သေဒဏ်
Vol. 32 Ch. 441
မန်ဟို ရှင်သန်ခြင်းနှင်းပန်းကို ဖိနှိပ်လိုက်သည်နှင့်တစ်ပြိုင်နက် နတ်ဆိုးနှလုံးသားပန်းမှ သူ့အပေါ် သက်ရောက်နေမှုအလုံးစုံ ကင်းမဲ့သွားလေသည်။ ယင်းက ရှင်သန်ခြင်းနှင်းပန်းနှင့် တစ်ခုခုပတ်သက်လောက်သော်လည်း တထစ်ချပြောရန် မဖြစ်နိုင်ပေ။
မန်ဟို၏မျက်လုံးများ ပွင့်လျှင်ချင်း သူ၏ကမ္ဘာသစ်မိစ္ဆာများအားလုံး ဟိန်းဟောက်လိုက်ကြသည်။ မိစ္ဆာသားရဲသခင်သုံးဦး မျက်လုံးများကျဥ်းမြောင်းသွားပြီး ရန်သူကျင့်ကြံသူသုံးထောင်လုံး ရင်တုန်သွားကြ၏။ သို့သော် သူတို့ကား ယခင်အတိုင်း ရက်ရက်စက်စက် သတ်ဖြတ်နေမြဲသာ။
မန်ဟိုက အတွေးများစွာဖြင့် ဘေးဘီဝဲယာကို ဝေ့ကြည့်လိုက်သည်။ မျိုးနွယ်စုငါးစု၏ တောင်ပုံရာပုံဖြစ်နေသော အလောင်းထောင်ပေါင်းများစွာကို မြင်လိုက်ရပြီး အကာအကွယ်ပျက်စီးတော့မည်ကိုလည်း သတိထားမိသွားသည်။ သူ၏ ကမ္ဘာသစ်မိစ္ဆာသုံးသောင်းအနက် တစ်ဝက်ကျော်လည်း သေဆုံးသွားခဲ့ပြီဖြစ်၏။
သူသည် သန့်စင်နှင်းမြို့တော်မှာတုန်းက အညှာအတာမဲ့သော စစ်ပွဲကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ဖူးသော်လည်း ယခုမြင်ကွင်းက သူ၏နှလုံးသားထဲတွင် မျိုးနွယ်စုငါးစုနှင့်ထပ်တူညီသော ပူဆွေးဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်လာစေသည်။
"စစ်ပွဲက ဒီအထိ ရောက်နေပြီဆိုမှတော့ ငါတကယ် ထွက်သွားသင့်ပြီ" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ဒါပေမဲ့ .... ဒီနေ့တော့ ငါ ထွက်သွားလိုစိတ် မရှိဘူး" သူက ညာလက်ကို မြှောက်ပြီး မြေကြီးအပေါ်သို့ ဖိချလိုက်၏။
"မိစ္ဆာချီ၊ သမာဓိအပ်နှင်းခြင်းပညာရပ်" ချက်ချင်းဆိုသလို အရပ်မျက်နှာတစ်ခွင်၌ အဆုံးမဲ့သော မိစ္ဆာချီမျှင်များ လွင့်လူတက်လာကြသည်။ သူက လက်ကို ဝှေ့ယမ်းကာ မမြင်နိုင်သောချီများကို ကျန်ရှိသည့် ကမ္ဘာသစ်မိစ္ဆာတစ်သောင်းကျော်နှင့် ပေါင်းစည်းသွားစေသည်။
ကမ္ဘာသစ်မိစ္ဆာများ တစ်ကိုယ်လုံး တုန်ရီလာကြလေပြီ။ မိစ္ဆာခြင်များကား နဂိုအရွယ်အစားထက် အဆပေါင်းများစွာ ဖောင်းပွလာပြီး တုန်လှုပ်ချောက်ချားဖွယ် အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ မိစ္ဆာချီအပြင် အသွင်ပြောင်းအရှိန်အဝါတစ်ခုလည်း ဖြာထွက်လာသည်။
