← Chapters

အနုသုခုမရုပ်ခန္ဓာအား သတ်ဖြတ်ခြင်း

Vol. 32 Ch. 449

အနုသုခုမရုပ်ခန္ဓာအား သတ်ဖြတ်ခြင်း

Vol. 32 Ch. 449

အရှေ့ဆေးဝါးထာဝရမီးတောက်သည် မန်ဟို့၏ကိုယ်ထဲ၌ တစ်လျှောက်လုံး ရှိနေခဲ့ခြင်းဖြစ်၏။ ၎င်းမှာ ဆေးဖော်စပ်ရာတွင် အသုံးပြုဖို့အတွက် သူ့ဆရာ‌လက်ဆောင်ပေးခဲ့သော မီးတောက်တစ်ခုပင်။ သူသည် ထိုနှစ်က မီးတောက်ကို အချိန်ပေးလေ့လာခဲ့ပြီးနောက်ဆုံးတွင် မီး‌တောက်ကို သူ၏အမြုတေနှင့် ပေါင်းစည်းခဲ့သည်။ မီးစာအပြည့်အဝ ကျွေးပြီးနောက်တွင် ၎င်းကား သူ့ကိုယ်တွင်း၌ ထာဝရတောက်လောင်နေမည့် မီးတောက်ဖြစ်လာခဲ့၏။

‌ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာလမ်းစဉ်ကို လျှောက်လှမ်းရန် ဆုံးဖြတ်ပြီးသွားသောအခါတွင် ထာဝရမီးတောက်နှင့် မသက်ဆိုင်တော့သလို ဖြစ်ခဲ့သည်။ မန်ဟိုလည်း ထိုအကြောင်း ထွေထွေထူးထူး စဉ်းစားမနေခဲ့ပေ။ သူသည် ဓာတ်ငါးပါး‌လမ်းစဉ်နောက်လိုက်ရင်း မတူကွဲပြားသောအရုပ်များ ရှာရမည်ထင်ခဲ့၏။ သို့သော် .... မျက်စိတစ်မှိတ်အတွင်း ဤမီးတောက်က ရုတ်တရက် ဟုန်းခနဲ တောက်လာရာ မန်ဟို့ကို လုံးလုံးလျားလျား စိတ်လှုပ်ရှားသွားစေတော့သည်။

သူအမှားလုပ်ခဲ့မိကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။ ငါးရောင်ခြယ်လမ်းစဉ်နှင့် ဓာတ်ငါးပါးဟု မှတ်ယူနိုင်သည့်အရာများမှာ အရုပ်များသာ ဖြစ်ရမည်ဟူ၍ ကန့်သတ်ထားခြင်းမရှိပေ။ ကောင်းကင်နှင့်‌‌‌‌ ‌‌‌မြေကြီးရှိ မည်သည့်အရာမဆို ‌ငါးရောင်ခြယ်လမ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်လေသည်။

ထာဝရမီးတောက်သည် စေတိယမီးတောက်၏ ဆွဲဆောင်ခြင်းခံခဲ့ရပြီး သူ၏ သတ္တုနှင့် သစ်သားအရုပ်များကြောင့် အရပ်မျက်နှာတစ်ခွင်တွင် လောင်ကျွမ်းတောက်‌လောင်နေ၏။ ၎င်းသည် မန်ဟို့ပတ်ပတ်လည်တွင် တဟုန်းဟုန်းတောက်ကာ လေထုအား အရည်ပျော်နေစေသည်။

ရုတ်တရက် မီးဆိုသည့် စာလုံး သူ၏ ဒန်တျန်နား၌ ပေါ်လာသည်။ ၎င်း ပေါ်လာသည့်အခိုက်အတန့်တွင် မီးတောက်မီးညွန့်များက ကောင်းကင်ယံထိတိုင် ထိုးတက်သွား၏။ ရုတ်တရက် သူ၏သိုလှောင်အိတ်ထဲမှ ကျီးနတ်မင်းမျိုးနွယ်စုငါးစု သူ့ကို ပေးထားသော မီးအမျိုးအစားသန္ဓေ ပျံထွက်လာသည်။ သေးငယ်သောမီးညွန့်လေးသည် ယခုတွင် တစ်ဝက်ကျော် လုံးပါးပါးသွားခဲ့ပြီဖြစ်သည်။ မန်ဟိုက ထာဝရမီးတောက်အား သ‌န္ဓေသေးသေးလေးကို လွှမ်းခြုံ၍ ၎င်းနှင့်သဟဇာတဖြစ်သည့်တိုင်အောင် ‌လည်စေလိုက်သည်။

