အရှေ့ဆေးဝါးထာဝရမီးတောက်
Vol. 32 Ch. 448
ဤသွေးအင်မိုတယ်နတ်ဘုရားစွမ်းရည်သုံးခုက အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲများ၏ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်မီးခိုးငွေ့များ ချက်ချင်း ပေါ်ပေါက်လာစေသည်။ ၎င်းတို့သည် သူတို့အား ထိန်းချုပ်နိုင်စွမ်းကင်းမဲ့စေလျက် သူတို့ထံမှ ကောင်းကောင်ယံသို့ တလိပ်လိပ် တက်နေလေသည်။ ဤအခြင်းအရာက သူတို့ကို ကွက်ခနဲ မျက်နှာပျက်သွားစေ၏။
မီးခိုးငွေ့များမှာ တကယ်တမ်း သူတို့၏အသက်စွမ်းအားများ လောင်ကျွမ်းမှုကြောင့် ထွက်လာခြင်းဖြစ်ကြောင်း သဘောပေါက်ရန် တခဏသာ ကြာလိုက်သည်။ သူတို့၏အသက်စွမ်းအားများက လောင်စာဖြစ်ကာ အနက်ရောင်မီးခိုးငွေ့များက ရလဒ်ဖြစ်သည်။
အဆိုပါမြင်ကွင်းက အကြီးအကဲကိုးယောက်ကို ပျာယာခတ်သွားစေ၏။ သူတို့သည် ပညာရပ်များနှင့် နတ်ဘုရားစွမ်းရည်အမျိုးမျိုး ချက်ချင်း အသုံးပြုကြသော်လည်း ထိတ်လန့်ဖွယ်ကောင်းစွာနှင့်..... အသက်စွမ်းအားများ မလောင်ကျွမ်းအောင် လုံးဝတားဆီးနိုင်ခြင်းမရှိပေ။ အနက်ရောင်မီးခိုးအငွေ့များမှာ သူတို့ဆီမှ လှိုင်းလုံးကြီးသဖွယ် တလိပ်လိပ်ထနေဆဲပင်။
အနက်ရောင်အခိုးအငွေ့များအတွင်းတွင် အငွေ့များအား မှင်ကဲ့သို့ နက်မှောင်ပိတ်ပိန်းနေစေသော သေခြင်းအရှိန်အဝါအမြောက်အမြားလည်း သိပ်သည်းနေသည်။ အဝေးမှကြည့်လျှင် ၎င်းသည် စစ်ပွဲမီးတောက်များ ပတ်ဝန်းကျင်တစ်ခွင်၌ အမှန်စင်စစ် လောင်ကျွမ်းနေသည်နှင့်တူ၏။ မြင်ကွင်းကြီးကား အဆုံးစွန်အထိပင် အံ့အားသင့်ဖွယ်ကောင်းလေသည်။
နတ်ဆရာကြီးတွင်ပင် အနက်ရောင်အခိုးများ ထနေသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဆယ်ယောက်လုံး၏ မျက်နှာများမှာ ရှောင်လွှဲမရသော ထူးဆန်းဆန်းကြယ်နတ်ဘုရားစွမ်းရည်ကို ထိတ်လန့်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေပြီ။ ထို့နောက်တွင် မုန်းတီးစက်ဆုပ်မှုတို့က သူတို့မျက်နှာများကို စိုးမိုးသွားပြီး နောက်တစ်ဖန် အသေးစားနေရာရွှေ့ပြောင်းခြင်းသုံး၍ မန်ဟို့ဆီ ချီတက်လာကြသည်။
လူဆယ်ယောက်သည် မတူညီသော အရပ်မျက်နှာဆယ်ခုမှ မန်ဟို့ထံသို့ ချဉ်းကပ်လာကြလေပြီ။
