ခရမ်းရောင်မိုးရေစက်တစ်စက်
Vol. 32 Ch. 445
"ကျီးနတ်မင်းအတွက်" ဤသည်မှာ အကာအကွယ်အတွင်းရှိ မျိုးနွယ်ဝင်တစ်ထောင်နီးပါး သီဆိုနေသော ဈာပနလွမ်းချင်း၏ အဆုံးသတ်ဖြစ်သည်။ အကာအကွယ်၏အပြင်တွင် သူတို့၏ မိတ်ဆွေရောင်ရင်းများမှာ အရူးသဖွယ် တဟားဟားအော်ရယ်ရင်း တိုက်ခိုက်နေကြ၏။
"ကျီးနတ်မင်းအတွက်" မန်ဟိုက ရေရွတ်လိုက်သည်။ သူသည် ညာလက်ကို မြှောက်လိုက်ပြီး အေးစက်သောအလင်းရောင်က သူ့မျက်လုံးများတွင် တောက်ပလာ၏။ သူ့အကြည့်က ရုတ်တရက် အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲများ၏ ကာကွယ်မှုအောက်၌ ထွက်ပြေးနေဆဲဖြစ်သော ကျောက်ယူလန်ကို လှမ်းကြည့်လိုက်သည်။
သူမမျက်နှာမှာ အတိုင်းထက်အလွန် ဖျော့တော့ပြီး သူမပတ်ပတ်လည်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲများမှာလည်း အလွန်သတိထားနေသော ပုံစံများ ရှိသည်။
မန်ဟိုက သူမကို အေးတိအေးစက်ကြည့်ပြီး အကြည့်လွှဲလိုက်သည်။ သူမ သည်နေ့တော့ လွတ်သွားမည့်ပုံပင်။ သူ့တွင်လည်း စောစောကကဲ့သို့ အခွင့်အရေးများမရှိသောကြောင့် သူမကို ယခုအချိန် သတ်ဖို့ရန်မှာ အတော်လေး ခက်ခဲပေလိမ့်မည်။
မန်ဟိုက ရိပ်ခနဲ ရန်သူကျင့်ကြံသူသုံးထောင်ကြားသို့ ပြေးထွက်သွားသည်။ ပဒုမ္မာဓားဝင်္ကပါက အချိန်စွမ်းအားများ ထုတ်လွှတ်ရင်း သူ့ဘေးတွင် လည်နေ၏။ သူ သွားသည့်နေရာတိုင်း အချိန်စီးဆင်းသွားသကဲ့သို့ ဝင်္ကပါရပ်ဝန်းရှိ ပင့်ကူအဖွဲ့ကျင့်ကြံသူများအားလုံး ရုတ်တရက် အသက်ကြီးလာကြသည်။ သူတို့မျက်နှာများမှာ ချက်ချင်း အံ့ဩမှုများဖြင့် ပြည့်နှက်သွားကြလေပြီ။
ဤတစ်ကြိမ်တွင် မန်ဟိုက အစုလိုက်အပြုံလိုက် သတ်ပွဲကြီး ကျင်းပလေသည်။ သူသည် သွေးမျက်နှာဖုံးကို တပ်ပြီး လက်ကို ဝှေ့ယမ်းကာ အချိန်ဓားဝင်္ကပါကို အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ဆီသို့ စေလွှတ်လိုက်၏။ သူတို့မှာ ချက်ချင်း အသက်ကြီးလာပြီး အမြင်အာရုံ ဝေဝါးလာသည်။ လေပြင်းတစ်ချက်က သူတို့၏ အသက်မီးတောက်များကို ငြှိမ်းပစ်လိုက်သကဲ့သို့ပင်။
မန်ဟိုသည် လက်ကို ထပ်မံဝှေ့ယမ်းလိုက်ပြန်ရာ သွေးလက်ချောင်း၏ တုန်လှုပ်ချောက်ချားဖွယ် အလင်းရောင်ကို မြင်နိုင်၏။ ၎င်းကို ထိလိုက်မိသော မည်သူမဆို သွေးများ ဆုတ်ယုတ်လာသည်ကို ခံစားရပြီး ပေါက်ကွဲသေဆုံးသွားလေသည်။
မန်ဟိုက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ဘယ်လက်ညှိုးကို ဆန့်ထုတ်ကာ ရမ်းကားနေသော ပင့်ကူအဖွဲ့ကျင့်ကြံသူတစ်ယောက်၏ နဖူးအတွင်း ထိုးစိုက်သွားစေ၏။
