← Chapters

အရုပ်အသစ်

Vol. 32 Ch. 447

အရုပ်အသစ်

Vol. 32 Ch. 447

လူနှစ်ယောက် သေသပ်ပိရိစွာ အသတ်ခံလိုက်ရခြင်းက ကျောက်ချွန်းမု၏ မျက်လုံးများကို အရောင်လဲ့သွားစေသည်။ သို့သော် သူ၏မျက်နှာအမူအရာမှာ ယခင်အတိုင်းသာ ဖြစ်၏။

ဤအခိုက်အတန့်တွင် မန်ဟိုက သူ့လက်တွင် ကိုင်ထားသည့်ခေါင်းကို လွှတ်ချလိုက်သည်။ သူသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် ညာလက်ကို မြှောက်ပြီး ‌မြေကြီးကို ညွှန်လိုက်၏။ ချက်ချင်းပင် စူးရှတောက်ပနေသော သွေးရောင်အလင်းသည် မန်ဟို့ခန္ဓာကိုယ်မှ ဖြာထွက်လာကာ အချင်းဝက်မီတာဒါဇင်ချီရှိသော ဧရိယာ၏ အနားသတ်တစ်လျှောက် လှည့်ပတ်ဝန်းရံသွားသည်။ ဤသွေးမရဏကမ္ဘာအတွင်းတွင် ပုံရိပ်ဆယ့်ငါးခု ချက်ချင်း မြင်သာလာ၏။

သူတို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟိုက ရှေ့သို့ လှမ်းလိုက်သည်။ သူသည် သွေးစိတ်ဆန္ဒကို ထုတ်လွှတ်နေသော ဘယ်လက်ချောင်းနှစ်ချောင်းဖြင့် ပုံရိပ်တစ်ခု၏ နဖူးကို တောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ညာလက်ဖြင့် ပုံရိပ်တစ်ခုကို ထိုးချလိုက်၏။

သွေးပျက်မတတ် ဟစ်အော်သံ တစ်သံပြီးတစ်သံနှင့်အတူ သွေးများ ဖွားခနဲ ဖွားခနဲ လွင့်စင်ထွက်ကုန်သည်။ မန်ဟို့ပုံရိပ်တစ်ခုလုံးမှာ သွေးရောင်ပြောင်း‌နေခဲ့လေပြီ။ သူသည် ညာဘက်အင်္ကျီလက်စကို ခါကာ အမျိုးသမီးနောက်တစ်ယောက်ကို လှမ်းဆွဲလိုက်၏။ သူ၏ဘယ်လက်က သိုလှောင်အိတ်ကိုပုတ်၍ ထွက်လာသောဆေးလုံးကို ကြောက်လန့်နေသောအမျိုးသမီး၏ ပါးစပ်ထဲ ထည့်လိုက်သည်။

အသက်ရှိုက်စာအနည်းငယ်ကြာသော် အမျိုးသမီး၏ခန္ဓာကိုယ်သည် ပေါက်ကွဲ‌ထွက်သွားသည့်တိုင်အောင် ဖောင်းပွလာရာ သွေးများအား အရပ်မျက်နှာတစ်ခွင်သို့ လွင့်စင်သွားစေ၏။ သွေးစက်တို့ အနီးနားရှိ လုပ်ကြံသူငါးယောက်အပေါ်ကျသွားသည်နှင့် မချိတင်ကဲအော်သံများ ထွက်လာကာ သူတို့၏ခန္ဓာကိုယ်အားလုံး သွေးအိုင်ဘဝရောက်သွားတော့သည်။

"အဆိပ်ကျင့်ကြံသူ" ကျန်အမျိုးသမီးလေးယောက်က အော်သည်။ သူတို့သည် ပိန်ပိန်သွယ်သွယ် အချောအလှလေးများဖြစ်၏။ သို့ရာတွင် ယခုအချိန်တွင်တော့ သူမ၏မျက်နှာလေးများမှာ မန်ဟို့၏အကြင်နာမဲ့သော သတ်ဖြတ်မှုကို ကြည့်ရင်း အံ့ဩမှင်သက်‌နေကြသည်။

သူတို့မှာ မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ချက်ချင်း နောက်ဆုတ်လိုက်ကြပြီး လုပ်ကြံသတ်ဖြတ်မည့်အစား ကြောက်စရာအကောင်းဆုံးသတ္တဝါအဖြစ် မြင်ထားသောအရာ၏လက်မှ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။

