သုံးထောင်သော ကျင့်ကြံသူများ၏ အပေါ်မှ ဖြတ်သန်းလာသော ပုံရိပ်
Vol. 32 Ch. 442
"စဥ်းစား ကြည့်စရာတောင်မလိုဘူး" ကျောက်ယူလန်က တွေးသည်။ "ငါ့အနားတောင် မရောက်ခင် ကျင့်ကြံသူသုံးထောင်ကို တိုက်ခိုက်ရဦးမှာ။ အသေးစားနေရာရွှေ့ပြောင်းခြင်း မသုံးသရွေ့ သူအတွက် အကျိုးမရှိဘူး။ အဲ့ဒီသွေးချီကလည်း သူ့ကို ဒီလောက်အကွာအဝေး ပို့မပေးနိုင်ဘူး
"သူ ပျံသန်းလာမယ်ဆိုရင် ကျင့်ကြံသူသုံးထောင်ကို ဖောက်ထွက်နိုင်တဲ့အထိ မြန်နေမှပဲ။ စောစောက အမြန်နှုန်းကို ကြည့်ရသလောက် မလုံလောက်သေးဘူး" သူမအတွေးရထားကြီး ဤဘူတာဆိုက်သော် မန်ဟို ခေါင်းမော့ပြီး သံရှည်ဆွဲအော်လိုက်သည်ကို ကျောက်ယူလန် လှမ်းမြင်လိုက်သည်။
အော်သံကို တုံ့ပြန်သည့်အနေဖြင့် ဘီလူးရိုင်းကြီးက ဟိန်းဟောက်ရင်း ပြေးလာသည်။ ၄င်း၏ ကြွက်သားကြီးများမှာ ဖောင်းကြွလာပြီး ၄င်း၏ခန္ဓာကိုယ်ကြီးသည် မီတာသုံးရာအမြင့်ထိ ထွားကြိုင်းလာ၏။ ၄င်းညာလက်မောင်းပေါ်ရှိ ကြွက်သားများမှာ တစ်ကိုယ်လုံးရှိ သွေးများ ထိုနေရာတွင် စုသွားသည့်အလား တွန့်လိမ်လူးလွန့်လာသည်။ လက်မောင်းကြီးသည် ထူးဆန်းစွာဖြင့် အဆမတန် ဆက်လက်ကြီးမားလာနေ၏။ မကြာမီ ၄င်းကား ဘီလူးရိုင်းကြီး၏ကိုယ်တစ်ဝက်ကျော်ဖြင့် ဖွဲ့စည်းထားလေပြီ။
လက်မောင်းကြီးမှာ ကျန်ခန္ဓာကိုယ်နှင့် အချိုးမညီပေ။ သွေးကြောများက လက်မောင်း၏မျက်နှာပြင်တစ်လျှောက် ထောင်လာပြီး ပေါက်ကွဲထွက်တော့မည့်ပုံပင်။ ကြည့်ရသရွေ့ လက်မောင်းကြီးအတွင်းတွင် ကြောက်မက်ဖွယ်အားကြီး ပြည့်နှက်နေပုံပေါ်သည်။ ထိုမြင်ကွင်းကြီးက အတိုင်းထက်အလွန် ရင်သပ်ရှုမောဖွယ် ကောင်းနေတော့၏။ ဘီလူးရိုင်းကြီးက မန်ဟို့ကို ထိုလက်ကြီးဖြင့် ဆတ်ခနဲ မြှောက်ကာ ကျောက်ယူလန်ရှိရာသို့ ပစ်လိုက်သည်။
ဘီလူးရိုင်းကြီး၏ကိုယ်အတွင်း ရှိရှိသမျှသော စွမ်းအားအလုံံးစုံသည် ယခုတွင် မန်ဟို့ဆီသို့ လွှဲပြောင်းပေးခံလိုက်ရသဖြင့် သူ့အား လျှပ်စီးတန်းသဖွယ် လေကို ခွင်းသွားစေသည်။ သူ တဟုန်ထိုးသွားနေစဥ် ဘီလူးရိုင်းကြီး၏ စွမ်းအားက သူ့၏နဂိုစွမ်းအားကို အားဖြည့်ပေးထားသည်ဖြစ်ရာ သူ့ပုံရိပ်အား .... အသျှံတညီးညီးတောက်ပနေသော နေတစ်စင်းပမာ လေကို စုတ်ဖြဲပစ်လိုက်စေ၏။
