← Chapters

ခရမ်းမိုး သည်းထန်စွာ ရွာသွန်းခြင်း

Vol. 33 Ch. 450

ခရမ်းမိုး သည်းထန်စွာ ရွာသွန်းခြင်း

Vol. 33 Ch. 450

ခန္ဓာဖောက်ခွဲခြင်းစွမ်းအားသည် မျက်လုံးမဲ့ပိုးကောင်ကြောင့် မန်ဟို့အတွက် ပြဿနာမရှိပေ။ ပေါက်ကွဲမှုလှိုင်းများ ပျောက်ကွယ်သွားပြီးနောက် မန်ဟိုသည် ထိတ်ထိတ်ပျာပျာ ထွက်ပြေးနေသော အနုသုခုမရုပ်ခန္ဓာကို ကြည့်ပြီး ညာလက်ကို‌ ဝှေ့ယမ်းလိုက်၏။ မျက်လုံးမဲ့ပိုးချည်မျှင်က ရွှီးခနဲ လေကိုခွင်း၍ ၎င်းကို ရစ်ပတ်လိုက်လေသည်။ အနုသုခုခရုပ်ခန္ဓာ၏မျက်နှာတွင် ပူဆွေးသောကတို့ ပြည့်နှက်သွားပြီး ၎င်း၏လက်နှစ်ဖက်က မုဒြာလက်ကွက်တစ်ကွက်ဖော်သည်။ ချက်ချင်းပင် ၄င်းသည် ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သဖြင့် စူးရှတောက်ပသော အလင်းရောင်က ၎င်းကို ဝန်းရံသွား၏။ သို့သော် မျက်လုံးမဲ့ပိုးချည်ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် အလင်းကား အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလေပြီ။ မျက်လုံးမဲ့ပိုးချည်က အနုသုခုမရုပ်ခန္ဓာကို သေဆုံးသည်အထိ ရစ်ပတ်ဖြစ်ညှစ်ပစ်လိုက်သည်။

ကင်းမြီးကောက်အဖွဲ့ အကြီးအကဲ၏ အပြင်ကိုယ်သာမက အနုသုခုမရုပ်ခန္ဓာလည်း အစိတ်စိတ်အမြွှာမြွှာဖြစ်ကာ သေဆုံးသွားရာ မချိတင်ကဲ အော်သံကြီး ပဲ့တင်ထပ်လျက် ကျန်ခဲ့လေသည်။

သူ၏သေဆုံးမှုက စောင့်ကြည့်နေသူအားလုံးကို ချာချာလည်သွားစေသည်။ မန်ဟို့ဗျူဟာများ၏ ရက်စက်မှုနှင့် သူ၏သွေးအေးသော တိုက်ကွက်မှာ သူတို့အားလုံးကို တစ်ယောက်မကျန် အပြတ်ရှင်းပစ်ချင်နေကြောင်း သိသာသည်။ နေရာရွှေ့ပြောင်းနိုင်သည့်အချက်ကိုပါ ထည့်တွက်လျှင် သူသည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများနှင့် တိုက်ခိုက်နိုင်သောအခြေအ‌နေတွင် အခိုင်အမာရှိသည်ဟု ဆိုလိုသည်။

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများမှာ ဒဏ်ရာရထားပြီးဖြစ်၏။ ထိုမျှသာမက ကင်းမြီးကောက်ကြီး အပြင်လောကနှင့် အဆက်အသွယ်ဖြတ် ချိတ်ပိတ်ခံထားရခြင်းက သူတို့၏အနုသုခုမရုပ်ခန္ဓာများကို မတည်မငြိမ်ဖြစ်စေသည်။ နတ်ဆရာကြီး၏ မျက်နှာတွင် မုန်းတီးမှုတို့ ပြည့်နှက်နေသော်လည်း သူသည် မန်ဟို့နှင့် ဆက်လက်တိုက်ခိုက်လိုစိတ်မရှိတော့၍ နောက်ပြန်ဆုတ်လိုက်သည်။