"ထွက်ပြေးချင်တယ်လား" မန့်ဟိုက ခံစားချက်မဲ့သောမျက်နှာဖြင့် ပြော၏။ ဤအမျိုးသမီးများတွင် ထူးခြားဆန်းကြယ်သော ပုံစံများရှိသည်။ သွေးမရဏကမ္ဘာနှင့် မိစ္ဆာချီကြောင့်သာမဟုတ်လျှင် မန်ဟို့အနေဖြင့် သူတို့ သူ့အနားမကပ်နိုင်အောင် ဟန့်တားနိုင်ခဲ့မည်မဟုတ်ပေ။

သူ့စကားလုံးများ မြည်ဟည်းနေစဉ်မှာပင် မန်ဟိုက ရှေ့သို့ ရွေ့လျားသွားသည်။ သူ အနားသို့ ရောက်လာသည်တွင် အမျိုးသမီးလေးယောက်၏မျက်နှာများမှာ မျှော်လင့်ချက်မဲ့သွားသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။ သို့သော် ကူရာမဲ့မှုက ရုတ်ခြည်း ရက်စက်ကြမ်းကြုတ်မှုအဖြစ် ပြောင်းလဲသွားသည်။ သူတို့ တိုက်ခိုက်တော့မည့်အချိန်မှာပင် မန်ဟိုက ပြုံးလိုက်၏။ ရုတ်တရက် သွေးမရဏကမ္ဘာ ကျုံ့လာလေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် အမျိုးသမီး‌လေးယောက်ကို ရက်ရက်စက်စက် ဖြစ်ညစ်နေသော ဧရာမလက်ကြီးတစ်ဖက်ဖြစ်လာသယောင်ပင်။

လက်ကြီးက သူတို့ကို အသက်ထွက်သည်အထိ ဖြစ်ညစ်လိုက်သဖြင့် ‌ထစ်ချုန်းသံကြီးတစ်သံ ကြားလိုက်ရသည်။ မန်ဟိုသည် လေလယ်တွင် ရပ်နေ၏။ သူ့ပတ်ပတ်လည်ရှိ မီတာဒါဇင်နှင့်ချီသောဧရိယာမှာ ပြောင်းတလင်း ခါနေလေပြီ။ မည်သည့်ပုံရိပ်မှ မမြင်ရတော့။ အဝေးရှိ ကင်းမြီးကောက်အဖွဲ့ကျင့်ကြံသူများ သူ့ကို လှမ်းကြည့်နေကြစဉ် သူတို့၏မျက်နှာပေါ်၌ စာလုံးတစ်လုံး ရေးထိုးထား၏...

အကြောက်တရား။

မျိုးနွယ်စုငါးစုဝင်များမှာမူ စိတ်လှုပ်ရှားလာကြပြီး ဆက်လက်သတ်ဖြတ်နေကြသည်။

ကျောက်ချွန်းမုက မခိုးမခန့် ရယ်ပြီး အေးတိအေးစက် ပြောသည်။ "အခုထိ မပြီး...."

သူစကား‌ပြီးဆုံးအောင် မပြောနိုင်ခင် ရုတ်တရက် သူ့မျက်နှာတွင် အံ့ဩတုန်လှုပ်ခြင်းတို့ ဖုံးလွှမ်းသွားသည်။

ယခုလေးတင် မန်ဟို့အနောက်၌ မှောင်မည်းနေသောအရိပ်တစ်ခု ပေါ်လာခဲ့၏။ ၎င်းသည် အသံလည်းမထွက်၊ လှိုင်းတို့လည်း မထုတ်လွှတ်သည့်အပြင် သရဲတစ်ကောင်ကဲ့သို့ ထူးဆန်းသောပုံပန်းသွင်ပြင်ရှိသည်။ ၎င်းက အသေးစားနေရာရွှေ့ပြောင်းလိုက်သည့်အလား မယုံနိုင်လောက်အောင် လျင်မြန်သော အမြန်နှုန်းဖြင့် မန်ဟို့ ပြေးဝင်သွားသည်။ သို့သော် ထိုအရိပ် မန်ဟို့အပေါ် ခုန်အုပ်တော့မည့်အချိန်မှာပင် ၎င်းက သွေးပျက်မတတ် အော်ဟစ်လိုက်ရ၏။ မန်ဟို့နောက်ကျောကို ထိုးစိုက်ရန် ပြင်နေခဲ့သော ၎င်း၏ညာလက်သည် လည်နေသော ဓားတစ်လက်ဖြင့် ပိုင်းဖြတ်ခံလိုက်ရသကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ပြတ်ထွက်သွားလေပြီ။