သူ၏ သတ်ဖြတ်ပုံက သပ်သပ်ရပ်ရပ်နှင့် ထိရောက်သည်။ သူသည် အင်္ကျီလက်စတစ်ချက် ဝှေ့ယမ်းပြီး ကျန်ရှိသောကမ္ဘာသစ်မိစ္ဆာများကို ဆင့်ခေါ်လိုက်သည်။ ကမ္ဘာသစ်မိစ္ဆာတစ်သောင်းသည် ဟိန်းဟောက်တွန်ကျူးလျက် ရုတ်ရင်းဆန်ခတ်ဖြစ်နေသော တိုက်ပွဲအတွင်း ချီတက်သွားကြလေပြီ။ ၎င်းတို့က မျိုးနွယ်စုငါးစုဝင်များနှင့် တစ်ဖက်တည်းနေ၍ တိုက်ခိုက်နေကြ၏။ ဈာပနလွမ်းချင်း ဆက်လက်ပဲ့တင်ထပ်နေစဉ် သူတို့အားလုံးသည် အသက်ကိုပင် အမှုမထားဘဲ ပင့်ကူအဖွဲ့ကို တိုက်ခိုက်နေကြတော့သည်။
လင်းနို့နက်ကြီးသည် အစောပိုင်းတိုက်ပွဲတုန်းက မည်သည့်ထူးခြားဆန်းပြားမှုကိုမှ မထုတ်ဖော်ပြခဲ့ပေ။ ၎င်း လျှပ်တပြက် ပျောက်ကွယ်ပြီး ပင့်ကူအဖွဲ့ကျင့်ကြံသူတစ်ယောက်နောက်တွင် ပြန်ပေါ်လာစဉ် ၎င်း၏မျက်လုံးကြီးများက အေးစက်နေ၏။ ၎င်း၏တောင်ပံနှစ်ဖက်က အံ့ဩလျက် ရုန်းကန်နေသော လူကို အုပ်လိုက်သည်။ ချွန်ထက်နေသော အစွယ်နှစ်ချောင်းသည် ကျင့်ကြံသူ၏လည်တိုင်အတွင်း နစ်ဝင်သွားပြီး ထိုလူ၏အသားမှာ ရုတ်ခြည်း ခြောက်ကပ်သွား၏။
ဤကဲ့သို့ ဖြစ်ပျက်တိုင်း သွေးရောင်အလင်းသည် လင်းနို့နက်ကြီး၏ မျက်လုံးများတွင် ပေါ်ပေါက်လာကာ ၎င်း၏ထူးဆန်းသော အရှိန်အဝါလည်း အားကောင်းလာမည်ဖြစ်သည်။ စစချင်း ၎င်းသည် အားအနည်းဆုံးကျင့်ကြံသူများကို ပစ်မှတ်ထားသော်လည်း တဖြေးဖြေးနှင့် ၎င်းအကြည့်က အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်ကျင့်ကြံသူများအပေါ် ကျရောက်လာသည်။
မန်ဟို တစ်ခါတရံ ၎င်းအား လှည့်ကြည့်သောအခါ ၎င်းသည် ရုတ်တရက် စိတ်ပြန်ထိန်းပြီး ဘာမှမလုပ်သလို နေတတ်၏။ သို့သော် မန်ဟို့အတွက် လင်းနို့နက်ကြီး သတိထားနေသည်ကို ရိပ်မိရန် သိပ်မကြာလိုက်ပေ။
"ဒီသတ္တဝါနဲ့ ပတ်သက်ပြီး သေချာပေါက် လျှို့ဝှက်ချက်ကြီးတစ်ခုခုရှိရမယ်" မန်ဟိုက တွေးသည်။ သို့သော် ယခုအချိန်မှာ ထိုကိစ္စများအား စဉ်းစားရမည့်အချိန်မဟုတ်ပေ။ လင်းနို့ကြီးနှင့် သူ့အကြား ချိတ်ဆက်မှု နဂိုအတိုင်း ရှိနေသေးကြောင်း အတည်ပြုပြီးနောက် သူသည် ပင့်ကူအဖွဲ့ကျင့်ကြံသူများကို ဆက်လက် သုတ်သင်ရှင်းလင်းတော့သည်။
ဤရုတ်ရင်းဆန်ခတ်ဖြစ်နေသော တိုက်ပွဲတွင် လင်းနို့နက်ကြီးသာ ပြောင်မြောက်စွာ တိုက်ခိုက်နေခြင်းမဟုတ်။ မောင်မွှေးထူသည်လည်းလည်း အမွှေးများ ငွေရောင် တောက်ပြောင်နေလျက် ငွေရောင်လတစ်စင်းသဖွယ် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာ၏။ မိစ္ဆာခြင်အုပ်ကြီးလည်း ကြောက်စရာနှာမောင်းကြီးများဖြင့် သွေးများကို အငမ်းမရ စုပ်ယူစားသုံးရင်း စစ်မြေပြင်ပေါ်၌ တဝီဝီ ပျံဝဲနေကြသည်။