တစ်ချိန်တည်းမှာပင် မိစ္ဆာခြင်တစ်အုပ်က သူ့ကို ပတ်၍ပျံသန်းကာ ဝဲဂယက်တစ်ခု အသွင်ပြောင်းသွားသည်။ ကျီးနက်များလည်း အနားကပ်လာပြီး မြူတိမ်တိုက် ဖြစ်လာသည်။ အနီရောင်မိကျောင်းကြီးလည်း ဧရာမတောင်ပံကြီးတစ်ဖက်ပုံစံဖြင့် ချဥ်းကပ်လာ၏။ ပုတ်သင်ကြီးက ကိုယ်ထည်ကြီးအသွင်ပြောင်းကာ လင်းနို့နက်ကြီးက နောက်တောင်ပံတစ်ဖက် ဖြစ်လာလေပြီ။ ကမ္ဘာသစ်မိစ္ဆာအုပ်က သူ့ကို ရှေ့သို့ တွန်းပို့ပေးလိုက်သဖြင့် မန်ဟို့အမြန်နှုန်းမှာ ထပ်မံမြင့်တက်သွား၏။
မန်ဟို သူ၏ကမ္ဘာသစ်မိစ္ဆာများဖြင့် ခြံရံလျက် ကောင်းကင်ကို ဖြတ်၍ ပျံသန်းလာစဥ် တဝှီးဝှီးမြည်သံကြီးကား အဘက်ဘက်သို့ ရိုက်ညောင်းနေတော့သည်။ သူသည် အံ့သြလွန်း၍ ဘာဆိုဘာမှမစဥ်းစားနိုင်တော့ဘဲ မော့ကြည့်နေသော ကျင့်ကြံသူသုံးထောင်၏ အပေါ်မှ ခမ်းနားကြီးကျယ်စွာ ဖြတ်သွားလေသည်။ ဤအခိုက်အတန့်တွင် .....
မန်ဟို့၏ ကမ္ဘာသစ်မိစ္ဆာအုပ်သည် မန်ဟို့ကို မြားခေါင်းအဖြစ်ထား၍ ရှည်လျားချွန်ထက်သော မြားတစ်စင်းဖြစ်သွားလေပြီ။ ၄င်းတို့က ပြင်းပြသော အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်ရင်း ရှေ့သို့ ရွှီးခနဲ ထွက်သွား၏။ ဟုန်းဟုန်းတောက်နေသော အမြန်နှုန်းဖြင့် ကျောက်ယူလန်ထံသို့ ဦးတည်လာနေသော မြားကား မိုးကောင်းကင်ကိုပင် စုတ်ဖြဲဖျက်စီးပစ်နိုင်သယောင်ပင်။
ဤအခိုက်အတန့်တွင် အကာအကွယ်အတွင်းရှိ မျိုးနွယ်စုငါးစုမှာ အသက်ပင် မရှူနိုင်တော့ပေ။ ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်မှာ ယခုတွင် ဒဏ်ရာများ ပျောက်ကင်းသွားပြီဖြစ်ပြီး နီရဲနေသော မျက်လုံးကြီးများကို ပြူးလျက် စိုက်ကြည့်နေ၏။ သူ့ဘေးရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူခုနစ်ယောက်လည်း တစ်ချက်တစ်ချက် အသက်လုရှူနေရလေသည်။
ဤအခိုက်အတန့်တွင် ပင့်ကူအဖွဲ့၏ နတ်ဆရာကြီးအပါအဝင် အကာအကွယ်၏ အပြင်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများလည်း မျက်နှာအမူအရာများ လုံးဝပြောင်းသွားကြသည်။
ကျောက်ယူလန်၏ ဖီးနစ်မျက်ဝန်းလေးများ ဝိုင်းစက်ပြူးကျယ်နေပြီး သူမမှာ မန်ဟို့ကို စိုက်ကြည့်ရင်း အသက်ရှူရန်မေ့နေလေပြီ။ ဤအခိုက်အတန့်တွင် မန်ဟို့ပုံရိပ်သည် သူမမျက်ဝန်းလေးများတွင် ရောင်ပြန်ဟပ်နေပြီး သူမ၏စိတ်နှလုံးအတွင်း၌ နက်နက်ရှိုင်းရှိုင်း ခတ်နှိပ်ခံလိုက်ရပြီဖြစ်သည်။
သုံးထောင်သောကျင့်ကြံသူတို့၏ အပေါ်မှ ပျံသန်းလာသော ပုံရိပ်
ကျောက်ယူလန်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာသော မိစ္ဆာမြား