မန်ဟို့က မျက်လုံးမှိတ်လိုက်သည်။ လောင်ကျွမ်းနေသော အနက်ရောင်မီးခိုးငွေ့များအတွင်းမှ ရင်းနှီးနေသော တစ်စုံတရာကို သူသတိပြုမိခဲ့လေသည်။ ကျိုးပြည်၊ တန်မျှော်စင်၏အပေါ်ရှိ ကမ္ဘာထဲကို အမှတ်မထင်ကြည့်မိပြီးနောက် ပြန်လည်မွေးဖွားခြင်းဂူအပြင်တွင် ဆုံတွေ့ခဲ့ရသော အင်မိုတယ်ထံမှ သေခြင်းအရှိန်အဝါ၏ သက်ရောက်ခြင်းခံခဲ့ရတုန်းက အရာမျိုးကို သူမြင်ခဲ့ရသည်။
"အဲ့ဒီနှစ်ခုကြားမှာ နည်းနည်းပါးပါး တူညီတာ ရှိရမယ်.... " အေးစက်သောအလင်းက သူ့မျက်ဝန်းများတွင် ဖျတ်ခနဲလက်သွား၏။ သူသည် လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီးနောက် လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းလိုက်သည်။ စစ်ပွဲမီးတောက်များ ကောင်းကင်ယံသို့ ထိုးတက်သွား၏။ ကျီးကင်းထောက်မျိုးနွယ်စုများမှ စုပ်ယူထားသော စွမ်းအားသည် မျက်နှာဖုံးမှတစ်ဆင့် စီးဆင်းလာကာ မီးတောက်များကို ဟုန်းခနဲ တောက်လောင်သွားစေသဖြင့် လေထဲတွင် တဝုန်းဝုန်း ပေါက်ကွဲသံများ ပြည့်နှက်သွားသည်။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဆယ်ယောက်မှာ ချက်ချင်း သွေးအန်လိုက်ကြရသည်။ သူတို့ မန်ဟို့အနား တိုးကပ်သွားလေလေ၊ အသက်စွမ်းအားများ ကုန်ခမ်းလာလေလေဖြစ်နေ၏။
မန်ဟိုသည် အသက်စွမ်းအားအလုံးစုံကို စုပ်ယူဝါးမြိုပစ်နိုင်သော ဖျက်စီးခြင်းအားတစ်ရပ် ဖြစ်သွားသယောင်ပင်။
ကံဆိုးစွာနှင့် သူတို့အတွက် သူ့ဆီ ဆက်လက်ချီတက်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ နောက်ဆုတ်လို့လည်း မရလေရာ မန်ဟို့ကို သတ်ဖို့ရန်သာ ရှိတော့၏။
သူတို့ မာန်သွင်းဟိန်းဟောက်၍ ချီတက်လာသည့်အချိန်မှာပင် မန်ဟိုက မျက်လုံးပိတ်ပြီး သူ့ကိုယ်အတွင်းရှိ အကန့်အသတ်မဲ့ စေတိယမီးတောက်စွမ်းအားဟုခေါ်သော အရာကို ခံစားလိုက်သည်။ ရုတ်တရက် ဧရာမမျက်နှာကြီးသည် နောက်တစ်ဖန် မှော်ဆန်ဆန် ပေါ်လာပြန်သည်။ သို့သော် .... မတူပေ။ ဤတစ်ခေါက်တွင် ၎င်းသည် မန်ဟို့၏ရုပ်သွင်ကို ဖော်ဆောင်နေလေ၏။
မန်ဟို့ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး မျက်နှာကြီး၏မျက်လုံးများလည်း ထိုနည်းတူပင်။ ၎င်း၏ နှုတ်ခမ်းများ လှုပ်ရှားလာပြီး စစ်ပွဲမီးတောက်များ ပို၍ဟုန်းဟုန်းတောက်တော့မည့်အချိန်တွင် စကားတစ်ခွန်း ပွင့်အံထွက်လာသည်။
"ပြိုကွဲစမ်း"