အရှိန်အဝါ၏စွမ်းအားအောက်တွင် မိစ္ဆာခြင်များမှ နောက်ထပ် အတောင်ပံတစ်စုံ ပေါက်လာသည်။ ၄င်းတို့၏အမြီးများမှာလည်း အစိမ်းရောင် အချွန်အတက်များဖြင့် ပြည့်နှက်သွား၏။
အဆိုပါ မြင်ကွင်းကြီးကား ကြောက်မက်ဖွယ်အတိပင်။
ကျီးနက်များမှာမူ တဆတ်ဆတ်တုန်နေပြီး ခပ်စူးစူး အာနေကြသည်။ ၄င်းတို့သည် အနက်ရောင်အလင်းဖြင့် တောက်ပနေပြီး ၄င်းတို့အရှိန်အဝါများ၏ ချောက်ချားဖွယ်ကောင်းမှုက ဆထက်တိုးလာလေပြီ။ ခန္ဓာကိုယ်များလည်း ကြီးမားလာသည်သာမက မိစ္ဆာကျီးတစ်ကောင်ချင်းစီ၏အနောက်တွင် ရောင်ပြန်ဟပ်နေသကဲ့သို့ သရဲပုံရိပ်များလည်း ပေါ်ပေါက်လာ၏။
ဤသရဲပုံရိပ်သည် အသွင်ပြောင်းခြင်း၏ရလဒ် ၊ ဆင်ကဲ့ဖြစ်စဥ်တစ်ခု ဖြစ်သည်။ သရဲပုံရိပ်ရှိနေ၍ ကျီးတစ်ကောင်စီတွင် အသက်စွမ်းအားနှစ်မျိုးရှိသည်နှင့် အလားတူသည်။
မောင်မွှေးထူက မီတာသုံးရာအထိ အရွယ်အစား ကြီးမားလာနေစဥ် ကောင်းကင်ကို မျက်နှာမူပြီး အူလိုက်သည်။ သူ့တွင် မိစ္ဆာချီရှိနှင့်ပြီး ဖြစ်သော်လည်း ထပ်အားဖြည့်ပေးခြင်းက သူ့ကို အရွယ်အစားပိုကြီးလာစေသည်သာမဟုတ်၊ သွေးများလည်း လျင်မြန်စွာ စီးဆင်းလာစေပြီး သူ၏ခေါင်းအထက်တွင် ဧရာမလတစ်စင်းပုံရိပ် ထွက်ပေါ်လာစေသည်။ လရောင်ခြည်၏အောက်တွင် သူ၏အဖြူရောင်အမွှေးများမှာ လျှပ်တပြက် ငွေရောင်သမ်းသွား၏။ သူကား ယခုတွင် ငွေရောင်ဝံပုလွေတစ်ကောင် ဖြစ်သွားလေပြီ။
ပင့်ကူများကမူ တရှီးရှီးအသံများ ထုတ်လွှတ်ရင်း ပို၍စွမ်းအားမြင့်လာပြီး ပုံပန်းသွင်ပြင်များက လွန်စွာရန်လိုလာကြ၏။ ၄င်းတို့၏ ကျောပေါ်တွင် လူမျက်နှာပုံရိပ်များအား မြင်နိုင်လေသည်။ အစွယ်ကြီးများသည်လည်း သံနှုတ်ဂွကြီးများနှင့်တူသည့်တိုင်အောင် ရှည်သထက်ရှည်လာ၏။
အနီရောင်မိကျောင်း၏ အကြေးခွံများကား ပိုမိုကြီးမားလာကာ ၄င်း၏ခေါင်းကြီးမှာ နဂါးခေါင်းအသွင်ဆောင်လာသည်။ ၄င်း၏ကျောအသားပေါ်တွင် ဘုကြီးထလာပြီး ရုတ်တရက် တောင်ပံတစ်စုံ ထိုးထွက်လာ၏။ ၄င်း လေပေါ်ပျံတက်လိုက်သည့်အခါတွင်တော့ မိကျောင်းကြီးမဟုတ်တော့ဘဲ အနီရောင်မိုးနဂါးပျံကြီးတစ်ကောင်နှင့် တူနေချေပြီ။
မိုးနဂါးပျံကြီး၏ ကိုယ်ပွားတော့ မဟုတ်သော်လည်း အရှိန်အဝါကား အလွန်ဆင်၏။