မယုံကြည်နိုင်ဖွယ်အမြန်နှုန်းက သူတို့နှစ်ယောက်အကြားရှိ မီတာတစ်ထောင်ကျော်ကို ရုတ်တရက် မီတာသုံးရာအောက်သာ ရှိစေတော့သည်။ ကျောက်ယူလန်ကို ဝန်းရံထားသည့် အစိမ်းရောင်ဆေးမင်ကြောင်များနှင့်ကျင့်ကြံသူများက ဤအထင်ကြီးစရာရန်သူကို ရင်ဆိုင်ရန် မလဲမပြိုအောင် အားတင်းထားကြ၏။ အသတ်အဖြတ်စိတ်ဆန္ဒများအား သူတို့၏မျက်လုံးများတွင် မြင်နိုင်သည်။
ကျောက်ယူလန်က နတ်ဆိုးနှလုံးသားပန်းကို ခေါင်းထက်တွင် ပင့်မြှောက်ထားသည်။ မန်ဟို့ကို စိုက်ကြည့်နေစဥ် သူမ၏မျက်နှာအမူအရာမှာ တည်ငြိမ်လျက်ရှိပြီး မျက်ဝန်းများ၌ အေးစက်မှုတို့ စိုးမိုးနေသည်။ လောလောဆယ်တွင် သူမလှုပ်မရပေ။ နည်းနည်းလှုပ်လိုက်သည်နှင့် နတ်ဆိုးနှလုံးသားပန်း၏စွမ်းအား ပြိုကွဲပျောက်ကွယ်သွားလိမ့်မည်။ ထိုသို့ဖြစ်ပျက်သွားပါက အကာအကွယ်အတွင်း ကျန်ရှိသော မျိုးနွယ်စုငါးစု၏ အဖွဲ့ဝင်များ ထွက်လာကြမှာ သေချာသည်။ ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်အပါအဝင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူရှစ်ဦးဖြင့်ပင် ပင့်ကူအဖွဲ့အကြီးအကဲများကို အခက်အခဲဖြစ်စေရန် လုံလောက်လေသည်။
ထိုကဲ့သို့ အခြေအနေတစ်ရပ်က သူတို့ကို အန္တရာယ်တွင်းထဲ ကျရောက်စေမည်ဖြစ်၏။
"သူ ရောက်မလာနိုင်ဘူး.... ငါလောင်းရဲတယ်" ကျောက်ယူလန်က တထစ်ချ တွေးထားလေသည်။
ပင့်ကူအဖွဲ့၏ ကျန်အကြီးအကဲများမှာ ယခုတွင် အကာအကွယ်ကို ဖျက်စီး၍ မျိုးနွယ်စုငါးစုကို အမြစ်ဖြုတ်ရန် ကြိုးစားနေသည်ကို လက်လျှော့လိုက်ကြ၏။ သူတို့အတွက် အားလုံးထက် ပိုအရေးကြီးသည်မှာ အဖွဲ့၏ သန့်စင်သမီးတော်ပင်။
အကြီးအကဲကိုးယောက်အနက် သုံးယောက်က စွမ်းအားများ ထုတ်ဖော်လျက် မန်ဟို့ဆီ နေရာရွှေ့ပြောင်းသွားကြသည်။ ကျန်ခြောက်ယောက်က တုံ့ဆိုင်းခြင်းမရှိ ပျံသန်းလာကြ၏။
အကြီးအကဲသုံးယောက်က မန်ဟို့၏ တုန်လှုပ်ဖွယ်ပုံရိပ်ဘေးတွင် ရုတ်တရက် ပေါ်လာကြလေပြီ။ သူတို့သည် ချက်ချင်း မုဒြာလက်ကွက်များ ဖော်လိုက်ရာ သူတို့ခန္ဓာကိုယ်များမှ အရုပ်ရောင်ခြည်များ ဖြာထွက်လာသည်။ ၄င်းတို့သည် ပုံရိပ်ကြီးတစ်ခု အသွင်ပြောင်းကာ မန်ဟို့ဆီ ပြေးဝင်သွား၏။
"နောက်ဆုတ်စမ်း" အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူသုံးယောက်၏ ဟိန်းဟောက်သံမှာ မိုးထစ်ချုန်းသံအလားပင်။