မန်ဟို့အသံ ကြားလိုက်ရသည့်အခိုက်အတန့်တွင် လေထဲ၌ ထစ်ချုန်းသံများ မြည်ဟည်းလာသည်။ ထိုအချိန်တွင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဆယ်ယောက်ထံမှ တလိပ်လိပ်ထနေသော အနက်ရောင်မီးခိုးငွေ့များကား ကမ္ဘာမြေကြီးကို တသိမ့်သိမ့်တုန်ခါသွားစေသော အသံကြီးဖြင့် ဟုန်းခနဲ ပေါက်ကွဲသွား၏။ ဤသည်မှာ သူတို့၏အသက်စွမ်းအားပေါက်ကွဲခြင်းဖြစ်လေရာ သူတို့အစွမ်းနှင့်သူတို့ ဘေးသင့်သကဲ့သို့ ဖြစ်နေတော့သည်။
တဖျစ်ဖျစ် တဖျောက်ဖျောက် မြည်ဟည်းနေသောအသံများကြားတွင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများမှာ ကြိုးဖြတ်ခံလိုက်ရသော စွန်များပမာ နောက်သို့ ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားကြ၏။ သူတို့သည် မီတာသုံးရာကျော်အထိ တွန်းထုတ်ခံလိုက်ရပြီး ခန္ဓာကိုယ်များမှာ အသက်ပိုကြီးလာကာ အားနည်းချည့်နဲ့ သွားကြသည်။ ယခုတွင် သူတို့၏ အသက်စွမ်းအားများမှာ မှိန်ပျပျသာ ရှိတော့လေပြီ။ သက်တမ်းအားဖြင့်လည်း ထက်ဝက်နီးပါး ဆုံးရှုံးခဲ့ရပြီဖြစ်သည်။
နောက်ဆုံး သူတို့ ရပ်သွားသောအခါ သူတို့မျက်နှာများမှာ မြင်မကောင်း၊ရှုမကောင်းအောင် အရုပ်ဆိုးနေကြ၏။။ ရင်လည်း တဒိန်းဒိန်းခုန်နေပြီး မန်ဟို့အပေါ် ကြောက်ရွံထိတ်လန့်မှုမှာ သူတို့နှလုံးသားထဲ၌ အမြစ်တွယ်နေခဲ့ပြီဖြစ်သည်။ ဤသည်မှာ သူတို့အတွက် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်နေရသည်နှင့်မတူဘဲ.... ကိုးကွယ်ရာ အရုပ်ဘိုးဘေးကြီးအား အံတုဖက်ပြိုင်နေရသကဲ့သို့ပင်။
ထိုမျှသာမက စေတိယမီးတောက်၏စွမ်းအားမှာ မျိုးနွယ်စုအရုပ်များမှလာသော ကျင့်ကြံခြင်းအခြေခံစွမ်းအားနှင့် မတူညီပေ။ မန်ဟို့၏ သွေးအင်မိုတယ်နတ်ဘုရားစွမ်းရည်များနှင့် ပေါင်းစည်းထားသော ဤစွမ်းအားက သူ့ကို အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဆယ်ဦးအား ခြောက်လှန့်နိုင်စေ၏။
နတ်ဆရာကြီးမှာမူ ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူသည် အခြားကိုးဦးထက် သိသိသာသာ အစွမ်းထက်ပါသော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့လေသည်။
အကုန်လုံး စိတ်ထဲတွင် လုံးလုံးလျားလျား တုန်လှုပ်နေကြလေပြီ။
မန်ဟိုက စိတ်ပျက်ပျက်နှင့် သက်ပြင်းချလိုက်သည်။ ယခုလေးတင် သူ့မှာ စေတိယမီးတောက်စွမ်းအားအလုံးစုံဖြင့် တိုက်ခိုက်ခဲ့၏။ ထိုသည်ကပင် သူ၏ရန်သူများကို ထိခိုက်ဒဏ်ရာရစေရုံသာ တတ်နိုင်လေသည်။