မန်ဟို မီးအရုပ်သန္ဓေကို စုပ်ယူလိုက်သည့် အချိန်တွင် ကျီးမီးတောက်မျိုးနွယ်ဝင်များအားလုံး သူ့ကို တုန်ယင်စွာဖြင့် ကြည့်နေကြသည်။

စောစောက သူတို့၏ခန္ဓာကိုယ်များမှ ပျောက်ကွယ်နေခဲ့သော မီးအရုပ်ဆေးမင်ကြောင်များ ရုတ်ခြည်း ပြောင်းလဲလာ၏။ ယခုတွင် ၎င်းတို့သည် မန်ဟို့၏ မီးစာလုံးနှင့် တစ်ထပ်တည်းတူသွားလေပြီ။

ချက်ချင်းပင် သူတို့၏ခန္ဓာကိုယ်များမှ စေတိယမီးတောက်စွမ်းအားတို့ မန်ဟို့ဆီ ပြေးထွက်သွားကြသည်။

ကျီး‌မီးတောက်မျိုးနွယ်ဝင်များမှာ စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေကြသည်။ သူတို့ ဒူးထောက်၍ မန်ဟို့ကို အရိုအသေပေးလိုက်စဉ် သူတို့၏အသံများက တစ်ခဲနက် မြည်ဟည်းသွာလေ၏။

"ဘိုးဘေးကြီး"

"ဘိုးဘေးကြီးကို အရိုအသေပေးပါတယ်"

မန်ဟို့တစ်ကိုယ်လုံးမှာ ဟိန်းဟောက်သံများဖြင့် ပြည့်နေသည်။ သူ‌ လေလယ်တွင် ‌ပျံဝဲနေစဉ် သူ၏အရှိန်အဝါကား အံမခန်းလိလိပင်။ ကျီးကင်းထောက်၊ ကျီးစစ်သည်နှင့် ကျီးမီးတောက်မျိုးနွယ်စုများ၏ အဖွဲ့ဝင်တစ်ထောင်ကျော်ထံမှ ‌စေတိယမီးတောက်စွမ်းအားများသည် အတူတကွ စုဆုံပေါင်းစည်းကာ မန်ဟို့၏ မီးအမျိုးအစားအရုပ်ဆေးမင်ကြောင်‌ဆီသို့ ပြေးဝင်လာကြသည်။

ရှေးကျသော မီးစာလုံး(火)မှာ ပို၍ပင် ထင်ရှားပြတ်သားလာ၏။ အသက်ရှိုက်စာအနည်းငယ်အတွင်း ၄င်းသည် စူးရှတောက်ပလာပြီး မန်ဟို့ကို ဝန်းရံသွားသော မီးပင်လယ်တစ်စင်းအား ထုတ်လွှတ်လိုက်သည်။

မန်ဟို၏ အရှိန်အဝါသည် နောက်တစ်ဖန် မြင့်သွန်းသွားပြန်လေပြီ။ စာလုံးသုံးလုံးသည် သူ့ကို ဝန်းရံလှည့်ပတ်နေ၏။ သတ္တု၊ သစ်သား ၊ မီး။ စူးရှတောက်ပသော အလင်းရောင်များ ထုတ်လွှတ်နေသည့် အရုပ်သုံးရုပ်။ မီးအမျိုးအစားအရုပ်မှ အလင်းရောင်သို့ ဖြာထွက်သည့်အခိုက်အတန့်တွင် မန်ဟို့၏ ကျင့်ကြံခြင်းအ‌‌ခြေခံသည် ဝုန်းဒိုင်းကြဲ ထိုးတက်သွား၏။

