များကို ရက်ရက်စက်စက် သတ်ဖြတ်တော့သည်။
ယခုတွင် စစ်မှန်သော လူသတ်ပွဲကြီး စတင်ခဲ့လေပြီ။
အကာအကွယ်အတွင်းမှ ဝမ်းနည်းပက်လက် အော်သံများ ချက်ချင်း ကြားလိုက်ရသည်။
"မလုပ်ပါနဲ့"
"အဆိပ်ငါးသွယ်မျိုးနွယ်စု၊ မင်းတို့ အခုကစပြီး ကျီးနတ်မင်းမျိုးနွယ်စုနဲ့ မဟာရန်သူတော်ကြီး ဖြစ်သွားပြီ။ ငါတို့ တစ်မိုးအောက်ထဲမှာ အတူမရှိစေရဘူး"
အကာအကွယ်အတွင်းရှိ မျိုးနွယ်စုငါးစု၏ အဖွဲ့ဝင်များမှာ ခံပြင်းလွန်း၍ မျက်လုံးများ နီရဲလျက် တဆတ်ဆတ် တုန်နေကြပြီး နှလုံးသားအား တစစီ ဆုတ်ဖြဲနေသကဲ့သို့ ခံစားနေရတော့သည်။ သူတို့မှာ အကာအကွယ်၏အပြင်ရှိ မိတ်ဆွေရောင်ရင်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရသည်ကို ဆောက်တည်ရာမဲ့စွာ ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။ နှလုံးသားထဲရှိ နာကျင်မှုက သူတို့၏အသံများကို ပူဆွေးသောကများဖြင့် ပြည့်နှက်နေစေ၏။
မျက်စိတစ်မှိတ်အတွင်း မျိုးနွယ်စုငါးစုကျင်ကြံသူရာနှင့်ချီ ပင့်ကူအဖွဲ့၏ ရက်ရက်စက်စက် ခုတ်ပိုင်းခြင်း ခံနေရသည်။ မန်ဟို့ကိုမူ ပင့်ကူအဖွဲ့မှ ကျင့်ကြံသူများ ချက်ချင်း မျက်စိကျသွားသော်လည်း သူ့ကို ဝန်းရံထားသည့် ကမ္ဘာသစ်မိစ္ဆာများကြောင့် ချီတုံချတုံဖြစ်နေကြသည်။
ဤအခိုက်အတန့်တွင် မိစ္ဆာသားရဲသခင်သုံးဦးက တရားထိုင်နေရာမှ မျက်စိပွင့်လာကြပြီ ဖြစ်သည်။ မန်ဟို့၏ လက်ရှိအခြေအနေကို မြင်သောအခါ သူတို့မှာ ထခုန်မတတ် ပျော်သွားကြပြီး ချက်ချင်း သူ၏ ကမ္ဘာသစ်မိစ္ဆာများကို သတ်ဖြတ်ရန် သူတို့၏ ကမ္ဘာသစ်မိစ္ဆာအုပ်များကို စေလွှတ်လိုက်၏။
ဤသို့ဖြင့် ပင့်ကူအဖွဲ့မှ ကျင့်ကြံသူများလည်း မန်ဟို့အပေါ် ထိုးဆင်းလာကြသည်။
မန်ဟိုသည် မျက်လုံးများတင်းတင်းမှိတ်၍ တစ်ကိုယ်လုံးတုန်ရီလျက် တရားထိုင်နေသည်။
သူ၏ကမ္ဘာသစ်မိစ္ဆာများက စစ်မြေပြင်ပေါ်တွင် သူ့ကို ဝန်းရံလျက် နေရာယူထားကြသည်။ ၄င်းတို့အားလုံး ဟိန်းဟောက်လိုက်ကြ၏။ နတ်ဆိုးနှလုံးသားပန်းက ၄င်းတို့အပေါ် သက်ရောက်မှုမရှိပေ။ ထို့ကြောင့် ၄င်းတို့သည် လာနေသော ကျင့်ကြံသူများနှင့် ကမ္ဘာသစ်မိစ္ဆာများကို ချက်ချင်း ပြန်တိုက်ခိုက်ကြသည်။