ကျန်အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူရှစ်ဦးမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်နေလေပြီ။ သူတို့၏ကျင့်ကြံခြင်းအ‌ခြေခံများသာ အထွတ်အထိပ်တွင်ဆိုလျှင် မန်ဟို့ကို အတူတကွ တိုက်ခိုက်နိုင်သည်။ သို့သော် ယခုတွင် သူတို့မှာ အတွင်းဒဏ်ရာများရထားလေရာ တိုက်ခိုက်လိုစိတ်မရှိတော့ပေ။ သူတို့က မန်ဟိုနှင့် သူတို့ကြား၌ အကွာအဝေးတစ်ခုထားရင်း သတိနှင့် နောက်ဆုတ်လိုက်ကြ၏။

ဤအခြင်းအရာကိုမြင်သော် မန်ဟိုက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ စောစောက သူသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ သတ်လျှင်သတ်၊ သို့မဟုတ် တစ်ယောက်ထက် ပိုသတ်လျှင်သတ်ရမည်ဟု သိခဲ့သည်။ ဤလူများမှာ မရေမတွက်နိုင်သော ခေတ်ပြိုင်ပုဂ္ဂိုလ်များကို အနိုင်ယူ၍ ထွန်းတောက်လာခဲ့သော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်းစီသည် ဉာဏ်နီဉာဏ်နက်များပြီး သတ်ရခက်၏။

သူ့မှာ သူတို့ထဲကတစ်ယောက်ကို လျင်မြန်စွာ သုတ်သင်ရန် လှည့်စားခဲ့ရသည်။ ရလဒ်အနေဖြင့် သူတို့ ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတော့ပေ။ သူတို့သာ ထိုသို့တိုက်ခိုက်လျှင် သတ်ဖြတ်ရခက်လိမ့်မည်။

"ဒီတော့ သူတို့ ငါ့ကို ဆက်မတိုက်ချင်တော့ဘူးပေါ့။ ဟုတ်ပြီ" မန်ဟိုတွေးသည်။ "ဒီမြင်ကွင်းကို သူတို့ခေါင်းထဲ ရိုက်သွင်းပြီးပြီပဲ။ နောက်တစ်ခေါက် ထပ်ရင်ဆိုင်ရရင် သူတို့ကို သတ်ဖို့ ပိုလွယ်လိမ့်မယ်" သူက မျက်ဝန်းထဲတွင် သွေးအေးသောအလင်းရောင်များ တောက်ပနေလျက် တွေးသည်။ ဤသည်မှာ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်ကို ပထမဆုံးအကြိမ် သူတစ်ယောက်တည်း သတ်ဖြတ်ခြင်းဖြစ်သည်။ ဤအခိုက်အတန့်တွင် သူ၏ခြေအစုံသည် ကျင့်ကြံခြင်းလောက၌ ခိုင်မာစွာ ရပ်လိုက်ပြီဖြစ်သည်။

သတ္တုအမျိုးအစားအရုပ်ကို မရရှိခင်က မန်ဟို့အနေဖြင့် အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်တစ်‌ယောက်ကို သတ်ဖြတ်‌ကောင်း သတ်ဖြတ်နိုင်သည်။ သို့သော် သိပ်လွယ်ကူခဲ့မည်တော့မဟုတ်။ မီးအမျိုးအစားအရုပ်ပါ ထည့်ပေါင်းပါက ယခု သူ့တွင် အရုပ်သုံးရုပ်ရှိလေပြီ။ သူသည် အမြုတေဖြစ်တည်မှုအဆင့်တွင်သာ ရှိသေးသည့်တိုင် အတိုက်အခိုက်စွမ်းရည်အားဖြင့် ဖြတ်သန်းမရနိုင်သော အမြုတေဖြစ်တည်မှုနှင့် အနုသုခုမရုပ်ခန္ဓာအကြား ကွာဟမှုကို ပေါင်းကူးခဲ့ပြီးဖြစ်သည်။