မန်ဟို့ညာလက်က နောက်သို့ ထွက်သွားပြီး ဤဒဏ်ရာရသွားသော နောက်ဆုံးလုပ်ကြံသူ၏လည်မျိုကို ဖမ်းဆုပ်လိုက်သည်။ သူသည် သူမကို အရှေ့သို့ ဆွဲခေါ်ရင်း လက်သီးကျစ်ကျစ်ပါအောင်ဆုပ်၍ အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကျောက်ချွန်းမုကို လှမ်းကြည့်သည်။

ကျောက်ချွန်းမု အသတ်အဖြတ်စိတ်ဆန္ဒကို မြင်သောအခါ သူ့နှလုံးသားအေးစက်သွား၏။ မန်ဟိုသည် ယခုလေးတင် လျှို့ဝှက်လုပ်ကြံသူ ဆယ့်ရှစ်ဖော်ကို သတ်ဖြတ်ခဲ့လေရာ ‌ကျောက်ချွန်းမုအား လုံးလုံးလျားလျား တုန်လှုပ်သွား‌စေလေသည်။ သူ သတိမထားမိသည်က ကျောက်ယူလန်၏မျက်နှာပေါ်က သ‌ရော်နေသော အပြုံးကိုပင်။

ကျောက်ယူလန် လျင်မြန်စွာ နောက်‌ဆုတ်သွားပြီး သူတို့နှစ်ယောက်ကြားက အကွာအဝေးကို ပို၍ပင် ကွာဟသွားစေခဲ့သည်ကိုလည်း သူ သတိမထားမိလိုက်ပေ။

"အကြီးအကဲ ကိုးဦး။ နတ်ဆရာကြီး။ အဲ့ဒီလူကို ရအောင် သတ်"

ကျောက်ချွန်းမု၏ စကားအတိုင်း ပုံရိပ်ဆယ်ခု မန်ဟို့ဆီ နေရာရွှေ့ပြောင်းသွားကြသည်။ ကိုးယောက်သည် အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်ဖြစ်၍ တစ်ယောက်က အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်ပင်။ ဤလူဆယ်ယောက်၏ ပူးပေါင်းတိုက်ကွက်က ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေရန် လုံလောက်သည်။

သို့သော် ဤအခိုက်အတန့်မှာပင် ရုတ်တရက် အပေါ်ထက်မှ ခါးသီးမှုတို့ ရောယှက်နေသော ‌သက်ပြင်းချသံတစ်သံ ကြားလိုက်ရသည်။

"မျိုးနွယ်စု၊ ငါ သင်တို့ကို နှစ်ပေါင်းများစွာ ကာကွယ်စောင့်ရှောက်ပေးခဲ့ပေမယ့် ကံဆိုးစွာနဲ့ ရှေ့ဆက်ပြီး အဖော်ပြုမပေးနိုင်တော့ဘူး .... ငါ ‌ဖုန်အဖြစ်နဲ့ မျောလွင့်မသွားခင် သင်တို့အတွက် အသက်ရှင်ဖို့ နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်..... " မန်ဟို့တစ်ကိုယ်လုံးကို တုန်ရီသွားစေသည့် ထစ်ချုန်းသံကြီး ပဲ့တင်ထပ်လာသည်။ သူက မော့ကြည့်လိုက်ရာ မျိုးနွယ်စုငါးစု၏ ‌‌‌‌မြေအရုပ်ကြီးနှင့် ရေအရုပ်ကြီးနည်းတူ ကျီးကင်းထောက်မျိုးနွယ်စု၏ သစ်ပင်လူကြီးလည်း ‌တ‌‌‌‌ဖြေးဖြေး‌ ပျက်စီးကြွေမွကာ သေဆုံးသွားသည်ကို မြင်တွေ့ရ၏။