ချက်ချင်းပင် ပေါက်ကွဲသံများ လေတွင် ပြည့်နှက်သွားသော်လည်း မန်ဟို့မှာ ၄င်းတို့ကို ဂရုမစိုက်အားပေ။ လောလောဆယ်တွင် ရှင်သန်ခြင်းနှင်းပန်းက အားကုန်ထုတ်၍ သူ့ခန္ဓာကိုယ်ကို အပိုင်သိမ်းရန် ကြိုးစားနေသဖြင့် တစ်ကိုယ်လုံးတုန်ရီနေ၏။ မန်ဟိုသည်လည်း ၄င်းကို အစွမ်းကုန်ဖိနှိပ်နေရသည်။
ဤအခိုက်တွင် ကျီးကင်းထောက်မျိုးနွယ်စု၏ခေါင်းကိုင်ဖခင်က သွေးတစ်ပွက် အန်လိုက်သည်။ သူ့မှာ သူ့တစ်ကိုယ်လုံး ခြောက်ကပ်လာနေစဥ် ခါးသီးစွာ ရယ်လိုက်သည်။ ပြင်ဆင်မှုများမရှိဘဲ နတ်ဆိုးနှလုံးသားပန်းနှင့် ရင်ဆိုင်ရသည့်အခါ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်အတွက်ပင် ၄င်းကို ခုခံရန် ခက်ခဲသည်ကို တွေ့ရလိမ့်မည်။ သူတို့မှာ ကိုယ့်ကိုယ်ကိုပင် မဖောက်ခွဲပစ်နိုင်ပေ။ သူတို့သည် ပန်း၏ စုပ်ယူစားသုံးခံရလျက် ရပ်သာနေနိုင်တော့သည်။
ကျီးကင်းထောက်ခေါင်းကိုင်ဖခင်က မသေခင် လျှာထိပ်ကို ကိုက်လိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရုပ်အားလုံးမှ အစိမ်းရောင်အလင်းဖြာထွက်လာသည်။ ကိုယ်ခန္ဓာရော၊ စိတ်ဝိညာဥ်ပါ ပျက်စီးနေစဥ် သူက သူ၏အသက်စွမ်းအားတချို့ကို ကျီးကင်းထောက်နတ်ဆရာကြီးဆီ ပို့လွှတ်လိုက်သည်။
"ဒီနေရာမှာ... ငါတို့ အကုန် သေသွားလို့ မဖြစ်ဘူး" ခေါင်းကိုင်ဖခင်က အော်သည်။ သူသည် တစ်ကိုယ်လုံးခြောက်ကပ်သွားသည်အထိ ခါးသီးစွာ ဆက်ရယ်နေ၏။ သူ့မှာ သူ့ကိုယ်သူ လွတ်မြောက်အောင် မလုပ်နိုင်သော်လည်း သူလုပ်နိုင်သည်က သူ၏ အကန့်အသတ်မဲ့သော အသက်စွမ်းအားတချို့ကို သူ၏ရောင်ရင်းမျိုးနွယ်ဝင်ဆီသို့ ပေးအပ်ခြင်းပင်။ အသက်စွမ်းအားစီးကြောင်းက သူ့အနောက်ရှိ ကျီးကင်းထောက်နတ်ဆရာကြီးဆီ ဝင်ရောက်သွားသည်။ ကံဆိုးစွာနှင့် သူလည်း နတ်ဆိုးနှလုံးသား၏စွမ်းအားထံမှ လွတ်မြောက်အောင် မရုန်းနိုင်ပေ။ ထို့ကြောင့် ကျီးကင်းထောက်ခေါင်းကိုင်ဖခင်၏ အသက်စွမ်းအားကို သူ၏ကိုယ်ပိုင်အသက်စွမ်းအားဖြင့် ပေါင်းစည်းပြီး နောက်တစ်ယောက်ထံသို့ ပေးပို့လိုက်သည်။ ထိုအတိုင်း ဆင့်ကဲဆင့်ကဲသွားနေ၏...