မန်ဟို နောက်တစ်ကြိမ် ပျောက်သွားသည်။ သူပြန်ပေါ်လာ‌သောအခါ ကျောက်ချွန်းမု၏ဘေးတွင် ရပ်နေလေပြီ။ ကျောက်ချွန်းမုက စူးစူးဝါးဝါးအော်ပြီး သူ့မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။

‌‌"ငါးအကြီးကြီးတစ်ကောင်မှ မမိတော့လည်း ငါးစာမလိုတော့ဘူးထင်တယ်" မန်ဟိုက အေးတိအေးစက် ပြောသည်။ သူသည် ညာလက်ကို ‌ဖြေးညင်းစွာ မြှောက်ပြီး သူ့နဖူးကို ပုတ်လိုက်သဖြင့် ကျောက်ချွန်းမုမှာ ခုခံနိုင်စွမ်းမရှိပေ။

ခပ်ဖွဖွလေးပုတ်လိုက်သည်က ကျောက်ချွန်းမု၏ ‌ခေါင်းကို ပေါက်ကွဲသွားစေရာ ဝုန်းခနဲ မြည်ဟည်းသွားသည်။ သူ၏ခန္ဓာကိုယ်ကြီးက အကြောဆွဲလျက် မြေကြီးအပေါ် ပြုတ်ကျလာသည်။

ထိုစဉ် စစ်မြေပြင်ပေါ်၌ ကျီးနတ်မင်းမျိုးနွယ်စုငါးစုနှင့် ကင်းမြီးကောက်အဖွဲ့အကြား တိုက်ပွဲမှာ ပိုမိုပြင်းထန်လာသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်‌ယောက်ကို အောင်အောင်မြင်မြင် သတ်ဖြတ်ပြီးနောက် အကြီးအကဲတစ်ယောက်မှ မန်ဟို့အနားမကပ်ရဲတော့ပေ။ ထို့နောက် သူသည် ကင်းမြီးကောက်အဖွဲ့၏ သန့်စင်သားတော်ကို ရှင်းပစ်လိုက်သည်။ ယခုတော့ ကင်းမြီးကောက်အဖွဲ့၏ တိုက်ခိုက်လိုစိတ်များမှာ လုံးဝဥဿုံ နင်းချေခံလိုက်ရပြီဖြစ်၏။ သူတို့မှာ တဖြေးဖြေး ဆုတ်ခွာနေကြသဖြင့် ကျီးနတ်မင်းမျိုးနွယ်စုငါးစုမှာ အသာစီးရလာတော့သည်။ မျိုးနွယ်ဝင်များသည် ပင်ပန်းမှုကိုပင် မေ့လျော့နေသကဲ့သို့ အော်ဟစ်ကြွေးကြော်၍ သတ်ဖြတ်နေကြသည်။ ဤအခိုက်အတန့်တွင် သူတို့မှာ လူတစ်ထောင်တောင် မရှိတော့သော်လည်း သွေးရူးသွေးတန်း တိုက်ခိုက်နေကြမြဲပင်။

မန်ဟို့၏ ကမ္ဘာသစ်မိစ္ဆာအုပ်သည် စစ်ပွဲ၌ အဓိကကျသည်။ သူ၏ ကျန်ရှိသော ကမ္ဘာသစ်မိစ္ဆာတစ်ထောင်ကျော်မပါဘဲ ကျီးနတ်မင်းမျိုးနွယ်စုငါးစုအနေဖြင့် ဤမျှတိုက်ခိုက်နိုင်မည်မဟုတ်ပေ။