၎င်း သေဆုံးသွားစဉ် မြောက်မြားစွာသော အသက်စွမ်းအားများသည် အရှိန်အဝါတစ်ခုအသွင်နှင့် မျိုးနွယ်စုငါးစုထံသို့ ထိုးဆင်းလာပြီး သူတို့၏ခန္ဓာကိုယ်များနှင့်ပေါင်းစည်း၍ ကုသခြင်းစွမ်းအားများ ဖြစ်လာသည်။

သို့စေကာမူ ရှောင်လွှဲမရသည်က သစ်ပင်လူကြီး၏ သေဆုံးမှုကြောင့် ကျီးကင်းထောက်မျိုးနွယ်ဝင်များအပေါ်ရှိ အရုပ်ဆေးမင်ကြောင်များ ‌မှေးမှိန်ပျောက်ကွယ်လာသည်ကိုပင်။ ထိုသို့မှေးမှိန်လာသည်နှင့် ကျီးကင်း‌ထောက်မျိုးနွယ်ဝင်များ၏ ကျင့်ကြံခြင်းအ‌ခြေခံများလည်း ကျဆင်းလာသည့်လက္ခဏာများ ပြလာသည်။

သို့သော် ထိုသို့မဖြစ်ပျက်ခင် မန်ဟို့နဖူးပေါ်ရှိ သစ်သားစာလုံး အရုပ်ဆေးမင်ကြောင်သည် ခံ့ညားထည်ဝါသောအလင်းရောင်ကို စတင်ထုတ်လွှတ်၏။ ရုတ်တရက် ဧရာမသစ်ပင်ကြီး၏ပုံရိပ်သည် သူ့ခေါင်းထက်တွင်‌ မှော်ဆန်ဆန် ပေါ်လာလေပြီ။

အနီးကပ်ကြည့်လျှင် ၎င်းက သစ်ပင်ကြီးနှင့်တူသည်။ အဝေးမှကြည့်လျှင်တော့ တကယ်တမ်း 'သစ်သား'ဆိုသော ရှေးစာလုံးဖြစ်ကြောင်း တွေ့ရပေမည်။ (Ψ ဒီလိုသင်္ကေတလေး ဖင်ချင်းဆိုင်ဆက်ထားသလိုပါ)

ယခု ကျီးကင်းထောက်မျိုးနွယ်ဝင်များ၏ အရုပ်ဆေးမင်ကြောင်များမှာ ‌မပျောက်ကွယ်တော့ဘဲ ပုံစံပြောင်းလာ၏။ အသက်ရှိုက်ချိန်အနည်းငယ်‌လေးအတွင်း ကျီးကင်းထောက်မျိုးနွယ်စုတစ်စုလုံး သူတို့၏အရုပ်ဆေးမင်ကြောင်များ တည်ငြိမ်လာသည်ကို ခံစားလိုက်ရ၏။ သို့သော် ၎င်းတို့ကား သစ်စိမ်းပင်အရုပ်များမဟုတ်တော့ ... မန်ဟိုပိုင်ဆိုင်ထားသော သစ်သားစာလုံးအရုပ်ဖြစ်သွားလေပြီ။

ဤထူးဆန်းသောအဖြစ်အပျက်မှာ မန်ဟိုကိုယ်တိုင်ပင် မထင်မှတ်ထားခဲ့သည့်အရာ ဖြစ်သည်။ သစ်သားစာလုံးအရုပ်များ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျီးကင်းထောက်မျိုးနွယ်ဝင်အားလုံးကို ခံစားလိုက်ရကြောင်း သတိထားမိလိုက်သဖြင့် သူ့တစ်ကိုယ်လုံး တုန်ရီသွားလေသည်။ သူတို့၏ စိတ်အားထက်သန်မှုနှင့် ပြင်းပြသောစိတ်အဟုန်တို့ကို သူခံစားနေရသည်။ ထိုမျှသာမက သူ၏ကိုယ်အတွင်း၌ စဉ်ဆက်မပြတ်သော အသက်စွမ်းအားစီးကြောင်းတစ်ခုရှိသယောင်ပင်။ ဤအခိုက်အတန့်တွင် သူ၏အရှိန်အဝါကား ရုတ်တရက် လျင်မြန်စွာ ကျယ်ပြန့်လာသည်။