ဤလူများမှာ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲများ ဖြစ်သည်မဟုတ်ပါလော။ တစ်ယောက်၊နှစ်ယောက်သာရှိလျှင်တော့ ငှားယူထားသောစွမ်းအားဖြင့် သတ်ဖြတ်နိုင်သည်ဟု မန်ဟို ယုံကြည်ချက်ရှိသည်။
သို့သော် သူတို့အားလုံး လွင့်ထွက်နေရာမှ ရပ်သွားသည်နှင့်တစ်ပြိုင်နက် သူတို့မျက်လုံးများထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒများမှာ ပို၍ပင်အားကောင်းလာသည်။ သူတို့က နောက်တစ်ဖန် ချဉ်းကပ်လာကြပြန်၏။
ဤအခိုက်အတန့်တွင် အပေါ်ရှိ အရုပ်ဘိုးဘေးကြီးများ၏ တိုက်ပွဲမြင်ကွင်းကို ကာဆီးနေသော ပုံပျက်ရှုံ့တွနေသည့် လှိုင်းတွန့်များအတွင်းမှ ဧရာမမီးပင်လယ်ကြီးတစ်စင်း ထွက်လာသည်။ ၎င်းသည် ကောင်းကင်တစ်ခြမ်းကို ဖုံးလွှမ်းသွားသည့်တိုင်အောင် ပြန့်ကားလာ၏။ မီးတောက်များက အောက်ဘက်စစ်မြေပြင်ပေါ်ရှိ လူတိုင်း၏မျက်နှာများကို မီးရောင်ဟပ်ကာ အံ့ဩတုန်လှုပ်သွားစေသည်။
အံ့ဩဖွယ်ကောင်းစွာနှင့် မီးတောက်များအတွင်း၊ လေလယ်တွင် လဲလျောင်းနေသော ပုံရိပ်တစ်ခုကို မြင်နိုင်၏။ ရွှေရောင်အလင်း တောက်နေပြီး အတွင်းထဲ၌ မည်သည့်အရာရှိသည်လဲ မမြင်ရသည့်တိုင် မှေးမှိန်လာနေသည်ကတော့ သိသာလေသည်။
ထိုရွှေရောင်အလင်းမှာ ကျီးစစ်သည်မျိုးနွယ်စု၏ သတ္တုအမျိုးအစား အရုပ်ဘိုးဘေးကြီးဖြစ်သည်။ မီးပင်လယ်ကတော့ ကျီးမီးတောက်မျိူးနွယ်စု၏ မီးအမျိုးအစား အရုပ်ဘိုးဘေးကြီးပင်။ စစ်မြေပြင်ရှိ လူတိုင်းအတွက် ခေါင်းအထက်ကမြင်ကွင်းကို မော့မကြည့်မိရန် မဖြစ်နိုင်ပေ။
ရှေးဆန်သော အသံကြီးတစ်သံ အပေါ်ထက်မှ ရုတ်တရက် ပဲ့တင်ထပ်လာသည်။ "သင်တို့ကျီးနတ်မင်းမျိုးနွယ်စုကို ငါ ဆက်ပြီး မကာကွယ်နိုင်တော့ဘူး။ ဒါပေမဲ့ မီးတောက်အရုပ်နဲ့ ငါ .... သင်တို့အခြေအနေကောင်းတဲ့အထိ တိုက်ခိုက်ပေးမယ်။ ဒါကြောင့် ငါတို့ရဲ့ ကံကြွေးနှစ်တစ်သောင်းကို မလွဲမသွေ စွန့်လွှတ်ရတော့မှာ ဖြစ်တယ်။ သင်တို့.... ဘေးအန္တရာယ်ကင်းရှင်းပြီး အေးချမ်းပါစေလို့ ငါတို့ ဆုတောင်းပေးခဲ့ပါတယ်"
မီးပင်လယ်ကြီးသည် လျင်မြန်စွာ ကျုံ့လာ၏။ ၎င်းက ရွှေရောင်အလင်းဆီသို့ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ဦးတည်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ရွှေရောင်အလင်းကို ခြံရံရစ်ပတ်ကာ ဧရာမနေဝန်းကြီးဖြစ်လာသည်။