မန်ဟိုသည် စစ်မြေပြင်ပေါ်တွင် ရပ်လျက် ဘေးဘီဝဲယာကြည့်ပြီး‌ နောက်ဆုံး သူ့အကြည့်က ကျောက်ယူလန်အပေါ် ကျရောက်လာ၏။ ချက်ချင်းပင် သူမမျက်နှာ ဖြူဖျော့သွားသည်။ သူမဘေးတွင် အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲနှစ်ဦးနှင့် နတ်ဆရာကြီးရှိသည်။ နတ်ဆရာကြီးမှာ သူမကို ကာကွယ်ရန် အချိန်အတော်ကြာကတည်းက ရောက်နေခဲ့ခြင်းဖြစ်ပြီး ‌စိုးရိမ်နေဟန်တူသည်။

မန်ဟို့၏ သတိရှိမှုက သူတို့ကို အမြုတေအထိ တုန်လှုပ်သွားစေခဲ့၏။

ရုတ်တရက် အပေါ်ထက်မှ မိုးခြိမ်းသံ ခပ်အုပ်အုပ်ကြားလိုက်ရသည်။ အသံကား ထူးခြားပြီး မရေမတွက်နိုင်သောလူများ ငိုကြွေးနေသယောင်ပင်။ ၎င်းမှာ အလွန်ချောက်ချားဖွယ်ကောင်းလွန်း၍ ဝိညာဉ်ကိုပင် တုန်ရီသွားစေသည်။

မိုးခြိမ်းပြီးနောက် မိုး‌ရွာကျလာသည်။ မိုးသည် ခရမ်းရောင်ဖြစ်ပြီး စောစောကကဲ့သို့ နေရာကွက်ကြား ဖွဲတဲတဲရွာခြင်းမဟုတ်။ ဤတစ်ကြိမ်တွင် မိုးပေါက်တို့က သည်းထန်စွာ ရွာကျလာကာ ‌‌‌‌‌‌မြေပြင်တစ်လျှောက် စိုရွှဲသွားစေ၏။

မိုးသည် သတ္တဝါအားလုံးကို မျိုးသုဉ်းပျောက်ကွယ်သွားစေလိုသည့်အလား ‌အေးစက်သော ဖျက်စီးခြင်းစိတ်ဆန္ဒပါရှိနေသည်။ မိုးရေများက တဝေါဝေါရွာကျကာ ‌မြေကြီးကို လွှမ်း၍ ရုတ်တရက် နိမိတ်ပြနေပုံပင်။

မန်ဟို ရုတ်တရက် အန္တရာယ်အာရုံတစ်ခု ခံစားလိုက်ရ၏။ သူက ရွာကျနေသော ‌ခရမ်းရောင် မိုးပေါက်များကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။

"ဒီမိုး... ဒီမိုးနဲ့ပတ်သက်ပြီး တစ်ခုခုမူမမှန်ဘူး"

မိုးရွာသည့်အချိန်နှင့် တစ်ချိန်တည်းဆိုသလို ‌သိပ်မလှမ်းမကမ်းရှိ ကောင်းကင်တွင် တောက်ပနေသော အလင်းရောင်တစ်ခု ပေါ်လာသည်။ မရေမတွက်နိုင်သောအရိပ်များ အမြန်ဆုံးအရှိန်ဖြင့် ထွက်လာကြ၏။ ဤလူများက အဆိပ်ငါးသွယ်မျိုးနွယ်ဝင်များမှတစ်ပါး အခြားမဟုတ်ပေ။

သူတို့ပေါ်ပေါက်လာခြင်းက ကင်းမြီးကောက်အဖွဲ့သားများ၏ မျက်နှာပေါ်ရှိ စိတ်ပျက်မှုများကို ချက်ချင်း ပျောက်ကွယ်သွားစေသည်။

မန်ဟို့ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူက အင်္ကျီလက်စတစ်ချက်ခါကာ နောက်ဆုတ်လိုက်သည်။

