လိပ်ပြာလွင့်မတတ်
Vol. 32 Ch. 443
"အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်" မန်ဟိုက မျက်လုံးများ ကျဥ်းမြောင်းရင်း တွေးလိုက်သည်။ သူကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့ဖူးသော ကျင့်ကြံသူများအနက် အမြင့်ဆုံးကျင့်ကြံခြင်းအခြေခံနှင့်လူမှာ ရုပ်ပြောင်းရုပ်လွှဲဆရာကြီးလီထျန်းဖြစ်၏။ လီထျန်းပင်လျှင် အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိခဲ့သည်။ ယင်းနှင့် အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်ဆိုသည်မှာ အကွာကြီးကွာလေသည်။
အနုသုခုမရုပ်ခန္ဓာအဆင့်အမျိုးမျိုး၏ ခြားနားကွာဟမှုသည် ချီအခြေတည်ခြင်းနှင့် အမြုတေဖြစ်တည်မှုအဆင့်အမျိုးမျိုးကြားက ကွာဟမှုထက် အဆများစွာပို၏။ မန်ဟိုသည် အရုပ်နှစ်ရုပ်ကို ပိုင်ဆိုင်ထားပြီး အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်ကို သတ်ဖြတ်စေနိုင်သော သွေးမျက်နှာဖုံးမအား ဝတ်ဆင်ထားသော်လည်း ... အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်ကို တိုက်ခိုက်ရခြင်းကတော့ အလွန်ခက်ခဲပေလိမ့်မည်။
သို့သော် ကျိုးယူလန်ကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့သည်ဆိုမှတော့ သူ့အနေဖြင့် ပင့်ကူအဖွဲ့၏ နတ်ဆရာကြီးကို သတိမထားမိဘဲရှိမည်လော။ သူသည် နောက်ဆုတ်လိုက်သည်နှင့် တစ်ချိန်တည်းမှာပင် လက်နှစ်ဖက်လုံး၌ မုဒြာလက်ကွက်တစ်ကွက် လှုပ်ရှားသွားပြီး ရှေ့သို့ လက်ညှိုးထိုးလိုက်သည်။
"မျက်လုံးမဲ့ပိုးကောင်" သူက အေးတိအေးစက်ပြောသည်။ ချက်ချင်းပင် သူ့ကို ဝန်းရံထားသည့် ပိုးချည်မများ ပွင့်လာပြီး မျက်လုံးမဲ့ပိုးကောင်က မန်ဟို့အရှေ့တည့်တည့်တွင် ပေါ်လာလေပြီ။ ၄င်းသည် ရိပ်ခနဲ နတ်ဆရာကြီးဆီ ပြေးဝင်သွား၏။ ထိုစဥ် ပိုးချည်အမြောက်အမြားထွက်လာပြီး နတ်ဆရာကြီးကို ရစ်ပတ်တုပ်နှောင်ပစ်လိုက်သည်။
"ဟုတ်တယ်။ ကျုပ်က အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်ကို အနိုင်မယူနိုင်ဘူး" မန်ဟိုက တည်ငြိမ်စွာ ဆိုသည်။ "ဒါပေမဲ့ ခင်ဗျားကို မတုပ်နှောင်နိုင်ဘူးလို့လည်း မဆိုလိုဘူးလေ" နတ်ဆရာကြီး မျက်မှောင်ကြုတ်သွားပြီး အသေးစားနေရာရွှေ့ပြောင်းရန် ပြင်လိုက်သည်။ သို့သော် မန်ဟိုက လက်ကို ဝှေ့ရမ်းလိုက်၏။
"အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်" သူက အော်သည်။ ချက်ချင်းပင် မိစ္ဆာချီများက အရာအားလုံးကို လွှမ်းခြုံကာ နတ်ဆရာကြီးထံ တဟုန်ထိုးထွက်သွား၏။ နတ်ဆရာကြီး မျက်စိမျက်နှာပျက်နေလေပြီ။ သူသည် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်၏ သက်ရောက်မှုကို လျင်မြန်စွာ ဖယ်ရှားပစ်နိုင်သော်လည်း ထိုမျှတိုတောင်းလှသော အချိန်အပိုင်းအခြားလေးက မျက်လုံးမဲ့ပိုးကောင်အတွက် သူ့ကို ပိုးချည်များဖြင့် တစ်ထပ်ပြီးတစ်ထပ် ရစ်ပတ်ရန် လုံလောက်လေသည်။ မကြာမီ သူ့မှာ တစ်ကိုယ်လုံး နီးပါး အဖုံးခံလိုက်ရလေပြီ။
နတ်ဆရာကြီးက နတ်ဘုရားစွမ်းရည်များ ထုတ်လွှတ်နေသဖြင့် ပေါက်ကွဲသံများ ကြားနေရသည်။ သို့သော် မျက်လုံးမဲ့ပိုးကောင်သည် မယုံနိုင်လောက်အောင် သန်မာပြီး ၎င်း၏ ပိုးချည်က ဖျက်စီး၍မရပေ။ ပိုးချည်သည် တရွှီးရွှီးလှည့်ပတ်ရင်း နတ်ဆရာကြီးတစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။
မန်ဟိုက သွေးတစ်လုပ် ချောင်းဆိုးလိုက်သည်။ ဤသည်မှာ ကျင့်ကြံခြင်းအခြေခံတတ်စွမ်းနိုင်သော အတိုင်းအတာကို ကျော်လွန်လိုက်၍ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်မှ တန်ပြန် ကန်ခြင်းဖြစ်၏။ သို့သော် မန်ဟိုက ၎င်းကို လျစ်လျူရှုပြီး အနောက်မှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူကိုးဦး အနားရောက်လာသည့်အချိန်မှာပင် နတ်ဆရာကြီးကို ဖြတ်ကျော်သွားသည်။ သူကား ယခုတွင် ကျောက်ယူလန်ဆီ တည့်တည့်ဦးတည်သွားလေပြီ။
နောက်ဆုံးတွင်တော့ ကျောက်ယူလန်၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး အသက်ရှူသံများ မြန်ဆန်လာ၏။ မန်ဟို အနားရောက်လာတော့ခါနီးဆဲဆဲ ... သူမက နောက်ဆုတ်လိုက်သည်။ သူမသည် နတ်ဆိုးနှလုံးသားပန်းအား ပွင့်လန်းခြင်းစွမ်းအားများ ထုတ်လွှတ်နိုင်အောင် ခေါင်းပေါ်တွင် ဆက်လက်ပင့်မြှောက်ထား၏။
ပန်းအလင်းရောင်ကို မှေးမှိန်ခွင့်ပေးလို့ မဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။ အကယ်၍ ထိုသို့ဖြစ်ပျက်လျှင် သူမ သေမင်း၏ခံတွင်းဝသို့ သက်ဆင်းရပေလိမ့်မည်။ လက်ရှိအခြေအနေက အန္တရာယ်များပုံပေါ်သော်လည်း အသက်ရှိုက်ချိန် အနည်းငယ်လေး တောင့်ခံထားရုံသာ လိုအပ်လေသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူကိုးဦး မှီသွားသည်နှင့်တစ်ပြိုင်နက် အခက်အခဲကား ဖြေရှင်းပြီးဖြစ်ပေမည်။