"ဖယ်စမ်း" မန်ဟိုက သူ့ပတ်ပတ်လည်ရှိ ကမ္ဘာသစ်မိစ္ဆာအားလုံး တစ်ပြိုင်တည်း ဟိန်းဟောက်လိုက်သကဲ့သို့ အသံကြီးဖြင့် ပြန်ဖြေသည်။ ထိုအသံကြီးက ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေပြီး အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူသုံးယောက်အပေါ် ဖိနှိပ်လိုက်၏။ ရုတ်တရက် ကျီးနက်များ၊ မိစ္ဆာခြင်များနှင့်အတူ အနီရောင်မိကျောင်းကြီးတို့အားလုံး ဦးတည်ရာပြောင်း၍ သူတို့သုံးယောက်ဆီ ပြေးဝင်လာသည်။
မိုးခြိမ်းတမျှ ကျယ်လောင်လှသော တရွှီးရွှီးမြည်သံကြီး ပဲ့တင်ထပ်နေစဥ် မန်ဟိုသည် နည်းနည်းလေးမှ မရပ်နားဘဲ ရှေ့ဆက်သွားနေ၏။ ကမ္ဘာသစ်မိစ္ဆာအုပ်က အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူသုံးဦး၏ လမ်းကို ပိတ်ဆို့တားဆီးလိုက်သဖြင့် မန်ဟို့ကို ချောချောချူချူ ကျော်ဖြတ်သွားခွင့်ပေးလိုက်သည်။
သူသည် ယခုတွင် ကျောက်ယူလန်ထံမှ မီတာနှစ်ရာခန့်သာ ကွာဝေးတော့လေပြီ။
ဒေါသတကြီး ဟိန်းဟောက်သံများနှင့်အတူ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူခြောက်ဦး မန်ဟို့အနားတွင် ပေါ်လာသည်။ သူတို့က ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို အသုံးပြု၍ အရုပ်နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်ထားလေသည်။ ဤလူခြောက်ယောက်၏စွမ်းအားများက စုပေါင်းပြီး မန်ဟို့ကို အမှုန့်ခြေရန် တဟုန်ထိုးထွက်သွားသော ဧရာမရွှေခေါင်းလောင်းကြီးတစ်လုံးအား ဖန်တီးလိုက်သဖြင့် လေတွင် ဒေါင်ခနဲ ခေါင်းလောင်းမြည်သံကြီး ပြည့်နှက်သွားသည်။
ခေါင်းလောင်းကြီး ရှေ့သို့ ပျံထွက်သွားစဥ် နားကွဲလုမတတ် တဒေါင်ဒေါင် မြည်သံကြီးနှင့်အတူ အလွန်ပြင်းထန်သော ဖိအားကြီးလည်း သက်ရောက်လာသည်။ မန်ဟို့မျက်လုံးများ အရောင်လက်သွားပြီး သူက ရုတ်တရက် လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းလိုက်သည်။ မောင်မွှေးထူ၊ ပုတ်သင်ကြီးနှင့် အခြားကမ္ဘာသစ်မိစ္ဆာများအားလုံး လာနေသော ရွှေခေါင်းလောင်းကြီးထံ ပြေးထွက်သွားကြသည်။
အဝေးမှကြည့်လျှင် မန်ဟို၏ ကမ္ဘာသစ်မိစ္ဆာအုပ်ကြီးသည် သူ့ခန္ဓာကိုယ်မှ တိုက်ခတ်နေသော အနက်ရောင်လေသဖွယ် ဖြစ်လာ၏။ ယခုတွင် မန်ဟိုသည် လေလယ်တွင် ထင်းလင်းမြင်သာနေပြီ ဖြစ်သည်။
သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သွေးမျက်နှာဖုံးကို ကိုင်ထားသည့် ညာလက်ကို မြှောက်လိုက်သည်။ သူ ၄င်းကို မျက်နှာအပေါ် တင်လိုက်သည်နှင့်တစ်ပြိုင်နက် သဏ္ဍာန်မဲ့သော သွေးချီက ဝုန်းခနဲ သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာ၏။ ၄င်းသည် ကြည့်ရှုနေသူအားလုံးကို လုံးလုံးလျားလျား အံ့သြမှင်သက်သွားစေရင်း အရပ်မျက်နှာတစ်ခွင်သို့ ဖြာထွက်သွားသည်။