"ကျီးနတ်မင်းမျိုးနွယ်စုငါးစုဝင်တို့။ အကာအကွယ်ထဲ ချက်ချင်း ပြန်ဆုတ်ကြ" သူ့အသံက မျိုးနွယ်စုငါးစုလုံး၏ အာရုံကို ဆွဲဆောင်လိုက်သည်။ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ကို တိတ်ဆိတ်စွာ မော့ကြည့်ပြီးနောက် ဆုတ်ခွာလာကြသည်။ ရုတ်တရက် တပ်ဖွဲ့နှစ်ဖွဲ့ကြား ကွာဟသွားလေပြီ။

အဆိပ်ငါးသွယ်မျိုးနွယ်စုကျင့်ကြံသူနှစ်သောင်းသည် သတ်ဖြတ်လိုစိတ်များ ပြည့်နေသော မျက်လုံးများဖြင့် အေးစက်စွာ ရယ်ရင်း ‌စစ်မြေပြင်ထံ တဟုန်ထိုး ပျံသန်းလာကြသည်။ သူတို့အရေအတွက်က ကောင်းကင်ကိုပင် ပိတ်ကွယ်သွား၏။

အဖွဲ့တွင် ကမ္ဘာသစ်မိစ္ဆာ‌ထောင်နှင့်ချီ ပိုင်ဆိုင်ထားသော မိစ္ဆာသားရဲသခင်အတော်များများပါဝင်ပြီး တချို့ဆိုလျှင် သောင်းနှင့်ချီသည်။ ကျင့်ကြံသူများအနောက်မှ ပျံသန်းလာသော ကမ္ဘာသစ်မိစ္ဆာများမှာ ပင်လယ်ကြီးတစ်စင်းအလားပင်။

အဖွဲ့တွင် နတ်ဆရာကြီးခြောက်ဦးအပါအဝင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ သုံးဆယ်ကျော် ရှိ၏။ ပို၍ပင် အထင်ကြီးစရာကောင်းသည်က သူတို့အကြားရှိ အဖြူရောင်ဝတ်ရုံနှင့် အဘိုးကြီးတစ်ယောက်ပင်။ သူသည် အသားညိုပြီး သူ့မျက်လုံးများက ချောက်ချားဖွယ်အလင်းဖြင့် တောက်ပနေ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ဤလူကား အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် ဖြစ်သည်။

သူသည် အဆိပ်ငါးသွယ်မျိုးနွယ်စုရှိ နတ်ဆရာအားလုံး၏ ‌ခေါင်းဆောင်၊ ခေါင်းကိုင်ဖခင်ရာထူးနှင့်ညီမျှ‌သော အဆိပ်ငါးသွယ်မျိုးနွယ်စုတစ်စုလုံး၏ နတ်ဆရာချုပ်ကြီးဖြစ်၏။

"ဂါဝရပြုပါတယ် နတ်ဆရာချုပ်ကြီး"

"လေးစားကြောင်းပါ နတ်ဆရာချုပ်ကြီး"

ပင့်ကူအဖွဲ့ဖြစ်စေ၊ ကင်းမြီးကောက်အဖွဲ့ဖြစ်စေ စစ်မြေပြင်ပေါ်ရှိ ကျင့်ကြံသူများအားလုံး ဒူးထောက်၍ အဘိုးကြီးကို အရိုအသေပေးကြသည်။

ကျောက်ယူလန်လည်း ထိုနည်းတူပင်။

ကျီးနတ်မင်းမျိုးနွယ်စုအနေဖြင့် ထိုမျှအစွမ်းထက်သော လူတစ်ယောက်ကို ဘယ်နည်းနှင့်မျှ ပြန်မတိုက်ခိုက်နိုင်ပေ။ ထိုမျှသာမက အကာအကွယ်၏ရင်းမြစ်မှာ သေဆုံးသွားပြီဖြစ်၍ အကာအကွယ်မှာ မှိန်ပျပျ‌သာရှိတော့၏။ ကြည့်ရသရွေ့ လေးနာရီခန့်သာ ခံတော့မည့်ပုံပင်။