ဟိန်းဟောက်နေသော ပုတ်သင်ကြီး၏ ခန္ဓာကိုယ်က တောင်အသေးတစ်လုံးအရွယ်အထိ ကြီးထွားလာသည်။ ၄င်း၏ဝမ်းဗိုက်ထဲတွင် မီးတောက်များ လောင်မြိုက်နေပြီး အပြင်သို့ ထွက်လာရန် အသင့်ဖြစ်နေသကဲ့သို့ အနက်ရောင်မီးခိုးငွေ့များက ၄င်း၏ပါးစပ်မှ တငွေ့ငွေ့ထွက်နေ၏။
ယခုတွင် ၄င်းသည် ယခင်နှင့် တခြားစီ ဖြစ်သွားလေပြီ။ ၄င်း၏ အရှိန်အဝါမှာလည်း အဆများစွာ ပို၍အားကောင်းလာသည်။
ဘီလူးကြီးရိုင်း၏ ခန္ဓာကိုယ်က ပို၍သန်မာလာသည်။ ၄င်းသည် အလွန်ကျယ်လောင်စွာ ဟစ်ကြွေးရင်း လက်ကိုမြှောက်လိုက်ရာ ကောင်းကင်မှ မိုးကြိုးတစ်တန်း ထိုးဆင်းလာလေသည်။ ဘီလူးရိုင်းကြီး ၄င်းကို ဆုပ်ကိုင်လိုက်သည်နှင့် အဆိုပါမိုးကြိုးသည် အဆုံးစွန်ထိ ရင်သပ်ရှုမောဖွယ်ကောင်းသော မိုးကြိုးကြာပွတ်တစ်ချောင်း ဖြစ်သွား၏။
ကမ္ဘာသစ်မိစ္ဆာများအားလုံး မှော်အသွင်ပြောင်းခြင်းအား ကြုံတွေ့လိုက်ရလေပြီ။ ထိုကဲ့သို့ ပြောင်းလဲမှုများသည် ရှေးခေတ်အခါတုန်းက အနောက်ပိုင်းသဲကန္တာရတွင် တစ်ခါတရံမှသာ ဖြစ်ပွားလေ့ရှိခဲ့ဖူးသော အရာများ ဖြစ်သည်။ ဤသို့ အသွင်ပြောင်းခြင်းအလုံးစုံ တစ်ပြိုင်တည်းဖြစ်ပွားခြင်းကိုကား တစ်ခါမျှ မကြုံတွေခဲ့ရဖူးပေ။
ဖြစ်ပျက်သွားသောမြင်ကွင်းက မိစ္ဆာသားရဲသခင်သုံးဦးကို ချက်ချင်း တုန်လှုပ်သွားစေသည်။ သူတို့၏မျက်လုံးများတွင် ကြောက်ရွံသော အရိပ်အယောင်များ ထင်ဟပ်လာပြီး သူတို့မှာ ရှေ့ဆက်မသွားရဲတော့ပေ။
ပင့်ကူအဖွဲ့ကျင့်ကြံသူသုံးထောင်မှာတော့ မူးချာလည်သွား၏။ ကမ္ဘာသစ်မိစ္ဆာတစ်သောင်းကျော်လုံး အသွင်ပြောင်းခြင်းနှင့် ကြုံတွေ့သွားသည်က သူတို့ကို ကြောက်စိတ်တို့ မွှန်ထူသွားစေသည်။
ကျောက်ယူလန်၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေပြီး စူးရှတောက်ပနေသည်။ မန်ဟို ရုတ်တရက် စွမ်းအားမြင့်တက်သွားခြင်းက သူမကို တုန်လှုပ်သွားစေလေသည်။
သူမသာမဟုတ်။ လောလောဆယ် အကာအကွယ်ကို တိုက်ခိုက်နေကြသော ပင့်ကူအဖွဲ့ နတ်ဆရာကြီးနှင့် အကြီးအကဲများလည်း နောက်လှည့်ကြည့်လိုက်ကြသည်။ သူတို့ မန်ဟိုနှင့် သူ၏ကမ္ဘာသစ်မိစ္ဆာအုပ်ကို မြင်သောအခါ စိတ်နှလုံးတုန်ယင်သွားကြ၏။
ပင့်ကူအဖွဲ့ မိစ္ဆာသားရဲသခင်သုံးဦးမှာ မျက်နှာများတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေပြီး အသက်မနည်းရှူနေကြရသည်။ အံ့သြတုန်လှုပ်ခြင်းသည် သူတို့၏နှလုံးသားအား မင်းမူသွားပြီး တုန်ရီအက်ကွဲသောအသံများက အထစ်ထစ်အငေါ့ငေါ့ ထွက်လာသည်။