သူမက နောက်ဆုတ်လိုက်သည့်အချိန်တွင် ထူးဆန်းသော မန္တန်တစ်ခုကို စတင်ရွတ်လေသည်။
မန္တန်က သူမအရှေ့ရှိ လေထုကို ပုံပျက်ရှုံ့တွသွားစေပြီး လှိုင်းဂယက်များအဖြစ် အရပ်မျက်နှာတစ်ခွင်သို့ ပျံ့နှံ့လာသည်။ ဤလှိုင်းများက သူမ၏ကိုယ်ပွားပုံရိပ်အမျိုးမျိုးကို မန်ဟို့အရှေ့တွင် ပေါ်လာစေ၏။ ၎င်းတို့အကြား မတူညီမှုကို ပြောရန် မဖြစ်နိုင်ပေ။
မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။ သူသည် တစ်ချက်လေးပင် ရပ်တန့်ခြင်းမရှိဘဲ ညာဘက်ကို မြှောက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ရင်ဘတ်ပေါ်ရှိ သတ္တုအမျိုးအစားအရုပ်ဆေးမင်ကြောင်မှ ရွှေအလင်းရောင် ဖြာထွက်လာသည်။ ယင်းက သူ့ညာလက်တစ်ဖက်လုံးအား ရွှေရောင်သမ်းသွားစေ၏။ ထို့နောက် သူသည် ရွှေစိတ်ဆန္ဒအား ထုတ်လွှတ်ရင်း ညာလက်ကို လှိုင်းများဆီ ညွှန်လိုက်ရာ ၎င်းတို့လည်း ရွှေရောင်သမ်းလာလေသည်။
ရွှေရောင်က ကျောက်ယူလန်၏ နောက်ဆုတ်နေသော ပုံရိပ်တစ်ဒါဇင်ကျော်ဆီသို့ လျင်မြန်စွာ ဖြာထွက်လာသည်။ ရွှေရောင်လွှမ်းသွားသည့် ပုံရိပ်တိုင်း အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားမည်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ပုံရိပ်များ ပျောက်ကွယ်သွားလေပြီ။ ထို့နောက် ရှုံ့တွနေသောလှိုင်းများက ပူဖောင်းကဲ့သို့ တဖောက်ဖောက် ပေါက်သွားပြီး အံ့အားသင့်နေသော ကျောက်ယူလန်ကို ဖော်ပြလိုက်သည်။ သူမက သွေးတစ်လုပ်အန်လိုက်၏။
မန်ဟို့၏ ခန္ဓာကိုယ်က ရိပ်ခနဲ ရှေ့ထွက်သွားသည်။ သူသည် ယခုတွင် ကျောက်ယူလန်နှင့် ဆယ်မီတာသာ ဝေးတော့၏။ ကျောက်ယူလန် ခံစားနေရသည့် ဖိအားနှင့် ကျရောက်လာတော့မည့် သေခြင်းအာရုံမှာ သူမဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသမျှထက် ကျော်လွန်သည်။ သူမမျက်နှာလေး ဖြူဖျော့သွားပြီး နှုတ်ခမ်းလေးများ တုန်လာ၏။ ရုတ်တရက် အဖြူရောင်အလင်းက သူမခန္ဓာကိုယ်မှ ဖြာထွက်လာကာ သူမကို ဝန်းရံလိုက်သော ဒိုင်းတစ်ခုဖြစ်သွားသည်.....
