အရုပ်သေဆုံးခြင်း
Vol. 32 Ch. 446
အနက်ရောင်အတန်းကြီး နီးကပ်လာသည်တွင် အနက်ရောင်ပင်လယ်တစ်စင်း မဟုတ်ကြောင်း ထင်ရှားလာသည်။ ထိုအစား ၎င်းသည် အနက်ရောင်ဝတ်ရုံရှည်များနှင့် ကျင့်ကြံသူငါးထောင်ခန့်ရှိသော အဖွဲ့တစ်ဖွဲ့ဖြစ်၏။ မဟူရာစစ်တပ်တစ်တပ်။
သူတို့သည် အရပ်မျက်နှာတစ်ခွင်သို့ လွင့်ပျံ့လျက်ရှိသော စစ်ခရာသံများနှင့်အတူ ကောင်းကင်ကို ပိတ်ကွယ်ဖုံး၍ ရောက်ရှိလာကြသည်။ ထို့အပြင် ကျင့်ကြံသူများ မာန်သွင်းဟိန်းဟောက်သံများက သူတို့၏အပေါ်ရှိ ဧရာမကင်းမြီးကောက်ပုံရိပ်ကြီးအား ရုတ်တရက် စူးစူးဝါးဝါးအော်သံကြီး ထုတ်လွှတ်လိုက်စေသည်။
၎င်းက အော်ပြီးနောက် သန့်စင်မိစ္ဆာပင့်ကူကြီးနှင့် အရုပ်ဘိုးဘေးကြီးများ တိုက်ခိုက်နေသော၊ ပုံပျက်ရှုံတွနေ၍ ဘယ်သူမှမမြင်ရသော နေရာသို့ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် တဟုန်ထိုးထွက်သွား၏။
ပေါက်ကွဲသံများ ကောင်းကင်နှင့် မြေကြီးတွင် ပြည့်နှက်သွားသည်။ ကင်းမြီးကောက်ကြီးသည် သန့်စင့်မိစ္ဆာပင့်ကူကြီးနှင့် အဆင့်တူဖြစ်သည့်အတွက် ဘိုးဘေးကြီးများနှင့် တိုက်ပွဲမှာ ဘက်ညီမှုမရှိတော့ပေ။
အတိတ်တုန်းက မျိုးနွယ်စုငါးစု၏ အရုပ်ဘိုးဘေးကြီးများလည်း ကင်းမြီးကောက်ကြီးနှင့် သန့်စင်မိစ္ဆာပင့်ကူကြီးတို့ဖြင့် အဆင့်တူညီခဲ့၏။ သို့သော် အချိန်များ ကုန်လွန်လာသည့်နောက်တွင် ကျီးနတ်မင်းမှာ မှေးမှိန်ဆုတ်ယုတ်လာပြီး မျိုးနွယ်စုများလည်း အင်အားနည်းလာခဲ့သည်။ ထို့ကြောင့် ယခုတွင် သူတို့မှာ လွန်စွာအားနည်းနေပြီဖြစ်၍ ငါးယောက်ပေါင်းမှ သန့်စင်မိစ္ဆာပင့်ကူကြီးကို တိုက်ခိုက်နိုင်ရုံသာရှိသည်။
ထို့နောက် အခြေအနေမှာ ယခင်နှင့်ပင် ပို၍ ကွဲပြားသွားလေပြီ။
ဘယ်သူမှ သူတို့ တိုက်ခိုက်နေသည်ကို မမြင်ရတော့။ အပြင်လူများ မြင်ရသည့် တစ်ခုတည်းသောအရာမှာ ကင်းမြီးကောက်ကြီး လေထဲအတွင်းရှိ ပုံပျက်ရှုံ့တွနေသော နေရာသို့ တဟုန်ထိုး ထွက်သွားသည်ကိုပင်။ အသက်ဆယ်ရှိုက်ကြာသော် ကင်းမြီးကောက်အဖွဲ့ပင် ရောက်မလာသေးခင်၊ အပေါ်မှ သက်ပြင်းချသံကြီးတစ်သံ ကြားလိုက်ရသည်။ ထို့နောက် ပုံပျက်နယ်ပယ်အတွင်းမှ ကျောက်လူကြီး ရုတ်တရက် ထွက်လာ၏။