ကျီးမီးတောက်ခေါင်းကိုင်ဖခင်၊ နတ်ဆရာကြီးနှင့် အကြီးအကဲအပြင် အကာအကွယ်၏အပြင်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ စုစုပေါင်း ဆယ်ယောက်ကျော် သေဆုံးသွားလေပြီ။
သူတို့သည် အမုန်းတရားအပြည့်ဖြင့် ခါးသီးစွာ ရယ်ရင်း သေဆုံးသွားကြခြင်းဖြစ်သည်။ မသေဆုံးခင် နောက်ဆုံးတစ်ယောက်က အသက်စွမ်းအားအလုံးစုံကို စုပေါင်းပြီး မျိုးနွယ်စုငါးစုအနက် အစွမ်းထက်ဆုံးပညာရှင် ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်ဆီသို့ လွှဲပြောင်းပေးခဲ့သည်။
အသက်စွမ်းအားက လောလောဆယ်တွင် နတ်ဆိုးနှလုံးသားပန်းကို တွန်းလှန်တိုက်ခိုက်နေသော မီးခိုးရောင်ဆံပင်နှင့် ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်၏ ကိုယ်ထဲ ဝင်သွားသည်။ ၄င်းသည် သူ၏ရောင်ရင်းများ မသေခင်ပေးခဲ့သော နောက်ဆုံးလက်ဆောင်တစ်ခုပင်။ အသက်စွမ်းအားအတွင်းတွင် သူတို့၏ အဆိပ်ငါးသွယ်မျိုးနွယ်အပေါ် မုန်းတီးမှုလည်းပါရှိသည်။ ၄င်းက စာလုံးတစ်လုံးအဖြစ် အတူတကွပေါင်းစည်းသွား၏။
"ကလဲ့စားချေပေး"
ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်က ကောင်းကင်ကို မျက်နှာမူပြီး မာန်သွင်းဟိန်းဟောက်လိုက်၏။ သူ၏မျက်လုံးများမှာ နီရဲတွတ်နေသော်လည်း ယခုအခိုက်အတန့်တွင် ပြန်လည်ကောင်းမွန်ခြင်းစွမ်းအားများ သူ့ကိုယ်တစ်လျှောက် စီးဆင်းနေလေပြီ။ သူက နတ်ဆိုးနှလုံးသားပန်း၏အလင်းရောင်ကို ဖယ်ခွာလိုက်သည်။ ထို့နောက် သွေးတစ်ပွက်အန်ရင်း အမြင့်ဆုံးအရှိန်ဖြင့် နောက်ပြန်ဆုတ်လာ၏။ ပန်း၏စွမ်းအားက နောက်တစ်ကြိမ် သူ့ကို လွှမ်းခြုံတော့မည့်အချိန်မှာပင် သူက အကာအကွယ်ထဲ ဝင်ရောက်လာပြီး သူ့ကိုယ်သူ ကုသရန် ချက်ချင်း တင်ပျဥ်ခွေထိုင်ချလိုက်သည်။ သူ၏အမူအရာမှာ တင်းမာခက်ထန်နေသော်လည်း သူ့နှလုံးသားမှာ ကွဲကြေနေပြီဖြစ်သည်။
နတ်ဆိုးနှလုံးသားပန်းမှ ဖြာထွက်နေသော မှိန်ဖျော့ဖျော့အလင်းရောင်၏အောက်ဝယ် မန်ဟိုမှအပ မျိုးနွယ်စုငါးစု၏ အဖွဲ့ဝင်များအားလုံး သေဆုံးခဲ့ကြလေပြီ။ ဤသို့ ဝမ်းနည်းရင်ကွဲဖွယ်ရာ အဖြစ်အပျက်များက အကာအကွယ်အတွင်းရှိ မျိုးနွယ်ဝင်များကို မျှော်လင့်ချက်မဲ့နေသော အတွေးများဖြင့် ပြည့်နှက်သွားစေသည်။ လူမျိုးတုံးသတ်ဖြတ်ခံရတော့မည့်အရိပ်ကြီးက သူတို့ကို စိုးမိုးနေ၍ သူတို့မှာ မျက်ရည်ဖြိုင်ဖြိုင်ကျလာကြသည်။
ယခုတွင် အကာအကွယ်အတွင်း၌ မျိုးနွယ်စုငါးစု၌ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ ခုနစ်ဦးသာ ကျန်ရှိတော့သည်။ သူတို့အားလုံးက ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်ကို စောင့်ကြပ်ပေးရန် အလျင်အမြန် သွားကြ၏။ သူတို့က ဘာမှမပြောသော်လည်း ခံပြင်းမုန်းတီးမှုတို့က အသွေးအသားထဲ၌ တပွက်ပွက် ဆူနေပြီ ဖြစ်သည်။ အမှောင်ကျီးမျိုးနွယ်စု နတ်ဆရာကြီးက ဝမ်းနည်းပက်လက် ရယ်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်သည်။ "ရှုံးပြီ.... အပြတ်အသတ်ကို ရှုံးသွားပြီ....."