သွေးချီများက မုဒြာလက်ကွက်ဖော်နေသော မန်ဟို့ကို အလယ်တွင်ထား၍ တလိပ်လိပ်ထလာရင်း လည်နေသော အနီရောင်ဝဲကြီး ဖြစ်လာသည်။ ရုတ်တရက် တဟူးဟူးလည်ပတ်နေသော ဝဲကြီးသည် မျက်နှာကြီးတစ်ဖက်အဖြစ် ပြောင်းလဲလာ၏။
မျက်နှာကြီးက ကမ္ဘာသစ်မိစ္ဆာအုပ်အနောက်မှ တဟုန်ထိုး ထွက်လာကာ ရွှေခေါင်းလောင်းကြီးနှင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူခြောက်ယောက်ဆီ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
ချောက်ချားဖွယ် ပေါက်ကွဲမှုကြီးက အရာအားလုံးကို ယိမ်းထိုးလှုပ်ရမ်းသွားစေ၏။ ကမ္ဘာသစ်မိစ္ဆာအုပ်သည် ဟိုတစ်ကောင်၊ သည်တစ်ကောင်လွင့်ထွက်သွားပြီး ရွှေခေါင်းလောင်းကြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ လူခြောက်ယောက် နောက်ဆုတ်လိုက်စဥ် သူတို့၏ မျက်နှာများမှာ အံ့သြမှုကြောင့် ဖြူဆုပ်လျက်ရှိ၏။
မန်ဟိုက သွေးတချို့ ထွေးထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ သွေးအလင်း ဖျတ်ခနဲ လက်ပြီး အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူခြောက်ယောက်၏အဝေး၊ ကျောက်ယူလန်ထံမှ မီတာတစ်ရာအကွာတွင် ပြန်ပေါ်လာသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်၏အဝတ်ပေါ်က ချည်မျှင်များကိုပင် တစ်ယောက်မြင်ရလောက်အောင် နီးကပ်နေပြီ ဖြစ်သည်။
ကျောက်ယူလန်၏ မျက်နှာမှာ ပကတိအတိုင်းဖြစ်ပြီး သူမမျက်ဝန်းလေးများက အေးစက်နေသည်။ မန်ဟိုပင်လျှင် ထိုကဲ့သို့ စိတ်တည်ငြိမ်မှုအား လေးစားမိ၏။ သို့သော် သူ လေကို ခွင်း၍ သူမဆီ ပျံသန်းလာစဥ် သူ၏အသတ်အဖြတ်စိတ်ဆန္ဒကား ပို၍ပင် အားကောင်းလာသည်။
အစိမ်းရောင်အရုပ်ဆေးမင်ကြောင်နှင့် ကျင့်ကြံသူဆယ်ယောက်ကျော်က ချက်ချင်း မန်ဟို့ထံ ချီတက်သွားသော အစိမ်းရောင်အလင်းတန်တစ်တန်း ဖြစ်သွား၏။
မန်ဟို ချဥ်းကပ်လာသည်ကို စောင့်ကြည့်နေသော ကျောက်ယူလန်၏ အမူအအရာမှာ နည်းနည်းလေးပင် ပြောင်းလဲခြင်းမရှိ။ သူ၏မျက်နှာဖုံး၊ လေတွင် တဖတ်ဖတ်လွင့်နေသော အစိမ်းရောင်ဝတ်ရုံ၊ မျောလွင့်နေသော အဖြူရောင်ဆံနွယ်များ... သူမ မြင်နေရသည်။ သို့ရာတွင် သူမ၏မျက်ဝန်းများမှာ ရေသေကဲ့သို့ တည်ငြိမ်ပြီး အေးစက်မြဲ အေးစက်နေမြဲသာ။