၎င်း၏ခန္ဓာကိုယ်မှာ စတင်ပြိုကွဲလာပြီး ၎င်းထံမှာ ထုတ်လွှတ်နေသော အနက်ရောင်အမျှင်များကို မြင်နိုင်လေသည်။ ၎င်း၏ရင်ဘတ်အလယ်တည့်တည့်၌ အပေါက်ကြီးတစ်ပေါက်ရှိနေ၏။ ဤကျောက်လူကြီးမှာ ကျီးသူရဲကောင်းမျိုးနွယ်စု၏ ကိုးကွယ်ရာ အရုပ်ဘိုးဘေးကြီးဖြစ်သည်။ ဤအခိုက်အတန့်တွင် ၎င်း၏ခန္ဓာကိုယ်မှ... သေခြင်းအခိုးအငွေ့များ တထောင်းထောင်းနေလေပြီ။
၎င်းက သက်ပြင်းချသံနှင့်အတူ ပုံပျက်နယ်ပယ်အတွင်းမှ ထွက်လာသည်။ ၎င်း သိပ်ဝေးဝေးမသွားနိုင်ခင် .... ပုံပျက်နယ်ပယ်အတွင်းမှ အနက်ရောင်အရိပ်တစ်ခုက ၎င်းအနောက် လိုက်လာ၏။ ၎င်းသည် ကင်းမြီးကောက်အမြီးကြီးဖြစ်လာကာ ကျောက်လူကြီးကို ထိုးချလိုက်သည်။ အဆိပ်များ ကျောက်လူကြီး၏ကိုယ်ထဲ စီးဝင်သွားပြီး အက်ရာများ ၎င်းတစ်ကိုယ်လုံး ဖုံးလွှမ်းသွားရာ အတွင်းမှ မြေကြီးရောင်အလင်းကို မြင်နိုင်လေသည်။ အလင်းသည် မြေကြီးရောင် အရုပ်တစ်ရုပ်အသွင်ပြောင်းပြီး အက်ရာများပြည့်လာကာ ခွမ်းခနဲ ပေါက်ကွဲသွား၏။
"ကျီးသူရဲကောင်းမျိုးနွယ်စုရဲ့ အရုပ်ဘိုးဘေးကြီး"
"သေဆုံး.... သွားပြီ" ဤထိုးနှက်ချက်က မျိုးနွယ်စုငါးစုဝင်များအတွက် နတ်ဆိုးနှလုံးသားပန်းကြောင့် သွေးသားရင်းချား အသတ်ခံနေရသည်ကို ကြည့်နေရတုန်းက ခံစားခဲ့ရသည်ထက် မနည်းပေ။ အဘယ်ကြောင့်ဆိုသော် မျိုးနွယ်စု၏ အရုပ်များမှာ ဘိုးဘေးကြီးဆီမှ အမွေများဖြစ်၍ပင်။ ထိုနှစ်ခုကြားရှိ ဆက်သွယ်မှုမှာ နက်နဲလွန်းသည်။
ယခုတွင် ကျီးသူရဲကောင်းမျိုးနွယ်ဝင်များမှာ တုန်ရီနေကြပြီဖြစ်သည်။ သူတို့၏ ယုံကြည်ချက်များ တစစီပျက်စီးနေလေပြီ။ ဘိုးဘေးကြီးထံမှ ကျောက်လူကြီးပုံစံ အရုပ်ဆေးမင်ကြောင်များ တစတစ မှေးမှိန်ပျောက်ကွယ်လာသဖြင့် သူတို့ပါးစပ်မှ သွေးများပန်းထွက်သွား၏။
အရုပ်ဆေးမင်ကြောင်များ မှေးမှိန်လာသည်နှင့်အမျှ သူတို့၏ ကျင့်ကြံခြင်းအခြေခံများမှာ တစ်ဆင့်လုံး ထိုးကျသွား၏။ အနုသုခုမရုပ်ခန္ဓာအဆင့်က အမြုတေဖြစ်တည်မှုအဆင့်။ အမြုတေဖြစ်တည်မှုအဆင့်က ချီအခြေတည်အဆင့်ဖြစ်လာသည်။ ချီအခြေတည်အဆင့်က ....စဦးချီဖွဲ့စည်းမှုအဆင့်အထိ တိုက်ရိုက် ကျဆင်းသွားသည်။
ကျီးသူရဲကောင်းမျိုးနွယ်စုတစ်စုလုံး အဆင့်ကျသွားသည်ဖြစ်ရာ စစ်ပွဲအပေါ် သက်ရောက်မှုရှိလေသည်။
ဤအခိုက်အတန့်တွင် ဝမ်းနည်းစွာ ဟိန်းဟောက်လိုက်သံကြီးအား ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် အပေါ်ရှိ ပုံပျက်နယ်ပယ်မှ ရေငွေ့တိမ်တိုက်များ ပြန့်ကားလာပြီး လွင့်စင်ပြိုကွဲသွားသည်ကို မြင်နိုင်၏။