သေခြင်းအရှိန်အဝါက နေဝန်းကြီးအတွင်းတွင် ဖြစ်တည်လာ၏။ အောက်ဘက်မြေပြင်ပေါ်တွင် ကျီးစစ်သည်မျိုးနွယ်ဝင်များနှင့် ကျီးမီးတောက်မျိုးနွယ်ဝင်များ တဆတ်ဆတ်တုန်နေကြလေပြီ။ သူတို့အရုပ်များမှာ လျင်မြန်စွာ မှေးမှိန်ပျောက်ကွယ်လာနေပြီဖြစ်သည်။ ပြင်းပြသော ပူဆွေးသောကနှင့် ဝမ်းနည်းမှုတို့သည် သူတို့၏နှလုံးသားအတွင်း၌ ပြည့်ကြပ်လာ၏။
"ဘိုးဘေးကြီး"
"ဘိုးဘေးကြီး"
စိတ်နှလုံးကြေကွဲဖွယ် အော်ဟစ်ငိုယိုသံများ ကောင်းကင်ယံအထိ ရိုက်ခတ်လာသည်။ ကံဆိုးစွာနှင့် သတ္တုအမျိုးအစား အရုပ်သော်လည်းကောင်း၊ မီးအမျိုးအစားအရုပ်သော်လည်းကောင်း ထိုအသံတို့ကို ကြားနိုင်စွမ်းမရှိတော့ပေ။
မျိုးနွယ်စုငါးစုဝင်များ ယူကျုံးမရ ငိုယိုနေကြသည့်အချိန်မှာပင် ရွှေအလင်းရောင်နှင့် မီးတောက်များသည် နေဝန်းကြီးအတွင်း၌ ပေါင်းစည်းသွား၏။ မကြာမီ ၎င်း၏သက်ဝင်လှုပ်ရှားနေသော အလင်းရောင်က အရာခပ်သိမ်းကို ထိန်ထိန်ညီး နေစေတော့သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ဧရာမနေဝန်းကြီးအတွင်းတွင် .... ရွှေကျီးကန်းတစ်ကောင်ကို မြင်သည်ဆိုရုံလေး မြင်လိုက်ရသည်။
ရွှေကျီးကန်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ သူသည် ၎င်းအပေါ်တွင် ရင်းနှီးသောအရှိန်အဝါတစ်ခုကို ခံစားနေရသော်လည်း အများစုက အစိမ်းသက်သက်ဖြစ်သည်။
"သူ မဟုတ်ဘူး" သူက သက်ပြင်းမျှင်းမျှင်းချရင်း ရေရွတ်လိုက်သည်။ "ကမ္ဘာထဲမှာ ကျန်ရှိခဲ့တဲ့ အသိစိတ်မျှင်သေးသေးလေးတစ်ခုပဲ။ ရွှေနဲ့မီးက အသွင်ပြောင်းဖို့ သူတို့ဘဝကို အဆုံးသတ်လိုက်တာကိုး"
ရွှေကျီးကန်းသည် နေဝန်းအတွင်းမှ ပျံထွက်လာစဥ် ခေါင်းမော့၍ အာလိုက်သည်။ ၎င်းက ပင့်ကူကြီးနှင့် ကင်းမြီးကောက်ကြီးဆီ ချဉ်းကပ်သွားရာ ၎င်းတို့ကလည်း ရွှေကျီးကန်းကို ဖျက်စီးရန် ပြေးဝင်လာ၏။
အရုပ်ဘိုးဘေးများတိုက်ပွဲမှာ ကျင့်ကြံသူများ ဝင်ရောက်စွက်ဖက်နိုင်သည့် အရာမဟုတ်ပေ။ သူတို့သုံးယောက် ဝင်တိုက်သွားသည်နှင့် ရွှေကျီးကန်း၏ ခန္ဓာကိုယ်က မီးဟုန်းခနဲ တောက်သွားလေသည်။ ရွှေရောင်အလင်းနှင့် မီးတောက်များ ဖြာထွက်ပြန့်ကားလာသည်။ ရွှေကျီးကန်းကြီးသည် စတင်ကြီးမားလာပြီး မျက်စိတစ်မှိတ်အတွင်း မီတာသုံးရာ ... မီတာသုံးထောင်... မီတာသုံးသောင်းဖြစ်သွားလေပြီ။