သူ၏ သစ်သားစာလုံးအရုပ်ဆေးမင်ကြောင်မှ အကန့်အသတ်မဲ့သော အလင်းရောင်ကို ထုတ်လွှတ်နေ၏။ မျိုးနွယ်စုငါးစုမှာ ကြက်သေသေနေရုံသာမက ကင်းမြီးကောက်အဖွဲ့မှ ကျင့်ကြံသူများလည်း မယုံနိုင်ဖြစ်နေကြသည်။

ကျောက်ယူလန်၏ မျက်ဝန်းလေးများ ဝိုင်းစက်ပြူးကျယ်နေပြီး အသက်မနည်းရှူနေရ၏။ ကျောက်ချွန်းမုမှာမူ ကိုယ့်မျက်စိကိုယ်မယုံနိုင်ဖြစ်လျက် ‌ကြောင်တောင်တောင်နှင့် ကြည့်နေသည်။

အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအနေဖြင့် သူတို့အားလုံးသိကြသည်။ အရုပ်များသည်.... ကမ္ဘာသစ်မိစ္ဆာများမှသာ ဖြစ်ပေါ်လာနိုင်၏။ ကျင့်ကြံသူများက ... ကျင့်ကြံအားထုတ်ကြပြီး ဘယ်တော့မှ အရုပ်စွမ်းအား မထုတ်လွှတ်နိုင်ပေ။

ဖြစ်ပျက်နေသောအရာမှာ သူတို့စဉ်းစားတွေးခေါ်နိုင်စွမ်းထက် ကျော်လွန်နေ၏။ သူတို့မြင်နေရသောအရာက တစ်ခုတည်းကိုသာ ညွှန်ပြနေသည်။ မန်ဟိုက ကျီးကင်းထောက်မျိုးနွယ်စု၏ ကိုးကွယ်ရာ အရုပ်ဘိုးဘေးကြီး ဖြစ်လာခဲ့ပြီဟူ၍။

သူ၏အရုပ်သည် ယခုတွင် ကျီးကင်းထောက်မျိုးနွယ်စု၏အရုပ်ဖြစ်သွားလေပြီ။ သူ၏ အရှိန်အဝါ တဟုန်ထိုးအားကောင်းလာခြင်းက .... မှော်အရုပ်အဆင့် ကမ္ဘာသစ်မိစ္ဆာများနည်းတူ သူသည် မျိုးနွယ်ဝင်များ သူ့ကို ရည်ညွှန်း၍ ဝတ်ပြုဆုတောင်း‌သော စွမ်းအားများကို စုပ်ယူနိုင်သည်ဟု ဆိုလိုသည်။

အဓိကအားဖြင့် ဤမယုံကြည်နိုင်ဖွယ် စွမ်းအားကြောင့် ထိုကဲ့သို့ကမ္ဘာသစ်မိစ္ဆာများမှာ အရုပ်များ အပ်နှင်းနိုင်ခြင်းဖြစ်သည်။

ဝေဟင်ထက်တွင် အရုပ်ဘိုးဘေးကြီးများ တိုက်ခိုက်နေသော နေရာတွင် သက်ပြင်းချသံတစ်သံ ကြားလိုက်ရ၏။ အောက်ရှိလူများမှာ သူတို့၏အံ့ဩတုန်လှုပ်မှုများကို ထုတ်ဖော်လာကြတော့သည်။

"သူက အရုပ်တစ်ရုပ်ဖြစ်လာပြီဆိုတော့ သူ့အရုပ်က အခု မျိုးနွယ်စုရဲ့ ကိုးကွယ်ရာဘိုးဘေးကြီးပေါ့။ သူက .... ငါတို့အစွမ်းတွေကို စုပ်ယူနိုင်တယ်လား"

"မဟုတ်မှ သူက ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ ကမ္ဘာသစ်မိစ္ဆာတစ်ကောင်များလား..."