ထိုအချိန်မှာပင် အမှောင်ကျီးမျိုးနွယ်စုတစ်စုလုံး သွေးအန်လိုက်ကြရသည်။ သူတို့၏ ရေအမျိုးအစား အရုပ်ဆေးမင်ကြောင်များ မှေးမှိန်သွားသဖြင့် သူ့တို့ခန္ဓာကိုယ်များ ခွေကျသွားကြ၏။ သူတို့အားလုံး ကျင့်ကြံခြင်းအခြေခံအဆင့် တစ့်ဆင့်တိတိ ကျဆင်းခြင်းကို ကြုံတွေ့လိုက်ရသည်။
အမှောင်ကျီးနတ်ဆရာကြီးမှာ သွေးတစ်ပွက်အန်ပြီး နောက်သို့ ယိမ်းယိုင်သွားကာ မျက်နှာဖြူဖျော့နေသည်။ သူ၏ အနုသုခုမရုပ်ခန္ဓာစွမ်းအား လျင်မြန်စွာ ပျောက်ကွယ်လာနေပြီး အားနည်းမှုက သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသည်ကို ခံစားလိုက်ရသဖြင့် ဝမ်းနည်းနေသောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ဖြစ်ထွန်းလာ၏။
မျိုးနွယ်စုငါးစု၏ အဖွဲ့ဝင်များအားလုံး ဤအဓိပ္ပါယ်ကို သိလေသည်.... အမှောင်ကျီး အရုပ်ဘိုးဘေးကြီး .....သေဆုံးသွားခဲ့ပြီဖြစ်သည်။
ဤအရာအားလုံးကို ရှင်းပြရန် အချိန်နည်းနည်းကြာလိုက်သော်လည်း တကယ်တမ်း အသက်ဆယ်ရှိုက်ကျော်လေးအတွင်း ဖြစ်ပျက်သွားခြင်းပင်။ ဤသို့ ဖြစ်ပျက်နေစဉ် ကင်းမြီးကောက်အဖွဲ့ကျင့်ကြံသူများက လေကိုခွင်း၍ တစတစ နီးကပ်လာနေလေပြီ။ မန်ဟိုက လာနေသော ကျင့်ကြံသူငါးထောင်ကို လှမ်းကြည့်ပြီး သူတို့အထဲကမှ အနီရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်ကို သတိထားမိလိုက်သည်။
လူငယ်၏ အသွင်အပြင်နှင့် ဟိတ်ဟန်က အခြားကျင့်ကြံသူများနှင့် လုံးဝကွဲထွက်နေသည်။ မန်ဟိုသည် သူနှင့်ပတ်သက်၍ တစ်ခုခုက ကျောက်ယူလန်နှင့် အလွန်တူနေကြောင်း ခံစားလိုက်ရ၏။
"သူက ကင်းမြီးကောက်အဖွဲ့ရဲ့ သန့်စင်သားတော်များလား" မန်ဟို့မျက်လုံးများ တောက်ပသွားသည်။ ကျောက်ယူလန်သည် သန့်စင်သမီးတော်တစ်ပါးဖြစ်ကြောင်း သူသိ၍ သူမတူချောမောပြီး သွေးအေးရက်စက်ပုံပေါ်သော ဤလူငယ်သည် မည်သူဖြစ်မည်လဲ ဆုံးဖြတ်ရလွယ်သွား၏။
ကင်းမြီးကောက်အဖွဲ့ နီးကပ်လာစဉ် သန့်စင်သားတော်က ညာလက်ကို ဝှေ့ယမ်းကာ ကျင့်ကြံသူလေးထောင်အား စစ်မြေပြင်သို့ ဦးတည်သွားစေသည်။ မန်ဟို့မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး သူ၏စိတ်ဆန္ဒအတိုင်း ကမ္ဘာသစ်မိစ္ဆာအုပ်က ဟိန်းဟောက်မာန်ဖီလာကြသည်။