၎င်းသည် ပင့်ကူကြီးနှင့် ကင်းမြီးကောက်ကြီးကို ပြေးပေါက်မရှိအောင် လွှမ်းခြုံရင်း ကောင်းကင်ကို စိုးမိုး၍ မြေပြင်ကို ဖုံးလွှမ်းလာသည်။
"အရုပ်အပေါင်းတို့၊ ငါ ကျီးနတ်မင်းရဲ့ စွမ်းအားအကြွင်းအကျန်ကို ဆင့်ခေါ်ပြီး သင်တို့နဲ့ သင်တို့ရဲ့ အရုပ်စွမ်းအားကို ချိတ်ပိတ်တယ်။ အဆိပ်ငါးသွယ်မျိုးနွယ်စုရဲ့ အရုပ်မိစ္ဆာတို့ ချိတ်ပိတ်ကြစေ" ရှေးဆန်သောအသံကြီးမှာ နောက်ဆုံးကျန်ရှိသည့်အားနှင့် စကားပြောနေရသဖြင့် အားနည်းနေသည်။ ဧရာမရွှေကျီးကန်းကြီးသည် ယခုတွင် ပင့်ကူကြီးနှင့် ကင်းမြီးကောက်ကြီးကို အပြည့်အဝလွှမ်းခြုံလိုက်ပြီဖြစ်သည်။ ၎င်းကား ပူဖောင်းကြီးကဲ့သို့ ရွှေရောင်အကာအကွယ်ကြီးတစ်ခုအသွင်ပြောင်းသွား၏။ အတွင်းတွင် ပိတ်လှောင်ခံထားရသော ပင့်ကူကြီးနှင့် ကင်းမြီးကောက်ကြီးမှာ ဗျာများနေပြီး သွေးရူးသွေးတန်းတိုက်ခိုက်ရင်း လွတ်မြောက်အောင် ကြိုးစားနေကြသည်။
"ချိတ်ပိတ်လိုက်" ဧရာမပူဖောင်းကြီးမှာ မီးတောက်မီးလျှံများ တလက်လက် တောက်ပလျက် ပင့်ကူကြီးနှင့် ကင်းမြီးကောက်ကြီးနှင့်အတူ အဝေးသို့ ထွက်သွားသည်။ ၎င်းက အဖွဲ့နှစ်ဖွဲ့၏ ကိုးကွယ်ရာဘိုးဘေးကြီးများကို သယ်ဆောင်ရင်း တောင်တန်းများ၏အလွန်သို့ ပျံထွက်သွားသဖြင့် စောင့်ကြည့်နေသူများမှာ အသက်မနည်းရှူနေရတော့သည်။
၎င်း၏ ဦးတည်ရာလား။ အခြားအရုပ်ဘိုးဘေးကြီးသုံးရုပ်ကို နှောင့်ယှက်ရန် ၎င်း၏နောက်ဆုံးလက်ကျန် စွမ်းအားကို အသုံးပြုမည့် အဆိပ်ငါးသွယ်မျိုးနွယ်စုတည်ရှိရာ သွေးစွန့်မြေသို့ဖြစ်သည်။
ဤသည်မှာ ကျီးနတ်မင်းအရုပ်ကြီးများ၏ နောက်ဆုံးပေးဆပ်မှု၊ မျိုးနွယ်ငါးစုဝင်များအတွက် နောက်ဆုံး ကာကွယ်ပေးခြင်းဖြစ်လေသည်။
ဤချိတ်ပိတ်မှုသည် နှစ်ခြောက်ဆယ်စက်ဝန်းတစ်ဝက် ကြာမြင့်ပေလိမ့်မည်။ သူတို့မှာ ဤချိတ်တံဆိပ်ကို ဖန်တီးရန် ကိုယ်ပိုင်အသက်စွမ်းအားများကို လောင်ကျွမ်းပစ်ခဲ့ရသည်။ သို့သော် သူတို့၏သေဆုံးမှုနှင့် ဤမျှ မယုံကြည်နိုင်ဖွယ် စွမ်းအားကို ထုတ်လွှတ်ခဲ့သော အသက်စွမ်းအားလောင်ကျွမ်းမှုက နှစ်ခြောက်ဆယ်စက်ဝန်းတစ်ဝက် တည်ရှိမည့် ရွှေကျီးကန်း၏ စိတ်ဆန္ဒမျှင်ကို ဆွဲဆောင်ခဲ့လေသည်။
အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ကျန်အဖွဲ့သုံးဖွဲ့မှာ အခြားအရုပ်နှစ်ခုကဲ့သို့ တူညီသော ကံကြမ္မာကို ကြုံတွေ့ရမည်ဖြစ်သည်။ အဆိပ်ငါးသွယ်မျိုးနွယ်စု နောက်တစ်ဖွဲ့ စေလွှတ်လျှင်တောင်မှ သူတို့၏အရုပ်ဘိုးဘေးကြီးများ၏အင်အားကို အသုံးပြုနိုင်တော့မည်မဟုတ်ပေ။
ကျောက်ယူလန် သွေးတစ်ပွက်အန်လိုက်ရသည်။ သူမသာမဟုတ်။ ပင့်ကူအဖွဲ့မှ အသက်ရှင်ကျန်ခဲ့သော ကျင့်ကြံသူများအားလုံးလည်း ကျင့်ကြံခြင်းအခြေခံတစ်ဆင့်လုံး ချက်ချင်း ကျသွားသဖြင့် ထိုနည်းတူပင်။
ဘိုးဘေးကြီးများ ချိတ်ပိတ်ခံလိုက်ရသောအခါ သူတို့၏အရှိန်အဝါများသည်လည်း သေဆုံးသွားသကဲ့သို့ ချိတ်ပိတ်ခံလိုက်ရ၍ မည်သည့်စွမ်းအားကိုမှ မအပ်နှင်းနိုင်တော့ပေ။ ထို့ကြောင့် ယခုကဲ့သို့ ကျင့်ကြံခြင်းအခြေခံကျဆင်းခြင်းဖြစ်၏။
ကျောက်ချွန်းမုလည်း ကျန်ရှိသော ကင်းမြီးကောက်မျိုးနွယ်ဝင်များနည်းတူ သွေးအန်လိုက်ရသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများ ကျဆင်းသွားသဖြင့် သူတို့၏အမူအရာများမှာ အံ့ဩသွားသည့်ပုံစံများ ဖြစ်လာသည်။
မန်ဟိုနှင့် ရင်ဆိုင်နေသည့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဆယ်ယောက် မျက်စိမျက်နှာပျက်သွား၏။ သူတို့၏ကျင့်ကြံခြင်းအခြေခံများ အားနည်းပြီး ကျဆင်းလာဖြင့် သူတို့ အသက်ရှူသံများ မြန်ဆန်လာသည်။ မကြာမီအချိန်အတောအတွင်း သူတို့အနေဖြင့် အနုသုခုမရုပ်ခန္ဓာအဆင့်ဖြစ်တော့မည် မဟုတ်ပေ။
ထိုသည်က အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ သူမတူသောအချက်တစ်ချက်ပင်။ သူတို့သည် အရုပ်များ၏စွမ်းအားကို ငှားယူနိုင်သော်လည်း ကိုးကွယ်ရာ အရုပ်ဘိုးဘေးကြီးသေဆုံးလျှင် အရုပ်ဆေးမင်ကြောင်ကို ဆုံးရှုံးကာ ကျင့်ကြံခြင်းအခြေခံကျဆင်းသွားမည်ဖြစ်သည်။ ဆန့်ကျင်ဘက်ဆိုရလျှင် တောင်ပိုင်းဒေသကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအခြေခံမှာ မိမိကိုယ်ပိုင်သာဖြစ်၏။ ထို့ကြောင့် ကျင့်ကြံအားထုတ်ရခြင်းမှာ အနောက်ပိုင်းသဲကန္တာရတွင် အများကြီးပိုခက်ခြင်းပင်။
မှန်ပါသည်၊ ကျီးနတ်မင်းမျိုးနွယ်စုသည်လည်း သတ္တုအမျိုးအစားနှင့် မီးအမျိုးအစားအရုပ်များ သေဆုံးမှုကြောင့် တူညီသောအခြေအနေကို ကြုံတွေ့နေရသည်။ ကျီးစစ်သည်မျိုးနွယ်စုဝင်များ၏ အရုပ်ဆေးမင်ကြောင်များမှာ စတင်ပျောက်ကွယ်နေလေပြီ။ သို့သော် သူတို့၏ကျင့်ကြံခြင်းအခြေခံများ ကျဆင်းလာသည့်အခိုက်အတန့်မှာပင် မန်ဟို့ထံမှ ရွှေရောင်အလင်းဖြာထွက်လာသည်။