မန်ဟိုသည် အကာအကွယ်၏အပြင်တွင် မလှုပ်မယှက်ရပ်နေ၏။ သူ့ဘေးတွင် ကျီးစစ်သည်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်အပါအဝင် မျိုးနွယ်စုငါးစု၏ အသက်ရှင်လျက်ရှိ‌သေးသော အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများရှိသည်။ သူတို့အားလုံး၏ မျက်နှာများမှာ မသာမယာ ဖြစ်နေကြလေသည်။

မန်ဟို့၏ အမိန့်အောက်တွင် သူ၏ကမ္ဘာသစ်မိစ္ဆာခုနစ်‌ထောင်ကျော်မှာ အကာအကွယ်၏ပတ်ပတ်လည်ကို စောင့်ရှောက်လျက် ရပ်နေကြ၏။ အရာအားလုံး လွန်စွာ တိတ်ဆိတ်နေ၍ စစ်မြေပြင်ကို သုဿန်တစပြင်ပမာ ဖြစ်နေ‌စေတော့သည်။ ခရမ်း‌မိုးက ပို၍ပင် သည်းထန်စွာ ရွာကျလာ၏။

အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေစဉ် အဆိပ်ငါးသွယ်မျိုးနွယ်စု၏ အသားညိုညို နတ်ဆရာချုပ်ကြီးက အေးစက်စွာ ပြောသည်။ "တစ်ယောက်မှ အရှင်မထားနဲ့"

အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ကျင့်ကြံသူနှစ်သောင်းနှင့် သူတို့၏ ကမ္ဘာသစ်မိစ္ဆာများ မာန်သွင်းဟိန်းဟောက်လိုက်ကြသည်။ သူတို့သည် ပင်လယ်ရေလှိုင်းလုံးကြီးပမာ မန်ဟိုတို့ဆီ ချီတက်လာကြ၏။

ရန်သူများ နီးကပ်လာသဖြင့် မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းပြီး သူ့မျက်ဝန်းများ သွေးအေးသွားသည်။ ချီနန်ကို သူမဆင့်ခေါ်ပေ။ ထိုအရာက ယခုကဲ့သို့စစ်ပွဲများအတွက်မဟုတ်ဘဲ သူ့ကိုယ်သူ ကာကွယ်ရန်အတွက်သာ သုံးနိုင်သည့်အရာဖြစ်သည်။

အစမှ အဆုံးအထိ မန်ဟိုသည် ဤစစ်ပွဲနှင့်ပတ်သက်ပြီး ယုံကြည်ချက်ရှိခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် တစ်ချိန်လုံး ထုတ်မသုံးရသေးသော ဖဲတစ်ချပ်ရှိသေးသည်။

ရုတ်တရက် မန်ဟို့အသံက ဟိန်းထွက်လာ၏

"နွယ် ဆူးမြို့ရိုး" စကားလုံးများ လေတွင် ပြည့်နှက်သွားသည်နှင့်တစ်ပြိုင်နက် ဘီလူးရိုင်းကြီး၏ ခန္ဓာကိုယ်မှ ဟိန်းဟောက်သံအကျယ်ကြီး ထွက်လာသည်။ ၎င်းကို ရစ်ပတ်လျက်ရှိသော သွေးရောင်နွယ်များက ရုတ်တရက် ထိုးထွက်လာ၏။ ချက်ချင်းပင် ၎င်း၏ကိုယ်မှ ဆူးချွန်များထွက်လာကာ‌ မြေကြီးအတွင်း ထိုးဝင်သွား၏။

နွယ်များ မြေကြီးအတွင်း တိုးဝင်သွားသည့်အခိုက်တွင် ချီတက်လာနေသော အဆိပ်ငါးသွယ်မျိုးနွယ်စုကျင့်ကြံသူတပ်ဖွဲ့၏ အရှေ့ရှိ ‌‌မြေကြီးများ ‌ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော ဆူးများ ထွက်လာ၏။ အသေးဆုံးမှာ နှစ်ဆယ့်ငါးမီတာ ရှည်လျားပြီး အကြီးဆုံးကား သုံးရာပင်။ ၎င်းတို့သည် ကျီးနတ်မင်းမျိုးနွယ်စုကို အတွင်းတွင်ထား၍ လှိုင်းများသဖွယ် ဝန်းရံလိုက်သည်။