ဟိန်းဟောက်သံကြီး ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါနေစဉ် သန့်စင်သားတော်သည် စစ်ပွဲကို လျစ်လျူရှုပြီး မထီမဲ့မြင့်ပြုံးလျက် ကျောက်ယူလန်အနား ရောက်လာသည်။
သူက သူမအနားရောက်သည်နှင့် ပြော၏။ "မျိုးနွယ်စုက ဒီမီးလျှံစမ်းသပ်ပွဲကို အတော်ဆုံးဆိုတဲ့ သန့်စင်သမီးတော် ကျောက်ယူလန်ကို အပ်နှင်းခဲ့တာ။ အဆုံးသတ်မှ မင်းရလိုက်တာက လက်ပြတ်သွားတာတဲ့လား။ မကြာခင် မျိုးနွယ်စုတစ်စုလုံး ဒီအကြောင်းကို သိသွားလိမ့်မယ်။ ကျောက်ယူလန် မင်းအတွက် ငါတကယ်စိတ်မကောင်းပါဘူး။ ငါတို့ တံတားပျက်နယ်ပယ်က ဒီဘာမဟုတ်တဲ့ ကျီးနတ်မင်းမျိုးနွယ်စုငါးစုရဲ့ နေရာကို သိမ်းပိုက်ပြီးရင် မင်းအတွက် နေရာမရှိတော့မှာ စိုးမိတယ်"
သန့်စင်သားတော်ကို လှမ်းကြည့်လိုက်စဉ် ကျောက်ယူလန်၏ မျက်နှာအမူအရာသည် အေးစက်နေ၏။
"ဘယ်သူ မင်းလက်ကို ဖြတ်လိုက်တာလဲ" သူက ပြုံးရင်း ဆက်ပြောသည်။ "နတ်ဆိုးနှလုံးသားပန်းကို သုံးခွင့်တောင်းခဲ့တာတောင်မှ မအောင်မြင်ဘူး။ သနားဖို့ကောင်းလိုက်တာ။ သနားဖို့ကောင်းလိုက်တာ"
"နင် ပြောလို့ဝပြီလား ကျောက်ချွန်းမု" ကျောက်ယူလန်က အေးတိအေးစက်ပြောသည်။ "ငါ အောင်မြင်တာ ကျရှုံးတာ နင့်အပူမဟုတ်ဘူး။ နင် ဒီကျီးနတ်မင်းမျိုးနွယ်စုငါးစုကို အနိုင်ယူနိုင်ရင်တော့ ငါ နင့်ကို ဂုဏ်ပြုပေးမယ်"
"ငါတို့နှစ်ယောက်က အမြင်မတူဘူး" သန့်စင်သားတော် ကျောက်ချွန်းမုက ပြောသည်။ "ဒီစစ်ပွဲကို ငါနဲ့ ကင်းမြီးကောက်အဖွဲ့သာ ဦးဆောင်ခဲ့ရင် နိုင်တာကြာပြီ။ အဖိုးထိုက်တန်တဲ့ နတ်ဆိုးနှလုံးသားပန်းကိုတောင် သုံးစရာမလိုဘူး။ ဒီတိုင်း သူတို့အရုပ်တွေကို ဖျက်ဆီးလိုက်တာနဲ့ အားလုံးပြီးသွားမှာလေ။ အရေးမပါတာတွေ လျှောက်လုပ်ပြီး ဘာလုပ်မှာလဲ။ ကျောက်ယူလန် သနားတတ်တာက နင့်ရဲ့ မဟာအားနည်းချက်ကြီးပဲ" သူက လှောင်ရယ်ရယ်လိုက်သည်။
ကင်းမြီးကောက်အဖွဲ့ကျင့်ကြံသူလေးထောင် စစ်ပွဲအတွင်းသို့ ချီတက်လာကြသဖြင့် အော်ဟစ်ကြွေးကြော်သံများ ဆူညံလာသည်။ သူတို့တွင် ယုတ်မာကောက်ကျစ်သော အပြုံးများနှင့် သွေးအေးရက်စက်သော အကြည့်များရှိ၏။ အရုပ်အလင်းများက သူတို့၏ခန္ဓာကိုယ်များမှ ဖြာထွက်တောက်ပနေပြီး သူတို့၏တိုက်ကွက်များက ပင့်ကူအဖွဲ့ထက်ပင် ရက်စက်ကြမ်းကြုတ်လေသည်။