မန်ဟိုက အေးစက်စက်နှာမှုတ်ရင်း ညာလက်ကို ပြန်ရုတ်လိုက်ပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။ အဖြူရောင်ဒိုင်းကား ဂျုန်းခနဲ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွား၏။ အပိုင်းအစတချို့က ကျောက်ယူလန်၏ ကိုယ်ကို ပြန်စင်ပြီး ပြတ်ရှရာများ ချန်ရစ်ခဲ့သည်။
ဒိုင်းကြေမွသွားသောအခါ ကျောက်ယူလန်၏ပါးစပ်မှ သွေးများ ထပ်မံ ပန်းထွက်သွားသည်။ သို့သော် သူမက နတ်ဆိုးနှလုံးသားပန်းကို မလွှတ်သေးပေ။ မန်ဟို နီးကပ်လာစဉ် သူမက ညာဘက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်၏။ ထို့နောက် သူမနဖူးထက်ရှိ အဖြူရောင်ပင့်ကူအရုပ်ဆေးမင်ကြောင်မှ အဖြူရောင်အလင်းတစ်ခု ထုတ်လွှတ်လာကာ သူမ၏ဖီးနစ်မျက်ဝန်းလေးများ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်သွားသည်။
အလင်းရောင် ဖြာထွက်နေစဉ် ပင့်ကူကြီးတစ်ကောင် မှော်ဆန်ဆန်ပေါ်လာ၏။ ၎င်းက အရာအားလုံးကို သိမ်းကျုံးတိုက်ခတ်သွားသော လေမုန်တိုင်းဖြစ်သွားသည့် ခပ်စူးစူးအော်သံကို ပြုလိုက်သည်။ မန်ဟို့၏ ခန္ဓာကိုယ် တုန်ခါသွားပြီး လေကြောင့် သူ့ဝိညာဉ်ပင်လျှင် ခန္ဓာကိုယ်အတွင်းမှ ဆွဲထုတ်ခံလိုက်ရတော့မတတ် ခံစားလိုက်ရ၏။
သို့သော် မန်ဟို့အတွက် ထိုခံစားချက်ကို ဖိနှိပ်ရန် တခဏသာ ကြာလိုက်သည်။ သူသည် ရှင်သန်ခြင်းနှင်းပန်းကိုပင် ဖိနှိပ်နိုင်စွမ်းရှိလေရာ ဤသေးဖွဲသိမ်နုပ်သော ဝိညာဉ်ဖယ်ရှားလေပြင်းလေးအား စာမဖွဲ့တော့ပေ။ မန်ဟိုသာ အတိတ်က ရှင်သန်ခြင်းနှင်းပန်းနှင့် မရင်ဆိုင်ရဖူးလျှင် သို့မဟုတ် လေဖန်တီးသူက သည့်ထက်ကျင့်ကြံခြင်းအခြေခံ မြင့်လျှင်တော့ ခြားနားကောင်း ခြားနားသွားနိုင်သည်။ ထိုသို့ဆိုပါက သူ့ဝိညာဉ် ချက်ချင်း စုပ်ယူခံရပြီး မိန်းမောတွေဝေလျက် ကျန်ခဲ့မည်ဖြစ်သည်။
သို့သော် ပင့်ကူအဖွဲ့ သန့်စင်သမီးတော်တစ်ဦးတည်းသာ ဉာဏ်အလင်းရနိုင်သော ဤအရုပ်နတ်ဘုရားစွမ်းရည်သည်ပင် မန်ဟို့ကို ဆံခြည်မျှင်မျှ တုန်လှုပ်စေခြင်းမရှိ။