ရန်သူစစ်တပ်ထောင်ချီကြားထဲကို သူက တစ်ယောက်တည်းလာခဲ့၏။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူကိုးဦးမှာ သူ့ကို အသက်တစ်ရှိုက်ပင် ဟန့်တားခြင်းငှာ မစွမ်းနိုင်ခဲ့။ ဤကဲ့သို့ လူတစ်ယောက်၏ ပုံရိပ်သည် ကျောက်ယူလန် နှလုံးသားထဲ၌ ထာဝရ စွဲထင်ကျန်ရစ်နေမည်ဖြစ်သည်။
မျိုးနွယ်စုများအကြားက ဤစစ်ပွဲနှင့်ပတ်သက်လျှင် ကျောက်ယူလန်အနေဖြင့် ဖြစ်နိုင်ခြေအားလုံးကို တွက်ချက်ခဲ့၏။ သူမ မတွက်မိသည့် တစ်ခုတည်းသောအရာမှာ ... မန်ဟိုပင်။
မန်ဟိုက လက်သီးဆုပ်ပြီး အစိမ်းရောင်မျက်နှာနှင့် ကျင့်ကြံသူတစ်ယောက်၏ရင်ဘတ်ကို ထိုးချလိုက်သည်။ ထိုလူ၏ကျင့်ကြံခြင်းအခြေခံမှာ ချက်ချင်း ဖိနှိပ်ခံလိုက်ရ၏။ သူ့ခန္ဓာကိုယ်မှာ ချက်ချင်း မပေါက်ကွဲသွားဘဲ နောက်လွင့်ထွက်ကာ အနောက်ရှိ လူကို ဝင်တိုက်ပြီး နှစ်ယောက်လုံး သွေးမြူတိမ်အဖြစ် ပေါက်ကွဲသွားသည်။
မန်ဟို့ ခန္ဓာကိုယ်က ရိပ်ခနဲ အခြားကျင့်ကြံသူတစ်ယောက်၏ အနောက်တွင် ပြန်ပေါ်လာသည်။ သူက လက်သီးစာကျွေးမည့်အစား မုဒြာလက်ကွက်ဖော်လိုက်၏။ အရိုးကျိုးသံများ ထွက်လာသည်။ ထို့နောက် ရွှေအလင်းရောင် ဖြာထွက်လာကာ သုံးယောက်ကား ရွှေအတိပြီးသောရုပ်တုများ ချက်ချင်း ဖြစ်သွားလေပြီ။
သေသပ်သော သတ်ဖြတ်မှု၊ ညစ်ပတ်ရှုပ်ပွခြင်းမရှိ။ မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး အမြန်နှုန်းကို မြှင့်လိုက်ရာ ကျန်ငါးယောက်ကို ကျော်ပြီး ကျောက်ယူလန်အနားရောက်လာ၏။
အသက်ရှင်ကျန်ရစ်သော အစိမ်းရောင်မျက်နှာနှင့်ကျင့်ကြံသူများက ခိုင်မာပြတ်သားသော မျက်လုံးများဖြင့် တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ကြုံးဝါးရင်း .... ကိုယ့်ကိုကိုယ် ဖောက်ခွဲရန် ရွေးချယ်လိုက်ကြသည်။
အမြုတေဖြစ်တည်မှု မဟာစက်ဝန်းရှိ ကျင့်ကြံသူငါးယောက် ဝုန်းခနဲ .... မဟာမိစ္ဆာသားရဲသခင် ပေါက်ကွဲသွားသည်။ ထိုကဲ့သို့ စွမ်းအားမျိုးက မန်ဟို့ကို တုပ်လှုပ်သွားစေရန် လုံလောက်၏။ သို့သော် သူ၏အမူအရာမှာ အနည်းအကျဥ်းပင် ပြောင်းလဲခြင်းမရှိ။ ခန္ဓာဖောက်ခွဲအားလှိုင်းများ သူ့ဆီ ရိုက်ခတ်လာသည့်အချိန်မှာပင် ပိုးချည်များက သူ့ကို အထပ်ထပ် ရစ်ပတ်လိုက်သည်။ ဤသည်ကား .... မျက်လုံးမဲ့ပိုးချည်ပင်။
ပိုးချည်များက မန်ဟို့ကို ရစ်ပတ်နေသဖြင့် တရွှီးရွှီး မြည်နေတော့သည်။ ပိုးချည်သည် ဖျက်စီး၍မရသောကြောင့် မန်ဟို မည်သည့်ဒဏ်ရာမှ မရလိုက်ပေ။ သူကား ခန္ဓာဖောက်ခွဲအားများအတွင်းမှ လျှပ်စီးသဖွယ် ထိုးဖောက်ထွက်လာ၏။ သူသည် ယခုတွင် ကျောက်ယူလန်ထံမှ မီတာသုံးဆယ်သာ ကွာဝေးတော့လေပြီ။