အကာအကွယ်၏အပြင်တွင် ကျောက်ယူလန်က မျက်လုံးဖွင့်ပြီး သွေးသံရဲရဲ အလောင်းများ ပြည့်နေသော စစ်မြေပြင်ကို လှမ်းကြည့်လိုက်သည်။ ကျီးစစ်သည်ခေါင်းကိုင်ဖခင် အသက်ဘေးမှ လွတ်မြောက်သွားသည်ကို မြင်သောအခါ သူမက သက်ပြင်းဖွဖွချလိုက်၏။ သနားကရုဏာသက်သွားသော အရိပ်အယောင်လေး သူမမျက်ဝန်းများတွင် ပေါ်လာသော်လည်း ခေါင်းခါရမ်းလိုက်ရာ ပျောက်ကွယ်သွားသည်။ ထို့နောက် သူမ၏ ဖီးနစ်မျက်ဝန်းလေးများသည် တရားထိုင်လျက် ရှိနေဆဲဖြစ်သော မန်ဟို့အပေါ် ကျရောက်လာ၏။
"ပင့်ကူအဖွဲ့ကျင့်ကြံသူတို့ ၊ မိစ္ဆာသားရဲသခင်သုံးဦးနဲ့ပေါင်းပြီး မျိုးနွယ်စုငါးစုရဲ့ မိစ္ဆာသားရဲသခင်ကို သတ်ကြလော့"
သူမစကားအတိုင်း ပင့်ကူအဖွဲ့ကျင့်ကြံသူသုံးထောင် မန်ဟို့ဆီ တဟုန်ထိုး ထွက်သွားကြသည်။ အကြီးအကဲများနှင့် နတ်ဆရာကြီးမှာမူ တင်ပျဥ်ခွေလျက်သာ ထိုင်နေကြသည်။ သူတို့၏အဆင့်အတန်းအရ မန်ဟို့ကို လျစ်လျူရှုထားကြပြီး မျိုးနွယ်စုငါးစု၏ အကာအကွယ်ကို တဖျပ်ဖျပ်လက်နေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
"စီနီယာတို့" ကျောက်ယူလန်က နူးညံ့ပျော့ပျောင်းသော အသံလေးနှင့် ပြောသည်။ "စွမ်းအားအကုန်ထုတ်ပြီး အကာအကွယ်ကို ဖျက်စီးလိုက်တော့။ ကျွန်မတို့ နတ်ဆိုးနှလုံးသားပန်းရောင်ခြည်ကို အထဲထိ ရောက်သွားစေနိုင်ရင် ဒီနေ့စစ်ပွဲ အဆုံးသတ်သွားလိမ့်မယ်။ ပင့်ကူအဖွဲ့က ဆုံးရှုံးမှုနည်းနည်းနဲ့ အနိုင်ခဲ့ပြီ။ ကျွန်မရဲ့ မီးလျှံစမ်းသပ်ပွဲလည်း ပြီးဆုံးပြီမလို့ မျိုးနွယ်စုကို အကြောင်းကြားနိုင်ပြီ"
နတ်ဆရာကြီးအပါအဝင် ပင့်ကူအဖွဲ့၏ အစွမ်းထက်ကျင့်ကြံသူများက အကာအကွယ်ကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသဖြင့် ပေါက်ကွဲသံများ မြည်ဟည်းနေသည်။ မန်ဟို့၏ ကမ္ဘာသစ်မိစ္ဆာများမှာ မိစ္ဆာသားရဲသခင်သုံးဦးနှင့် ၄င်းတို့ကို ဝိုင်းထားသည့် ကျန်ကျင့်ကြံသူများကို ရက်ရက်စက်စက် တိုက်ခိုက်နေကြသည်။
၄င်းတို့ ရရှိထားသည့် ဒဏ်ရာများ ပိုမိုဆိုးရွားလာပြီး အခက်တွေ့နေကြသည်။ မန်ဟိုနှင့် သူ၏မိစ္ဆာချီမပါ၍ သူတို့အတိုက်အခိုက်စွမ်းရည်မှာ သိသိသာသာ ကျဆင်းသွားလေသည်။
မျိုးနွယ်စုငါးစု၏ အကာအကွယ်မှာ တဂျုန်းဂျုန်း မြည်နေပြီး ပျက်စီးတော့မည့် လက္ခဏာများ ပြနေလေပြီ။ ဤအချိန်တွင် မောင်မွှေးထူက ဝမ်းနည်းစွာအူပြီး သွေးတချို့ အန်လိုက်သည်။
အရာအားလုံး ပျက်စီးတော့မည့်အချိန်မှာပင် မန်ဟို့မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။ ၄င်းတို့သည် ရဲရဲနီနေပြီး ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ ရှင်သန်ခြင်းနှင်းပန်း အသည်းအသန်သောင်းကျန်းနေသည့်တိုင် မန်ဟိုကို ၄င်းကို နောက်တစ်ဖန် ဖိနှိပ်နိုင်သွားလေပြီ။
***