သူက အင်္ကျီလက်စကို ခါလိုက်ကာ သစ်သားဓာတ်အရုပ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ အစိမ်းရောင်အလင်းတန်းတစ်တန်းက အဖြူရောင်ပင့်ကူကို ပြေးဝင်တိုက်လိုက်၏။ အဖြူရောင်ပင့်ကူမှာ မချိတင်ကဲ အော်ဟစ်ပြီး ကျောက်ယူလန်၏နဖူးထံ ပြန်လည်ပျံသန်းသွားသော အဖြူရောင်အလင်းဖြစ်သွားသည်။ နောက်တစ်ဖန် ကျောက်ယူလန် သွေးအန်လိုက်ရပြန်သည်။ ပထမဆုံးအနေဖြင့် မျှော်လင့်ချက်မဲ့သွားသော အရိပ်အယောင်က သူမမျက်ဝန်းများ၌ ပေါ်ပေါက်လာလေပြီ။
သို့စေကာမူ ၎င်းက လျင်မြန်စွာ ပျောက်ကွယ်သွား၏။ သူမက လျှာထိပ်ကို ကိုက်ပြီး သွေးတစ်ခဲ ထွေးထုတ်လိုက်သည်။ သွေးမှ ညှီနံတို့ တလှိုင်လှိုင်ထွက်လာကာ ကျောက်ယူလန်သည် ရုတ်တရက် ယခင်ထက် ပို၍ အသက်ကြီးသွားသယောင်ပင်။ သူမသည် သွေးအခိုးအငွေ့တို့ ကောင်းကင်ယံထိ ထိုးတက်သွားသည်ကို စောင့်ကြည့်နေ၏။
မန်ဟိုမှာ ရုတ်တရက် ပြင်းထန်သော အန္တရာယ်ခံစားချက်ကြီး ရလာတော့သည်။ သူ့အနောက်တွင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူကိုးဦးက ဟိန်းဟောက်ရင်း နေရာရွှေ့ပြောင်းရန် ပြင်နေကြလေပြီ။ ထို့နောက် သူတို့အားလုံး ရုတ်တရက် ရပ်လိုက်၍ မန်ဟို့ကို အံ့ဩသွားစေသည်။ သို့သော် ဤအချိန်မှာပင် အရုပ်ဘိုးဘေးကြီးများနှင့် သန့်စင်မိစ္ဆာပင့်ကူကြီးတို့ တိုက်ခိုက်နေကြသော ကောင်းကင်ထက်မှ ဟိန်းဟောက်သံအကျယ်ကြီး ကြားလိုက်ရသည်။
ဟိန်းဟောက်သံကြီနှင့်အတူ ကောင်းကင်ထက်မှ မန်ဟိုရောက်ရှိနေသည့်နေရာသို့ တစ်စုံတစ်ခု သက်ဆင်းလာသဖြင့် အလွန်ကြီးမားသော အနက်ရောင်အရိပ်ကြီး ရုတ်တရက် ပေါ်ပေါက်လာသည်။ ထိုအရာကို သေသေချာချာကြည့်လျှင် ပင့်ကူခြေထောက်ကြီးမှတစ်ပါး အခြားမဟုတ်ကြောင်း တွေ့ရပေမည်။
၎င်းက အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ဆင်းသက်လာနေပြီဖြစ်သည်။ မန်ဟိုသည် အန္တရာယ်ကို အာရုံရလိုက်ပြီး အရာအားလုံး တုန်ခါနေသည်ကို ခံစားလိုက်ရသည်။ သေခြင်း၏ အရှိန်အဝါသည် ဆယ့်ငါးမီတာပတ်ပတ်လည်လုံး ပြည့်နှက်သွား၏။
ဤအခိုက်အတန့်တွင် ကျောက်ယူလန်က အခွင့်အရေးကို အမိအရဖမ်းဆုပ်လိုက်သည်။ သူမသည် ထွေးလိုက်သော သွေး၏စွမ်းအားကို အသုံးပြုရင်း အရှိန်မြှင့်ကာ နောက်ဆုတ်လိုက်၏။ သူမ မည်မျှမြန်သလဲဆိုလျှင် သေမင်း၏လက်တွင်းမှ မျက်စိတစ်မှိတ်အတွင်း လွတ်မြောက်သွားပြီဖြစ်သည်။