ရင်သပ်ရှုမောဖွယ် မြင်ကွင်းကြီးက စစ်‌မြေပြင်တစ်ခုလုံးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည်။ ပြီးခဲ့သည့် အခိုက်အတန့်လေးက ကျီးကင်းထောက်မျိုးနွယ်ဝင်များမှာ ကိုးကွယ်ရာဘိုးဘေးကြီးဖြစ်သည့် သစ်ပင်လူကြီးသေဆုံးမှုကြောင့် ကျင့်ကြံခြင်း‌အခြေခံများ ဆုတ်ယုတ်လာနေခဲ့သည်။ ယခုတွင် သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ မပျောက်ကွယ်နေတော့ပေ။ ယခင်ထက်ပို၍ အားနည်းသွားသော်လည်း တစ်ဆင့်လုံးတော့ မကျဆင်းခဲ့ပေ။

ယခုအချိန်တွင် သူတို့နှင့် မန်ဟို့အကြား၌ ဖော်ပြ၍မရနိုင်သော ဆက်သွယ်မှုတစ်ခု ရှိသွားလေပြီ။ သူတို့သည် တိုင်းတာမရသော ရိုသေလေးစားမှု၊ စိတ်အားထက်သန်မှုတို့ နှလုံးသားထဲတွင် ပြည့်နှက်နေလျက် မန်ဟို့ကို ကြည့်လိုက်ကြသည်။

"ဘိုးဘေးကြီး"

"ကျီးကင်းထောက်မျိုးနွယ်စုမှ ‌ဂါဝရပြုပါတယ် ‌ဘိုးဘေးကြီး"

ကျီးကင်းထောက်မျိုးနွယ်ဝင် တစ်ယောက်ပြီးတစ်ယောက် တိုင်တည်လာကြသည်။ ချက်ချင်းပင် သူတို့သည် ပို၍ရက်ရက်စက်စက် တိုက်ခိုက်လာကြ၏။

မန်ဟို့မှာ ဟောဟဲလှိုက်နေပြီး ချာချာလည် မူးနောက်နေသည်။ သို့သော် အရာအားလုံး ရှင်းလင်းပြတ်သားလာသည့်အချိန်တွင် သူ့မျက်လုံးများ လင်းလက်သွားသည်။ သူသည် ဤသို့ အရှိန်အဝါ ရုတ်တရက် ထိုးတက်လာသည့် အ‌‌ခြေအနေကို အခွင့်အကောင်းယူကာ လက်ကို လေထဲသို့ မြှောက်လိုက်၏။

"မျက်နှာမဲ့"

မျက်လုံးနှစ်လုံးပိတ်လျက်ရှိသော ဧရာမမျက်နှာကြီးတစ်ဖက် ပေါ်လာ၏။ သွေးရောင်အလင်း ဖြာထွက်လာကာ သူ့ဆီလာနေသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူကိုးယောက်ကို ဝင်တိုက်လိုက်သော တိုက်ခိုက်စွမ်းအား‌ဖြစ်သွားသည်။

သူတို့၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားပြီး ကမန်းကတန်း နောက်ပြန်ဆုတ်လိုက်ကြ၏။

"စကားတစ်ခွန်း" မန်ဟိုသည် သူ့ကိုယ်အတွင်း၌ သျှံတက်လာနေသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ဤစွမ်းအားမှာ သူ့ဆီမှ လာခြင်းမဟုတ်သလို၊ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် ပေါင်းစည်းနိုင်သည့်အရာလည်း မဟုတ်ပေ။

ထိုသို့ သူ့အပိုင်အဖြစ်လုပ်လိုက်ပါက စည်းမျဉ်းတစ်ခုခုကို ‌ချိုးဖောက်ရာကျမည့်အလားပင်။ ဤစွမ်းအားသည် သူအသုံးပြုနိုင်သော၊ သို့မဟုတ် ခေတ္တငှားယူနိုင်သောအရာ ဖြစ်၏။ ၎င်း၏ အရင်းခံက ကျီးကင်းထောက်မျိုးနွယ်ဝင်များပင်။ အရေအတွက်က ရာဂဏန်းသာရှိသော်လည်း သူတို့၏ ပြင်းပြသောစိတ်အဟုန်က အဆုံးစွန်အထိ တုန်လှုပ်ဖွယ်ကောင်းသည်။

ဤငှားယူထားသောစွမ်းအားက သူ့ကို အားဖြည့်ပေး‌နေ၍ ယခင်က သူ၏အသက်စွမ်းအားကို စုပ်ယူခဲ့သော သွေးအင်မိုတယ်၏ ဒုတိယနတ်ဘုရားစွမ်းရည်ကို အသုံးပြုနိုင်သွားစေသည်။