ပို၍ပင် ထူးဆန်းသည်က ဤဆူးတစ်ဆူးစီမှ ပို၍သေးငယ်သော ဆူးများ ထိုးထွက်လာခြင်းပင်။ အဆိပ်ငါးသွယ်ကျင့်ကြံသူများ ချီတက်လာသည့်အချိန်မှာပင် ဤနွယ်များက ကျီးနတ်မင်းမျိုးနွယ်စုငါးစုအပေါ်မှာ အုပ်မိုးဖုံးကွယ်ရင်း ခံတပ်တစ်ခု ဖန်တီးလိုက်သည်။

ဤဆူးများသည် အေးခဲနှင်းမျိုးနွယ်စု၏ အမွေအနှစ်ဖြစ်၏။ သန့်စင်နှင်းမြို့တော်မှ ထွက်ခွာခါနီး အေးခဲနှင်းမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးသည် ဆူးမြို့ရိုးကို မန်ဟို့အား ‌ဆုလာဘ်အဖြစ် ပေးသနားခဲ့သည်။ နောက်ပိုင်းတွင် မန်ဟိုက ၎င်းအား သူ၏နွယ်များကို ကျွေးခဲ့သည်။ အချိန်များစွာ ကြာပြီးနောက် နွယ်များသည် ဆူးမြို့ရိုးသစ်စေ့ကို အပြည့်အဝ စုပ်ယူ၍ သန္ဓေပြောင်းလာခဲ့လေသည်။

ဆူးမြို့ရိုးပေါ်ပေါက်လာခြင်းက အဆိပ်ငါးသွယ်မျိုးနွယ်စု၏ နတ်ဆရာချုပ်ကြီးကို အံ့အားသင့်သွားစေသည်။ "အဲ့ဒါက အေးခဲနှင်းမျိုးနွယ်စုရဲ့ ချေမှုန်းခြင်းဆူးမြို့ရိုးပဲ။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အောက် ဘယ်သူမှ အဲ့ဒါကို မချိုးဖျက်နိုင်ဘူးဆိုကြတယ်....အဲ့စကား မှန်လား မှားလား ကြည့်ကြသေးတာပေါ့" သူက အေးစက်စက်နှာတစ်ချက်မှုတ်ရင်း ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများနှင့် ကမ္ဘာသစ်မိစ္ဆာများ ဆူးမြို့ရိုးကို တိုက်ခိုက်ရန် ပြေးထွက်သွားကြလေပြီ။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူသည် အသက်စွမ်းအားမှ သွေးတစ်စက်ကို ပျစ်ခဲစေပြီးနောက် ဆူးမြို့ရိုးနှင့် ပေါင်းစည်းစေသည်။ သူ၏စိတ်ဝိညာဉ်အာရုံနှင့် ၎င်း တစ်သားတည်းဖြစ်သွားသည်နှင့် ဤနည်းလမ်းကိုသုံး၍ အဆိပ်ငါးသွယ်မျိုးနွယ်စုအား တိုက်ခိုက်တော့သည်။

ကမ္ဘာသစ်မိစ္ဆာအုပ်ကြီး ဆူးမြို့ရိုးခံတပ်ကို ဝင်တိုက်လိုက်ကြ၏။ ၎င်းတို့၏ မချိတင်ကဲ အော်သံများနှင့်အတူ ထစ်ချုန်းသံကြီး ရိုက်ညောင်းသွားသည်။

ဆူးမြို့ရိုးရှိနေသရွေ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအောက်ရှိ ဘယ်အရာမှ ၎င်းကို ‌‌တစ်လက်မလေးပင် ရွေ့အောင် မလုပ်နိုင်ပေ။