သူမ၏ခန္ဓာကိုယ်မှာ ဆွဲဆန့်ခံလိုက်ရသကဲ့သို့ ဝေဝါးသွားသည်။ ယခု မန်ဟို့တွင် ရွေးချယ်စရာ နှစ်ခုရှိ၏။ ပထမတစ်ခုက နောက်မှလိုက်မည့်အကြံကို စွန့်လွှတ်ပြီး သန့်စင်မိစ္ဆာပင့်ကူကြီး၏ တိုက်ခိုက်မှုအား ရှောင်တိမ်းရန်။ နောက်တစ်ခုက ... သူမကို သတ်ဖို့ ဆက်ကြိုးစားရန်။
အရေးကြီးသည့် အခြေအနေဖြစ်၍ ထိုင်စဉ်းစားနေရန် အချိန်မရှိပေ။ မန်ဟို့၏ မျက်လုံးများ သွေးအေးစွာ လင်းလက်သွားပြီး ရုတ်တရက် ရှေ့တက်လာသည်။ သူသည် လက်ကို မြှောက်ပြီး နတ်ဆိုးနှလုံးသားပန်းကို ပင့်ကိုင်ထားသော ကျောက်ယူလန်၏ လက်မောင်းသွယ်သွယ်လေးကို လှမ်းဆွဲလိုက်၏။
သူမလက်မောင်းလေးသည် နူးနူးညံ့ညံ့ အိအိလေး ဖြစ်သော်လည်း ရေခဲတမျှ အေးစက်နေသည်။ မည်သို့ဆိုစေ အသတ်အဖြတ်စိတ်ဆန္ဒက မန်ဟို့မျက်လုံးများတွင် တောက်ပနေမြဲသာ။
"ဒီကိုပြန်လာခဲ့" သူက သူမလက်မောင်းကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး တစ်ချိန်တည်းမှာပင် ကျင့်ကြံခြင်းအခြေခံဖျက်စီးနိုင်သည့် စွမ်းအားကြီးဖြင့် ၄င်းအား လွှမ်းခြုံလျက် ပြောသည်။
သန့်စင်ပင့်ကူကြီး၏ ခြေထောက်ကြီး ဧရာမတံစဉ်းကြီးသဖွယ် ကျဆင်းလာနေစဉ် အထက်ကောင်းကင်တွင် အနက်ရောင်တိမ်တိုက်များ ပြည့်နှက်သွားသယောင်ပင်။ ၎င်းသည် အလွန်လျင်မြန်စွာ ရွေ့လျားလာပြီး လေထုကိုပင် စုတ်ဖြဲပစ်နိုင်ပုံရသည်။
ကျောက်ယူလန် အံ့အားသင့်သွားသည်။ သို့သော် ယခုအချိန်မှာ သေရေးရှင်ရေးဖြစ်၍ သူမမျက်ဝန်းများတွင် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။ သူမသည် ရုတ်တရက် ဘယ်လက်ကို မြှောက်လိုက်ရာ ထိုလက်ထဲတွင် ဓားပျံတစ်လက် ပေါ်လာသည်။ သူမက မန်ဟို့အတွက် ပြိုင်ဘက်မဟုတ်ကြောင်းသိသဖြင့် သူ့ကို ပစ်မှတ်မထားဘဲ သူကိုင်ထားသည့် သူမ၏ညာလက်ကို ဖြတ်ချလိုက်၏။ ၄င်းမှာ ထုံနေပြီဖြစ်ပြီး သူမ၏အသက်ကို ခြိမ်းခြောက်နေသော ကြောက်မက်ဖွယ်စွမ်းအားနှင့် ပြည့်နှက်နေလေပြီ။