မန်ဟို့၏ စိတ်ဝိညာဉ်အာရုံသည်လည်း အလွန်အကျုးမြင့်တက်သွား၏။ သူသည် ၎င်းကို သူ့‌အရှေ့သို့ ဦးတည်ပြီး ဖြန့်ကျက်လိုက်သည်။ ရုတ်တရက် လောလောဆယ်တွင် ပြိုကွဲစပြုနေသော ဧရာမမျက်နှာကြီးသည် ကြည်လင်ပြတ်သားလာပြီဖြစ်သည်။ စောစောက ပိတ်နေခဲ့သော မျက်လုံးများသည် ပါးစပ်နှင့်အတူ ပွင့်လာ၏။

အသံတစ်သံထွက်လာသည့်အလား ထူးဆန်းသောအသံတစ်သံ ပတ်ဝန်းကျင်ရှိလူများ၏ နားထဲ ဝင်ရောက်လာသည်။ မန်ဟို မြေကြီးကို လက်ညှိုးထိုးလိုက်စဉ် လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း တူညီသောအသံကို ကြားလိုက်ရ၏။ လေထုတွင် လှိုင်းများထလာသည်။ ကင်းမြီးကောက်အဖွဲ့၏ အနုသုခုမရုပ်ခန္ဓာအဆင့် နတ်ဆရာကြီး၏မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

မမြင်ရသော အားတစ်ခုက သူ့ကို ဒဏ်ရာအောင် လုပ်နေသကဲ့သို့ သူ့တစ်ကိုယ်လုံး တုန်ရီလာသည်။ သူသည် ချက်ချင်း နောက်ဆုတ်ရန် ပြင်လိုက်သော်လည်း ‌ခြေလှမ်းအနည်းငယ်ထက်ပို၍ မလှမ်းနိုင်ခင် သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သူ့မှာ အမောတကော အသက်ရှူရင်း အကြောက်တရားတို့ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် တုန်ရီအက်ကွဲစွာ ပြောသည်။ "စေတိယမီးတောက် …အရုပ်ကမ္ဘာသစ်မိစ္ဆာတွေပဲ အဲ့ဒီလိုလုပ်နိုင်တာလေ"

နတ်ဆရာကြီးသာ သွေးအန်လိုက်ရခြင်းမဟုတ်။ ကင်းမြီးကောက်အဖွဲ့မှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူကိုးယောက်လုံး ‌သွေးသုံးလုပ် ဆက်တိုက်အန်ရင်း ထိတ်လန့်တုန်လှုပ်နေကြသည်။

မန်ဟိုသည် လေလယ်တွင် ပျံဝဲနေသည်။ သူ၏ရှည်လျားသော ဆံပင်တို့က လေတွင် မျောလွင့်နေပြီး အဝတ်စများက တဖျပ်ဖျပ်လှုပ်ခါနေသည်။ ထူးဆန်းသောအလင်းရောင်တစ်ခုက သူ၏မျက်ဝန်းများတွင် တောက်ပနေ၏။ သူ အသက်တစ်ရှိုက်ရှူလိုက်တိုင်း စိတ်အားထက်သန်နေသော ကျီးကင်းထောက်မျိုးနွယ်ဝင်များ၏ စွမ်းအားများ သူ့ကိုယ်ထဲ စီးဝင်လာသည်ကို ခံစားနေရသည်။

"စေတိယမီးတောက်တဲ့လား ဟမ်.... " မန်ဟိုက ရေရွတ်လိုက်သည်။ သူသည် မျက်စိခဏမှိတ်ပြီးနောက် ပြန်ဖွင့်လိုက်သည်။ ၎င်းတို့သည် မျက်စိကျိန်းလောက်အောင် စူးရဲတောက်ပနေလေပြီ။

"စစ်ပွဲမီးတောက် ပေါင်းစည်းစေ....."

မျက်နှာမဲ့ ၊ စကားတစ်ခွန်း၊ စစ်ပွဲမီးတောက် ပေါင်းစည်းစေ။ ဤသည်မှာ သွေးအင်မိုတယ်နတ်ဘုရားစွမ်းရည်သုံးခုပင်။ စေတိယမီးတောက်စွမ်းအား၏ကျေးဇူးကြောင့် ယခုတွင် မန်ဟိုသည် ... တတိယနတ်ဘုရားစွမ်းရည်၊ စစ်ပွဲမီးတောက်ကို အမှန်တကယ် ထုတ်လွှတ်နိုင်ပြီဖြစ်၏။

***

All Chapters