"မ.... မဟာမိစ္ဆာသားရဲသခင်"
"သူက မဟာမိစ္ဆာသားရဲသခင်ပဲ။ မဟာမိစ္ဆာသားရဲသခင်တွေပဲ ဒီလောက် ကြောက်စရာကောင်းတဲ့ လျှို့ဝှက်မိစ္ဆာသားရဲသခင်ပညာရပ်ကို တတ်မြောက်နိုင်တာ"
ထိုစဥ် မန်ဟို့အကြည့်က သူတို့ကို လွှမ်းမိုးလာ၍ သူတို့၏မျက်နှာများ ချက်ချင်း ဖြူဖျော့သွား၏။ သူတို့မှာ ခေါင်းနပန်းကြီးသွားရင်း အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးတော့သည်။
သူတို့ နောက်ဆုတ်သွားသည့်အချိန်မှာပင် မန်ဟို့၏ကမ္ဘာသစ်မိစ္ဆာအုပ်က ပြိုင်တူဟိန်းဟောက်ပြီး ၄င်းတို့ကို ဝိုင်းထားသော ကျင့်ကြံသူများနှင့် ကမ္ဘာသစ်မိစ္ဆာများအပေါ် ခုန်အုပ်လိုက်ကြသည်။
မိုးခြိမ်းသံတမျှ ကျယ်လောင်သော ဟိန်းဟောက်သံများအလယ်တွင် မန်ဟိုသည်လည်း မြန်နှုန်းမြှင့်သွေးအလင်းနှင့် တဟုန်ထိုး ရှေ့ထွက်သွား၏။ သူ့ခန္ဓာကိုယ်မှာ ကိုယ်ရောင်ပျောက်သွားသည့်အလားပင်။ ထိုအချိန်တွင် သူနှင့် မိစ္ဆာသားရဲသခင်သုံးဦးအနက် အနီးဆုံးတစ်ယောက်အကြားရှိ ကမ္ဘာသစ်မိစ္ဆာများ၊ ကျင့်ကြံသူများအားလုံး ရုတ်တရက် ဘန်းခနဲ ပေါက်ကွဲကာ သွေးသားမြူတိမ်ကြီး ဖြစ်သွားသည်။ မန်ဟိုက ထိုအနီးဆုံးမိစ္ဆာသားရဲသခင်၏ အရှေ့တည့်တည့်တွင် ပြန်ပေါ်လာ၏။
ဖြစ်ပျက်သွားသည့်အမြန်နှုန်းမှာ လျှပ်စီးလက်သလို မြန်လွန်းသည်။ အသေးစားနေရာရွှေ့ပြောင်းခြင်းမဟုတ်သော်လည်း သေဆုံးခြင်းလမ်းကြောင်းတစ်ခုအား ချန်ရစ်ခဲ့သော တာတိုခုန်ကူးခြင်းမျိုးပင်။
"မင်း..." မိစ္ဆာသားရဲသခင် မျက်နှာပျက်သွားပြီး သူ့စိတ်ထဲ၌ အချက်ပေးခေါင်းလောင်းသံများ ဆူညံသွားသည်။ သူနောက်ဆုတ်တော့မည့်အချိန်မှာပင် မန်ဟို့လက်က သူ့လည်ပင်းကို လျှပ်တပြက် ဆုပ်ကိုင်လိုက်၏။ ထို့နောက် မန်ဟိုသည် ခံစားချက်မဲ့သော မျက်နှာထားဖြင့် ထိုလူ့လည်ပင်းကို ချိုးလိုက်ရာ ဂျွတ်ခနဲ အရိုးကျိုးသံထွက်လာသည်။
သူ မိစ္ဆာသားရဲသခင်ကို လွှတ်ချလိုက်သောအခါ ဘီလူးရိုင်းကြီးဆီမှ ဆူးချွန်များပြည့်နှက်နေသော နွယ်တစ်ပင်က တွန့်လိမ်ကောက်ကွေးထွက်လာ၏။ ၄င်းက မိစ္ဆာသားရဲသခင်၏ အလောင်းကို တစ်လုပ်တည်း မြိုချလိုက်လေသည်။ ထို့နောက် အသားစားနွယ်ကြီးက ဧရာမဆူးလုံးကြီးသဖွယ် လည်ရင်း ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို သိမ်းကျုံးရိုက်ခတ်နေသည်။