ဓားက ကျဆင်းလာပြီး သွေးများ ဖွားခနဲ စင်သွားသည်။ မန်ဟို့ထံမှ သုတ်သင်ခြင်းအားတစ်ရပ် ထွက်လာသည့်အခိုက်အတန့်မှာပင် ကျောက်ယူလန်သည် သူ့လက်သူ ဖြတ်ပစ်ရန် ခက်ခဲသောဆုံးဖြတ်ချက်ကို ချခဲ့ပြီးဖြစ်သည်။ သူမခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားပြီး မကြာမီ မီတာထောင့်ငါးရာအကွာသို့ ရောက်သွား၏။ သူမပါးစပ်မှ သွေးရှစ်လုပ်ခန့် အန်လိုက်ရပြီး မျက်နှာတွင် သွေးမရှိတော့ပေ။ ပြတ်သွားသော လက်၏အရင်းရှိ အသားများက ကျုံ့ပြီး ဆက်လာသည်။ သူမအရှိန်အဝါမှာ အားနည်းလာပြီး ကျင့်ကြံခြင်းအခြေခံလည်း ကျဆင်းသွား၏။ ဤသည်မှာ သူမ တစ်ဘဝလုံးတွင် အပြင်းထန်ဆုံးဒဏ်ရာ ဖြစ်ချေသည်။ သူမမှာ သေဘေးမှ ကပ်သီလေး လွတ်သွားခဲ့ခြင်းဖြစ်၏။
သူမမှာ ဆံပင်များ ရှုပ်ပွနေပြီး ပုံပျက်ဆင်းပျက်ဖြစ်နေသည်။ ယခုတွင် လက်မောင်းပြတ်မှ နာကျင်မှုကြောင့် သူမအလှလေးမှာ အတန်ငယ် အရုပ်ဆိုးနေချေသည်။ ၎င်းက သူမကို သတိပင် လစ်သွားစေနိုင်၏။ သူမသည် ခေါင်းကို မော့၍ မန်ဟို့ကို စိမ်းစိမ်းဝါးဝါးကြည့်ရင်း တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။
"နင် ဒီအတွက် ဆယ်ဆ ပြန်ခံရအောင် ငါလုပ်မယ်"
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူကိုးဦးက သူမဆုတ်ခွာသွားစဉ် စောင့်ရှောက်ပေးရန် သူမဘေးသို့ နေရာရွှေ့ပြောင်းလာကြသည်။ သူတို့အားလုံးက မန်ဟို့ကို သတ်ဖြတ်လိုသော မျက်လုံးများဖြင့် အစိမ်းလိုက်ဝါးစားတော့မတတ် စိုက်ကြည့်နေသည်။
မန်ဟို့မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။ ယခုအခြေအနေတွင် သူအနေဖြင့် သူမကို သတ်နိုင်တော့မည်မဟုတ်။ သူမ၏စိတ်ပြတ်သားမှုကို သူ့ကိုပင် အထင်ကြီးစေမိသည်။ သူသည် စတင်ကျင့်ကြံခြင်းအားထုတ်ခဲ့သည့်အချိန်မှစ၍ ယနေ့ထိတိုင်အောင် သေရေးရှင်ရေးအခိုက်အတန့်တွင် ဤသို့ပြတ်သားနိုင်သောလူ များများစားစား မတွေ့ခဲ့ရဖူးပေ။
သူမသာ တခဏလေး တွေဝေနေခဲ့လျှင် သို့မဟုတ် နောက်ဆုတ်တာ နည်းနည်းနောက်ကျသွားခဲ့လျှင်တော့ သေခြင်းနှင့် ကြုံတွေ့ခဲ့ရပေလိမ့်မည်။
မန်ဟိုက ညာလက်ကို ဝှေ့ယမ်းကာ ကျောက်ယူလန်၏ လက်ပြတ်ကို သူ့ဆီ ပျံသန်းလာစေသည်။ သူမသည် အဆိပ်ငါးသွယ်မျိုးနွယ်စုတွင် အလွန်မြင့်မားသော အဆင့်အတန်းတစ်ခုကို သေချာပေါက်ပိုင်ဆိုင်ထားသည် ဖြစ်ရာ ဤလက်ပြတ်အတွင်းရှိ အရုပ်စွမ်းအားက်ု လေ့လာကြည့်လျှင် အကျိုးအမြတ်တစ်ခုခု ရကောင်းရနိုင်သည်။