ဤသို့ဖြစ်ပျက်သွားစဉ် မန်ဟို့အရှေ့ရှိ မြင်ကွင်းသည် စတင်ဝေဝါးလာ၏။ ‌သို့သော် ဝေဝါးမှု ပျောက်ကွယ်သွားရန် တခဏသာကြာလိုက်သည်။ ရုတ်တရက် သူ့ပတ်ပတ်လည်ရှိ ကမ္ဘာကြီးသည် အလင်းတန်းများ၊ လျှပ်စီးမီးပွားများကဲ့သို့ အစက်အပြောက်များဖြင့် ပြည့်နှက်သွားသည်ကို မန်ဟို ရုတ်တရက် သတိပြုမိလိုက်သည်။ သူသာ ဆန္ဒရှိလျှင် ဤတောက်ပနေသာ အစက်တစ်စက်၌ သူ့ကိုယ်သူပေါ်လာအောင် လုပ်နိုင်နေသယောင်ပင်။

"အသေးစားနေရာရွှေ့ပြောင်းခြင်း..." မန်ဟိုမှာ တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ဘေးဘီဝဲယာကို ကြည့်ရင်း ‌ချာချာလည်သွားသည်။ စိတ်လှုပ်ရှားမှုတို့က သူ့နှလုံးသားတွင် ပြည့်ကြပ်နေသဖြင့် သူက အသက်ပြ့င်းပြင်းရှူသွင်းလိုက်သည်။ သူသည် ယခုချက်ချင်း မစမ်းကြည့်သော်လည်း သူဆန္ဒရှိလျှင် လေထုနှင့်ပေါင်းစည်းနိုင်ကြောင်း သူသိသည်။ ယခု အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများသာ အသုံးပြုနိုင်သော နတ်ဘုရားစွမ်းရည်... အသေးစားနေရာရွှေ့ပြောင်းခြင်းကို သူပိုင်ဆိုင်သွားလေပြီ။

ဤ‌နတ်ဘုရားစွမ်းရည်ဖြင့် သူ၏အသက်စွမ်းအားကို ထိထိရောက်ရောက် မြှင့်တင်နိုင်၏။ အစွမ်းထက်သော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ ရှောင်တိမ်းရန် ဤနတ်ဘုရားစွမ်းရည်ကို အားထားနိုင်ပြီဖြစ်သည်။

"ငါးရောင်ခြည်အနုသုခုမရုပ်ခန္ဓာလမ်းစဉ်ကို လျှောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာ မှန်ကန်ခဲ့တာပဲ။ ဒီလမ်းစဉ်က ငါ့ရဲ့ကိုယ်ပိုင်တာအိုကို ထု‌ဆစ်ပုံဖော်ခွင့်ပေးလိမ့်မယ်" သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏မျက်ဝန်းများ၌ ယုံကြည်ရှိသော အလင်းရောင်ဖြင့် ပြည့်နှက်သွားသည်။

ကျင့်ကြံသူများ ကျင့်ကြံသည့်အရာကား ... ယုံကြည်ချက်ပင်။

မန်ဟိုသည် သူ့ကို လှည့်ပတ်နေသော အရုပ်သုံးရုပ်၏စွမ်းအားကို အာရုံရလိုက်သဖြင့် အသက်ပြင်းပြင်းရှူလိုက်သည်။ သူက ညာလက်ကို မြှောက်ပြီး ရှေ့သို့ ဝှေ့ယမ်းလိုက်ရာ မီးပင်လယ်ကြီးကို ပြန့်ကားသွားစေ၏။ သစ်သားဓာတ်စွမ်းအားကို ၎င်းအတွင်းသို့ ထည့်သွင်းကာ ... မီးညွန့်များအား ပို၍ပင် မြင့်မားသွားစေသည်။ ၎င်း ထိလိုက်သော မည်သည့်ကင်းမြီးကောက်အဖွဲ့ကျင့်ကြံသူမ‌ဆို သွေးပျက်မတတ် အော်ဟစ်ကာ ကြောက်လန့်တကြား နောက်ဆုတ်သွားကြ၏။

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဆယ်ယောက်မှာမူ ထွက်ပြေးသွားတာ ကြာလေပြီ။ သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ မတည်ငြိမ်ဖြစ်နေ၍ စွမ်းအားအထိပ်အထိသို့ရောက်နေသည့် မန်ဟို့ကို မတိုက်ခိုက်ရဲကြပေ။