မိုးနဂါးပျံကြီး၏ ပုံသဏ္ဍာန်နှင့် အနီရောင်မိကျောင်းကြီး၊ ဧရာမပုတ်သင်ကြီးအစရှိသော မန်ဟို့၏ကမ္ဘာသစ်မိစ္ဆာအားလုံးအတွက် ဤတိုက်ပွဲမှာ ကောင်းချီးပေးခံရသကဲ့သို့ ဖြစ်သည်။ အသက်ရှင်ကျန်ခဲ့သော အကောင်တိုင်းသည် ပို၍သာ သန်မာလာကြ၏။
မျိုးနွယ်စုငါးစု၏ ခါးသီးနာကြည်းမှု၊ အမျက်ဒေါသတို့ဖြင့် အသက်ရှူမှားလောက်ဖွယ် သတ်ပွဲဖြတ်ပွဲကြီးကား ဖြစ်ပွားနေလေပြီ။ ပင့်ကူအဖွဲ့ကျင့်ကြံသူများမှာ စိတ်ဓာတ်ကျလာကြသည်။ မန်ဟို စစ်ပွဲထဲ ဝင်လာသည်နှင့်တစ်ပြိုင်နက် မျိုးနွယ်စုငါးစုအတွက် အခြေအနေသည် ပြောင်းပြန်ဖြစ်သွား၏။
ကမ္ဘာသစ်မိစ္ဆာများ ပေါ်လာသောအခါတွင်တော့ ပင့်ကူအဖွဲ့ကျင့်ကြံသူများမှာ အဆုံးစွန်အထိ စိတ်ပျက်လက်မှိုင်ကျသွားကြသည်။ မူလရှိသော အင်အားသုံးထောင်အနက် တစ်ထောင်သာ ကျန်ရှိရန် သိပ်မကြာလိုက်ပေ။ သွေးများက မြေကြီးတွင် အိုင်ထွန်းနေပြီး ညှီဟောက်နေသောအနံ့များလည်း လေတွင် ပြည့်နှက်နေသည်။
ထို့နောက် အပေါ်မှ မချိတင်ကဲအော်သံကို ကြားလိုက်ရသည်။ ကျောက်ယူလန်ကို ကာကွယ်ပေးနေသော အနသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲနှစ်ဦးမှအပ ပင့်ကူအဖွဲ့၏ကျန်အကြီးအကဲများမှာ မျိုးနွယ်စုငါးစု၏ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲခုနစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်နေကြသည်။ အော်သံက ပင့်ကူအဖွဲ့အကြီးအကဲတစ်ဦးဆီမှ ထွက်လာခဲ့ခြင်းဖြစ်၏။
သူသည် မျက်နှာတစ်ခုလုံး ဖြူဆုပ်နေသော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်၏။ သူ မျက်လုံးများ ကျဉ်းမြောင်းလျက် နောက်ဆုတ်သွားစဉ် သူ့ရင်ဘတ်ပေါ်၌ ဒဏ်ရာကြီးတစ်ခုရှိပြီး အတွင်းတွင် တဒုတ်ဒုတ် ခုန်နေသော နှလုံးကို မြင်နိုင်လေသည်။ သူ့အရှေ့တည့်တည့်တွင် ရှိသူက တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များ ဖုံးနေပြီး ဆံပင်တို့ရှုပ်ပွနေသော အမှောင်ကျီးအကြီးအကဲဖြစ်သည်။ သူ၏ ပုံစံမှာ သားရိုင်းတိရိစ္ဆာန်ကြီးတစ်ကောင် ရူးနေသကဲ့သို့ပင်။
ပင့်ကူအဖွဲ့အကြီးအကဲတစ်ယောက်က ဤအမှောင်ကျီးအကြီးအကဲ၏အခြေအနေကို အခွင့်ကောင်းယူကာ သုတ်သင်လိုက်သဖြင့် ပေါက်ကွဲသံကြီး လေတွင် ပြည့်နှက်သွားသည်။ အမှောင်ကျီးအကြီးအကဲမှာ တစစီ ပေါက်ကွဲမသွားခင် သက်လတ်ပိုင်း အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ၏ ခေါင်းပြတ်ကြီးကို ကိုင်ထားသည့် ညာလက်အား မြှောက်ပြခဲ့သည်။