အပြင်တွင် မှော်ရတနာအလင်းရောင်များ၊ အရုပ်အလင်းရောင်များနှင့်အတူ ပေါက်ကွဲသံများ မြည်ဟည်းနေသည်။ အရာအားလုံး တသိမ့်သိမ့်တုန်ခါနေပြီး တောင်များပင်လျှင် ပြိုကျတော့မည့်ပုံရ၏။ ဆူးမြို့ရိုးလည်း လှုပ်ရမ်းနေပြီး အက်ကြောင်းတချို့ပင် ပေါ်လာသော်လည်း မပြိုပျက်သွားပေ။

တစ်ချိန်တည်းမှာပင် နွယ်များမှ ဆူးများထွက်လာသည်။ အချိန်တိုလေးအတွင်း ကမ္ဘာသစ်မိစ္ဆာ အမြောက်အမြား အသတ်ခံခဲ့ရပြီးလေပြီ။ ကျင့်ကြံသူနှစ်သောင်းအနက် သုံးထောင်ကျော်မှာ ဆူးချွန်ဖြင့် ထိုးစိုက်ခံထားရ၏။ သူတို့မှာ အသက်စွမ်းအားများ စုပ်ယူခံနေရသဖြင့် သွေးပျက်မတတ် အော်ဟစ်ပြီးနောက် ခြောက်ကပ်နေသော အလောင်းဘဝ ရောက်ကုန်ကြသည်။

စစ်ပွဲမှာ တစ်ဖက်မဟုတ်တစ်ဖက် အမြစ်မပြုတ်မချင်း ရပ်တန့်မည့်ပုံမရပေ။ သို့သော် ဤအခိုက်အတန့်တွင် မိုးထစ်ချုန်းသံများ ‌ပိုမိုထွက်ပေါ်လာသည်။ ၎င်းမှာ မရေမတွက်နိုင်သည့် လူများ ငိုကြွေးနေကြသံနှင့်တူသည်။ ခရမ်းမိုးသည် ပို၍ပင် သည်းလာ၏။ မိုးရေအနည်းငယ်က မြေကြီးထဲ စုပ်ယူခံလိုက်ရသော်လည်း အများစုမှာ အပေါ်တင်ကျန်ခဲ့လေသည်။ ယခုတွင် မြေနိမ့်ရာနေရာများ၌ ရေအိုင်များ ဖြစ်ထွန်းနေလေပြီ။

ဤအခြင်းအရာက မန်ဟိုနှင့် ကျောက်ယူလန်ကို သတိထားမိစေသည်။ အဆိပ်ငါးသွယ်မျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများလည်း သတိပြုမိကြပြီး ‌နတ်ဆရာချုပ်ကြီးလည်း ထိုနည်းတူပင်။ သူက မိုးရေများကို တခဏကြည့်ပြီးနောက် ရုတ်တရက် ....မျက်နှာပျက်သွားသည်။

က္က‌န္ဒြေမဆည်နိုင်အောင် အဆုံးစွန်အထိ ‌ပျက်သွားခြင်းပင်။

"ဒါ...ဒါ...ဒါက..." နတ်ဆရာချုပ်ကြီး တစ်ကိုယ်လုံး တုန်ရီလာသည်။ သူ၏အသိအမြင်နှင့် ကျင့်ကြံခြင်းအခြေခံအဆင့်ကို ထည့်တွက်လျှင် မျိုးနွယ်စုပျက်စီးခြင်းသို့ ဦးတည်စေနိုင်သောအရာတစ်ခုပင်လျှင် သူ့ကို ဤမျှ မျက်စိမျက်နှာပျက်သွား‌စေမည်မဟုတ်။ ဖြစ်နိုင်သည့်တစ်ခုတည်းသောအရာက... မျိုးနွယ်စုတစ်စုပျက်စီးခြင်းထက်ပို၍ ချောက်ချားစရာကောင်းမည့်အရာပင်။

***

All Chapters