ဤသို့သတ်ဖြတ်ခြင်းက စစ်မြေပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ အကာအကွယ်ကို တိုက်ခိုက်နေသော ပင့်ကူအဖွဲ့ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနှစ်ယောက်၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွား၏။ သူတို့က တုံ့ဆိုင်းမနေဘဲ အသေးစားနေရာရွှေ့ပြောင်းခြင်းအသုံးပြုကာ မန်ဟို့အနားတွင် ပေါ်လာလေပြီ။
သူတို့ ပြန်ပေါ်လာသည့်အခိုက်၌ မိစ္ဆာခြင်တစ်အုပ်က မန်ဟို့ကို ကာကွယ်ရန် တဝီဝီအော်ရင်း ပျံသန်းလာသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲနှစ်ယောက်က ပူးပေါင်း၍ မိစ္ဆာခြင်များအား တမုဟုတ်ချင်း အနိုင်ယူလိုက်သည်။ သို့သော် ထိုအခိုက် ... သွေးရောင်အလင်းက မန်ဟို့ပတ်လည်တွင် ပေါ်လာပြီး မြန်နှုန်းမြှင့်သွေးအလင်း နောက်တစ်ဖန် အသက်ဝင်သွားပြန်၏။ ဤတစ်ကြိမ်တွင် သူသည် ထွက်ပြေးနေသော ဒုတိယမိစ္ဆာသားရဲသခင်၏ဘေး၌ ပေါ်လာသည်။ သူက လက်ကို ဝှေ့ယမ်းကာ ရွှေရောင်အလင်းအား ရှေ့သို့ စီးထွက်သွားစေ၏။ ၄င်းသည် ဒုတိယလူ၏ခန္ဓာကိုယ်ကို ဝန်းရံလွှမ်းခြုံလိုက်သဖြင့် ထိုလူက စူးစူးဝါးဝါးအော်လိုက်သည်။ အသက်ရှိုက်စာအနည်းငယ်ကြာသော် အလင်းရောင်သည် တစတစ မှေးမှိန်ဖျော့တော့လာရာ ထိုလူ၏ ရွှေအတိပြီးနေသော ခန္ဓာကိုယ်ကြီး ထွက်ပေါ်လာတော့သည်။ သူကား ကောင်းကင်ထက်မှ အောက်သို့ ဖြည်းဖြည်းချင်း ပြုတ်ကျသွားလေပြီ။
နောက်ဆုံးမိစ္ဆာသားရဲသခင်မှာ မန်ဟို့၏ အကြင်နာမဲ့သော ရက်စက်မှုကြောင့် လိပ်ပြာလွင့်မတတ်ကြောက်နေသော အဘိုးကြီးတစ်ဦးဖြစ်သည်။ သူ့မှာ ချက်ချင်း ကြောက်ဒူးတုန်လာ၏။
"ကယ်ပါဦး" သူက ကျောက်ယူလန်ထံ အမြန်ပြေးရင်း လှမ်းအော်သည်။
"အတင့်ရဲလိုက်တာ" အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်က အော်သည်။ မန်ဟို အဆင့် (၉) မိစ္ဆာသားရဲသခင် နောက်တစ်ယောက်ကို သူတို့မျက်စိရှေ့တည့်တည့်တွင် သတ်ဖြတ်သွားခြင်းက သူတို့ကို ဒေါသထွက်သွားစေ၏။ သူတို့သည် အသတ်အဖြတ်စိတ်ဆန္ဒများကို ထုတ်ဖော်ရင်း မန်ဟိုဆီသို့ နောက်တစ်ဖန် ပျံသန်းသွားကြသည်။ သူတို့ သူ့အနားမရောက်သေးခင်မှာပင် နတ်ဘုရားစွမ်းရည်များက မှော်ဆန်ဆန် ပေါ်လာနေပြီဖြစ်၏။