ယခုတွင် သူတို့နှစ်ယောက်ကြား၌ ရန်ငြိုးရှိသွားပြီဖြစ်၍ သူအနေဖြင့် သူမကိုသာမက၊ မျိုးနွယ်စုတစ်စုလုံးကိုပါ မည်သို့သုတ်သင်ရမည်လဲ အဖြေရှာရန် လိုအပ်သည်။ ကျင့်ကြံခြင်းလောကမှာ တောတွင်းဥပဒေအတိုင်း မဟုတ်ပါလော။ ကောင်းကင်နှင့်မြေကြီးကို အံတုဖက်ပြိုင်တိုက်ခိုက်သောအခါ နှလုံးသားနူးညံ့၍ သဘောစေတနာကောင်းခြင်းက အချည်းနှီးသာဖြစ်သည်။
မန်ဟိုသည် တုံ့ဆိုင်းခြင်းမရှိဘဲ လက်ပြတ်အပြင် နတ်ဆိုးနှလုံးသားပန်းရှိသည့် သေတ္တာကိုပါ သိမ်းလိုက်သည်။ သူက ၎င်းကို ချက်ချင်း ပိတ်၍ ပန်းအလင်းရောင်ကို ပျောက်ကွယ်စေလိုက်၏။ ဤအခြင်းအရာက စစ်မြေပြင်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိလေသည်။ သေတ္တာကား မန်ဟို့ သိုလှောင်အိတ်ထဲ ရောက်သွားလေပြီ။
ထိုကဲ့သို့ အဖိုးထိုက်ရတနာများသည် ကမ္ဘာပေါ်တွင် မြင်ရလေ့မရှိပေ။ ဆေးဝါးတာအို၏ မဟာအကြီးအကဲဖြစ်သူ မန်ဟိုသာ ၎င်းကို လေ့လာပါက အတိုင်းထက်အလွန် တိုးတက်လာမှာ သေချာသည်။ ထိုကဲ့သို့ ဂုဏ်သတ္တိမျိူးရှိသော ဆေးလုံးများကိုပင် သူဖော်ကောင်းဖော်နိုင်ပေမည်။ သူအနေဖြင့် ယခုလို အခွင့်အရေးမျိုးကို လက်လွှတ်အဆုံးရှုံးမခံနိုင်ပေ။
မန်ဟိုက သူ့ဆီသို့ ကျဆင်းလာနေသည့် ခြေချောင်းကြီးကို မော့ကြည့်ပြီး တစ်ပြိုင်နက် ပိုးတုံးလုံးသဖွယ် တုပ်နှောင်ခံထားရသော နတ်ဆရာကြီးထံ လက်ညှိုးထိုးလိုက်သည်။
မျက်လုံးမဲ့ပိုးကောင်၏ ပိုးချည်များ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး အံ့အားသင့်နေသော နတ်ဆရာကြီး ပေါ်လာ၏။ သူ့မှာ ခေါင်းထဲရှိသမျှ နည်းလမ်းပေါင်းစုံသုံးခဲ့သော်လည်း ပိုးချည်အပေါ်တွင် အခြစ်ရာလေးပင် ထင်အောင် မလုပ်နိုင်ခဲ့သဖြင့် မှင်သက်နေခဲ့လေသည်။
ပိုးချည်က မန်ဟို့ဆီ လျင်မြန်စွာ ပျံထွက်သွားပြီး ဝန်းရံရစ်ပတ်လိုက်သည်။ အနက်ရောင်အရိပ်ကြီး သူ့ကို စိုးမိုးနေစဉ် သူက ကျောနောက်လက်ပစ်ပြီး မလှုပ်မယှက်ရပ် နေ၏။ သူက အင်္ကျီလက်စကို ခါပြီး မျက်လုံးများက သွေးအေးနေလေသည်။
"ကျုပ်ရဲ့ မျက်လုံးမဲ့ပိုးကောင်က ပြစ်ဒဏ်မိုးကြိုးကို ခံနိုင်တယ်။ ခင်ဗျားတို့ မိစ္ဆာပင့်ကူရဲ့ ကျင့်ကြံခြင်းအခြေခံက ဘယ်လောက်နက်နဲနက်နဲ ပြစ်ဒဏ်မိုးကြိုးကို ယှဉ်နိုင်မယ်ထင်လား"
***