မန်ဟို့ ကမ္ဘာသစ်မိစ္ဆာများ၏ ခုခံမှုကြောင့်သာမဟုတ်လျှင် မျိုးနွယ်စုငါးစုဝင်များမှာ ချက်ချင်း အထိအခိုက် အကျအဆုံးများမည်ဖြစ်သည်။ မန်ဟိုက ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်ရာ အရုပ်ဘိုးဘေးကြီးနှစ်ဦးသာ သေဆုံး၍ မျိုးနွယ်စုနှစ်စုသာ အားနည်းသွားခဲ့သည့်တိုင် အခြားမျိုးနွယ်စုသုံးစုမှ အဖွဲ့ဝင်များသည်လည်း မျက်နှာဖြူဆုပ်လျက် စိတ်ပျက်လက်မှိုင်ကျနေသည်ကို မြင်လိုက်ရ၏။ ဤအတိုင်းသာ ဆက်သွားလျှင် ရှုံးနိမ့်မှာ မလွဲဧကန်ပင်။
ရုတ်တရက် မန်ဟိုက မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံကြီးဖြင့် ပြောသည်။
"မင်းတို့ ကျီးနတ်မင်းအတွက် တိုက်ခိုက်စရာမလိုဘူး" သူ့အသံကြားသည်နှင့်တစ်ပြိုင်နက် မျိုးနွယ်စုငါးစုဝင်များက မန်ဟို့ကို လှမ်းကြည့်လိုက်ကြသည်။
"ပြန့်ကြဲနေတဲ့ အလောင်းတွေ ၊ သွေးတွေကို ငုံ့ကြည့်ကြ။ အဲ့ဒါတွေက မင်းတို့ မိတ်ဆွေတွေပဲ။ သူတို့အတွက် တိုက်ခိုက်ကြ
"နောက်ကို လှည့်ကြည့်ကြစမ်း … မြင်လား အဲ့ဒီအကာအကွယ်နောက်က လူကြီးတွေနဲ့ ကလေးတွေကို။ သူတို့က မင်းတို့ရဲ့ သွေးသား မင်းတို့ရဲ့ မိသားစု။ သူတို့အတွက် တိုက်ခိုက်ကြ
"ခေါင်းမော့ပြီး အဲ့ဒီအဆိပ်ငါးသွယ် ကျင့်ကြံသူတွေကို ကြည့်။ မင်းတို့ သူငယ်ချင်းတွေအတွက် တိုက်ခိုက်၊ မင်းတို့ မိသားစုအတွက် တိုက်ခိုက်။ မင်းတို့က နောက်ဆုံးခံစစ်ပဲ။ မင်းတို့ အရှူံးပေးလိုက်ရင် မင်းတို့မိသားစုတွေ တစ်ယောက်မကျန် သုတ်သင်ခံရလိမ့်မယ်
"အစွမ်းကုန်တိုက်ခိုက်ဖို့ အချိန်ရောက်လာပြီ။ ငါတို့ မနိုင်ရင်မနိုင်နိုင်ဘူး။ ဒါပေမဲ့ မင်းတို့ မစွန့်စားရင် ရှုံးနိမ့်တာ သေချာသွားပြီ။ သူတို့အတွက် တိုက်ခိုက်ကြ.... မင်းတို့အားလုံး အခုမှ လက်လျှော့တော့မလို့လား" မန်ဟိုက ခေါင်းမော့ပြီး ဟိန်းဟောက်ကြုံးဝါးလိုက်သည်။ ထိုအသံက မျိုးနွယ်စုငါးစု၏ နားထဲ ဝင်ရောက်လာပြီး သူတို့၏စိတ်နှလုံးကို ကိုင်လှုပ်လိုက်၏။
ရူးသွပ်မိုက်မဲမှုတို့ သူတို့မျက်လုံးများတွင် နောက်တစ်ကြိမ် တောက်လောင်လာသည်။ ပင်ပန်းနွမ်းနယ်မှု၊ ကူရာမဲ့မှုနှင့် မကောင်းသောခံစားချက်များအားလုံး ပျောက်ကွယ်မသွားပေ။ ထိုအစား မျှော်လင့်ချက်မဲ့နေပြီဖြစ်၍ အသေခံတိုက်ခိုက်လိုသော စိတ်အဟုန်ဖြစ်လာသည်။