ဤသည်မှာ ပင့်ကူအဖွဲ့မှ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲတစ်ဦး ပထမဆုံး သေဆုံးခြင်းပင်။ သူ၏သေဆုံးမှုက အောက်၌ ကျန်ရှိသောကျင့်ကြံသူတစ်ထောင်၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။ ဤအခိုက်အတန့်တွင် သူတို့မှာ တိုက်ခိုက်လိုစိတ်များ လုံးဝဥဿုံ ကုန်ခမ်းသွားပုံရ၏။ အားလုံး ဖရိုဖရဲ ထွက်ပြေးကုန်ကြလေပြီ။
သူတို့မှာ ခုခံပြီး အမြန်ဆုံးထွက်ပြေးရန်တွင်သာ အာရုံစိုက်ထားကြ၏။ အပေါ်၌ ကျန်ရှိသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများလည်း တိုက်ခိုက်လိုစိတ် မရှိတော့၍ ထွက်ပြေးရန် ပြင်လိုက်ကြသည်။
ယခုတွင် မျိုးနွယ်စုငါးစုသည် အသာစီးရသွားပြီဖြစ်သော်လည်း သူတို့ပေးဆပ်ခဲ့ရသည့်တန်ဖိုးက ဖော်ပြမရလောက်အောင် ကြီးမားလွန်းသည်။
ထို့ကြောင့်... ပင့်ကူအဖွဲ့ကို သူတို့ အလွှတ်ပေးနိုင်မည်လော။
"သတ်ပစ်"
"သတ်ပစ်"
သူတို့မျက်လုံးများသည် နီရဲနေပြီး ကလဲ့စားချေလိုစိတ်များဖြင့် သွေးရူးသွေးတန်း ဖြစ်နေကြသည်။ မျိုးနွယ်ဝင်အတော်များများမှာ ယခုထက်ထိ မျက်ရည်များ စီးကျနေဆဲပင်။
သာမန်ကျင့်ကြံသူများအပြင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအားလုံး နောက်မှ လိုက်သွားကြသည်။ မန်ဟို့အနေဖြင့် မိတ်ဆွေသူငယ်ချင်း၊ မိသားစုတို့ ဆုံးရှုံးရမှုကြောင့် သူတို့ခံစားနေရသော နာကျင်မှုကို နားလည်နိုင်မည်မဟုတ်ပေ။ သို့သော် ကလဲ့စားချေလိုစိတ်ကိုတော့ သူခံစားနိုင်သည်။ အကြောင်းတစ်စုံတရာကြောင့် ကျီမျိုးနွယ်စုအကြောင်းကိုလည်း သူတွေးမိသွား၏။
ရုတ်တရက် ပင့်ကူအဖွဲ့၏ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနောက်တစ်ယောက် ထပ်သေသွားသည်။ ကျင့်ကြံသူရာပေါင်းများစွာမှာလည်း မန်ဟို့၏ကမ္ဘာသစ်မိစ္ဆာများနှင့် မျိုးနွယ်စုငါးစုဝင်များ၏ သုတ်သင်ခြင်း ခံခဲ့ရလေပြီ။
သူတို့မှာ တောင်ပေါ်မှ အရှိန်အဟုန်ပြင်းစွာ ကျဆင်းလာသော နှင်းထုကြီးသဖွယ် ရပ်တန့်၍မရပေ။
ဤအခိုက်အတန့်တွင် ရုတ်တရက် မိုးရေစက်တစ်စက်က မန်ဟို့အပေါ် ဖောက်ခနဲ ကျလာသည်။ မိုးစက်၏ အရောင်မှာ အတော်လေး ထူးဆန်း၏။ ၎င်းသည် ခရမ်းရောင်ဖြစ်ပြီး သူ့အပေါ်ကျလာသည်နှင့်တစ်ပြိုင်နက် ဝတ်ရုံကို စွန်းထင်းစိမ့်ဝင်၍ အရေပြားကို လာထိသည်။