"ကျုပ်က သိပ်မရဲပါဘူး..." မန်ဟိုက အေးအေးလူလူ ပြန်ပြောသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲများ နီးကပ်လာစဥ် သူက ညာလက်ကို မြှောက်ပြီး ထိုနှစ်ယောက်ထံ လက်ညှိုးထိုးလိုက်၏။ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန် ချက်ချင်း ထွက်ပေါ်လာသည်။ မမြင်နိုင်သော မိစ္ဆာချီမျှင်များက ထိုလူနှစ်ယောက်ကို ရုတ်ခြည်း တုပ်နှောင်လိုက်လေပြီ။
အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်နှစ်ယောက် မျက်စိမျက်နှာပျက်သွားသည်။ သူတို့အတွက် ကျင့်ကြံခြင်းအခြေခံစွမ်းအားဖြင့် ရုန်းထွက်ရန် မကြာသော်လည်း ထိုအခိုက်အတန့်လေးက မန်ဟို့ကို မြန်နှုန်းမြှင့်သွေးအလင်းအား နောက်တစ်ဖန် အသုံးပြုခွင့်ရစေသည်။ သူကား သွေးရောင်အလင်းဖြင့် တောက်ပနေလျက် နောက်ဆုံးမိစ္ဆာသားရဲသခင်ဆီ ပျံထွက်သွား၏။
"ရာရာစစ မင်းကများ" အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲတစ်ဦးက အော်သည်။ သူသည် အကာအကွယ်မှ နေရာရွှေ့ပြောင်းကာ မိစ္ဆာသားရဲသခင်အဘိုးကြီး၏ဘေးတွင် ပေါ်လာသည်။ ထို့နောက် ဟိန်းဟောက်ရင်း ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖောက်လိုက်ရာ ရောင်စုံအလင်းက မန်ဟို့ထံသို့ ရိုက်ခတ်လာ၏။
"ကျုပ် သတ်ချင်တဲ့လူကို ဘယ်သူမှ မကယ်နိုင်ဘူး" မန်ဟိုက တည်ငြိမ်စွာ ပြောသည်။ သူသည် တုံ့ဆိုင်းတွေဝေခြင်းမရှိဘဲ ညာလက်ကို ဆုပ်ပြီး အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲဆီ ပစ်သွင်းလိုက်သည်။
ပေါက်ကွဲသံကြီး လေတွင် ပြည့်နှက်သွား၏။ မန်ဟို့မှာ တစ်ကိုယ်လုံး တုန်ရီပြီး နောက်သို့ ခြေလှမ်းသုံးလှမ်း ဆုတ်လိုက်ရသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်လည်း မျက်နှာပျက်သွားပြီး သူ့ပါးစပ်မှ သွေးများပန်းထွက်လာသည်။ သူက မျက်လုံးများတွင် မယုံနိုင်မှုတို့ ပြည့်နှက်နေလျက် ခြေလှမ်းခုနစ်လှမ်း၊ ရှစ်လှမ်း ဆုတ်လိုက်ရ၏။ သူ အလန့်တကြား ငေးကြည့်နေစဥ်မှာပင် မန်ဟိုက မိစ္ဆာသားရဲသခင်အဘိုးကြီးဆီ ရောက်သွားလေပြီ။ ထိုမိစ္ဆာသားရဲသခင် ဘာမှမလုပ်နိုင်ခင် မန်ဟို့က သူ့လည်ပင်းကို ဆုပ်ပြီး ဖြစ်ညစ်လိုက်၏။