"သူတို့ကို သတ်ဖို့"
"တိုက်ခိုက်ကြဟေ့"
မျိုးနွယ်စုငါးစု၏ ကျန်ရှိသော အဖွဲ့ဝင်နှစ်ထောင်က ဟိန်းဟောက်လိုက်ကြသည်။ ပြင်းထန်လှသော အမျက်ဒေါသတို့ကြောင့် သူတို့သည် သေရမှာကို မကြောက်တော့ဘဲ ကင်းမြီးကောက်အဖွဲ့ထံ ပြေးတက်သွားကြ၏။
မန်ဟိုက သူ၏ကမ္ဘာသစ်မိစ္ဆာများဖြင့် ရှေ့မှ ဦးဆောင်သွားသည်။ ဟစ်ကြွေးသံများ လေတွင် ပျံ့လွင့်နေပြီး သတ်ဖြတ်လိုစိတ်များက အရာအားလုံးကို လွှမ်းခြုံနေသည်။ မန်ဟိုသာမရှိလျှင် အချိန်အတော်ကြာကတည်းက မျိုးနွယ်စုငါးစု ရှုံးနိမ့်သွားခဲ့ပြီဟုဆိုနိုင်သည်။
မန်ဟိုသာမရှိလျှင် သူတို့မှာ တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံနေရပြီဖြစ်သည်။ အသက်ရှင်ကျန်ခဲ့သူများလည်း အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ကျွန်ပြုခံရလိမ့်မည်။
ဤအခိုက်တွင် ကျောက်ချွန်းမုက မန်ဟို့ကို သတိထားမိသွား၏။ သူသည် သူ့ကို တခဏကြည့်ပြီးနောက် ညစ်ကျယ်ကျယ်ရယ်သည်။
"အာ.... မိစ္ဆာသားရဲသခင်ကိုး" ကျောက်ချွန်းမုက ပြောသည်။ "မင်း သူ့ကို သတ်ရမလား မသတ်ဘဲနေရမလား တွေဝေနေခဲ့တာပဲ။ အဲ့ဒါကြောင့် သူ အသက်ရှင်နေသေးတာ။ ငါ့အတွက်တော့ လမ်းကြောင်းတစ်ခုပဲရှိတယ်။ လျှပ်စီးမိုးကြိုးလို ထိုးနှက်ပြီး အခုချက်ချင်း သုတ်သင်ပစ်တာပဲ" ကျောက်ချွန်းမု ညာလက်ကို မြှောက်ပြီး စစ်မြေပြင်ပေါ်ရှိ မန်ဟို့ကို လက်ညှိုးလှမ်းထိုးလိုက်စဉ် သူ၏မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒများ တောက်ပလာသည်။
"လျှို့ဝှက်လုပ်ကြံသူ (၁၈) ဖော်၊ အဲ့ဒီလူကို သတ်ဖို့ အချိန်အသက်ဆယ်ရှိုက်ရမယ်"
ကျောက်ယူလန်၏မျက်နှာလေးမှာ ပုံမှန်အတိုင်းဖြစ်သော်လည်း သူမက နောက်ဆုတ်ပြီး သူမနှင့် ကျောက်ချွန်းမုကြား၌ အကွာအဝေးတချို့ ထားလိုက်သည်။ သူမဘေးရှိ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲနှစ်ယောက်မှာ တခဏ ချီတုံချတုံဖြစ်နေ၏။ သို့သော် သူမကို ကြည့်ပြီးနောက် သူတို့ ဘာမှမပြောကြပေ။
ကျောက်ချွန်းမု လက်ညိုးထိုးလိုက်သောအခါ မန်ဟိုက အာရုံရသွားပြီး အေးစက်သော မျက်လုံးများဖြင့် လှမ်းကြည့်သည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သွေးချီမျှင်တစ်မျှင် စီးမျောထွက်လာပြီး ကင်းမြီးကောက်အဖွဲ့ကျင့်ကြံသူများကို လွှမ်းခြုံသွား၏။ ချက်ချင်းပင် သူတို့ခန္ဓာကိုယ်များ ခြောက်ကပ်လာသဖြင့် အော်သံများ ဆူညံသွားသည်။