မိုးရေစက် သူ့ကို ထိလိုက်သည်နှင့် သူ့မှာ တုံ့ခနဲ ရပ်လိုက်မိ၏။ မိုးရေစက် ထိသွားသောနေရာက သူ့အား အေးစိမ့်သွားစေသည်။ အသက်များကို ချုပ်ငြိမ်းပစ်လိုသည့် အေးစက်သောအရှိန်အဝါတစ်ခု ပါရှိနေသယောင်ပင်။ သို့သော် မိုးရေစက်တစ်စက်သာဖြစ်၍ မန်ဟိုစဉ်းစားရသရွေ့ အန္တရာယ်မရှိပေ။
"ခရမ်းမိုး" သူက မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။ သူသည် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ အပေါ်မှ မိုးပေါက်များ ဟိုတစ်ပေါက် သည်တစ်ပေါက် ကျဆင်းလာသည်ကို မြင်လိုက်ရသည်။
"ဒီနေရာမှာ လူတွေအများကြီး သေသွားလို့ သွေးအခိုးအငွေ့နဲ့ အမုန်းအာဃာတတွေ ပေါင်းစည်းသွားပြီး တိမ်တိုက်တွေ ဖြစ်လာတာများလား။ အဲ့ဒါကြောင့် ခရမ်းမိုးရွာတာလား" သူသည် တခဏတွေးပြီးနောက် သံသယများကို ထိန်းချုပ်လိုက်သည်။ ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်လိုက်ရာ မိုးရေစက်များက သူတစ်ယောက်တင်မဟုတ်ဘဲ အခြားသူများအပေါ်သို့ ရွာကျနေသည်ကို မြင်လိုက်ရ၏။ ပင့်ကူအဖွဲ့ကျင့်ကြံသူတစ်ချို့ပင်လျှင် မိုးစက်တို့ ထိမှန်ခံရသည်။
ကျောက်ယူလန်လည်း မိုးကို သတိပြုမိ၏။
စောစောက သူမသည် မိတ်ဆွေရောင်ရင်းများ သေဆုံးနေသည်ကို နှုတ်ခမ်းလေး ဖိကိုက်ရင်း ကြည့်နေခဲ့ရသည်။ ကံဆိုးစွာနှင့် သူမ ဘာမှမတတ်နိုင်ပေ။ မည်သည့်အမိန့်ကမှ ဤစစ်ပွဲတွင် အောင်မြင်မှုကို ဆောင်ကြည်းနိုင်မည်မဟုတ်။
တိုက်ခိုက်မှုများမှာ သွေးရူးသွေးတန်း ဖြစ်လာခဲ့၏။ ဈာပနလွမ်းချင်း သီဆိုကြသည့်အခါတွင်တော့ ကျောက်ယူလန် နားလည်လိုက်သည်။ ပင့်ကူအဖွဲ့ .... မရှုမလှ ရှုံးနိမ့်သွားခဲ့လေပြီ။
သူမနှလုံးသားမှာလည်း နှစ်ပိုင်းစုတ်ဖြဲခံနေရသကဲ့သို့ ထိုးကျင့်စူးအောင့်နေ၏။ သို့သော် သူမစိတ်ထဲတွင် မေ့မရနိုင်ဆုံးမှာ သူမတစ်ဘဝလုံး ကြုံတွေ့ခဲ့ရသမျှထက် တုန်လှုပ်ဖွယ်ကောင်းသော ၊ သူမ၏ မီးလျှံစမ်းသပ်ပွဲကို ရှုံးနိမ့်စေခဲ့ပြီး သူမကို သတ်လုနီးပါးဖြစ်ခဲ့သော ပုံရိပ်.... ဟုတ်ပါသည် မန်ဟိုပင်။
သို့သော် ထိုစဉ် ခရမ်းရောင်မိုးရေစက်တစ်စက်သည် သူမမျက်နှာအပေါ်သို့ ကျရောက်လာပြီး ပါးပြင်တစ်လျှောက် ဖြေးညင်းစွာ စီးကျသွား၏။ ၎င်းက အေးစိမ့်ပြီး သူမတစ်ကိုယ်လုံး တုန်ရီသွားစေသည်။ သူမမှာ မစဉ်းစားမိဘဲ မိုးရေစက်ကို သုတ်လိုက်သည်။ ထို့နောက် လက်ပေါ်ရှိ ရေများကို ငုံ့ကြည့်သောအခါ မျက်မှောင်ကြုတ်သွားပြီး ရုတ်တရက် ပို၍ စိုးရိမ်သောက ရောက်သွားပုံရသည်။