မန်ဟို့ ဘယ်လက်က မုဒြာလက်ကွက်ဖော်ပြီး လက်ညှိုးထိုးလိုက်ရာ သတ္တုဓာတ်စွမ်းအားဖြင့် မီးတောက်များကို လောင်စာ‌ဖြည့်လိုက်သည်။ ၎င်းတို့သည် အတူတကွ စုပေါင်းပြီး ရွှေရောင်အရည်များဖြင့် ပြည့်နှက်လာသည်။ အဆိုပါအရည်များက ရွှေမိုးသဖွယ် ရွာကျလာ၏။ ၎င်းသွားသည့်နေရာတိုင်း သတ္တုစိတ်ဆန္ဒက လိုက်ပါလာသည်။

ဤနတ်ဘုရားစွမ်းရည်များ ပေါ်ပေါက်လာခြင်းက စစ်ပွဲ၏အခြေအနေကို ချက်ချင်း ပြောင်းလဲပစ်လိုက်သည်။ ကင်းမြီးကောက်အဖွဲ့ကျင့်ကြံသူ သုံး‌ထောင်ကျော်ရှိသော်လည်း သူတို့၏နှလုံးသားများမှာ အကြောက်တရားတို့ ကိန်းအောင်းနေလေပြီ။ သူတို့အရှေ့က ပင့်ကူအဖွဲ့ကျင့်ကြံသူများနည်းတူ ရုတ်တရက်ကြီး တိုက်ခိုက်လိုစိတ်များ ကုန်ခမ်းသွားတော့၏။

ဤအချိန်တွင် ကျီးကင်းထောက်၊ ကျီးစစ်သည်နှင့် ကျီးမီးတောက်မျိုးနွယ်ဝင်များသာ မန်ဟို့ကို ဒူးထောက်အရိုအသေပေးနေကြခြင်းမဟုတ်။ ကျီးနတ်မင်းမျိုးနွယ်စုငါးစုအနက် ကျန်နှစ်စုသည်လည်း ဖြစ်ပျက်နေသည့်အရာများကို တွေ့မြင်နေရ၍ မန်ဟို့ကို လေးလေးနက်နက် အသိအမှတ်ပြုမိကြသည်။ သူတို့လည်း သူ့ဘက်လှည့်၍ ဒူးထောက်အရိုအသေပေးကြလေသည်။

ကျီးစစ်သည်မျိုးနွယ်စု ခေါင်းကိုင်ဖခင်နှင့် ကျန်ရစ်သော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအားလုံးသည် မန်ဟို့ကို လေးလေးစားစား စိုက်ကြည့်နေကြ၏။ သူတို့အနေဖြင့် သိပ်များများစားစား မတွေးလိုပေ။ လောလောဆယ်တွင် သူတို့သည် ကျင့်ကြံခြင်းအ‌ခြေခံများကို အနုသုခုမရုပ်ခန္ဓာအဆင့်တွင် ထိန်းထားနိုင်ကြသော်လည်း တကယ်တော့ စစ်ပွဲပြီးဆုံးသည်နှင့် သူတို့ထဲမှ သုံးယောက်သာလျှင် ဆက်လက်ထိန်းထားနိုင်မည် ဖြစ်သည်။ အမှောင်ကျီးနှင့် ကျီးသူရဲကောင်းမျိုးနွယ်စု အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအခြေခံများမှာ မကြာမီ ကျဆင်းကာ အနုသုခုမရုပ်ခန္ဓာအဆင့်ဖြစ်တော့မည်မဟုတ်ပေ။

"ဘိုးဘေးကြီးတဲ့လား..." ကျောက်ယူလန်က ဖီးနစ်မျက်ဝန်းလေးများဖြင့် တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ‌မဘေးရှိ ကျောက်ချွန်းမု၏မျက်နှာမှာ ဖြူ‌ဖပ်နေပြီး အဆိပ်ငါးသွယ်မျိုးနွယ်ဝင်များ နောက်သို့ဆုတ်နေကြပြီဖြစ်သည်။

ထိုစဉ် ‌အ‌ဝေး‌တစ်နေရာ၌ အဘိုးအိုတစ်ယောက်သည် မှန်ကြီးတစ်ချပ်နှင့် တူသောအရာပေါ်တွင် ‌‌ထင်ဟပ်နေသောမြင်ကွင်းကို ကြည့်‌နေ၏။ ဤအဘိုးကြီးက ကျင့်ကြံသူနှစ်သောင်းနီးပါးရှိသည့် စစ်တပ်၏ အရှေ့ဆုံးတွင် ရပ်နေခြင်းဖြစ်သည်။