"ငါ ကျောက်ယူလန်ကို ထွက်ပြေးခွင့်ပေးခဲ့ပေမယ့် အခုမှရောက်လာတဲ့ ဒီသန့်စင်သားတော်ကိုတော့ အဲ့ဒီလို ခွင့်ပြုနိုင်မယ်မထင်ဘူး" ကျောက်ချွန်းမုကို သတ်နိုင်မည့် အကြံတစ်ခု စဉ်းစားမိလိုက်သဖြင့် မန်ဟို့မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒများ ပြည့်နှက်သွား၏။ ရုတ်တရက် သူ၏သူငယ်အိမ်များ ကျုံ့သွားပြီး မြန်နှုန်းမြှင့်သွေးအလင်းဖြင့် သူ့ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအခါ ဆယ်မီတာအကွာတွင် ဖြစ်၏။
သူပြန်ပေါ်လာသည့်အချိန်မှာပင် စောစောက သူရပ်နေခဲ့သောနေရာမှာ အပ်သဖွယ် အလင်းတန်းဆယ့်ခြောက်တန်းဖြင့် ပြည့်နှက်သွားသည်။ သူသာ ထိုနေရာတွင် ရပ်နေခဲ့ပါက ဇကာပေါက်ဖြစ်သွားပေလိမ့်မည်။
မန်ဟိုသည် ညာလက်ကို မြှောက်၍ လေထုကို ထိုးချလိုက်သည်။ အံဩစရာကောင်းစွာနှင့် သူ့အရှေ့ရှိ လေထုမှာ အတွင်းသို့ နစ်ဝင်သွားပြီး လုပ်ကြံသူတစ်ယောက်၏ ပုံရိပ်ပေါ်လာ၏။ ဤအခိုက်အတန့်မှာပင် မန်ဟို့လက်သီးက ကျရောက်သွားလေပြီ။ ပုံရိပ်သည် တကယ်တမ်း ချစ်စဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ဦးဖြစ်၏။ သူ့လက်သီး သူမကို ထိသွားစဉ် အံ့ဩတုန်လှုပ်မှုတို့က သူမ၏မျက်ဝန်းလေးများ၌ အတိုင်းသား ပေါ်လွင်နေပြီး သူမခန္ဓာကိုယ်မှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွား၏။
မန်ဟို့မျက်နှာထားက ယခင်အတိုင်းသာ။ သူက သတ်ပြီးနောက် လေကိုခွင်းလာသော အနက်ရောင်အပ် နောက်တစ်စင်းကို ရှောင်ရန် နောက်ဆုတ်လိုက်သည်။ သူသည် အေးစက်စက်နှာမှုတ်ပြီး သွေးရောင်အလင်းကွန့်မြူးနေသော ဘယ်လက်ကို မြှောက်လိုက်၏။ ထို့နောက် ထိုလက်ကို အရှေ့သို့ တွန်းလိုက်ရာ မချိတင်ကဲ အော်သံနောက်တစ်သံ ကြားလိုက်ရသည်။ မန်ဟို့လက်ထဲတွင် ခေါင်းအား ဆုပ်ကိုင်ခံထားရသော အမျိုးသမီးတစ်ယောက်ပေါ်လာ၏။ ရုတ်တရက် မန်ဟိုက ဘယ်ဒူးကို သူမခေါင်းဆီသို့ မြှောက်ရင်း ရှေ့သို့ ရွေ့လျားသွားသည်။
ခွပ်ခနဲ နောက်တစ်ယောက် သေဆုံးသွားလေပြီ။
"ငါ့ကို လုပ်ကြံဖို့ လာတာပေါ့လေ ဟမ်" သွေးအေးသော အပြုံးတစ်ခုက မန်ဟို့နှုတ်ခမ်းထောင့်စွန်းတွင် ကွေးတက်သွား၏။
***