ရန်သူထောင်ပေါင်းများစွာ ဝန်းရံခံထားရသည့်ကြားမှ မန်ဟိုက မိစ္ဆာသားရဲသခင်သုံးဦးကို ဇီဝိန်ချုပ်စေခဲ့ပြီဖြစ်သည်။ အနုသုခုရုပ်ခန္ဓာအဆင့်သုံးယောက်ပင် သူ့ကို မဟန့်တားနိုင်ခဲ့ပေ။ အမှန်တွင် မိစ္ဆာသားရဲသခင်တစ်ယောက်ချင်းစီတိုင်း အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်စီ၏ ရှေ့မှောက်၌ သတ်ဖြတ်ခံခဲ့ရခြင်းပင်။ ဤမြင်ကွင်းကြီးက ပင့်ကူအဖွဲ့ကျင့်ကြံသူများကိုသာမက အကာအကွယ်အတွင်းရှိ မျိုးနွယ်စုငါးစု၏အဖွဲ့ဝင်များကိုလည်း အံ့သြမှင်သက်သွားစေသည်။ ရုတ်တရက် မျိုးနွယ်စုငါးစုမှာ ကံဆိုးမိုးမှောင်ကျနေသော အခြေအနေမှ မျှော်လင့်ချက်ရောင်ခြည်တို့ သမ်းလာသဖြင့် သွေးတို့ တပွက်ပွက် ဆူလာတော့သည်။
"မဟာအကြီးအကဲမန်"
"မဟာအကြီးအကဲမန်"
အကာအကွယ်အတွင်းမှ အသက်ရှင်ကျန်ခဲ့သော မျိုးနွယ်စုငါးစု၏ မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေသော စိတ်လှုပ်တရှား အော်ဟစ်ကြွေးကြော်သံများ ဆူညံလာ၏။
ကျောက်ယူလန်မှာ မန်ဟို့ကို ကြည့်ရင်း အသက်မနည်းရှူနေရသည်။ သူ၏အပြုအမူများမှာ သူမခန့်မှန်းထားသည်ထက် ကျော်လွန်နေပြီး ယခုတွင် သူသည် စစ်ပွဲ၏အခရာ ဖြစ်သွားလေပြီ။
"မဟာမိစ္ဆာသားရဲသခင်.... အနုသုခုမရုပ်ခန္ဓာအဆင့်ကို တိုက်ရိုက် ဖယ်ရှားပစ်နိုင်တဲ့သူ... ဒီလူသေမှဖြစ်မယ်" အသတ်အဖြတ်စိတ်ဆန္ဒ သူမမျက်ဝန်းများတွင် ဖြစ်တည်လာသည့်အချိန်မှာပင် သူမမှာ ရင်တဒိန်းဒိန်းခုန်လာပြီး သေစေနိုင်သောအန္တရာယ်ကြီးကို အာရုံရလိုက်၏။ အဘယ်ကြောင့်ဆိုသော် မန်ဟို့မျက်ဝန်းများကို သူမမြင်လိုက်၍ပင်။
ဤအခိုက်အတန့်တွင် မန်ဟို့အကြည့်သည် သူနှင့်သူမအား ခြားထားသည့် ကျင့်ကြံသူသုံးထောင်ကို လွှမ်းမိုးရင်း စစ်မြေပြင်ကို ကျော်ဖြတ်လာသည်။
သူ့အကြည့်က အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ပြည့်နေပြီး သူမကို ဦးတည်၏။
"သူ ငါ့ကို သတ်ချင်နေတာလား။ အဲ့ဒီမိစ္ဆာသားရဲသခင်သုံးယောက်က သူနဲ့ နီးလို့ ပစ်မှတ်ထားရလွယ်သေးတယ်။ ငါနဲ့က သိပ်ဝေးလွန်းတဲ့အပြင် ကြားမှာ ကျင့်ကြံသူသုံးထောင်ရှိသေးတယ်။ ငါ့မှာ ကိုယ်ရံတော်ဆယ်ယောက်နဲ့ နတ်ဆရာကြီးရယ်၊ အကြီးအကဲရယ်ရှိသေးတာကို ... သူ ငါ့ကို ဘယ်လိုသတ်မှာလဲ"
***