ယခင်မျိုးဆက်သေဆုံးသွားသောကြောင့် မျိုးဆက်အသစ်တစ်ဆက် အစားထိုးဝင်ရောက်လာသည့်အလားပင်။ ရွှေရောင်အလင်းက သူ့ရင်ဘတ်ပေါ်တွင် ရှိသော 'သတ္တု'(金)ဆိုသည့် ရှေးဟောင်းစာလုံးအရုပ်ဆေးမင်ကြောင်မှ ဖြာထွက်လာလေသည်။
အလင်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျီးစစ်သည်မျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ်များ တုန်ခါလာ၏။ သူတို့၏ ယခင် သတ္တုအမျိုးအစားအရုပ်ဆေးမင်ကြောင်များ ပျောက်ကွယ်နေသော်လည်း အသစ်တစ်ခု ပေါ်လာလေပြီ။ ၎င်းသည် ယခင်အရုပ်များနှင့်မတူဘဲ မန်ဟို့အရုပ်ဆေးမင်ကြောင်နှင့် မည်သည့်နေရာကကြည့်ကြည့် တူနေ၏။ ဤသည်ကား သတ္တုဆိုသည့် ရှေးဟောင်းစာလုံးဖြစ်သည်။
ချက်ချင်းပင် အကန့်အသတ်မဲ့သော စေတိယမီးတောက်စွမ်းအားသည် ကျီးစစ်သည်မျိုးနွယ်ဝင်များထံမှာ ပေါက်ကွဲထွက်ပြီး မန်ဟို့ဆီ ဦးတည်လာကြသည်။ ၎င်းသည် သူ၏ရွှေခန္ဓာကိုယ်ကို လွှမ်းခြုံသွားရာ သူ၏အရှိန်အဝါကို ပို၍ပင် မြင့်တက်သွားစေသည်။
သူ၏ဆံပင်များကား တလွင့်လွင့်ဖြစ်နေပြီး စူးရှတောက်ပသော အစိမ်းရောင်နှင့် ရွှေရောင်အလင်းများသည် သူ့ကို ဝန်းရံလှည့်ပတ်နေ၏။ သူ့အရှေ့တွင် စာလုံးအကြီးကြီးနှစ်လုံးပေါ်လာသည်။ သတ္တုနှင့် သစ်သား။ ၎င်းတို့က အံ့ဩတုန်လှုပ်ဖွယ်စွမ်းအားကို ထုတ်လွှတ်နေ၏။
ကျီးစစ်သည်မျိုးနွယ်ဝင်များက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလျက် လက်ယှက်ပြီး မန်ဟို့ကို လေးလေးနက်နက် အရိုအသေပေးလိုက်ကြသည်။ သူတို့၏ ဟိန်းဟောက်တိုင်တည်သံများက လေတွင် သောင်းသောင်းသဲသဲ မြည်ဟည်းသွား၏။
"ဘိုးဘေးကြီး"
"ဘိုးဘေးကြီးကို ဂါဝရပြုပါတယ်"
မန်ဟို့၏ သစ်သားနှင့် သတ္တုအမျိုးအစားစွမ်းအားများ ခမ်းနားကြီးကျယ်စွာ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် .... သူ့ပတ်ပတ်လည်ရှိ စေတိယမီးတောက်စွမ်းအားသည် ပိုမိုသိပ်သည်းလာပြီး ရုတ်တရက်... မီးတောက်တစ်ခု သူ့ကိုယ်တွင်းတွင် ပေါ်လာ၏။
ဤသည်မှာ စေတိယမီးတောက်မဟုတ်။ သူ့ကိုယ်တွင်းတွင် တစ်ချိန်လုံးတည်ရှိနေခဲ့သည့် .... အရှေ့ဆေးဝါးထာဝရမီးတောက်ပင်။
***