"ဘိုးဘေးကြီးပြောင်းလဲသွားတာလား။ မိစ္ဆာသားရဲသခင်တစ်ယောက်က ဘိုးဘေးအဆင့်ရောက်သွားတာပဲ။ အကယ်လို့ ... အကယ်လို့ ဒီကိစ္စကို စုံစမ်းပြီး သူ ဒီလိုစွမ်းဆောင်မှုမျိုးကို ဘယ်လိုလုပ်ဆောင်နိုင်ခဲ့လဲဆိုတာ ရှာ‌‌တွေ့ရင် အဆိပ်ငါးသွယ်မျိုးနွယ်စုအတွက် အချီကြီးပွပြီပဲ

"အမိန့်ထုတ်ပြန်တယ်" အဘိုးအိုက မျက်ဝန်းထဲတွင် ထူးဆန်းသောအလင်းရောင်တစ်ခု လင်းလက်နေလျက် ‌အေးစက်စက် ဆက်ပြောသည်။ "အချိန်မဆွဲနဲ့။ နေရာ‌ရွှေ့ပြောင်းခြင်းမုခ်ကို သုံးတော့။ ငါ သူ့ကို အမွှေးတိုင်တစ်တိုင်ထွန်းစာကြာတဲ့အထိ စောင့်ကြည့်နေမယ်"

သူ့အသံပဲ့တင်ထပ်သွားစဉ် သူ၏ဘက်တော်သား မျိုးနွယ်ဝင်များသည် မျိူးနွယ်စုထံသို့ သတင်းဖြန့်လိုက်သည်။ နေရာ‌ရွှေ့ပြောင်းခြင်းအလင်းနှင့်အတူ ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွား၏။ သူတို့အားလုံး ပျောက်ကွယ်သွားသည့်အချိန်မှာပင် ခရမ်းရောင်မိုးရေစက်တစ်စက်က အဘိုးကြီး၏ခန္ဓာကိုယ်အပေါ် ကျရောက်လာသည်။

"ခရမ်းမိုး" အဘိုးကြီးက ပြောသည်။ သူသည် ၎င်းကို ကြောင်တောင်တောင် ကြည့်နေပြီးနောက် မျက်မှောင်ကြုတ်သွားပြီး သူ၏ခန္ဓာကိုယ် ပျောက်ကွယ်သွား၏။

ခရမ်းမိုးသည် နောက်တစ်ကြိမ် ရွာကျလာလေပြီ။ ဤတစ်ခေါက်တွင် နေရာကွက်ကြား မဟုတ်တော့။ ‌တောင်စဉ်တန်းများနှင့် အဆိပ်ငါးသွယ်မျိုးနွယ်စု၏ အိမ်ဖြစ်သော လွင်ပြင်များပင်လျှင် ရွာသွန်းလေသည်။

၎င်းတွင် သုတ်သင်ဖယ်ရှားပစ်လိုသော အေးစက်မှု ၊ အသက်မဲ့သော စိတ်ဆန္ဒ ပါရှိနေသည်။ သို့သော် သိပ်မပြင်းထန်ဘဲ အပိုင်းအစများအဖြစ် ပြန့်ကြဲနေ၏။

မိုးပေါက်တို့က မန်ဟို့အရှေ့ ‌‌မြေကြီးအပေါ် တဖွဲဖွဲရွာကျကာ သွေးများနှင့် ရောကုန်သည်။ လောလောဆယ်တွင် ၎င်းအား သတိထားမိသူ သိပ်မရှိပေ။ မန်ဟိုနှင့် လူအနည်းအကျဉ်းသာလျှင် ၎င်းကို မြင်ပြီးနောက် ရုတ်တရက် တုံ့ဆိုင်းသွားကြသည်။ သို့ရာတွင် စစ်ပွဲ ဆက်လက်ဖြစ်ပွားနေသေးရာ မန်ဟို့အတွက် စဉ်းစားရန် အချိန်မရှိပေ။ ‌သူ လေလယ်တွင် ရပ်နေစဉ် သူ၏အကြည့်သည် စစ်‌မြေပြင်ကို ဖြတ်၍ ကျောက်ချွန်းမုဆီသို့ ‌‌‌‌‌ဖြေးညင်းစွာ ရောက်ရှိလာသည်။