ဤအခိုက်အတန့်တွင် လူတိုင်း ကြက်သေသေသွားကြ၏။
ဤအခိုက်အတန့်မှာပင် သူ့အရှေ့တည့်တည့်၌ အရပ်မြင့်မြင့်ပုံရိပ်တစ်ခု ဘွားခနဲ ပေါ်လာသည်။ ဟင်းလင်းပြင်အတွင်းမှ အစိမ်းရောင်ကျောက်ဆောင်ကြီးနှင့် အနက်ရောင်သစ်ကိုင်းတစ်ကိုင်း ထွက်လာသည့်အလားပင်။ မှော်နှင်တံတစ်လက်က မန်ဟို့ဆီသို့ ညွှန်လိုက်၏။
"ထွက်သွား" အသံသည် ရှေးဆန်ပြီး ဟိန်းနေ၏။ ပိုင်ရှင်ကား ပင့်ကူအဖွဲ့၏ နတ်ဆရာကြီးမှတစ်ပါး အခြားမဟုတ်ပေ။ သူက တောင်တန်းများအား အမှုန့်ခြေပစ်နိုင်စွမ်းရှိသော မှော်နှင်တံကို ကိုင်ထားရင်း မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်နေသည်။ မန်ဟို့မှာ မရှောင်တိမ်းနိုင်သဖြင့် မှော်နှင်တံ၏စွမ်းအားက မျက်လုံးမဲ့ပိုးကောင်၏ ပိုးချည်များကို ဝင်ဆောင့်သွား၏။
သူ့အနောက်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲကိုးယောက်လည်း ကမ္ဘာသစ်မိစ္ဆာများကို ဖယ်ထုတ်ပြီး သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ချဥ်းကပ်လာနေသဖြင့် မန်ဟို့မျက်လုံးများ အရောင်လဲ့သွားသည်။
နတ်ဆရာကြီး ပေါ်လာသည်ကို မြင်သောအခါမှ ကျောက်ယူလန်မှာ ဟင်းချနိုင်တော့၏။ စောစောက မန်ဟို သူမနှင့် မီတာသုံးဆယ်အကွာသို့ ရောက်လာခြင်းက သူမကို တစ်ခါမှမခံစားရဖူးသော အန္တရာယ်အာရုံကြီးဖြင့် ပြည့်နှက်သွားစေခဲ့၏။
မျက်လုံးမဲ့ပိုးကောင်၏ ပိုးချည်က နတ်ဆရာကြီးထံမှ အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်၏ စွမ်းအားကို တန်ပြန်တိုက်ခိုက်လိုက်သဖြင့် ဘုန်းခနဲ မြည်ဟည်းပြီး မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ မန်ဟို့ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး သူ့မှာ မတတ်သာ၍ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။
သို့သော် ထိုမျှသာ ဖြစ်သည်။ သွေးနည်းနည်းစီးကျပြီး ခြေလှမ်းအနည်းငယ်လေး ဆုတ်လိုက်ရရုံသာ။ အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်၏ အားကုန်တိုက်ခိုက်မှုက ဤရွေ့ဤမျှသာ ဖြစ်ပျက်စေခဲ့သည်။
ပင့်ကူအဖွဲ့ နတ်ဆရာကြီး၏ မျက်လုံးများ ကျဥ်းမြောင်းသွား၏။
"အဲ့ဒါ ဘာမှော်ပစ္စည်းလဲ။ မင်း မှော်ပစ္စည်းက ဘယ်လောက်အစွမ်းထက် အစွမ်းထက် ငါ့ကို ကျော်သွားနိုင်မယ်ထင်ရင်တော့ မင်း အိပ်မက်မက်နေတာပဲ"
***