"ခရမ်းမိုး" သူမ ပင့်သက်ရှိုက်မိသွားသည်။
ခရမ်းမိုးမှာ ခပ်ဖွဲဖွဲသာ ရွာကျနေ၍ ကျောက်ယူလန်နှင့် မန်ဟိုမှတစ်ပါး အခြားသူများအားလုံးမှာ မေ့မေ့ပျောက်ပျောက်ပင်။ ကျောက်ယူလန်လည်း သူ့နည်းတူ ခံစားလိုက်ရသည်။ ဤမိုးနှင့်ပတ်သက်၍ တစ်ခုခုက .... ထူးဆန်းနေ၏။ ရုတ်တရက် သူတို့နှစ်ယောက်၏အကြည့်က စစ်မြေပြင်ကို ဖြတ်၍ ဆုံသွားသည်။ တစ်ယောက်၏မျက်ဝန်းထဲရှိ သတိရှိနေမှုကို တစ်ယောက် မြင်လိုက်ရ၏။
"သူမဟုတ်ဘူး"
"သူမဟုတ်ဘူး" မန်ဟိုနှင့် ကျောက်ယူလန်တို့နှစ်ယောက်လုံး တစ်ယောက်နှင့်တစ်ယောက် တုံ့ဆိုင်းနေသည်ကို အာရုံရလိုက်၏။ သူတို့အကြည့်များလွှဲလိုက်ပြီး ထိုအခိုက်အတန့်တွင်....
အဝေးမှ ခပ်စူးစူးအသံများ ကြားလိုက်ရသည်။ ဤသည်မှာ ဈာပနလွမ်းချင်း၏ အသံမဟုတ်ဘဲ ခရာသံများဖြစ်၏။ အသံက ပင့်ကူအဖွဲ့ကျင့်ကြံသူများကို စိတ်အားတက်ကြွသွားစေသည်။ သူတို့၏ တိုက်ခိုက်လိုစိတ်များ ပြန်လည်နိုးကြားလာပြီး သူတို့က ကောင်းကင်ကို မျက်နှာမူ၍ ဟိန်းဟောက်လိုက်ကြသည်။
ပင့်ကူအဖွဲ့ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများပင်လျှင် စိတ်လှုပ်ရှားမှုများအား မဖုံးကွယ်နိုင်တော့ပေ။ ကျောက်ယူလန်ဘေးရှိ အကြီးအကဲနှစ်ယောက်မှာလည်း သက်ပြင်းချလိုက်ကြ၏။ ကျောက်ယူလန်သာလျှင် ကောင်းကင်ကို မော့ကြည့်ရင်း နှုတ်ဆိတ်နေသည်။
အဝေးတွင် ပင်လယ်ရေများသဖွယ် လေကိုခွင်း၍ သူတို့ဆီလာနေသော အနက်ရောင်အတန်းကြီးတစ်တန်းကို မြင်နိုင်၏။ ထိုအနက်ရောင်ပင်လယ်ရေများအတွင်း၌ ရပ်နေသည်မှာ စူးစူးဝါးဝါး အော်လိုက်သော အနီရောင်ကင်းမြီးကောက်ကြီးတစ်ကောင် ဖြစ်ဟန်တူသည်။
"ကင်းမြီးကောက်အဖွဲ့" ကျီးစစ်သည်မျိုးနွယ်စု ခေါင်းကိုင်ဖခင်နှင့် တိုက်ခိုက်နေသော နတ်ဆရာကြီးက အော်သည်။ ခေါင်းကိုင်ဖခင်မှာ ဖြစ်ပျက်နေသောအရာကို မြင်သောအခါ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ပင့်သက်ရှိုက်လိုက်မိ၏။ ယခုတွင် သူ့မျက်နှာမှာ ပူဆွေးဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားလေပြီ။ နတ်ဆိုးနှလုံးသားပန်းကြောင့်သာမဟုတ်လျှင် မျိုးနွယ်စုငါးစုအနေဖြင့် ဤစစ်ပွဲကို တောင့်ခံနိုင်ကောင်း တောင့်ခံနိုင်ခဲ့လိမ့်မည်။ ယခုတော့...
လေလယ်တွင် မျိုးနွယ်စုငါးစုဝင်များမှာ နောက်မှလိုက်နေကြသည်ကို ရပ်ပြီး လူစုလိုက်ကြသည်။ လာနေသော ကင်းမြီးကောက်ကြီးကို ကြည့်နေစဉ် သူတို့မျက်နှာများတွင် အမုန်းတို့ ပြည့်နှက်နေချေသည်။
***