ဤသို့ဖြစ်ပျက်သောအခါ ကျောက်ယူလန်၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ သူမသည် တစ်ချိန်လုံး ကျောက်ချွန်းမုနှင့်‌ ဝေးရာသို့ ဖြေးဖြေးချင်း မသိမသာ ဆုတ်နေခဲ့၏။ သို့သော် မန်ဟို သူ့ကို ကြည့်နေသည်ကို မြင်လိုက်သောအခါ သူမမျက်နှာလေး ရိပ်ခနဲ ဖြစ်သွား၏။ သူမအပြုအမူများမှာ သိသာသွားမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်း နောက်ဆုတ်ကာ သူမနှင့် ကျောက်ချွန်းမုအကြား ပို၍  ကွာဝေးသွားစေသည်။

ကျောက်ချွန်းမုလည်း မန်ဟို့အကြည့်ကို သတိထားမိပြီး ရင်ဒိန်းခနဲ ခုန်သွား၏။ ကျောက်ယူလန် ‌နောက်ဆုတ်သွားသည်ကို မြင်လိုက်‌သောအခါ ကျောက်ယူလန်၏လက်ကို ဖြတ်ခဲ့သူက ... ကျီးနတ်မင်းမျိုးနွယ်စုငါးစု၏ ဤအသစ်စက်စက် ဘိုးဘေးကြီးဖြစ်လောက်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ့စိတ်နှလုံးထဲတွင် ဂျိန်းခနဲ မြည်ဟည်းသွားတော့သည်။

"သူ ငါ့ကို သတ်ချင်နေတယ်" သူ့မှာ ‌ဦးရေပြားထုံကျင်နေလျက် တွေးလိုက်သည်။ စောစောက မန်ဟိုနှင့်ပတ်သက်၍ ဖြစ်ပျက်သွားခဲ့သည့်အရာအားလုံးက သူ့ကို ရင်တဒိန်းဒိန်း ခုန်လာစေတော့သည်။ မန်ဟိုသည် လျှို့ဝှက်လုပ်ကြံသူ (၁၈) ဖော်ကို သတ်ဖြတ်ခဲ့၏။ နတ်ဆရာကြီးနှင့်အတူ အနုသုခုမရုပ်ခန္ဓာအဆင့် အကြီးအကဲကိုးဦးပင်လျှင် သူ့ကို မရှင်းပစ်နိုင်ခဲ့ပေ။ ဤအရာအားလုံးက ကျောက်‌ချွန်းမုကို အသက်ရှူရခက်လာစေသည်။ သူက ချက်ချင်း နောက်ဆုတ်လိုက်၏။

"အကြီးအကဲကိုးဦးနဲ့ နတ်ဆရာကြီး ကျုပ်ကို ကယ်ပါဦး"

သို့သော် မန်ဟိုက ကျောက်ချွန်းမုကို ကြည့်လိုက်သည့်အခိုက်အတန့်မှာပင် ရှေ့သို့ ရွေ့လျားလာပြီဖြစ်သည်။ သူသည် ‌မြားတစ်စင်းသဖွယ် လေကိုခွင်းလာနေ၏။ ကင်းမြီးကောက်အဖွဲ့မှ အကြီးအကဲကိုးဦးနှင့် နတ်ဆရာကြီးမှာ ချီတုံချတုံ ဖြစ်နေကြသည်။ သို့‌သော်လည်း တခဏကြာသော် သူတို့သည် အံတင်းတင်းကြိတ်ရင်း မန်ဟို့ဆီ နောက်တစ်ဖန် ဦးတည်သွားကြ၏။

မန်ဟို့နှုတ်ခမ်းက သွေးအေးသောအပြုံးအသွင်ဖြင့် ကွေးညွတ်သွားသည်။ သူ အသေးစားနေရာရွှေ့ပြောင်းခြင်းကို ချက်ချင်း အသုံးမပြုခဲ့သည့် အဓိကအကြောင်းရင်းမှာ ဤလူများကို ဆွဲ‌ဆောင်ရန်အတွက်ပင်။ တကယ်တမ်း ကျောက်ချွန်းမုက ငါးစာသက်သက်သာ။ ကျောက်ယူလန်နှင့်မတူ၊ ကျောက်ဖေးမုသည် မန်ဟို သတ်ဖို့လိုသည်အထိ အရေးမပါပေ။ မန်ဟို သတ်ချင်သည့်လူများကား ...အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်အကြီးအကဲကိုးဦးနှင့် အလယ်အလတ်အဆင့်တစ်ယောက်ပင်။

သူတို့ နီးကပ်လာစဉ် သူ၏မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒ ဖြတ်ပြေးသွားသည်။ သူက ဗြန်းခနဲ နေရာ‌ရွှေ့ပြောင်းလိုက်၏။ သူပျောက်ကွယ်သွားသောအခါ စောင့်ကြည့်နေသူများအားလုံး မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားကြသည်။ အထူးသဖြင့် မန်ဟို ယခုသုံးလိုက်သည်က မြန်နှုန်းမြှင့်သွေးအလင်းမဟုတ်ဘဲ ... အသေးစားနေရာရွှေ့ပြောင်းခြင်းအစစ်‌ဖြစ်ကြောင်း သဘောပေါက်လိုက်သည့် အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲဆယ်ဦးပင်။

"မဟန်တော့ဘူး" နတ်ဆရာကြီး၏ မျက်နှာ ရိပ်ခနဲ ပြောင်းသွားသည်။ သူက အကြီးအကဲကိုးဦးကို လှမ်းကြည့်လိုက်ရာ မန်ဟိုက သူတို့ထဲမှ တစ်ယောက်၏ ‌အနောက်တည့်တည့်တွင် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရ၏။ သူ၏ညာလက်သည် ‌မြောက်တက်သွားပြီးနောက် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်ကို ဖျက်စီးနိုင်သည့်စွမ်းအားဖြင့် ထိုးချလိုက်သည်။

ထိုအနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ မျက်နှာပျက်သွားသည်။ သူသည် အသေးစားနေရာရွှေ့ပြောင်းခြင်းမှတစ်ဆင့် ထွက်ပြေးရန် ကြိုးစားလိုက်သဖြင့် သူ့ခန္ဓာကိုယ်မှာ ချက်ချင်း ဝေဝါးလာသည်။ တစ်ချိန်တည်းမှာပင် သူသည် ‌ရောင်စုံအလင်းတန်းတစ်တန်းအား ထွေးထုတ်လိုက်၏။ ၎င်းမှာ မန်ဟို့ဆီပြေးထွက်သွားသော အဆောင်စက္ကူအသွင်ပြောင်းသွားသည်။ သို့သော် တစ်ပြိုင်တည်းမှာပင် သုတ်သင်ခြင်းစွမ်းအားပြည့်နှက်နေသော မန်ဟို့၏လက်သီး ကျရောက်လာသည်။

မချိတင်ကဲ အော်သံကြီးနှင့်အတူ ပေါက်ကွဲမှုတစ်ခုက လေထုကို ကြီးစိုးသွားသည်။ အဆောင်စက္ကူပျက်စီးသွားရာ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအား နေရာရွှေ့ပြောင်းရန် အချိန်ဆွဲပေးလိုက်ည်။ သူ ပျောက်ကွယ်သွားစဉ် မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။ သူသည် ရှေ့သို့‌ရွေ့လျားလာပြီး နေရာရွှေ့ပြောင်းလိုက်သည်။ ပုံရိပ်နှစ်ခု ဝေဝါးလာပြီး မျက်စိတစ်မှိတ်အတွင်း မန်ဟိုက မှီသွားခဲ့လေပြီ။ သူ့လက်သီးက‌ နောက်တစ်ကြိမ် ကျရောက်လာပြန်၏။

အုန်းခနဲ မြည်ဟည်းသွားစဉ် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူက အနုသုခုမရုပ်ခန္ဓာချီတစ်လုပ် ထွေးလိုက်၏။ အတွင်းတွင် ပါရှိသော မှော်ပစ္စည်းရှစ်ခုလုံး သက်ဝင်လာပြီးနောက် သူသည် ခန္ဓာဖောက်ခွဲကာ မန်ဟို့ကို သတ်ရန် ကြိုးစားလိုက်သည်။ ဓားပျံတစ်လက်က သိသိသာသာ အားနည်းနေသော သူ၏အနုသုခုမရုပ်ခန္ဓာကို သယ်ဆောင်ကာ ခန္ဓာဖောက်ခွဲခြင်း၏ အဟုန်ကို ငှားယူလျက် အမြန်ဆုံးနှုန်းဖြင့် အဝေးသို့ ပျံထွက်သွား၏။

***

All Chapters